News @ M-Media

Author: Ko Lay

  • BRI စီမံကိန်းခေါင်းစဉ်အောက်က တရုတ်ရဲ့အမြတ်ထုတ်မှုကို မလေးရှား ဘယ်လိုရှောင်ခဲ့သလဲ

    BRI စီမံကိန်းခေါင်းစဉ်အောက်က တရုတ်ရဲ့အမြတ်ထုတ်မှုကို မလေးရှား ဘယ်လိုရှောင်ခဲ့သလဲ

    ဧပြီ ၁၅၊ ၂၀၁၉
    M-Media


    – တရုတ်နဲ့ ပူးတွဲလုပ်ဆောင်မယ့် ရထားလမ်းစီမံကိန်းတစ်ခုမှာ မူလသဘောတူထားတဲ့ ကုန်ကျစားရိတ်ထက် ၃ ပုံ ၁ ပုံ လျော့သွားအောင် မလေးရှားအစိုးရသစ်က ပြန်လည်ညှိနှိုင်းနိုင်မှုဟာ BRI စီမံကိန်းကို နိုင်ငံအကျိုးစီးပွား မထိခိုက်အောင် ချဉ်းကပ်လို့ရတယ်ဆိုတာ ပြသနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    မြို့တော် ကွာလာလမ်မူကနေ မြောက်ပိုင်း ထိုင်းနယ်စပ်အထိ ဆက်သွယ်မယ့် အရှေ့ကမ်းရိုးတန်း ရထားလိုင်းစီမံကိန်း ECRL ကို နာဂျစ်ရာဇတ်ဦးဆောင်တဲ့ အစိုးရဟောင်းလက်ထက်က ရင်းဂစ် ၆၅.၅ ဘီလီယံနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အာဏာရလာတဲ့ ၀န်ကြီးချုပ် မဟာသီက ဒီတန်ဖိုးဟာ ရှိသင့်တာထက် ပိုမိုမြင့်မားနေတယ်လို့ ဝေဖန်ကာ စီမံကိန်းအကောင်အထည်ဖော်နေမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် တရုတ်နဲ့ ပြန်လည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သောကြာနေ့မှာတော့ ရင်းဂစ် ၄၄ ဘီလီယံနဲ့ စီမံကိန်းကို ဆောင်ရွက်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။  ဒါဟာ မူလတန်ဖိုးထက် ၃ ပုံ ၁ ပုံကျော် (၂၃ ဘီလီယံ) လောက် လျှော့ချနိုင်ခဲ့တာဖြစ်ပြီး မလေးရှားရဲ့ နာမည်ကျော် Twin Tower ၂ ခုလောက် ဆောက်နိုင်တဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။

    နာဂျစ်အစိုးရလက်ထက်က တရုတ်နဲ့သဘောတူညီချက်မှာ ပါဝင်ခဲ့တဲ့ အတိုးနှုန်း ပမာဏကိုလည်း မဟာသီအစိုးရက လျှော့ချနိုင်ခဲ့ပြီး၊ စီမံကိန်း တိုးတက်မှုရှိမှ ကြွေးပြန်ဆပ်မယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရအောင်၊ စီမံကိန်းမှာ မလေးရှားကုမ္ပဏီတွေရဲ့ ရှယ်ယာ ပိုမိုပါဝင်နိုင်အောင် ညှိနှိုင်းနိုင်ခဲ့ပါတယ်။

    ရပ်ဆိုင်းထားတဲ့ ECRL စီမံကိန်းကို မလေးရှားက မေလမှာ ပြန်လည် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

    တရုတ်၏ အမြတ်ထုတ်မှုအပေါ် စိုးရိမ်

    မဟာသီအစိုးရဟာ အစိုးရဟောင်းလက်ထက်က တရုတ်နဲ့ စာချုပ်ချုပ်ထားတဲ့ အဓိက စီမံကိန်းတွေအားလုံးကို ပြန်လည် သုံးသပ်ဖို့ ကတိပြုထားပါတယ်။

    “စိုးရိမ်မှုတော့ ရှိနေတာပေါ့။ အခုကိစ္စက စိုးရိမ်မှုတွေအတွက် အဖြေပါပဲ။ ကျွန်တော်တို့ အတိုက်အခံဘ၀ကတည်းက စီမံကိန်း စာချုပ်ချုပ်ဆိုတဲ့ ပုံစံတွေ၊ ငွေကြေးပမာဏတွေဟာ မှန်ကန်မှုမရှိဘူးလို့ မြင်ခဲ့ရတယ်” လို့ မဟာသီက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    သမ္မတ ရှီကျင့်ဖျင့်ရဲ့Belt and Road စီမံကိန်းဟာ အာရှ၊ ဥရောပနဲ့ အာဖရိကကို ချိတ်ဆက်ကာ ကမ္ဘာတစ်ဝှမ်း ကုန်သွယ်ရေးနဲ့ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ တရုတ်က ပြောထားပါတယ်။ စီမံကိန်းဧရိယာအတွင်းမှာ ရှိနေတဲ့ နိုင်ငံတွေက အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်လို့ တရုတ်က ကတိပြုထားပေမယ့် စာချုပ်ချုပ်တဲ့အခါမှာ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွေ အသာစီးရအောင် တစ်ဖက်သတ် ချုပ်ထားတာမျိုး၊ မြင့်မားတဲ့
    အတိုးနှုန်းနဲ့ ငွေချေးတာမျိုးတွေ ရှိနေတဲ့အတွက် နိုင်ငံငယ်တွေဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ သက်ဆင်းရမှာကို စိုးရိမ်နေကြပါတယ်။

    သီရိလင်္ကာနိုင်ငံဟာ BRI စီမံကိန်းဖော်ဆောင်ဖို့ တရုတ်ထံကနေ ချေးယူထားတဲ့ငွေ ပြန်မဆပ်နိုင်တာကြောင့် ပြီးခဲ့တဲ့နှစ်မှာ Hambantota ဆိပ်ကမ်းကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားအပါအ၀င် BRI စီမံကိန်းမှာ ပါဝင်ဖို့ ရှိနေတဲ့ နိုင်ငံတွေကလည်း တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေကို ပိုပြီး သတိထားလာပါတယ်။

    ECRL စီမံကိန်းမှာ မလေးရှားက တရုတ်နဲ့ ပြန်လည်ညှိနှိုင်းသွားတာကိုကြည့်ရင် တရုတ်အနေနဲ့ နိုင်ငံရေးအန္တရာယ်တွေကို ပိုမို ဦးစားပေးသုံးသပ်ဖို့ လိုအပ်တယ်ဆိုတာ ပြသနေကြောင်း စင်ကာပူအခြေစိုက် စီးပွားရေးပညာရှင် ဆွန်ဆန်ဝွန်က ပြောကြားခဲ့ပါတယ်။

    တရုတ်ဟာ အခုလအတွင်း BIR စီမံကိန်းအတွက် ဒုတိယမြောက် ထိပ်သီးအစည်းအဝေးကို ဘေးဂျင်းမှာ ကျင်းပဖို့ ရှိနေပါတယ်။

    ECRL စီမံကိန်းဟာ နိုင်ငံရဲ့ အဓိကဆိပ်ကမ်းဖြစ်တဲ့ ကလန်းဆိပ်ကမ်း၊ မလာကာရေလက်ကြားနဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ထိုင်းနယ်စပ်က မြို့တွေကို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ကလန်းနဲ့ ကွမ်တန်မြို့တို့မှာ ဆောက်လုပ်နေတဲ့ တရုတ်ဆိပ်ကမ်းအတွက် အရေးပါတဲ့ ကုန်းလမ်းကြောင်းထွက်ပေါက်ကို ရရှိမှာ ဖြစ်ပါတယ်။

    အရင်သဘောတူညီချက်မှာ မလေးကျွန်းဆွယ်ကို အလယ်ကနေဖြတ်မယ့် တောင်ဖောက် ဥမင်လှိုင်ခေါင်းဆောက်လုပ်ဖို့ ပါဝင်ခဲ့ပေမယ့် စာချုပ်သစ်မှာတော့ တောင်ကိုရှောင်ကာ တောင်ဘက်ကို ဆက်သွားမယ့်လမ်းကိုသာ ဖောက်လုပ်ဖို့ သဘောတူခဲ့ပါတယ်။

    “ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းတွေကို အဓိကထားပြီး စာချုပ်သစ်ကို သေသေချာချာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် China signals Belt and Road shift with Malaysia rail project ဆောင်းပါးကို လေးမောင်က ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

  • အခွန်စာရင်းတင်ပြရန် သမ္မတထရမ့် နှောင့်နှေးနေမှု အမေရိကန်လွှတ်တော် သတိပေး

    အခွန်စာရင်းတင်ပြရန် သမ္မတထရမ့် နှောင့်နှေးနေမှု အမေရိကန်လွှတ်တော် သတိပေး

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စာရွက်စာတမ်းတွေကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား လွှဲပြောင်းပေးအပ်သွားဖို့ အမေရိကန် လွှတ်တ်ာအမတ်တွေက ပြည်တွင်း အခွန်ဌာနကို မနေ့မှာ တောင်းဆိုလိုက်ပြီး သမ္မတရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား ပွတ်တိုက်မှု ရှိ၊ မရှိ စစ်ဆေးမယ့်ကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အမေရိကန်လွှတ်တော်မှာ အခွန်ကိစ္စကို ကြီးကြပ်ဆောင်ရွက်တဲ့ Ways and Means ကော်မတီ ဥက္ကဌ ရစ်ချက်နီးလ်ရဲ့ စနေနေ့ကစာမှာ IRS အနေနဲ့ ထရမ့်ရဲ့ ၆ နှစ်စာ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး အခွန်စာရွက်စာတမ်းတွေကို ပေးပို့ဖို့ ပျက်ကွက်မှုအတွက် သတိပေးထားပါတယ်။ အခွန်စာရင်းတွေကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ လွှတ်တော်က တောင်းဆိုထားပေမယ့် ထရမ့်အစိုးရက ပျက်ကွက်ခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်က ဒီမိုရက်တစ်အမတ်တွေဟာ ဘီလီယံနာ စီးပွားရေးသမား သမ္မတထရမ့်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွား ပွတ်တိုက်မှု ရှိ၊ မရှိကို စစ်ဆေးနေတာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ ထရမ့်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ အခွန်စာရင်းတွေကို ပြည်သူထံ ချပြဖို့ ပျက်ကွက်ခဲ့ပြီး ဒီလိုပျက်ကွက်တဲ့ ပထမဆုံး အမေရိကန်သမ္မတလည်းဖြစ်ပါတယ်။ ဒီစာရင်းတွေကို စာရင်းစစ်တွေက စစ်ဆေးနေတဲ့အတွက် မထုတ်ပြန်နိုင်တာလို့ ထရမ့်က ပြောပါတယ်။

    ပြည်တွင်းအခွန်ဌာန IRS က သူတို့ဟာ စာရင်းကို မထုတ်ပြန်ချင်တာမဟုတ်ဘဲ Ways and Means ကော်မတီဥက္ကဌ နီးလ်က ထုတ်ပြန်ရမယ့် နောက်ဆုံးရက်ကို စိတ်ထဲရှိရာ သတ်မှတ်နေကြောင်း၊ နိုင်ငံရေးအငြင်းပွားမှုမှာ မိမိတို့ဌာန အသုံးချခံမဖြစ်အောင် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေဟောင်းတစ်ဦးဖြစ်သူ မီခေးလ် ကိုဟင်က အခွန်စာရွက်စာတမ်းတွေကို စာရင်းစစ်က စစ်နေတယ်လို့ ထရမ့်ရဲ့ ပြောကြားမှုကို မယုံကြည်ကြောင်း၊ IRS က သူ့ ၀င်ငွေထွက်ငွေကို စာရင်းစစ်မှာနဲ့ အခွန်ရှောင်မှုအတွင် ဒဏ်ရိုက်မှာကို ထရမ့်က ကြောက်ရွံ့နေတာဖြစ်ကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့ဖူးပါတယ်။

    Ref : Aljazeera

  • ဆူဒန် အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့လက်ထဲ အာဏာလွှဲပေးရန် ကတိပြု

    ဆူဒန် အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့လက်ထဲ အာဏာလွှဲပေးရန် ကတိပြု

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    – ဆူဒန်နိုင်ငံမှာ အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချပြီးနောက် တက်လာတဲ့ စစ်ကောင်စီဟာ ဒီမိုကရေစီကို လိုလားနေတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး စောစောပိုင်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။

    စစ်ကောင်စီအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ် ဖာတာဟ် အလ်-ဘူရ်ဟန်ဟာ မနေ့က ဆန္ဒပြအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလအတွင်း အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ပြည်သူလူထုကိုယ်စားပြု ၁၀ ဦးကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင် အိုမာရ် အလ်ဒီဂါက စစ်ကောင်စီကို တောင်းဆိုမှုအတွင်း အရပ်သားဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေ လွှတ်ပေးဖို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ဆူဒန်စစ်တပ်ဟာ နှစ်ပေါင်း ၃၀ အာဏာချုပ်ကိုင်လာတဲ့ သမ္မတ ဘရှီးရ်ကို ကြာသာပတေးနေ့မှာ ဖြုတ်ချခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဝဒ် အစ်ဗနေ့ အောက်ဖ် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူက စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန္ဒပြမှုအတွက် ၂၄ နာရီအတွင်းမှာဘဲ အစ်ဗနေ့ အောက်ဖ်ဟာ စစ်ကောင်စီဥက္ကဌ ရာထူးကနေ ထပ်မံနှုတ်ထွက်ကာ ပြည်သူလူထုနဲ့ အဆင်ပြေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အလ်-ဘူရ်ဟန်ကို စစ်ကောင်စီအကြီးအကဲနေရာ ခန့်အပ်ခဲ့ပါတယ်။

    အလ်-ဘူရ်ဟန်ရဲ့ ပထမဆုံး ရုပ်သံမိန့်ခွန်းမှာ သူက ဆွေးနွေးမှုအတွင်း ဆူဒန်ပြည်သူအားလုံးကို ကိုယ်စားပြုသူတွေ၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်အောင် ဆောက်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အချိန်အထိ ၂ နှစ်တာ အသွင်ကူးပြောင်းရေးကာလမှာ စစ်ကောင်စီက တိုင်းပြည်ကို အုပ်ချုပ်မှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် အောက်ဖ်လက်ထက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို သူက ရုပ်သိမ်းပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

    ဆူဒန်ပြည်သူတွေဟာ အာဏာရှင် ဘရှီးရ် ပြုတ်ကျရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ဆန္ဒပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပိုမိုအရှိန်မြင့်လာကာ စစ်တပ်က ၀င်ရောက်ထိန်းသိမ်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

     

  • ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    – ဂြိုဟ်တုတွေကို မြေပြင်ကထက် ဝေဟင်ကနေ လွှတ်တင်နိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို မနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Roc လို့ အမည်ပေးထားတဲ့ အဲဒီ ဧရာမ လေယာဉ်ပျံကြီးဟာ ကိုယ်ထည်နှစ်ခုပါဝင်ပြီး တောင်ပံနှစ်ဖက် အကွာအဝေးက အမေရိကန်ဘောလုံးအားကစားနည်း ကစားတဲ့ ကွင်းလောက် ရှိပါတယ်။ အင်ဂျင် ၆ လုံး တပ်ဆင်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ် မိုဂျာဗီ သဲကန္တရာကနေ စမ်းသပ်ပျံတက်ခဲ့တာ ဖြစ်ပါတယ်။

    လေပေါ်မှာ နှစ်နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီလေယာဉ်ပျံဟာ အမြင့် ၅၁၈၂ မီတာအထိ ရောက်ခဲ့ပြီး အမြင့်ဆုံးမြန်နှုန်းဖြစ်တဲ့ တစ်နာရီကို ၃၀၄ ကီလိုမီတာနဲ့ မောင်းနှင်ခဲ့ပါတယ်။ မိုဂျာဗီလေကြောင်းနဲ့ အာကာသစခန်းမှာ ပြန်လည်ဆင်းသက်ခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေက စောင့်ကြို သြဘာပေးခဲ့ပါတယ်။

    လေယာဉ်ကို တည်ဆောက်ခဲ့တဲ့ Stratolaunch လုပ်ငန်းကို မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ပေါလ်အလန်က ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပေါလ်အလန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဂြိုဟ်တုတွေကို မြေပြင်က လွှတ်တင်တာထက် ဝေဟင်ကနေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လွှတ်တင်နိုင်ဖို့ ရည်ရွယ်ကာ ဒီလေယာဉ်ကို တည်ဆောက်ခဲ့တာပါ။

    ဒီလေယာဉ်ကြောင့် ဂြိုဟ်တုတွေ လွှတ်တင်တဲ့အခါမှာ ဒုံးပျံ အသုံးပြုစရာမလိုတော့သလို ရာသီဥတုကောင်းအောင်လည်း စောင့်စရာမလိုတော့ဘဲ တိမ်တွေအပေါ် ရာသီဥတု ကောင်းတဲ့နေရာအထိ တက်နိုင်မှာ ဖြစ်ပါတယ်။ အမှန်တကယ် အသုံးပြုတဲ့အချိန်ကျရင် စမ်းသပ်ပျံသန်းတဲ့ အမြင့်ထက် နှစ်ဆ ၁၀၉၇၀ မီတာအထိ တက်နိုင်မှာပါ။ ဘယ်ဖက်ကိုယ်ထည်က လေယာဉ်ပျံသန်းမှု အချက်အလက် သိမ်းဆည်းရာနေရာဖြစ်ပြီး ညာဖက်ကိုယ်ထယ်မှာ ၀န်တင်နိုင်မှာ ဖြစ်ပါတယ်။ Roc ဟာ ၀န်တန်ချိန် ၂၅၀ တန်လောက် သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

     

    Ref: Aljazeera

  • အစွန်းရောက်ဝါဒကို မိမိတို့ကိုယ်တိုင် တားဆီးရမည်ဟု ကမ္ဘာ့မွတ်စလင်လိဂ် အကြီးအကဲ ပြော

    အစွန်းရောက်ဝါဒကို မိမိတို့ကိုယ်တိုင် တားဆီးရမည်ဟု ကမ္ဘာ့မွတ်စလင်လိဂ် အကြီးအကဲ ပြော

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    MWL အကြီးအကဲ အလ်-အီဆာ

    – အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်းက အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုကို မွတ်စလင်တွေက သတိထား ကာကွယ်သွားရမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကသာ တည်ငြိမ်းအေးချမ်းမှု၊ သာယာဝပြောမှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ကမ္ဘာ့မွတ်စလင်လိဂ် (MWL) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

    MWL ဥက္ကဌ မိုဟာမက် ဘင် အဘ်ဒူလ်ကရင် အလ်-အီဆာဟာ ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။ သောကြာနေ့က ကာဇန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဂျာမေဗလီကြီးမှာ ဟောကြားခဲ့တဲ့ တရားဒေသနာမှာ အီဆာက စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တွေဆိုတာ စည်းလုံးညီညွတ်ရေးကို လုပ်ဆောင်သူ၊ တရားဥပဒေကို လိုက်နာသူ၊ ဘာသာလူမျိုး မခွဲခြားဘဲ လူတိုင်းနဲ့ သဟဇာဖြစ်အောင် နေထိုင်သူ ဖြစ်ယ်လို့ ပြောကြားခဲ့ပါတယ်။

    သမိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အတေးအမှတ်မထားဖို့ အလ်-အီဆာက တိုက်တွန်းခဲ့သလို အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုကို မွတ်စလင်တွေက သတိထား ကာကွယ်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်မှုကသာ တည်ငြိမ်အေးချမ်းမှုနဲ့ သာယာဝပြောမှုကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြည်သူလူထုအားလုံး အကျိုးရှိဖို့အတွက် အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့ အလ်-အီဆာက ဒေသနာမှာ မှာကြားခဲ့ပါတယ်။

    လူတွေ အသိပညာနည်းနေရင် အစွန်းရောက်ဝါဒက အလွယ်တကူ အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း MWL အကြီးအကဲက ထောက်ပြခဲ့ပြီး မွတ်စလင်တွေအနေနဲ့ ပဋိပက္ခတွေမှာ မပါဝင်ဖို့၊ အသိပညာ၊ အတတ်ပညာတွေကိုသင်ယူဖို့၊ သမိုင်းကနေ သင်ခန်းစာယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Arab News