News @ M-Media

Author: Ko Lay

  • ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူကို ကွန်မန်ဒိုများက အသေပစ်သတ်

    ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူကို ကွန်မန်ဒိုများက အသေပစ်သတ်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    လေယာပြန်ပေးဆွဲခံရသည့်လေယာဉ်နှင့် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များ

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတစ်ဦးက လေယာဉ်ပြန်ပေးဆွဲဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေးတစ်ခုပြုလုပ်ကာ ကွန်မန်ဒိုတွေက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman က လေယာဉ်အမှတ် BG147 ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဒူဘိုင်းကို ပျံသန်းစဉ်မှာ အသက် ၂၅ နှစ်အရွယ် အင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးက ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

    လေယာဉ်ကို ချစ်တကောင်းမြို့က ရှားအမာနတ် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်စေခဲ့ပြီး ပြန်ပေးဆွဲသူကို အချိန်ဆွဲကာ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ၀င်ရောက် စီးနင်းခဲ့ရာမှာ ပြန်ပေးဆွဲဖို့ ကြိုးစားသူကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပစ္စတိုလက်ဝယ်ရှိနေတဲ့ အဲဒီအမျိုးသားဟာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

    လေယာပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၄၈ ဦး လိုက်ပါလာပြီး အားလုံးကို အထိအခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ် ကြည်တပ်၊ ရေတပ်နဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်လေတပ်က ဒုတိယအကြီးအကဲ ဗိုလ်ချုပ် မိုဖစ်က လေယာဉ်ပြန်ပေးသမားဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို စကားပြောဖို့ တောင်းဆိုခဲ့ပြီး မိမိတို့က စကားပြောအချိန်ဆွဲကာ ကွန်မန်ဒိုတွေနဲ့ စီးနင်းရှင်းလင်းလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာ ဘစ်ဘနီ ဇာအစ်က ပြန်ပေးဆွဲဖို့ ကြိုးစားသူက သူ့မှာ သေနတ်နဲ့ ဗုံးခါးပတ်ပါဝင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ ဒီကိစ္စမှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ပြန်ပေးဆွဲသူဟာ စိတ်မနှံဘူးလို့ သတင်းတွေလည်း ထွက်ပေးနေပြီး ဘာ့ကြောင့် ဒီလို ဆောင်ရွက်လဲဆိုတာကို အတိအကျ မသိရှိသေးပါဘူး။

    ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစွန်းရောက်ဝါဒနဲ့ ရင်ဆိုင်လာရပါတယ်။ ၂၀၁၆ ခုနှစ်က မြို့တော် ဒါကာမှာရှိတဲ့ နာမည်ကြီး အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားအများစု အပါအ၀င် ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွေတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေကို အသေပစ်ခတ် ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: CNA

  • ဂျေရုစလင်ရှိ အလ်-အက္ကဆွာဗလီ၏ ဂေါပကဥက္ကဌကို အစ္စရေးက ခေတ္တ ဖမ်းဆီးထိန်းသိမ်း

    ဂျေရုစလင်ရှိ အလ်-အက္ကဆွာဗလီ၏ ဂေါပကဥက္ကဌကို အစ္စရေးက ခေတ္တ ဖမ်းဆီးထိန်းသိမ်း

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    – ဂျေရုစလင်က အစ္စလာမ့် သာသနိကအဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေါပကအဖွဲ့ အကြီးအကဲကို အစ္စရေးက ဒီကနေ့မနက်ပိုင်းမှာ ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    အစ္စရေးက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ကာ ပိတ်ဆို့ထားတဲ့ ဂျေရုစလင်မြို့က အစ္စလာမ်နဲ့ ခရစ်ယာန် သာသနိက အဆောက်အဦးတွေကို ဂျော်ဒန်က တာဝန်ယူ ထိန်းသိမ်းနေတာဖြစ်ပြီး သက်ဆိုင်ရာ ဂေါပကအဖွဲ့ကိုလည်း ဂျော်ဒန်က ဖွဲ့စည်းတာဝန်ပေးထားတာ ဖြစ်ပါတယ်။

    အစ္စလာမ့် သာသနိကဆိုင်ရာ ဂါပကအဖွဲ့ဥက္ကဌ ရှိခ် အဘ်ဒီလာဇင် ဆာလ်ဟဘ်ကို အစ္စရေးက ဖမ်းဆီးထိန်းသိမ်းမှုအတွက် ဂျော်ဒန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဂျော်ဒန် အစ္စလာမ့်ရေးရာ ၀န်ကြီး အဘ်ဒူလ် နဆာရ် အဘူလ် အလ်-ဘာဆာလ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ‘အန္တရာယ်ရှိကာ လက်မခံနိုင်စရာ ဖြစ်ပြီး’ ဂျေရုစလင်က အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာနေရာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဂျော်ဒန်ရဲ့ အခန်းကဏ္ဍကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က ဆာလ်ဟဘ်ကို ဖမ်းဆီးကြောင်း အတည်ပြုခဲ့ပါတယ်။ ဂေါပကအဖွဲ့က ဥက္ကဌဟာ နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပြီး အလ်-အက္ကဆွာ ဗလီထဲကို ၀င်ရောက်ခွင့် တစ်ပတ် ပိတ်ပင်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းများ ဆန္ဒပြ

    အလ်-အက္ကဆွာဗလီ ပရ၀ုဏ်ထဲက သမိုင်းအမွေအနှစ်အဖွဲ့ ရုံးခန်းဖွင့်ထားတဲ့ နေရာတစ်ခုကို အစ္စရေးက ၂၀၀၃ ခုနှစ်ကစလို့ ၀င်ရောက်ခွင့်ပိတ်ထားပြီး အမွေအနှစ်အဖွဲ့ဟာ လက်နက်ကိုင်အုပ်စုတစ်ခုနဲ့ ဆက်သွယ်မှုရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန်တွေရဲ့ သာသနိကအဆာက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ Religious Endowments Authority အဖွဲ့က ပိတ်ထားတဲ့ အစိတ်အပိုင်းကို သောကြာနေ့မှာ ဖွင့်ပေးခဲ့ပြီး ပါလက်စတိုင်းတွေက အဲဒီနေရာမှာ ၀င်ရောက် ၀တ်ပြုခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က ဂေါပကအဖွဲ့ဟာ ထိလွယ်ရှလွယ်တဲ့နေရာကို ၀င်ရောက်ခွင့်ပေးပြီး လက်ရှိအနေအထားကို ပြောင်းလဲအောင်လုပ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    အလ်-အက္ကဆွာ ဗလီထဲက ပိတ်ထားတဲ့နေရာကို ပြန်လည်ဖွင့်ပေးရေးအတွက် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပါလက်စတိုင်းပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက လူ ၆၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    Ref: Aljazeera

  • အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ

    အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    ဆန္ဒပြနေသည့် ဗင်နီဇွဲလားပြည်သူတစ်ဦး

    – နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို သွားယူတဲ့ ပြည်သူတွေကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် မနေ့က အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး၊ သမ္မတ မာဒူရိုနဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေကလည်း ပိုမို မြင့်တက်လာပါတယ်။

    ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် ကုလနဲ့ အနောက်နိုင်ငံတွေက အကူအညီတွေ ပေးပို့ထားပေမယ့် သမ္မတ မာဒူရိုက နယ်စပ်တွေကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးကားတွေ ၀င်ရောက်နိုင်ခြင်း မရှိပါဘူး။

    မနေ့က နယ်စပ်မြို့ Santa Elena de Uairen မှာ ပြည်သူတစ်ချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘရာဇီးလ်ဖက်မှာရောက်နေတဲ့ အကူအညီတွေကို သွားယူဖို့ ကြိုးစားရာမှာ ဗင်နီဇွဲလား စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။

    မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေငြာထားပြီး အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက နိုင်ငံအတွင်း သိန်းသန်းချီတဲ့ ပြည်သူတွေဟာ အကူအညီတွေ လိုအပ်တဲ့အတွက် ကိုလံဘီယာနဲ့ ဘရာဇီးလ်နယ်စပ်မှာ ရောက်နေတဲ့ စားနပ်ရိက္ခာကားတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ မာဒူရိုက ဒီအကူအညီပေးရေးဟာ သူ့ကိုဖြုတ်ချဖို့အတွက် အမေရိကန်ရဲ့ လှည့်ကွက်ဖြစ်တယ်လို့ ပြောထားတာပါ။

    ဂွိုင်ဒိုက ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သူ့ကို သစ္စာခံဖို့လည်း တိုက်တွန်းထားပါတယ်။ နယ်စပ်မှာချထားတဲ့ စစ်သားတွေထဲက ၆၀ ကျော်လောက် ဘက်ပြောင်းလာကြတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ပြောကြားထားပြီး အများစုက အောက်ခြေစစ်သားတွေ ဖြစ်ပါတယ်။

    အကူအညီတွေကို ၀င်ရောက်ခွင့်မပေးတဲ့အတွက် ဗင်နီဇွဲလားပြည်သူတွေက နယ်စပ်မြို့တွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ရှိနေပါတယ်။

    သမ္မတမာဒီရိုက ကိုလံဘီယာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း စနေနေ့က ကြေငြာခဲ့ပြီး သံတမန်တွေ နိုင်ငံအတွင်းကနေ ချက်ခြင်းထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    မနေ့ညပိုင်း ထောက်ခံသူတွေကိုပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတမာဒူရိုကို ဖြုတ်ချရေး နည်းလမ်းအားလုံးကို စဉ်စားထားကြောင်း တနင်္လာနေ့ ဘိုဂိုတာမှာ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ တွေ့ဆုံဖို့ရှိကြောင်း အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်ဘာသာကို စော်ကားမှု ၃ ခုအတွက် မလေးရှား စုံစမ်းစစ်ဆေးနေ

    အစ္စလာမ်ဘာသာကို စော်ကားမှု ၃ ခုအတွက် မလေးရှား စုံစမ်းစစ်ဆေးနေ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    မလေးရှားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်

    – အစ္စလာမ်သာသနာ၊ တမန်တော် မုဟမ္မဒ်နဲ့ ကြင်ယာတော် အာအေရှာဟ် သခင်မတို့ကို ဆိုရှယ်မီဒီယာမှာ စော်ကားရေးသားခဲ့တဲ့ အမှု ၃ ခုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီလို ဘာသာရေးစော်ကားမှုနဲ့ပတ်သက်ပြီး ဖူစင်ဝေဆိုသူနဲ့ ဆာကာရ် တာနီဆန်ဆိုသူတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    ဖူစင်ဝေဟာ တမန်တော် မုဟမ္မဒ်နဲ့ ကြင်ယာတော် အာအေရှာဟ်သခင်မတို့ကို လှောင်ပြောင်တဲ့ ကာတွန်းကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တာဖြစ်ပြီး တာနီဆန်က အစ္စလာမ်ဘာသာဝင်တွေနဲ့ တမန်တော်တို့ကို စော်ကားရေးသားခဲ့တာ ဖြစ်ပါတယ်။

    စစ်ဆေးရေးအရာရှိချုပ် ဟာရွန်က တနင်္ဂနွေနေ့မနက် ၉ နာရီအထိ ဖူနဲ့ပတ်သက်ပြီး တိုင်ကြားမှုပေါင်း ၄၇၈ ရရှိခဲ့ကြောင်း အသက် ၆၈ နှစ်အရွယ် ဖူကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ၂၀ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    အသက် ၂၁ နှစ်အရွယ် ဆာကာရ် တာနီဆန်နဲ့ပတ်သက်လို့ တိုင်ကြားမှု ၁၁ ခုရှိခဲ့ပြီး သူ့ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဟာရွန်က ဘာသာစုံလူမျိုးစုံရှိတဲ့ မလေးရှားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် အကြောင်းအရာတွေကို ရေးသားဖြန့်ဖြူးတာမျိုး မပြုလုပ်ဖို့အတွက် ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

    မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ ဘာသာရေးစော်ကားမှု နောက်ထပ်တစ်ခုက Sally Yen ဆိုသူ Facebook အကောင့်ရဲ့ အစ္စလာမ်နဲ့ တမန်တော်တို့ကို စော်ကားရေးသာမှု ဖြစ်ပါတယ်။ Sally Yen အကောင့်ရဲ့ စော်ကားရေးသားမှုနဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့က တိုင်ကြားမှု ၁၆ ခု ရရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆးမှုကို ပိတ်ပစ်ခဲ့ပါတယ်။

    ဟာရွန်က Sally Yen ရဲ့ပို့စ်တွေက ပြန်လည်ဝေမျှမှုတွေ ရှိနေပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှု ၂ ခုလည်း ထပ်ရှိလာတာကြောင့် ဒီကိစ္စကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Star

  • ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်

    ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    ဒဏ်ရာရခဲ့သည့် အာဖဂန်တစ်ဦး ဆေးကုသမှု ခံယူနေစဉ်

    – အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု အရေအတွက်ဟာ အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း စံချိန်တင်ပမာဏာ ဖြစ်လာခဲ့တယ်လို့ ဒီကနေ့ ကုလက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်က အာဖဂန်မှာ အရပ်သားသေဆုံးမှုထက် ၁၁ ရာခိုင်နှုန်း တိုးကာ ၃၈၀၄ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၉၂၇ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာရသူကတော့ ၇၁၈၉ ဦး ရှိခဲ့ပါတယ်။ တိုင်းပြည်အတွင်း ပဋိပက္ခ ရပ်တန့်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ တနင်္လာနေ့မှာ နောက်တစ်ဆင့်ဆွေးနွေးမှု ပြုလုပ်ဖို့ ရှိနေတဲ့အချိန် ကုလက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အာဖဂန်မှာ အရပ်သား အနည်းဆုံး ၃၂၀၀၀ လောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူက ၆ သောင်းရှိတယ်လို့လည်း ကုလက ပြောပါတယ်။ တာလီဘန်အဖွဲ့ရဲ့ မဟာမိတ်တွေ၊ IS အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာလည်း ၂၀၁၈ ခုနှစ်မှာ မြင့်တက်လာခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုရဲ့ ၆၃ ရာခိုင်နှုန်းက အာဖဂန်အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့တွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး၊ အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ကလည်း ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့ပါတယ်။

    “လူသားတွေခံစားနေရတဲ့ ဒီဖြစ်ရပ်ဆိုးတွေ၊ ကံမကောင်း အကြောင်းမလှမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ အရပ်သားတွေ သေဆုံးမှု၊ ထိခိုက်ကျိုးပဲ့မှုတွေကို ရပ်တန့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက တိုက်ခိုက်မှု ရပ်တန့်ခြင်းပဲ ဖြစ်ပါတယ်” လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ တာဒါမီချီ ယာမာမိုတိုက ပြောကြားခဲ့ပါတယ်။

    အရပ်သားတွေ ထိခိုက်ခံစားရတာ လက်ခံနိုင်စရာကိစ္စမျိုး လုံးဝ မဟုတ်ဘဲ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တင်းမာမှုတွေ ထပ်မံမြင့်တက်မလာရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း ယာမာမိုတိုက တိုက်တွန်းဆော်သြခဲ့ပါတယ်။

    Ref: Aljazeera