News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် ကိရိယာတစ်ခု ထွက်ရှိ

    ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် ကိရိယာတစ်ခု ထွက်ရှိ

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် MasSpec Pen

    – ကင်ဆာ တစ်ရှူးကို ၁၀ စက္ကန့်အတွင်းမှာ ဖော်ထုတ်နိုင်မယ့် ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပြီလို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    MasSpec Pen လို့ အမည်ပေးထားတဲ့ ဘောပင်ပုံစံ အဲဒီကိရိယာဟာ ကင်ဆာအကျိတ်ကို လျင်လျင်မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ တိတိကျကျ ဖယ်ရှားဖို့အတွက် အထောက်အကူဖြစ်မှာဖြစ်သလို၊ ကင်ဆာဆဲလ်တွေ ကျန်ခဲ့မှာလည်း စိတ်မပူရတော့ဘူးလို့ ဆိုပါတယ်။

    ကင်ဆာဆဲလ်တွေရဲ့ ဓာတုဓာတ်ပြောင်းလဲမှုတွေကို အခြေခံ ဖော်ထုတ်ပေးမယ့် ဒီကိရိယာဟာ ၉၆ ရာခိုင်နှုန်းလောက် တိကျတယ်လို့ တီထွင်သူတွေက ပြောပါတယ်။

    ကင်ဆာသံသယရှိတဲ့နေရာမှာ ကိရိယာကိုထောက်လိုက်တဲ့အခါ အရည်တစ်စက် ကျလာမှာဖြစ်ပြီး ဆဲလ်နဲ့ဓာတ်ပြုပြီးတဲ့နောက် ဒီအရည်ကို ကိရိယာက ပြန်လည်စုပ်ယူကာ ကင်ဆာ ဆဲလ် ဟုတ်၊ မဟုတ် ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ ဆရာဝန်တွေအတွက် အဓိက စိန်ခေါ်မှုက ကင်ဆာဆဲလ်နဲ့ သာမန်ဆဲလ်တွေကို ခွဲရခက်တာပါ။ ဒါပေမယ့် MasSpec Pen ကတော့ ဒီအခက်အခဲကို ကျော်လွှားရာမှာ အထာက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

    တက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနက လက်ထောက် ပရော်ဖက်ဆာ လီဗီယာ အီဘာလင်က ဒီကိရိယာလေးဟာ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာဖြစ်ပြီး ခွဲစိတ်ဆရာဝန်တွေလက်ထဲ မကြာခင် ရောက်ရှိတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: BBC

  • ထောင်ကျနေသည့် ဂျာမန်သူနာပြုတစ်ဦး လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်မှုဖြင့် ထပ်မံ စစ်ဆေးခံနေရ

    ထောင်ကျနေသည့် ဂျာမန်သူနာပြုတစ်ဦး လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်မှုဖြင့် ထပ်မံ စစ်ဆေးခံနေရ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – လူနာ ၂ ဦးအား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် ဂျာမနီမှ အမျိုးသား သူနာပြုတစ်ဦးမှာ လူပေါင်း ၈၄ ဦးကို ထိုကဲ့သို့ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ထပ်မံ စစ်ဆေးခံနေရသည်ဟု သိရသည်။

    အသက် ၄၀ အရွယ် နီးလ် အိတ်ခ်ျမှာ၂၀၀၆ ခုနှစ်က လူနာတစ်ဦးအား သတ်ဖြတ်ရန် ကြံစည်မှု၊ ၂၀၁၅ ခုနှစ်တွင် နှလုံးထိခိုက်သည့်ဆေးကို လူနာအားထိုးကာ သတ်ဖြတ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    ၎င်းအလုပ်လုပ်ခဲ့သည့် ဆေးခန်းများတွင် သေဆုံးသွားခဲ့သည့် လူနာများ၏ မိသားစုများနှင့် ဆွေမျိုးများက နီးလ်အိခ်ျအား စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ၎င်း၏အမှုအား စုံးစမ်းစစ်ဆေးရန်အတွက် ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ကြားနာမှုအတွင်း တရားသူကြီးများက နီးလ် အိခ်ျမှာ ၎င်းဆေးထိုလိုက်သည့် လူနာ မြောနေရာမှ ပြန်လည် အသက်ရှင်လာရန် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ နှလုံးထိခိုက်စေသည့် ဆေးများကို ထိုးသွင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၎င်းကလည်း Delmenhorst မြို့ရှိ ဆေးခန်းတစ်ခုတွင် လူနာပေါင်း ၉၀ ခန့်ကို ထိုကဲ့သို့ ဆေးများ ထိုးခဲ့သည်ဟု ၂၀၁၅ ခုနှစ်က ကြားနာမှုတစ်ခုတွင် ၀န်ခံခဲ့သည်။

