News @ M-Media

Author: Ko Lay

  • အူမာရော့ဗ် (သို့) ယူကရိန်းစစ်တပ်ကို ဦးဆောင်မယ့် ခရိုင်းမီးယားက တာတာမွတ်စလင်

    အူမာရော့ဗ် (သို့) ယူကရိန်းစစ်တပ်ကို ဦးဆောင်မယ့် ခရိုင်းမီးယားက တာတာမွတ်စလင်

    စက်တင်ဘာ ၉၊ ၂၀၂၃

    M-Media 


    -ယူကရိန်းအစိုးရဟာ ကာကွယ်ရေး၀န်ကြီးသစ်အဖြစ် ခရိုင်းမီးယားနွယ်ဖွား တာတာမွတ်စလင် ရက်စတမ် အူမာရော့ဗ်ကို ခန့်အပ်လိုက်ပါတယ်။ 

    အနောက်နိုင်ငံတွေက ပေးပို့တဲ့ ဒေါ်လာဘီလီယံချီ တန်ဖိုးရှိ လက်နက်အကူအညီတွေကို ကိုင်တွယ်နေရတဲ့ ယူကရိန်းစစ်တပ် ထိပ်ပိုင်းမှာ ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းကြောင့် သမ္မတ ဇယ်လင်စကီးဟာ စစ်တပ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာပါ။ 

    ၂၀၂၁ ခုနှစ် နို၀င်ဘာက စတင်ကာ ကာကွယ်ရေး၀န်ကြီးတာ၀န် ရယူခဲ့တဲ့ အိုလက်စကီ ရက်ဇ်နီကော့ဗ်လည်း ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    အောက်ခြေစစ်သားတွေအတွက် စားနပ်ရိက္ခာတွေ၊ ယူနီဖောင်းတွေ ၀ယ်ယူရာမှာ ထိပ်ပိုင်းဗိုလ်ချုပ်တွေက တင်ရိုက်တာတွေ ရှိနေပါတယ်။ စစ်ရေးစစ်ရာမှာလည်း ယူကရိန်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ 

    အနောက်နိုင်ငံတွေက မျှော်လင့်ချက်ကြီးကြီးထားတဲ့ ရုရှားအပေါ် တန်ပြန်တိုက်စစ်ဟာ နှမ်းထွက်မကိုက်ပါဘူး။ 

    ဇယ်လင်စကီးဟာ ကာကွယ်ရေး၀န်ကြီးဌာနနဲ့ စစ်တပ်အတွင်းက ခြစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို ကိုင်တွယ်နေပြီး ထိပ်ပိုင်းခေါင်းဆောင် တော်တော်များများကိုလည်း ထုတ်ပယ်ကာ အစားထိုးထားပါတယ်။

    ကာကွယ်ရေး၀န်ကြီးအသစ်က ဘယ်သူလဲ 

    ကာကွယ်ရေး၀န်ကြီးမဖြစ်ခင် အူမာရော့ဗ်ဟာ နိုင်ငံစီးပွားရေးကို အဓိကထိန်းကျောင်းတဲ့အဖွဲ့ State Property Fund အကြီးအကဲအဖြစ် တစ်နှစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ 

    သူ့ရဲ့ စီစစ်ဆောင်ရွက်မှုတွေကြောင့် နိုင်ငံပိုင်ငွေ အလေအလွင့်ဖြစ်နေမှု တော်တော်များများကို တားဆီးနိုင်ခဲ့ပြီး ၀င်ငွေလည်း တိုးလာပါတယ်။  

    စာရင်းစစ်ဆေးမှုတွေ အကြီးအကျယ်လုပ်ဆောင်ကာ ခြစားမှု၊ စီမံခန့်ခွဲမှု အလွဲအမှားတွေကို တိုက်ဖျက်နိုင်တာကြောင့် အူမာရော့ဟာ ယူကရိန်းအစိုးရနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ချီးကျူးမှု၊ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ 

    အူမာရော့ဗ်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီးရဲ့ Servant of the People ပါတီ၀င်မဟုတ်ဘဲ ဥရောပလိုလားတဲ့ Holos ပါတီ၀င်ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှာ ကွန်ယက်ကောင်းကောင်း တည်ဆောက်ထားနိုင်ပြီး ရုရှားရဲ့ ကျူးကျော်မှုအတွင်း တိုင်းပြည်မနာစေမယ့် အောင်မြင်တဲ့ ဆွေးနွေးမှု တော်တော်များများကို လုပ်ဆောင်ထားနိုင်ပါတယ်။ 

    ရုရှားရဲ့ကျူးကျော်မှု တစ်လအကြာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက ယူကရိန်းကိုယ်စားလှယ်အဖွဲ့မှာ အူမာရော့ဗ် ပါ၀င်ခဲ့ပါတယ်။ 

    ပင်လယ်နက်မှာ ပိတ်မိနေတဲ့ ယူကရိန်းဂျုံတွေ တင်ပို့ရောင်းချနိုင်ရေး၊ ရုရှားက ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးရေး သူဦးဆောင်ကာ ရုရှားနဲ့ ဆွေးနွေးခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။  

    ဇစ်မြစ်

    အူမာရော့ဗ်ကို ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာရ်ကန်မြို့မှာ မွေးတာပါ။ သူမွေးစဥ်က ဥဇဘက်ကစ္စတန်ဟာ ဆိုဗီယက်လက်အောက််မှာ ရှိတဲ့အချိန် ဖြစ်ပါတယ်။ 

    ခရိုင်းမီးယားကျွန်းဆွယ်မှာမွေးတဲ့ တာတာအနွယ်ဖြစ်ပါတယ်။ 

    ခရိုင်းမီးယားတာတာတွေဟာ တူရကီစကားပြောကာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေပါ။  ဆိုဗီယက်လက်ထက်က အလွန်ဖိနှိပ်ခံရပြီး ၁၉၄၀ ပြည့်နှစ်တွေမှာ အာရှအလယ်ပိုင်းနိုင်ငံတွေကို နှင်ထုတ်ခံခဲ့ရပါတယ်။ 

    အူမာရော့ဗ်ရဲ့ မိဘတွေက ဒီလိုဖိနှိပ်နှင်ထုတ်မှုကြောင့် ဥဇဘက်ကစ္စတန်ကို ရောက်ခဲ့ရတာပါ။ 

    ပါရှန်ပင်လယ်ကွေ့နိုင်ငံတွေ၊ တူရကီတို့နဲ့ သံတမန်ရေး၊ စီးပွားရေး အဆက်အသွယ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာမှာ သူ တာတာလူမျိုးဖြစ်နေမှုက အားတစ်ခုဖြစ်ခဲ့တယ်လို့ အူမာရော့ဗ်က ဆိုပါတယ်။ 

    “ယူကရိန်းမွတ်စလင်တွေဟာ ယူကရိန်းလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် တိုက်ပွဲ၀င်နေကြတယ်ဆိုတာ ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ရုရှားရဲ့ ၀ါဒဖြန့်မှုတွေသာ ကြားနေရတဲ့ အိုအိုင်စီနိုင်ငံတွေမှာ ဒါက သူတို့နှလုံးသားကို ထိစေတဲ့အချက် ဖြစ်ခဲ့ပါတယ်” လို့ Forbes သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။  

    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ၁၉၉၁ ခုနှစ်မှာ အူမာရော့ဗ်မိသားစုဟာ ခရိုင်းမီးယားကို ပြန်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ရုရှားက ကျူးကျော်သိမ်းပိုက်မှုအပြီးမှာတော့ အူမာရော့ဗ်ဟာ ယူကရိန်းပြည်မကို ပြောင်းလာပါတယ်။ 

    “သိမ်းပိုက်ခံ ကျွန်တော်တို့နယ်မြေတွေအားလုံး လွတ်မြောက်တဲ့တစ်နေ့ ခရိုင်းမီးယားကို ကျွန်တော် ပြန်မှာပါ”

    အူမာရော့ဗ်ဟာ ယူကရိန်း၊ တာတာ၊ ရုရှား၊ တူရကီနဲ့ အင်္ဂလိပ်စကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူလည်း ဖြစ်ပါတယ်။ 

    အူမာရော့ဗ်ကို ကာကွယ်ရေး၀န်ကြီးသစ် ခန့်အပ်မှုအပေါ် ယူကရိန်း နိုင်ငံရေးနဲ့ စစ်တပ်အသိုင်းအ၀ိုင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက ကြိုဆိုကြပါတယ်။ 

