News @ M-Media
Author: Ko Lay
  • ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကို ဗုံးကြဲခဲ့သည်ဟု အိန္ဒိယထုတ်ပြန်
    ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကို ဗုံးကြဲခဲ့သည်ဟု အိန္ဒိယထုတ်ပြန်
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်စခန်းတွေကို တိုက်လေယာဉ်တွေနဲ့ ၀င်ရောက်ဗုံးကြဲခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး ပါကစ္စတန်ကလည်း ဒီကိစ္စဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
    နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်ခြားထိန်းချုပ်စည်း Line of Control ကို ဖြတ်ကျော်ကာ အိန္ဒိယတိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
    “ဒီကနေ့မနက် အစောပိုင်းမှာ လေတပ်က LoC ကိုဖြတ်ပြီး အကြမ်းဖက်စခန်းတွေကို တိုက်ခိုက်ကာ လုံးဝ ဖျက်ဆီးပစ်ခဲ့ပါတယ်” လို့ စိုက်ပျိုးရေးဝန်ကြီး ဂါဂျန်ဒရာ ဆင်း ရှီခါဝပ်က ပြောကြားခဲ့ပါတယ်။
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်အခြမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသေခံကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိန္ဒိယပြည်သူ့စစ် အနည်းဆုံး ၄၂ ဦး သေဆုံးပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
    ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ပါကစ္စတန် လက်ချက်လည်းပါတယ်လို့ အိန္ဒိယဖက်က စွပ်စွဲခဲ့ပါတယ်။
    ဒီကနေ့မနက် အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေပိုင်နက် ကျူးကျော်ဝင်ရောက်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ဟာ မိမိတို့ တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားဖို့ တက်သွားတဲ့အချိန်မှာ အိန္ဒိယပိုင်နက်အခြမ်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း ပါကစ္စတန်က ပြောပါတယ်။
    “ပါကစ္စတန်လေတပ်ရဲ့ အချိန်မီ ထိထိရောက်ရောက် တုန့်ပြန်မှုကို ကြုံတွေ့ခဲ့ရတာကြောင့် ပြန်ပြေးတဲ့အချိန် ဗုံးတွေကို ဘာလာကော့ဒေသအနီး အလျင်စလို ကြဲချခဲ့ရပါတယ်။ ထိခိုက်သေဆုံးမှု၊ ပျက်ဆီးမှု မရှိပါဘူး” လို့ ပါကစ္စတန် ဗိုလ်ချုပ်ကြီး အာဆစ်ဖ် ဂဖူးရ်က ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်
    အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်
    – အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တယ်လို့ မနေ့က ကြေငြာလိုက်ပြီး နျူသဘောတူညီချက်နဲ့ပတ်သက်လို့ နိုင်ငံအတွင်းက သဘောထားတင်းမာသူတွေ ဝေဖန်မှု မြင့်တက်လာတဲ့အချိန် ဒီလိုနှုတ်ထွက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
    “ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ချို့ယွင်းချက်ရှိခဲ့တာတွေ အားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အီရန်နိုင်ငံနဲ့ အီရန်တာဝန်ရှိသူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ Instagram စာမျက်နှာမှာ ဇာရစ်ဖ်က ရေးသားခဲ့ပါတယ်။
    ဘာ့ကြောင့် ရာထူးကနေ နှုတ်ထွက်ရလဲဆိုတာ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ ဒီလိုနှုတ်ထွက်မှုကို သမ္မတ ဟာဆန် ရူဟာနီက လက်ခံမှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။
    ဇာရစ်ဖ်ဟာ ၂၀၁၃ ခုနှ် သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရလဒ်အားဖြင့် အီရန်အပေါ် ပိတ်ဆို့မှုတွေကို အနောက်နိုင်ငံတွေက ဖယ်ရှားပေးခဲ့ပါတယ်။
    ဒါပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ်မေလမှာ စာချုပ်ကနေ နှုတ်ထွက်ကာ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အီရန်နိုင်ငံရေးနယ်ပယ်က သဘောထား တင်းမာသူတွေဟာ သမ္မတ ဟာဆန်ရူဟာနီနဲ့ ဇာရစ်ဖ်တို့အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။
    တစ်ကျော့ပြန်ပိတ်ဆို့မှုတွေကြောင့် အီရန်နိုင်ငံရဲ့စီးပွားရေး ဆိုးရွားလာတာကလည်း ရူဟာနီအစိုးရကို အထိနာစေခဲ့ပြီး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်လာခဲ့ပါတယ်။
    ဇာရစ်ဖ် ဒီလိုနှုတ်ထွက်သွားဟာ ပြုပြင်ပြောင်းလဲရေးသမား ရူဟာနီအတွက် ထိုးနှက်မှု ဖြစ်လာမှာဖြစ်ပြီး အီရန်ရဲ့ သံခင်းတမန်ခင်း နယ်ပယ်ကိုပါ ထိခိုက်စေလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
    Ref: Aljazeera
  • မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ
    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ
    – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာသား ၄၀၀ ကျော်လောက်ဟာ အစားအစာနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားလိုက်ပါတယ်။
