News @ M-Media

Author: Ko Lay

  • ပင်လယ်ကွေ့ဒေသတစ်ခုလုံးကို Hyperloop စနစ်ဖြင့် ချိတ်ဆက်မည်

    ပင်လယ်ကွေ့ဒေသတစ်ခုလုံးကို Hyperloop စနစ်ဖြင့် ချိတ်ဆက်မည်

    အောက်တိုဘာ ၇၊ ၂၀၁၉
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တစ်နိုင်ငံလုံးအပြင် ပင်လယ်ကွေ့ ဒေသတစ်ခုလုံးမှာ Hyperloop ပို့ဆောင်ရေးစနစ်နဲ့ လွှမ်းခြုံချိတ်ဆက်ဖို့ ရည်မှန်းထားတယ်လို့ Virgin Hyperloop One ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

    Virgin Hyperloop One ကုမ္ပဏီဟာ လက်ရှိ ဒူဘိုင်းနဲ့ အိန္ဒိယတို့မှာ Hyperloop စနစ် အကောင်အထည်ပေါ်လာရေး ဆောင်ရွက်နေတာပါ။

    “ပင်လယ်ကွေ့ဒေသတစ်ဝိုက် ဆက်သွယ်ချိတ်ဆက်ဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ အဘူဒါဘီကနေ ရီယာ့ဒ်ကို ၄၈ မိနစ်၊ ဒူဘိုင်းကနေ အဘူဒါဘီကို ၁၁ မိနစ်လောက်နဲ့ သွားနိုင်မှာပါ။ ဒီစနစ်က ဒေသတစ်ခုလုံးကိုလည်း အထူး အကျိုးဖြစ်ထွန်းစေမှာပါ။ အဲဒီလို ဆက်သွယ်ချိတ်ဆက်နိုင်ပြီဆိုရင် စီးပွားရေးအရ အရေးပါတဲ့ ဒေသတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ Virgin Hyperloop One ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အိန္ဒိယဆိုင်ရာ မန်းနေးဂျင်းဒါရိုက်တာ ဟာ့ဂ်ျ ဒါလီဝါလ်က ပြောကြားခဲ့ပါတယ်။

    Virgin Hyperloop One ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တစ်လအရင်ကလည်း ဆော်ဒီအာရေဗျက ကင်းအဘ်ဒူလာ စီးပွားရေးမြို့တော်ရဲ့ အာဏာပိုင်တွေနဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး Hyperloop နဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေ ရှာဖွေဖို့၊ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်။

    ဒါလီဝါလ်က ၂၀၂၅ မှာ လုပ်ကိုင်ခွင့်တွေ ရရှိဖို့နဲ့ ၂၀၂၇-၂၈ ကျရင် ယူအေအီးနဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ Hyperloop အပြည့်အ၀ လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Hyperloop နဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှုတွေကို ယူအေအီးနဲ့ ဆော်ဒီအာရေဗျတို့မှာ လုပ်ဆောင်နိုင်တဲ့ အနေအထား ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    လက်ရှိ အိန္ဒိယနိုင်ငံမှာလည်း Hyperloop ပို့ဆောင်ရေးစနစ်ကို Virgin Hyperloop One က အကောင်အထည်ဖော်နေပါတယ်။ ၁၁.၈ ကီလိုမီတာရှည်လျားပြီး မွမ်ဘိုင်းနဲ့ ပူနေးတို့ကို ဆက်သွယ်မယ့် Hyperloop လိုင်း အဆင့် ၁ ကို လာမယ့်နှစ် တတိယ ၃ လပတ်မှာ စတင်ကာ ၂၀၂၄ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

    Ref: Khaleej Times

  • ‘ခိုးဝင်’ စကားလုံးအပါအ၀င် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများကို နယူးယောက်တွင် ပိတ်ပင်

    ‘ခိုးဝင်’ စကားလုံးအပါအ၀င် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများကို နယူးယောက်တွင် ပိတ်ပင်

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -‘ခိုးဝင်’ (illegal alien) လို့ ခေါ်ဆိုသုံးနှုန်းမှုအပါအ၀င် လူတစ်ဦးတစ်ယောက်ကို နှိမ်ချတဲ့၊ အရှက်ရစေတဲ့ အသုံးအနှုန်းတွေ ပိတ်ပင်တဲ့ အမိန့်ညွှန်ကြားချက်တစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး ချိုးဖောက်ရင် ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

    အဲဒီ အမိန့်ညွှန်ကြားချက် အသစ်တွေကို ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်စကားပြော လေယူလေသိမ်းအပေါ် ခွဲခြားမှု၊ မျိုးရိုးဇာတိအပေါ် အခြေခံကာ အာဏာပိုင်များကို ခေါ်ဖမ်းခိုင်းမည်ဆိုသည့် ခြိမ်းခြောက်မှုတွေကိုလည်း တားမြစ်ထားပါတယ်။ တားမြစ်ချက်တွေကို ကျူးလွန်သူတွေဟာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀၀၀ အထိ အရိုက်ခံရမှာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ဒီအမိန့်ညွှန်ကြားချက်တွေဟာ အများပြည်သူ နေထိုင်ရာနေရာတွေ၊ လုပ်ငန်းခွင်တွေနဲ့ အိမ်ယာတွေ အားလုံးမှာ အကျုံးဝင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗဟိုအစိုးရက ခြောက်လုံးလှန့်လုံးတွေပြော၊ လူမျိုးရေးခွဲခြားတဲ့ ပေါ်လစီတွေ ချမှတ်ပြီး ပြောင်းရွှေ့အခြေချချ လူ့အဖွဲ့အစည်းတွေရဲ့ သာယာဝပြောမှုကို ခြိမ်းခြောက်နေတဲ့အချိန် ဒီလို အရေးပါတဲ့ ညွှန်ကြားချက်တစ်ခုကို နယူးယောက်မြို့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းပြီး ထုတ်ပြန်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ် ” လို့ နယူးယောက် မြို့တော်ဝန်ရုံးရဲ့ တာဝန်ရှိသူ ဘီတာ မို့စ်တိုဖီက ပြောကြားခဲ့ပါတယ်။

    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက alien ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံသားမဟုတ်သူ၊ အမေရိကန် ဌာနေလူမျိုး မဟုတ်သူလို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

    စာမျက်နှာ ၂၉ မျက်နှာပါ အခု ညွှန်ကြားချက်မှာတော့ လူမျိုးရေးခွဲခြားမှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု၊ လူမျိုးဖြစ်တည်မှုတွေကို အခြေခံကာ ပြောဆိုမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အထောက်အထားမရှိတဲ့ အိမ်ငှားကို လ၀ကခေါ်ကာ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အိမ်ရှင်တစ်ဦးကို နယူးယောက်တရားရုံးက အခုလအစောပိုင်းမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၁၇၀၀၀ ရိုက်ခဲ့ပါတယ်။ ခြိမ်းခြောက်ခံရသူအတွက် နယူးယောက် လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားပြုတရားရင်ဆိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN

  • ကမ္ဘ္ဘ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်ခေါင်းဆောင် ၅၀ စာရင်းတွင် အရှေ့တောင်အာရှမှ ၅ ဦး   ပါဝင်

    ကမ္ဘ္ဘ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်ခေါင်းဆောင် ၅၀ စာရင်းတွင် အရှေ့တောင်အာရှမှ ၅ ဦး ပါဝင်

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်

    -ဂျော်ဒန်နိုင်ငံက တတ်သိပညာရှင်များအဖွဲ့ Royal Islamic Strategic Studies Centre ကနေ လေ့လာဆန်းစစ်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀၀ စာရင်းမှာ
    စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ထိပ်ပိုင်း ၅၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

    The Muslim 500 လို့အမည်ပေးထားတဲ့ အဲဒီစာရင်းကို နှစ်စဉ် ထုတ်ပြန်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် အခုထုတ်ပြန်မှုဟာ ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။ ကမ္ဘ္ဘာတစ်ဝှမ်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာ လေ့လာဆန်းစစ်ပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

    အခုနှစ် The Muslim 500 စာရင်း ထိပ်ဆုံး ၅၀ မှာ အရှေ့တောင်အာရှက ၅ ဦး ပါဝင်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆင့် ၁၃၊ အင်ဒိုနီးရှားက အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ Nahdlatul Ulama ရဲ့ ဥက္ကဌ ပရော်ဖက်ဆာ အေအိခ်ျ စအစ် အကီလ် ဆီရာ့ဂ်ျက အဆင့် ၁၉၊ အင်ဒိုနီးရှားက မွတ်စလင်တရားဟောဆရာ ဟာဘစ် လုဖ်သီ ယဟ်ယာက အဆင့် ၃၃၊ စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်က အဆင့် ၃၈နဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဆင့် ၄၂ တို့ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဟာလီမာ ယာကွဘ်ဟာ စင်ကာပူရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ လူမှုသဟဇာတဖြစ်မှု၊ အလုပ်သမားအရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုကြောင့် ကမ္ဘ္ဘ္ဘာ့ သြဇာလွှမ်းမိုးမှု အရှိဆုံး မွတ်စလင်များစာရင်းမှာ ထည့်သွင်းရတာလို့ Royal Islamic Strategic Studies Centre ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “သမ္မတစ်ယောက်ဖြစ်တဲ့ သူမဟာ လူ့အဖွဲ့အစည်း အစေးကပ်ရေး၊ ဘာသာပေါင်းစုံ ချစ်ကျည်ရေး၊ စင်ကာပူရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ကူညီပေးနေကြတဲ့ အလုပ်သမားတွေကို အသိအမှတ်ပြု ဂရုစိုက်ရေး ပိုမိုကောင်းစေမယ့် အစီအစဉ်တွေကို ချမှတ်ပေးခဲ့ပါတယ်။ ကမ္ဘ္ဘ္ဘာ့ခေါင်းဆောင်တွေနဲ့ ပုံမှန်လိုလို တွေ့ဆုံပြီး နိုင်ငံတကာမှာ ပုံရိပ်ကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်”

    စင်ကာပူသမ္မတရဲ့ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ လူ့အဖွဲ့အစည်းတွေအကြား နားလည်မှု မြှင့်တင်ရေးအတွက် ကမ္ဘ္ဘာတစ်ဝှမ်းက ဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ ဖိုရမ်တစ်ခု စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖိုရမ့်ကနေတစ်ဆင့် ‘လူ့အဖွဲ့အစည်းများ သဟဇာတဖြစ်ရေး နိုင်ငံတကာ ညီလာခံ’ ကို အခုနှစ်မှာ ပထမဆုံး စတင် ကျင်းပနိုင်ခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်စာရင်းမှာ ဟာလီမာ ယာကွဘ်ဟာ အဆင့် ၄၅ နေရာ ရခဲ့ပြီး ၂၀၁၉ ခုနှစ် စာရင်းမှာတော့ ၄၁ နေရာ ရခဲ့ပါတယ်။

    သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသားအဖြစ် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတ်မှတ်ခံရပြီး၊ အမေရိကန်လွှတ်တော်အမတ် ရရှိဒါ တာလစ်ဘ်က သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    Ref: Straits Times

  • ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျှော့ချရေးအတွက် ဆော်ဒီနဲ့ အီရန်တို့ဟာ တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖ်ာပြခဲ့ပါတယ်။

    စက်တင်ဘာ ၁၄ ရက်နေ့ ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ အီရတ်၊ ပါကစ္စတန် ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့တာပါ။

    ယီမင် ဟူသီသူပုန်အဖွဲ့က ရေနံစက်ရုံ တိုက်ခိုက်မှုတွေကို သူတို့ပြုလုပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်နဲ့ ဆော်ဒီကတော့ ဒီကိစ္စမှာ အီရန် ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

