News @ M-Media
Author: Ko Lay
  • IS အကြမ်းဖက်အဖွဲ့ကြောင့် အီရတ်ရှိ ကျေးလက်ပြည်သူလူထု ဆိုးဆိုးရွားရွားထိခိုက်
    IS အကြမ်းဖက်အဖွဲ့ကြောင့် အီရတ်ရှိ ကျေးလက်ပြည်သူလူထု ဆိုးဆိုးရွားရွားထိခိုက်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အီရတ် ကျေးလက်ဒေသမြင်ကွင်း
    – IS အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ကြောင့် အီရတ်နိုင်ငံမှာ လူတွေ အများအပြား သေဆုံးတာအပါအ၀င် ကျေးလက်ဒေသက လူနေမှုဘ၀တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International အဖွဲ့က ဒီကနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    အီရတ်မှာ IS က ကျွဲနွားတွေကို လုယက်တာ၊ ဥယျာဉ်ခြံတွေကို မီးရှို့ဖျက်ဆီးတာ၊ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ၊ ရေပိုက်တွေ၊ လယ်ယာမြေတွေကို
    ဖျက်ဆီး ပစ်တာတွေကြောင့် ကျေးလက်ဒေသက လူတွေ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်တွေကို  စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်သင့်တယ်လို့လည်း AI က ပြောကြားခဲ့ပါတယ်။
    အီရတ်ရဲ့ လယ်ယာထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ ကျွဲနွားတွေရဲ့ ၇၅ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။
    AI က ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက် ပီယာဟောက်စ်က IS ရဲ့လက်ချက်ကြောင့် ကျေးလက်ဒေသတွေမှာ ပျက်ဆီးဆုံးရှုံးမှုဟာ ပြည်သူတွေအပေါ် ပိုမိုရိုက်ခတ်မှုရှိနေပြီး အစိုးရကလည်း ဒါကို လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “IS ဟာ အီရတ်နိုင်ငံရဲ့ ကျေးလက်ဒေသကို တမင် ရည်ရွယ်ပြီးကို ဖျက်ဆီးခဲ့တာပါ”
    နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့ (IOM) ရဲ့ အီရတ်မှာရှိတဲ့ရုံးက ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုရဲ့ အဓိကအကြောင်းအရင်းက အိမ်ယာတွေနဲ့ လယ်မြေတွေလို ပိုင်ဆိုင်မှုတွေ ပျက်ဆီးဆုံးရှုံးရတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “သိန်းနဲ့ချီတဲ့ အီရတ် မိသားစုတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀မှာပဲ ဆက်ရှိနေပြီး အိမ်ပြန်လာဖို့အတွက် ဆိုးရွားတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ အိုးအိမ်စွန့်ခွာရသူတွေ၊ ပြန်လာတဲ့သူတွေ အားလုံးဟာ ချို့တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းဘ၀တွေ ရှင်သန်ဖို့အတွက် အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်” လို့ အီရတ်ဆိုင်ရာ IOM ရဲ့ အကြီးအကဲ ဂါရဒ်ဝေတီက ပြောကြားခဲ့ပါတယ်။
    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ ဒုတိယမြို့တော် မူဆိုးလ်အပါအ၀င် အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို သိမ်းယူနိုင်ခဲ့ပြီး အစိုးရတပ်ဖွဲ့တွေက ၃ နှစ်ကြာ ပြန်လည်တိုက်ယူခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံတစ်ဝှမ်း ပျောက်ကြားတိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲတာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
    Ref : VOA
  • ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်
    ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    – ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံ ၇ နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက် မနေ့က ဆော်ဒီမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပါတယ်။
    အီဂျစ်၊ ဒီဘူတီ၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဂျော်ဒန်နဲ့ ဆော်ဒီနိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ ရီယာ့ဒ်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတာပါ။ အဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတွေက ကျွမ်းကျင်သူတွေဟာ နောက်ပိုင်း ကိုင်ရိုမှာ အသေးစိတ်ဆွေးနွေးမှုတွေလည်း လုပ်ဖို့ရှိနေပါတယ်။
