News @ M-Media

Author: Ko Lay

  • ကလေးများသေဆုံးမှုကြောင့် အမေရိကန်တွင် ကလေးပုခက်တစ်မျိုးကို ဈေးကွက်မှ ပြန်သိမ်းမည်

    ကလေးများသေဆုံးမှုကြောင့် အမေရိကန်တွင် ကလေးပုခက်တစ်မျိုးကို ဈေးကွက်မှ ပြန်သိမ်းမည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – နာမည်ကြီး ကလေးကစားစရာ ကုမ္ပဏီ Fisher-Price က ထုတ်လုပ်တဲ့ Rock ‘n Play ကလေးပုခက်တွေမှာ ၁၀ နှစ်အတွင်း အနည်းဆုံး လသားကလေးငယ် ၃၀ လောက် သေဆုံးတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုမ္ပဏီက ဒီပုခက်တွေကို ဈေးကွက်ကနေ ပြန်သိမ်းတော့မှာ ဖြစ်ပါတယ်။

    ပုခက်တွေကို ပြန်သိမ်းဖို့ အမေရိကန် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မရှင် (CPSC) က သောကြာနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။

    ၂၀၀၉ ခုနှစ်ကနေစပြီး ဒီပုခက်ထဲမှာ သေဆုံးတဲ့ ရင်ခွင်ပိုက် ကလေးငယ်ပေါင်း အနည်းဆုံး ၃၀ လောက် ရှိတယ်လို့ CPSC ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Rock’n Play ပုခက်တွေမှာ အိပ်ရင်း ခါးပတ်မပတ်ထားတဲ့ ကလေးငယ်တွေဟာ မှောက်ရက်အနေအထား၊ ဘေးစောင်းအနေအထားနဲ့ သေဆုံးမှု ၁၀ ခုလောက်ကို သူတို့ သိရှိခဲ့တယ်လို့လည်း CPSC က ဆိုပါတယ်။

    Fissher-Price ပိုင်ရှင် မက်တဲလ်က ပုခက်တွေကို လိုလိုလားလား ပြန်သိမ်းတာဖြစ်တယ်လို့ အတည်ပြုခဲ့ပေမယ့် ဒီပုခက်တွေက အန္တရာယ်မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၀ယ်ယူသူတွေအနေနဲ့ ဒီပုခက်တွေကို မသုံးဖို့လည်း Fisher-Price က သတိပေးထားပါတယ်။

    Fisher-Price ဟာ ဆိုင်တွေက ဒီပုခက်ပေါင်း ၄.၇ သန်းလောက် ပြန်သိမ်းရဖို့ရှိနေပြီး၊ ၀ယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းမှာ ဖြစ်ပါတယ်။

    အမေရိကန် ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ AAP က ဒီပုခက်တွေကို မရဏပုခက်တွေလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပြီး ဒီပုခက်ကြောင့် သေဆုံးခဲ့တဲ့ ရင်ခွင်ပိုက်ကလေးငယ် အရေအတွက်ဟာ ၃၂ ဦး ရှိတယ်လို့ အမေရိကန်မဂ္ဂဇင်း Consumer Reports ရဲ့ ဖော်ပြမှုကို ကိုးကား ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • ဇက်ကာဘာ့ဂ်လုံခြုံရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း Facebook က ဒေါ်လာ ၂၂.၆ သန်း အသုံးပြု

    ဇက်ကာဘာ့ဂ်လုံခြုံရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း Facebook က ဒေါ်လာ ၂၂.၆ သန်း အသုံးပြု

    ဧပြီ ၁၃၊ ၂၀၁၉
    M-Media

    – ၂၀၁၈ ခုနှစ်အတွင်း စီအီးအို မာ့ခ် ဇက်ကာဘာ့ဂ်ရဲ့ လုံခြုံရေးအတွက် Facebook ဟာ ကန်ဒေါ်လာ ၂၂.၆ သန်း အသုံးပြုခဲ့တယ်လို့ မနေ့ထုတ်ပြန်တဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

    ဇက်ကာဘာ့ဂ်ဟာ လစာအားဖြင့် ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ တစ်နှစ် တစ်ဒေါ်လာသာ ယူပေမယ့် ကုမ္ပဏီက သူ့အတွက် အသုံးပြုတဲ့ စားရိတ်ဟာ ဒေါ်လာ ၂၂.၆ သန်းရှိပြီး အများစုက သူ့ရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း ဇက်ကာဘာ့ဂ်နဲ့ မိသားစု လုံခြုံရေးအတွက် ဒေါ်လာ သန်း ၂၀ နီးပါး အသုံးပြုခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာ ၉ သန်းသာ အသုံးပြုခဲ့တာပါ။ လေယာဉ် စင်းလုံးငှားဖို့အတွက် ဇက်ကာဘာ့ဂ်ဟာ ဒေါ်လာ ၂.၆ သန်း ရခဲ့ပြီး Facebook ကတော့ ဒါဟာ လုံခြုံရေးအသုံးစားရိတ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံရေး အကြံပေးတဲ့ Cambridge Analytica အဖွဲ့ဟာ Facebook ထံကနေ ပုဂ္ဂိုလ်ရေးအချက်အလက်ပေါင်း သန်းနဲ့ချီ ရယူခဲ့တယ်ဆိုတဲ့ ကိစ္စတွေ၊ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားဟာ Facebook ကို အသုံးပြုပြီး ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် Facebook ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဝေဖန်မှုတွေကို ခံစားခဲ့ရပါတယ်။

    Facebook ရဲ့ လုပ်ငန်းဆိုင်ရာအကြီးအကဲ ရှီရဲလ် ဆန်းဘာ့ဂ်ကတော့ ၂၀၁၈ ခုနှစ်မှာ လုံခြုံရေးအတွက် ကန်ဒေါ်လာ ၂၃.၇ သန်း အသုံးပြုခဲ့ပါတယ်။

    Ref : Retuers

  • ပြည်သူမကြိုက်သည့်အတွက် ဆူဒန် စစ်အာဏာသိမ်းခေါင်းဆောင် ၂၄ နာရီအတွင်း နှုတ်ထွက်

    ပြည်သူမကြိုက်သည့်အတွက် ဆူဒန် စစ်အာဏာသိမ်းခေါင်းဆောင် ၂၄ နာရီအတွင်း နှုတ်ထွက်

    ဧပြီ ၁၃၊ ၂၀၁၉
    M-Media

    – ဆူဒန်အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချပြီး စစ်ကောင်စီ အကြီးအကဲအဖြစ် တက်လာတဲ့ စစ်ခေါင်းဆောင် အောင်ဝဒ် အစ်ဗနေ့ အောက်ဖ်ဟာ ၂၄ နာရီအတွင်းမှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီး တိုင်းပြည်အကျိုးအတွက် ဒီလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆူဒန်ပြည်သူတွေဟာ ဘရှီးရှ်နှုတ်ထွက်ပေးရေး ၅ လနီးပါးကြာ ဆန္ဒပြခဲ့ပြီးတဲ့နောက်ပိုင်း ကြာသာပတေးနေ့မှာ အောက်ဖ်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းကာ ဘရှီးရ်ကို ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းကာ ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ပြီး တိုင်းပြည်ကို စစ်ကောင်စီက အုပ်ချုပ်သွားမယ်လို့ အောက်ဖ်က ရုပ်သံကနေ တိုင်းပြည်ကို ပြောကြားခဲ့ပါတယ်။

    ပြည်သူတွေက အောက်ဖ်ဦးဆောင်တဲ့ စစ်ကောင်စီကို ဆက်လက်ဆန္ဒပြနေကြတာကြောင့် ၂၄ နာရီမပြည့်ခင်မှာပဲ အောက်ဖ်ဟာ စစ်ကောင်စီ အကြီးအကဲအဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ်။

    “စစ်ကောင်စီ အကြီးအကဲဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေငြာလိုပါတယ်။ ဒါဟာ တိုင်းပြည်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ကျိုးထက် တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်တာပါ။ ခင်ဗျားတို့အားလုံး ပူးပေါင်းဆောင်ရွက်ပြီး အဖြေတစ်ခုကို လျင်လျင်မြန်မြန်နဲ့ ရှာဖွေဖို့ အကြံပြုလိုပါတယ်”

    စစ်ကောင်စီ အကြီးအကဲနေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ကို အောက်ဖ်က ခန့်အပ်ခဲ့ပြီး ဘူရ်ဟန်ဟာ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းကြောင်းနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း၊ စစ်တပ်အတွင်း ညီညွတ်ရေးအတွက် အခုလို နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘူရ်ဟန်ဟာ စစ်ဦးစီး အရာရှိချုပ်နဲ့ ကြည်းတပ် အကြီးအကဲအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘရှီးရ်ရဲ့ တာဝန်ပေးခြင်းကို ခံခဲ့ရသူပါ။ ဒါပေမယ့် ဘရှီးရ်အစိုးရနဲ့ ဆူဒန်စစ်တပ်မှာ အစွန်းအထင်း အကင်းဆုံးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဆန္ဒပြပြည်သူတွေနဲ့ ဆက်ဆံရေး အဆင်ပြေဆုံးသူလည်း ဖြစ်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုအတွင်း ဘရှီးရ်၊ အောက်ဖ်တို့အပါအ၀င် ဆူဒန်အစိုးရနဲ့ စစ်တပ်က တာဝန်ရှိသူတွေဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • တရုတ်နှင့်လုပ်မည့် စီမံကိန်းတစ်ခုတွင် ရင်းဂစ် ၂ ဘီလီယံကျော်သက်သာအောင် မလေးရှားဆောင်ရွက်နိုင်

    တရုတ်နှင့်လုပ်မည့် စီမံကိန်းတစ်ခုတွင် ရင်းဂစ် ၂ ဘီလီယံကျော်သက်သာအောင် မလေးရှားဆောင်ရွက်နိုင်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – အရှေ့ကမ်းရိုးတန်း ရထားလိုင်းစီမံကိန်း ECRL အတွက် တရုတ်နဲ့ မူလသဘောတူထားတဲ့ တန်ဖိုးထက် ၃၂ ရာခိုင်နှုန်းလောက် လျှော့ချကာ စာချုပ်ပြန်ချုပ်နိုင်ခဲ့တယ်လို့ မလေးရှားက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလုက်ပါတယ်။

    မလေးရှားရဲ့ Malaysia Rail Link Sdn Bhd ကုမ္ပဏီနဲ့ တရုတ်ရဲ့ China Communications Construction ကုမ္ပဏီတို့ဟာ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ECRL စီမံကိန်းကို မလေးရှားရင်းဂစ် ၄၄ ဘီလီယံနဲ့ ဆောင်ရွက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

    စီမံကိန်းကို မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် လက်ထက်မှာ ရင်းဂစ် ၆၆ ဘီလီယံနဲ့ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်သစ် မဟာသီက တန်ဖိုးဟာ လိုအပ်တာထက် ပိုမို များပြားနေတယ်လို့ ပြောကြားကာ စာချုပ်ကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။