    ဒီတိုက်ခိုက်မှုကို စစ်ရေးအရ တုန့်ပြန်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းခဲ့တာကြောင့်၊ ဆော်ဒီလုံခြုံရေးကို အမေရိကန်က အမှန်တကယ် ကာကွယ်ပေးလိုစိတ် ရှိလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ဆော်ဒီဟာ သူတို့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာလာတာလို့ New York Times သတင်းစာက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေလုပ်ပေးဖို့ အီရတ်နဲ့ ပါကစ္စတန်တို့က ကမ်းလှမ်းခဲ့တယ်လို့ ဆော်ဒီအစိုးရက New York Times ကို ပြောကြားခဲ့ပေမယ့် ဘင် ဆလ်မန်ရဲ့ တောင်းဆိုမှုရှိတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    အီရန်ကတော့ သူတို့အနေနဲ့ ဆော်ဒီနဲ့ဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့လ ဂျစ်ဒါမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း၊ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီတို့နဲ့ တွေ့ဆုံစဉ် အိမ်ရှေ့မင်းသား ဘင် ဆလ်မန်က သူ့အနေနဲ့ စစ်ပွဲကို ရှောင်ရှားလိုကြောင်း၊ ဒီအတွက် ကြားဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့တယ်လို့ အီရတ်နဲ့ ပါကစ္စတန် အစိုးရ သတင်းရင်းမြစ်တွေက New York Times ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့ဟာ ယီမင်နဲ့ ဆီးရီးယားတို့အပါအ၀င် အရှေ့အလယ်ပိုင်းက ပြဿနာတွေမှာ ဆန့်ကျင်ဖက်အုပ်စုတွေကနေ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။ ဆော်ဒီနဲ့ အီရန်တို့ရဲ့ ဆွေးနွေးမှု အမှန်တကယ် ဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ ကောင်းကျိုးတွေ အများကြီး ဖြစ်လာနိုင်သလို၊ သမ္မတထရမ့်ရဲ့ အီရန်ကို ဖယ်ကျဉ်ရေးအစီအစဉ်ကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • အရှေ့တောင်အာရှ၏ အမြင့်ဆုံး အဆောက်အဦးကို မလေးရှား၌ မကြာခင် ဖွင့်လှစ်မည်

    အရှေ့တောင်အာရှ၏ အမြင့်ဆုံး အဆောက်အဦးကို မလေးရှား၌ မကြာခင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်လာမယ့် အဆောက်အဦးတစ်ခုကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ မကြာခင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

    Exchange 106 လို့ အမည်ပေးထားတဲ့ အဲဒီအဆောက်အဦးဟာ အမြင့် ၄၉၂ မီတာရှိပြီး လက်ရှိ အရှေ့တောင်အာရှမှာ အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ ဗီယက်နမ်က Landmark 81 ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Landmark 81 အဆောက်အဦးဟာ ၄၆၉.၅ မီတာ မြင့်ပါတယ်။

    တစ်ချိန်က မလေးရှားနိုင်ရဲ့ အမြင့်ဆုံးအဆောက်အဦးက Petronas Twin Towers ဖြစ်ပြီး အမြင့် ၄၅၂ မီတာ ရှိပါတယ်။

    Exchange 106 စီမံကိန်းကို မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB က ဖော်ဆောင်တာဖြစ်ပြီး အင်ဒိုနီးရှား ဆောက်လုပ်ရေးလုပ်ငန်း Mulia Property Development နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

    ဘဏ္ဍာရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ရုံးခန်းတွေ တည်ရှိမယ့် ဒီအဆောက်အဦး တည်ဆောက်ထားတဲ့နေရာဟာ တစ်ချိန်မှာ နိုင်ငံရဲ့ ဘဏ္ဍာရေးအချက်အခြာ နေရာတစ်ခုဖြစ်လာဖို့ မလေးရှားအစိုးရက ရည်မှန်းထားပါတယ်။ အဆောက်အဦးအတွက် ဘယ်လောက်ကုန်ကျသလဲဆိုတာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

    ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဟာ ဒူဘိုင်းက Burj Khalifa ဖြစ်ပြီး ထိပ်ဖျားအထိ အမြင့် ၈၃၀ မီတာ ရှိပါတယ်။

    ကွာလာလမ်ပူမြို့မှာပဲ အမြင့် မီတာ ၅၀၀ လောက်ရှိမယ့် Merdeka PNB 118 အဆောက်အဦးကို လာမယ့်နှစ်မှာ ဖွင့်လှစ်ဖို့ရှိနေတာကြောင့် Exchange 106 ရဲ့ အရှေ့တောင်အာရှ အမြင့်ဆုံး အဆောက်အဦးဘွဲ့ဟာ ကြာရှည်တည်တံ့ဖို့ မရှိပါဘူး။

    Ref: Free Malaysia Today