News @ M-Media

Author: Ko Lay

  • အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မြို့တစ်မြို့က ဟိန္ဒူဘုရားပွဲမှာ အစာအဆိပ်သင့်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၉၀ ကျော်လောက် ဆေးရုံတင်ထားရပါတယ်။

    ကာရ်နာတာကာပြည်နယ် မိုင်ဆိုရီးမြို့ Kicchukatti Maramma ဘုရားပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကျောင်းကကျွေးတဲ့ အန္တရာယ်ကင်းထမင်းကို စားမိရာကနေ အစာအဆိပ်သင့်ကာ ဆေးရုံတင်ထားရတဲ့ လူ ၉၀ မှာ ၂၉ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    “အဆိပ်ရှိတဲ့အရာတစ်ချို့ ထမင်းနဲ့ရောသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ထမင်းနမူနာကို မှုခင်းဆေးအဖွဲ့ဆီပို့ပြီး စစ်ဆေးခိုင်းထားပါတယ်” လို့ ခရိုင်တာဝန်ရှိသူ ကေ အိခ်ျ ပရာဆဒ်က ပြောကြားခဲ့ပါတယ်။

    ထမင်းစားသူတွေဟာ ပျို့အန်တာ၊ ၀မ်းလျှောတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

    ပြည်နယ်ဝန်ကြီးချုပ်က ဒီအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံစားရတဲ့ မိသားစုတစ်ခုစီကို ရူပီး ၅ သိန်း (ကန်ဒေါ်လာ ၇၀၀၀ ခန့်) ထောက်ပံ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယက ဘာသာရေးပွဲတော်တွေမှာ လူတွေအလွန်များပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အနောက် ဘန်ဂေါလ်ပြည်နယ်က ဘုရားပွဲတစ်ခုမှာ လူစုပြုံတိုးဝှေ့မှုကြောင့် အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ် အူတာပရာဒက်ရှ်ပြည်နယ်က ဘုရားပွဲမှာလည်း အဲဒီလို လူ စုပြုံတိုးဝှေ့မှုကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Khaleej Times

  • IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – ၂၀၁၈-၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ခန့်မှန်းချက်ဟာ ကျဆင်းသွားခဲ့ပြီး အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုစွဲဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    IMF က မြန်မာနိုင်ငံရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် GDP တိုးတက်မှုနှုန်းဟာ ၆.၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၁၇-၁၈ GDP ခန့်မှန်းချက် ၆.၈ ရာခိုင်နှုန်းထက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ World Bank ကလည်း ၂၀၁၈-၁၉ မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၆.၂ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

    ဒီခန့်မှန်းချက်တွေဟာ အခုနှစ်အစောပိုင်းက ခန့်မှန်းချက်တွေထက် ပိုမို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီလို ခန့်မှန်းချက် လျော့ကျသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ ကမ္ဘာ့စီးပွားရေး အခြေအနေမဟန်တာ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျသွားတာ၊
    ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ ၀ယ်ယူသုံးစွမှုအား ကျဆင်းတာတွေလည်း ပါဝင်ပါတယ်။

    IMF နဲ့ World Bank တို့က မြန်မာအစိုးအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဖို့၊ အခြေခံအဆောက်အဦးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဘက်ဂျက်ကို ထိထိရောက်ရောက်အသုံးချပြီး၊ အကျိုးအမြတ် များများရအောင်ရှာမယ်။ အခြေခံအဆောက်အဦးပိုင်းနဲ့ လူသားအရင်းအမြစ်ပိုင်းကို မြှင့်တင်ပြီး ရင်းနှီးမြှပ်နှံမှု ပိုများများနဲ့ ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းကို အကောင်အထည်ဖော်နိုင်မှ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဆက်လက် ကောင်းမွန်မှာဖြစ်ပါတယ်” လို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဒီဇင်ဘာ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့တဲ့ IMF အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာနာကာ ဂျေ ပီရစ်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရှည်ကြာနေတဲ့ ပြဿနာနဲ့ ကုန်သွယ်မှု အခွင့်ရေးတွေ နည်းသွားတာက ငွေကြေးထောက်ပံ့မယ့်သူတွေ၊ ရင်းနှီးမြှုပ်နှံမှုသူတွေကို လျှော့ကျစေတာကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးတာ၊ အလုပ်လက်မဲ့ဖြစ်တာတွေကို ဦးတည်သွားစေတယ်လို့လည် သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    World Bank က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar Economic Monitor အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှု၊ ကျပ်ငွေ ငွေကြေးဖောင်းပွမှုဟာ သြဂုတ်လမှာ ၂ နှစ်အတွင်း အမြင့်ဆုံး ရောက်သွားမှုတွေကို ထောက်ပြထားပြီး၊ အစိုးရရဲ့ ဘက်ဂျက်နည်းပါးမှုကလည်း နိုင်ငံစီးပွားရေး နှောင့်နှေးရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ ရှိနေတဲ့အချိန် အစိုးရရဲ့ ငွေကြေးသုံးစွဲမှု မြင့်တက်ဖို့ ရှိနေတာက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လို အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ တရုတ်ရဲ့ Belt and Road စီမံကိန်းအောက်က စီမံကိန်းတွေကြောင့်လည်း ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ GDP တိုးတက်လာလိမ့်မယ်လို့ World Bank က ဆိုပါတယ်။

    Ref: Frontier Myanmar

  • ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – BBC က ရွေးချယ်တဲ့ တစ်နှစ်တာ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ မဒ်ဟီ ဘီနာတီယာ၊ ကာလီဒူ ကူလီဘလီ၊ ဆာဒီယိုမာနေးနဲ့ သောမတ်စ် ပါတေးတို့ကို ကျော်ဖြတ် ရရှိခဲ့တာဖြစ်ပြီး၊ ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

    “ဒီနှစ်မှာ ထပ်ရတဲ့အတွက် တော်တော်လေး ပျော်ရွှင်မိပါတယ်။ နောက်နှစ်လည်း ဒီလိုပဲ ဆက်ရချင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၄၄ ဂိုး သွင်းပေးခဲ့သလို၊ ၂၀၁၈ ခုနှစ်
    ကမ္ဘာဖလားမှာလည်း အီဂျစ်အသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

    “၂၀၁၈ ခုနှစ်မှ အချိန်ကောင်းတွေ တော်တော်များများ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရိုးမားနဲ့ ပထမအကျော့ပွဲဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဂိုးတွေသွင်းပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးနားရောက်အောင် အသင်းကို ကူညီပေးနိုင်ခဲ့တယ်။ တော်တော်လေးကို ပျော်ရွှင်စရာ ကောင်းပါတယ်” လို့ ဆာလာဟ်က ပြောပါတယ်။

    ၂၀၁၉ ခုနှစ်မှာတော့ အသင်းနဲ့အတူ ဆုတံဆိပ်တစ်ခုခုရချင်ပြီး အားလုံး စိတ်အားထက်သန်နေကြတယ်လို့လည်း ဆိုပါတယ်။ အခုနှစ် ဘီဘီစီရဲ့ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ရွေးချယ်မှုမှာ မဲပေးသူ ၆ သိန်း ၅ သောင်းလောက် ရရှိခဲ့ပြီး ဒီဆုအတွက် စံချိန်တင်အရေအတွက်လည်း ဖြစ်ပါတယ်။

    နိုက်ဂျီရီးယားကစားသမား ဂျေဂျေအိုကိုချာနောက်ပိုင်း ဆာလာဟ်ဟာ ဒီဆုကို ၂ ကြိမ်ဆက်ရတဲ့ ပထမဆုံး ကစားသမားလည်း  ဖြစ်ပါတယ်။

    Ref: BBC

  • ဂါနာတက္ကသိုလ်မှ ဂန္ဒီရုပ်တု ဖြိုချခံရ၊ ဂန္ဒီမှာ လူမျိုးရေးစော်ကားသူဟု စွပ်စွဲ

    ဂါနာတက္ကသိုလ်မှ ဂန္ဒီရုပ်တု ဖြိုချခံရ၊ ဂန္ဒီမှာ လူမျိုးရေးစော်ကားသူဟု စွပ်စွဲ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – ဂါနာနိုင်ငံက ဂုဏ်သိက္ခာအကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ‘ဂါနာတက္ကသိုလ်’ မှာ စိုက်ထူထားတဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ ရုပ်ထုကို  ကျောင်းသားတွေနဲ့ ဆရာတွေက ဖြိုချလိုက်ပြီး လူမည်းတွေကို စော်ကားတဲ့ ခေါင်းဆောင်မျိုးကို ဂုဏ်ပြုဖို့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။

    အဲဒီရုပ်တုကို လွန်ခဲ့တဲ့ ၂ နှစ် အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၂ နိုင်ငံ ဆက်ဆံရေးရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် တက္ကသိုလ် ပါမောက္ခတွေက ဂန္ဒီဟာ တစ်ချိန်တုန်းက လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်တဲ့ ‘kaffir’ ဆိုတဲ့အသုံးအနှုန်းကို သုံးနှုန်းခဲ့ဖူးပြီး၊ အိန္ဒိယသားတွေဟာ အာဖရိကသားတွေထက် ပိုမိုမြင့်မြတ်တယ်လို့ ပုံဖော်ခဲ့ဖူးတဲ့အတွက် ဒီရုပ်တုကို ဖယ်ရှားပေးဖို့ ဂါနာအစိုးရကို စာရေးသား တောင်းဆိုခဲ့ပါတယ်။

    မဟတ္တမဂန္ဒီဟာ တောင်အာဖရိကမှာ နေထိုင်ခဲ့ဖူးပြီး အိန္ဒိယက လွတ်လပ်ရေးလှုပ်ရှားသူတွေထံ ပေးပို့တဲ့စာမှာ လူမည်းတွေကို စော်ကားနှိမ့်ချတဲ့ အသုံးအနှုန်းတွေ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    “ဥရောပသားတွေက ကျုပ်တို့ကို နှိမ်ဖို့ ကြိုစားတာကို ကျုပ်တို့က စဉ်ဆက်မပြတ် တွန်းလှန်ခဲ့ကြတာ။ အမဲလိုက်တဲ့အလုပ်သာ လုပ်တတ်ပြီး၊ မိန်းမယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွဲနွားတွေစု၊ အ၀တ်မ၀တ်ဘဲ အပျင်းထူရင်းသာ ဘ၀ကို ကုန်ဆုံးတတ်ကြတဲ့ ငမည်းတွေ (Kaffir) ကို နှိမ်သလိုမျိုး ကျုပ်တို့ကို ဒီကောင်တွေ နှိမ်ချင်တာ” လို့ ဂန္ဒီရဲ့ စာတစ်စောင်မှာ ရေးသားထားပါတယ်။

    ဂါနာတက္ကသိုလ်က ဂန္ဒီရုပ်ထုကို အင်္ဂါနေ့ညပိုင်းမှာ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဝန်ထမ်းတွေက ဖြိုချခဲ့တာ ဖြစ်ပါတယ်။

    “ကိုယ့်လူမျိုးကို ကိုယ်က ပြန်နှိမ့်ချတဲ့အလုပ်မျိုး လုပ်မယ်၊ ကိုယ့်လူမျိုးရဲ့ သူရဲကောင်းတွေကို ဂုဏ်မပြုဘဲ ကျွန်တော်တို့ကို မလေးစားတဲ့ တစ်ခြားခေါင်းဆောင်တွေကို ဂုဏ်ပြုမယ်ဆိုရင် ဒါဟာ ပြဿနာပါ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ ကိုယ်တိုင်က မလေးစားဘူးဆိုရင် ကမ္ဘာကလည်း ဘယ်လေးစားပါ့မလဲ။ အခုလိုဖြိုချလိုက်ခြင်းဟာ လူမည်းတွေရဲ့ ဂုဏ်သိက္ခာ၊ လေးစားမှုကို အဖတ်ဆယ်လိုက်တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြီးဆုံးသွားပါပြီ” လို့ အာဖရိကရေးရာ လေ့လာမှုဌာနက တာဝန်ရှိသူ အိုဘာဒီလီ ကမ်ဘွန်က ပြောကြားခဲ့ပါတယ်။

    တက္ကသိုလ်တာဝန်ရှိသူတွေက ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့တဲ့ ဂါနာနိုင်ငံခြားရေး ၀န်ကြီးဌာကနကလည်း ဒါဟာ တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မာလာဝီနိုင်ငံ မြို့တော် ဘလန်တိုင်ရီမှာ ဂန္ဒီရုပ်တု ထားရှိဖို့ စီစဉ်နေပြီး မာလာဝီပြည်သူတွေက ဂန္ဒီဟာ လူမည်းတွေအပေါ် လူမျိုးရေး စော်ကားပြောဆိုမှုတွေ ရှိတယ်လို့ဆိုကာ ဒီအစီအစဉ်ကို ကန့်ကွက်နေကြပါတယ်။

    Ref: Aljazera

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အစ္စရေးလက်ချက်ကြောင့် ဒဏ်ရာရသွားသည့် ပါလက်စတိုင်းတစ်ဦးကို ဆေးအဖွဲ့က သယ်ဆောင်လာစဉ်

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးလက်ချက်ကြောင့် ၂ ရက်အတွင်း လူ ၅ ဦး သေဆုံး
    =====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ မနေ့ကပြုလုပ်တဲ့ ကျူးကျော်မှု ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ရာမာလာက အစ္စရေးရဲ့ တရားမ၀င် ကျူးကျော်အိမ်ယာအနီးမှာ ပါလက်စတိုင်းတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် ကြာသာပတေးနေ့မှာ ရာမာလာကို အစ္စရေးက ပိတ်ဆို့ကာ စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ညနဲ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းတို့မှာလည်း အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်း ၄ ဦး သေဆုံးကာ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၀၀ လောက် အဖမ်းခံခဲ့ရပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာတည်ဆောက်မှုဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတွေက တားမြစ် ကန့်ကွက်ထားပေမယ့် အစ္စရေးက လိုက်နာခြင်း မရှိပါဘူး။ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

    ဆီးရီးယား ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့ရန် ကုလနှင့် အင်အားကြီးနိုင်ငံများ ဆွေးနွေးမည်
    ===================
    ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတာဖန် ဒီ မစ္စတူရာဟာ လာမယ့်တစ်ပတ်အစောပိုင်းမှာ အီရန်၊ ရုရှားနဲ့ တူရကီတို့က အဆင့်မြင့်အရာရှိတွေနဲ့ ဂျီနီဗာမှာ တွေ့ဆုံဖို့ရှိပြီး ဆီးရီးယားနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ် ပေါ်ထွက်လာဖို့ ဆွေးနွေးသွားမယ်လို့ မနေ့က ကုလကနေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ ကာဇက်စတန်မှာ ဆီးရီးယားက ပြည်တွင်းစစ်ဖြစ်နေတဲ့ နှစ်ဖက်အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးသူတွေ တွေ့ဆုံခဲ့ကြပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ပေါ်ထွက်လာဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ် ပြီးဆုံးနေရးအတွက် အခုနောက်ပိုင်း ဆွေးနွေးမှုတွေမှာ အီရန်၊ တူရကီနဲ့ ရုရှားတို့က အဓိကအခန်းကဏ္ဍတွေမှာ ပါဝင်လာပါတယ်။

    သီရိလင်္ကာတွင် ဖွဲ့စည်းပုံကိုကျော်လွန်၍ ၀န်ကြီးဖြစ်လာသည့် ရာဂျာပက်ဆာ ရာထူးမှ နှုတ်ထွက်မည်
    ===============
    သီရိလင်္ကာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ မာဟင်ဒါ ရာဂျာပက်ဆာက ဒီကနေ့မှာ ရာထူးကနေ ဆင်းတော့မယ်လို့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။ ရာဂျာပက်ဆာဟာ သမ္မတဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ အောက်တိုဘာလနှောင်းပိုင်းက ၀န်ကြီးချုပ် ရာနီးလ်ကို ထုတ်ပယ်ကာ ရာဂျာပက်ဆာကို ခန့်အပ်ခဲ့ပြီး ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရီဆီနာက လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ပါဘူး။ သီရိလင်္ကာမှာ အစိုးရစနစ် ရပ်ဆိုင်းခဲ့တာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး ရာဂျာပက်ဆာ နှုတ်ထွက်မှုက ဒီပြဿနာပြေလည်ဖို့အတွက် လမ်းစလည်း ဖြစ်ပါတယ်။

    ပိရစ်ကို မလေးမစားလုပ်မှုအတွက် လူ ၂ ဦးကို အီဂျစ်ဖမ်းဆီး
    =================
    ဒိန်းမတ် ဓာတ်ပုံဆရာတစ်ဦးက နာမည်ကျော် Giza ပိရမစ်အပေါ် တက်ရောက်မှု၊ အမျိုးသမီးတစ်ဦးကို အပေါ်ပိုင်းဗလာနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှုမှာ ဆက်နွယ်သူနှစ်ဦးကို အီဂျစ်အာဏာပိုင်တွေက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အီဂျစ်ပေါင် ၄၀၀၀ (၂၂၅ ဒေါ်လာ) ယူပြီး ပိရမစ်ကို ညဘက် လိုက်ပို့ပေးတဲ့ ကုလားအုပ်သမား၊ ဓာတ်ပုံဆရာနဲ့အဖွဲ့ကို ကုလားအုပ်သမားနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးတို့ ဖြစ်ပြီး သူတို့ကလည်း ဒီကိစ္စနဲ့ ဆက်နွယ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒီဗီဒီယိုဟာ အွန်လိုင်းစာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် အီဂျစ်ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ အီဂျစ်မှာ ပိရမစ်တွေပေါ် တက်တာကို တားမြစ်ထားပြီး၊ အရှက်ကင်းမဲ့တဲ့ပုံစံနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်တာကိုလည်း ပိတ်ပင်ထားပါတယ်။

    Ref: Aljazeera,Alarabiya, CNA