    “မြို့ထဲက နေရာ ၃ ခုမှာ ရွာသား ၄၀၀ ကျော်လောက် ရှိပြီး ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အလျင်အမြန် လိုအပ်နေပါတယ်” လို့ မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဒုက္ခသည်တွေကို အနီးအနား ရွာသားတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့် မလောက်ငှကြောင်း၊ သောက်သုံးရေနဲ့ ရွှေ့ပြောင်းသန့်စင်ခန်းမျိုးတွေ ကူညီပေးဖို့လိုကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကြောင့် ကျွန်တော်တို့ ရိက္ခာ မထောက်ပံ့နိုင်တော့ပါဘူး။ ယာယီစခန်းတွေကလည်း ပြည့်ကြပ်နေပါပြီ”
    ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က မြောက်ဦးမှာ စတင်ခဲ့တဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ ရင်ခွင်ပိုက်ကလေးမိခင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကူအညီပေးရေးအဖွဲ့တွေကို ပြည်နယ်အစိုးရက ပိတ်ပင်ခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့တွေကိုသာ ကူညီခွင့် ပေးထားပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဗီယက်နမ်သို့ ရောက်ရှိ
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဗီယက်နမ်သို့ ရောက်ရှိ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားကနေ ရထားတဲ့ထွက်လာတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
    ကင်ဂျုံအွန်စီးလာတဲ့ရထားဟာ တရုတ်ကနေတစ်ဆင့် ဗီယက်နမ်နယ်စပ် ဒေါင်ဒန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မြို့တော်ဟနွိုင်းကို ကားနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်ဟာ ကီလိုမီတာ ၄၀၀၀ ရှိတဲ့ခရီးကို ၂ ရက်ခွဲကြာ ရထားစီးခဲ့ရတာ ဖြစ်ပါတယ်။
    ကင်ဟာ အဘိုးဖြစ်သူ ကင်အီဆွန်နောက်ပိုင်း ပထမဆုံးအကြိမ် ဗီယက်နမ်ကို လာရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်ပြီး ဗီယက်နမ်ဂုဏ်ပြုတပ်ဖွဲ့က သူ့ကို ကြိုဆိုခဲ့ပါတယ်။ ကင်အီဆွန်ဟာ ၁၉၆၄ ခုနှစ်က ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့တာပါ။
    Air Force One လေယာဉ်နဲ့ လာရောက်မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီကနေ့နှောင်းပိုင်းမှာ ဟနွိုင်းကို ရောက်လာဖို့ ရှိနေပါတယ်။ ကင်ဂျုံအွန်နဲ့ ‘အလွန်အပြုသဘောဆောင်မယ့်’ တွေ့ဆုံမှုမျိုးကို ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ခေါင်းဆောင်နှစ်ဦးဟာ ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နှစ်ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက ပထမအကြိမ် တွေ့ဆုံမှုမှာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပေမယ့် သိသာတဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရပါဘူး။
    မြောက်ကိုရီးယားဟာ နျူကို လုံးဝစွန့်လွှတ်မယ်ဆိုရင် စီးပွားရေးအင်အားကြီးနိုင်ငံမှာ ဖြစ်လာမှာဖြစ်ပြီး ဥက္ကဌကင်က ဆုံးဖြတ်ချက် ချရမှာဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားထားပါတယ်။
    Ref: CNA
  • ၀ီဂါများ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန် တရုတ်ကို တူရကီ တောင်းဆို
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိကြောင်း တူရကီက ပြောကြာလိုက်ပြီး ဘာသာရေးလွတ်လပ်လပ်ခွင့်ကို ကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ၄ ပတ်တာကြာမြင့် ကုလ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်အစည်းအဝေး ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ တူရကီစကားပြောတဲ့ ၀ီဂါတွေနဲ့ အခြား မွတ်စလင် တစ်သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲ ပိတ်လှောင်ထားတယ်လို့ ကုလ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ပညာပေးမှု လုပ်ဆောင်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    Mevlut Cavusoglu ရဲ့ ဒီကနေ့ မိန့်ခွန်းမှာ တရုတ်မှာရှိနေတဲ့ အကျဉ်းစခန်းတွေအကြောင်း တိုက်ရိုက် ထည့်သွင်းပြောကြားခြင်း မရှိပေမယ့် ရှင်ကျန်းမှာ ၀ီဂါတွေနဲ့ အခြားမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်သမားတွေနဲ့ အပြစ်မဲ့သူတွေကို ခွဲခြားဆောင်ရွက်ဖို့ Cavusoglu က တရုတ်ကို တိုက်တွန်းခဲ့သလို၊ တရုတ် တစ်နိုင်ငံတည်း ပေါ်လစီကို ထောက်ခံတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးတွေကို လေးစားဖို့၊ ၀ီဂါနဲ့ အခြားမွတ်စလင်တွေရဲ့ ယဉ်ကျေးမှု အမှတ်သညာတွေကို အပြည့်အ၀ ကာကွယ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲမှာပါဝင်တဲ့ တရုတ်ဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီမှတ်ချက်အတွက် ချက်ခြင်းတုန့်ပြန်မှု မလုပ်သေးပေမယ့် အစည်းအဝေးက ၄ ပတ် ကြာမြင့်မှာဖြစ်တာကြောင့် နောက်ပိုင်းမှာ တုန့်ပြန်လာနိုင်ပါတယ်။
    တရုတ်နိုင်ငံ လူဦးရေး သန်း ၁၄၀၀ မှာ ၀ီဂါလူမျိုးတွေက ၁၀ သန်းလောက်သာရှိပြီး ဗဟိုအစိုးရကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမယ့် တရုတ်အစိုးရက ၀ီဂါတွေ ခွဲထွက်ရေး လှုပ်ရှားတယ်လို့ စွပ်စွဲကာ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    Ref: Aljazeera