မတ် ၁၈၊ ၂၀၁၉
M-Media

– ပြီးခဲ့တဲ့သောကြာနေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး နောက်ထပ်မဖြစ်စေရေး သေနတ်ကိုင်ဆောင်မှုဥပဒေကို တင်းကြပ်သွားဖို့အတွက် အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခဲ့တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ် ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့ကို လူဖြူအစွန်းရောက် ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တားရန့်ဟာ တရားဝင်သေနတ်ကိုင်ဆောင်ထားသူဖြစ်ပြီး အကြမ်းဖက်မှုမှာ သုံးသွားတဲ့ သေနတ်တွေဟာ သာမန်လူတွေ ကိုင်ဆောင်ဖို့ သတ်မှတ်ထားတဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီအကြမ်းဖက်မှုနောက်ပိုင်း နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ဆော်သြမှုတွေ ရှိလာခဲ့ပါတယ်။
ဝန်ကြီးချုပ် အာရ်ဒန်က အစိုးရအဖွဲ့ဟာ မနေ့က ဥပဒေပြင်ရေး သဘောတူခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဆွေးနွေးကာ ၁၀ ရက်အတွင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
သေနတ်သမား တားရန့်ဟာ သြစတေးလျနိုင်ငံသားဖြစ်ပေမယ့် နိုင်ငံအတွင်း လူဖြူအစွန်းရောက်ဝါဒ ပြဿနာကို လစ်လျူရှုထားလို့ မရဘူးလို့လည်း ဂျာစင်ဒါအာရ်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သာမန်သေနတ်များကို အဆင့်မြှင့်တင်
ခရိုက်ချက်က လက်နက်ဆိုင်တစ်ခုဖြစ်တဲ့ Gun City က သူတို့ဟာ တားရန့်ကို သေနတ်လေးလက်နဲ့ လက်နက်ခဲယမ်းတွေ ရောင်းချခဲ့ပြီး၊ တားရန့်ရဲ့ အွန်လိုင်းက သေနတ်အမှာစာကို ရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုခဲ့တာလို့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် အာရ်ဒန်က တားရန့်ဟာ အကြမ်းဖက်တိုက်ခိုက်ရာမှာ သေနတ် ၅ လက်ကို အသုံးပြုခဲ့ပြီး အဲဒီအထဲက ၂ လက်ဟာ သာမန်လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်နဲ့ ၀ယ်ကိုင်လို့ရတဲ့ ဆီမီးအော်တို လက်နက်တွေဖြစ်ကာ၊ တားရန့်က အဆင့်မြှင့်တင်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Gun City က ၀ယ်လာတဲ့ သေနတ်တွေကို တိုက်ခိုက်မှုမှာ တားရန့်က အသုံးပြုခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တားရန့်ဟာ လက်ရှိမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
Ref: Aljazeera