News @ M-Media

Author: Ko Lay

  • ပူတင်ကို အာခံခဲ့သူ သေဆုံးကြောင်း ရုရှားအတည်ပြု

    ပူတင်ကို အာခံခဲ့သူ သေဆုံးကြောင်း ရုရှားအတည်ပြု

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -ပူတင်ကို ပုန်ကန်ခဲ့တဲ့ ၀ဂ်နာတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင် သေဆုံးသွားကြောင်း အတည်ပြုနိုင်ပြီလို့ ရုရှားက ထုတ်ပြန်ပါတယ်။ 

    ပရီဂိုဇင်နဲ့ အခြား လူ ၁၀ ဦး လိုက်ပါသွားတဲ့ ပုဂ္ဂလိက လေယာဥ်ငယ်တစ်စီးဟာ နိုင်ငံအရှေ့ပိုင်း တဗာရ်ဒေသမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျသွားခဲ့တာပါ။ 

    လိုက်ပါသွားသူ လူစာရင်းတွေကို ရုရှား လေကြောင်းအာဏာပိုင်တွေက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး မျိုးရိုးဗီဇ စစ်ဆေးမှုရလဒ်ကိုတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ ပရီဂိုဇင်နဲ့ ၀ဂ်နာကြေစားတပ်ဖွဲ့ကို ထူထောင်ရာမှာ အဓိကကျခဲ့သူ ဒီမီထရီ အူတကင်ကို ပါ၀င်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။  

    လေယာဥ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၀ဂ်နာကြေးစားတပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေနဲ့ ပစ်ချခဲ့တာလို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားနေကြပါတယ်။

    ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ တိုက်ပေးနေတဲ့ ၀ဂ်နာတပ်ဖွဲ့ရဲ့ ဇွန်လအတွင်းက ၂၄ နာရီကြာ ပုန်ကန်မှုဟာ သမ္မတပူတင်ကို အရှက်ရစေခဲ့ပါတယ်။ 

    ၀ဂ်နာတပ်ဖွဲ့ဟာ မော်စကိုအနီးအထိ ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဘယ်လာရုဇ်နိုင်ငံရဲ့ ကြား၀င်မှုကြောင့် ပုန်ကန်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။  

    Ref: Reuters 

  • လူ့အခွင့်အရေးကို လေးစားရန် မြန်မာစစ်ခေါင်းဆောင်များကို တီမောလက်စ်တေ တိုက်တွန်း

    လူ့အခွင့်အရေးကို လေးစားရန် မြန်မာစစ်ခေါင်းဆောင်များကို တီမောလက်စ်တေ တိုက်တွန်း

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media


    (ဓာတ်ပုံ – တီမောလက်စ်တေသမ္မတ ဟိုဆေးရာမို့စ် ဟိုတာကို NUG တာ၀န်ရှိသူတစ်ဦးနှင့်အတူ တွေ့ရစဥ်) 

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက သံအမတ်ကို တိုင်းပြည်က နှင်ထုတ်မှုကို တီမောလက်စ်တေက ရှုတ်ချလိုက်ပါတယ်။ 

    တီမောလက်စ်တေ တာ၀န်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ကြတာပါ။ 

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း  ပြုလုပ်ထားပါတယ်။

    မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနက တီမောလက်စ်တေအစိုးရရဲ့ လုပ်ရပ်တွေဟာ တာ၀န်ယူမှုကင်းမဲ့တယ်လို့ ၀ေဖန်ခဲ့ပြီး သံအမတ်ကိုလည်း စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားကာ တိုင်းပြည်ကနေ ထွက်ခွာဖို့ ညွှန်ကြားထားကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    တီမောလက်စ်တေကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဖို့ အရေးကြီးကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

    စစ်ကောင်စီကိုတော့ လူ့အခွင့်အရေးကို လေးစားဖို့၊ ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့ အဖြေတစ်ခုရှာဖို့ တီမောလက်စ်တေက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။


    Ref: Reuters 

  • စာသင်ခန်းများအတွင်း အမြစ်တွယ်လာပြီဖြစ်သည့် အိန္ဒိယမှ ဘာသာရေးအမုန်းတရား

    စာသင်ခန်းများအတွင်း အမြစ်တွယ်လာပြီဖြစ်သည့် အိန္ဒိယမှ ဘာသာရေးအမုန်းတရား

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ မွတ်စလင်ကလေးငယ်တစ်ဦးကို အတန်းပိုင်ဆရာမ ကိုယ်တိုင်က ဘာသာရေးအကြမ်းဖက်မှု ကျူးလွန်ခဲ့ပါတယ်။ 

    တရက်တာ တယာဂီလို့ အမည်ရတဲ့ ဆရာမဟာ အသက် ၇ နှစ်အရွယ် မွတ်စလင်ကျောင်းသား မိုဟာမက် အလ်တာမက်ရှ်ကို အတန်းရှေ့ထွက်ရပ်ခိုင်းကာ ဟိန္ဒူကျောင်းသား တစ်ဦးစီ ခေါ်ပြီး ပါးရိုက်ခိုင်းခဲ့တာပါ။ 

    မွတ်စလင်မုန်းတီးရေးစကားတွေကိုလည်း တယာဂီက ပြောကြားခဲ့ပြီး ရိုက်တာ အားမပါရင် ခပ်ပြင်းပြင်းရိုက်ဖို့လည်း ကျောင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    တယာဂီဟာ Neha ပုဂ္ဂလိကကျောင်းရဲ့ ကျောက်အုပ်ဆရာမလည်း ဖြစ်ပါတယ်။ 

    အလ်တာက်ရှ်ဟာ ၂ နာရီလောက် မတ်တတ်ရပ်ပြီး ပါးရိုက်ခံခဲ့ရပါတယ်။

    သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက် ဗီဒီယိုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီး နိုင်ငံတစ်၀ှမ်းက ၀ေဖန်မှုတွေလည်း ရှိလာပါတယ်။ 

    မွတ်စလင်တွေကို ကျောင်းပေးမတက်သင့်ကြောင်း ဆရာမက ပြောဆိုခဲ့ပြီး ကျောင်းတာ၀န်ရှိသူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကလည်း ဒီစကားကို ထောင်းခံကြောင်း ပြောကြားတာကို ဗီဒီယိုမှာ ကြားရပါတယ်။ 

    “မနေ့က ကျွန်မသားလေး ငိုပြီး ပြန်လာတယ်။ သူစိတ်ဒဏ်ရာ ရသွားပြီ။ ကလေးတွေကို ဒီလိုလုပ်တာမျိုးက မကောင်းပါဘူး” လို့ မိခင် ရူဘီနာက ပြောပါတယ်။ 

    ဖခင် မိုဟာမက် အီရ်ရှက်ကလည်း အတန်းပိုင်ဆရာမဟာ ကျောင်းသားတစ်ဦးချင်းဆီကို ခေါ်ပြီး သူ့ကို ပါးရိုက်ခိုင်းတယ်လို့ သားဖြစ်သူက ပြောကြားကြောင်း ဖြေကြားခဲ့ပါတယ်။ 

    “စာကျက်ခိုင်းတာ မရလို့ဆိုပြီး ဒီလိုလုပ်တယ်လို့ ဆရာမက ပြောတယ်။ ကျွန်တော့်သားက လူတော်ပါ။ ကျူရှင်လည်းတက်တယ်။ ဆရာမက ဘာ့ကြောင့် ဒီလိုလုပ်လဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ အမုန်းတရားတွေ ဖုံးမနိုင် ဖိမရဖြစ်နေပြီ”

    နိုင်ငံတစ်၀ှမ်း အလွန်အမင်းပြန့်နှံ့နေတဲ့ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှု ရလဒ်ဖြစ်တယ်လို့လည်း အီရ်ရှက်က ပြောပါတယ်။ 

    ဆရာမ တယာဂီဟာ အရင်ကလည်း မွတ်စလင်ကျောင်းသားတွေကို ဒီလိုလုပ်လေ့ရှိတယ်လို့ ရူဘီနာက ပြောပါတယ်။ အလ်တာမက်ရှ်မတိုင်ခင် ရက်ပိုင်းအရင်ကလည်း ရူဘီနာတို့ အမျိုး ကျောင်းသားတစ်ဦးလည်း ဒီလိုအကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

    နောင်တမရ 

    ဆိုရှယ်မီဒီယာမှာ အကြီးအကျယ် ၀ေဖန်မှုတွေ ရှိလာခဲ့ပြီးတဲ့နောက် တယာဂီဟာ တောင်းပန်စကား ပြောခဲ့ပါတယ်။ 

    ဒါပေမယ့် ဒီလုပ်ရပ်အတွက် မရှက်ဘူးလို့ သူမက ဆိုပါတယ်။ 

    “ရှက်စရာမလိုဘူးလေ။ တစ်ရွာလုံးကို စာသင်ပေးနေတဲ့ ဆရာမပဲ။ တစ်ရွာလုံး ငါ့ဘက်မှာ ရှိတယ်” 

    ကလေးတွေကို ထိန်းကြောင်းနိုင်ဖို့အတွက် ဒီလိုလုပ်တာဖြစ်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ကျောင်းတည်ရှိရာ မူဇာဖာရ်နာဂါမြို့ ရဲတပ်ဖွဲ့က ဖခင်ရဲ့ တိုင်ကြားမှုကြောင့် လက်ရှိမှာ အမှုဖွင့်ထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: NDTV, Aljazeera 

  • ဗြိတိန်ရဲကို ဒုတိယံမိ တစ်ပတ်ရိုက်သွားတဲ့ လူသတ်သမား

    ဗြိတိန်ရဲကို ဒုတိယံမိ တစ်ပတ်ရိုက်သွားတဲ့ လူသတ်သမား

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -လူသတ်မှုကြောင့် ထောင်ဒဏ်တစ်သက် ကျနေတဲ့ ဗြိတိန်က ရာဇ၀တ်သားတစ်ယောက်ဟာ ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ 

    အသက် ၅၉ နှစ်အရွယ် သောမတ်စ် မက်ကာဘီဆိုသူ ဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့က ခံ၀န်ခြေချုပ်နဲ့ အပြင်ကို လွှတ်လိုက်ပြီးနောက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ 

    မက်ကာဘီဟာ ၁၉၉၀ ပြည့်နှစ်က ဆယ်ကျော်သက်တစ်ဦးကို လန်ဒန်မှာ သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ်တစ်သက် ကျနေတာ

    ၂၀၁၈ ခုနှစ်ကလည်း အခုလို လွတ်မြောက်သွားခဲ့ဖူးပြီး ၂၀၂၀ ခုနှစ်ရောက်မှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

    ဗြိတိန်ရဲတပ်ဖွဲ့က မက်ကာဘီရဲ့ ကိုယ်ရေးအချက်အလက်ကို အများသိအောင်ထုတ်ပြန်ကာ တွေ့ရှိရင် အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။ 

    Ref: BBC

  • အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    သြဂုတ် ၂၅၊ ၂၀၂၃
    M-Media 

    -၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မနေ့က သွားရောက် အဖမ်းခံခဲ့ပါတယ်။ 

    လာရောက်အဖမ်းခံဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုမှာ ဖူလ်တန်ခရိုင်အကျဥ်းထောင်ကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာပြည်နယ်က မဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရသူ ၁၉ ဦးရှိပြီး မနေ့က ထရမ့်နဲ့အတူ ၁၁ ဦး လာရောက် အဖမ်းခံခဲ့ပါတယ်။ 

    ထရမ့်ဟာ အကျဥ်းထောင်မှာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး၊ ဒေါ်လာ ၂ သိန်းအာမခံနဲ့ ပြန်ထွက်လာပါတယ်။

    ဂျော်ဂျီယာရဲတပ်ဖွဲ့က စွပ်စွဲခံရသူအဖြစ် မှတ်တမ်းယူထားတဲ့ ထရမ့်ရဲ့ဓာတ်ပုံကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ရဲမှတ်တမ်းမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ရွှေနဲ့ စတော်ဘယ်ရီရောင် ဆံပင်၊ မျက်လုံးပြာ ရှိသူအဖြစ် ထရမ့်ကို မှတ်တမ်းတင်ထားပြီး အကျဥ်းသားနံပါတ်က P01135809 ဖြစ်ပါတယ်။

    ထောင်ကထွက်လာအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့မှာ အပြစ်မရှိဘဲ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့ကိုထောက်ခံသူတွေက လွှတ်တော်ကို ၀င်ရောက်စီးနင်းမှုမှာ လှုံ့ဆော်အားပေးမှု၊ နိုင်ငံတော်လျှို့၀ှက်ချက်တွေ လက်၀ယ်ထားရှိမှု၊ ပေါက်ကြားမှု စတာတွေနဲ့လည်း ထရမ့်ဟာ တရားစွဲဆို ခံထားရပါတယ်။ 

    Ref: BBC, Reuters