အောက်တိုဘာ ၅၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံမှ ဆဲလ်ဆိုင်ရာ သတ္တဗေဒပညာရှင် တစ်ဦးမှာ ဆဲလ်များ ပျက်ဆီးပြီး၊ ပြန်လည်အသစ်ဖြစ်ပေါ်သည့် လုပ်ငန်းစဉ်အသေးစိတ်ကို လေ့လောဖော်ထုတ်နိုင်မှုအတွက် ၂၀၁၆ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။
အသက် ၇၁ နှစ်အရွယ် ယိုရှီနိုရီ အိုဆူမီဖြစ်ပြီး Autophagy ဟုခေါ်သည့် ဆဲလ်အတွင်း အခြေခံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်က ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု သိပ္ပံပညာ ရှင်များက ယုံကြည်ထားသည်။
အဆိုပါ Autophagy ပုံမှန် အလုပ်မလုပ်ပါက ပါကင်ဆန်ရောဂါ၊ အဆင့် ၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ အသက်ကြီးသူများတွင် ဖြစ်လေ့လဖြစ်ထရှိသည့် မူမမှန်မှုများ စသည့် ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ Autophagy လုပ်ငန်းစဉ်အား အိုဆူမီက လေ့လာဖော်ထုတ်နိုင်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းနှင့်သက်ဆိုင်သည့် ရောဂါအမျိုးမျိုးအတွက် ဆေးဝါးများ ထုတ်လုပ်ရန် သုတေသနများကို တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်သည်။
အိုဆူမီကမူ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီမှ အတွင်းရေးမှူး သောမတ်စ် ပါလ်မန်းက ဖုန်းခေါ်ဆို၍ ၎င်း ဆု ရကြောင်း ပြောသည့်အခါတွင် တုန်လှုပ်ခဲ့သည်ဟု ဆိုသည်။
“လူငယ်ဘ၀တုန်းကတော့ နိုဘယ်ဆုရဖို့ဟာ ကျွန်တော့်အိပ်မက်ပါ။ ဒါပေမယ့် သုတေသန စလုပ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒါက ကျွန်တော့်အတွေးထဲကနေ ထွက်သွားပါတယ်” ဟု အိုဆူမီက ပြောကြားခဲ့သည်။
Ref: the gardian


Leave a Reply
You must be logged in to post a comment.