News @ M-Media

Author: Ko Lay

  • အငြင်းပွားရေပိုင်နက်တွင် တရုတ်က ငါးအကြီးအကျယ်ခိုးဖမ်းမှု ဥပဒေအရ ဖိလစ်ပိုင်တုန့်ပြန်မည်

    အငြင်းပွားရေပိုင်နက်တွင် တရုတ်က ငါးအကြီးအကျယ်ခိုးဖမ်းမှု ဥပဒေအရ ဖိလစ်ပိုင်တုန့်ပြန်မည်

    ဧပြီ ၁၆၊ ၂၀၁၉
    M-Media

    – တောင်တရုတ်ပင်လယ်က ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတစ်ခုမှာ တရုတ်ဟာ အကြီးအကျယ် ငါးဖမ်းမှုတွေ လုပ်နေတာကြောင့် နိုင်ငံတကာဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ စဉ်စားနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဖိလစ်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတမ်းက ကီလိုမီတာ ၂၃၀ အကွာမှာရှိတဲ့ Scarborough ကျွန်းစု ပိုင်ဆိုင်မှု ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့ အငြင်းပွားနေကြတာပါ။

    တရုတ်သင်္ဘောတွေဟာ ကျွန်းစုက ငါးသိုက်ကြီးမှာ အကြီးအကျယ် ငါးဖမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဖိလစ်ပိုင် ငါးဖမ်းသမားတွေက သတင်းပေးပို့တာကြောင့် တရုတ်အစိုးရကို သံတမန်နည်းလမ်းနဲ့ ကန့်ကွက်ထားတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုရို လော့စင်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒီလိုလုပ်နေတာကို မကြာခင်ကပဲ ဖမ်းမိခဲ့တာပါ။ သံတမန်နည်းလမ်းနဲ့ သတိထောက်လွှာပေးပိုးထားပါတယ်။ ဥပဒေအရလည်း ဆောင်ရွက်သွားမှာပါ”

    ငါးဖမ်းသမားတွေ သတင်းပေးပို့မှုအတွက် မိမိတို့ရဲ့ ပင်လယ်ပြင် လုပ်ငန်းအဖွဲ့ထံကနေ သက်သေအထောက်အထား တောင်းခဲ့ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်တယ်လို့လည်း လော့စင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Scarborough ကျွန်းစုကို တရုတ်က Huangyan Dao လို့ ခေါ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလကစလို့ နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ ဖိလစ်ပိုင်က ဒီကိစ္စအတွက် နိုင်ငံတကာ ခုံသမာဓိရုံးကို တိုင်ကြားခဲ့ပါတယ်။

    တောင်တရုတ်ပင်လယ်ကို မိမိတို့သာပိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ ပြောဆိုချက်တွေဟာ ဥပဒေကြောင်းအရရော၊ သမိုင်းကြောင်းအရပါ အခြေအမြစ်မရှိဘူးလို့ နိုင်ငံတကာ ခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်မှာ ဆုံး ဖြတ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်က ကျွန်းစုတွေအတွက် တရုတ်ဟာ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့နဲ့ အငြင်းပွားနေပါတယ်။

    Ref: Aljazeera

  • ပြင်သစ်နိုင်ငံရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း မီးလောင်၊ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းနိုင်

    ပြင်သစ်နိုင်ငံရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း မီးလောင်၊ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းနိုင်

    ဧပြီ ၁၆၊ ၂၀၁၉
    M-Media

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အလွန့်အလွန်ရှေးကျတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားရောင်း Notre Dame ဟာ မနေ့က မီးအကြီးအကျယ် လောင်ခဲ့ပြီး သမ္မတ အီမန်နျူယဲလ် မာခရွန်က ဘုရားကျောင်းကြီးကို ပြန်လည် ဆောက်လုပ်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    နှစ်ပေါင်း ၈၅၀ သက်တမ်းရှိပြီး ဂေါ့သစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ အဲဒီ ကက်သလစ်ဘုရားကျောင်းကြီးဟာ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ခရီးသွားများလည်ပတ်ရာ နေရာနဲ့ နိုင်ငံရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ တနင်္လာနေ့ ညနေပိုင်းမှာ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမား ၄၀၀ လောက်က မီးကို ထိန်းနိုင်ဖို့ ၉ နာရီကြာ ကြိုးစားခဲ့ရပါတယ်။

    ဘုရားကျောင်းအတွင်း ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ရာကနေ မီးလောင်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ပြင်သစ်ရှေ့နေချုပ်က Notre Dame ဘုရားကျောင်း မီးလောင်မှုဟာ ရှို့မီး မဟုတ်ဘူးလို့ ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းခေါင်မိုး၊ ၉၃ မီတာမြင့်တဲ့ မျှော်စင်တို့ အကြီးအကျယ် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ ရှေးဟောင်းခေါင်းလောင်းအပါအ၀င် ဘုရားကျောင်းထဲက တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ဓာတ်တော်မွေတော်တို့ကို အချိန်မီ ထုတ်ယူနိုင်ခဲ့သလို၊ ဘုရားကျောင်းရဲ့ ပုံသဏ္ဍာန် ပျက်ဆီးသွားခြင်းမရှိဘူးလို့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက အတွင်းပိုင်း သစ်သားအဆောက်အဦးတွေအားလုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က အဆိုးဆုံးကို ရှောင်ရှားနိုင်ခဲ့ပေမယ့် အပြည့်အ၀ အနိုင်မရသေးကြောင်း၊ ဘုရားကျောင်းဟာ မိမိတို့ဘ၀တွေရဲ့ အသည်းနှလုံးဖြစ်ပြီး ပြန်လည်တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Louis Vuitton၊ Christian Dior နဲ့ Givenchy တို့လို ကမ္ဘာကျော် တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းစု LVMHF က Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ဖို့အတွက် ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၂၆ သန်း) လှူဒါန်းမယ်လို့ ဒီကနေ့မှာ ကတိပြုခဲ့ပါတယ်။

    Gucci နဲ့ Yves Saint Laurent တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ François Pinault မိသားစုကလည်း ဘုရားကျောင်းအတွက် ယူရို သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း) ကို ထည့်ဝင်ခဲ့ပါတယ်။

    Ref: CNN

  • အလွန်လှပသည့် ရှေးဟောင်း မံမီဂူဗိမာန်တစ်ခုကို အီဂျစ် ထုတ်ဖော်ပြသ

    အလွန်လှပသည့် ရှေးဟောင်း မံမီဂူဗိမာန်တစ်ခုကို အီဂျစ် ထုတ်ဖော်ပြသ

    ဧပြီ ၁၅၊ ၂၀၁၉
    M-Media

    – နှစ်ပေါင်း ၄ ထောင်ကျော်က မံမီရုပ်အလောင်းရှိပြီး အလွန်လှပစွာ ဆင်ယင်ချယ်သထားတဲ့ ရှေးဟောင်း ဂူဗိမာန်တစ်ခုကို အီဂျစ်နိုင်ငံက ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    အဲဒီဂူဗိမာန်ကို ကိုင်ရိုမြို့တောင်ဖက် ရှေးဟောင်းသင်္ချီုင်းမှာ ပြီးခဲ့တဲ့လက တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၀၀ ခန့်က အုပ်စိုးခဲ့တဲ့ ‘ပဉ္စမမင်းဆက်’ လက်ထက်က ‘ခူဝီ’ ဆိုတဲ့ ဂုဏ်သရေရှိ လူတစ်ယောက်ကို မြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီတွေ့ရှိမှုဟာ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင်နေရာ တူးဖော်မှုမှာ အရေးပါတဲ့ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

    အင်္ဂလိပ်အက္ခရာ L ပုံစံရှိတဲ့ ဂူဗိမာန်ရဲ့ နံရံတွေမှာ အကောင်းအတိုင်းရှိနေတဲ့ နံရံဆေးရေးပန်းချီတွေ၊ ကျောက်ထွင်းရုပ်တုတွေကို တွေ့ရပြီး သူ့ခေတ်သူ့အခါက လူ့အဖွဲ့အစည်းရဲ့ ဟန်ပန်တွေကို ပုံဖော်ထားပါတယ်။ အဖြူရောင်ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ဂူဗိမာန် ဖွင့်ပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းက သံအမတ်တွေ၊ ရှေးဟောင်းသုတသ ပညာရှင်တွေနဲ့ ဂျာနယ်လစ်တွေ တက်ရောက်ခဲ့ပါတယ်။

    အီဂျစ် ရှေးဟောင်း သုတေသနအဖွဲ့ဟာ ‘ပဉ္စမ မင်းဆက်’ လက်ထက်က ဂူတော်တော်များများကို တူးဖော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မင်းဆက်က ၈ ယောက်ဘုရင် ‘ဂျက်ကာရီ အီဆီစစ်’ ရဲ့ မိဖုရား ‘စီတီဘိုး’ အတွက် ရည်ရွယ်ကာ နှမ်းဖက်ကျောက်တောင်မှာ ထွင်းထုထားတဲ့ ကျောက်တိုင်တစ်တိုင်ကို တွေ့ရှိခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ကျဆင်းသွားတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့အတွက် အီဂျစ်ဟာ အခုနှစ်ပိုင်းအတွင်း ရှေးဟောင်းနေရာတွေကို တူးဖော်မှု ပိုမိုပြုလုပ်လာခဲ့ပါတယ်။

    Ref: Aarabiya

  • နိုင်ငံအတွင်း ၀င်လာသူများအား အလိုအလျောက်စစ်ဆေးသည့်စနစ် စင်ကာပူ စတင်စမ်းသပ်

    နိုင်ငံအတွင်း ၀င်လာသူများအား အလိုအလျောက်စစ်ဆေးသည့်စနစ် စင်ကာပူ စတင်စမ်းသပ်

    ဧပြီ ၁၅၊ ၂၀၁၉
    M-Media

    – နိုင်ငံအ၀င်အထွက်မှာ နိုင်ငံကူးလက်မှတ် ပြသစရာမလိုဘဲ မျက်နှာနဲ့ မျက်လုံးသူငယ်အိမ်ကို စကန်ဖတ်ကာ အလိုအလျောက် စစ်ဆေး ဖြတ်သန်းခွင့်ပြုတဲ့ စနစ်ကို စတင် စမ်းသပ်လိုက်တယ်လို့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ ICA က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    မလေးရှားနိုင်ငံဘက်ကအ၀င် Tuas Checkpoint မှာ ဧပြီလ ၈ ရက်နေ့စတင်ခဲ့တဲ့ အဲဒီစမ်းသပ်မှုဟာ ၆ လတာ ကြာမြင့်မှာဖြစ်ပါတယ်။

    ဒီစနစ်အတွက် သီးသန့်လိုင်းတစ်ခု သတ်မှတ်ပေးထားပြီး ခရီးသွားတွေဟာ ပုံမှန်လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံကူးလက်မှတ် ပြသတာ၊ လက်ဗွေနှိပ်တာတွေ လုပ်ဆောင်စရာ မလိုဘဲ မျက်နှာနဲ့ မျက်လုံးတို့ကို စကန်ဖတ်ကာ နိုင်ငံကူးလက်မှတ် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ စင်ကာပူနိုင်ငံသားတွေထဲက K နဲ့စတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ အသက် ၆ နှစ်နဲ့အထက်ရှိသူတွေ၊ ဇန်န၀ါရီ ၁ ရက်နေ့နောက်ပိုင်း ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေသာ ဒီစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    အသုံးပြုနိုင်သူတွေဟာ ကြိုတင်စာရင်းသွင်းစရာမလိုဘဲ Tuas Checkpoint ကိုရောက်တာနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ မြန်မြန်ဆန်ဆန် ၀င်နိုင်မှာပါ။ စနစ်ကိုအသုံးပြုသူတွေဟာ မျက်မှန်၊ ဦးထုပ်၊ ဦးခေါင်းမှာအသုံးပြုတဲ့ အခြားအသုံးအဆောင်တွေ ၀တ်ဆင်ထားလို့မရပါဘူး။