    “ECRL စီမံကိန်း အဆင့် ၁နဲ့ ၂ ကို ရင်းဂစ် ၄၄ ဘီလီယံ အကုန်အကျခံ ဆောက်လုပ်သွားမယ်လို့ ကြေငြာလိုပါတယ်။ ဒါဟာ မူလတန်ဖိုး ၆၅.၅ ဘီလီယံကနေ ၂၁.၅ ဘီလီယံ သက်သာသွားတာ ဖြစ်ပါတယ်။ ဒီလို သက်သာသွားတာဟာ မလေးရှားအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေး ၀န်ထုတ်ဝန်ပိုးကိုလည်း လျှော့ကျစေမှာ ဖြစ်ပါတယ်” လို့ မလေးရှား ၀န်ကြီးချုပ်ရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို လာမယ့် တနင်္လာနေ့မှာ ၀န်ကြီးချုပ် မဟာသီကိုယ်တိုင် သတင်းစာရှင်းလင်းဖို့ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း တွန်ဒါအင် ဇိုင်နွတ်ဒင်က သက်သာသွားတဲ့ ငွေကြေးပမာဏဟာ နာမည်ကျော် Petronas Twin Towers နှစ်ခုလောက် ဆောက်လုပ်လို့ရတဲ့ ငွေကြေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စုစုပေါင်း ၆၈၈ ကီလိုမီတာအရှည်ရှိမယ့် ဒီရထားလမ်စီမံကိန်း ပထမအဆင့်မှာ ကလန်းဗယ်လီကနေ ကွမ်တန်မြို့အထိ ဖောက်လုပ်မှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ ကွမ်တန်ကနေ ကွာလာ တရန်ဂါနူအထိ ဖောက်လုပ်မှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ ကွာလာ တရန်ဂါနူကနေက ကိုတာဘရူးအထိ ဖောက်လုပ်မှာ ဖြစ်ပါတယ်။

    Ref: The Star

  • ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အီရတ်ပြည် ၃ သောင်းကျော်လောက် ပြည်တော်ပြန်ဖို့ အီရတ်အစိုးရနဲ့ သဘောတူညီချက်ရပြီလို့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်နိုင်ငံမြောက်ပိုင်းက နိုက်နီဗာဟ်နဲ့ ဆာလာဟက်ဒင် ပြည်နယ်တွေမှာ IS အကြမ်းဖက်အဖွဲ့ ကြီးစိုးချိန် အီရတ်ပြည်သူတော်တော်များများဟာ ဆီးရီးယားဖက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ်ဒေသကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့ တာဝန်ရှိသူ မဟ်မူးဒ်ကီရိုက အီရတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသကို လာရောက်ကြည့်ရှုကာ အီရတ်ပြည်သူ ၃၁၀၀၀ ပြည်တော်ပြန်ရေး သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လက်ရှိအချိန်မှာ လူ ၄ ထောင်လောက် စာရင်းပေးပြီးပါပြီ။ အီရတ်အစိုးရက နယ်စပ်ဖွင့်တဲ့အချိန်ကို စောင့်နေတာပါ”

    ဆီးရီးယားမှာမွေးပြီး အီရတ်နိုင်ငံက ထုတ်ပေးတဲ့ အထောက်အထား မရှိသူတွေအတွက် အဖြေတစ်ခုရှာဖို့ အီရတ်အစိုးရကို တောင်းဆိုထားတယ်လို့လည်း ကီရိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ ပြည်တော်ပြန်မယ့်သူတွေထဲမှာ SDF ထံ လက်နက်ချတဲ့၊ ဒါမှမဟုတ် ထွက်ပြေးရင်း အဖမ်းခံရတဲ့ IS အကြမ်းဖက်သမားတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် IS အဖွဲ့ဝင်တွေအပါအ၀င် အီရတ်နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အီရတ်အစိုးရကို ပြောဆိုထားတယ်လို့ ကီရိုက ဆိုပါတယ်။

    အီရတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆီးရီးယားမှာ ခိုလှုံနေတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ပြန်တော်ပြန်လာတဲ့သူတွေကို နိုင်ငံအနောက်မြောက်ပိုင်း ဆင်ဂျာဒေသမှာ ယာယီနေရာပေးထားဖို့ အီရတ်အစိုးရက စီစဉ်ထားပါတယ်။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားကတော့ ပြီးခဲ့တဲ့လမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Arab News