    လွတ်လပ်တဲ့ ယူကရိန်း ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ဗီတာလီ ရှာဘူနင်က အူမာရော့ဗ်ကို ခန့်အပ်မှုဟာ သမ္မတဇယ်လင်စကီးရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ပြောပါတယ်။ 

    “State Property Fund ဌာနမှာ အူမာရော့ဗ်နဲ့ သူ့အဖွဲ့က မဖြစ်နိုင်တာတွေကို လုပ်ပြခဲ့တာပါ”

    Ref: Washington Post

  • စစ်ကောင်စီက ကျင်းပမည့် အစည်းအ၀ေးကို အာဆီယံနိုင်ငံတစ်ချို့ မတက်

    စစ်ကောင်စီက ကျင်းပမည့် အစည်းအ၀ေးကို အာဆီယံနိုင်ငံတစ်ချို့ မတက်

    စက်တင်ဘာ ၉၊ ၂၀၂၃

    M-Media 


    -စစ်ကောင်စီက ကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲများ အစည်းအ၀ေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့၀င်နိုင်ငံအချို့က AFP သတင်းဌာနကို ပြောပါတယ်။ 

    ဒီအစည်းအ၀ေးကို နှစ်စဥ် ပုံမှန်ကျင်းပတာဖြစ်ပြီး ကာကွယ်ရေး၊ အစွန်းရောက်၀ါဒ တိုက်ဖျက်ရေးနဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။ 

    အခုနှစ်အစည်းအ၀ေးကို မြန်မာနိုင်ငံက ဦးစီးကျင်းပရမှာဖြစ်ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း ပြုလုပ်ဖို့ ရှိနေပါတယ်။ 

    မြန်မာစစ်တပ်က လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ ဒီအစည်းအ၀ေးကို တက်ရောက်မှာမဟုတ်ဘူးလို့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တာ၀န်ရှိသူတွေက ပြောပါတယ်။

    မလေးရှား လေတပ်အကြီးအကဲက လုံး၀တက်ရောက်မှာမဟုတ်ဘဲ၊ ဖိလစ်ပိုင်က ဗီဒီယိုမက်ဆေ့သာ ပေးပို့မယ်လို့ ဆိုပါတယ်။ 

    အင်ဒိုနီးရှားက လေတပ်အကြီးအကဲအပါအ၀င် ဘယ်သူ့ကိုမှ စေလွှတ်မှာမဟုတ်ဘူးလို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အခုတစ်ပတ်အတွင်း ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ အာဆီယံက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို လစ်လျူရှုမှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ 

    လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုမှ မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက ဒီအစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

    Ref: AFP 

  • ပူတင်နဲ့ ကင်ဂျုံအွန် အကြီးအကျယ် ပူးပေါင်းတော့မလား

    ပူတင်နဲ့ ကင်ဂျုံအွန် အကြီးအကျယ် ပူးပေါင်းတော့မလား

    စက်တင်ဘာ ၅၊ ၂၀၂၃


    M-Media 

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ အခုလအတွင်း ရုရှားကို သွားရောက်ကာ သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ 

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်မှာ မြောက်ကိုရီးယားက လက်နက်ထောက်ပံ့နိုင်ရေး ဆွေးနွေးသွားကြမယ်လို့ အမေရိကန် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ 

    ဘယ်နေ့သွားမလဲ၊ ဘယ်နေရာမှာ တွေ့ဆုံကြမလဲဆိုတာ အတိအကျ မသိရပါဘူး။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကလည်း ဒီကိစ္စကို ထုတ်မပြောပါဘူး။ 

    New York Times သတင်းဌာနက ကင်ဂျုံအွန်ဟာ ကျည်ကာရထားနဲ့ သွားရောက်မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ 

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ လက်နက်ကိစ္စနဲ့ အကြီးအကျယ် ပူးပေါင်းဆောင်ရွက်ဖို့ စီစဥ်နေကြတယ်လို့ အမေရိကန်က ထုတ်ပြောပြီးနောက်ပိုင်း အခုသတင်း ထွက်ပေါ်လာတာပါ။ 

    မကြသေးခင်က မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ ရုရှားကာကွယ်ရေး၀န်ကြီးဟာ အ၀ေးပစ် လက်နက်ကြီးတွေ ထုတ်ရောင်းဖို့ ကင်ဂျုံအွန်ကို စည်ရုံးခဲ့တယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးကောင်စီ တာ၀န်ရှိသူ ဂျွန် ကီရ်ဘီက ထုတ်ပြောထားပါတယ်။ 

    ပူတင်နဲ့ ကင်ဂျုံအွန်တို့ဟာ စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူထားကြတယ်လို့လည်း ကီရ်ဘီက ပြောပါတယ်။ 

    အမေရိကန်ကတော့ မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံစလုံးကို ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ ရှိနေပါတယ်။ 

    Ref: CNN 

    ပုံ ၁ – ပူတင်နှင့် ကင်ဂျုံအွန်

    ပုံ ၂- ရုရှားကာကွယ်ရေး၀န်ကြီးကို လက်နက်များ ပြသနေသည့် ကင်ဂျုံအွန် 

  • ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ဆံပင်အရှည် ၅ ပေ ၈ လက်မနဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် ဂင်းနစ်စံချိန် ၀င်ခဲ့ပါတယ်။ 

    တာမီ မာနစ်ဆိုတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၅၈ နှစ် ရှိပါပြီ။ အသက် ၂၅ နှစ်အရွယ် ၁၉၉၀ ကတည်းက ဆံပင်မညှပ်ဘဲ အရှည်ထားခဲ့တာပါ။ 

    လက်ရှိမှာတော့ သူမရဲ့ဆံပင်ဟာ သူမအရပ်ထက်တောင် ရှည်ခဲ့ပြီ ဖြစ်ပါတယ်။  

    ၁၉၈၀ ပြည့်နှစ်တွေက အဆိုတော်တစ်ဦး ကျစ်ဆံမြီးကျစ်ထားတာကို အားကျပြီး ၁၉၉၀ ပြည့်နှစ် ဖေဖော၀ါရီက ၉ ရက်နေ့ကစလို့ ဆံပင်အရှည် စထားဖြစ်တာလို့ သူမက ဆိုပါတယ်။ 

    “ဆံပင်တွေရှည်လာတာကို ကျွန်မနှစ်သက်ခဲ့ပြီး အခုတော့ ကမ္ဘာ့အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ။ ပျော်ရွှင်ရပါတယ်”

    ၂၀၂၀ ခုနှစ် အမေရိကန် အကြေကောက်ဆံပင် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မာနစ်ဟာ ဒုတိယဆု ရခဲ့ပါတယ်။ 

    Ref: Sky News 

  • မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်းများကို ထိထိရောက်ရောက် ကိုင်တွယ်ရန် မလေးရှား ထပ်မံတိုက်တွန်း

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်းများကို ထိထိရောက်ရောက် ကိုင်တွယ်ရန် မလေးရှား ထပ်မံတိုက်တွန်း

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံ ငြိမ်းချမ်းအောင် ဆောင်ရွက်မယ့် အာဆီယံရဲ့ အစီအစဥ်ကို စစ်ခေါင်းဆောင်တွေက တားဆီး ဟန့်တားမှုတွေ လုပ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် တုန့်ပြန်ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်။ 

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ စတင်ပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ နှစ်ပတ်လည် အစည်းအ၀ေးကို တက်ရောက်လာတဲ့ မလေးရှား နိုင်ငံခြားရေး၀န်ကြီးက ပွင့်ပွင့်လင်းလင်း ၀ေဖန်လိုက်တာ ဖြစ်ပါတယ်။

    “စစ်ကောင်စီကို ထိရောက်ပြင်းထန်တဲ့ အရေးယူမှု မလုပ်ရင် ဒါမျိုးတွေက ဆက်ဖြစ်နေမှာပဲဆိုတဲ့ အမြင်မျိုး မလေးရှားနဲ့ အခြား အဖွဲ့၀င်နိုင်ငံတွေက ရှုမြင်နေကြပါပြီ” လို့ မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆောင်ရွက်ဖို့ စီစဥ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး။ 

    ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်အောင် မြန်မာစစ်ခေါင်းဆောင်တွေက ပိတ်ဆို့ ဟန့်တားထားတယ်လို့ ဇမ်ဘရီက ပြောပါတယ်။ 

    အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာကိစ္စ၊ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ပိုင်နက်ခိုးယူမှုကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။ 

    အမေရိကန်၊ တရုတ်နဲ့ ဂျပန်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တစ်ချို့နဲ့လည်း အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေက တွေ့ဆုံဖို့ ရှိနေပါတယ်။ 

    Ref: Reuters