    စနစ်တိုးတက်ရေး ဆောင်ရွက်နိုင်ဖို့အတွက် အသုံးပြုနိုင်သူတွေအားလုံး အသုံးပြုပေးကြဖို့ ICA က တိုက်တွန်းထားပါတယ်။

    ICA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ စမ်းသပ်မှုရလဒ်ကို လေ့လာဆန်းစစ်ကာ အခြား စစ်ဆေးရေးဂိတ်တွေမှာ တိုးချဲ့အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref: CNA

  • ၂၀၂၂ ကမ္ဘာ့ဖလားကို ၄၈ သင်းဖြင့်ကျင်းပရေး ဖီဖာက ကူဝိတ်နှင့် ဆွေးနွေး

    ၂၀၂၂ ကမ္ဘာ့ဖလားကို ၄၈ သင်းဖြင့်ကျင်းပရေး ဖီဖာက ကူဝိတ်နှင့် ဆွေးနွေး

    ဧပြီ ၁၅၊ ၂၀၁၉
    M-Media

    ကူဝိတ်စီးတီးမြို့ရှိ ဂျာဘာရ် အလ်-အဟ်မဒ် အားကစားကွင်း

    – လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို ၃၂ သင်းကနေ ၄၈ သင်း တိုးချဲ့ကာ ကျင်းပနိုင်ရေး အိမ်ရှင်တစ်နိုင်ငံ ထပ်ရဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌက ကူဝိတ်နိုင်ငံကို မနေ့က သွားရောက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး နောက်ထပ် ၁၆ သင်း ထပ်တိုးမယ်ဆိုရင် ပင်လယ်ကွေ့နိုင်ငံတွေထဲက အနည်းဆုံး တစ်နိုင်ငံဟာ ပူးတွဲအိမ်ရှင်အဖြစ် ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုဟာ မနေ့က ကူဝိတ်ဘုရင်၊ ကူဝိတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ ကာတာကို သွားရောက်မှာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေထဲက ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ ကာတာကို သံတမန်ရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ဖီဖာရဲ့ ပြီးခဲ့တဲ့လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါ့ကြောင့် ကူဝိတ်နဲ့ အိုမန်တို့သာ ရွေးချယ်စရာအဖြစ် ကျန်ရှိပါတယ်။ ဒါပေမယ့် အိုမန်က သူ့နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်အတွက် အချိန်မီ မပြင်ဆင်နိုင်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့တာကြောင့် ဖီဖာဥက္ကဌဟာ ကူဝိတ်တစ်နိုင်ငံတည်းနဲ့သာ ညှိနှိုင်းရတာ ဖြစ်ပါတယ်။

    ဖီဖာက အင်ဖန်တီနိုရဲ့ ကူဝိတ်ခရီးစဉ်အတွင်း တိုင်းပြည်က ဘောလုံးအကြောင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပဖို့ ပြင်ဆင်ထားပြီး ၄၈ သင်းဖြစ်မယ်ဆိုရင် ပွဲပေါင်း ၈၀ ကစားရမှာ ဖြစ်ပါတယ်။

    ထပ်တိုးလာတဲ့ ၁၆ သင်းအတွက် အနည်းဆုံး ဘောလုံးကွင်း ၂ ကွင်း လိုအပ်မှာပါ။ ကူဝိတ်စီးတီးက လူ ၆ သောင်းဆန့် ဂျာဘာရ် အလ်-အဟ်မဒ် အားကစားကွင်းဟာ ကမ္ဘာ့ဖလားကို လက်ခံကစားလို့ ရပေမယ့် ဆာဘာဟ် အလ်-စလင်မ် အားကစားကွင်းကတော့ ၂၆၀၀၀ သာဆန့်ကာ အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။

    လက်ရှိ ကာတာဟာ ကမ္ဘာ့ဖလားအတွက် အားကစားကွင်း ၈ ကွင်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ အင်ဖန်တီနိုက ၄၈ သင်း တိုးချဲ့ရေးဟာ ၅၀-၅၀ အနေအထားသာ ရှိတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera