မတ် ၁၈၊ ၂၀၁၉
M-Media

– ပြီးခဲ့တဲ့နှစ်အတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို ပြည်ပက၀င်လာတဲ့ဂျူးတွေက ကျူးကျော်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက Great March of Return ခေါင်းစဉ်နဲ့ အပတ်စဉ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပါလက်စတိုင်းပြည်သူ ၁၈၉ ဦး သေဆုံးကာ ၆၀၀၀ ကျော် ဒဏ်ရာရရခဲ့ပါတယ်။
ကုလရဲ့ ‘လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်’ ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အစ္စရေးစစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ ကျည်အစစ်တွေ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့ပါတယ်။ အဲဒီချိုးဖောက်မှုတစ်ချို့ဟာ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဖြစ်ပြီး အစ္စရေးအစိုးရက ချက်ခြင်း စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်” လို့ ကော်မရှင်အကြီးအကဲ ကာရီ ဘက်တီ မူရွန်ဂီက ပြောကြားခဲ့ပါတယ်။
စာမျက်နှာ ၂၅၂ မျက်နှာရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က လက်ဖြောင့်တပ်သားတွေနဲ့ သတ်ဖြတ်မှုကို အသေးစိတ် စုံစမ်းဖော်ထုတ်ထားပါတယ်။
“အသက်အန္တရာယ် ခြိမ်းခြောက်မှုမရှိတဲ့သူတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တာ၊ ဒဏ်ရာရအောင်လုပ်တာ၊ ဂျာနယ်လစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးငယ်တွေအပါအ၀င် ဆန္ဒပြသူတွေရဲ့ ၀န်းကျင်မှာရှိသူတွေကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်တာတွေအတွက် ဘာဆင်ခြေမှ ပေးလို့မရဘူးဆိုတာ ကော်မရှင်က တွေ့ရှိခဲ့ပါတယ်” လို့ ကော်မရှင်အကြီးအကဲတစ်ဦးဖြစ်သူ ကန်တွန်က ပြောကြားခဲ့ပါတယ်။
ဒီအစီရင်ခံစာကို ဂျီနီဗာမှာပြုလုပ်တဲ့ ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။ ကန်တွန်က လုံခြုံးရေးတပ်ဖွဲ့တွေနဲ့ အစ္စရေးအရပ်သားတွေအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ မပါတဲ့သူတွေကို အစ္စရေးစစ်သားတွေက သတ်ပစ်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်တာတွေ ရှိခဲ့တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အစ္စရေးအစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာခြင်း ရှိ၊ မရှိ၊ နိုင်ငံတကာ ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိတို့ကို သုံးသပ်စစ်ဆေးဖို့လည်း ကုလရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
Ref: Aljazeera