    Oldenburg မြို့ရှိ ၎င်းအလုပ်လုပ်ရာ ဆေးခန်းတွင်လည်း ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် ကိစ္စများကို တွေ့ရပြီးနောက် ကော်မရှင်မှာ သေဆုံးသူများ၏ ဆေးမှတ်တမ်းပေါင်း ၁၃၄ ခုကို ထပ်မံ စစ်ဆေးလျက် ရှိနေသည်။

    သေဆုံးသူများကို မီးသင်္ဂြီုဟ်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုတွင် အခဲအခဲများ ရှိနေသည်။

    Ref: BBC

     

  • အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ၅ ရက်အတွင်း ကလေးငယ် အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အစိုးရ၏ စီမံခန့်ခွဲမှုများအတွက် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    ဂိုရက်ပူးရ်ဒေသရှိ အစိုးရက စီမံသော Baba Raghav Das ဆေးရုံတွင်ဖြစ်ပြီး ဒေသတွင်းမီဒီယာများကမူ အောက်ဆီဂျင်ထောက်ပံ့ပေးနေသည့် ကုမ္ပဏီကို ဆေးရုံက ငွေပေးချေမှုမရှိသည့်အတွက် အဆိုပါကုမ္ပဏီက ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြကြသည်။

    အိန္ဒိယအစိုးရတာဝန်ရှိသူများက ထိုဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကနဦးတွေ့ရှိချက်ကို ဒီနေ့မှာ ထုတ်ပြန်မှာပါ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဆေးရုံမှာ လူနာ ၆၀ သေဆုံးခဲ့ပြီး၊ ဒါဟာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ဂိုရက်ပူးရ် ခရိုင်ကော်မရှင်နာမင်းကြီး အနီးလ်ကူးမားရ်က ပြောကြားခဲ့သည်။

    Hindustan Times သတင်းဌာနက အူတာပရာဒက်ရှ်ပြည်နယ်ရှိ အဆိုပါပြည်နယ်မှာ သောကြာနေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် အောက်ဆီဂျင်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရပြီး ဆရာဝန်များမှာ လူနာများအတွက် လက်ဖြင့်အသုံးပြုရသည့် အသက်ရှူစက်များကို တပ်ပေးခဲ့ရသည်။

    ကလေးများ သေဆုံးလာသည့်အချိန်တွင် ဆရာဝန်များမှာ အောက်ဆီဂျင်ကုမ္ပဏီ Pushpa Sales ကို ဆက်သွယ်ကာ အောက်ဆီဂျင်ပြန်ပေးရန် တောင်းဆိုခဲ့သောကြောင့် အကန့်အသတ်ဖြင့် လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လျှော့ခဲ့သည်ဟုလည်း သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    Baba Raghav Das ဆေးရုံမှာ ရူပီး ၆.၉ သန်း (ကန်ဒေါ်လာ ၁၀၇၀၀၀) အကြွေးတင်နေသည်ဟု အောက်ဆီဂျင်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဥရောပတစ်ဝှမ်း ရိုက်ခတ်နေတဲ့ ‘ဥ’ ပြဿနာ

    ဥရောပတစ်ဝှမ်း ရိုက်ခတ်နေတဲ့ ‘ဥ’ ပြဿနာ

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – ပိုးသတ်ဆေးတွေအသုံးပြုတယ်ဆိုတဲ့ နယ်သာလန်လုပ်ငန်းတွေက ယူကေကို တင်ပို့တဲ့ မသန့်ရှင်းတဲ့ ကြက်ဥ၊ ဘဲဥအရေအတွက်ဟာ ၇ သိန်းလောက် ရှိနေပြီး အရင်ခန့်မှန်းထားတဲ့ ၂၁၀၀၀ ထက် ပိုမိုများပြားနေတယ်လို့ အစားအသောက် စောင့်ကြည့်ရေးအဖွဲ့ FSA က ပြောလိုက်ပါတယ်။

    ဒီအရေအတွက်ဟာ ယူကေမှာ နှစ်စဉ်စားသုံးနေတဲ့ ဥအရေအတွက်ရဲ့ ၀.၀၀၇ ရာခိုင်နှုန်းရှိနေပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ကြက်ဥတွေအပါအ၀င် ပိုးသတ်ဆေးသုံးစွဲထားတယ်လို့ ယူဆရတဲ့ အစားအသောက် ၁၃ မျိုးကိုလည်း ယူကေက စူပါမားကတ်တွေကနေ ဖယ်ရှားလိုက်ပါတယ်။

    နယ်သာလန်ရဲတပ်ဖွဲ့က အစားအသောက်တွေမှာ ပိုးသတ်ဆေးတွေ အသုံးပြုတယ်ဆိုတဲ့ သံသယနဲ့ လက်ရှိမှာ လူ ၂ ယောက်ကို ဖမ်းဆီးထားပါတယ်။

    fipronil လို့ ခေါ်တဲ့ ပိုးသတ်ဆေးဟာ လူတွေကို ထိခိုက်စေနိုင်ပြီး အစားအသောက်ထုတ်လုပ်မှုမှာ အသုံးမပြုဖို့ တားမြစ်ထားတာပါ။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့တွေဟာ ပူးပေါင်းပြီး ဒီဆေးအသုံးပြုတယ်လို့ ယူဆရတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဒီသတင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီက စူပါမားကတ်တွေမှာ သန်းနဲ့ချီတဲ့ဥတွေကို ဖယ်ရှားခဲ့ပါတယ်။

    ဒီပိုးသတ်ဆေးဟာ တိရစ္ဆာန်တွေမှာရှိတဲ့ သန်းတွေ၊ ကပ်ပါးကောင်တွေကို သန့်ရှင်းရာမှာ အသုံးပြုပြီး လူတွေရဲ့ ကျောက်ကပ်၊ အသည်း၊ သိုက်ရွိုက်ဂလင်းတွေကို ထိခိုက်နိုင်ပါတယ်။

    ဒါပေမယ့် ကျွမ်းကျင်သူတွေက လက်ရှိမှာ အစားအသောက်နဲ့ပတ်သက်တဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောထားပါတယ်။

    နယ်သာလန်နိုင်ငံဟာ ဥရောပရဲ့ ဥနဲ့ ဥထွက်ပစ္စည်းတင်ပို့မှု အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဥဈေးကွက်မှာ ထိပ်တန်းတင်ပို့သူနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: BBC

  • မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ရောဂါဖြစ်နိုင်သည့် DNA ကို ဖယ်ရှားပြီးနောက် တွေ့ရသည့် သန္ဓေသားလောင်း

    – မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ကြောက်စရာ နှလုံးရောဂါရဲ့ DNA ကို သိပ္ပံပညာရှင်တွေက သန္ဓေသားလောင်းကနေ ပထမဆုံးအကြိမ် အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပြီး အနာဂတ်မှာ မျိုးရိုးလိုက်ရောဂါတွေကို တားဆီးနိုင်ရေး လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စု အော်ရီဂွန် ကျန်းမာရေးနဲ့ သိပ္ပံတက္ကသိုလ်၊ Salk Institute နဲ့ တောင်ကိုရီးယား Institute for Basic Science က ပညာရှင်တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရောဂါဖြစ်နိုင်တဲ့ DNA ကို ဖယ်ရှားပြီးတဲ့နောက် သန္ဓေသားလောင်းကို ၅ ရက်တာ ဆက်ထားခဲ့ကာ နောက်ပိုင်းမှာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

    နှလုံးရောဂါ၊ ရင်သားကင်ဆာအပါအ၀င် မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါပေါင်း တစ်သောင်းလောက်ကို ဖယ်ရှားနိုင်ရေး အလားအလာရှိတဲ့ ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်က ဖန်တီးနိုင်ခဲ့တဲ့ Crispr နည်းပညာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို DNA ဖယ်ရှားမှုကို အမျိုးသားဆီက သုတ်သွေးနဲ့ အမျိုးသမီးဆီက မမျိုးဥတို့ စတင်ပေါင်းစည်းတဲ့အချိန်မှာ ပြုလုပ်ရတာဖြစ်ပြီး သုတေသနအဖွဲ့က အဓိကတာဝန်ရှိသူ ဒေါက်တာ ရှူခရတ် မီတာလီပေါ့ဗ်က ဒီလိုဖယ်ရှားလိုက်ကာ ရောဂါကင်းသွားတဲ့ မျိုးရိုးဗီဇဟာ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို မျိုးရိုဗီဇ ပြုပြင်မှုမျိုးကို ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပေမယ့် အပြည့်အ၀ မအောင်မြင်ခဲ့ပါဘူး။

    ဒီနည်းလမ်းရဲ့ အဓိက အခက်အခဲက ဘေးကင်းရေးဖြစ်ပြီး နောက်ထပ် ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့ လိုပါတယ်။ လက်ရှိမှာ ဒီနည်းလမ်းဟာ ကျင့်ဝတ်နဲ့ ညီပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: BBC