News @ M-Media
Author: Ko Lay
  • ၃ နှစ်အတွင်း စီးပွားရေးတွင် အာရှကျား ပြန်ဖြစ်မည်ဟု မလေးရှား ဘဏ္ဍာရေးဝန်ကြီး ပြော
    ၃ နှစ်အတွင်း စီးပွားရေးတွင် အာရှကျား ပြန်ဖြစ်မည်ဟု မလေးရှား ဘဏ္ဍာရေးဝန်ကြီး ပြော
    မတ် ၁၉၊ ၂၀၁၉
    M-Media
    မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်
    – အစိုးရသစ်လက်ထက်မှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာမြင့်တက်လာတာကြောင့် မလေးရှားဟာ သုံးနှစ်အတွင်း စီးပွားရေးမှာ အာရှရဲ့ကျားတစ်ကောင် ပြန်ဖြစ်လာမယ်လို့ မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ရင်းဂစ် ၅၄.၄ ဘီလီဖိုးသာ ရှိပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၈၀.၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်နေတယ်ဆိုတာကို ပြသနေတယ်လို့လည်း လင်က ဆိုပါတယ်။
    မလေးရှားဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်လက်ထက်မှာ စီးပွားရေးကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး နိုင်ငံပိုင်လုပ်ငန်း 1MDB ကနေလည်း ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ နာဂျစ်တို့ပါတီဟာ မဟာသီဦးဆောင်တဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။
    ဒီကနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ Invest Malaysia 2019 ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က နိုင်ငံအတွင်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုတွေဟာ သိသိသသာ မြင့်တက်လာခဲ့ပြီး ပြည်တွင်း လုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    “တစ်ချို့ ခန့်မှန်းပြောဆိုမှုတွေရှိပေမယ့် ၂၀၁၈ ခုနှစ် အချက်အလက်တွေက အပြုသဘောဆောင်တယ်။ မလေးရှားစီးပွားရေးဟာ ဆက်လက် တိုးတက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စက်မှုထုတ်ကုန်အညွှန်းကိန်းက ဇန်န၀ါရီလမှာ ၃.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး Bloomberg က ခန့်မှန်းထားတဲ့ ၂.၃ ရာခိုင်နှုန်းထက် သိသိသာကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်”
    စီးပွားရေးမှာ အာရှကျားတစ်ကောင်ဆိုတဲ့ အရင်ကဘွဲ့ကို မလေးရှားက လာမယ့် ၃ နှစ်အတွင်း ပြန်ရလိမ့်မယ်လို့လည်း လင်ဂွန်အန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး
    နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး
    မတ် ၁၈၊ ၂၀၁၉
    M-Media
    သံသယရှိသူ ဂေါ့က်မန် တာနစ်
    – နယ်သာလန်နိုင်ငံ အူထရက်ခ်ျမြို့က ဓာတ်ရထားတစ်စီးမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အာဏာပိုင်တွေက သံသယရှိသူ တူရကီနိုင်ငံသားကို လိုက်လံရှာဖွေနေပါတယ်။
    ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူဟာ ၉ ဦး ရှိနေပါတယ်။ နယ်သာလန်ရဲတပ်ဖွဲ့က သေနတ်သမားဟာ အသက် ၃၇ နှစ်အရွယ် တူရကီနိုင်ငံသား ဂေါ့က်မန် တာနစ်ဆိုသူဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ပြောကြားခဲ့ပါတယ်။
    သေနတ်သမားဟာ ထွက်ပြေးနေကာ ပြည်သူတွေအနေနဲ့ သတိရှိဖို့၊ သေနတ်သမားကိုတွေ့တဲ့အခါ ရင်ဆိုင်ခြင်းမပြုဘဲ ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး လုံခြုံရေးကင်မရာကနေ ရယူထားတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။
    သေနတ်သံတွေကို အခင်းဖြစ်ပွားရာတစ်ဝိုက် နေရာတော်တော်များများမှာ ကြားရတယ်လို့ သတင်းတွေရှိပေမယ့် သီးခြားအတည်ပြုချက်မရသေးဘူးလို့ နယ်သာလန် အကြမ်းဖက်နှိမ်နှင်းရေး ညှိနှိုင်းရေးမှူး ပီတာ ဂျက် အလ်ဘာစ်ဘာ့ဂ်က ပြောပါတယ်။
    ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ကို တပ်လှန့်ထားသလို၊ လေဆိပ်၊ ရထားဘူတာတွေ၊ အဓိကလမ်းမတွေကို စစ်တပ်တွေ စေလွှတ်ထားပါတယ်။ ပြည်သူတွေအနေနဲ့ အိမ်ထဲမှာနေကြဖို့လည်း အစိုးရက တိုက်တွန်းထားပါတယ်။
    Ref: BBC, RT
  • အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ
    အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ
    မတ် ၁၈၊ ၂၀၁၉
