Author: Ko Lay
-
စနေနေ့ ဘောလုံးသတင်းများ
အောက်တိုဘာ ၆၊ ၂၀၁၉
M-Mediaအထုတ်ခံရမည်ကို မစိုးရိမ်ဟု စပါးနည်းပြပြော
အသင်းအခြေအနေ ဆိုးရွားနေတဲ့အတွက် ထုတ်ပယ်ခံရနိုင်ချေ ရှိပေမယ့် ဒီအတွက် စိုးရိမ်မှုမရှိဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန် ၃ ပွဲအထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ အခုတစ်ပတ် ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း ဘိုင်ယန်ကို ၇ ဂိုး ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။
ရီးယဲလ်နည်းပြ ဇီဒိန်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်
လက်ရှိ အသင်းဟာ ရုန်းကန်နေရပေမယ့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ၇ ပွဲကစားပြီး လာလီဂါမှာ ဦးဆောင်နေတဲ့ ရီးယဲလ်ဟာချန်ပီယံလိဂ်မှာ ထိုက်သင့်တဲ့ခြေစွမ်းကို ပြသနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။ ဇီဒိန်းကတော့ မိမိရဲ့အခြေအနေကို မိမိနားလည်ပြီး၊ အလုပ်မှာလည်း ပျော်ရွှင်နေကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်း၏ အ၀တ်လဲခန်းမှတ်တမ်းရုပ်ရှင် မကြာမီထွက်မည်
၂၀၁၈-၁၉ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းရဲ့ အ၀တ်လဲခန်းက အကြောင်းတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု မကြာခင် ထွက်လာဖို့ ရှိနေပြီး ချန်ပီယံလိဂ်မှာ လီဗာပူးလ် အသင်းနဲ့ သမိုင်းဝင်ရှုံးပွဲပြီးနောက် ကစားသမားတွေရဲ့ ခံစားရမှု ပုံရိပ်တွေလည်း ပါဝင်လာဖို့ ရှိနေပါတယ်။ ဆီမီးဖိုင်နယ်အဖြစ် အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ဘာစီလိုနာဟာ အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ၄၅ မိနစ် ကြာမြင့်မယ့် ဒီမှတ်တမ်းရုပ်ရှင်မှာဘာစီလိုနာရဲ့ တစ်ရာသီစာ ဖြတ်သန်းခဲ့ရမှု အနိမ့်အမြင့်တွေ၊ ကစားသမားတွေရဲ့ ကွင်းတွင်း၊ ကွင်းပြင် ပုံရိပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Ref: BBC,Daily Mail
-
ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြော
အောက်တိုဘာ ၅၊ ၂၀၁၉
M-Media-အခုနှစ်အတွင်း လူကုန်ကူးမှု စုစုပေါင်း ၁၉၁ ခုကို ကိုင်တွယ်စစ်ဆေးခဲ့ပြီး လူကုန်ကူးသူ ၅၅၆ ဦးကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခုနှစ် ၉ လအတွင်း လူကုန်ကူးမှု ၁၉၁ ခုမှာ လူကုန်ကူးခံရသူ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ လူကုန်ကူးမှုအရေအတွက်က ၁၅ ခုရှိပြီး ကလေးငယ် ၇ ဦးအပါအ၀င် ၂၅ ဦး လူကုန်ကူးခံရကာ အယောက် ၅၀ လောက် တရားစွဲခံခဲ့ရပါတယ်။
ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံမှာ လူကုန်ကူးမှု အရေအတွက် သိသိသာသာ ကျဆင်းသွားပေမယ့်၊ လူကုန်ကူးဂိုဏ်းတွေဟာ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ ကြိုးပမ်းလာကြတယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
ကုလက ထုတ်ပြန်တဲ့ ကမ္ဘ္ဘာ့လူကုန်ကူးမှု အစီရင်ခံစာ Trafficking in Persons 2018 မှာ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုကို ခံစားရသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို သွားရောက်ကြတာဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက နိုင်ငံအတွင်း လူကုန်ကူးခံရတာ ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ အရေအတွက်ကတော့ ၁ ရာခိုင်နှုန်း ရှိပါတယ်။
လူကုန်ကူးမှုရဲ့ ၇၅ ရာခိုင်နှုန်းဟာ အဓမ္မ လက်ထပ်ခိုင်းမှုဖြစ်ပြီး ၁၃.၅ ရာခိုင်နှုန်းက ပြည့်တန်ဆာလုပ်ငန်း၊ ၉ ရာခိုင်နှုန်းက အဓမ္မလုပ်အားခိုင်းစေမှု၊ ၂ ရာခိုင်နှုန်းက အငှားကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ၀.၅ ရာခိုင်နှုန်းက ကလေးမွေးစားမှု ဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ထောင်နဲ့ချီတဲ့အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် လိမ်လည် ရောင်းစားမှုကို ခံနေရတယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ Johns Hopkins Bloomberg School of Public Health အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
၂၀၀၅ ခုနှစ် ဥပဒေအရ လူကုန်ကူးမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
Ref: mmtimes
(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
-
အင်္ဂလိပ်ဘောလုံးပရိတ်သတ်တစ်ဦး ဆာလာဟ်ကိုအားကျ၍ အစ္စလာမ်ကိုလေ့လာကာ ပြောင်းလဲသက်ဝင်
အောက်တိုဘာ ၅၊ ၂၀၁၉
M-Media-အရင်က အစ္စလာမ်ဘာသာအပေါ်မှာ အထင်မှား အမြင်မှားတွေ ရှိခဲ့ပေမယ့် လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ ကိုယ်ရည်ကိုယ်သွေးကို အားကျကာ အစ္စလာမ်သာသနာကို လေ့လာမိခဲ့ပြီး နောက်ပိုင်းမှာ ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ အင်္ဂလိပ် ဘောလုံးပရိတ်သတ်တစ်ဦးကဖွင့်ဟလိုက်ပါတယ်။
အင်္ဂလိပ် ပထမတန်းကလပ် နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အမာခံပရိတ်သတ် ဘန်ဘာ့ဒ်က The Gurdian သတင်းစာကို ပြောကြားလိုက်တာပါ။ ယူကေက အခြားလူငယ်တွေလိုပဲ
အစ္စလာမ်သာသနာအပေါ်မှာ မကောင်းမြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီအမြင်တွေ ပြောင်းကာ လေ့လာဖြစ်ခဲ့တယ်လို့ ဘန်က ဆိုပါတယ်။ အဲဒီလို လေ့လာရာမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်က သူ့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။“ကျွန်တော်ဟာ နော်တင်ဟမ် ဖောရက်စ်ရဲ့ တစ်ရာသီစာလက်မှတ်ကို ကိုင်ဆောင်ထားသူပါ။
အခုတော့ အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မွတ်စလင်တစ်ယောက် ဖြစ်လာပါပြီ။ အရင်က ကျွန်တော်ပါပဲ။ မိုဟာမက် ဆာလာဟ်ထံကနေ သင်ယူသင့်တာတွေ သင်ယူခဲ့တယ်။ တစ်နေ့မှာ သူနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်ကာ တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြောချင်ပါတယ်”အစ္စလာမ်သာသနာကို သက်ဝင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိပေမယ့် သူ့ရဲ့ ဘောလုံးပရိတ်သတ်ဘ၀တစ်လျှောက် စွဲစွဲမြဲမြဲ လုပ်ဆောင်လာတဲ့ လောင်းကစားနဲ့ အရက်သေစာသောက်စားမှုကို စွန့်လွှတ်ခဲ့တဲ့အတွက် ‘နာမ်ပိုင်းဆိုင်ရာ ပိုမို ကောင်းမွန်လာတယ်’ လို့လည်း ဘန်က ဖွင့်ဟခဲ့ပါတယ်။
“အစ္စလာမ်နဲ့ပတ်သက်တဲ့ အရင်ကအမြင်တွေကို ပြောရမှာ ကျွန်တော် နည်းနည်းတော့ရှက်တယ်။ အစ္စလာမ်နဲ့ သူ့ရဲ့ယဉ်ကျေးမှု၊ အစ္စလာမ်ကို ကိုးကွယ်သူတွေဟာ နောက်ပြန်ဆွဲတွေလို့ ကျွန်တော် ထင်ခဲ့တယ်။ သူတို့တွေဟာ တစ်သားတည်းမဖြစ်နိုင်ဘူး။ လွှမ်းမိုးသွားတော့မယ်၊ တစ်သီးတစ်ခြားစီဖြစ်နေတယ် – ဒါမျိုးထင်ခဲ့တာပါ။ မွတ်စလင်တွေအပေါ် ကျွန်တော် မုန်းတီးခဲ့ပါတယ်”
ဒီအမြင်တွေဟာ တက္ကသိုလ်တက်ပြီး အာရပ်နိုင်ငံက သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပျောက်ကွယ်သွားခဲ့ကြောင်း၊ တက္ကသိုလ်မှာလည်း အရှေ့အလယ်ပိုင်းဒေသ လေ့လာမှုဆိုင်ရာ ဘာသာရပ်ကို ယူခဲ့ကြောင်း ဘန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစ္စလာမ်သာသနာအပေါ် အနောက်တိုင်းရဲ့ ရှုမြင်မှုအပေါ် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာကို ဘန်က လက်ရှိမှာ စာတမ်းပြုစုနေပါတယ်။
Ref: RT
-
ရန်ကုန်ရှိ တီဘီလူနာများကို အဆင့်မြင့်စက်များဖြင့် စမ်းသပ်စစ်ဆေးကုသမည်
အောက်တိုဘာ ၄၊ ၂၀၁၉
M-Media-ရန်ကုန်မြို့က မြို့နယ် ၅ ခုမှာ ရှိနေတဲ့ တီဘီရောဂါ သံသယလူနာတွေကို နောက်ဆုံးပေါ် GeneXpert စက်ကို အသုံးပြုကာ စမ်းသပ်စစ်ဆေး ကုသမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး အစီအစဉ် အကြီးအကဲ ဒေါက်တာ ဇော်မြင့်က ပြောကြားခဲ့ပါတယ်။
“ဒီစက်ကိုအသုံးပြုပြီး စမ်းသပ်စစ်ဆေးတာအပြင် ဆေးယဉ်ပါး တီဘီရောဂါအတွက် ကုသမှုတွေလည်း ကျွန်တော်တို့ လုပ်ဆောင်ပေးသွားမှာပါ။ အရင်က ဆေးယဉ်ပါး တီဘီရောဂါကို စမ်းသပ်စစ်ဆေးရာမှာ ဒီစက်ကို အသုံးပြုခဲ့ပေမယ့် အခုတော့ အခြား တီဘီလူနာတွေအတွက်ပါ အသုံးပြုမှာ ဖြစ်ပါတယ်”
လက်ရှိ ရန်ကုန်မှာ GeneXpert စက် ၂၂ လုံး ရှိနေပြီး အခုနှစ်မကုန်ခင် နောက်ထပ် ၄ လုံး ထပ်ပြီး ချထားဖို့ ရှိနေပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တွေဟာ ရန်ကုန်မြို့မှာ တီဘီရောဂါ ဖြစ်ပွားမှုအမြင့်ဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။
ပုံမှန် တီဘီရောဂါသည်တွေဟာ ၆ လကနေ ၈ လအထိ ဆေးစွဲသောက်ရပေမယ့်၊ ဆေးယဉ်ပါ တီဘီရောဂါကတော့ ၁၁ လနေ တစ်နှစ်အထိ သောက်သုံးရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်က တီဘီရောဂါဖြစ်ပွားမှုနှုန်း လျော့ချဖို့ဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပြီး ဒါမှသာ ရလဒ်ကောင်းကို ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ တီဘီလူနာ ၃၃၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ တီဘီရောဂါဟာ မြန်မာနိုင်ငံမှာ အဓိက ရောဂါတစ်ခုဖြစ်နေပြီး ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံ ၃၀ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရကတော့ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ၂ နှစ်တာစီမံကိန်းတစ်ခုကို အခုနှစ် ဇန်နဝါရီလမှာ ချမှတ်ခဲ့ပါတယ်။
Ref: mmtimes
(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)