News @ M-Media

Author: Ko Lay

  • မြောက်ကိုရီးယားကိစ္စ ထရမ့်လေသံပြောင်း၊ ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းလျှင် ရပြီဟုဆို

    မြောက်ကိုရီးယားကိစ္စ ထရမ့်လေသံပြောင်း၊ ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းလျှင် ရပြီဟုဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    – မြောက်ကိုရီးယားအနေနဲ့ လက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းထားမယ်ဆိုရင် မိမိက ပျော်ရွှင်မိမှာဖြစ်ပြီး နျူသဘောတူညီချက်ရရေး အလျင်စလို ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ ဒါဟာ နျူစီမံကိန်း လုံးဝဖျက်သိမ်းရမယ်ဆိုတဲ့ အရင်ကရပ်တည်ချက်ထက် ပိုမိုပျော့ပြောင်းလာတာ ဖြစ်ပါတယ်။

    ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ ဟနွိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး တစ်နှစ်အတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ စင်ကာပူတွေ့ဆုံပွဲမှာ ကိုးရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောတူညီခဲ့ကြပေမယ့် ထင်သာမြင်သာတဲ့ လုပ်ဆောင်ချက်မျိုး မတွေ့ခဲ့ရပါဘူး။

    ဗီယက်နမ်ကို မထွက်ခွာခင် ထရမ့်က ကင်ဂျုံအွန်ရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုကို မြင်တွေ့ခဲ့ရပြီး မိမိတို့အကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် အလျင်စလိုလုပ်မှာ မဟုတ်ပါဘူး။ အလျင်စလိုလည်း မလုပ်ချင်ပါဘူး။ မြောက်ကိုရီးယားက လက်နက်မစမ်းသပ်တာပဲ လိုချင်တာပါ။ သူတို့ ဒီလို မစမ်းသပ်သမျှ ကျွန်တော်တို့ ကျေနပ်နေမှာပါ”

    မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၆ ကြိမ်မြောက် နျူစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး၊ နိုဝင်ဘာလမှာ ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာစမ်းသပ်မှုမှ မလုပ်တော့ပါဘူး။

    နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေမှုကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဝေဖန်မှုတွေကို နားမယောင်ဖို့အတွက် ထရမ့်အစိုးရကို သတိပေးကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    မြောက်ကိုရီးယားအနေနဲ့ နျူလုပ်ငန်းကို အားလုံး စွန့်လွှတ်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်လို့ ထရမ့်က အရင်တုန်းက ပြောကြားခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေသံပြောင်းသွားခဲ့ပြီး အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုမျိုး မြင်ရမယ်ဆိုရင် ပိတ်ဆို့မှု ဖယ်ရှားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ နျူကို စွန့်လွှတ်လိုက်မယ်ဆိုရင် မြောက်ကိုရီးယားဟာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်းက ထရမ့်က ဆိုပါတယ်။

    Ref: CNA

  • လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်

    လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    – လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အားပေးမြှင့်တင်ဖို့အတွက် လူငယ်စွမ်းဆောင်ရည်ဆုတစ်ခုကို ချီးမြှင့်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အဓိကပတိကောင်စီဝင် စော်ဘွား ရှိခ် ဒေါက်တာ ဆူလ်တန် ဘင် မိုဟာမက် အလ် ကာစီမီက ကြေငြာလိုက်ပါတယ်။

    ဆုကို Sheikh Sultan Award for Celebrating the Spirit of Youth လို့ အမည်ပေးထားပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု၊ စွန့်စားမှု၊ ကျွမ်းကျင်မှု၊ ၀ါသနာ စတဲ့ အချက်လေးချက်နဲ့ သုံးသပ်ကာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံအတွင်း နေထိုင်တဲ့ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် မည်သည့်နိုင်ငံသားမဆို ဒီဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    “ရှာဂျာပြည်နယ်မှာတင်မဟုတ်ဘဲ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သားတွေ၊ သမီးတွေကို ပံ့ပိုးအားပေးမယ့် အရေးပါတဲ့ ဆုတစ်ခု ချီးမြှင့်သွားမယ်လို့ ကြေငြာလိုပါတ်။ ဒီဆုရဲ့ ရည်ရွယ်ချက်ဟာ လူငယ်တွေကို ထူးချွန်းအောင်၊ ဖန်တီးနိုင်စွမ်းရှိလာအောင်၊ လူမှုဘ၀ နယ်ပယ်အားလုံးမှာ တိုးတက်မှုရအောင် တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” လို့ ရှာဂျာပြည်နယ်ရဲ့ စော်ဘွားလည်းဖြစ်တဲ့ အလ် ကာစီမီက ပြောကြားခဲ့ပါတယ်။

    လူငယ်တွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ဖြစ်ပြီး သားငယ်၊ သမီးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ဟာ မိမိတို့ လူကြီးတွေရဲ့တာဝန် ဖြစ်တယ်လို့လည်း ရှိခ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆုကို ရွေ၊ ငွေ၊ ကြေး ၃ ဆင့် ခွဲထားပြီး နယ်ပယ် ၄ ခုစလုံးမှာ ပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့သူတွေက ရွှေတံဆိပ် ရရှိမှာ ဖြစ်ပါတယ်။ Sheikh Sultan Award for Celebrating the Spirit of Youth ဆုကို အနာဂတ်မှာ နိုင်ငံတကာအဆင့် ဆုတစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့လည်း အလ် ကာစီမီက ဆန္ဒရှိနေပါတယ်။

    “ခြွင်းချက်မထားဘဲ ဘယ်နယ်ပယ်မှာမဆို ထူးချွန်းသူတွေကို ပံ့ပိုး ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ ယူအေအီးက လူငယ်တွေ သင်ယူမှုခရီးလမ်းတစ်လျှောက် သူတို့အားထုတ်နိုင်သလောက် ပေါက်မြောက်နိုင်တယ်ဆိုတာမျိုး သိလာစေဖို့ လမ်းကြောင်းအသစ်တွေ ဖောက်ပေးတဲ့ပုံစံမျိုး စဉ်းစားဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ရှိခ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ref: Khaleej Times

  • ဥရောပ-အာရပ်လိဂ် ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပ

    ဥရောပ-အာရပ်လိဂ် ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    ထိပ်သီးအစည်းအဝေး မြင်ကွင်း

    – ဥရောပသမဂ္ဂနဲ့ အာရပ်လိဂ်အဖွဲ့က ခေါင်းဆောင်တွေရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အီဂျစ်နိုင်ငံမှာ မနေ့က စတင်ကျင်းပခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချမှု တားဆီးရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူခဲ့ကြပါတယ်။

    အပန်းဖြေမြို့ ရှမ် အလ်-ရှိခ်မှာ ကျင်းပတဲ့ အဲဒီ ထိပ်သီးအစည်းအဝေးဟာ ၂ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အီဂျစ်သမ္မတ အဘ်ဒဲလ်-ဖာတာဟ် အလ်-စီစီက ဒီ ထိပ်သီးအစည်းအဝေးဟာ ဥရောပနဲ့ အာရပ် အဖွဲ့အစည်းနှစ်ခုအကြား သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်တွေဟာ ဆီးရီးယား၊ ယီမင်တို့က ပဋိပက္ခတွေ၊ ရပ်ဆိုင်းနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိနေပြီး ဥရောပကို ၀င်ရောက်လာတဲ့ ပြောင်းရွှေ့အခြေချသူတွေကိစ္စကို အဓိကထားမှာ ဖြစ်ပါတယ်။

    ဥရောပကော်မရှင် ဥက္ကဌ ဂျန်ကလူဒီ ဂျန်ကာက အစည်းအဝေးဟာ သတင်းစကားတစ်ခုပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ထိပ်သီးအစည်းအဝေးဟာ မိတ်ဖက်ဖြစ်မှုကို ပိုမိုအားကောင်းစေဖို့ဖြစ်တယ်လို့ ပြောကြာခဲ့ပါတယ်။

    “စီးပွားရေးဆောင်ရွက်မှု၊ ပါလက်စတိုင်းကိစ္စမှာ နှစ်နိုင်ငံတည်ရှိရေးမူ ပြန်လည်ရှင်သန်ရေးလို အတူတွဲလုပ်ရမယ့် ကိစ္စတွေကို ပိုမို အာရုံစိုက် လုပ်ဆောင်ဖို့အတွက် ဒီအစည်းအဝေးက စီမံနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

    အီဂျစ်သမ္မတက အကြမ်းဖက်တွေ ငွေကြေးရလမ်းကို ဖြတ်တောက်ပစ်ရေး၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ အတွေးအခေါ်အယူအဆတွေကို တိုက်ဖျက်ရေး ကျယ်ကျယ်ပြန့်ပြန့် စီမံကိန်းချ လုပ်ဆောင်ဖို့အတွက် တိုက်တွန်း ဆော်သြခဲ့ပါတယ်။

    အစည်းအဝေးကို ဂျာမနီ အဓိပတိ အန်ဂျလာ မာကဲလ်၊ ယူကေ၀န်ကြီးချုပ် ထရီဇာမေတို့၊ ဆော်ဒီဘုရင် ဆလ်မန်တို့အပါအ၀င် ဥရောပနဲ့ အာရပ်လိဂ်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်တွေဟာ သီးခြားစီ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

    Ref: Arab News

  • မိမိတို့၏ ဒုံးကျည်စီမံကိန်းကို ရန်သူများက ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု အီရန်ပြော

    မိမိတို့၏ ဒုံးကျည်စီမံကိန်းကို ရန်သူများက ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    အီရန်၏ ဒုံးကျည်လွှတ်တင်မှု မြင်ကွင်း