    M-Media
    – ဆော်ဒီအိမ်ရှေ့မင်သား မိုဟာမက် ဘင် ဆလ်မန်ဟာ သူနဲ့ သဘောထားမတူသူတွေကို နှိပ်ကွပ်ရေး လျှို့ဝှက်အဖွဲ့တစ်ခု ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြပါတယ်။
    ဒီကိစ္စကို သိရှိနေတဲ့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဒီလို ဖော်ပြခဲ့တာပါ။ ဘင် ဆလ်မန်ရဲ့ အဲဒီလှုပ်ရှားမှုမှာ သူနဲ့ သဘောထားမတူသူတွေ၊ အတိုက်အခံတွေကို စောင့်ကြည့်၊ ပြန်ပေးဆွဲ၊ ထိန်းသိမ်း၊ နှိပ်စက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက ဒီဆောင်ရွက်ချက်ကို Saudi Rapid Intervention Group လို့ အမည်ပေးထားပါတယ်။
    နိုင်ငံရပ်ခြားမှာအခြေစိုက်သူတွေအပါအ၀င် အတိုက်အခံတွေကို နောက်ယောက်ခံတဲ့ ဆောင်ရွက်ချက်ဟာ ဆော်ဒီမှာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် ဘင် ဆလ်မန် အိမ်ရှေ့မင်းသားဖြစ်လာပြီးတဲ့နောက် ဒီကိစ္စကို အရှိန်မြှင့် ဆောင်ရွက်လာခဲ့ပါတယ်။
    မင်းသားရဲ့ နှိပ်ကွပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစ္စတန်ဘူလ် ဆော်ဒီသံရုံးမှာ ဝေဖန်ရေးဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီကို သတ်ဖြတ်မှုအပါအ၀င် လျှို့ဝှက်စစ်ဆင်ရေးအချို့ကို ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေ၊ ကျူးလွန်ခံရတဲ့ ဆော်ဒီနိုင်ငံသားတွေနဲ့ ပတ်သက်သူတွေကို ကိုးကားပြီး နယူးယောက် တိုင်းမ်းစ်က ဖော်ပြထားပါတယ်။
    Rapid Intervention Group ကို ဘင် ဆလ်မန်က အမိန့်ပေးပြီး နန်းတော်က တာဝန်ရှိသူ ဆာအွဒ် အလ်-ကာတာနီက ကြီးကြပ်တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံချက်မှာ ဘင် ဆလ်မန်ဟာ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်အထိ ပါဝင်လဲဆိုတာကို တိတိကျကျ မဖော်ပြထားပေမယ့် လုပ်ငန်းတွေကို အလ်-ကာတာနီကနေတစ်ဆင့် ကြီးကြပ်တယ်လို့ ဆိုပါတယ်။
    ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စကြောင့် အလ်-ကာတာနီဟာ ရာထူးက ထုတ်ပယ်ခံလိုက်ရပေမယ့် ဒီအမှုအတွက် ဆော်ဒီအစိုးရက တရားစွဲထားတဲ့ လူ ၁၁ ဦးထဲမှာ သူ ပါလား၊ မပါဘူးလားဆိုတာကို အာဏာပိုင်တွေက တိတိကျကျ ထုတ်ဖော်ပြာဆိုခြင်း မရှိပါဘူး။
    ဘင် ဆလ်မန်ရဲ့ Rapid Intervention Group ဟာ နိုင်ငံအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်မှုမှာ ပါဝင်တယ်လို့လည်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။
    နယူးယောက်တိုင်မ်းစ်ရဲ့ ဒီဖော်ပြချက်ကို ဆော်ဒီအာဏာပိုငတွေက မှတ်ချက်ပေးတာမျိုး မရှိပါဘူး။
    Ref: Aljazeera
  • ပြီးခဲ့သည့်နှစ် ဂါဇာတွင် အစ္စရေးစစ်သားများ၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု ကုလပြော
    ပြီးခဲ့သည့်နှစ် ဂါဇာတွင် အစ္စရေးစစ်သားများ၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု ကုလပြော
    မတ် ၁၈၊ ၂၀၁၉
    M-Media
    ပါလက်စတိုင်းအရပ်သားတစ်ဦးအား အစ္စရေးစစ်သားများက ဖမ်းဆီးမှု
    – ပြီးခဲ့တဲ့နှစ်အတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို ပြည်ပက၀င်လာတဲ့ဂျူးတွေက ကျူးကျော်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက Great March of Return ခေါင်းစဉ်နဲ့ အပတ်စဉ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
    ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပါလက်စတိုင်းပြည်သူ ၁၈၉ ဦး သေဆုံးကာ ၆၀၀၀ ကျော် ဒဏ်ရာရရခဲ့ပါတယ်။
    ကုလရဲ့ ‘လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်’ ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အစ္စရေးစစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ ကျည်အစစ်တွေ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    “အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့ပါတယ်။ အဲဒီချိုးဖောက်မှုတစ်ချို့ဟာ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဖြစ်ပြီး အစ္စရေးအစိုးရက ချက်ခြင်း စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်” လို့ ကော်မရှင်အကြီးအကဲ ကာရီ ဘက်တီ မူရွန်ဂီက ပြောကြားခဲ့ပါတယ်။
    စာမျက်နှာ ၂၅၂ မျက်နှာရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က လက်ဖြောင့်တပ်သားတွေနဲ့ သတ်ဖြတ်မှုကို အသေးစိတ် စုံစမ်းဖော်ထုတ်ထားပါတယ်။
    “အသက်အန္တရာယ် ခြိမ်းခြောက်မှုမရှိတဲ့သူတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တာ၊ ဒဏ်ရာရအောင်လုပ်တာ၊ ဂျာနယ်လစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးငယ်တွေအပါအ၀င် ဆန္ဒပြသူတွေရဲ့ ၀န်းကျင်မှာရှိသူတွေကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်တာတွေအတွက် ဘာဆင်ခြေမှ ပေးလို့မရဘူးဆိုတာ ကော်မရှင်က တွေ့ရှိခဲ့ပါတယ်” လို့ ကော်မရှင်အကြီးအကဲတစ်ဦးဖြစ်သူ ကန်တွန်က ပြောကြားခဲ့ပါတယ်။
    ဒီအစီရင်ခံစာကို ဂျီနီဗာမှာပြုလုပ်တဲ့ ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။ ကန်တွန်က လုံခြုံးရေးတပ်ဖွဲ့တွေနဲ့ အစ္စရေးအရပ်သားတွေအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ မပါတဲ့သူတွေကို အစ္စရေးစစ်သားတွေက သတ်ပစ်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်တာတွေ ရှိခဲ့တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အစ္စရေးအစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာခြင်း ရှိ၊ မရှိ၊ နိုင်ငံတကာ ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိတို့ကို သုံးသပ်စစ်ဆေးဖို့လည်း ကုလရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
    Ref: Aljazeera
  • သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် အတည်ပြု
    သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် အတည်ပြု
    မတ် ၁၈၊ ၂၀၁၉
    M-Media
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်
    – ပြီးခဲ့တဲ့သောကြာနေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး နောက်ထပ်မဖြစ်စေရေး သေနတ်ကိုင်ဆောင်မှုဥပဒေကို တင်းကြပ်သွားဖို့အတွက် အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခဲ့တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ် ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့ကို လူဖြူအစွန်းရောက် ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တားရန့်ဟာ တရားဝင်သေနတ်ကိုင်ဆောင်ထားသူဖြစ်ပြီး အကြမ်းဖက်မှုမှာ သုံးသွားတဲ့ သေနတ်တွေဟာ သာမန်လူတွေ ကိုင်ဆောင်ဖို့ သတ်မှတ်ထားတဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
    ဒီအကြမ်းဖက်မှုနောက်ပိုင်း နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ဆော်သြမှုတွေ ရှိလာခဲ့ပါတယ်။
    ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    သေနတ်သမား တားရန့်ဟာ သြစတေးလျနိုင်ငံသားဖြစ်ပေမယ့် နိုင်ငံအတွင်း လူဖြူအစွန်းရောက်ဝါဒ ပြဿနာကို လစ်လျူရှုထားလို့ မရဘူးလို့လည်း ဂျာစင်ဒါအာရ်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    သာမန်သေနတ်များကို အဆင့်မြှင့်တင်
    ခရိုက်ချက်က လက်နက်ဆိုင်တစ်ခုဖြစ်တဲ့ Gun City က သူတို့ဟာ တားရန့်ကို သေနတ်လေးလက်နဲ့  လက်နက်ခဲယမ်းတွေ ရောင်းချခဲ့ပြီး၊ တားရန့်ရဲ့ အွန်လိုင်းက သေနတ်အမှာစာကို ရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုခဲ့တာလို့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    နယူးဇီလန်ဝန်ကြီးချုပ် အာရ်ဒန်က တားရန့်ဟာ အကြမ်းဖက်တိုက်ခိုက်ရာမှာ သေနတ် ၅ လက်ကို အသုံးပြုခဲ့ပြီး အဲဒီအထဲက ၂ လက်ဟာ သာမန်လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်နဲ့ ၀ယ်ကိုင်လို့ရတဲ့ ဆီမီးအော်တို လက်နက်တွေဖြစ်ကာ၊ တားရန့်က အဆင့်မြှင့်တင်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Gun City က ၀ယ်လာတဲ့ သေနတ်တွေကို တိုက်ခိုက်မှုမှာ တားရန့်က အသုံးပြုခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တားရန့်ဟာ လက်ရှိမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
    Ref: Aljazeera