News @ M-Media
Author: Ko Lay
  • အမေရိကန်၏ ‘အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ’ ခေါင်းစဉ်အောက်တွင် လူ သန်းဝက်ကျော် သေဆုံး
    အမေရိကန်၏ ‘အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ’ ခေါင်းစဉ်အောက်တွင် လူ သန်းဝက်ကျော် သေဆုံး
    နိုဝင်ဘာ ၉၊ ၂၀၁၈
    M-Media
    – ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း အမေရိကန်ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်းဝက်လောက် သေဆုံးခဲ့တယ်လို့ မနက်ဖြန်မှာထုတ်ပြန်ဖို့ရှိနေတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
    Human Cost of the Post-9/11 Wars: Lethality and the Need for Transparency ဆိုတဲ့အမည်နဲ့ ထုတ်ပြန်မယ့် အဲဒီ စစ်တမ်းကို အမေရိကန်အခြေစိုက် ဘရောင်းတက္ကသိုလ်က နိုင်ငံရေးနဲ့ ပြည်သူ့ရေးရာ လေ့လာမှုဌာန Watson Institute for International and Public Affairs က ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
    အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အရပ်သားတွေ၊ လက်နက်ကိုင်တပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ အားလုံးကို ထည့်သွင်းခဲ့ရာမှာ သေဆုံးမှုဟာ ၄ သိန်း ၈ သောင်းကနေ ၅ သိန်း ၇ ထောင်လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
    အီရတ်မှာ သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ ၁ သိန်း ၈ သောင်းကနေ ၂ သိန်းကျော်လောက်အထိ ရှိပြီး၊ အာဖဂန်မှာ ၃၈၄၈၀ ဦး၊ ပါကစ္စတန်မှာ ၂၃၃၇၂ ဦး ရှိခဲ့ပါတယ်။ အီရတ်နဲ့ အာဖဂန်မှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သား အရေအတွက်က ၇ ထောင်နီးပါး ရှိခဲ့ပါတယ်။
    သတင်းအတိအကျမရတာတွေနဲ့ တစ်ခြားအကြောင်းအရင်းတွေကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက် ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ အဲဒီစစ်တမ်းမှာ ၀န်ခံထားပါတယ်။
    “စစ်ပွဲတိုင်းမှာ သေဆုံးသူအရေအတွက် အတိအကျကို ကျွန်တော်တို့ ဘယ်တုန်းကမှ မသိရပါဘူး။ ဥပမာအားဖြင့် IS လက်ထဲကနေ မူဆိုးလ်နဲ့ အခြားမြို့တွေကို သိမ်းယူရာမှာ အရပ်သားသောင်းချီ သေဆုံးခဲ့နိုင်တယ်။ ဒါပမေယ့် သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာမတွေ့ပါဘူး” လို့ စစ်တမ်းကိုရေးသားသူ နီရာ ကရောဖို့ဒ်က ပြောကြားခဲ့ပါတယ်။
    ရောဂါဘယတွေ၊ အခြေခံအဆောက်အဦး မပြည့်စုံမှုတွေလို စစ်ပွဲရဲ့ သွယ်ဝိုက်အကျိုးဆက်ကြောင့် သေဆုံးခဲ့သူတွေကိုတော့ စစ်တမ်းမှာ ထည့်တွက်ထားခြင်း မရှိပါဘူး။
    စစ်တမ်းကို ၂၀၁၆ ခုနှစ် သြဂုတ်လက တစ်ကြိမ်ထုတ်ပြန်ခဲ့ဖူးပြီး အခုစစ်တမ်းမှာ သေဆုံးသူအရေအတွက်ဟာ တစ်သိန်းတစ်သောင်းလောက် ပိုများလာခဲ့ပါတယ်။
    “အမေရိကန်ပြည်သူတွေ၊ မီဒီယာတွေ၊ လွှတ်တော်အမတ်တွေဟာ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေပါတယ်။ အခုတွေ့ရတဲ့ စစ်တမ်းအရ ဒီစစ်ပွဲဟာ မှေးမှိန်မသွားဘဲ အခုအချိန်အထိ ပြင်းထန်နေဆဲပဲဆိုတာကို ပြသနေပါတယ်”
    Ref: Aljazeera
  • သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ
    နိုဝင်ဘာ ၉၊ ၂၀၁၈
    M-Media
    ချိုဘီမြစ်အတွင်း ကျွဲများ ရေနစ်သေဆုံးမှု
    ဂျာနယ်လစ် ကာရှိုဂျီ၏ ရုပ်အလောင်းကို ဆော်ဒီတာဝန်ရှိသူများက အက်စစ်ဖျော ဖျောက်ဖျက်
    ================
    အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီရဲ့ ရုပ်အလောင်းကို ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက အပိုင်းပိုင်းတစ်ကာ အက်စစ်နဲ့စား ဖျောက်ဖျက်ပစ်လိုက်တယ်လို့ တူရကီရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဆော်ဒီကောင်စစ်ဝန်ရုံးရဲ့နေအိမ်၊ ရေဆိုးထုတ်ပိုက်လိုင်းနဲ့ ရေဆိုးမြောင်းတွေမှာ ဟိုက်ဒရိုဖလူအိုရစ်အက်စစ်နဲ့ အခြား ဓာတုပစ္စည်းအကြွင်းအကျန်တွေကိုလည်း တူရကီအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ ကောင်စစ်ဝန်ရုံးရဲ့အိမ်ကို တူရကီအာဏာပိုင်တွေက အောက်တိုဘာ ၁၆၊ ၁၇ ရက်နေ့တွေမှာ ၀င်ရောက် စစ်ဆေးခဲ့ပေမယ့် တစ်ချို့နေရာတွေကို ၀င်ကြည့်ခွင့် မရခဲ့ပါဘူး။ ကာရှိုဂျီအသတ်ခံရမှုကို ဆော်ဒီအစိုးရက ပထမပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    ရုရှားပြဿနာကိုင်တွယ်သည့် မူလာကို ထရမ့်က ထုတ်ပယ်ရန်ရှိဟု သတင်းထွက်
    ==================
    ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်မှု ရှိလားဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့ အထူးကိုယ်စားလှယ် ရောဘတ်မူလာကို သမ္မတထရမ့်က ထုတ်ပယ်ဖို့ အကွက်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ထရမ့်ဟာ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်ကို ရာထူးကနေ ဗုဒ္ဓဟူးနေ့က ထုတ်ပယ်ခဲ့ပြီး သူ့ဖက်ကို ပိုပြီးယိမ်းတဲ့ အရာရှိချုပ် မက်သယူး ၀ှီတကာကို ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်ထားပါတယ်။ ဆက်ရှင်ဟာ ရုရှားပြဿနာမှာ ပါဝင်ခဲ့ပေမယ့် ရုန်းထွက်သွားခဲ့ပြီး ထရမ့်က ဒီကိစ္စကို မကျေနပ်တဲ့အတွက် ထုတ်ပယ်လိုက်တယ်လို့ ယူဆနေကြပါတယ်။ ထရမ့်ဟာ နောက်ပိုင်းမှာ ရောဘတ်မူလာကိုပါ ဖြုတ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
    ဗင်နီဇွဲလားမှ ပတ်ဝန်းကျင်နိုင်ငံများသို့ ထွက်ပြေးရသူ ၃ သန်းအထိ ရှိလာ
    ==============
    စီးပွားရေးအခြေအနေ ဆိုးရွားမှု၊ အကြမ်းဖက်မှု၊ ငွေကြေးဖောင်းပွမှု၊ အစားအသောက် ဆေးဝါး ပြတ်လပ်မှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၃ သန်းအထိ ရောက်လာပြီလို့ ကုလက သတိပေးခဲ့ပြီး လူ ၁၂ ယောက်မှာ ၁ ယောက်က ဒုက္ခသည်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအထဲက ၂.၃ သန်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ထွက်ပြေးကြတာ ဖြစ်ပါတယ်။ ကိုလံဘီယာမှာ ဗင်နီဇွဲလားဒုက္ခသည် ၁ သန်းကျော်၊ အီကွေဒေါမှာ ၂ သိန်းကျော်၊ အာဂျင်တီးနားမှာ ၁ သိန်းကျော်၊ ချီလီမှာ ၁ သိန်းကျော်၊ ဘရာဇီးလ်မှာ ၈ သောင်းခွဲ အသီးသီး ရှိနေပါတယ်။
    နမီးဘီးယားနိုင်ငံတွင် ခြေင်္သေ့လိုက်၍ ထွက်ပြေးရာမှ ကျွဲ ၄၀၀ ရေနစ်သေ
    ==================
    အာဖရိကက ဘော့စ်ဝါနာနဲ့ နမီးဘီးယားနိုင်ငံကြားမှာရှိတဲ့ ချိုဘီမြစ်အတွင်းမှာ ကျွဲပေါင်း ၄၀၀ လောက် ရေနစ်သေဆုံးခဲ့ပြီး ခြသေ့င်္ ၃ ကောင်လိုက်လို့ ထွက်ပြေးရာကနေ ကျွဲတွေ အချင်းချင်းတိုးဝှေ့တာကြောင့် ဒီလိုသေဆုံးခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဖြစ်အပျက်အတွက် နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေက စုံးစမ်းစစ်ဆေးမှု ပြုလုပ်နေပေမယ့် အရင်ကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကျွဲတွေရဲ့အသားတွေကို ဒေသတွင်း ပြည်သူတွေကို လှူဒါန်းသွားဖို့ ရှိနေပါတယ်။
    Ref: Aljazeera
  • လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ
    လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၂၀၀၂ ခုနှစ်က အိုဒက်ဆာပြည်နယ်မှာ ရိုးမားလူမျိုးတွေကို အမုန်းအခြေပြု တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကာကွယ်မပေးခဲ့တဲ့အတွက် ယူကရိန်းအစိုးရက နစ်နာကြေးပေးဖို့ ဥရောပလူ့အခွင့်အရေးခုံရုံး (ECHR) က မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
    စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပီထရစ်ဗ်ကာရွာက ရိုမားလူမျိုးတွေရဲ့ အိမ်တွေကို ရာနဲ့ချီတဲ့ လူအုပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    ဒီကိစ္စကို ၂၀၀၈ ခုနှစ်ကတည်းက ကိုင်တွယ်နေတဲ့ ဥရောကရိုးမားလူမျိုးများအခွင့်အရေးစင်တာ ERRC က တိုက်ခိုက်သူတွေဟာ ရိုးမားလူမျိုးတွေကို ဒေသကနေ မောင်းထုတ်ဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယူကရိန်းရဲတပ်ဖွဲ့ကလည်း ဒီအဖြစ်အပျက်ကို ရပ်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ECHR က ၂၀၁၀ ခုနှစ်ကနေစတင်ကာ ဒီကိစ္စကို ကိုင်တွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပျက်ဆီးမှုတန်ဖိုး ကန်ဒေါ်လာ ၂ သိန်းကျော်ကို ယူကရိန်းအစိုးရက ပြန်လျော်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    ယူကရိန်းရဲ့ ၄၈.၅ သန်းသော လူဦးရေမှာ ရိုးမားလူမျိုးအရေအတွက်ဟာ ၂ သိန်း ၆ သောင်းခန့် ရှိနေပြီး ဟန်ဂေရီစကားပြောတဲ့ သူတို့တွေဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ အများစု နေထိုင်ကြပါတယ်။
    ယူကရိန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိုးမားလူမျိုးတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
    Ref: Aljazeera
  • ကလေးများအပေါ် ကက်သလစ်ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုများကို ပြင်သစ်စုံစမ်းမည်
    ကလေးများအပေါ် ကက်သလစ်ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုများကို ပြင်သစ်စုံစမ်းမည်
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၁၉၅၀ ပြည့်နှစ်ကစလို့ ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ ဘုန်းကြီးတွေ လိင်စော်ကားမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြင်သစ်က ကက်သလစ်ဂိုဏ်းအုပ်ဘုန်းကြီးတွေဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေကော်မရှင်တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
    ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအဖွဲ့ CEF ရဲ့ မနေ့က ကြေငြာချက်မှာ ကော်မရှင်အနေနဲ့ ဒီအဖြစ်အပျက်တွေ ဖြစ်ပွားတဲ့ အကြောင်းအရင်းတွေကို ကိုယ်တွယ်ခဲ့ပုံကို နားလည်ဖို့နဲ့ အကြံပြုချက်တွေ ပေးဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    ၂၀၀၀ ပြည့်နှစ်ကစလို့ CEF က ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်လို့လည်း ကော်မရှင်က သုံးသပ်သွားမှာဖြစ်ပြီး ၂ နှစ်အတွင်းမှာ တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
    သြစတေးလျ၊ ဥရောပ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတို့က ခရစ်ယာန်ကက်သလစ်အသင်းတော်တွေမှာ ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး၊ ဗာတီကန်အပါအ၀င် ကက်သလစ်အသင်းတော် အာဏာပိုင်တွေဟာ ဒီကိစ္စတွေကို ဖုံးကွယ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
    ပင်ဆဲလ်ဗားနီးယားပြည်နယ်အစိုးရက သြဂုတ်လမှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ကက်သလစ်ဘုန်းတော်ကြီး ၃၀၀ ကျော်ဟာ ကလေးငယ်ပေါင်း တစ်ထောင်ကျော်လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ စော်ကားခံရသူ အများစုတွေဟာ ယောက်ျားလေးတွေဖြစ်ပြီး၊ မိန်းကလေးငယ်တွေလည်း လိင်ကျူးလွန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မှတ်တမ်းတွေ ပျောက်ဆုံးတာ၊ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေတာတွေ ရှိတာကြောင့် အမှန်တကယ် ကျူးလွန်ခံရတဲ့အရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ပြီးခဲ့တဲ့လမှာ ပြင်သစ်အွန်လိုင်းဂျာနယ်တစ်ခုဖြစ်တဲ့ Mediapart က နိုင်ငံအတွင်းက ကက်သလစ်ဘုန်းတော်ကြီးတစ်ချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိခဲ့ပြီး၊ အသင်းတော်ရဲ့ ထိပ်ပိုင်းဘုန်းကြီးတွေပါ ပါဝင်တယ်လို့ ဖွင့်ချခဲ့ပါတယ်။
    Ref: Aljazeera
  • နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၁၉၈၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုကို နှိမ်နှင်းမှုအတွင်း စစ်သားတွေက အမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့မှုတွေအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျွန်ကယွန်ဒူးက ဒီကနေ့မှာ ပြည်သူကို တောင်းပန်လိုက်ပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂွမ်ဂျူးမှာ ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယား စစ်တပ်က ဆန္ဒပြသူတွေကို ရိုက်နှက်သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လှံစွပ်နဲ့ထိုးသတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ လုပ်ခဲ့ပါတယ်။
    တရားဝင် စာရင်းဇယားတွေအရ အဲဒီ ဆန္ဒပြမှုအတွင်း လူ ၂၀၀ ကျော်လောက် သေဆုံးတာ ပျောက်ဆုံးတယ်လို့ ဖော်ပြထားပေမယ့် တက်ကြွလှုပ်ရှားသူတွေက ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ရဲ့ စစ်သားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် စော်ကားခံရသူတွေဟာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
    ဒါပေမယ့် လက်ရှိသမ္မတ မွန်ဂျယ်အင်လက်ထက်မှာ ဂွမ်ဂျူးအဖြစ်အပျက်နဲ့ပတ်သက်တဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးစားလာခဲ့ပြီး စော်ကားခံရတဲ့ အမျိုးသမီးတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖွင့်ဟလာကြပါတယ်။
    Ref: CNA