News @ M-Media

Author: Ko Lay

  • ကယ်လီဖိုးနီးယား အရက်ဘားတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦးသေဆုံး

    ကယ်လီဖိုးနီးယား အရက်ဘားတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦးသေဆုံး

    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ဘားမှာ ဒီကနေ့မနက် အစောပိုင်းက သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပြည်နယ်တောင်ဘက် ဗန်တူရာခရိုင် သောင်ဆင်အုတ်မြို့က Borderline Bar & Grill ဘားမှာ သေနတ်သမားက အစောင့်ကို တိုက်ခိုက်ကာ ဘားအတွင်း ၀င်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကောလိပ်ကျောင်းသားအများစုအပါအ၀င် လူရာချီ ဘားထဲမှာရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သတင်းပေးပို့မှု ပထမဆုံး ရရှိတဲ့အချိန် ဘားထဲဝင်ရောက်ကာ သေနတ်သမားကို တုန့်ပြန်ဖို့ကြိုးစားခဲ့တဲ့ ရဲတပ်ကြပ် ရွန် ဟီလက်စ်ဟာ သေနတ်ဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

    သေနတ်သမားလည်း နေရာမှာ သေဆုံးသွားခဲ့ပြီး ဘယ်လိုကြောင့်သေဆုံးသွားတယ်ဆိုတာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    ဒဏ်ရာရသူအရေအတွက်ကိုလည်း အသိအကျ မသိရှိရသေးဘဲ ရဲတပ်ဖွဲ့ကတော့ ပြည်သူလူထုကို သတိနဲ့နေကြဖို့ ထုတ်ပြန်ထားပါတယ်။

    Ref: CNN

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media

    အမေရိကန် ရှေ့နေချုပ်ကို သမ္မတထရမ့်က ဖိအားပေး နှုတ်ထွက်ခိုင်း
    ===============
    လွှတ်တော်အမတ် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်အပြီး ၂၄ နာရီအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ရာထူးကနေ ဖိအားပေးပြီး နှုတ်ထွက်ခိုင်းခဲ့ပါတယ်။ ထရမ့်ရဲ့ မေတ္တာရပ်ခံမှုကြောင့် နှုတ်ထွက်ရခြင်းဖြစ်တယ်လို့ နှုတ်ထွက်စာမှာ ဆက်ရှင်က ရေးသားခဲ့ပါတယ်။ ထရမ့်က ဆက်ရှင်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး လက်ရှိ အရာရှိချုပ် မက်သယူး ဂျီ ၀ှိုက်တကာက ယာယီရှေ့နေချုပ်အဖြစ် ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ထိုင်းဝန်ကြီးချုပ်ဟောင်းမိသားစု ပါတီသစ်ထောင်
    ===================
    ထိုင်းဝန်ကြီးချုပ်ဟောင်းတွေဖြစ်ကြတဲ့ သက်ဆင်ရှင်နာဝပ်ထရာနဲ့ ယင်လပ်ရှင်နာဝပ်ထရာတို့ရဲ့ ဆွေမျိုးတွေနဲ့ မဟာမိတ်တွေဟာ မနေ့က နိုင်ငံရေးပါတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ထိုင်းအာဏာသိမ်းစစ်အစိုးရဟာ ရွေးကောက်ပွဲလုပ်မယ့်အစီအစဉ်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီနဲ့ မေလအတွင်း ကျင်းပပေးမယ်လို့ ကြေငြာထားပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ Thai Raksa Chart ပါတီမှာ သက်ဆင်နဲ့ ယင်လပ်တို့ရဲ့ တူ၊ တူမတွေ၊ အနီးကပ်အကြံပေးတွေ၊ သူတို့မိသားစုရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေက လူငယ်တွေ တော်တော်များများ ပါဝင်လာပါတယ်။ ယင်လပ်ရဲ့ Puea Thai ပါတီဦးဆောင်တဲ့ အစိုးရကို ၂၀၁၄ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချအာဏာသိမ်းခဲ့ပါတယ်။ အခုပါတီသစ်ဟာ Puea Thai က လွှတ်တော်မှာ အမတ်များများရဖို့ ဆောင်ရွက်တဲ့ ဗျူဟာဖြစ်ပြီး ပါတီကိုဦးဆောင်မယ့်သူကလည်း Puea Thai ပါတီရဲ့ လွှတ်တော်အမတ်ဟောင်း Preechapol Pongpanich ဖြစ်ပါတယ်။

    ထရမ့်ပေါ်လစီများကို တွန်းလှန်ရေး ဥရောပနိုင်ငံများညီညွတ်ရန် ဂျာမနီ တိုက်တွန်း

    ====================

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ့်ဘက်ကိုယ်ကြည့်တဲ့ ပေါ်လစီကို ဥရောပနိုင်ငံတွေအနေနဲ့ ညီညီညွတ်ညွတ် တုန့်ပြန်ကြဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကိုမက်စ်က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ထရမ့်ဟာ အာဏာရပြီးတဲ့နောက် ဥရောပသမဂ္ဂကနေ သွင်းကုန်ကန့်သတ်မှု၊ Trans-Pacific Partnership ကုန်သွယ်ရေးသဘောတူညီချက်၊ Paris Climate Accord စာချုပ်၊ UN Commission on Human Rights သဘောတူညီချက်တွေကနေ နှုတ်ထွက်မှု အပါအ၀င် ပေါ်လစီတော်တော်များများကြောင့် ဥရောပနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဟီကိုမက်စ်က လတ်တလော အမေရိကန်အောက်လွှတ်တော်ကို ဒီမိုကရက်တွေ ထိန်းချုပ်နိုင်မှုကြောင့် ထရမ့်ရဲ့ပေါ်လစီတွေအပေါ် ပိုမိုထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera, CNA, PressTV

  • သေဒဏ်မှ တရားသေ လွတ်လာခဲ့သည့် အာဆီယာဘီဘီကို ပါကစ္စတန်က ထောင်မှလွှတ်

    သေဒဏ်မှ တရားသေ လွတ်လာခဲ့သည့် အာဆီယာဘီဘီကို ပါကစ္စတန်က ထောင်မှလွှတ်

    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media

    – တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ကျခံနေရာကနေ တရားသေလွတ်မြောက်လာတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန်အစိုးရက မနေ့မှာ ထောင်ကနေ လွှတ်ပေးလိုက်ပြီး၊ လုံခြုံရာနေရာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    “သူလွတ်လာပါပြီ။ သူမလေယာဉ်ပေါ်မှာလို့ ကျွန်တော်သိရတယ်။ ဘယ်မှာ ဆင်းသက်မလဲဆိုတာကို ဘယ်သူမှ မသိပါဘူး” လို့ ရှေ့နေ ဆိုက်ဖွလ်မာလွတ်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူနှစ်ဦးက အသက် ၅၃ နှစ်အရွယ် အာဆီယာကို လုံခြုံရေးအရ ထိန်းသိမ်းထားရာ နေရာကနေ မြို့တော်အစ္စလာမ်မာဘတ်က နေရာတစ်ခုကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း မူလ်တန်မြို့က အာဆီယာဘီဘီကို ချုပ်နှောင်ထားရာ အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက လွှတ်မိန့်ကို မနေ့က ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

    အာဆီယာဟာ ၂၀၀၉ ခုနှစ်က မွတ်စလင်အမျိုးသမီးနှစ်နဲ့ ရေခွက်ကိစ္စ စကာများရာကနေ တမန်တော်မိုဟာမက်ကို စော်ကားတယ်လို့ စွပ်စွဲခံရကာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

    ဒါပေမယ့် ပါကစ္စတန်တရားရုံးချုပ်က အမှုကို ပြန်လည်သုံသပ်ရာမှာ အာဆီယာဘီဘီဟာ တရားမျှတစွာ အမှုရင်ဆိုင်ခွင့်မရခဲ့ဘဲ၊ အမှန်တရားကို တရားရုံးက ဖော်ထုတ်နိုင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ကာ ပြီးခဲ့တဲ့တစ်ပတ်မှာ တရားသေ လွှတ်ပေးခဲ့ပါတယ်။

    လက်ယာသမားတွေက ဒါကို မကျေနပ်တဲ့အတွက် နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အာဆီယာဘီဘီရဲ့ ရှေ့နေ ဆိုက်ဖွလ်မာလွတ်ဟာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် နယ်သာလန်ကို ထွက်ပြေး ခိုလှုံခဲ့ပြီး အာဆီယာဘီဘီရဲ့ ခင်ပွန်း အာရှစ်မာဆီဟ်က ဗြိတိန်နဲ့ အမေရိကန်တို့ကိုဆက်သွယ်ကာ သူတို့မိသားစုကို ခိုလှုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ရွှေတြိဂံဒေသတွင် မူးယစ်ဆေးတိုးထုတ်လာမှု ကုလသတိပေး

    ရွှေတြိဂံဒေသတွင် မူးယစ်ဆေးတိုးထုတ်လာမှု ကုလသတိပေး

    နိုဝင်ဘာ ၇၊ ၂၀၁၈
    M-Media

    – အရှေ့တောင်အာရှရဲ့ ‘ရွှေတြိဂံဒေသ’ မှာ ရာဇ၀တ်ဂိုဏ်းတွေရဲ့လက်တံဟာ ပိုမိုရှည်လျားလာပြီး မူး ယစ်ဆေးထုတ်လုပ်မှုကလည်း အန္တရာယ်ရှိလောက်အောင် မြင့်တက်လာတယ်လို့ ကုလ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှုဆိုင်ရာအဖွဲ့ UNODC က ပြောကြားလိုက်ပါတယ်။

    အာရှပစိဖတ်ဒေသက မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ဓာတုပစ္စည်းအသုံးပြု မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုအတွက် ကုန်ကြမ်းဓာတုပစ္စည်း ရယူမှုကို တားဆီးရေး မဟာဗျူဟာအသစ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

    ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ဗဟိုပြုတဲ့ ရွှေတြိဂံဒေသကနေ ကမ္ဘာကို မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုဟာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူဖြန့်ဖြူးမှုတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ လျော့ခဲ့ပေမယ့် စိတ်ကြွဆေးပြားလို ဓာတုပစ္စည်းအခြေပြု မူးယစ်ဆေးဝါး ထုတ်လုပ်မှုပမာဏကတော့ မြင့်တက်လာခဲ့ပါတယ်။

    UNODC ဌာနေကိုယ်စားလှယ် ဂျယ်ရီမီ ဒေါက်ဂလက်စ်က ဒီလိုထုတ်လုပ်မှုတွေဟာ အရင်ကနဲ့မတူအောင် မြင့်တက်လာခဲ့ပြီး ကုန်ကြမ်း ဓာတုပစ္စည်းတွေ လိုအပ်မှုဟာလည်း များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

    ရွှေတြိဂံဒေသကနေ ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုဟာ ၂၀၁၆ ခုနှစ်ကတည်းကနေစတင်ကာ ပိုမို များပြားလာခဲ့ပြီး တောင်ကိုရီးယား၊ နယူးဇီလန်နဲ့ အခြား ဝေးလံခေါင်ဖျားတဲ့ နိုင်ငံတွေအထိ ရောက်ရှိနေပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်ဟာ မူးယစ်ဆေးဝါးတင်ပို့မှု အဓိကရင်းမြစ်ဖြစ်နေပေမယ့် ကုန်ကြမ်း ဓာတုပစ္စည်းရင်းမြစ်ကတော့ ကျွန်တော်တို့နိုင်ငံက မဟုတ်ပါဘူး” လို့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကုန်ကြမ်း ဓာတုပစ္စည်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်နိုင်ငံကနေ ၀င်ရောက်ပြီး၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က ကုန်ကြမ်းဓာတုပစ္စည်းတွေ၊ ပွဲစားတွေကိုလည်း မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

    “ရွှေတြိဂံဒေသက မူးယစ်ဂိုဏ်းတွေဟာ စိတ်ကြွဆေးပြားကို တိုးထုတ်နေပြီး၊ ကီတာမင်း (ketamine) ကိုလည်း ထုတ်လုပ်လာပါတယ်။ ဒါ့ကြောင့် သူတို့ဟာ opioid တွေ မကြာခင်မှာ ထုတ်လုပ်လာနိုင်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ အာဏာပိုင်တွေမှာ မြင့်တက်လာပါတယ်” လို့ ဒေါက်ဂလက်စ်က ပြောကြားခဲ့ပါတယ်။

    ကီတာမင်းဟာ စိတ်ကြွဆေးပြားထက်ပိုပြီး နည်းပညာအသုံးပြု ထုတ်လုပ်ရတဲ့ မူးယစ်ဆေးဝါးဖြစ်ပါတယ်။ opioid ကို အကိုက်အခဲပျောက်ဆေး အဖြစ် ဆေးလောကမှာ အသုံးပြုပေမယ့် အလွန်အကျွံသုံးစွဲကာ မူးယစ်ဆေးအဖြစ် မှီဝဲမှုတွေ ရှိနေပါတယ်။

    Ref: Aljazeera

  • သမိုင်းသစ်အများအပြား ရေးထိုးနိုင်ခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ် ရွေးကောက်ပွဲ

    သမိုင်းသစ်အများအပြား ရေးထိုးနိုင်ခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ် ရွေးကောက်ပွဲ

    နိုဝင်ဘာ ၇၊ ၂၀၁၈
    M-Media

    – အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ သမိုင်းမှတ်တမ်းသစ်တွေ တော်တော်များများ ရေးထိုးနိုင်ခဲ့ပါတယ်။

    အောက်လွှတ်တော်ကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်နိုင်ခဲ့ပြီး၊ အထက်လွှတ်တော်ကို သမ္မတ ထရမ့်ရဲ့ ရီပက်ဘလစ်ကန်ပါတီက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    မှတ်တမ်းသစ်တွေကတော့ ရွေးကောက်ခံရတဲ့ အမျိုးသမီးအမတ်အရေအတွက် စံချိန်တင်မှု၊ လွှတ်တော်အတွင်း ပထမဆုံး မွတ်စလင်အမျိုးသမီးအမတ်တွေ
    ရောက်ရှိမှု၊ ဌာနေအမေရိကန် အမျိုးသမီးအမတ်တွေ ရွေးကောက်တင်မြှောက်ခံရမှုတွေ ဖြစ်ပါတယ်။

    ဒီကနေ့မနက်အထိ ရရှိတဲ့ စာရင်းတွေအရ အောက်လွှတ်တော်မှာ အနိုင်ရရှိတဲ့ အမျိုးသမီးအမတ် အရေအတွက်ဟာ ၉၆ ဦးအထိ ရှိလာပြီး အရင်ကတင်ထားခဲ့တဲ့ ၈၅ ဦးစံချိန်ကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။ အမတ်ဟောင်း ၆၅ ယောက် ပြန်လည်အရွေးခံရပြီး၊ ကျန်တဲ့ အမျိုးသမီးအမတ် ၃၁ ဦးက အသစ်တွေ ဖြစ်ပါတယ်။

    ဒီမိုကရက်တစ်ပါတီက အမတ်တွေဖြစ်ကြတဲ့ ရှာရီဆီ ဒေးဗစ်နဲ့ ဒဘ်ဟာလန်းတို့ဟာ အမေရိကန်လွှတ်တော်မှာ ရွေးကောက်ခံရတဲ့ ပထမဆုံး ဌာနေတိုင်းရင်းသား အမျိုးသမီး အမတ်တွေအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒေးဗစ်က ကန်းဆက်ပြည်နယ်က အနိုင်ရခဲ့တာ ဖြစ်ပြီး ဟာလန်းက နယူးမက္ကဆီကိုပြည်နယ်ကနေ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

    မီချီဂန်ပြည်နယ်နဲ့ မင်နီဆိုတာပြည်နယ်တို့ကနေ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အမတ် ရာရှီဒါ တလာအစ်ဘ်နဲ့ အီလ်ဟမ် အိုမာရ်တို့ဟာ အမေရိကန်နိုင်ငံရေး
    သမိုင်းတစ်လျှောက် ပထမဆုံး မွတ်စလင်အမျိုးသမီး လွှတ်တော်အမတ်တွေ ဖြစ်လာခဲ့ပြီး ဒီမိုကရက်တစ်ပါတီက အလက်ဇန်းဒရီးယား အိုကာစီယို-ကော်တက်ဇ်ဟာ အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော်အမတ် ဖြစ်လာပါတယ်။

    တန်နက်ဆီပြည်နယ်က ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာရှာ ဘလက်ဘန်းနဲ့ အရီဇိုးနားပြည်နယ်ကနေ အနိုင်ရတဲ့ အထက်လွှတ်တော်အမတ် ကီရ်စတန် စီနီမာတို့ဟာ သူတို့ပြည်နယ်တွေက ပထမဆုံး အမျိုးသမီး အထက်လွှတ်တော်အမတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ်မှာ ဗီရိုနီကာ အက်စကိုဘားနဲ့ ဆိုင်လ်ဗီယာ ဂါစီယာတို့ဟာ ပထမဆုံး စပိန်နွယ်ဖွား အမျိုးသမီးလွှတ်တော်အမတ်တွေအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။

    တောင်ဒါကိုတာပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရီပက်ဘလစ်ကန်ပါတီက ကရစ္စတီ နိုအမ်ကို ခန့်အပ်ဖို့ရှိနေပြီး ပြည်နယ်ရဲ့ ပထမဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာမှာ ဖြစ်ပါတယ်။

    အတိုက်အခံ ဒီမိုကရက်တွေက အောက်လွှတ်တော်ကို အုပ်စီးနိုင်ခဲ့တာကြောင့် သမ္မတထရမ့်ဟာ သူ့ရဲ့ ပေါ်လစီတွေကို ဖော်ဆောင်ရာမှာ ပိုမိုအခက်တွေ့လာနိုင်ပါတယ်။

    “ဒီကနေ့ရွေးကောက်ပွဲဟာ ဒီမိုကရက်တွေ၊ ရီပက်ဘလစ်ကန်တွေဆိုတာထက် ထရမ့်အစိုးရကို ထိန်းကွပ်နိုင်ဖို့ ဖွဲ့အစည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကို ပြန်လည်ရရှိလိုက်တာပါ” လို့ အောက်လွှတ်တော်က ဒီမိုကရက်အမတ်ခေါင်းဆောင် နန်စီ ပီလိုဆီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNN