News @ M-Media
Author: Ko Lay
  • ကက်ရှ်မီးယားအရေး သွေးချောင်းစီးနိုင်သည်ဟု ပါကစ္စတန်သတိပေး
    ကက်ရှ်မီးယားအရေး သွေးချောင်းစီးနိုင်သည်ဟု ပါကစ္စတန်သတိပေး
    စက်တင်ဘာ ၂၈၊ ၂၀၁၉
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    -ကက်ရှ်မီးယားက အိန္ဒိယရဲ့ လုပ်ဆောင်မှုတွေဟာ ‘သွေးချောင်းစီးတဲ့အထိ’ ဖြစ်လာနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကုလ အထွေထွေညီလာခံမှာ သတိပေးလိုက်ပြီး အိန္ဒိယ ၀န်ကြီးချုပ်မိုဒီကတော့ မိန့်ခွန်းမှာ ဒီကိစ္စကို ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။
    အိန္ဒိယဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းထားမှုကို ပြီးခဲ့တဲ့ ၂ လအရင်က ရုပ်သိမ်းခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်မှု၊ အင်တာနက် ဖြတ်တောက်မှုအပါအ၀င် အခြား ကန့်သတ်ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်ဖက်က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး မနေ့က ကုလမိန့်ခွန်းမှာလည်း အင်မရန်းခန်းက နျူလက်နက်ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ထိန်းလို့မရတဲ့ ပဋိပက္ခဖြစ်လာရင် အခြားနိုင်ငံတွေကိုပါ ပြန့်နှံ့လာလိမ့်မယ်လို့ ဆိုပါတယ်။
    “အဲဒီမှာ (ကက်ရှ်မီးယားမှာ) စစ်သား ၉ သိန်းချထားတယ်။ မစ္စတာမိုဒီကတော့ ကက်ရှ်မီးယားသာယာဝပြောရေးအတွက်လို့ ပြောတယ်။ အဲဒီ လူ ၉ သိန်းက ဘာတွေလုပ်မှာလဲ။ သူတို့သာ ထွက်လာရင် သွေးချောင်းစီးသွားလိမ့်မယ်”
    ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ရေးအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၂ ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ပွားခဲ့ပြီး နယ်စပ်မှာလည်း မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
    အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ၁၉၈၉ ခုနှစ်ကစလို့ လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ပွားခဲ့ပြီး၊ ပါကစ္စတန်က ဒီလက်နက်ကိုင်တွေကို ထောက်ပံ့နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။
    ကက်ရှ်မီးယားဒေသမှာ အိန္ဒိယရဲ့ ဆောင်ရွက်မှုတွေဟာ စစ်ပွဲဖြစ်ပွားမယ့်အန္တရာယ် ရှိနေပြီး ကန့်သတ်ထိန်းချုပ်ထားမှုတွေကို ရုပ်သိမ်းရေး ဆောင်ရွက်ပေးဖို့လည်း ကုလကို တိုက်တွန်းခဲ့ပါတယ်။
    အင်မရန်းခန်းမတိုင်ခင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီရဲ့ မိန့်ခွန်းမှာတော့ ကက်ရှ်မီးယားဒေသအကြောင်း ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အကြမ်းဖက်ဝါဒကိုသာ ရှုတ်ချသွားခဲ့ပါတယ်။
    Ref: Aljazeera
  • အိန္ဒိယတွင် လူမြင်ကွင်းမစင်စွန့်သည့် ဇာတ်နိမ့်ကလေး ၂ ဦး ရိုက်နှက် သတ်ဖြတ်ခံရ
    အိန္ဒိယတွင် လူမြင်ကွင်းမစင်စွန့်သည့် ဇာတ်နိမ့်ကလေး ၂ ဦး ရိုက်နှက် သတ်ဖြတ်ခံရ
    စက်တင်ဘာ ၂၇၊ ၂၀၁၉
    M-Media
    -လူမြင်ကွင်းမှာ မစင်စွန့်တဲ့အတွက် ဟိန္ဒူဇာတ်နိမ့် ကလေးငယ်၂ ဦး ရိုက်နှက်သတ်ဖြတ်ခံရမှုအိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
    အသက် ၁၂ နှစ်အရွယ် ရောက်ရှနီး ဗာလ်မီကီနဲ့ သူမရဲ့ ၁၀ နှစ်အရွယ် တူဖြစ်သူ အဗီနက်ရှ်တို့ဟာ ရှီပူရီခရိုင်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရိုက်နှက်သတ်ဖြတ်ခံလိုက်ရတာပါ။
    ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာကမ် ဆင်းနဲ့ ရမ်ရှ်ဝါဆင်းဆိုသူ ၂ ဦးကို ဖမ်းဆီးထားပြီး၊ ရိုက်နှက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ စစ်ကြောမှုအတွင်း ၀န်ခံခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်နေပါတယ်။
    သတ်ဖြတ်ခံလိုက်ရတဲ့ ကလေးငယ် ၂ ဦးဟာ ‘ဒါလစ်’ လို့ခေါ်တဲ့ ဟိန္ဒူဇာတ်နိမ့်မျိုးနွယ်က ဖြစ်ပါတယ်။ ဇာတ်ခွဲခြားမှုအရ ဒါလစ်ဇာတ်နိမ့်တွေဟာ ဇာတ်မြင့်တွေရဲ့ ဖိနှိပ်ဖယ်ကျဉ်မှုကို သမိုင်းနဲ့ချီ ခံစားလာခဲ့ရတာပါ။
    အဗီနက်ရှ်ရဲ့ ဖခင် မာနွဂ်ျ ဗာလ်မီကီက ကျူးလွန်သူတွေဟာ ဇာတ်ခွဲခြားစော်ကားတဲ့ စကားတွေကို သုံးနှုန်းဆဲကိုကာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ငိုယိုအကူအညီတောင်းသံကို ကျွန်တော် ကြားခဲ့တယ်။ အပြင်ထွက်ပြီး ဘာဖြစ်လဲဆိုတာ သွားကြည့်တော့ တော်တော်လေး တုန်လှုပ်သွားပါတယ်။ ကျွန်တော်တို့အိမ်နဲ့ ပေ ၆၀၊ ၇၀ အကွာလောက်မှာ လူ ၂ ဦးက ကလေးနှစ်ယောက်ကို ရိုက်နှက်နေတာ ကျွန်တော် တွေ့ခဲ့ရပါတယ်။ ကျွန်တော်သွားမဆွဲခင်မှာ သူတို့ သေသွားကြတာ။ ကျွန်တော် မကယ်လိုက်နိုင်ဘူး”
    ရိုက်နှက်သူတွေက ထွက်ပြေးဖို့ ကြိုးစားပေမယ့် ရွာသားတွေက ဝိုင်းဖမ်းကာ ရဲလက် အပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
    ဇာတ်ခွဲခြားမှုစနစ်ကို တရားမ၀င်အဖြစ် အိန္ဒိယဥပဒေမှာ သတ်မှတ်ထားပေမယ့် နိုင်ငံတစ်ဝှမ်း အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ အခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။
    ဗာလ်မီကီက သူတို့ရွာမှာ ဒီလို ခွဲခြားဆက်ဆံမှုတွေ အများအပြား ရှိနေသေးပြီး ဇာတ်နိမ့် ကလေးတွေဟာ၊ ဇာတ်မြင့်ကလေးတွေနဲ့ အတူတူ ကစားလို့တောင်မရဘူးလို့ ဆိုပါတယ်။
    အခင်းဖြစ်ပွားပြီးနောက် တရားရေးအာဏာပိုင်တွေက အိမ်ကိုလာရောက်ပြီး နစ်နာကြေး ရူပီး ၄ သိန်း (ကန် ၅၆၃၇ ဒေါ်လာ) ပေးကာ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဗာလ်မီကီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံမှာ အိမ်သာ လုံလုံလောက်လောက်မရှိမှုနဲ့ ရှေးရိုးစွဲဓလေ့တွေကြောင့် ကွင်းပြင်တွေ၊ ချုံတောတွေမှာ မစင်စွန့်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး တိုင်းပြည်ရဲ့ အကြီးမားဆုံး ကျန်းမာရေးဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် စင်ကာပူနှင့် မြန်မာ လက်မှတ်ရေးထိုး
    ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် စင်ကာပူနှင့် မြန်မာ လက်မှတ်ရေးထိုး
    စက်တင်ဘာ ၂၇၊ ၂၀၁၉
    M-Media
    Photo credit – Irrawaddy
    -နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုကို ကာကွယ်ရေးနဲ့ တိုးမြှင့်ရေးအတွက် မြန်မာနဲ့ စင်ကာပူတို့ဟာ အခုတစ်ပတ်အစောပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။
    ဖေဖော်ဝါရီလအထိ မှတ်တမ်းတွေအရ စင်ကာပူဟာ မြန်မာနိုင်ငံမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၀ ရာခိုင်နှုန်း ကန်ဒေါ်လာ ၂၂ ဘီဘီယံ ရှိနေပါတယ်။
    အခုသဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေးဆိုင်ရာ ဆက်ဆံရေး ၀န်ကြီးဌာန (MIFER) အကြီးအကဲ ဦးသောင်းထွန်းနဲ့ စင်ကာပူ ကုန်သွယ်ရေးနှင့် ဆက်မှုဝန်ကြီးဌာန ၀န်ကြီး ချန်ချွန်ဆင်းတို့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် မြန်မာ-စင်ကာပူ ၀န်ကြီးအဆင့် အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
    MIFER ရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သဘောတူညီချက်ဟာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ ကာကွယ်ရေး၊ နှစ်နိုင်ငံပြည်သူတွေအကြား မျှတတဲ့ စီးပွားရေး နယ်ပယ်တစ်ခု ဖြစ်ပေါ်လာစေရေး ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “စင်ကာပူနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားလိုပဲ တူညီတဲ့အခွင့်အလမ်းတွေ ပေးသွားမယ်။ မြန်မာနိုင်ငံသား တစ်ဦးကလည်း စင်ကာပူမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီလိုအခြေအနေမျိုးကို ရရှိမှာ ဖြစ်ပါတယ်”
    ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို မူရင်းနိုင်ငံဆီ လွှဲပြောင်းတဲ့အခါမှာ ချောမွေ့စေရေး၊ ပြဿနာတွေဖြစ်လာတဲ့အခါ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေအတိုင်း ညှိနှိုင်းဆောင်ရွက်ရေး အတွက်လည်း နှစ်ဖက်အစိုးရက သဘောတူညီချက်မှာ ကတိပြုခဲ့ပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)
  • အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး ရုပ်သံလိုင်းတစ်ခုကို ၃ နိုင်ငံ ပူးပေါင်းတည်ထောင်မည်
    အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး ရုပ်သံလိုင်းတစ်ခုကို ၃ နိုင်ငံ ပူးပေါင်းတည်ထောင်မည်
    စက်တင်ဘာ ၂၇၊ ၂၀၁၉
    M-Media
    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    -အစ္စလာမ်ကြောက်ရောဂါ၊ ဒီရောဂါကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တိုက်ဖျက်နိုင်ရေး အင်္ဂလိပ်ဘာသာစကားနဲ့ ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်သွားဖို့ ပါကစ္စတန်၊ တူရကီ၊ မလေးရှားခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။
    နယူးယောက်မြို့က ၇၄ ကြိမ်မြောက် ကုလ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း၊ တူရကီသမ္မတ အာဒိုဂန်၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်တို့ တွေ့ဆုံစဉ်မှာ ဒီသဘောတူညီချက် ရခဲ့တာပါ။
    “အစ္စလာမ်ကြောက်ရောဂါကြောင့် ဖြစ်လာတဲ့ စိန်ခေါ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ကျွန်တော်တို့ ဘာသာတရားရဲ့ အရှိတရားတွေကို ချပြဖို့အတွက် အင်္ဂလိပ်ဘာသာရုပ်သံလိုင်းတစ်ခု ပူးပေါင်းတည်ထောင်ဖို့ ကျွန်တော်တို့ ၃ နိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    အစ္စလာမ်သာသနာကို ဆန့်ကျင်လာစေတဲ့ အထင်မှားအမြင်မှားတွေကို ဖယ်ရှားနိုင်ရေး ဒီရုပ်သံလိုင်းကနေတစ်ဆင့် လုပ်ဆောင်သွားမယ်လို့လည်း အင်မရန်းခန်းက ဆိုပါတယ်။
    အစ္စလာမ့်သမိုင်းကြောင်းကို အစ္စလာမ်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ သိရှိနိုင်စေရေး ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထုတ်လွှင့်ဖို့လည်း ရှိနေပါတယ်။
    ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် မာလီဟာ လော့ဒ်ဟီကလည်း ဒီသဘောတူညီချက်ကို အတည်ပြုခဲ့သလို၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ရေးကိုပါ ၃ နိုင်ငံစလုံးက သဘောတူခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Gulf News
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    ဂရစ်ဇ်မန်းကို ဥပဒေပ ချဉ်းကပ်မှုအတွက် ဘာစီလိုနာ ယူရို ၃၀၀ ဒဏ်ရိုက်ခံရ
    ===================
    တိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇ်မန်း အက်သလက်တီကိုမက်ဒရစ်မှာ ရှိနေစဉ် အက်သလက်တီကိုအသင်းရဲ့ ခွင့်ပြုချက်ကို မတောင်းဘဲ ချဉ်းကပ် ဆက်သွယ်ခဲ့မှုအတွက် ဘာစီလိုနာအသင်းကို စပိန်ဘောလုံးအဖွဲ့ချုပ် RFEF က ယူရို ၃၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ဂရစ်ဇ်မန်းကို ဇူလိုင်လ ၁ ရက်နေ့မှာ ဘာစီလိုနာက ခေါ်ယူခဲ့ပြီး ကမ္ဘ္ဘာ့ဆဌမမြောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာပါတယ်။ ဒီကိစ္စအတွက်ဂရစ်ဇ်မန်းမှာ အပြစ်မရှိဘူးလို့ RFEF က ဆုံးဖြတ်ခဲ့သလို ဘာစီလိုနာအသင်းရဲ့ နျူကမ်းကွင်းကို ၁ ပွဲပိတ်ပင်ရလောက်တဲ့အထိ သက်သေမခိုင်လုံဘူးလို့ ပြောကြားခဲ့ပါတယ်။
    လူ ၆ သောင်းဆန့်မည့် ကွင်းအသစ်ဒီဇိုင်းကို မီလန် ၂ သင်း ထုတ်ပြ
    =====================
    ပရိတ်သတ် စုစုပေါင်း ၆ သောင်းဆန့်ပြီး လက်ရှိအသုံးပြုနေတဲ့ ဆန်စီရိုကွင်းအနီးမှာ တည်ဆောက်သွားမယ့် ကွင်းအသစ်ဒီဇိုင်းကို မီလန် ၂ သင်းက ထုတ်ပြလိုက်ပါတယ်။ အင်တာမီလန်နဲ့ အေစီမီလန်တို့ဟာ ဆန်စီရိုကိုမျှဝေအသုံးပြုနေတာဖြစ်ပြီး အခုကွင်းသစ်က ယူရို သန်း ၆၅၀ ကုန်ကျကာ တည်ဆောက်ချိန် ၃ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဆန်စီရိုကွင်း တိုးချဲ့ပြင်ဆင်မှုလည်း အခုအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ်။ အရင်ကဆန်စီရိုကိုသာ အဆင့်မြှင်တင်ဖို့ စီစဉ်ခဲ့ပေမယ့် အကုန်အကျပိုများကာ အချိန်လည်း ပိုကြာမှာဖြစ်တာကြောင့်ကွင်းအသစ်တည်ဆောက်ဖို့သာ မီလန် ၂ သင်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
    ဆာလာဟ်အတွက် အီဂျစ်၏ မဲပေးမှု ဘောင်မ၀င်ခဲ့
    =================
    ၂၀၁၉ ခုနှစ် အကောင်းဆုံးဘောလုံးသမားဆု မဲပေးမှုအတွင်း လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အတွက်အီဂျစ်လက်ရွေးစင်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တို့ရဲ့ မဲပေးမှုမှာ လက်မှတ်ကို စာလုံးအကြီးနဲ့ ရေးထိုးထားတာကြောင့် ထည့်သွင်းရေတွက်ခြင်းမရှိဘူးလို့ ဖီဖာက ပြောကြားလိုက်ပါတယ်။ ဒါဟာ တမင်ရည်ရွယ်လုပ်ဆောင်တာလားဆိုတာ မသိရပါဘူး။ ဖီဖာကတော့ အချိန်မီ မဲပြန်ပေးဖို့အတွက် အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကိုဆက်သွယ်ခဲ့ပေမယ့် ဘာမှ ပြန်လည်ပြောဆိုခြင်း မရှိဘူးလို့ ဆိုပါတယ်။ မက်ဆီရရှိသွားတဲ့ အဲဒီဆုပေးပွဲပြီးကတည်းက ဆာလာဟ်ဟာ သူ့ရဲ့ Twitter စာမျက်နှာမှာ ‘အီဂျစ်’ ဆိုတဲ့စာလုံးကို ဖြုတ်ခဲ့ပြီး ‘လီဗာပူးလ်ကစားသမား’ လို့ပဲ ရေးသားထားပါတယ်။ ဒါ့အပြင် “အီဂျစ်နိုင်ငံအပေါ် ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုကို ပြောင်းလဲဖို့ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အောင်မြင်မှာ မဟုတ်ပါဘူး” လို့လည်း ဆာလာဟ်က ရေးသားခဲ့ပါတယ်။
    Ref: BBC