News @ M-Media

ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင်ဆု လုံးဝရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို လန်ဒန်မြို့ကော်ပိုရေးရှင်းက ပယ်ဖျက်

စက်တင်ဘာ ၁၃၊ ၂၀၁၉
M-Media

-နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဆု
Honorary Freedom လုံးဝရုပ်သိမ်းရေးအစီအစဉ်ကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပယ်ဖျက်လိုက်ပြီး ယာယီရုပ်သိမ်းဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ကော်ပိုရေးရှင်းရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ ဒီဆုကို ၂၀၁၇ ခုနှစ် မေလက ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှု၊ ပြည်တွင်တွေ ငြိမ်းချမ်း၊ လွတ်လပ်ပြီး လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး မဆုတ်မနစ် ကြိုးပမ်းခဲ့မှု’ ကို ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် စစ်တပ်က ကျူးလွန်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုပြီး ဒီဆုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် အခုနှစ် ဇန်နဝါရီလမှာ ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပြီး ဆုပြန်လည်ရုပ်သိမ်းရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒီလုပ်ငန်စဉ်အတွင်း မြန်မာနိုင်ငံက အခြေအနေတွေကို နားလည်ဖို့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအမှန်ကို နားလည်သိရှိနိုင်ဖို့ အဟန့်အတားတွေ ရှိခဲ့တယ်လို့ ကော်ပိုရေးရှင်းက ပြောပါတယ်။

မနေ့က မဲခွဲမှုမှာတော့ Honorary Freedom ဆု လုံးဝရုပ်သိမ်းရေးအစား၊ ယာယီ ရုတ်သိမ်းမှုကိုသာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“မြန်မာနိုင်ငံက အကြမ်းဖက်မှု၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ဆက်လက်ပြီး လစ်လျူရှုထားလို့ မရတော့ဘူးဆိုတဲ့ ပြတ်သားတဲ့သတင်းစကားတစ်ခုကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပါးချင်ပါတယ်။ Freedom applications ကော်မတီအနေနဲ့ အခုဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားသွားပါမယ်” လို့ Freedom applications ကော်မတီရဲ့ ဥက္ကဌ ဆာ ဒေးဗစ် ဝေါ့တွန်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို အဆုံးစွန်သော ပုံစံနဲ့ ရှုတ်ချရမယ်လို့ ကော်မတီက ပြောခဲ့ပေမယ့်၊ တာဝန်ယူမှု အနေအထားကို မသိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဝေဖန်သုံးသပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ ကျူးလွန်ခံရမှုကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အောက်စဖို့ဒ်မြို့၊ ဒက်ဘလင်မြို့တွေက သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ရုပ်သိမ်းခဲ့ပါတယ်။

Ref: Cityam.com