News @ M-Media

Author: Ko Lay

  • ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာမြေပြင်ကို စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ်ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျက ပြီးခဲ့တဲ့တစ်ပတ်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Sat 5a နဲ့ Saudi Sat5b လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျရဲ့ တိကျမှုမြင့်မားတဲ့ အဝေးထိန်း ဂြိုဟ်တု ဒုတိယမျိုးဆက် ဖြစ်ပြီး ‘ကင်းအဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော်’ (KACST) ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ ဂျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာရဲ့ ပတ်လမ်းအနိမ့်တွေကနေ အရည်အသွေးမြင့် ပုံရိပ်တွေကို ရိုက်ကူးကာ ဆော်ဒီအစိုးရဌာနတွေဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီပုံတွေဟာ မြို့ပြစီမံကိန်းတွေအတွက် အသုံးဝင်မှာဖြစ်သလို ကမ္ဘာမြေပြင်ပေါ်က လှုပ်ရှားပြောင်းလဲမှုတွေကို စောင့်ကြည့်ရာမှာလည်း အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။

    လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာရေးဆိုတဲ့ တရုတ်ရဲ့ Chang’e စီမံကိန်းနဲ့ပူးပေါင်းကာ KACST ဟာ ဂြိုဟ်တု ၁၃ ခု လွှတ်တင်ထားပြီး မြေပြင်နဲ့ ရေပြင် စောင့်ကြည့်ရေးစနစ်တွေအတွက် အသုံးပြုနေပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်း Vision2030 မှာ နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ နည်းပညာတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ဂြိုဟ်တုတည်ဆောက်ရေးလို အဆင့်မြင့်နည်းပညာကဏ္ဍအတွက် ဆော်ဒီလူငယ်တွေကို ပံ့ပိုးပေးရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။

    Ref: Arab News

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    အခွန်တက်မည့်ကိစ္စ ပြည်သူကျေနပ်အောင် လုပ်ပေးမည်ဟု ပြင်သစ်သမ္မတပြော
    =========================
    လာမယ့်နှစ်ကစပြီး လစာတိုးတာ၊ အငြိမ်းစားတွေရဲ့ အခွန်မြှင့်တင်ဖို့ စီစဉ်မှုကို ဖျက်သိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ကြေငြာလိုက်ပြီး ကြပ်တည်းမှု ပြဿနာတွေကြောင့် ၄ ပတ်တာ ကြာမြင့်နေတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို အဆုံးသတ်ဖို့ကြိုးစားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားမှုတစ်ချို့ဟာ ပြည်သူတွေကို ထိခိုက်နာကျင်စေခဲ့တယ်လို့ မာခရွန်က ၀န်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကိုတော့ ဆက်လက်
    လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မြို့တော်ပဲရစ်က ဆန္ဒပြမှုတွေကြောင့် ပြင်သစ်စီးပွားရေးမှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

    1MDB ကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း ထပ်အဖမ်းခံရ
    ======================
    ဒေါ်လာ သန်းရာချီ ပျောက်ဆုံးခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) ရဲ့ စာရင်းအင်း ထုတ်ပြန်ချက်ကို ပြင်ဆင်မှုအတွက် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ 1MDB ကုမ္ပဏီရဲ့ စာရင်းတွေကို စစ်ဆေးပြီးတဲ့နောက် ထုတ်ပြန်ချက်မှာ တစ်ချို့အချက်တွေကို ဖြုတ်ထားခဲ့ပြီး ဒီကိစ္စကို နာဂျစ်သိခဲ့တယ်လို့ မလေးရှား စာရင်းစစ်ချုပ် မဒီနာ မိုဟာမက်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ
    ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို လာရောက် ထွက်ဆိုစဉ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ နာဂျစ်နဲ့ 1MDB ဥက္ကဌဟောင်း အေရူလ် ကန်ဒါတို့ကို ဗုဒ္ဓဟူးနေ့မှာ အစိုးရက တရားစွဲမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ဟာ လက်ရှိခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

    IS ကို တိုက်ထုတ်နိုင်သည့် တစ်နှစ်ပြည့်အခမ်းအနား အီရတ်တွင်ကျင်းပ
    =====================
    IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့တဲ့ တစ်နှစ်ပြည့်အခမ်းအနားကို မနေ့က အီရတ်နိုင်ငံတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး IS အကြမ်းဖက်အဖွဲ့ဟာ ဒုတိယမြို့တော် မူဆိုးလ် အပါအ၀င် အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို သိမ်းယူခဲ့ပါတယ်။ အီရတ်အစိုးရဟာ ဒီနယ်မြေတွေကို ပြန်ရဖို့အတွက် ၃ နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အီရတ်အစိုးရက အမျိုးသားနေ့အဖြစ် ကြေငြာခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ဟာ လက်ရှိ အီရတ်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

    ဟောင်ကောင်တွင် ဘတ်စ်ကား ဆင်ခြေလျှောမှ ထိုးဆင်းမှုကြောင့် ၄ ဦးသေဆုံး
    =======================
    ဟောင်ကောင်မှာ မနေ့က ဘတ်စ်ကားတစ်စီး ဆင်ခြေလျှောကနေ ထိုးဆင်းသွားပြီး လမ်းသွားလမ်းလာတွေကို တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကားမောင်းသူ ဆင်းလာပြီးတဲ့နောက်မှာ ကားက အနိမ့်ပိုင်းကို လိမ့်ဆင်းသွားတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဒရိုင်ဘာဟာ hand break ဆွဲဖို့ မေ့သွားတာ၊ ဒါမှမဟုတ် သေချာမဆွဲခဲ့တာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၇၀ ကျော်အရွယ် အဖိုး ၂ ဦးနဲ့ အဖွားနှစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ကားဒရိုင်ဘာလည်း ပါဝင်ပါတယ်။

    Ref: Aljazeera, CNA, Arab News

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းတွင် သေနတ်ပစ်ခေတ်မှုဖြစ်
    ====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတစ်ခုအနီး ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ လူတွေကို ပါလက်စတိုင်းတစ်ဦးက ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အစ္စရေးအခြေချအိမ်ယာမှာ နေထိုင်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့ပိုင်နက်ကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်မှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေဟာ အဲဒီအိမ်ယာတွေ၊ အိမ်ယာမှာနေထိုင်သူတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အစ္စရေးစစ်တပ်က မနေ့က တိုက်ခိုက်မှုမှာ ပါဝင်သူကို ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ပြည်တွင်းရေးကို ၀င်မစွက်ရန် ထရမ့်ကို ပြင်သစ် သတိပေး
    =====================
    အမေရိကန်ရဲ့ နိုင်ငံရေးကို ပြင်သစ်က ၀င်မရှုပ်တဲ့အတွက် ပြင်သစ်နိုင်ငံရေးကို အမေရိကန်က ၀င်ရှုပ်တာလည်း မကြိုက်ဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အခွန်မြင့်တက်မှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆန္ဒပြမှုဟာ ၄ ပတ်တိုင်လာခဲ့ပြီး ခဲတွေနဲ့ပစ်ပေါက်တာ၊ ကားတွေမီးရှို့တာ၊ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖျက်ဆီးတာတွေလည်း ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရပေါ်လစီကို လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခုကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  Jean-Yves Le Drian က အဲဒီရေးသားမှုမှာ ထရမ့်အသုံးပြုခဲ့တဲ့ဓာတ်ပုံဟာ ပြင်သစ်ကဓာတ်ပုံမဟုတ်ဘဲ လွန်ခဲ့တဲ့လအနည်းငယ်က လန်ဒန်မှာဖြစ်ခဲ့တဲ့ ဓာတ်ပုံဖြစ်ကြောင်း၊ ထရမ့်ရဲ့ရေးသားမှုကို ရှုတ်ချကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခြစားမှုကို တိုက်ဖျက်မှ အာဏာဆက်ရှိမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ===============
    ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် ခြစားမှုကင်းရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ ညစာစားပွဲမှာ သူဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ကို တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံပါတီတွေ ပေါင်းစည်းထားတဲ့ PH ဟာ အခုနှစ်ဇွန်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မဟာသီက ဒီလိုအနိုင်ရမှုဟာ ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ ပြောကြားခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ ဒီကိစ္စကို ဆက်မလုပ်တော့ဘူးဆိုရင် သူဦးဆောင်နေလည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ စီးပွားရေး ပြန်လည်ထူထောင်လာအောင် လုပ်ဆောင်နေပြီး မဟာသီက ဒီအကျိုးကျေးဇူးတွေကို လာမယ့်နှစ်မှာ ခံစားရမယ်လို့ ဆိုပါတယ်။

    ဂျာနယ်လစ်အသတ်ခံရမှုကိစ္စအတွက် သံသယရှိသူများကို ဆော်ဒီက တူရကီထံ လွှဲပေးမည် မဟုတ်
    ===================
    အောက်တိုဘာလအတွင်းက အစ္စဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် တူရကီက ဖမ်းဝရမ်းထုတ်ထားသူတွေကို လွှဲပြောင်းပေးသွားမှာ မဟုတ်ဘူးလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီ ထောက်လှမ်းရေးအကြီးအကဲဟောင်း အဟ်မဒ် အလ်-အက်ဆရီနဲ့ ဆော်ဒီတော်ဝင်မိသားစုအကြံပး အာအွဒ် အလ်- ကာတာနီတို့ကို တူရကီက ဗုဒ္ဓဟူးနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အက်ဆရီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အနီးကပ်လူယုံဖြစ်ပြီး သူ့ရဲ့ တံးခါးပိတ်အစည်းအဝေးတွေမှာ အမြဲတမ်း
    ပါဝင်ခွင့်ရခဲ့ပါတယ်။ အလ်-ဂျူဘီရ်က တူရကီထံကနေ အထောက်အထားတွေ တောင်းထားပေမယ့် ရသင့်ရထိုက်တဲ့ လမ်းကြောင်းကနေ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera,CNA

  • ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးမှုကိစ္စ ဆိုးကျိုးရင်ဆိုင်ရမည်ဟု ကနေဒါကို တရုတ်သတိပေး

    ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးမှုကိစ္စ ဆိုးကျိုးရင်ဆိုင်ရမည်ဟု ကနေဒါကို တရုတ်သတိပေး

    ဒီဇင်ဘာ ၉၊ ၂၀၁၈
    M-Media

    – တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ မန်ဝေကျိုးကို လွှတ်မပေးဘူးဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေနဲ့ ကြုံတွေ့ရမယ်လို့ တရုတ်က ကနေဒါကို သတိပေးလိုက်ပါတယ်။

    ဟွာဝေးကုမ္ပဏီကို တည်ထောင်သူရဲ့ သမီးလည်းဖြစ်တဲ့ မန်ဝေကျိုးဟာ ဒီဇင်ဘာ ၁ ရက်နေ့က ဗန်ကူးဗားမှာ လေယာဉ်ပြောင်းစီးစဉ် ကနေဒါအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

    စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အီရန်ကို ပစ္စည်းကိရိယာတွေရောင်းဖို့ကြိုးစားတဲ့ ကုမ္ပဏီတစ်ခုနဲ့ ဟွာဝေးရဲ့ ဆက်နွယ်မှုကို အသက် ၄၆ နှစ်အရွယ် မန်က ဖုံးကွယ်ဖို့ ကြိုးစားတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး ကနေဒါကလည်း အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် မန်ကို ဖမ်းဆီးပေးလိုက်တာ ဖြစ်ပါတယ်။

    လက်ရှိမှာ ကနေဒါက မန်ကို အမေရိကန်လွှဲပြောင်းပေးဖို့ စီစဉ်နေပြီး တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုနဲ့ တရားစွဲဆိုခံရာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၃၀ လောက် ကျခံရနိုင်ပါတယ်။

    တရုတ် ဒုတိယနိုင်ငံခြားရေ၀န်ကြီး လီယူချန်က ကနေဒါရဲ့ ဒီလိုဖမ်းဆီးမှုဟာ မန်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး၊ တော်တော်လေးကို ရိုင်းစိုင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မန်ဝေကျိုးကို သောကြာနေ့မှာ ရုံးထုတ်ခဲ့ပေမယ့် ၆ နာရီကြာ ကြားနာမှုအတွင်း အမေရိကန်ကို လွှဲပြောင်းပေးရေးကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဖက်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာနိုင်လားလို့ သောကြာနေ့က သတင်းထောက်တွေ မေးမြန်းရာမှာ ကနေဒါဝန်ကြီးချုပ် ထရူဒူက သူတို့အစိုးရဟာ တရုတ်အစိုးရနဲ့ တော်တော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးအရေအတွက် ၇ ထောင်ကျော် ရှိလာ

    တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးအရေအတွက် ၇ ထောင်ကျော် ရှိလာ

    ဒီဇင်ဘာ ၉၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံက အမျိုးသမီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် မြန်မာနိုင်ငံက အမျိုးသမီးထောင်ချီ လူကုန်ကူးခံနေရပြီး၊ တစ်ဆင့်တစ်ဆင့် ရာင်းစားခံရတာတွေလည်း ရှိနေတယ်လို့ Johns Hopkins Bloomberg School of Public Health က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆယ်စုနှစ်များစွာကြာ ရှိခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် တရုတ်နိုင်ငံမှာ အမျိုးသမီးအရေအတွက် ၃၃ သန်းလောက် လိုအပ်နေတာ ဖြစ်ပါတယ်။

    ဒီကွာဟချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကမ္ဘောဒီးယား၊ လာအိုနဲ့၊ မြန်မာနဲ့ ဗီယက်နမ်တို့က ဆင်းရဲတဲ့အမျိုးသမီးတွေဟာ ပစ်မှတ်ဖြစ်လာခဲ့ပြီး တရုတ်ဇနီးလုပ်ဖို့ ရောင်းစားခံရတာတွေလည်း ရှိလာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ Johns Hopkins Bloomberg School of Public Health က ပထမဆုံး လေ့လာပြီး သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီး ၇၅၀၀ လောက်ဟာ တရုတ်မယားအဖြစ် အဓမ္မ ရောင်းစားခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒီလိုရောင်းစားခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေ၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူတွေ၊ တရုတ်နိုင်ငံမှာ လက်ရှိ ရှိနေဆဲသူတွေကို လေ့လာမှုအတွင်းမှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံကနေ ရောင်းစားခံရတဲ့ အမျိုးသမီးအများစုဟာ သူတို့ ယောက်ျားတွေအတွက် ကိုယ်ဝန်ဆောင်ပေးဖို့ အဓမ္မ ဖိအားပေး ခံခဲ့ရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

    အစီရင်ခံစာကိုရေးသားသူ ဒဗလျူ ကော့လန်း ရော်ဘင်ဆင်က ‘ပဋိပက္ခ၊ ထွက်ပြေးရမှုနဲ့ ဆင်းရဲမွဲတေမှုတွေ’ ကြောင့် မြန်မာနိုင်ငံကအမျိုးသမီးတွေဟာ ထွက်ပြေးနေရပြီး၊ ‘တရုတ်နိုင်ငံ – အထူးသဖြင့် ကျေးလက်ဒေသတွေက အမျိုးသား-အမျိုးသမီး အရေအတွက် ကွာဟချက်ကလည်း’ နိုင်ငံရပ်ခြားက အမျိုးသမီးဝယ်လိုအားကို မြင့်တက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးက သူမဟာ တရုတ်နိုင်ငံကို ၃ ကြိမ်တိုင်တိုင် ရောင်းစားခံခဲ့ရပြီး အကြိမ်တိုင်းမှာ ‘ကလေးမွေးဖို့’ ဖိအားပေး ခံခဲ့ရတယ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မြေပြင်လေ့လာမှုတွေလုပ်ခဲ့တဲ့ ထိုင်းအမျိုးသမီးအသင်းက တာဝန်ရှိသူ မွန်နေလီကို ပြောကြားခဲ့ပါတယ်။

    “နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခတွေနဲ့ မြေယာသိမ်းမှုတွေကြောင့် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ  စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်” လို့ မွန်နေလီက ပြောပါတယ်။

    တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထက်မှုကို မိသားစုဝင်တွေထဲကသူတွေ၊ ရပ်မိရပ်ဖတွေက ပွဲစားအဖြစ် စီစဉ်ပေးတာကြောင့် အမျိုးသမီးတွေဖက်က ငြင်းလို့မရဘဲ အသက်အရွယ်ကိုလိုက်ပြီး ကန်ဒေါ်လာ တစ်သောင်းကနေ၊ ၁၅၀၀၀ အထိ ဈေးပေါက်တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံက လူများစုဖြစ်တဲ့ ဟန်တရုတ်တွေ သဘောမကျတဲ့ ကျေးလက်ဒေသက အဖိုးကြီးတွေ၊ နေထိုင်မကောင်းသူတွေ၊ မသန်စွမ်းသူတွေနဲ့ လက်ထက်ရလေ့ရှိပြီး အမျိုးသမီးတွေက လက်ထပ်ရလေ့ရှိပြီး၊ ကလေးယူပြီးတဲ့နောက် ပိုက်ဆံပြန်ဖော်ဖို့အတွက် တစ်ဆင့် ပြန်လည်ရောင်းစားခံရတာတွေလည်း ရှိနေပါတယ်။

    ရော်ဘင်ဆင်က တစ်ချို့အမျိုးသမီးတွေဟာ ကိုယ့်သဘောဆန္ဒနဲ့ လက်ထပ်တာတွေ ရှိပေမယ့် ကိစ္စတစ်ခုနဲ့တစ်ခု အခြေအနေတွေ မတူညီကြဘူးလို့လည်း ပြောပါတယ်။ မိဘတွေ ငွေရတဲ့အတွက် အမျိုးသမီးတွေဟာ တရုတ်ဇနီးအဖြစ် မလုပ်ချင်ဘဲ လုပ်ရတာတွေ ရှိနေပြီး ခံစားခဲ့ရတဲ့ ဒုက္ခတွေကို မိဘတွေ စိတ်မကောင်းဖြစ်မှာ စိုးရိမ်တဲ့အတွက် ပြန်မပြောကြဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလို အမျိုးသမီးတွေ တရုတ်မယားအဖြစ် ရောင်းစားခံရမှုကို တားဆီးနိုင်ရေးအတွက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခတွေရပ်တန့်ရေး ဆောင်ရွက်ဖို့၊ လူကုန်ကူးမှုတိုက်ဖျက်ရေး တာဝန်ရှိသူတွေအနေနဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး အမျိုးသမီးတွေ သားကောင်းဖြစ်နေတယ်ဆိုတာကို သိရှိရေး ပညာပေးဖို့ မြန်မာအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    Ref: CNA