    – အီရန်က စမ်းသပ်တဲ့ ဒုံးကျည်တွေနဲ့ လွှတ်တင်တဲ့ ဒုံးပျံတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ရန်သူတွေက ကြိုးစားခဲ့ပေမယ့် မိမိတို့က ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ လေတပ်ဆိုင်ရာ တပ်မှူး အမိရ် အလီ ဟာဂျီဇာဒါဟ်က ရန်သူတွေဟာ အီရန်ဒုံးကျည်တွေကို ပစ်မှတ်မရောက်ဘဲ လေပေါ်မှာတင် ပေါက်ကွဲသွားဖို့အတွက် နိုင်ငံခြားကတင်သွင်းတဲ့ ပစ္စည်းတွေကနေတစ်ဆင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    “အစကတည်းက ဒီပစ်ချက်ကို ရှာဖွေတွေ့ရှိကာ ပြင်ဆင်ခဲ့တာကြောင့် သူတို့ ဒီလို ဖျက်လိုဖျက်ဆီး မလုပ်နိုင်ခဲ့ပါဘူး”

    ဘယ်နိုင်ငံက ဆောင်ရွက်လဲဆိုတာကိုတော့ ဟာဂျီဇာဒါဟ်က အတိအကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အီရန်ဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကြောင့် သူတို့ရဲ့ နျူလုပ်ငန်းတွေကို ရပ်တန့်ထားပေမယ့် ဒုံးကျည်စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေပါတယ်။

    အခုလအစောပိုင်း နယူးယောက်တိုင်းမ်းစ် သတင်းစာရဲ့ သတင်းတစ်ပုဒ်မှာ အမေရိကန်ဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို ဖျက်ဆီးဖို့အတွက် နှစ်ပေါင်းများစွာ လျှို့ဝှက် ကြံစည်ခဲ့ပြီး ထရမ့်လက်ထက်မှာ ဒီလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အမေရိသမ္မတ ဂျော့ဂ်ျ ဒဘလူဘုရှ်လက်ထက်မှာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းထဲကို ချို့ယွင်းချက်တွေရှိနေတဲ့ အစိတ်အပိုင်းတွေ ရောက်သွားအောင် လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အခုနှစ် ဇန်န၀ါရီ ၁၅ ရက်နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွေက ဒုံးကျည်စမ်းသပ်မှုတွေမှာ အီရန်ဟာ မအောင်မြင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    အမေရိကန်က အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို တားဆီးဖို့ လူသိရှင်ကြား ကြိုးစားနေပြီး ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ကုလရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အီရန်ဒုံးကျည်စမ်းသပ်မှုတွေကို ပိတ်ပင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ဒီ ဒုံးကျည်စီမံကိန်းကို အကြောင်းပြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ နျူသဘောတူညီချက်နေ နှုတ်ထွက်ကာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ

    ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    Huawei Mate X

    – တရုတ်နာမည်ကြီးဖုန်းကုမ္ပဏီ ဟွာဝေးဟာ သူတို့ရဲ့ ပထမဆုံး 5G Touch Screen ခေါက်ဖုန်းတစ်ခုကို မနေ့က ထုတ်ပြလိုက်ပြီး တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၆၀၀ လောက် ရှိမှာ ဖြစ်ပါတယ်။

    Huawei Mate X လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းဟာ ခေါက်ထားရင် ၆.၆ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး ဖြန့်လိုက်မယ်ဆိုရင် ၈ လက်မရှိတဲ့ တက်ဘလက်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    “ဒီဖုန်းဟာ ဒီကနေ့ရှိနေတဲ့ 5G အတွက်သာ မဟုတ်ဘဲ၊ အနာဂတ် 5G ကွန်ယက်အတွက်လည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်စွမ်း နှိုင်းယှဉ်ပြထားမှုကို ကြည့်ပါ။ မြန်နှုန်းဟာ ကမ္ဘာပေါ်က 5G တွေထဲမှာ အမြန်ဆုံး ဖြစ်ပါတယ်” လို့ ဟွာဝေးလုပ်ငန်းစုဆိုင်ရာ အကြီးအကဲ ရစ်ချက်ယူက ဖုန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    မနေ့က ဘာစီလိုနာမှာ စတင်ပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းပွဲတော် Mobile World Congress မှာ ဟွာဝေးက Mate X ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ Samsung က သူတို့ရဲ့ ပထမဆုံး Touch Screen ခေါက်ဖုန်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီ Huawei ကလည်း ဒီလို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

    ဆမ်ဆောင်းရဲ့ Galaxy Fold ဟာ ကန်ဒေါ်လာ ၂၀၀၀ ၀န်းကျင်သာ ကျသင့်မှာဖြစ်ပေမယ့် ဟွာဝေးရဲ့ Mate X ကတော့ ဒေါ်လာ ၂၆၀၀ လောက်ကျသင့်မှာပါ။ Galaxy Fold နဲ့ မတူတာက Mate X ဟာ ခေါက်ထားမယ်ဆိုရင် စခရင်ကို နှစ်ဖက်စလုံး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    Mate X ကို ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ ဖြန့်ချီမှာဖြစ်ပြီး ယူက သူတို့ဖုန်းဟာ ၁ ဂီဂါဘိုက်ရှိတဲ့ ရုပ်ရှင်တစ်ကားကို ၃ စက္ကန့်အတွင်း ဒေါင်းလုပ်ဆွဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ကမ္ဘာ့ 5G ကွန်ယက်ကို ဦးဆောင် ဖန်တီးနေပါတယ်။ ဒါပေမယ့် အမေရိကန်က ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

    Ref: CNA