News @ M-Media

Author: Ko Lay

  • ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အိန္ဒိယနှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားမှုပြ မြေပုံ)

    -တရုတ် သဘာ၀သယံဇာတ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃  မြေပုံမှာ အငြင်းပွား ပိုင်နက်တွေကို တရုတ်ပိုင်နက်အဖြစ် ထည့်သွင်း ရေးဆွဲထားတဲ့အတွက် ပတ်၀န်းကျင်နိုင်ငံတွေက ၀ေဖန်နေကြပါတယ်။ 

    အထူးသဖြင့် တောင်တရုတ်ပင်လယ်က ပိုင်နက်တွေ၊ ရုရှားနဲ့ အိန္ဒိယနယ်စပ်က ပိုင်နက်တွေ ဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်ဟာ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။ 

    မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က တရုတ်ရဲ့ အခုမြေပုံသစ်နဲ့ပတ်သက်ပြီး တရား၀င် ကန့်ကွက်သွားမယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်ကလည်း တရုတ်ကို တရား၀င် ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ပိုင်ဆိုင်မှု၊ ရေကြောင်း နယ်နမိတ်ကို တရုတ်က သူတို့ပိုင်နက်အဖြစ် မြေပုံမှာ ဖော်ပြထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အင်ဒိုနီးရှားဟာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မပါ၀င်ပါဘူး။ ဒါပေမယ့် အခု တရုတ်ရဲ့ မြေပုံအသစ်မှာ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းရှိနေတဲ့ Natuna ကျွန်းစုတစ်ခုကို တရုတ်က သူတို့ပိုင်တယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားပါတယ်။ 

    အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက နယ်နမိတ်ရေးဆွဲမှုတွေဟာ နိုင်ငံတကာက  သတ်မှတ်ပြဌာန်းချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်၀မ်ကို တရုတ်ပိုင်အဖြစ် ထည့်သွင်းရေးဆွဲထားမှုကိုလည်း ထိုင်၀မ်ဖက်က ကန့်ကွက်ခဲ့ပါတယ်။ 

    ထိုင်၀မ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက ထိုင်၀မ်ကို တရုတ်က ဘယ်တုန်းကမှ ပိုင်ဆိုင်ခဲ့တာမဟုတ်ဘဲ ဒါကို နိုင်ငံတကာကလည်း လက်ခံထားကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

    ပြင်းပြင်းထန်ထန်ကန့်ကွက်

    တရုတ်ရဲ့ ၂၀၂၃ မြေပုံသစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူက အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ 

    တရုတ်နဲ့ အိန္ဒိယဟာ နယ်စပ်က ကီလိုမီတာ ၃၅၀၀ လောက် ထိစပ်နေတဲ့ နေရာအတွက် ပိုင်ဆိုင်မှု အငြင်းပွားနေကြတာပါ။ 

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချာလ် ပရာဒက်ရှ်၊ အနောက်မြောက်ပိုင်းက ကက်ရှ်မီးယားဒေသတွေမှာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုအတွက် နှစ်ဖက် စစ်ပွဲဖြစ်တဲ့အထိ အခြေအနေ ဆိုးခဲ့တာပါ။ 

    အခု တရုတ်ရဲ့ မြေပုံအသစ်မှာ ဒီဒေသတွေက အငြင်းပွား ပိုင်နက် နှစ်ခုစလုံးကို တရုတ်ပိုင်အဖြစ် ဖော်ပြထားပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ဒီကိစ္စအတွက် ချက်ခြင်းပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အခြေအမြစ်မဲ့တဲ့ ဒီလို လုပ်ရပ်တွေဟာ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စ အဖြေရှာမှုကို ပိုမိုရှုပ်ထွေးစေမှာဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘဂ်ချီက ပြောပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အခု မြေပုံအသစ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ဖို့၊ ချဲ့ကားမပြောဆို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    အိမ်နီးချင်းနိုင်ငံက ပိုင်နက်တွေကို သူတို့ပိုင်တယ်ဆိုပြီး မြေပုံမှာ ထည့်သွင်းရေးဆွဲမှုအတွက် တရုတ်ဟာ အရင်ကလည်း ဆန့်ကျင်ကန့်ကွက်မှုတွေကို ခံခဲ့ရပါတယ်။ 

    Ref: CNA

  • MMA လောကမှာ မင်းမူတော့မယ့် ဆော်ဒီ

    MMA လောကမှာ မင်းမူတော့မယ့် ဆော်ဒီ

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media 


    (ဆော်ဒီ MMA ကစားသမား အဘ်ဒူလာ အလ် ကာတာနီ)

    -အမေရိကန် ကိုယ်ခံပညာပေါင်းစုံ(MMA) တိုက်ခိုက်ရေး လိဂ်တစ်ခုဖြစ်တဲ့ PFL ရှယ်ယာတစ်ချို့ကို ဆော်ဒီအာရေဗျ နိုင်ငံပိုင် အားကစားလုပ်ငန်း SRJ က ၀ယ်ယူလိုက်ပါတယ်။ 

    SRJ ကို ဆော်ဒီအစိုးရက သြဂုတ်လအစောပိုင်းကမှ ဖွဲ့စည်းတည်ထောင်လိုက်တာပါ။ ရှယ်ယာတွေ ၀ယ်ယူကြောင်း မနေ့က ကြေငြာခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ MMA ပြိုင်ပွဲကြီးတစ်ခု ဦးစီး ကျင်းပသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ 

    ပြိုင်ပွဲသစ်ကို ‘အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက တိုက်ခိုက်ရေးလိဂ်’ MENA လို့ အမည်ပေးကာ လာမယ့်နှစ်ကစတင်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

    PFL ရှယ်ယာတွေကို ဒေါ်လာသန်း ၁၀၀ ဖိုး ဆော်ဒီက ၀ယ်ယူခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။  

    နိုင်ငံစီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ရည်ရွယ်တဲ့ ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းမှာ အားကစားလုပ်ငန်းအတွင်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး အဓိကပြိုင်ပွဲတွေ ဆော်ဒီမှာ ကျင်းပလာနိုင်အောင် လုပ်ဆောင်ဖို့လည်း ပါ၀င်ပါတယ်။ 

    လက်ရှိမှာ ဂေါက်သီး၊ ဖော်မြူလာ၀မ်း ကားပြိုင်ပွဲနဲ့ ဘောလုံးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။ 

    MMA ပြိုင်ပွဲကို Desert Force အမည်နဲ့ ၂၀၁၄ ခုနှစ်က ဆော်ဒီမှာ ကျင်းပခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဆော်ဒီအာရေဗျနဲ့ အရှေ့အလယ်ပိုင်းမှာ ဒီအားကစားကို လူကြိုက်များမှု မြင့်တက်လာပါတယ်။ 

    Ref: Aljazeera 

  • စစ်ဘီလူးများ ခေါင်းထောင်နေဆဲဖြစ်သည့် အာဖရိက

    စစ်ဘီလူးများ ခေါင်းထောင်နေဆဲဖြစ်သည့် အာဖရိက

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media


    -အာဖရိက အနောက်ဖက်စွန်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂါဘွန်နိုင်ငံမှာ မနေ့က စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ 

    ရွေးကောက်ပွဲကျင်းပြီး ၄ ရက်အကြာမှာပဲ အခုလို အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။ 
    သမ္မတ အလီ ဘွန်ဂို အိုဒင်ဘာ ၃ ကြိမ်မြောက် ရွေးကောက်ခံရတဲ့ ရွေးကောက်ပွဲဟာ သမာသမတ် မကျဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် ဘရစ် အိုလီဂူ နူအဲမာက ပြောပါတယ်။ 

    ဖြုတ်ချခံလိုက်ရတဲ့ အလီ ဘွန်ဂိုဟာ သမ္မတဟောင်း အိုမာ ဘွန်ဂိုရဲ့သားဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူထားတာဖြစ်ပါတယ်။ 

    ဒီလို ဆွေစဥ်မျိုးဆက် ဆယ်စုနှစ်ချီ အာဏာရယူထားမှုကြောင့် နိုင်ငံရေးသမားတွေအကြား အကွဲအပြဲတွေဖြစ်ပြီး နောက်ဆုံး သမ္မတအစောင့်တပ် အကြီးအကဲ နူအဲမာ ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင် ၁၂ ယောက် ပူးပေါင်း အာဏာသိမ်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

    ဂါဘွန်စစ်အာဏာသိမ်းမှုဟာ အခုနှစ်အတွင်း အနောက်အာဖရိကမှာ ဒုတိယမြောက် အာဏာသိမ်းမှုဖြစ်ပါတယ်။ 

    ဇူလိုင်လအတွင်းကလည်း နိုင်ဂျာနိုင်ငံမှာ သမ္မတအစောင့်တပ်ခေါင်းဆောင်က သမ္မတ မိုဟာမက် ဘာဇွန်ကို ဖြုတ်ချအာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ 

    လုံခြုံရေး၊ အုပ်ချုပ်ရေး ဆိုးရွားလာမှုကို အဆုံးသတ်ဖို့အတွက် ၀င်ရောက်ထိန်းသိမ်းပေးတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

    စစ်ဘီလူးများ

    ၁၉၅၀ ပြည့်နှစ်ကစပြီး အခုအချိန်အထိ ကမ္ဘာတစ်၀ှမ်းမှာ စစ်ခေါင်းဆောင်တွေ စစ်အာဏာသိမ်းမှု၊ အာဏာသိမ်းဖို့ ကြိုးစားမှု စုစုပေါင်း ၄၈၆ ခု ဖြစ်ပွားခဲ့ပါတယ်။ 

    အာဖရိကနိုင်ငံတွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ အာဏာသိမ်းမှုပေါင်း ၂၁၄ ခု ရှိခဲ့ပြီး ၁၀၆ ခုက လုံး၀ အောင်မြင်ခဲ့ပါတယ်။ 

    အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ၄၅ နိုင်ငံက ၁၉၅၀ နောက်ပိုင်း အနည်းဆုံး အာဏာသိမ်းမှု တစ်ကြိမ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

    အာဖရိကနိုင်ငံအများစုဟာ ဆင်းရဲချို့တဲ့ကြပြီး စစ်အာဏာသိမ်းခံလိုက်ရတဲ့ နိုင်ငံတွေကတော့ နလန်ပြန်မထူနိုင်တော့ပါဘူး။ 

    လတ်တလော အာဏာသိမ်းမှုများ 

    နိုင်ဂျာ – နိုင်ငံဂျာသမ္မတ ဘာဇွန်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်တပ်ရဲ့ ဖြုတ်ချအာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ အနောက်အာဖရိကနိုင်ငံများအဖွဲ့က နိုင်ဂျာကို စစ်ရေးနဲ့၀င်ရောက် ဖြေရှင်းဖို့အထိ စဥ်းစားခဲ့ကြပေမယ့် အမှန်တကယ် ဖြစ်မလာခဲ့ပါဘူး။ 

    ဘာကီနာဖာဆို – ၂၀၂၂ ခုနှစ် ဇန်န၀ါရီမှာ စစ်ခေါင်းဆောင် ပေါလ် ဟင်နရီ ဆန်ဒါဂို ဒမ်ဘီလာက သမ္မတ ရော့ချ် ကာဘိုရီကို ဖြုတ်ချခဲ့ပါတယ်။ စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ 

    အာဏာသိမ်းမှုက ကြမ်းတမ်းခဲ့ပြီး စစ်စခန်းတွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေအထိ ဖြစ်ခဲ့ပါတယ်။ ဒမ်ဘီလာရဲ့ အာဏာသိမ်းမှုဟာ ၈ လသာ ခံပါတယ်။ စက်တင်ဘာမှာ သူ့တပည့် ဗိုလ်ကြီး အီဘရာဟင် ထရာအိုရေးက ဦးဆောင်ပြီး ဒမ်ဘီလာကို ဖြုတ်ချ အာဏာသိမ်းခဲ့ပြန်ပါတယ်။ 

    ဂီနီ – ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ကွန်မန်ဒိုတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး မမ်ဒီ ဒွမ်ဘူယာက သမ္မတ အလ်ဖာ ကွန်ဒီကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။ 

    ကွန်ဒီကလည်း အာဏာမက်သူပါ။ ၂ ကြိမ်ထက်ပိုပြီး သမ္မတတာ၀န် မထမ်းဆောင်ရဆိုတဲ့ အခြေခံဥပဒေ ပြဌာန်းချက်ကို ၂၀၂၀ ခုနှစ်မှာ ပြင်ခဲ့ပြီး တိုင်းပြည်ကို ရေရှည်အုပ်စိုးဖို့ ကြံရွယ်ခဲ့သူ ဖြစ်ပါတယ်။ 

    ချဒ် – ၂၀၂၁ ခုနှစ် ဧပြီလမှာ သမ္မတ အီဒရစ်ဒီဘေး သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့သားဖြစ်သူ ဒုတိယစစ်ခေါင်းဆောင် မဟာမက် ဒီဘေးက အာဏာသိမ်းလိုက်ပါတယ်။ 

    သမ္မတ အီဒရစ်ဒီဘေးကလည်း စစ်အာဏာရှင်တစ်ဦးပါ။ ၁၉၉၀ ခုနှစ်က အာဏာသိမ်းကာ နှစ်ပေါင်း ၃၀ လောက် တိုင်းပြည်ကို အုပ်စိုးခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်းက ပြည်တွင်းစစ်ဖြစ်ရာ ရှေ့တန်းတစ်နေရာကို သွားရောက်ကြည့်ရှုရင်း တိုက်ပွဲအကြား သေဆုံးသွားခဲ့ပြီး သားဖြစ်သူက အာဏာအမွေ ဆက်ခံခဲ့ပါတယ်။ 

    မာလီ – ၂၀၂၀ ခုနှစ် သြဂုတ်လမှာ မာလီစစ်တပ်က ဗိုလ်မှူးတွေစုပြီး သမ္မတ အီဘရာဟင် ဘူဘာကာ ကီတာကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတ ကီတာလက်ထက် လုံခြုံရေးအခြေအနေ ဆိုးရွားတာ၊ ခြစားမှုရှိတာ၊ အုပ်ချုပ်ရေးဆိုးရွားတာတွေကြောင့် ပြည်သူလူထုက ဆန္ဒပြခဲ့ပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။ 

    ဒီအာဏာသိမ်းမှုကလည်း ၉ လသာခံပါတယ်။ စစ်အစိုးရ ဒုတိယခေါင်းဆောင် အဆီမီ ဂီတာက ၂၀၂၁ ခုနှစ် မေလအတွင်း သူဆရာ ဘာနဒေါကို ဖြုတ်ချကာ အာဏာသိမ်းပြန်သိမ်းခဲ့ပါတယ်။ 

    ဆူဒန် – ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်ဟာ အာဏာရှင် ဘရှီးရ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ 

    စစ်ဖက်-အရပ်ဖက် ပူးပေါင်းပြီး အစိုးရဖွဲ့ကာ တိုင်းပြည်အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကြာကြာမခံဘဲ အကွဲအပြဲတွေဖြစ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေကြား အာဏာလုကြရင်း ၂၀၂၃ ခုနှစ် ဧပြီလမှာတော့ ဆူဒန်စစ်တပ်နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပြီး လက်ရှိမှာ တိုင်းပြည်ဟာ မီးဟုန်းဟုန်းတောက်နေပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အာဖဂန်အမျိုးသမီးများ နိုင်ငံခြားသွားရောက် ပညာသင်ခွင့်ကို တာလီဘန် ပိတ်ပင်

    အာဖဂန်အမျိုးသမီးများ နိုင်ငံခြားသွားရောက် ပညာသင်ခွင့်ကို တာလီဘန် ပိတ်ပင်

    သြဂုတ် ၂၈၊ ၂၀၂၃ 

    M-Media 


    -အာဖဂန်နစ္စတန်ကို အုပ်စိုးနေတဲ့ တာလီဘန်အဖွဲ့ဟာ ပြည်တွင်းမှာ အမျိုးသမီးတွေ ပညာသင်ခွင့်ယူခွင့်ကို ပိတ်ပင်တဲ့အပြင် နိုင်ငံရပ်ခြားကို ပညာသင်ဆုနဲ့ သွားမယ့် အမျိုးသမီးတွေကိုပါ ထွက်ခွာခွင့်မပေးတော့ဘူးလို့ သိရပါတယ်။ 

    အသက် ၂၀ အရွယ် အာဖဂန်အမျိုးသမီး နတ်ကိုင် (အမည်လွှဲ) က သူခံစားခဲ့ရတာတွေကို ဘီဘီစီသတင်းဌာနထံ ပြောပြပါတယ်။ 

    “အမျိုးသမီးတွေ တက္ကသိုလ်မတက်ရလို့ တာလီဘန်တွေက ပိတ်ပင်လိုက်တော့ ပညာသင်ဆုနဲ့ နိုင်ငံခြားသွားပြီး ပညာဆက်သင်ဖို့ပဲ ကျွန်မအတွက် မျှော်လင့်ချက် ရှိတော့တယ်”

    သူမရဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ကြိုးစားရင်း အခွင့်အလမ်းတွေ ရှာဖွေခဲ့တဲ့ နတ်ကိုင်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် ရှိခ် ခါလက်ဖ် အဟ်မဒ် အလ် ဟဘ်တူရ်က ပေးအပ်တဲ့ ဒူဘိုင်းတက္ကသိုလ်တက်ရောက်ခွင့် ပညာသင်ဆုကို ရရှိခဲ့ပါတယ်။ 

    တာလီဘန်က တက္ကသိုလ်တွေမှာ အမျိုးသမီးတွေတက်ရောက်ခွင့်ကို ပိတ်ပင်လိုက်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဟဘ်တူရ်က အာဖဂန်အမျိုးသမီးတွေအတွက် ဒီပညာသင်ဆုကို ဖန်တီးပေးခဲ့တာပါ။ 

    အဲဒီအချိန်ကစလို့ အာဖဂန်အမျိုးသမီး ၁၀၀ လောက် ဒီပညာသင်ဆု ရရှိခဲ့ကြပြီး နိုင်ငံခြားမှာ နေထိုင်နေသူတွေက ဒူဘိုင်းကို သွားရောက်ခဲ့ကြပါတယ်။ 

    ပညာသင်ဆုရခဲ့တဲ့ နတ်ကိုင်ဟာ ဇူလိုင်လ ၂၃ ရက်နေ့က ဒူဘိုင်းကိုသွားဖို့ ကဘူးလ်လေဆိပ်ကို ရောက်တဲ့အချိန်မှာ တာလီဘန်တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရပါတယ်။ 

    “ကျွန်မတို့လက်မှတ်တွေနဲ့ ကျောင်းဗီဇာကို မြင်တဲ့အခါ အမျိုးသမီးတွေကို ကျောင်းဗီဇာနဲ့ ထွက်ခွာခွင့်မပြုဘူးလို့ တာလီဘန်တွေက ပြောပါတယ်”

    နတ်ကိုင်နဲ့အတူ အခြား ပညာသင်ဆုရတဲ့ အမျိုးသမီးငယ် ၆၀ လည်း ဒီလို တားမြစ်ဟန့်တားမှုမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ 

    အမျိုးသမီးတွေ တစ်ယောက်တည်း နိုင်ငံခြားသွားတာ၊ ခရီး၀ေးသွားတာတွေကို တာလီဘန်က ခွင့်မပြုဘဲ အမျိုးသားအဖော်တစ်ဦး ပါမှသာ သွားခွင့်ပြုပါတယ်။ 

    အဲဒီလို အမျိုးသားအဖော်ပါတဲ့ ပညာသင်ဆုရ ကျောင်းသူတွေကိုလည်း တာလီဘန်က လေယာဥ်ပေါ်ကနေ မောင်းချခဲ့ပါတယ်။ 

    “လေယာဥ်ပေါ်ရောက်သွားတဲ့ မိန်းကလေး ၃ ဦးမှာ အုပ်ထိန်းသူ အမျိုးသားတွေ ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း တာလီဘန်တွေက  လေယာဥ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပါတယ်”

    တာလီဘန်အဖွဲ့က ရန်ပြုလာမှာကို စိုးရိမ်တဲ့အတွက် ဒီလိုကြုံတွေ့ခံစားရတဲ့ အမျိုးသမီးတော်တော်များများဟာ မီဒီယာတွေကို ထုတ်ပြောဖို့ ၀န်လေးနေကြပါတယ်။ 

    ပညာသင်ဆုရတဲ့ ညီမဖြစ်သူရဲ့ အုပ်ထိန်းသူအဖြစ် ဒူဘိုင်းလိုက်သွားမယ့် ရှမ် အဟ်မဒ်က တာလီဘန်ရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ 

    “ဒီမှာ တက္ကသိုလ်တွေပိတ်လိုက်တော့ ပညာသင်ဆုဟာ ကျွန်တော့်ညီမအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ကနေ မျှော်လင့်ချက်အပြည့်နဲ့ ထွက်သွားတဲ့ ကျွန်တော့်ညီမ မျက်ရည်စက်လက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ သူရဲ့ အခွင့်အရေးအားလုံး ဆုံးရှုံးသွားခဲ့ပြီ”

    ပညာသင်ဆုရတဲ့ တစ်ချို့ကျောင်းသူတွေဟာ အမျိုးသားအုပ်ထိန်းသူပါ တစ်ပါတည်းလိုက်နိုင်ဖို့အတွက် ငွေကြေးချေးငှားကာ ဗီဇာလုပ်ပေးခဲ့ပေမယ့် မောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။ 

    “ပညာသင်ဆုရတဲ့ တစ်ချို့ကလေးတွေက ချို့ချို့တဲ့တဲ့ပါ။ ဆင်းလည်းဆင်းရဲကြတယ်။ နိုင်ငံခြားရေး၀န်ကြီးဌာနကတောင်းတဲ့ စာရွက်စာတမ်းဖိုး အာဖဂန်ငွေ ၄၀၀ (ကန် ၅ ဒေါ်လာ) တောင် သူတို့မှာ မရှိကြဘူး” လို့ အဟ်မဒ်က ဆိုပါတယ်။ 

    ဒူဘိုင်းတက္ကသိုလ်နဲ့ အလ် ဟဘ်တူရ်တို့ကလည်း ပညာသင်ဆုရ အမျိုးသမီးတွေကို တာလီဘန်တွေက ပိတ်ပင်ခဲ့ကြောင်း အတည်ပြုပါတယ်။ 

    ဆိုရှယ်မီဒီယာ X(Twitter) မှာ တင်ထားတဲ့ ဟဘ်တူရ်ရဲ့ ဗီဒီယိုတစ်ခုမှာ တာလီဘန်တွေရဲ့ ဒီလုပ်ရပ်ကို ၀ေဖန်ထားပြီး အစ္စလာမ်ဟာ အမျိုးသားရော အမျိုးသမီးကိုပါ ပညာသင်ခွင့်ပေးထားတယ်လို့ ထောက်ပြခဲ့ပါတယ်။ 

    တာလီဘန်ရဲ့ တားဆီးခြင်းကို ခံခဲ့ရတဲ့ အာဖဂန်အမျိုးသမီးငယ်တစ်ဦးရဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ပြောထားတဲ့ မှတ်ချက်လည်း ဒီဗီဒီယိုမှာ ပါ၀င်ပါတယ်။ 

    “ကျွန်မတို့ လေဆိပ်ရောက်နေပြီ။ ကံမကောင်းစွာနဲ့ဘဲ အစိုးရက ကျွန်မတို့ကို ဒူဘိုင်းသွားခွင့် မပြုပါဘူး။ အမျိုးသားအုပ်ထိန်းသူ ပါတာတောင် သူတို့က သွားခွင့်မပြုဘူးဆိုတော့ ကျွန်မတို့လည်း ဘာလုပ်ရမှန်း မသိပါဘူး။ ကျွန်မတို့ကို ကူညီကြပါ” 

    မသိဘူး၊ မရှိဘူး

    တာလီဘန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဖြေရှင်းချက်မှ မထုတ်ပြန်ပါဘူး။ 

    တာလီဘန်လက်အောက်က အကုသိုလ်ထိန်းချုပ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဆာဒစ် အကစ်ဖ် မူဟာဂျီရ်က ဒီကိစ္စတွေကို သူတို့မသိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ 

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်ကလည်း သူ ခရီးသွားနေတဲ့အတွက် ဒီသတင်းတွေကို မသိရှိကြောင်း၊ မှတ်ချက်မပေးလိုကြောင်း ဖြေကြားခဲ့ပါတယ်။ 

    မျှော်လင့်ချက် ပျက်သုဥ်း 

    နတ်ကိုင်ဟာ အထက်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ်၀င်ခွင့် ဖြေဆိုဖို့ ပြင်ဆင်နေတဲ့အချိန် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ တာလီဘန်က နိုင်ငံကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ 

    အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီလို့ သူ ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ တာလီဘန်တွေဟာ အမျိုးသမီးတွေကို မလေးစား၊ လက်မခံလိုတဲ့အတွက် သူတို့နဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးချင်ဘူးလို့ နတ်ကိုင်က ဆိုပါတယ်။ 

    ကမ္ဘာ့အသိုင်းအ၀ိုင်းက အာဖဂန်အမျိုးသမီးတွေကို ပစ်မထားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ 

    “အမျိုးသမီးဖြစ်နေတာကို ရာဇ၀တ်မှုလို့ သတ်မှတ်ထားတဲ့ တိုင်းပြည်မျိုးမှာ ကျွန်မဟာ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်။ အရမ်း၀မ်းနည်းတယ်။ ဘာလုပ်ရမလဲ၊ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ မသိတော့ပါဘူး”

    Ref: BBC

  • မြန်မာစစ်တပ်ထံ ရေအောက်ရေဒါ ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦး တရားရုံးတွင် ၀န်ခံ

    မြန်မာစစ်တပ်ထံ ရေအောက်ရေဒါ ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦး တရားရုံးတွင် ၀န်ခံ

    သြဂုတ် ၂၈၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ကန့်ဂျာနာ (၀ဲ) နှင့် ၀ူအွန်ချွန်း (ယာ))

    -လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ် ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ကို တရားမ၀င်နည်းလမ်းနဲ့ ရေအောက်ရေဒါ(ဆိုနာ) ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသား နှစ်ဦးက သြဂုတ်လ ၂၅ ရက်နေ့ တရားရုံးမှာ ၀န်ခံထွက်ဆိုလိုက်ပါတယ်။ 

    စင်ကာပူ အခြေစိုက် Hydronav Services ကုမ္ပဏီက အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ ပိုတာ အဂက်စ် ကန့်ဂျာနာနဲ့ အသက် ၇၀ အရွယ် ဒါရိုက်တာ ၀ူ အွန် ချွန်းတို့ ဖြစ်ပါတယ်။ 

    သူတို့နှစ်ဦးဟာ ဆိုနာကိရိယာကို နော်၀ေကုမ္ပဏီ Kongsberg Maritime ကနေ လိမ်လည်၀ယ်ယူခဲ့ပြီး၊ စင်ကာပူရဲ့ ကန့်သတ်ကုန်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖောက်ကာ မြန်မာစစ်တပ်ထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

    အဲဒီဆိုနာဟာ မူရင်းစျေး ကန်ဒေါ်လာ ၇၅ သန်း တန်ဖိုးရှိပြီး  အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက မှာယူတဲ့ပုံစံမျိုး ၀ယ်ယူခဲ့တာပါ။ 

    ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ စင်ကာပူကို ပစ္စည်းရောက်လာခဲ့ပြီး၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ မြန်မာစစ်တပ်ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ 

    မြန်မာစစ်တပ်ကို ရောင်းချတဲ့စျေးနှုန်းက ဒေါ်လာ ၁၅၈ သန်း ဖြစ်ပါတယ်။ 

    Hydronav ရဲ့ ဒီရောင်းချမှုကို စင်ကာပူ အကောက်ခွန်ဌာနက သဲလွန်စရကာ စုံစမ်းစစ်ဆေးခဲ့ပြီး ကန့်ဂျာနာနဲ့ ၀ူအွန်ချွန်းတို့ကို တားမြစ်ကုန်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ၊ လိမ်လည်မှု ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။  

    ရောင်းချလိုက်တဲ့ ဆိုနာကိရိယာဟာ စစ်ဖက်နဲ့ အရပ်ဖက် နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပြီး မြန်မာရေတပ်က စစ်ဖက်မှာ အသုံးပြုနေတဲ့ အထောက်အထား တိတိကျကျ မရှိသေးတာကြောင့် ဒဏ်ငွေနဲ့သာ အမှုကို အဆုံးသတ်ဖို့ တရားပြိုင်ရှေ့နေတွေက တောင်းဆိုထားပါတယ်။ 

    ဒီအမှုကို လာမယ့် စက်တင်ဘာလမှာ အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ 


    Ref: The Star