News @ M-Media

Category: ဘာသာပြန်

  • ဘိုကိုဟရမ် လက်အောက်မှ တုန်လှုပ်ဖွယ်အတွေ့အကြုံ များ

    ဘိုကိုဟရမ် လက်အောက်မှ တုန်လှုပ်ဖွယ်အတွေ့အကြုံ များ

    မေ ၁၄ ၊ ၂၀၁၅
    M-MediaA woman rescued from Boko Haram in Sambisa forest is seen celebrating her freedom at Malkohi camp for Internally Displaced People in Yola, Adamawa State, Nigeria May 3, 2015. REUTERS/Afolabi Sotunde

    – ဘိုကိုဟရမ်များမှာ လူငယ်လေးများနှင့် အမျိုးသားကြီးများကို ၎င်းတို့၏ မိသားစုများရှေ့၌ သတ်ဖြတ်ခဲ့ကာ အမျိုးသမီးများနှင့် ကလေးငယ်များကို တောထဲသို့ခေါ် သွားခဲ့ပြီးတောထဲအရောက်တွင် အများစုမှာ အစာရေစာပြတ်လတ်ခြင်းနှင့် ရောဂါ ဘယများကြောင့် သေဆုံးခဲ့ရသည်ဟု ဘိုကိုဟရမ်လက်မှ လွတ်မြောက်လာသူများက အစိုးရ ဒုက္ခသည် စခန်းသို့ ပြန်လည်ရောက် လာပြီးနောက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်မှာ နိုင်ငံမြောက်ပိုင်း ဆမ်ဘီဆာ သစ်တောအတွင်း ပြုလုပ်သော အဓိက စစ်ဆင်ရေးတွင် ရာနှင့်ချီသော အမျိုးသမီးနှင့် ကလေးငယ်များကို ဘိုကိုဟရမ်များလက်မှ ပြီးခဲ့သည့် သီတင်းပတ်တွင် ကယ်ဆယ်နိုင်ခဲ့သည်။ ပြန်ပေးဆွဲ ခံထားရသူများအရေးနှင့် ပတ်သက်၍ ထိုစစ်ဆင်ရေးကို နိုင်ငံတကာက အာရုံစိုက်ကြသည်။

    ကယ်ဆယ်နိုင်ခဲ့သူများကို ထရပ်ကားများဖြင့် တင်ဆောင်ကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က နိုင်ငံ အရှေ့ပိုင်း ယိုလာမြို့ရှိ ဒုက္ခသည်စခန်းတွင် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီး ကျွေးမွေးခြင်း၊ ပြုစုကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ၎င်းတို့မှာ သတင်းထောက်များအား ပထမဆုံး အကြိမ်အဖြစ် စကားပြောနိုင်ခဲ့သည်။

    “ကျွန်မတို့ကို တစ်လက်မတောင် ရွေ့ဖို့ မပေးပါဘူး။ အိမ်သာသွားချင်တယ် ဆိုရင်တောင်မှ သူတို့က အနောက်ကလိုက်ပါတယ်။ ကျွန်မတို့ကို နေရာတစ်ခုထဲမှာ ဖမ်းထားတယ်။ ကျွန်မတို့ အကျဉ်းသားဘ၀ ရောက်ခဲ့တာပါ” ဟု လွတ်မြောက်လာ သူများထဲမှ တစ်ဦးဖြစ်သူ အာဆာဘီ အူမာရူက သူမအဖမ်းခံခဲ့ရသည့် အခြေအနေကို ပြောပြခဲ့သည်။

    “ဒီနေ့ အသက်ရှင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ အတွက်လည်း နိုက်ဂျီးရီးယားစစ်တပ်ကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Cicilia Abel (2nd L), from the local government of Michika, rests with her children at the Malkohi camp for the Internally Displaced People after being rescued from Boko Haram in Sambisa forest, in Yola, Adamawa State, Nigeria, May 3, 2015. REUTERS/Afolabi Sotunde

    အမျိုသမီးများနှင့် ကလေးငယ် ၂၇၅ ဦးမှာ စနေနေ့နှောင်းပိုင်းက ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ ဦးခေါင်းနှင့် ခြေလက်များတွင် ပတ်တီးများ စီးထားကြသည်။

    ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့မှစ၍ ကြာသာပတေးနေ့ အထိ ဘိုကိုဟရမ်၏ ခြေကုပ် စခန်းဖြစ်သည့် အဆိုပါ တောထဲမှ အမျိုးသမီး ၇၀၀ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံး အသုတ်အဖြစ် ပြီးခဲ့သည့် တစ်ပတ် သောကြာနေ့တွင် အမျိုသမီးနှင့် ကလေးငယ် ၂၃၄ ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့သည်။

    “စစ်သားတွေကို တွေ့တဲ့အခါ အကူအညီရဖို့ အတွက် ကျွန်မတို့ လက်တွေကို ဝှေ့ယမ်းပြ ခဲ့ပါတယ်။ အစောင့်ချထားတဲ့ ဘိုကိုဟရမ်တွေက ကျွန်မတို့ကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နောက်ထပ် ပုန်းခိုဖို့နေရာကို သွားဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ငြင်းဆို ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စစ်သားတွေက ကျွန်မတို့ကို ကယ်တင်မှာမို့လိုပါပဲ” ဟု အသက် ၂၄ နှစ်အရွယ် ကလေး ၂ ယောက်မိခင် အူမာရူက ပြောကြားခဲ့သည်။

    ဘိုကိုဟရမ်လက်တွင် ဖမ်းဆီးခံထားရသူများမှာ အဟာရချို့တဲ့ခြင်းနှင့် ရောဂါဘယများကို ခံစားနေကြရသည်။

    “နေ့တိုင်း ကျွန်မတို့ထဲက တစ်ယောက်စီ သေတာကို ကျွန်မတို့ မြင်နေရပြီး ကိုယ့်အလှည့်ကို စောင့်နေကြရပါတယ်” ဟု အူမာရူက ထည့်သွင်းပြောကြားခဲ့သည်။

    အခြား အဖမ်းဆီးခံတစ်ဦးဖြစ်သူ စီစီလီယာ အဘဲလ်က သူမနှင့် ကျန်ရှိသည် ကလေးငယ် ၈ ယောက်ကို စစ်သွေးကြွများက တောထဲသို့ အတင်းအဓမ္မ ဖမ်းဆီခေါ်ဆောင်သွားခြင်းမပြုမီ သူမ၏ ခင်ပွန်းနှင့် အကြီးဆုံးသားအား ၎င်းတို့ရှေ့မှာပင် ဘိုကိုဟရမ်တို့က သတ်ပစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Women and children rescued from Islamist militant group Boko Haram in the Sambisa forest by the Nigerian military arrive at an internally displaced people's camp in Yola, Adamawa State, Nigeria, May 2, 2015. REUTERS/Afolabi Sotunde.

    စစ်တပ်များ ရောက်မလာခင် နှစ်ပတ်အရင်က သူမမှာ အစားသောက်ကို ပြည့်ပြည့်၀၀ မစားခဲ့ရ။

    “ကျွန်မတို့ကို နေ့လည်ပိုင်းမှာ ပြောင်းဖူးခြောက်ပဲ ကျွေးပါတယ်။ ဒါဟာ လူတွေအတွက်မကောင်းပါဘူး။ ဖမ်းဆီးခံထားရတဲ့ ကျွန်မတို့ထဲက တော်တော်များများဟာ ဆမ်ဘီဆာ သစ်တောထဲမှာ သေခဲ့ရပါတယ်။ ကျွန်မတို့ကို ကယ်တင်ပြီးတာတောင်မှာ ဒီနေရာကိုလာတဲ့လမ်းမှာ ၁၀ ယောက်လောက် သေဆုံးခဲ့ပါတယ်” ဟု အဘဲလ်က ပြောကြားခဲ့သည်။

    အထူးကုသမှု

    ဘိုကိုဟရမ်လက်မှ လွတ်မြောက်လာသူများ အစိုးရ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီးပြီးချင်း ပေါင်မုန့်များကြွေးကာ လက်ဖက်ရည်ကို မတ်ခွက်နှင့် တိုက်ခဲ့သည်။ ၎င်းတို့ထဲမှ ၁၉ ဦးမှာ အထူးကြပ်မတ် ကုသရန် အတွက် ဆေးရုံတင်ခဲ့ရသည်ဟု အဒါမာဝါပြည်နယ် အရေးပေါ် စီမံ ခန့်ခွဲရေးအေဂျင်စီမှ ဒေါက်တာ မိုဟာမက် အာမင်နူ ဆူလေမန်နီက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်က ၎င်းတို့မှာ ပြီးခဲ့သည့်တစ်ပတ် စနေနေ့က အာဒါမာဝါပြည်နယ်တွင် ကင်းလှည့်နေစဉ် အမျိုးသမီးနှင့် ကလေးငယ် ၂၆၀ ကို တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုအထဲမှ အချို့က စစ်တပ်နှင့် ဘိုကိုဟရမ်တို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေခဲ့ကြပြီး အချို့မှာ ပြန်ပေးဆွဲခံခဲ့ရသော်လည်း ဘိုကိုဟရမ်တို့၏ လက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်က ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့တွင် ဘိုကိုဟရမ်အား အစားသောက်နှင့် လောင်စာဆီ ထောက်ပံ့နေသူ တစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Amnesty International ကမူ နိုက်ဂျီးရီးယား အနောက်ပိုင်းအား သိမ်းပိုက် အုပ်ချုပ်ချင်သည့် ဘိုကိုဟရမ်တို့ ၂၀၁၄ ခုနှစ် အစပိုင်းမှစ၍ ဖမ်းဆီးထားသူ အမျိုးသမီးနှင့် မိန်းကလေးငယ် အရေအတွက်မှာ ၂၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။ အများစုမှာ ထမင်းချက်များ၊ လိင်ကျွန်များ သို့မဟုတ် လူသားတံတိုင်းအဖြစ် အသုံးပြုခံခဲ့ရသည်။

    ယခု လွတ်မြောက်လာခဲ့သူများတွင် လွန်ခဲ့သည့် တစ်နှစ်က ချီဘွတ်ဒေသရှိ စာသင်ကျောင်းမှ ဖမ်းဆီးသွားသည့် ကျောင်းသူ ၂၀၀ ကျော် မပါဝင်သေးပေး။ ထိုပြန်ပေးဆွဲမှုက ၆ နှစ်ကြာ သူပုန်ထနေခဲ့သည့် ဘိုကိုဟရမ်အဖွဲ့အား တစ်ကမ္ဘာလုံးမှ အာရုံစိုက်လာခဲ့သည့် ကိစ္စဖြစ်သည်။

    အူမာရူကမူ ၎င်းတို့အုပ်စုမှာ ချီဘွတ်မှ မိန်းကလေးများနှင့် အဆက်အသွယ်မရဟု ပြောကြားခဲ့သည်။

    အိမ်နီးချင်း ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနိုင်ငံတို့မှ စစ်တပ်များနှင့်အတူ နိုက်ဂျီးရီးယား တပ်ဖွဲ့များမှာ ပြီးခဲ့သည့် ၂ လအတွင် ဘိုကိုဟရမ်များလက်မှ ပိုင်နက်တော်တော်များများကို ပြန်သိမ်းနိုင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်တွင် ဘိုကိုဟရမ်မှာ ၎င်းတို့၏ သြဇာကို ဘယ်လ်ဂျီယံနိုင်ငံ ထက် ပိုကြီးသည့် ဧရိယာအထိ ဖြန့်ကျက်နိုင်ခဲ့သည်။ သို့သော်လည်း ဇန်န၀ါရီလက စတင် ခဲ့သည့် တန်ပြန်ချေမှုန်းမှုများက ၎င်းတို့အား ဆမ်ဘီဆာ သစ်တောအတွင်းသို့ ရောက်ရှိစေ ခဲ့သည်။ နိုက်ဂျီးယားစစ်တပ်က ဘိုကိုဟရမ်အဖွဲ့မှာ ချောင်ပိတ်မိသွားပြီဟု ယုံကြည်နေပြီး ၎င်းတို့အား ရှင်းလင်းရန် ကြိုးပမ်းမှုမှာ မြေမြှုပ်မိုင်းများကြောင့် နှောင့်နှေးနေသည်။

    မိုဟာမက် ဘူဟာရီအား ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် မေလကုန်ပိုင်းတွင် ရာထူးမှဆင်းတော့မည့် သမ္မတ ဂွဒ်လက် ဂျိုနသန်က နိုက်ဂျီးရီးယားမှာ အကြမ်းဖက် ခြေကုပ်ယူမှု ကင်းစင်သည့် ဒေသအဖြစ်နှင့် အာဏာအား လွှဲအပ်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

    ချစားမှုကြီးမားခြင်းနှင့် မြောက်ဘက်ပိုင်းရှိ သူပုန်ထမှုကို ရှင်းလင်းရန် မဆောင်ရွက်နိုင်ခြင်းက ဂျိုနသန်တစ်ယောက် ဘူဟာရီအား ရှုံးနိမ့်ခဲ့ရခြင်း အကြောင်းအရင်းလည်း ဖြစ်နေပေသည်။

    ref: Reuters
    လေးမောင် ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    မေ ၉ ၊ ၂၀၁၅
    M-Media

    B9317081448Z.1_20150426132227_000_GH9AJB304.1-0
    ကာရေး ရှီယာ (ဝဲဘက် မျက်မှန်တပ်ထားသူ) နှင့် ကရင်တိုင်းရင်းသားများ

    – မြန်မာနိုင်ငံမှ ကလေးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ကာရေး ရှီယာမှာ အဆိုပါကလေးများ၏ ပညာရေးအခွင့်အလမ်းများ တိုးတက်စေရန် အဓိကထား ဆောင်ရွက်နေပြီး အဆောင်တစ်ခု ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေမှုကိုလည်း လုပ်ဆောင်နေသည်။

    မိခင်ဖြစ်သူက လန်ကက်စတာတွင်နေထိုင်ပြီး၊ ရှီယာမှာ လွန်ခဲ့သည့် လေးလလုံးလုံး နိုင်ငံရပ်ခြားတွင် စေတနာ့ဝန်ထမ်း လုပ်ငန်းများလုပ်ကိုင်ခဲ့ကာ မြန်မာနှင့် ထိုင်းနယ်စပ်တို့တွင် နေထိုင်၍ နောက်ပိုင်းတွင်မြန်မာနိုင်ငံသို့ ၀င်ရောက်သွားခဲ့သည်။ သို့သော်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှီယာ၏ ခရီးသွားမှုက သြစတေးလျမှ စတင်ခဲ့သည်။ သြစတေးလျတွင် သူမမှာ ကြက်ခြေနီအဖွဲ့နှင့် ခိုလှုံလာကြသူများကို ထောက်ပံ့သော အစီအစဉ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

    နောက်ဆုံးတွင်ရှီယာမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မိပြီး ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များနှင့် တိုက်ရိုက်ချိတ်ဆက်မိသွားကာ အခြားသူများအား ကူညီမှုဆီသို့ ဦးတည်သွားသည်။ ရှီယာက သူမမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အများအပြားရှိနေကြသည့် ကရင်လူမျိုးများအတွက် အလုပ်လုပ်ပေးနေသည်ဟု ဆိုသည်။

