News @ M-Media

Author: Ko Lay

  • ဘေဂျင်းမှ အာဖဂန်ဆွေးနွေးပွဲ တာလီဘန်တက်မည်

    ဘေဂျင်းမှ အာဖဂန်ဆွေးနွေးပွဲ တာလီဘန်တက်မည်

    အောက်တိုဘာ ၂၃၊ ၂၀၁၉
    M-Media

    -ဘေဂျင်းမှာ ၂ ရက်တာပြုလုပ်မယ့် အာဖဂန်အရေး ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်ဖို့အတွက် တရုတ်အစိုးရက တာလီဘန်အဖွဲ့ကို ဖိတ်ကြားလိုက်ပါတယ်။

    အောက်တိုဘာ ၂၉၊ ၃၀ မှာ ပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲကို အာဖဂန်စစ်ပွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ရှာဟင်က တာလီဘန်ကို ပူးပေါင်းတည်ထောင်သူ မူလာ အဘ်ဒူလ် ဂါနီ ဘာရာဒါဟာ ဒိုဟာမှာ တရုတ်သံတမန်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တာလီဘန်ဟာ ဒိုဟာမှာ ရုံးခန်းဖွင့်ထားတာပါ။

    ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ဆွေးနွေးမှုဟာ ပြီးခဲ့တဲ့လမှာ ပြိုလဲသွားခဲ့ပြီးတဲ့နောက် အာဖဂန်အရေးမှာ တရုတ်က ကြားဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ရုပ်သေးရုပ်ဖြစ်တယ်လို့ဆိုတာ အာဖဂန်အစိုးရနဲ့ ဆွေးနွေးမှုလုပ်ဖို့ တာလီဘန်က ငြင်းဆိုထားပြီး ဆွေးနွေးမှုမှာ အာဖဂန်အစိုးရတာဝန်ရှိသူတွေက အရပ်သားအဖြစ်သာ တက်ရောက်ခွင့်ရပါတယ်။

    အခု ဘေဂျင်းဆွေးနွေးပွဲမှာလည်း ဒီအချက်ကိုအခြေခံသွားမယ်လို့ ရှာဟင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သမ္မတ အက်ရှ်ရက်ဖ်ဂါနီ ဦးဆောင်တဲ့ အာဖဂန်အစိုးရက ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

    အာဖဂန်ပြည်တွင်းအုပ်စုတွေ ဆွေးနွေးမှုကို ဖေဖော်ဝါရီလက ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး၊ ဇူလိုင်လက ကာတာမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၆၀ လောက် တက်ရောက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အတိုက်အခံခေါင်းဆောင်ကို အင်ဒိုသမ္မတက ကာကွယ်ရေးဝန်ကြီးခန့်

    အတိုက်အခံခေါင်းဆောင်ကို အင်ဒိုသမ္မတက ကာကွယ်ရေးဝန်ကြီးခန့်

    အောက်တိုဘာ ၂၃၊ ၂၀၁၉
    M-Media

    သမ္မတဝီဒိုဒို၏ အစိုးရအဖွဲ့

    -ဧပြီလက ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲမှာ ခါးသီးတဲ့ပြိုင်ဘက် ဖြစ်ခဲ့သူ ပရာဘို၀ို ဆူဘီယန်တိုကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

    ဆူဘီယန်တိုဟာ ဝီဒိုဒိုရဲ့ ပထမဆုံး သမ္မတသက်တမ်းမှာ အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့ပြီး ဝီဒိုဒိုကို ၂ ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြန်လည်အနိုင်ရပြီး ၆ လအ‌ကြာ ဒီကနေ့ အမျိုးသားနဲ့ အမျိုးသမီး ၃၄ ဦးပါဝင်တဲ့ အစိုးရအဖွဲ့ကို မိတ်ဆက်ခဲ့ရာမှာ ဆူဘီယန်တိုက ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

    “ဒီရာထူးနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ သိပ်ပြောစရာမလိုဘူးလို့ ယုံကြည်တယ်။ ကျွန်တော်သိတာထက် သူက ပိုသိပါတယ်” လို့ ဆူဘီယန်တိုကို ခန့်အပ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    ဆူဘီယန်တိုကတော့ တိုင်းပြည်ရဲ့ နောက်ဆုံးအခြေအနေကို လေ့လာပြီး ချက်ခြင်း တာဝန်ထမ်းဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဧပြီလရွေးကောက်ပွဲကို ဝီဒိုဒိုအစိုးရက စနစ်တကျ လိမ်လည်ပြီး လုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့တာကြောင့် ရွေးကောက်ပွဲနောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေဖြစ်ပွားပြီးနောက် ဝီဒိုဒိုနဲ့ ဆူဘီယန်တိုတို့ဟာ လူမြင်ကွင်းမှာ ပိုမိုနွေးထွေးစွာ ဆက်ဆံလာခဲ့ပါတယ်။ ဝီဒိုဒိုက ဆူဘီယန်တိုဟာ သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့သလို ဆူဘီယန်တိုကလည်း Gerindra ပါတီက သူနဲ့ အခြားတစ်ယောက်ကို အစိုးရမှာ တာဝန်ထမ်းဆောင်ဖို့ ဝီဒိုဒိုက ကမ်းလှမ်းခဲ့တယ်လို့ တနင်္လာနေ့မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

    ဝီဒိုဒိုရဲ့ အစိုးရသစ်မှာ တိုင်းပြည်အတွင်းက ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ ပညာတတ်တွေ တော်တော်များများ ပါဝင်လာခဲ့ပါတယ်။

    Ref: Aljazeera

  • ၁၀ နှစ်အတွင် ဆော်ဒီတွင် သစ်ပင် ၆ သန်း စိုက်ပျိုးမည်

    ၁၀ နှစ်အတွင် ဆော်ဒီတွင် သစ်ပင် ၆ သန်း စိုက်ပျိုးမည်

    ာက်တိုဘာ ၂၂၊ ၂၀၁၉
    M-Media

    -လာမယ့် ၁၀ နှစ်အတွင်း နိုင်ငံတစ်ဝှမ်း သစ်ပင်သန်းချီ စိုက်ပျိုးဖို့အတွက် ဆော်ဒီအစိုးရဟာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ မနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဆော်ဒီ သဘာ၀ပတ်ဝန်းကျင်၊ ရေနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ Saline Water Conversion ကုမ္ပဏီတို့ရဲ့ အဲဒီ နားလည်မှုစာချွန်လွှာအရ ၂၀၃၀ မတိုင် ဒေသထွက် သစ်ပင်ပေါင်း ၅ သန်းကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

    စွန့်ပစ်ရေကို ပြန်လည်ပြုပြင်အသုံးပြုကာ သစ်ပင်တွေကို စိုက်ပျိုးသွားမှာဖြစ်ပြီး သစ်တောတွေနဲ့ မြေဆီလွှာပျက်ဆီးမှုကို လျှော့ချဖို့၊ ကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲဖို့၊ သဘာ၀အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီစီမံကိန်းကနေ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေးမှုတွေကို ပြုလုပ်သွားဖို့ ဆော်ဒီက စီစဉ်ထားပါတယ်။

    နိုင်ငံတစ်ဝှမ်း စိမ်းလမ်းစိုပြေရေးစီမံကိန်း ၄ ခု လုပ်ဆောင်မယ့်အစီအစဉ်ကိုလည်း ဆော်ဒီက အခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    Ref: Arab News

  • သစ္စာမဲ့သည်ဟုဆိုကာ မိဖုရားငယ်ကို ထိုင်းဘုရင်က အဆောင်အယောင်သိမ်း

    သစ္စာမဲ့သည်ဟုဆိုကာ မိဖုရားငယ်ကို ထိုင်းဘုရင်က အဆောင်အယောင်သိမ်း

    အောက်တိုဘာ ၂၂၊ ၂၀၁၉
    M-Media

    ချီးမြှောက်ခံရစဉ်က ဘုရင်နှင့်အတူတွေ့ရသည့် စီနီနတ် (ယာ)

    -မကြာသေးခင်ကမှ ချီးမြှင့်မြှောက်စားထားတဲ့ ကိုယ်လုပ်တော်ကို ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်က မနေ့မှာ အဆောင်အယောင်တွေ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ထီးနန်းစည်းကမ်းတွေကို ချိုးဖောက်က သစ္စာမဲ့လို့ ဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဆောင်အယောင် ရုပ်သိမ်းခံလိုက်ရတဲ့ ကိုယ်လုပ်တော်ဟာ အသက် ၃၄ နှစ်အရွယ် စီနီနတ် ဝွန်ဗာဂျီရာပက္ကဒီဖြစ်ပြီး ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ စီနီနတ်ဟာ ဇူလိုင်လ ၂၈ ရက်နေ့ မဟာဝိဇယလောင်ကွန်ရဲ့ သက်တော် ၆၇ နှစ်ပြည့် အခမ်းအနားမှာ ကိုယ်လုပ်တော်အဖြစ် ချီးမြှောက်ခံခဲ့ရတာပါ။ ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ထိုင်းဘုရင်က ပထမဆုံး ကိုယ်လုပ်တော် ခန့်အပ်မှု ဖြစ်ပါတယ်။

    မနေ့က နန်းတော်ကနေထုတ်ပြန်တဲ့ ၂ မျက်နှာပါ ကြေငြာချက်မှာ စီနီနတ်ဟာ ထီးနန်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ဘုရင်မင်းမြတ်အပေါ်မှာ သစ္စာမဲ့တဲ့အတွက် အဆောင်အယောင် ပြန်လည်ရုပ်သိမ်းရတာ‌ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “ကိုယ်လုပ်တော် စီနီနတ်ဟာ ကျေးဇူးသစ္စာမဲ့ခဲ့ပြီး သူမရဲ့ အဆောင်အယောင်နဲ့ မသင့်လျော်တဲ့ အပြုအမူမျိုးတွေ ပြုမူခဲ့ပါတယ်။ လက်ရှိ ချီးမြှင့်မြှောက်စားမှုကို မတင်းတိမ်နိုင်ဘဲ မိဖုရားခေါင်ကြီးဖြစ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပါတယ်”

    စီနီနတ်ဟာ ကိုယ်လုပ်တောင်အဆောင်အယောင်အပြင်၊ စစ်တပ်မှာရရှိထားတဲ့ ဗိုလ်မှူးချုပ်ရာထူးကိုလည်း ရုပ်သိမ်းခံလိုက်ရပါတယ်။

    နန်းတွင်းက သူမရဲ့အပြုအမူတွေနဲ့ပတ်သက်လို့ ကြေငြာချက်မှာ အသေးစိတ်မဖော်‌ပြပေမယ့် စီနီနတ်ဟာ မိဖုရားခေါင်မဖြစ်ရတဲ့အတွက် မကျေနပ်ကြောင်း၊ ဒီနေရာကို ရရှိဖို့အတွက် ပစ်မှတ်ထားကြိုးစားခဲ့ကြောင်း၊ ထီးနန်းစည်းမျဉ်းတွေ လိုက်နာခြင်းမရှိဘဲ ဘုရင်နဲ့ မိဖုရားခေါင်ကြီးတို့အပေါ်မှာလည်း မခန့်လေးစားလုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    နှစ်ပေါင်း ၇၀ ကြာ တိုင်းပြည်ကို စိုးစံခဲ့တဲ့ ခမည်းတော် ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံသွားပြီးတဲ့နောက် မဟာ ဝိဇယလောင်ကွန်ဟာ အခုနှစ်မေလမှာ ထီးမွေနန်းလျာကို တရားဝင် ဆက်ခံခဲ့ပါတယ်။

    ဘိသိက်မခံခင် ရက်ပိုင်းအလိုမှာပဲ မဟာဝိဇယလောင်ကွန်ဟာ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ဒုတိယအကြီးအကဲ အသက် ၄၁ နှစ်အရွယ် ဆုသီတာ တီဂျိုင်းကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့ပြီး Queen Suthida Bajrasudhabimalalakshana ဘွဲ့ကိုလည်း အပ်နှင်းခဲ့ပါတယ်။

    သက်ဦးစံပိုင်ဘုရင်စနစ်ကို ပယ်ဖျက်လိုက်တဲ့ ၁၉၃၂ ခုနှစ်နောက်ပိုင်း ထိုင်းဘုရင်တွေဟာ မိဖုရားခေါင်အပြင် အခြား ကိုယ်လုပ်တော်တွေကို ထားရှိခြင်း မရှိဘဲ အခုဘုရင်လက်ထက်မှာ ပထဆုံးအကြိမ် ပြန်လည်ထားရှိတာပါ။

    ကိုယ်လုပ်တော်အဖြစ် တင်မြှောက်မှုအခမ်းအနားက ပုံတွေအပါအဝင် စီနီနတ်ရဲ့ ပုံတွေကိုလည်း နန်းတော်ဝဘ်ဆိုက်ကနေ မနေ့မှာ ဖယ်ရှားခဲ့ပါတယ်။

    Ref: Reuters

  • အထင်ကရဗလီကို မီးသတ်ပိုက်နှင့် ထိုးမိသည့်အတွက် ဟောင်ကောင်အကြီးအကဲ ပြန်တောင်းပန်

    အထင်ကရဗလီကို မီးသတ်ပိုက်နှင့် ထိုးမိသည့်အတွက် ဟောင်ကောင်အကြီးအကဲ ပြန်တောင်းပန်

    အောက်တိုဘာ ၂၂၊ ၂၀၁၉
    M-Media

    ဗလီအတွင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံနေသည့် ကာရီလမ် (လယ်)

    -ဆန္ဒ‌ပြသူတွေကို မီးသတ်ပိုက်နဲ့ ဖြိုခွဲရာမှာ အထင်ကရ ဗလီဝတ်ကျောင်းတော်ကို ထိခိုက်မိသလို‌ ဖြစ်သွားတဲ့အတွက် ဟောင်ကောင်အကြီးအကဲ ကာရီလမ်က နိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကို တောင်းပန်လိုက်ပါတယ်။

    ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားနေတာဟာ ၅ လတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က Kowloon ရပ်ကွက်မှာ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ဖြိုခွဲရာမှာ Kowloon ဗလီရဲ့ တံခါးနဲ့ ပရ၀ုဏ်ကိုပါ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

    Kowloon ဗလီဟာ ဟောင်ကောင်ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ မီးသတ်ပိုက်မှာ အသုံးပြုတဲ့ရေဟာ အပြာရောင်ဖြစ်တာကြောင့် ဗလီနဲ့ ဗလီအပြင်ဘက်က လမ်းတွေမှာ အပြာရောင်အစွန်းတွေ ကျန်ရစ်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်အတွက် ဟောင်ကောင်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်ခဲ့ကြပါတယ်။

    ဂျပန်ဧကရာဇ်ရဲ့ နန်းတက်ပွဲကို မသွားခင် ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်ဟာ မနေ့က ဗလီဝတ်ကျောင်းတော်ကို လာရောက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ် မိုဟာမက် အာရှဒ်က မိမိတို့အနေနဲ့ ဒီတောင်းပန်မှုကို လက်ခံခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းဟာ ရှေ့ဆောက်ပြီးတော့ ဟောင်ကောင်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဟောင်ကောင်ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ Kowloon ဗလီကို မီးသတ်ပိုက်နဲ့ ထိုးမိတာဟာ မတော်တဆဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်ပြီး မိမိတို့အနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အလေးထားကာ၊ ဝတ်ပြုရာနေရာတွေအားလုံးကို ကာကွယဖို့ ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

    တနင်္လာနေ့ညနေပိုင်းမှာတော့ ဟောင်ကောင် စည်ပင်သာယာရေးအဖွဲ့က ဗလီနဲ့ ဗလီအရှေ့မှာ စွန်းထင်းနေတာကို လာရောက်သန့်ရှင်းပေးခဲ့ပါတယ်။

    Ref: Reuters