News @ M-Media
Author: Ko Lay
  • မြန်မာနိုင်ငံမှ အဖိုးတန်ပယင်းကျောက်များ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်နေ
    မြန်မာနိုင်ငံမှ အဖိုးတန်ပယင်းကျောက်များ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်နေ
    သြဂုတ် ၃၀၊ ၂၀၁၉
    M-Media
    -မြန်မာနိုင်ငံမြောက်ပိုင်းက ပယင်းကျောက်ထွက်ရှိရာ နေရာတွေကို အစိုးရစစ်တပ်က သိမ်းယူပြီး တရားမ၀င်ထုတ်ရောင်းနေတယ်လို့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
    ကချင်ပြည်နယ်မှာရှိနေတဲ့ အဲဒီ ပယင်းကျောက်တွင်းတွေဟာ အမွှေးပါ ဒိုင်နိုဆော အမြီးတွေ၊ ငှက်တွေ၊ ဖွတ်တွေ၊ ဖားတွေနဲ့ အခြား ကျောရိုးမဲ့ သတ္တဝါတွေ အပါအ၀င် နှစ်ပေါင်း ၉၉ သန်းလောက် သက်တမ်းရှိပြီး သိပ္ပံဆိုင်ရာ တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ကြွင်းတွေ တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။
    အဲဒီ ရုပ်ကြွင်းတွေကို စည်းမဲ့ကမ်းမဲ့ တူးယူကာ တရုတ်နိုင်ငံကို မှောင်ခိုထုတ်ပြီး ယူနန်ပြည်နယ်အနောက်ပိုင်း Tengchong မြို့က ကျောက်ဈေးကွက်မှာ ရောင်းချနေတယ်လို့ လန်ဒန်အခြေစိုက် သိပ္ပံမဂ္ဂဇင်း New Scientist က မေလမှာ ဖော်ပြခဲ့ပါတယ်။
    ရုပ်ကြွင်းလေ့လာသူတွေဟာ အဲဒီ ပယင်းကျောက်ရုပ်ကြွင်းတွေကို အဓိကထား ၀ယ်ယူပြီး ရုပ်ကြွင်းအသစ်တွေအကြောင်း လတိုင်း စာတမ်းတွေ ဒါဇင်နဲ့ချီ ရေးသားကြတယ်လို့လည်း New Scientist က ဆိုပါတယ်။
    ပယင်းကျောက်တွင်းတွေရှိရာ ဒေသတွေဟာ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လမှာ မြန်မာစစ်တပ်က အဲဒီနေရာတွေကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
    တရားမ၀င် ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို တားဆီးဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဒီလို သိမ်းယူရတာလို့ ပြောပေမယ့် Hukawng တောင်ကြားမှာ စစ်တပ်က တရားမ၀င် ပယင်းကျောက် တူးဖော်မှုကို ပြန်လည် လုပ်ဆောင်နေတယ်လို့ ကချင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kachin Development Networking Group (KDNG) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
    Hukawng တောင်ကြားဟာ အဖိုးတန် ပယင်းကျောက်နဲ့ ရုပ်ကြွင်းတွေ ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ ရုပ်ကြွင်းနမူနာတွေကို ၀ယ်လိုအား မြင့်လာတာကြောင့် တူးပြီးသားတွေ တရုတ်ဖက်ရောင်းချမှုကလည်း ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရောင်းချမှုတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံလောက် ရှိနိုင်ကြောင်း KDNG က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပယင်းကျောက်ထွက်ရှိရာဒေသတွေကို စစ်တပ်က တိုက်ခိုက်သိမ်းယူမှုအတွင်း အရပ်သားသေဆုံးမှုတွေ၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိ လူ ၃၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ စစ်တပ်ကလည်း အကူအညီတွေကို ပိတ်ပင်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွင်းက လူ ၂၁ ဦးကို အသေးစိတ်မေးမြန်းပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်တာလို့ KDNG က ဆိုပါတယ်။ ပယင်းကျောက်တူးဖော် ရောင်းချမှုကို ရပ်တန့်ဖို့နဲ့ နေရပ်စွန့်ခွာရသူတွေကို အိမ်ပြန်ခွင့်ပေးဖို့ မြန်မာစစ်တပ်ကို KDNG က တောင်းဆိုခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    KDNG ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လန်ဒန်က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖြေကြားခဲ့ခြင်း မရှိဘူးလို့လည်း New Scientist ရဲ့ ဒီကနေ့သတင်းမှာ ဖော်ပြထားပါတယ်။
    Ref: New Scientist
  • မြန်မာ့ E-sport လောကတိုးတက်ရေး မီးပြတ်မှုက အဟန့်အတား ဖြစ်နေပြီလား
    မြန်မာ့ E-sport လောကတိုးတက်ရေး မီးပြတ်မှုက အဟန့်အတား ဖြစ်နေပြီလား
    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media
    Photo Credit – AFP
    -E-sport စတားတစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ဇော်ဟာ ရန်ကုန်မြို့က အင်တာနက်ကဖေးတစ်ခုမှာ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် အနိုင်ရလုဆဲဆဲမှာ မီးပျက်ပြီး စခရင်အမှောင်ကျသွားပါတယ်။ ဒေါ်လာ သောင်းချီရမယ့် ဆုကြေးကို လက်လွှတ်ခဲ့ရသလို သူ့ရဲ့ဂုဏ်သိက္ခာလည်း စွန်းထင်းခဲ့ရပါတယ်။
    ထွန်းသစ်စ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ E-sport ဟာ ဖွံ့ဖြိုးလာခဲ့ပေမယ့် မကြာခဏ ဓာတ်အားပြတ်တောက်မှုကြောင့် ကစားသမားတွေ ရှေ့ဆက်မတက်နိုင် ဖြစ်နေရပါတယ်။
    “မီးပျက်တိုင်း အီးပီစီကို ကျွန်တော်တို့ ကျိန်ဆဲတာပဲ။ ခဏခဏကို ပျက်နေတာ” လို့ မြင့်မြတ်ဇော်က ပြောပါတယ်။
    ၁၀ စုနှစ်နဲ့ချီ စစ်အုပ်ချုပ်ရေး ပြီးတဲ့နောက် ၂၀၁၀ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့အချိန် မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်ကျော်ကတော့ လျှပ်စစ်ဓာတ်အားမရှိတဲ့ အခြေအနေမှာ နေထိုင်နေရပါတယ်။
    နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးလာတဲ့ E-sport ရေစီးကြောင်းမှာ စီးမျောလာနိုင်ခဲ့ပါတယ်။ E-sport ဟာ ဒေါ်လာဘီလီယံချီတန်တဲ့ နယ်ပယ်တစ်ခု ဖြစ်လာခဲ့ပြီး နိုဝင်ဘာလ အာဆီယံအားကစားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပပါတော့မယ်။
    ဓာတ်အားပြတ်တောက်တာ၊ ကိုယ်ပိုင်ကွန်ပျူတာနည်းပါတာ၊ ခရီးသွားဖို့၊ နိုင်ငံခြားမှာ ပြိုင်ပွဲဝင်နိုင်ဖို့ ထောက်ပံ့မှု အားနည်းမှု စတာတွေက မြန်မာပြည်တွင်းက E-sport ချန်ပီယံတွေကို ဆွဲချသလိုဖြစ်ပြီး ပြိုင်ပွဲမှာ ရှုံးနိမ့်မယ့်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။
    Insane လို့အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် မြင့်မြတ်ဇော်က မီးပျက်တာကြောင့် ပွဲ ၄၀ လောက် ရှုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီရှုံးပွဲတွေကြောင့် ဒေါ်လာသန်းချီ ချီးမြှင့်တဲ့ နိုင်ငံခြားပွဲတွေမှာ တစ်နေရာရဖို့ သူ့အတွက် ခက်ခဲသွားခဲ့ပါတယ်။
    သူဟာ Dota 2 ကစားသူပါ။ Dota 2 ချန်ပီယံလိဂ်ပြိုင်ပွဲကို အခုတစ်ပတ် နှောင်းပိုင်းကျရင် ရှန်ဟိုင်းမှာ ကျင်းပမှာဖြစ်ပြီး စံချိန်တင်ဆုကြေး ကန်ဒေါ်လာ ၃၄.၃ သန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
    ဒါပေမယ့် မြန်မာနိုင်ငံမှာ Dota 2 ပြိုင်ပွဲတွေ နည်းပါးတာကြောင့် ဒီအားကစားနည်းနဲ့ ဘ၀ရပ်တည်ဖို့ ခက်ခဲတယ်လို့ မြင့်မြတ်ဇော်က ပြောပါတယ်။
    “ပြီးခဲ့တဲ့ ၃ နှစ်ဟာ ကစားသမားဘ၀မှာ ကျွန်တော့်အတွက် အခက်ခဲဆုံး အချိန်တွေပါ။ ဂိမ်းဆိုင်မှာပဲ ကျွန်တော်နေခဲ့ရပြီး၊ အစားအသောက်လည်း ၀၀လင်လင် မစားရပါဘူး”
    အချိန်မရွေး၊ နေရာမရွေး
    အခြားတိုင်းပြည်ကလူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် မီးရောင်မှိန်မှိန် အင်တာနက်ကဖေးတွေဟာ ဂိမ်မာတွေရဲ့ ကွန်းခိုရာနေရာ ဖြစ်ခဲ့ပါတယ်။
    ဒါပေမယ့် ဈေးသက်သာတဲ့ ဆင်းမ်ကတ်တွေ ဈေးကွက်ထဲရောက်လာခဲ့ပြီး မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာတဲ့အချိန်မှာ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပါတယ်။
    မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲမှုဟာ ၂၀၁၂ ခုနှစ်မှာ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၀ယ်လိုအားတဟုန်ထိုးတက်လာကာ အခုအချိန်မှာတော့ ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပါတယ်။
    မိုဘိုင်းဂိမ်းကစားတဲ့သူတွေအတွက်တော့ လျှပ်စစ်မီး ပြတ်တောက်သွားရင်လည်း ဆက်လက် ကစားနိုင်ပါတယ်။
    “အချိန်မရွေး၊ နေရာမရွေး ကျွန်တော်တို့ ကစားနိုင်ပါတယ်” လို့ စင်ကာပူအခြေစိုက် E-sport အသင်း Impunity ကို ကိုယ်စားပြုပြီး PUBG ဂိမ်း ကစားနေတဲ့ မြင့်မြတ်အောင်က ပြောပါတယ်။
    အင်တာနက်ဖိုးကလည်း ဈေးချိုပါတယ်။
    “ဖုန်းဘေးလ်က သိပ်ပြီးတော့ ဈေးမကြီးပါဘူး”
    ပြီးခဲ့တဲ့လ ရန်ကုန်က ရှော့ပင်းမောလ်တစ်ခုမှာ ကျင်းပခဲ့တဲ့ PUBG ပြိုင်ပွဲကို Impunity အပါအ၀င် အဖွဲ့ပေါင်း ၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
    စမတ်ဖုန်းတွေကိုင်ပြီး ပြိုင်ဘက်တွေကို စနိုက်ပါရိုင်ဖယ်တွေနဲ့ ချေမှုန်းတဲ့ အဲဒီပွဲတွေကို တီဗီစခရင်ကြီးတွေမှာ ထုတ်လွှင့်ပြသခဲ့ပြီး ပရိတ်သတ်တွေကလည်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပါတယ်။
    အဲဒီပြိုင်ပွဲမှာ အမေရိကန်ဒေါ်လာ ၇၀၀၀ ချီးမြှင့်ခဲ့ပြီး အခြေခံလစာ တစ်နှစ်ကို ဒေါ်လာ ၁၃၀၀ သာ ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီဆုကြေးက မြင့်မားတဲ့ ဆုကြေးတစ်ခုလည်း ဖြစ်ပါတယ်။
    Impunity အသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဘရိုင်ယန် မင်းဆက်က မြန်မာနိုင်ငံမှာဆုကြေးမြင့်ပြိုင်ပွဲတွေ များများစားစား မရှိတဲ့အတွက် ဆုးကြေးတိုးမြှင့်ပေးတာမျိုးဟာ တိုးတက်မှု လက္ခဏာတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    E-sport သုတေသနအဖွဲ့ NewZoo က ဈေးကွက်လေ့လာသူ ဂျယ်ရီမီ ဂျက်ဆန်က မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် တော်တော်လေး အားနည်းနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဂိမ်းလောကမှာ လျှပ်စစ်နဲ့ အင်တာနက် မှန်မှန်ရဖို့က အရေးအကြီးပါတယ်။ စမတ်ဖုန်းသုံးစွဲမှု ပိုမိုများပြားလာတာကြောင့် ဂိမ်းလောကထဲကို လူတွေ ပိုဝင်လာမှာ မလွဲ ဧကန်ပါပဲ”
    ဂန္တ၀င်တွေ ပေါ်လာမလား
    နိုင်ငံတကာတန်းဝင် အားကစားသမား ထွက်ပေါ်မှုနည်းတဲ့ မြန်မာနိုင်ငံမှာ E-sport ဟာ ကစားသမားတွေ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ ထိုးဖောက်ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတစ်ခု ဖြစ်သလို၊ လူကြိုက်အလွန်များတဲ့ မိုဘိုင်းဂိမ်းတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားရင် ပုံမှန်လစာမျိုး ရနိုင်တဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
    “ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ရုံနဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင် တည်ဆောက်နိုင်ပါတယ်” လို့ ရန်ကုန်မှာ HOG လို့ခေါ်တဲ့ E-sport စင်တာကို ပူးတွဲဖွင့်လှစ်ထားသူ ကိုကောင်းမြတ်စံက ပြောကြားခဲ့ပါတယ်။
    မြန်မာအားကစားဝန်ကြီးဌာနဟာ ရန်ပုံငွေနည်းပါးတာကြောင့် HOG က ဆီးဂိမ်းပြိုင်ပွဲကို
    ကစားသမား ၁၆ ဦးလွှတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ အခုနှစ် အစောပိုင်းကစပြီး လစာရ ကစားသမားဖြစ်လာခဲ့တဲ့ မြင့်မြတ်ဇော်လည်း ပါဝင်မှာပါ။
    ဆီးဂိမ်းမှာ Dota 2 နဲ့ Mobile Legends ဂိမ်းတွေ ထည့်သွင်းထားပြီး မြန်မာနိုင်ငံမှာ ဒီဂိမ်းနှစ်ခုကို ကစားသူအရေအတွက် ၃ သန်းကျော်လောက် ရှိနေပါတယ်။
    အမှတ်တွေတက်အောင် ဆုတောင်းပေးကြတဲ့သူတွေအတွက် ကစားပေးရင်း ဘ၀ကို နှစ်နဲ့ချီ ချွေတာစွာ ဖြတ်သန်းခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ မြင့်မြတ်ဇော်က ပြောကြားခဲ့ပါတယ်။
    “ဖိအားတွေရှိနေပေမယ့် အဲဒီဖိအားတွေက ပိုကောင်းအောင်လုပ်ဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေးပါတယ်”
    Ref: AFP
    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် Armed with smartphones, Myanmar e-sports players battle power outages ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော
    အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော
    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media
    ရုရှား၏ Su-35 တိုက်လေယာဉ်များ
    -အမေရိကန်တိုက်လေယာဉ် F-35 အစား ရုရှားလုပ် Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကို ၀ယ်ယူနိုင်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး အမေရိကန်နဲ့ တူရကီတို့အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်မယ့် အခြေအနေ ဖြစ်လာပါတယ်။
    ရုရှားကနေ S-400 ဒုံးခွင်းစနစ်တွေကို တူရကီက ၀ယ်ယူလိုက်တဲ့အတွက် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှုတွေ မြင့်တက်နေပြီး တူရကီကို F-35 တိုက်လေယာဉ်တွေ ရောင်းချမှုနဲ့ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမယ့် အစီအစဉ်တွေ ရပ်ဆိုင်းမယ်လို့ အမေရိကန်က ပြောကြားထားပါတယ်။
    ရုရှားဟာ S-400 ဒုံးခွင်းစနစ် ဒုတိယအသုတ်ကို အခုတစ်ပတ်အစောပိုင်းမှာ တူရကီထံ ပေးပို့ခဲ့ပါတယ်။
    အာဒိုဂန်ကတော့ အမေရိကန်တိုက်လေယာဉ်အစား၊ ရုရှားလုပ် တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ သုံးသပ်နေတယ်လို့ ဆိုပါတယ်။
    “Su-35 နဲ့ Su-57 တို့ဟာ နောက်ထပ် ရွေးချယ်စရာ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် ဒီကို အကြောင်းမဲ့လာတာ မဟုတ်ပါဘူး” လို့ အခုတစ်ပတ်အစောပိုင်း မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
    F-35 တိုက်လေယာဉ်အစီအစဉ်မှာ တူရကီရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး အမေရိကန်ဖက်က နောက်ဆုံးအဖြေတစ်ခု ထွက်လာရင် ရုရှားတိုက်လေယာဉ် ၀ယ်၊ မ၀ယ်ကို ဆုံးဖြတ်သွားမယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။
    အမေရိကန် ကာကွယ်ရေးဝနကြီး မာ့ခ် အက်စပါက တူရကီအနေနဲ့ F-35 အစီအစဉ်မှာ ပြန်လည်ပါဝင်ချင်ရင် S-400 ၀ယ်ယူမှုကို စွန့်လွှတ်ရလိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • မွတ်စလင်များသာ ရာဇ၀တ်မှုကျူးလွန်သည်ဟု အိန္ဒိယရဲ ထက်ဝက်က ထင်မြင်ယူဆနေ
    မွတ်စလင်များသာ ရာဇ၀တ်မှုကျူးလွန်သည်ဟု အိန္ဒိယရဲ ထက်ဝက်က ထင်မြင်ယူဆနေ
    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media
    -မွတ်စလင်တွေဟာ ရာဇ၀တ်မှုတွေ ပိုမိုကျူးလွန်တဲ့ သဘာဝရှိတယ်ဆိုတဲ့ အတွေးမျိုး အိန္ဒိယရဲတွေရဲ့ ထက်ဝက်လောက်မှာ ရှိနေတယ်ပြီး၊ သံသယရှိသူကို ရိုက်နှက် စစ်ချက်ယူတာမျိုး လုပ်သင့်တယ်ဆိုတဲ့ တရားသေ အတွေးအခေါ်မျိုးတွေလည်း ရှိနေတယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။
    အခုစစ်တမ်းကောက်ယူမှုမှာ နိုင်ငံတစ်ဝှမ်း ပြည်နယ် ၂၁ ခုက ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀၀၀ လောက်ကို မေးမြန်းခဲ့ပြီး ရလဒ်ကို The Status of Policing in India Report: Police Adequacy and Working Conditions ခေါင်းစဉ်နဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
    ရဲတပ်ဖွဲ့ဝင် ထက်ဝက်ကျော်လောက်က မွတ်စလင်တွေဟာ ရာဇ၀တ်မှုတွေကို ပိုမိုလုပ်ဆောင်တဲ့ ဗီဇမျိုးရှိတယ်လို့ ပြောခဲ့သလို၊ နွားကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကလည်း ‘ပုံမှန်ကိစ္စ’ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် ၃ ပုံတစ်ပုံက ဖြေကြားခဲ့ပါတယ်။
    “တွေ့ရှိချက်တွေထဲကတစ်ချို့ဟာ တော်တော်လေး အံ့သြဖို့ကောင်းပါတယ်။ ဒီလို သဘောထားတွေဟာ သာမန်လူတွေရဲ့ ယူဆချက်မျိုးဖြစ်ပြီး ရဲတွေမှာ ဒီလိုအတွေးမျိုး ရှိလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး” လို့ စစ်တမ်းကောက်ယူမှုမှာ ပါဝင်ခဲ့တဲ့ မန်ဂျက်ရှ် ရာနာက ပြောကြားခဲ့ပါတယ်။
    စစ်တမ်းကောက်ယူမှုဟာ တစ်နှစ်တာ ကြာမြင့်ခဲ့ပါတယ်။
    ဒီလိုအတွေးအခေါ်မျိုးဟာ မြေပြင် ရဲလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလားနေတယ်ဆိုတာကို
    ခိုင်ခိုင်လုံလုံ မပြောနိုင်ပေမယ့် ဒီလိုအလားအလာမျိုး ရှိတယ်လို့လည်း ရာနာက ထည့်သွင်းဆိုခဲ့ပါတယ်။
    တရားသေအတွေး
    စစ်တမ်းကောက်ယူမှုမှာ ဖြေကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တစ်ခြားပြည်နယ်တွေကနေ ၀င်ရောက်လာတဲ့ အခြေချသူတွေဟာ ရာဇ၀တ်မှု ပိုမိုကျူးလွန်နိုင်တယ်လို့
    ယူဆကြောင်း ဖြေကြားခဲ့ကြပါတယ်။
    ရဲတပ်ဖွဲ့ဝင်တွေရဲ့ အတွေးအမြင်တွေ၊ လုပ်ငန်းခွင် အခြေအနေ၊ ရရှိတဲ့ ရင်းမြစ်တွေ၊ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရာမှာ တွေ့ရှိရတဲ့ အခက်အခဲတွေ စသဖြင့် ရဲလုပ်ငန်း ကဏ္ဍစုံကို ခြုံငုံထားတဲ့ အဲဒီစစ်တမ်းကောက်ယူမှု ပုံစံဟာ အိန္ဒိယမှာ ပထမဆုံးလုပ်ဆောင်တာ ဖြစ်ပါတယ်။
    ကျား၊ မ အခြေပြု အကြမ်းဖက်မှုအဖြစ် တိုင်ကြားမှုတွေဟာ လုပ်ကြံတိုင်ကြားမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင် ၆၀ ရာခိုင်နှုန်းလောက်က ယူဆထားကြပါတယ်။ ရာဇ၀တ်မှုတွေ စစ်ဆေးရာမှာ နိုင်ငံရေးသမားတွေထံကနေလာတဲ့ ဖိအားတွေဟာ အကြီးမားဆုံး အခက်အခဲ ဖြစ်နေတယ်လို့လည်း ၃ ပုံတစ်ပုံနီးပါးက ဖြေကြားခဲ့ပါတယ်။
    ၇၂ ရာခိုင်နှုန်းက နိုင်ငံရေးသြဇာရှိတဲ့သူတွေ ပါဝင်တဲ့ အမှုတွေမှာ နိုင်ငံရေးဖိအားတွေကို ကြုံတွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ အသေးစား ရာဇ၀တ်မှုတွေကို တရားစွဲဆိုတာထက် ပြစ်ဒဏ်အငယ်တွေ ပေးတာမျိုး ပိုသဘောကျတယ်လို့ ရဲတပ်ဖွဲ့ဝင် ၃ ပုံ ၁ ပုံကျော်က ဖြေကြားခဲ့ပြီး၊ အန္တရာယ်ရှိတဲ့ ရာဇ၀တ်ကောင်းတွေကို တရားစွဲဆိုတာထက် သတ်ပစ်လိုက်တာ ပိုကောင်းတယ်လို့ ဖြေကြားသူကတော့ ၅ ပုံ ၁ ပုံ ရှိပါတယ်။
    သံသယရှိသူတွေထံကနေ စစ်ချက်ရအောင် ရိုက်နှက်တာမျိုးဟာ မှားယွင်းတဲ့ လုပ်ဆောင်မှုမျိုး မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ဝင် ၄ ပုံ ၁ ပုံက ယူဆနေကြောင်း စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။
    Ref: Aljazeera