    “ဒီအဖွဲ့ဟာ မိမိတို့နိုင်ငံနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ဒေသတည်ငြိမ်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအကြား စုပေါင်းအင်အားတစ်ခု ပေါ်ပေါက်လာဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဒေသက နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးမှု ပိုမိုလုပ်နိုင်လေလေ၊ အပြင်က မလိုလားအပ်တဲ့ လွှမ်းမိုးမှုတွေ လျှော့ကျလေလေပါပဲ” လို့ ဆွေးနွေးပွဲအပြီးမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ်က ပြောကြားခဲ့ပါတယ်။
    မနေ့က ဆွေးနွေးပွဲမှာ အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံတွေ ပါဝင်ခြင်း မရှိခဲ့ပါဘူး။
    ဥရောပ၊ အမေရိကန်နဲ့ အာရှဒေသကို ရေနံတင်ပို့ရာမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ အလ်-မန်ဒဘ်ရေလက်ကြားဟာ ပင်လယ်နီမှာ ရှိတာဖြစ်ပါတယ်။
    အလ်-ဂျူဘိုင်းရ်က အစည်းအဝေးအတွင်း ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    အစည်းအဝေးမှာ ဆော်ဒီက ဒေသအတွင်း လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေကို ချပြခဲ့ပြီး အဲဒီအထဲမှာ အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ဆောင်ရွက်မယ့် ကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန် စီးပွားရေးဇုန်နဲ့ ဇိမ်ခံခရီးသွားလုပ်ငန်း စီမံကိန်းလည်း ပါဝင်ပါတယ်။
    Ref: Arab News
  • အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်
    အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    ဖခင်ဖြစ်သူကို လိမ်လည်မှုဖြင့်တိုင်ကြားခဲ့သည့် ဟာနီဖာ
    – အိမ်သာဆောက်ပေးမယ်လို့ ကတိပေးပြီး အမှန်တကယ် မဆောက်ပေးတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ် သမီးဖြစ်သူက လိမ်လဲမှုနဲ့ ရဲစခန်းတိုင်ကြားမှုတစ်ခု အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံမှာ အိမ်သာမသုံးရသူ တော်တော်များများ ရှိနေပြီး ပြည်သူ သန်း ၅၀၀ နီးပါးက ဟင်းလင်းပြင်မှာ အပေါ့အလေး စွန့်နေရတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးပေမယ့် အသုံးမပြုတာတွေလည်း ရှိနေပါတယ်။
    တမီလ်နာဒူးပြည်နယ် အမ်ဘူရ်မြို့မှာနေထိုင်တဲ့ အသက် ၇ နှစ်အရွယ် သမီးငယ် ဟာနီဖာက အိမ်နီးချင်းတွေမှာ အိမ်သာတွေ ရှိနေတဲ့အတွက် ဖခင်ဖြစ်သူကို အိမ်သာဆောက်ပေဖို့ ကတိတောင်းခဲ့တာ ဖြစ်ပါတယ်။
    “အိမ်အပြင်ထွက်ပြီး အပေါ့အလေးစွန့်ရမှာ သမီးရှက်တယ်။ လူတွေက သမီးကို ကြည့်သွားတာမျိုးကို မကြိုက်ဘူး” လို့ ဟာနီဖာက ပြောကြားခဲ့ပြီး လဟာပြင်မှာ အပေါ့အလေးစွန့်ခြင်းရဲ့ ဆိုးကျိုးကို ကျောင်းမှာ သင်ကြားရတာဟာ ဖခင်ကို အိမ်သာဆောက်ပေးဖို့ ပူဆာမှု နောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။
    အတန်းထဲမှာ အဆင့် ၁ ရရင် အိမ်သာဆောက်ပေးမယ်လို့ ဖခင်ဖြစ်သူက ကတိပေးခဲ့ပေမယ့် အဲဒီကတိကို မတည်ဘူးလို့ ဟာနီဖာက ဆိုပါတယ်။
    “ငယ်ငယ်လေးကတည်းက သမီး အတန်းထဲမှာ အမြဲ ပထမရတယ်။ အခုဆိုရင် ၂ တန်းတောင်ရောက်နေပြီး။ အဖေက ဆောက်ပေးမယ်လို့ပဲ ပြောနေတုန်း။ ဒါဟာ လိမ်လည်မှုတစ်မျိုးပါ။ ဒါ့ကြောင့် အဖေ့ကို ဖမ်းပေးပါ” လို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာမှာ ရေးသားခဲ့ပါတယ်။
    ဖမ်းမပေးနိုင်ဘူးဆိုရင် ဘယ်အချိန်မှာ အိမ်သာဆောက်ပေးမလဲဆိုတဲ့ စာချုပ်ရေးပြီး လက်မှတ်ထိုးခိုင်းဖို့လည်း ဟာနီဖာက တောင်းဆိုခဲ့ပါတယ်။
    ဖခင်ဖြစ်သူ အာဆာနွလ္လာဟ်က လက်ရှိမှာ အလုပ်မရှိဘဲ ၀င်ငွေမရှိတဲ့အတွက် အိမ်သာမဆောက်ပေးနိုင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အချိန်ထပ်ပေးဖို့ သမီးကို ကျွန်တော် ပြောတယ်။ ဒါပေမယ့် ကတိဖျက်တယ်ဆိုပြီး သူက ကျွန်တော့်ကို စကားမပြောတော့ဘူး”
    ဟာနီဖာက ဖခင်ဖြစ်သူဟာ သူ့ကို ကတိပေးပြီး အကြောင်းအမျိုးမျိုးပြ ကတိဖျက်တာ များနေတဲ့အတွက် ရဲတိုင်ရတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: BBC
  • ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အလ်-၀ါကီလ်
    – ယေရှုခရစ်တော်ကို လှောင်ပြောင်တဲ့ ကာတွန်းကို ဖော်ပြခဲ့တဲ့ သတင်းဝဘ်ဆိုက်တစ်ခုရဲ့ အယ်ဒီတာကို ဂျော်ဒန်က အခုတစ်ပတ်အစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်မယ့် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။
    ဖမ်းဆီးခံထားရသူဟာ မိုဟာမက် အလ်-၀ါကီလ်ဆိုသူဖြစ်ပြီး Al Wakeel သတင်းဝဘ်ဆိုက်ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
    ခရစ်တော် ကားစင်မတင်ခံရမီ သူ့ရဲ့ ပရောဖက်တွေနဲ့ နောက်ဆုံးညစာစားမှုကို ဖော်ကျူးရေးဆွဲထားတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ The Last Supper ပန်းချီကားကို လှောင်ပြောင်တဲ့ ကာတွန်းတစ်ခုကို Al Wakeel သတင်းဆိုက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှင့်တင်ခဲ့တာပါ။
    ဒီပုံကြောင့် ဂျော်ဒန်နိုင်ငံက ဆိုရှယ်မီဒီယာရပ်ဝန်းမှာ ဝေဖန်သံတွေညံခဲ့ပါတယ်။ ဒါ့ကြောင့် ၀ါကီလ်က ပြန်တောင်းပန်ခဲ့ပြီး ဒီပုံကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။
    နောက်ပိုင်းမှာ ဂျော်ဒန်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇ၀တ်မှုဌာနက သူ့ကို ဆင့်ခေါ်မေးမြန်းကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    ဂျော်ဒန်နိုင်ငံရဲ့ ၆.၆ သန်းသော လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်အရေအတွက်က ၆ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။
    Ref: Alarabiya
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အယုံအကြည်မရှိအဆိုကို ကျော်ဖြတ်နိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ
    အယုံအကြည်မရှိအဆိုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကျော်ဖြတ်နိုင်
    =================
    ကနေဒါသံတမန်ဟောင်းကို ဖမ်းဆီးထားသည့် တရုတ်က နောက်ထပ် ကနေဒါတစ်ဦးကို စစ်ဆေးမေးမြန်းနေ
    ===================
    ကနေဒါသံတမန်ဟောင်း မီခေးလ် ကိုဗရစ်ကို ဖမ်းဆီးထားတဲ့ တရုတ်အစိုးရဟာ နောက်ထပ် ကနေဒါနိုင်ငံသားတစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာပြီး အခုတစ်ပတ် အစောပိုင်းမှာ ကိုဗရစ်ကို တရုတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက နောက်ထပ် စစ်ဆေးမေးမြန်းနေသူဟာ ဘယ်သူလဲ ဆိုတာကိုတော့ ဖရီးလန်းက မပြောခဲ့ဘဲ လက်ရှိ အဲဒီသူဟာ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးကြောင်း၊ တရုတ်အာဏာပိုင်တွေကို ဒီကိစ္စအတွက် ပြောဆိုထားကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားရှိ မီးပန်းဆိုင်တစ်ခု မီးလောင်မှုကြောင့် ၆ ဦးသေဆုံး
    ===================
    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အီပိုးမြို့က မီးပန်းဆိုင်တစ်ဆိုင်မှာ မီးပန်းတွေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဆိုင်ရှင်အပါအ၀င် လူ ၆ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။ မီးပန်းဆိုင်တည်ရှိရာ ၂ ထပ်အဆောက်အဦးတစ်ခုလုံး မီးလောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ၅ ဦးက အချိန်ပိုင်းအလုပ် လာလုပ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ပိုင်ရှင်ဟာ လိုင်စင်မရှိဘဲ ဒီလုပ်ငန်းကို
    လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA