News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုရိုနာတားဆီးရေးအမိန့်ကို မလိုက်နာရင် ပစ်သတ်ခံရမည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

    ကိုရိုနာတားဆီးရေးအမိန့်ကို မလိုက်နာရင် ပစ်သတ်ခံရမည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

    ဧပြီ ၂၊ ၂၀၀၂
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လတာ သွားလာမှုကန့်သတ်မိန့်အတွင်း မလိုက်နာသူတွေ ပစ်သတ်ခံရမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သတိပေးလိုက်ပါတယ်။

    ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၂၃၀၀ ကျော်လာခဲ့ပြီး သေဆုံးသူ ၉၆ ဦး ရှိနေတာပါ။ ပြန့်နှံ့မှုကို တားဆီးဖို့အတွက် လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ တစ်လတာ သွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    မနေ့က တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ဒူတာတေးက အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “တစ်ဖြည်းဖြည်းနဲ့ အခြေအနေက ဆိုးလာတယ်။ ခင်ဗျားတို့ သေချာနားထောင်ပါ။ လူတွေက ပြဿနာလုပ်လာပြီ၊ အသက်အန္တရာယ်အထိ ထိခိုက်လာပြီဆိုရင် အဲဒီလူတွေကို ပစ်သစ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားတယ်။ ခင်ဗျားတို့နားလည်လား။ ပစ်သတ်မှာနော်။ ပြဿနာလုပ်တဲ့လူကို မြေမြှုပ်ပစ်မယ်”

    ​သွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ပေမယ့် အစိုးရက ထောက်ပံ့ပေးတာ ဘာမှမရှိတဲ့အတွက် မနီလာမြို့ ပျံကျရပ်ကွက်တစ်ခုမှာ ပြည်သူတွေ ဆန္ဒပြခဲ့ပြီးတဲ့နောက် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။ ဆန္ဒပြမှုအတွင်း လူ ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒူတာတေးဟာ အာဏာရပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး စီမံချက်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး လူအများအပြား သေဆုံးမှုအတွက် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။

    ရဲချုပ်က ဒူတာတေးဟာ ပြည်သူတွေ အမိန့်ကို လိုက်နာစေချင်တဲ့သဘောမျိုးနဲ့ ဒီလိုပြောတာဖြစ်ပြီး မိမိတို့က ဘယ်သူကိုမှ ပစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 တားဆီးရေး ဆောင်ရွက်မှု အလုပ်ဖြစ်သည်ဟု မလေးရှားပြော

    COVID-19 တားဆီးရေး ဆောင်ရွက်မှု အလုပ်ဖြစ်သည်ဟု မလေးရှားပြော

    ဧပြီ ၁၊ ၂၀၂၀
    M-Media

    -COVID-19 တိုက်ဖျက်ရေး အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်မှုရှိတယ်ဆိုတဲ့ လက္ခဏာတွေ စတင်မြင်လာရပြီလို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူရ် ဟီရှမ် အဘ်ဒူလာက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မလေးရှားမှာ ဒီကနေ့ ကူးစက်သူအရေအတွက်ဟာ ၁၄၂ ဦး ရှိခဲ့ပြီး စုစုပေါင်း ၂၉၀၈ ဦး ဖြစ်လာတာပါ။ သေဆုံးသူကတော့ စုစုပေါင်း ၄၅ ယောက်ရှိပါတယ်။

    အစိုးရဟာ နိုင်ငံကို မတ်လအလယ်လောက်ကတည်းက တံခါးပိတ်ကာ လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    မလေးရှား စီးပွားရေးသုတေသန အင်စတီကျုက ထုတ်ပြန်ထားတဲ့ ဗိုင်းရပ်ကူးစက်မှု ဇယားအရ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ရတယ်လို့ နူရ်ဟီရှမ်က ပြောကြားခဲ့ပါတယ်။

    “ဇယားကိုကြည့်ရင် ကြိုတင်တွက်ချက်ထားမှုနဲ့ အမှန်တကယ်ကူးစက်မှု ပမာဏကို တွေ့ရမယ်။ ဇယားမှာ အမှန်တကယ်ကူးစက်မှုမြားက တစ်ဖြည်းဖြည်းနဲ့ ထိုးဆင်းလာတယ်ဆိုတာ တွေ့ရမှာပါ။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ အစိုးရအေဂျင်စီတွေအားလုံးရဲ့ ဆောင်ရွက်မှုတွေ အလုပ်ဖြစ်တာကို ပြနေတာပါ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ၂ ပတ်ဟာ အခြေအနေ တိုးတက်မှုရှိလားဆိုတာကို ဆုံးဖြတ်ဖို့ အရေးပါတဲ့ကာလ ဖြစ်ပါလိမ့်မယ်”

    ဧပြီလ ၁၄ ရက်နေ့အထိ သက်တမ်းတိုးထားတဲ့ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ကို လိုက်နာကြဖို့လည်း နူရ်ဟီရှမ်က ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    မလေးရှာမှာ COVID-19 ကူးစက်ရာကနေ ပြန်လည်ကောင်းမွန်လာသူအရေအတွက်ဟာ ၆၄၅ ဦးရှိပြီး ဒါဟာ စုစုပေါင်းကူးစက်မှုရဲ့ ၂၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    Ref: CNA

  • တီဘီကာကွယ်ဆေးကို COVID-19 ကုသရာတွင် စမ်းသပ်အသုံးပြုမည်

    တီဘီကာကွယ်ဆေးကို COVID-19 ကုသရာတွင် စမ်းသပ်အသုံးပြုမည်

    မတ် ၃၁၊ ၂၀၂၀
    M-Media

    -တီဘီရောဂါ ကာကွယ်ဆေး Bacillus Calmette-Guerin (BCG) ကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အလားအလာရှိတဲ့ဆေးအဖြစ် သတ်မှတ်ကာ ဩစတေးလျသိပ္ပံပညာရှင်တွေက ဧပြီလ ၆ ရက်နေ့မှာ စတင် စမ်းသပ်တော့မှာ ဖြစ်ပါတယ်။

    “ဘယ်ဆေးကကောင်းတယ်၊ ဘယ်ဆေးကတော့ဖြင့် ဆိုးတယ်ဆိုတာကို ၃ လလောက်အတွင်း သိရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဆေးစမ်းသပ်မှုပိုင်းမှာ ​တော်တော်မြန်မြန်ဆန်ဆန်ကို ဆောင်ရွက်နေတာပါ” လို့ ဩစတေးလျအမျိုးသားတက္ကသိုလ် မျိုးရိုးဗီဇပညာရှင် ဂေတန် ဘာရ်ဂီယိုက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူ ၇ သိန်းကျော်ကူးစက်နေပြီး၊ ၄ သောင်းနီးပါး သေဆုံးလာတဲ့ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး ရရှိဖို့အတွက် နိုင်ငံတကာသိပ္ပံပညာရှင်တွေဟာ အရင်တုန်းကထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်နေပြီး၊ ဇွန်လနှောင်းပိုင်းလောက်ရောက်ရင် အဆင်သင့်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

    ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့က သုသေသနပညာရှင်တွေကတော့ လာမယ့်တစ်ပတ်ကနေစပြီး BCG ​ဆေးကို ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ လောက်မှာ စတင်စမ်းသပ်မှာဖြစ်ပါတယ်။ စမ်းသပ်မှုမှာပါဝင်သူတွေဟာ BCG ဆေး၊ ဒါမှမဟုတ် တုပ်ကွေးပျောက်ဆေး၊ ဒါမှမဟုတ် ဆေးခုစလုံးပေါင်းစပ်ထားတာတွေ တစ်ခုခု ထိုးခံရမှာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားပြောင်းအလဲကို သု​တေသနပညာရှင်တွေက စောင့်ကြည့်မှာဖြစ်ပါတယ်။

    “အလုပ်ဖြစ်မယ်လို့ထင်လို့ ဒါကို ကျွန်တော်တို့ စမ်းသပ်တာပါ။ စမ်းသပ်မှုမှာ ဘာဖြစ်လာမလဲဆိုတာကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” လို့ ပရော်ဖက်ဆာ ​နီဂဲလ် ကာတစ်က ပြောကြားခဲ့ပါတယ်။

    ဒီကထွက်လာတဲ့ရလဒ်ကိုကြည့်ပြီး COVID-19 ရောဂါ ကူးစက်နေသူတွေမှာ ထပ်မံစမ်းသပ်မှာ ဖြစ်ပါတယ်။ ဒါပေ့မယ့် ရလဒ်ဟာ စက်တင်ဘာလောက်မှ သိရဖို့ ရှိပါတယ်။

    တီဘီရောဂါ ​တိုက်ဖျက်ဖို့အတွက် ထုတ်လုပ်ထားတဲ့ BCG ဆေးကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက ကျောင်းသားကျောင်းသူပေါင်း သန်း ၁၃၀ လောက်ကို ထိုးနှံထားပြီး ဖြစ်ပါတယ်။ ဆေးဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားကို ပိုမိုအားကောင်းစေပြီး၊ တိုက်ခိုက်စွမ်းအားမြင့်တဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အီဘိုလာကုသရာမှာ အသုံးပြုတဲ့ remdesivir ဆေး၊ ကလိုရိုကွင်း၊ AIDS နဲ့ ငှက်ဖျားတိုက်ဖျက်ဆေးတွေကို ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးပညာရှင်တွေက COVID-19 ကုသရာမှာ အသုံးပြုနေကြပါတယ်။

    Ref: Asia Times

  • အာရှ-ပစိဖိတ်တွင် COVID-19 ကြီးအကျယ်ကူးစက်မည်ဟု WHO သတိပေး

    အာရှ-ပစိဖိတ်တွင် COVID-19 ကြီးအကျယ်ကူးစက်မည်ဟု WHO သတိပေး

    မတ် ၃၁၊ ၂၀၂၀
    M-Media

    -အာရှ-ပစိဖိတ်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အခုမှ အစသာရှိသေးပြီး အကြီးအကျယ် ကူးစက်မှုအတွက် ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ COVID-19 ဟာ အခုအချိန်မှာ​တော့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၇ သိန်း ၇ သောင်းကျော်လောက်ကို ကူးစက်နေပြီဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသက နိုင်ငံတွေမှာလည်း ကူးစက်မှု၊ သေဆုံးမှု အရေအတွက်တွေ မြင့်တက်လာပါတယ်။

    WHO ရဲ့ အာရှအနောက်ပိုင်းဆိုင်ရာ ဒါရိုက်တာ တာကီရှီ ကာဆိုင်က ဗိုင်းရပ်စ်တားဆီးရေး ဒေသတွင်းနိုင်ငံတွေက ကြိုးပမ်းဆောင်ရွက်နေပေမယ့် အကြီးအကျယ်ကူးစက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ရှင်းရှင်းပြောရရင် အာရှ-ပစိဖိတ်ဒေသမှာ ဒီကပ်ရောဂါ ပပျောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒါဟာ ရေရှည်တိုက်ပွဲတစ်ခု ဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေကို လျော့ပစ်လိုက်လို့ မရပါဘူး။ လူထုအတွင်းမှာ အကြီးအကျယ် ကူးစက်မှုအတွက် နိုင်ငံတိုင်းက ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်”

    WHO ရဲ့ နည်းပညာဆိုင်ရာ အကြံပေး မက်သယူ ဂရီဖစ်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဘယ်နိုင်ငံမှ လွတ်ကင်းမှာမဟုတ်ဘူးလို့ မိမိတို့ယူဆထားကြောင်း၊ လက်ရှိ အကြီးအကျယ် ပြန့်နှံ့မှုဟာ ဥရောပဖြစ်ပေမယ့် ကမ္ဘာ့အခြားဒေသတွေမှာလည်း ဒီလိုဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

    Ref: CNA

  • အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ

    အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ

    မတ် ၃၁၊ ၂၀၂၀
    M-Media

    – အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၃၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    တနင်္လာနေ့တစ်နေ့တည်းမှာ သေဆုံးသူ အနည်းဆုံး ၅၄၀ လောက်ရှိခဲ့တာပါ။ ဒါဟာ တစ်နေ့တာအတွင်း သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။

    အမေရိကန်မှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၆၃၅၀၀ အထိ ရှိလာခဲ့ပြီး ဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံထက် ၂ ဆလောက်ရှိကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလအထိ သက်တမ်းတိုးထားပါတယ်။

    အိမ်ဖြူတော်က ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အကြီးအကဲ ဒေါက်တာ ဒီဘိုရာ ဘီရ်စ်က ကူးစက်မှု ကိန်းဂဏန်းအချက်အလက်တွေကို သုတေသနပြုမှုအရ လှုပ်ရှားသွားလာမှု ကန့်သတ်ထားပေးမယ့်လည်း ကူးစက်မှုတွေ ဆက်ဖြစ်ဖို့ရှိနေတယ်လို့ တနင်္ဂနွေနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဧပြီလအလယ်ပိုင်းလောက်မှာ တစ်နေ့ကို လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးနိုင်ပြီး ဩဂုတ်လရောက်ရင် သေဆုံးသူ ၈၂၀၀၀ ဝန်းကျင်လောက် ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့လည်း ဘီရ်စ်က ဆိုပါတယ်။

    Ref: CNN