News @ M-Media
Author: Ko Lay
  • သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်
    သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်
    မေ ၃၀၊ ၂၀၁၈
    M-Media
    – နိုင်ငံတစ်ဝှမ်း ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ လိင်စော်ကားမှုကို ခံခဲ့ရသူတွေကို နှစ်သိမ့်ကူညီရေး အစိုးရရဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြောကြားလိုက်ပါတယ်။
    နိုင်ငံအတွင်းက အသင်းအဖွဲ့တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်ပြီး တော်ဝင်ကော်မရှင်က ဦးဆောင်ကာ ၅ နှစ်တာ ပြုလုပ်ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုမှာ ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်တွေအပေါ် လိင်စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    ထိခိုက်ခံစားရသူတွေကို နှစ်သိမ့်ကူညီကာ နစ်နာကြေးပေးရေး ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ အသင်းအဖွဲ့တွေကို ကော်မရှင်က ဖိအားပေးခဲ့ပါတယ်။
    “ဓနသဟာယအစိုးရက ဦးစီးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်သိမ့်ကူညီရေးအစီအစဉ် ဆောင်ရွက်ဖို့ တော်ဝင်ကော်မရှင်ရဲ့အကြံပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒီအစီအစဉ်မှာလည်း ပါဝင်ဖို့ ဆန္ဒရှိပါတယ်” လို့ သြစတေးလျ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ဥက္ကဌ ဆရာတော် မာ့ခ် ကိုလီရစ်ဂ်ျက ပြောကြားခဲ့ပါတယ်။
    “ထိခိုက်ခံစားရသူတွေဟာ တရားမျှတမှု၊ နှစ်သိမ့်အားပေးမှုတွေနဲ့ ထိုက်တန်ပြီး တော်တော်များများဟာ သတ္တိမွေးကာ သူတို့ရဲ့အကြောင်းတွေကို ထုတ်ပြောခဲ့ရတာ ဖြစ်ပါတယ်”
    အဲဒီ လျော်ကြေးပေးတဲ့အစီအစဉ်ကို သြစတေးလျအစိုးရက ဦးဆောင်မှာဖြစ်ပြီး ကက်သလစ်အသင်းတော်ဟာ ဒီကိစ္စမှာပါဝင်တဲ့ ပထမဆုံး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
    သြစတေးလျရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းဖြစ်တဲ့ တော်ဝင်ကော်မရှင်ဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လိင်စော်ကားမှုပေါင်း ၈၀၀၀ လောက်ကို ကြားနာခဲ့ပါတယ်။
    ထိခိုက်ခံစားရသူတွေအတွက် နစ်နာကြေးပမာဏကိုတော့ အစိုးရနဲ့ အအခြားအသင်းအဖွဲ့တွေ ပါဝင်မှုအပေါ်လိုက်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
    Ref: BBC
  • အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး
    အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး
    မေ ၃၀၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ဘီဟာရ်ပြည်နယ်က ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဟာ ၂၀ လောက် ရှိခဲ့ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ သေဆုံးသူ ၁၅ ဦး၊ ဂျာ့ခ်ဟန်းပြည်နယ်မှာ သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဒီလိုခြေအနေမျိုးကို ကြုံတွေ့ခဲ့ရတာပါ။
    လေပြင်းတိုက်ခတ်မှုတွေကြောင့် အိုးအိမ်တွေပျက်ဆီးတာ၊ အဆောက်အဦးပြိုကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
    မိုးရာသီ မိုးကြိုးပစ်မှုဟာ အိန္ဒိယမှာ ပုံမှန်လိုလို ဖြစ်ပွားလေ့ရှိပြီး မိုးကြိုးပစ်ခံမှုကြောင့် သေဆုံးသူဟာ ၂၀၀၅ ခုနှစ်ကစလို့ တစ်နှစ်ကို အနည်းဆုံး ၂၀၀၀ လောက် ရှိနေပါတယ်။
    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကလည်း နိုင်ငံမြောက်ပိုင်းမှာ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
    Ref: BBC
  • တောင်တရုတ်ပင်လယ်အတွက် ဖိလစ်ပိုင်က တရုတ်နှင့် စစ်ဖြစ်ရန် အသင့်ပြင်ထား
    တောင်တရုတ်ပင်လယ်အတွက် ဖိလစ်ပိုင်က တရုတ်နှင့် စစ်ဖြစ်ရန် အသင့်ပြင်ထား
    မေ ၃၀၊ ၂၀၁၈
    M-Media
    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ကို ထိခိုက်လာပြီဆိုရင် တရုတ်နဲ့ စစ်တိုက်ဖို့အထိ ပြင်ဆင်ထားတယ်လို့ ဖိလစ်ပိုင် ထိပ်တန်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပြီး တရုတ်နဲ့ ပတ်သက်လာရင် ပျော့ပျောင်းလွန်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
    ဖိလစ်ပိုင်ရဲ့ စီးပွားရေးဇုန်အပါအ၀င် ကျွန်းတုတွေမှာ တရုတ်က ဒုံးစနူစ်တွေ ချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်အတိုက်အခံတွေက ဒူတာတေးအစိုးရဟာ သံတမန်နည်းလမ်းနဲ့ ကန့်ကွက်ဆန့်ကျင်တာမျိုးတောင် မလုပ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
    ဒူတာတေးဟာ တရုတ်ဆီက ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်တဲ့အတွက် ဆက်ဆံရေးကောင်းတည်ဆောက်ချင်နေပြီး၊ သူတို့ထက် အဆမတန်အင်အားကြီးတဲ့ တရုတ်နဲ့ စစ်တိုက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း အရင်က ပြောကြားဖူးပါတယ်။
    ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး ဟာမိုဂီနက်စ် အက်စ်ပီရွန်က ဖိလစ်ပိုင်အနေနဲ့ တင်းမာမှုတွေ လျော့ပါးရေး ဆွေးနွေးမှုလုပ်ဖို့ အမြဲတမ်းကြိုးစားနေကြောင်း၊ ဒါပေမယ့် ရန်စလာမယ်ဆိုရင်တော့ မလွှဲမရှောင်သာ စစ်ဖြစ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့တပ်တွေကို ထိပါးလာပြီဆိုရင် ဒါဟာ စည်းဖောက်တာပဲလို့ သမ္မတက မနေ့မှာ ပြောကြားခဲ့ပါတယ်”
    ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာ တည်နေတဲ့ Scarborough Shoal မှာ တရုတ်ရဲ့ ဘယ်လိုအဆောက်အဦးကိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာ သမ္မတဒူတာတေးက တရုတ်နိုင်ငံကို အသိပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပီတာ ကာယီတာနိုက တနင်္လာနေ့မှာ သူ့လက်အောက်က၀န်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၃၀၊ ၂၀၁၈
    M-Media
    သက်တော်စောင့်အဖွဲ့ကို နှုတ်ဆက်နေသည့် နာဂျစ်
    ကုန်သွယ်ရေးကိစ္စ အမေရိကန်၏ ရပ်တည်ချက်ကို တရုတ်ရှုတ်ချ
    ================
    တရုတ်နိုင်ငံကတင်သွင်းတဲ့ပစ္စည်းတွေကို ဒေါ်လာ ၅၀ ဘီလီယံဖိုးလောက် အခွန်ကောက်မယ်ဆိုတဲ့ကိစ္စ ဆက်လုပ်ဖို့ရှိတယ်လို့ မနေ့က အမေရိကန်ရဲ့ပြောကြားမှုကို တရုတ်က ဒီကနေ့မှာ ရှုတ်ချလိုက်ပြီး အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖို့ မီးမွှေးရင် တုန့်ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ကုန်သွယ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့ဟာ အခုလအစောပိုင်းမှာ သဘောတူခဲ့ကြကာ ဒီကိစ္စကို ဆွေးနွေးဖို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ၀ီလ်ဘာရ် ရို့စ် ဦးဆောင်တဲ့အဖွဲ့ဟာ ဘေဂျင်းကို သွားရောက်ဖို့ ရှိနေပါတယ်။
    ============
    Starbucks က ၀န်ထမ်းတစ်သိန်းကျော်ကို လူမျိုးရေးအသိပညာပေးမှု ပြုလုပ်
    ================
    အမေရိကန်က နာမည်ကျော်ကော်ဖီဆိုင် Starbucks ဟာ နိုင်ငံတစ်ဝှမ်းက ဆိုင်ခွဲပေါင်း ၈၀၀၀ လောက်ကို မနေ့က ခေတ္တပိတ်ပစ်ခဲ့ကာ ၀န်ထမ်း ၁၇၅၀၀၀ ကို လူမျိုးရေးဆိုင်ရာ စောင့်ထိန်းရမယ့် တာဝန်တွေ၊ ၀တ္တရားတွေအကြောင်း အသိပညာပေးခဲ့ပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဖီလာဒဲလ်ဖီးယားက Starbucks ကော်ဖီဆိုင်မှာ ဘာမှမမှာဘဲထိုင်နေတဲ့ လူမည်းနှစ်ယောက်ကို မန်နေဂျာက ရဲခေါ်ဖမ်းခိုင်းမှုကြောင့် လူမျိုးရေးခွဲခြားတဲ့ ဒီလုပ်ရပ်အတွက် တစ်နိုင်ငံလုံးက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုလို အသိပညာပေးမှုက နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာတဲ့ လူဖြူကြီးစိုးရေးဝါဒကို အမှန်တကယ် ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
    ပူတင်ကိုဝေဖန်သည့် ရုရှားဂျာနယ်လစ်တစ်ဦး ယူကရိန်းတွင် အသတ်ခံရ
    ================
    သမ္မတ ဗလာဒီမီရ်ပူတင်ကို ဝေဖန်လေ့ရှိတဲ့ ရုရှားက ထင်ရှားတဲ့ဂျာနယ်လစ် အာကာဒီ ဘာ့ဘ်ချန်ကိုဟာ မနေ့က ယူကရိန်းမြို့တော် ကိဗ်က သူ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။ ဘာ့ဘ်ချန်ကိုဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ရုရှားနိုင်ငံကနေ ထွက်လာခဲ့တာဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းရဲတပ်ဖွဲ့ကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ သူလုပ်ကိုင်တဲ့အလုပ်နဲ့ ပတ်သက်မယ်လို့ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • အင်္ဂါနေ့ ဘောလုံးသတင်းများ
    အင်္ဂါနေ့ ဘောလုံးသတင်းများ
    မေ ၂၉၊ ၂၀၁၈
    M-Media
    ဥရောပ ထိပ်တန်းဘောလုံအသင်းစာရင်းကို ဘာစီလိုနာဦးဆောင်
    ===========
    ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းစာရင်းမှာ လာလီဂါချန်ပီယံ ဘာစီလိုနာက ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်ကိုကျော်ကာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ရီးယဲလ်ကိုရှုံးခဲ့တဲ့ လီဗာပူးလ်ဟာ အဆင့် ၈ ဆင့် တက်လာခဲ့ပြီး အဆင့် ၁၁ နေရာကို ရောက်လာပါတယ်။ မန်စီးတီးဟာ အဆင့် ၅ မှာရှိကာ ပရီးမီးယားလိဂ်က အမြင့်ဆုံးအဆင့်ရှိတဲ့အသင်း ဖြစ်ပြီး စပါးက ၉ နဲ့ မန်ယူက ၁၀ မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်က အချက်အလက်တွေကို အခြေခံကာ ဒီအဆင့်ကို သတ်မှတ်တာဖြစ်ပေမယ့် လတ်တလောအောင်မြင်မှုတွေက အဓိကနေရာကနေ ပါဝင်ပါတယ်။ ချယ်ဆီးက ၅ ဆင့်ကျကာ အဆင့် ၁၂ နေရာ ရောက်သွားပြီး၊ အာဆင်နယ်ကလည်း အဆင့် ၁၁ ကနေ ၁၅ အထိ ကျသွားပါတယ်။
    ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး အားသာချက်များကို မော်ရိုကိုထုတ်ပြော
    =================
    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပွဲ အိမ်ရှင်အဖြစ် မိမိတို့ကို ရွေးချယ်မယ်ဆိုရင် အာဖရိက ကမ္ဘာ့ဖလားမဟုတ်ဘဲ ဥရောပကမ္ဘာ့ဖလားနီးနီး ဖြစ်သွားမယ်လို့ မော်ရိုကို ကမ္ဘာ့လားအိမ်ရှင် လျှောက်ထားရေးအဖွဲ့ခေါင်းဆောင် ဟီချမ် အလ် အမ်ရာနီက ပြောကြားလိုက်ပါတယ်။ မော်ရိုကိုဟာ ကနေဒါ-မက္ကဆီကို-အမေရိကန် ၃ နိုင်ငံပေါင်း အိမ်ရှင်နဲ့ ယှဉ်ပြိုင်နေရတာပါ။ အမ်ရာနီက သူတို့နိုင်ငံဟာ ဥရောပတိုက်နဲ့ သိပ်မဝေးကြောင်း၊ ဘောလုံးအသင်းတွေ နိုင်ငံအတွင်း ခရီးသွားလာမှုဟာ ၇၅ မိနစ်ထက် မပိုကြောင်း၊ ဥရောပစံတော်ချိန်နဲ့ သိမ်မကွာတဲ့အတွက် စပွန်ဆာဈေးကွက် များများရနိုင်သလို၊ ဥရောပဘောလုံးပရိသတ်တွေအတွက်လည်း သွားရလာရ လွယ်ကူမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အိမ်ရှင်ရွေးချယ်ပွဲကို ဇွန်လ ၁၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
    ရာမို့စ်၏ ဖြတ်ထုတ်ပုံ ဂျူဒိုမှာပင် ခွင့်မပြုထားဟု ဥရောပဂျူဒိုအဖွဲ့ ဝေဖန်
    ===============
    စနေနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်အပေါ် ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုကို ဥရောပ ဂျူဒိုသမဂ္ဂက ဝေဖန်လိုက်ပါတယ်။ ရာပို့စ်ရဲ့လုပ်ရပ်ကြောင့် ဆာလာဟ်ဟာ ပုခုံးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး လူစားလဲခဲ့ရသလို ကမ္ဘာ့လားပြိုင်ပွဲမှာ ၀င်ကစားဖို့အတွက်လည်း မသေချာတော့ပါဘူး။ ပရိတ်သတ်တွေက ရာမို့စ်ကို ပြစ်ဒဏ်ပေးရေး တိုက်တွန်းစာတစ်စောင်ကို အွန်လိုင်းမှာ လက်မှတ်ထိုးနေတာဟာ လက်မှတ်ပေါင်း ၃ သိန်းကျော်လောက် ရနေပါပြီ။ ဂျူဒိုသမဂ္ဂက ဆာလာဟ်ကို ကျူးလွန်ခဲ့တဲ့ ပုံစံဟာ အန္တရာယ်ရှိတဲ့အတွက် ဂျူဒိုမှာတောင် ဒီနည်းကို ခွင့်မပြုထားဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ရီးယဲလ်အင်္ကျီသစ်မိတ်ဆက်မှုတွေ ရော်နယ်ဒိုမပါဝင်တော့
    ===============
    မန်ယူကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ဟာ အသင်းရဲ့ လာမယ့်ရာသီ ဂျာစီမိတ်ဆက်မှုမှာ ပါဝင်ခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ပါဝင်လာခြင်း မရှိပါဘူး။ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုက သူ့အနေနဲ့ အသင်းကနေ ထွက်ဖို့ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အသင်းအင်္ကျီသစ် မိတ်ဆက်မှုမှာ ရော်နယ်ဒိုမပါဝင်သလို ရီးယဲလ်ရဲ့ တရားဝင်ဝဘ်ဆိုက်မှာတင်ထားတဲ့ အသင်းလူစာရင်းမှာလည်း ရော်နယ်ဒိုရဲ့ပုံ မပါလာဘဲ သူဝတ်ဆင်တဲ့ အင်္ကျီကိုသာ ဖော်ပြထားပါတယ်။
    Ref: BBC, Goal