News @ M-Media
Author: Ko Lay
  • ၂၀၃၄ ကမ္ဘ္ဘာ့ဖလား ကျင်းပခွင့်ရရေး အာဆီယံ၏ လျှောက်ထားမှုတွင် ထိုင်းပါဝင်မည်
    ၂၀၃၄ ကမ္ဘ္ဘာ့ဖလား ကျင်းပခွင့်ရရေး အာဆီယံ၏ လျှောက်ထားမှုတွင် ထိုင်းပါဝင်မည်
    အောက်တိုဘာ ၄၊ ၂၀၁၉
    M-Media
    -၂၀၃၄ ခုနှစ် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပူးပေါင်းလျှောက်ထားမှုမှာ ပါဝင်သွားမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစားဝန်ကြီး ပီပက် ရက်ချာကစ်ပရာကန်က ပြောကြားလိုက်ပါတယ်။
    ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူးနိုင်းတို့ပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ၄ နှစ်တစ်ကြိမ်းကျင်းပတဲ့ ကမ္ဘ္ဘာ့ဖလားကို ၂၀၃၄ ခုနှစ်မှာ လက်ခံကျင်းပဖို့ စဉ်းစားနေတာပါ။
    ဒါနဲ့ပတ်သက်လို ထိုင်းနိုင်ငံရဲ့ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနဟာ အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၀န်ကြီး ပီပက်က ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ လမ်းညွှန်မှုနဲ့အတူ ကမ္ဘ္ဘာ့ဖလား ကျင်းပခွင့်ရရေး အာဆီယံရဲ့လျှောက်ထားမှုမှာ ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ လိုအပ်တာတွေ လုပ်ဆောင်ဖို့အတွက် အမြဲတမ်းအတွင်းဝန်ဦးဆောင်တဲ့ လုပ်ငန်းကော်မတီတစ်ခုကိုလည်း အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပါတယ်။
    ထိုင်းနိုင်ငံ အားကစားအာဏာပိုင်အဖွဲ့ SAT ရဲ့ အကြီးအကဲ ကွန်ဆက် ယွဒ်မာနီက လက်ရှိ ထိုင်းနိုင်ငံမှာ ဖီဖာရဲ့ စံနှုန်းနဲ့ညီတဲ့ အားကစားကွင်း တစ်ကွင်းမှမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရှိပြီးသားကွင်းတွေကို အဆင့်မြှင့်တင်ဖို့နဲ့ ၂၀၂၆ ခုနှစ် နွေရာသီ လူငယ်အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့အတွက် ချောင်ဘူရီမှာ အားကစားကွင်းတစ်ကွင်း ဆောက်လုပ်ဖို့လည်း ထိုင်းနိုင်ငံက စီစဉ်ထားပါတယ်။
    Ref: CNA
  • ထိပ်တန်းဗိုလ်ချုပ်ကို လုပ်ကြံရန် အာရပ်နှင့် အစ္စရေးတို့ ပူးပေါင်းစီစဉ်ခဲ့ဟု အီရန်ထုတ်ပြန်
    ထိပ်တန်းဗိုလ်ချုပ်ကို လုပ်ကြံရန် အာရပ်နှင့် အစ္စရေးတို့ ပူးပေါင်းစီစဉ်ခဲ့ဟု အီရန်ထုတ်ပြန်
    အောက်တိုဘာ ၄၊ ၂၀၁၉
    M-Media
    ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ
    -အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်ဖို့ အာရပ်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်ထောက်လှမ်းရေးအဖွဲ့က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    ဆိုလိုင်မာနီဟာ တော်လှန်ရေးတပ်အစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းတပ်မဟာ Quds Force ကိုဦးဆောင်နေသူဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတို့မှာ IS အကြမ်းဖက်အဖွဲ့ကို ချေမှုန်းသုတ်သင်ရာမှာ ပြောင်မြောက်တဲ့ မဟာဗျူဟာတွေကို ချမှတ်သူအဖြစ် အီရန်ခေါင်းဆောင်ပိုင်းက သူ့ကို သတ်မှတ်ထားပါတယ်။
    IRGC ရဲ့ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဟိုစိန် တာအဘ်က ဂျူး-အာရပ် ထောက်လှမ်းရေးအဖွဲ့တွေဟာ အကြမ်းဖက်သမားတွေကို လူစုကာ အီရန်နိုင်ငံထဲ ၀င်ရောက်စေပြီး ဆိုလိုင်မာနီကို ဗုံးခွဲသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗိုလ်ချုပ် ဆိုလိုင်မာနီရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ ဘာသာရေးအဆောက်အဦးဘေးမှာ အဆောက်အဦးတစ်ခုကို ၀ယ်ယူကာ စက်တင်ဘာ ၈-၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အာရှူရာနေ့ စီတန်းလှည့်လည်မှုမှာ ဖောက်ခွဲဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
    လူ ၃ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ကို အဆင့်မြင့်သင်တန်းတွေ ပေးကတည်းက မိမိတို့ ထောက်လှမ်းရေးအဖွဲ့က စောင့်ကြည့်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဒီလုပ်ကြံမှုအတွက် ဂျူး-အာရပ်အဖွဲ့ဟာ နှစ်နဲ့ချီ အချိန်ယူ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဟိုစိန် တာအဘ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Quds Force အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီဟာ အီရတ်နဲ့ ဆီးရီးယားအစိုးရတို့ကိုအကြံပေးနေတဲ့ အီရန် စစ်ဖက်အကြံပေးအဖွဲ့ကိုလည်း ကိုင်တွယ်စီမံနေပါတယ်။
    Foreign Policy မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ် ကာကွယ်ရေးနှင့် လုံခြုံရေး ကမ္ဘာ့ ထိပ်တန်း မဟာဗျူဟာရှင် စာရင်းရဲ့ ထိပ်ပိုင်းမှာလည်း ဗိုလ်ချုပ်ဆိုလိုင်မာနီ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လက ရီယာ့ဒ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဆိုလိုင်မာနီအပါအ၀င် အီရန် ထိပ်တန်း တာဝန်ရှိသူတွေကို လုပ်ကြံဖို့ အကြံအစည်တစ်ခု ရှိခဲ့ဖူးတယ်လို့ New York Times သတင်းဌာနက ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ဖော်ပြခဲ့ဖူးပါတယ်။
    အခုတစ်ကြိမ် လုပ်ကြံဖို့အစီအစဉ်မှာ အစ္စရေးနဲ့ ဘယ်အာရပ်နိုင်ငံတွေ ပူးပေါင်းခဲ့သလဲဆိုတာကို ဟိုစိန်တာအဘ်က မပြောခဲ့ဘဲ၊ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကလည်း အီရန်ရဲ့ အခုထုတ်ပြန်ချက်ကို တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။
    Ref: Press TV
  • အီရတ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွား၊ လူ ၂၀ သေဆုံး
    အီရတ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွား၊ လူ ၂၀ သေဆုံး
    အောက်တိုဘာ ၃၊ ၂၀၁၉
    M-Media
    -ပြီးခဲ့တဲ့ ၃ ရက်ကစတင်ကာ အီရတ်နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူအရေအတွက်ဟာ ၂၀ အထိ ရှိလာခဲ့ပြီး ဆန္ဒပြမှုတွေကလည်း နိုင်ငံတောင်ပိုင်းအထိ ပြန့်နှံ့လာခဲ့ပါတယ်။
    နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ၊ အစိုးရအာဏာပိုင်တွေ ခြစားမှုရှိနေတာ၊ လျှပ်စစ်မီးနဲ့ ရေတို့လို အခြေခံလိုအပ်ချက်တွေ မပြည့်စုံတာ စတာတွေကို ပြည်သူတွေက မကျေနပ်တဲ့အတွက် မြို့တော်ဘဂ္ဂဒတ်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
    နောက်ပိုင်းမှာ ဆန္ဒပြမှုတွေဟာ ဘာသာရေးအထွဋ်အမြတ်နေရာတွေ ရှိနေတဲ့ နဂျက်ဖ်မြို့၊ နိုင်ငံတောင်ပိုင်းက အေမာရာမြို့၊ နာဆီရီယာမြို့တွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြပွဲကနေ အဓိကရုဏ်းအသွင်ပြောင်းလဲသွားပြီး အနည်းဆုံး လူ ၂၀ နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
    ဆန္ဒပြရာနေရာတွေမှာ ညမထွက်ရာအမိန့် ထုတ်ပြန်ထားပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၄၀၀ ကျော်လောက် ရှိနေတယ်လို့ ဆိုပါတယ်။
    Ref: Aljazeera
  • အာဖရိကတိုက်မှ ထင်ရှားသည့် ဗလီဝတ်ကျောင်းတော် (၉) လုံး
    အာဖရိကတိုက်မှ ထင်ရှားသည့် ဗလီဝတ်ကျောင်းတော် (၉) လုံး
    အောက်တိုဘာ ၃၊ ၂၀၁၉
    M-Media
    ၁။ Massalikul Jinaan Mosque (ဆီနီဂေါ)
    ၂၀၁၉ ခုနှစ် စက်တင်ဘာလကမှ ဖွင့်လှစ်လိုက်တဲ့ အဲဒီ ဗလီဝတ်ကျောင်းတော်ဟာ မြို့တော် ဒါကာမှာ တည်ရှိတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၃၃ သန်း ကုန်ကျခဲ့ပြီး အနောက်အာဖရိကမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် အတွင်းပိုင်းမှာ လူပေါင်း တစ်သောင်းခွဲလောက်
    ၂။ Great Mosque of Kairouan (တူနီးရှား)
    တူနီးရှားနိုင်ငံမြောက်ပိုင်းမှာ တည်ရှိတဲ့ ဒီ ‘ကိုင်ရူအန် ဂျာမေဗလီကြီး’ဟာ အစ္စလာမ်ကမ္ဘ္ဘာက ၀တ်ပြုရာနေရာတွေထဲမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေထဲကတစ်ခု ဖြစ်ပါတယ်။ အာဖရိကတိုက်မှာတော့ ရှေးအကျဆုံးဗလီအဖြစ် မှတ်ယူခံထားရပါတယ်။ အာရပ်ဗိုလ်ချုပ် အွက္ကဘာ အစ်ဗနေ့ နာဖီက သက္ကရာဇ် ၆၇၀ မှာတည်ဆောက်ခဲ့ပြီး အစ္စလာမ်မတိုင်ခင်ခေတ်၊ ရောမခေတ်နဲ့ ဘိုင်ဇန်တိုင်းခေတ်က ဗိသုကာလက်ရာတွေကို
    ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် တည်ရှိတဲ့ ကိုင်ရူအန် ဒေသဟာ ကမ္ဘ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရာ ဒေသလည်းဖြစ်ပါတယ်။
    ၃။ Larabanga ဗလီ (ဂါနာ)
    ‘လာရာဘန်ဂါ’ လို့အမည်ရတဲ့ အဲဒီဗလီဟာ ‘အနောက်အာဖရိကရဲ့ မက္ကာ’ လို့ ကျော်ကြားပါတယ်။ ဆူဒန်ဗိသုကာလက်ရာအတိုင်း ၁၄၂ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ဂါနာနိုင်ငံရဲ့အရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တစ်လုံးဖြစ်ပြီး၊ အနောက်အာဖရိကရဲ့ ရှေးဟောင်းဗလီတွေထဲမှာလည်းပါဝင်ပါတယ်။ ရွှံ့နဲ့တည်ဆောက်ထားတဲ့ ဒီဗလီဟာ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားဖို့ အန္တရာယ်အရှိဆုံး နေရာ ၁၀၀ ထဲမှာလည်း ပါဝင်နေပြီး အကြိမ်အကြိမ် ပြန်လည်ပြုပြင်ထားရပါတယ်။ ဒီဗလီကို ပြန်လည်ပြုပြင်မှုကနေတစ်ဆင့် ရွှံ့နဲ့ ပလာစတာကိုင်တဲ့ နည်းပညာလည်း ပြန်လည်ရှင်သန်လာပါတယ်။
    ၄။ Touba ဗလီ (ဆီနီဂေါ)
    ဆီနီဂေါက နာမည်ကျော် မွတ်စလင်သူတော်စဉ် အဟာမာဒူ ဘမ်ဘာက ဒီ ‘တူဘာဗလီ’ ကို ၁၈၈၇ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၃ ခုနှစ်အထိ အပြီးမသတ်နိုင်ပါဘူး။ သူတော်စဉ် ဘမ်ဘာဟာ ၁၉၃၇ ခုနှစ်မှာကွယ်လွန်ခဲ့ပြီး သူ့ရဲ့ ရုပ်ကလပ်ကို ဗလီရဲ့အတွင်းပိုင်းမှာပဲ မြှုပ်နှံထားပါတယ်။ ကမ္ဘ္ဘာပေါ်က အလှဆုံးဗလီတွေထဲကတစ်လုံးလည်းဖြစ်ပြီး လက်ရှိမှာတော့ ဘမ်ဘာရဲ့ မျိုးဆက်တွေက ဗလီကို စီမံခန့်ခွဲနေပါတယ်။
    ၅။ Great Mosque of Djenne (မာလီ)
    ‘ဂျင်းနေ’ လို့အမည်ရတဲ့ ဒီဗလီဟာ ကမ္ဘ္ဘာပေါ်က ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ၁၄ ရာစုက အနောက်အာဖရိကရဲ့ ဆာဟေလီယန်ဒေသမှာ ထွန်းကားခဲ့ပြီး ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ၁၉၀၇ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ရွှံ့နဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် နှစ်စဉ် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ရပြီး လူပေါင်းများစွာ လာရောက်ပါဝင်ကြတဲ့ ဒီအစီအစဉ်ဟာ နိုင်ငံရဲ့ ရိုးရာအခမ်းအနားတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
    ၆။ Abuja National Mosque (နိုက်ဂျီးရီးယား)
    ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ‘အဘူဂျာဗလီ’ ဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ နိုင်ငံတော်ဗလီ ဖြစ်ပါတယ်။ လှပပြီး နိုင်ငံရဲ့ အထင်ကရနေရာတစ်ခု
    ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လေ့လာလည်ပတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဗလီဟာ နိုက်ဂျီးရီးယား ‘နိုင်ငံတော် ခရစ်ယာန်စင်တာ’ ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာ
    ဖြစ်ပါတယ်။
    ၇။ Uganda National Mosque (ယူဂန်ဒါ)
    ‘ယူဂန်ဒါ နိုင်ငံတော်ဗလီ’ ကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ခေတ်သစ် ဗလီဝတ်ကျောင်းတော် တည်ဆောက်မှု အမှတ်သညာအဖြစ်လည်း မှတ်ယူခံထားရပါတယ်။ လစ်ဗျားခေါင်းဆောင်ဟောင်းမွမ်မာ ကဒါဖီရဲ့ လမ်းညွှန်မှုနဲ့ တည်ဆောက်ခဲ့တာကြောင့် အရင်က သူ့အမည်ပေးထားပေမယ့် ကဒါဖီသေဆုံးသွားတဲ့အခါ နိုင်ငံတော်ဗလီအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဗလီမှာ ယူဂန်ဒါ မွတ်စလင်ကောင်စီရဲ့ ရုံးချုပ်လည်း ရှိနေပါတယ်။
    ၈။ Hassan II Mosque (မော်ရိုကို)
    ၁၉၉၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ‘ဟာဆန် ၂ ဗလီ’ ဟာ မကြာသေးခင်ကာလအထိ အာဖရိကတိုက်ရဲ့ အကြီးဆုံးဗလီအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ဟောင်း ဟာဆန် ၂ ရဲ့ အသက် ၆၀ ပြည့်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဗလီကို တည်ဆောက်ခဲ့တာပါ။ ဘုရားသခင်ရဲ့ ပလ္လင်တော်ဟာ ရေပေါ်မှာတည်ဆောက်ထားတဲ့ဆိုတဲ့ ကုရ်အာန်ထဲက ‘မဟန္တတ္တ အလင်္ကာ’ မြောက် စာကြောင်းတစ်ခုကိုဖော်ကျူးတဲ့အနေနဲ့ သုမ္မဒရာအစပ်မှာ ဒီဗလီကို တည်ဆောက်ထားပါတယ်။
    ၉။ Djamaa el Djazair (အလ်ဂျီးရီးယား)
    ‘ဂျမ်မာ အလ် ဂျဇရ်’ လို့အမည်ရတဲ့ အဲဒီဗလီဟာ မြို့တော် အလ်ဂျီယာမှာ တည်ရှိပြီး ‘အလ်ဂျီယာ ဂျာမေဗလီ’ လို့လည်း အမည်တွင်ပါတယ်။ ကန်ဒေါ်လာ ၁ ဘီလီယံ ကုန်ကျခဲ့ပြီး ၇ နှစ်လောက် တည်ဆောက်ခဲ့ရတာပါ။ အလ်ဂျီးရီးယားအစိုးရက ငွေကြေးစိုက်ထုတ်ကာ၊ ဂျာမန် ဗိသုကာပညာရှင်ကဒီဇိုင်းဆွဲပေးပြီး တရုတ်ကုမ္ပဏီက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မင်နာရတ်မျှော်စင်ရဲ့အမြင့်ဟာ ၈၆၉ ပေရှိပြီး အာဖရိကမှာ အမြင့်ဆုံး အဆောက်အဦးအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
    Ref: DW
  • သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media
    -ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ အမေရိကန်အစိုးရက အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    အသက် ၅၆ နှစ်အရွယ် ပန်ချွဲဟွာဆိုသူဖြစ်ပြီး ပြည်ပ ထောက်လှမ်းရေးသူလျှိုအဖြစ် ဆောင်ရွက်မှု၊ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေထံ ပေးပို့မှုတွေနဲ့ တရားစွဲခံထားရတာပါ။
    ခေတ်ဟောင်းနဲ့ ခေတ်သစ်နည်းပညာတွေ ပေါင်းစပ်ကာ သူလျှိုလုပ်ခဲ့တာမျိုးဖြစ်ပြီး၊ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအချက်အလက်တွေကို ရရှိဖို့ တရုတ်အစိုးရက လျှို့ဝှက်ပြီး ကြိုးစားနေတာကို တွေ့မြင်လိုက်ရတာ ဖြစ်တယ်လို့ အစိုးရရှေ့နေ ဒေးဗစ် အလ် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။
    ပန်ချွဲဟွာဟာ ဆန်ဖရန်စစ္စကိုဒေသတစ်ဝိုက်မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူပါ။
    သူဟာ သတင်းအချက်အလက်တွေ ပေးပို့ဖို့နဲ့ ငွေကြေးလွှဲပြောင်းဖို့အတွက် လျှို့ဝှက် နေရာတွေကို အသုံးပြုခဲ့သလို၊ အမေရိကန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ ပါဝင်တဲ့ တရုတ်ရဲ့ ဒစ်ဂျစ်တယ် ကဒ်ပြားတွေကိုလည်း ကိုင်ဆောင်ထားတယ်လို့ အန်ဒါဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    တရားစွဲဆိုထားမှုဖိုင်မှာ ပန်ချွဲဟွာဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက် လမ်းညွှန်မှုအတိုင်း သူလျှိုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လူတစ်ချို့ထံကနေ ရခဲ့တဲ့လျှို့ဝှက် အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ပန်ကို သောကြာနေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတစ်ပတ်အတွင်း စတင်ကြားနာမှာ ဖြစ်ပါတယ်။
    Ref: Aljazeera