    အခြားကရင်လူမျိုးများမှာ မြန်မာနိုင်ငံတွင် အထူးသဖြင့် လျှပ်စစ်မီးမရှိသော၊ လမ်းကောင်းကောင်းမရှိသော၊ ဆေးရုံ၊ ကျောင်းတို့ မရှိသော၊ အိမ်များတွင် ရေသွယ်တန်းထားခြင်းမရှိသော တောင်တန်းများဝန်းရံနေသည့် ကရင်ပြည်နယ်တွင် နေထိုင်ကြသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ ထိုအခြေအနေများကို မြင်တွေ့ခဲ့ရပြီး ထိုဒေသရှိ ကလေးငယ်များ၏ အခြေအနေကို ရှီယာတစ်ယောက် တွေ့ခဲ့ရသည်။

    “ကျွန်မဟာ သူ့တို့ရဲ့ဒေသအကြောင်း ကမ္ဘာကြီးက သိဖို့နဲ့ ကရင်ပြည်သူတွေကို ပညာခေတ်ဆီ ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံးကြိုးစားနေတဲ့ အမျိုးသားတစ်ယောက်နဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွာပေါင်း ၅၅ ရွာမှာမှ အထက်တန်းကျောင်းတစ်ကျောင်းရှိပြီး ကလေးတွေက ကျောင်းတက်ဖို့ တစ်နေ့ကို ၅ နာရီလောက် လမ်းလျှောက်ရပါတယ် ကျွန်မ ဘာ့ကြောင့်သိလဲဆိုတော့ အဲဒီကလေးတွေနဲ့အတူ လမ်းလိုက်လျှောက်ပြီး သူတို့ရဲ့ ခရီးစဉ်ကို ရိုက်ကူးခဲ့လိုပါပဲ” ဟု ရှီယာက ဆိုသည်။

    ရှီယာမှာ ဘော်ဒါဆောင် ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရရန် ကြိုးစားနေသည့် ကရင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KCDS ဟုခေါ်သော အကျိုးအမြတ်မယူသည့် အဆိုပါအဖွဲ့နှင့်အတူ ဆောင်ရွက်နေသည်။ ၎င်းတို့၏ GoFundMe လှုပ်ရှားမှုက မြေတစ်ကွက်ရရှိခဲ့ပြီး ထိုမြေနေရာတွင် နေထိုင်၍ ယောက်ျားလေး ၁၅ ဦးနှင့် မိန်းကလေး ၁၅ ဦးတို့မှာ ကျောင်းနိုင်သည့် အခွင့်အရေးကို ရကြမည်ဟု KCDS ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “ဒီမြေနေရာက ကျောင်းကနေ မိနစ်အနည်းငယ် လမ်းလျှောက်လိုက်တာနဲ့ ရောက်ပါတယ်။ ပြီးတော့ အဲဒီမှာနေမယ့် ကျောင်းသားလေးတွေကို ထောက်ပံ့ကျွေးမွေးဖို့အတွက် စိုက်ပျိုးရေးလုပ်ဖို့ မြေနေရာ လုံလုံလောက်လောက်လည်းရှိပါတယ်” ဟု သူမက ရေးသားခဲ့သည်။

    ထို့ပြင် ရှေ့ဆက်လုပ်စရာများ ရှိနေသေးသည်ဟု ၎င်းကဆိုပြိး အမြဲတမ်းနေထိုင်နိုင်မည့် အဆောင်ကို ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅၀၀၀ ခန့် ထပ်လိုအပ်မည်ဟု KCDS က ယုံကြည်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း လူပေါင်း ၆၂ ဦးထံမှ လှူဒါန်းငွေများ ရရှိထားပြီး ယခုအချိန်တွင် ကန်ဒေါ်လာ ၄၁၄၁ ဒေါ်လာခန့် ရှိနေပြီဖြစ်သည်။ ရှီယာကမူ ထိုကိစ္စအတွက် နောက်ထပ် လှူဒါန်းမှုများ ရရှိမည်ဟု မျှော်လင့်နေသည်။
    B9317081448Z.1_20150426132227_000_GH9AJB30V.1-0
    “KCDS က ဒီကိစ္စဟာ နောက်ထပ် ၂ လောက်မှာ အမှန်တကယ်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ လူ့အဖွဲ့အစည်းက အခြားသူတွေဟာလည်း ဒီမြေကို ခုတ်ထွင်ရှင်းလင်းနေကြပြီး အဆောင်တစ်ခု ဖြစ်လာတော့မယ်လို့ မျှော်လင့်နေကြပါတယ်” ဟု ရှီယာက ဆိုသည်။

    မြန်မာနိုင်ငံရှိ KCDS ရုံးခန်းတွင် ကလေးငယ် ၁၇ ဦးမှာ လာရောက်နေထိုင်ကာ ကျောင်းတက်နေကြရသည်ဟု ရှီယာက ဆိုသည်။

    “သူတို့ ဒီလို ဒုက္ခသုက္ခနဲ့ ရင်ဆိုင်နေရပါတယ်”

    အသက် ၂၁ နှစ်အရွယ်တွင် သြစတေးလျသို့ ရောက်ရှိလာပြီး ခရီးသွားဗီဇာ ရရှိခဲ့သည့် ရှီယာတစ်ယောက် သြစေတေးလျတွင် နေထိုင်ရန် ရည်ရွယ်ချက်မရှိခဲ့။ သို့သော်လည်း အစီအစဉ်များကို ပြောင်းလဲပစ်လိုက်ပြီး လက်ရှိတွင်တော့ သူမမှာ အမေရိကန်နှင့် သြစေတးလျ နှစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်နေပြီဖြစ်သည်။ ဘော်စတွန်တွင် ၂ လခန့် နေထိုင် ခဲ့ပြီးနောက် နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ဘော်ဒါဆောင် အကြောင်း မှတ်တမ်းရုပ်ရှင် အပြည့်အစုံ ရိုက်ကူးရေးအတွက် ပြန်လာရန် စီစဉ်ခဲ့သည်။

    လူငယ်လေးများနှင့် တိုက်ရိုက် အလုပ်လုပ်ရသည့် အတွေ့အကြုံက သူမအပေါ် ရိုက်ခတ်မှုရှိပြီး ထိုအတွေ့အကြုံက မျက်စိပွင့်စေသည်ဟု ရှီယာက ဆိုသည်။

    “ကျွန်မ သူတို့နဲ့စကားပြောတယ်။ သူတို့ကို အင်တာဗျူးလုပ်တယ်။ တစ်ချို့ကို ဗီဒီယိုရိုက်တယ်။ ထူးထူးခြားခြားတစ်ခု ကျွန်မလုပ်ချင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတာကြောင့် ထူးထူးခြားခြား တစ်ခုလုပ်ပြီး ကျွန်မရဲ့ မိတ်ဆွေတွေကို ကူညီချင်ပါတယ်။ ကျွန်မ တွယ်တာမိသွားပြီလို့ ခံစားရပါတယ်။ ကျွန်မ မခွဲနိုင်တော့ပါဘူး။ ဆက်လက် နှောင်ဖွဲ့သွားမှာပါ” ဟု ရှီယာက ပြောကြားခဲ့သည်။

    ၎င်းတို့ ရရှိထားသည့် ငွေများမှာ ဘော်ဒါဆောင် ဆောက်လုပ်ရန်အတွက် လုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ အဆိုပါဒေသရှိ ကျောင်းသားများကို ကူညီရန်အတွက် အသုံးပြုသွားမည်ဟု ရှီယာက ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်သူများက လှူဒါန်းသော မည်သည့်ငွေပမာဏမဆို အကူအညီဖြစ်စေသည်ဟု အသိပေးခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် တကယ်လို့ လူတွေဟာ ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက် လှူတယ်ဆိုရင်လည်း ဒါဟာ အများကြီးပါပဲ။ အဲဒီမှာ (ကရင်ပြည်နယ်မှာ) ရှိတဲ့သူတွေဟာ တစ်နေ့ကို တစ်ဒေါ်လာအောက်လောက်နဲ့ အသက်ရှင်နေထိုင်နေရတာပါ။ ဒါ့ကြောင့် ပိုက်ဆံနည်းနည်းဟာလည်း တော်တော်လေး ခရီးရောက်ပါတယ်”

    ref: Eagle Gazette
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • တရားမျှတမှု အတွက် တိုက်ပွဲဝင်နေရသည့် ကိုလံဘီယာမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အမျိုးသမီးများ

    တရားမျှတမှု အတွက် တိုက်ပွဲဝင်နေရသည့် ကိုလံဘီယာမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အမျိုးသမီးများ

    ဧပြီ ၂၄ ၊ ၂၀၁၅
    M-Media
    colombia_acid_attack2
    – တစ်နေ့သော ကြာသာပတေးနေ့၌ အသက် ၃၄ နှစ်အရွယ် နာတာလီယာ ပွန်ဆီ ဒဲလ် လီယွန်မှာ ဆန်တာဘာဘရာ ရပ်ကွက် လူကုန်ထံများနေထိုင်ရာ နေရာရှိ မိခင်ဖြစ်သူထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုရပ်ကွက်အတွင်းရှိ လူနေတိုက်ခန်းများကဲ့သို့ သူမမိခင်၏ ကွန်ဒိုတိုက်ခန်းတွင် လုံခြုံရေးကင်မရာစနစ်၊ ဂိတ်ပေါက်ဝ၊ ဧည့်ကြိုစားပွဲနှင့် လုံခြုံရေးတစ်ဦးရှိသည်။ ညနေ ၅ နာရီကျော်ကျော်လောက်တွင် လုံခြုံရေးက သူမအား ဖုန်းခေါ်ပြီး ဧည့်သည်တစ်ယောက် ရောက်နေသည်ဟု ပြောသည်။ ဘယ်သူလဲဟုကြည့်ရန် အောက်ဆင်းလာစဉ် ခေါင်းစွပ်ဝတ်ထားသည့် လူစ်တစ်ယောက် ပေါ်လာပြီး သူမ၏ မျက်နှာကို ပူနေသော အရည်ဖြင့် လောင်းချလိုက်လေသည်။

    “ပထမတော့ ကျွန်မက ရေပဲထင်တာပေါ့။ ဒါပေမယ့် သူက နောက်တစ်ခေါက် ထပ်လောင်းချတယ်။ ပြီးတော့ အဲဒီအချိန်မှာ စပြီး လောင်တော့တာပါပဲ။ သွေးပူနေတာကြောင့် ချက်ခြင်းတော့ ကျွန်မ မနာသေးဘူး။ ဘာမှမမြင်ရတော့ဘူးဆိုတာ သိလိုက်ရတဲ့အခါမှာ ကျွန်မ စအော်တော့တာပဲ” ဟု သူမက ဆိုသည်။

    ပွန်ဆီ ဒီ လီယွန်မှာ အိမ်တွင်းရေပိုက် သန့်ရှင်းသည့် အရည်များတွင် များသောအားဖြင့် တွေ့ရသည့် ဆာလဖျူရစ်အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း ထိုအက်ဆစ်က သူမ၏ အ၀တ်အစားကို တစ်စစီစားသွားသည်။  သူမက၏ အရေပြားထဲသို့ စိမ့်ဝင်သွားပြီး အပြင်အရေပြားအလွှာက အရည်ပျော်ကျလာသည်။

    မျက်နှာသွင်ပြင် ပျက်ဆီးသလောက်ဖြစ်သွားပြီး ခန္ဓာကိုယ်၏ ၂၄ ရာခိုင်နှုန်းကို လောင်ကျွမ်းပျက်ဆီးစေခဲ့သည့် မတ်လ ၂၇ ရက် အဆိုပါတိုက်ခိုက်မှုမှာ တစ်နှစ်စွန်းစွန်းပင် ရှိလာခဲ့ပြီ။ သူမ၏ ဒဏ်ရာဒဏ်ချက်များကို လူသိရှင်ကြား ထုတ်ပြခြင်းမပြုသော်လည်း သူမ၏ ကိစ္စက မီဒီယာများတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားပြီး၊ တစ်နိုင်ငံလုံးတွင် ကန့်ကွက်သံတွေ ညံသွားသည်။ #FuerzaNataliaPoncedeLeón (ပွနှ်ဆီ ဒီ လီယွန်အတွက် အင်အား) ဟူသည့် အမည်ဖြင့် အွန်လိုင်း လှုပ်ရှားမှုကိုလည်း Twitter တွင် သိန်းနှင့်ချီ၍ ဖြန့်ကြသည်။ သူမကဲ့သို့ ခံစားရသူများအတွက် တရားမျှတမှုကို တောင်းဆိုသည့် ချီတက်ဆန္ဒပြမှုကိုလည်း မြို့တော်ဘိုကိုတာတွင် ပြုလုပ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ကြသည်။

    “ကျွန်မရဲ့ အဖြစ်အပျက်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အပေါက်တစ်ပေါက်ကို ဖွင့်ထုတ်လိုက်တာပါပဲ။ ဖြစ်ပျက်တာတွေ အားလုံးအတွက် ကျွန်မ ဘာမှ မပြင်ဆင်နိုင်ခဲ့ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း၌ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူအရေအတွက်မှာ နှစ်စဉ် ၁၅၀၀ နီးပါးရှိသည်ဟု ထိုတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့ လာနေသည့် Acid Survivors Trust International (ASTI) က ဆိုသည်။ ထိုအဖွဲ့မှာ လန်ဒန်အခြေစိုက်ဖြစ်ပြီး အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သည်။ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အများစုမှာ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ကြသည်။ သို့သော်လည်း ထိုရာဇ၀တ်မှုက ကိုလံဘီယာနိုင်ငံတွင် ဖြစ်နေကြ ရာဇ၀တ်မှုအဖြစ် လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။

    src.adapt.960.high.colombia_acid_attacks_photo_article.1429029720099

    တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာတွင် အက်ဆစ်ဖြင့်တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်က ၁၀၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ် အတွင်း ၁၀၀၀ နီးပါး ရှိခဲ့သည်။ တစ်ယောက်ချင်း တိုက်ခိုက်မှုတွင်တော့ ကိုလံဘီယာမှာ ကမ္ဘာပေါ်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်မှုအမြင့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဟု ASTI ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဖ်ရှားက ပြောကြားခဲ့သည်။

    ကိုလံဘီယာတွင်ဖြစ်ပွားသည့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကို အမျိုးသားနှင် အမျိုးသမီးများပါ ခံစားရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တိုက်ခိုက်ခံရသူ ၉၂၆ ဦးတွင် ၅၆၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၃၆၁ ဦးမှာ အမျိုးသားများဖြစ်သည်ဟု National Institute of Legal Medicine and Forensic Sciences အဖွဲ့မှ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် ဖော်ပြထားသည်။

    သို့သော်လည်း ဘိုဂိုတာရှိ အမျိုးသမီးအဖွဲ့ကို ဦးဆောင်သူ မာသာ လူစီယာဆန်းချက် ဆီဂူရာကတော့ ထိုတိုက်ခိုက်မှုများ ဆောင်ရွက်သည့် နည်းလမ်းနှင့် ထိုနောက်ကွယ်မှ ရည်ရွယ်ချက်မှာ လိင်အလိုက် ကွဲပြားသည်ဟုဆိုသည်။

    “တိုက်ခိုက်ခံရသူ အမျိုးသားအများစုဟာ ခေါင်းအောက်ပိုင်းကို တိုက်ခိုက်ခံရပါတယ်။ အမျိုးသမီးတွေကျတော့ မျက်နှာနဲ့ လည်ပင်းကို လောင်းချခံရတယ်။ (တိုက်ခိုက်သူတွေမှာ) မိန်းကလေးတွေရဲ့ ရုပ်ဆင်းသွင်ပြင်ကိုဖျက်ဆီးဖို့ဆိုတဲ့ သိသာထင်ရှားတဲ့ ရည်ရွယ်ချက် ရှိနေပါတယ်။ တကယ်လို့ အဲဒီမိန်းကလေးတွေဟာ သူတို့နဲ့အတူ မရှိတော့ဘူးဆိုရင် ဘယ်သူနဲ့မှ အတူမရှိရဘူးဆိုတဲ့ သဘောမျိုးပေါ့ရှင်”  ဟု သူမက ပြောကြားခဲ့သည်။

    colombia_acid_attack-9

    ပွန်ဆီ ဒီ လီယွန်အား ရန်ပြုတိုက်ခိုက်သူမှာ ဆယ်နှစ်နီးအပါးအရင်က သူမ သိခဲ့သည့် ဂျိုနသန် ဗီဂါဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ဂျိုနသန်က တိုက်ခိုက်မှုမပြုလုပ်ခင် ၆ လအရင်တည်းက အက်ဆစ်ကို ၀ယ်ယူထားခဲ့ပြီး လီယွန်အား ခြောင်းမြောင်း ကြည့်ရှုနေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ လီယွန်၏ မိခင်ဖြစ်သူ နေထိုင်ရာ အဆောက်အဦးတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းက မီဒီယာများသို့ ပေါက်ကြားပြီးနောက် ဂျိုနသန်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဂျိုနသန် မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်နှင့်ပတ်သက်၍ သတင်းအချက်အလက် ပေးနိုင်သူကို ပီဆို ၇၅ သန်း (ကန်ဒေါ်လာ ၄၀၀၀၀နီးပါး) ပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။

    ပွန်ဆီ ဒီ လီယွန်၏ ထိုအမှုကို အာရုံစိုက်မှုနှင့် လျင်လျင်မြန်မြန် တုံ့ပြန်မှုတို့က ခြွင်းချက်ပုံစံမျိုး ဖြစ်နေသည်။ ကိုလံဘီယာအစိုးရက သာမန်အားဖြင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှု ဖြစ်စဉ်များအတွက် ထိုကဲ့သို့ မြင့်မားသည့်ဆုငွေများ မထုတ်ဖူးသလို၊ ဖမ်းဆီးမှုများလည်း သိပ်မလုပ်ခဲ့။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဖြစ်ပွားခဲ့သော ထိုရာဇ၀တ်မှုအတွက် တစ်ဒါဇင်အောက်သော သူများကိုသာ တရားစွဲဆိုခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများက အများဆုံး ၅ နှစ် သို့မဟုတ် ၆ နှစ်ထောင်ဒဏ် လောက်သာဖြစ်သည်ဟု ဆီဂူရာက ဆိုသည်။
    colombia_acid_attack-99
    “နာတာလီယာ(ပွန်ဆီ ဒီ လီယွန်)ကို ကိုယ်စားပြုတဲ့ရှေ့နေက တိုင်းပြည်ရဲ့ ထိပ်တန်းရှေ့နေဖြစ်ပြီး လူကုန်ထံ အသိုင်းအ၀ိုင်းက လာတာပါ။ အမျိုးသမီးအများစုကတော့ ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ သူတို့မှာ များသောအားဖြင့် ကိုယ်စားပြုမယ့် ဒါမှမဟုတ် သူတို့အတွက် တရားရုံးမှာ ရင်ဆိုင်ပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ တရာခံတွေလွတ်မြောက်မှုက ဒီနိုင်ငံမှာ တော်တော်လေးမြင့်နေပါတယ်။ ပြီးတော့ ဒီလိုသရဲဘောကြောင်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့သူတွေက အေးအေးဆေးဆေး ဖြစ်နေပါတယ်”

    အသက် ၄၂ နှစ်အရွယ်ရှိ အက်စ်ပီရန်ဇာ ရန်ဂျဲလ်၏ ဧည့်ခန်းတွင် ဖိုင်တွဲသုံးတွဲရှိသည်။ ထိုဖိုင်တွဲများတွင် သူမမှာ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ရသည့် သက်သေများဟု ဆိုသော တိုင်ကြားချက်၊ ရဲတပ်ဖွဲ့မှတ်တမ်းနှင့် ဆေးမှတ်တမ်းများ တစ်ခုချင်းစီတိုင်းကို  တွဲထားသည်။ ပထမဆုံး အထောက်အထားက ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ခင်ပွန်းဟောင်း၏ ဆိုးဆိုးရွားရွား ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရသည့် အထောက်အထားဖြစ်သည်။

    “သူ့ရဲ့ နှုတ်နဲ့ စော်ကားတာတွေ၊ ကိုထိလက်ရောက်စော်ကားတာတွေကို ဆယ်စုနှစ်တစ်ခု ကျော်လောက် သည်းခံလာခဲ့ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်မရဲ့သားကိုခေါ်ပြီး သူဆီက ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ ကျွန်မရဲ့အိမ်ကိုရောက်လာပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ ကျွန်မတို့ အတူပြန်မနေဘူးဆိုရင် နောင်တနဲ့ နေသွားရမယ်လို့လည်း ပြောပါတယ်” ဟု ရန်ဂျဲလ်က ဆိုသည်။

    နောက်နေ့ နေ့လည်ပိုင်းတွင် သူမ ဘုရားကျောင်းသို့သွားသည့်လမ်းတွင် ထိုအမျိုးသားက သူမအား အက်ဆစ်ဖြင့် ပက်ခဲ့လေသည်။ ထိုတိုက်ခိုက်မှုကြောင့် သူမ၏မျက်နှာနှင့် ရင်ဘတ်တို့တွင် အနာရွတ်များဖြစ်ခဲ့ပြီး ရွှေရောင်ဆံပင်ရှည်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

    “မှန်ကြည့်တဲ့အခါတိုင်း ကျွန်မကိုယ်ကျွန်မ မမှတ်မိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ကျွန်မရဲ့ မျက်နှာကိုသာ ပျက်ဆီးစေတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀တစ်ခုလုံး ပျက်ဆီးစေခဲ့တာပါ” ဟု ရန်ဂျဲလ်က မျက်ရည်ကိုသုတ်၍ ပြောသည်။

    ထိုတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ ကားအရောင်းခန်းမတွင် ၁၂ နှစ်ကြာ လုပ်ကိုင်ခဲ့ရသော သူမ၏ အလုပ်ကိုလည်း ပေးဆပ်ခဲ့ရသည်။ သူမမှာ လက်ရှိအချိန်တွင် မသန်းစွမ်းသူတစ်ယောက် ဖြစ်နေပြီး ယခင်သူမရရှိခဲ့သည့် ၀င်ငွေ၏ ၃ ပုံတစ်ပုံသာရှိသော ထောက်ပံ့ကြေးကို ရယူနေရသည်။ လကုန်လျှင်တော့ ၉ နှစ်အရွယ် သားဖြစ်သူနှင့်အတူ နေထိုင်နေရသည့် တိုက်ခန်းမှလည်း မဖြစ်မနေ ဖယ်ပေးရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ထိုတိုက်ခန်းအား ဆက်လက်ငှားနေရန် မတတ်နိုင်သော ကြောင့်ဖြစ်လေသည်။

    သူမ၏ အမှုတွဲအား ရဲတပ်ဖွဲ့သို့ သွားရောက်ပြသခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိသေး။

    “အလုပ်အကိုင်နဲ့ကျွန်မဘ၀ ကျဆုံးသွားတာကို မြင်ရတာ မလွယ်ပါဘူး။ ပြီးတော့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူဟာ လွတ်သွားကောင်းလွတ်သွားမယ်ဆိုတာလည်း ကျွန်မသိပါတယ်။ ကျွန်မရဲ့ ယုံကြည်ချက်နဲ့ ကျွန်မရဲ့သားလေးကြောင့် ကျွန်မ ဒီလို ဆက်လုပ်နေတာပါ။ ဒါတွေဟာ ကျွန်မကို ရှင်သန်စေတဲ့ အရာပါပဲ” ဟု ရန်ဂျဲလ်က ပြောကြားခဲ့သည်။

    ရန်ဂျဲလ်၏ အခြေအနေက မကြာခဏ ဆရာဝန်ထံသွားပြရသည့် အခြေအနေမျိုးဖြစ်ပြီး နလန်ပြန်ထလာဖို့အတွက် ခရင်မ်များ အခြားပစ္စည်းများကိုလည်း သုံးရသည်။ သူမ၏ ကုသမှုအတွက် နိုင်ငံတော်က ကျခံမည်ဟု ယူဆရသော်လည်း သူမလိမ်းနေသည့် ခရင်မ်များကို အလှပြင်ပစ္စည်းများဟု သတ်မှတ်သောကြောင့် ဆေးဖိုးတောင်းဆိုမှုကို မကြာခဏ ငြင်းပယ်ခြင်း သို့မဟုတ် လစ်လျူရှုခြင်းခံရသည်ဟု သူမကဆိုသည်။

    “မိတ်ကပ်ဘူးတွေနဲ့ နေရောင်ခံခရင်မ်တွေလို အရာတွေဟာ ကျွန်မရဲ့ ကုသမှုအတွက် အရေးပါတဲ့အရာတွေ ဖြစ်တယ်လို့ EPS (ကျန်မာရေးအာမခံဌာန) ကို ကျွန်မက ပြောပြပါတယ်။ ဥပဒေအရ ကျွန်မဟာ အထောက်အပံ့ရယူဖို့ အခွင့်ရှိပါတယ်”

    ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ကိုလံဘီယာကွန်ဂရက်စ်က ဥပဒေအမှတ် ၁၆၃၉ ကို ပြဌာန်းလိုက်သည်။ ထိုဥပေဒက အက်ဆစ်ရာဇ၀တ်မှု သားကောင်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်ပြီး ဥပဒေသုံးခု ပါဝင်သည်။ ၎င်းတို့မှာ အက်ဆစ်များ ရောင်းချခြင်းကို ကန့်သတ်သည်။ တိုက်ခိုက်သူများအတွက် ပြစ်ဒဏ်ကိုတိုးမြှင့်ထားသည်။ တိုက်ခိုက်ခံရသူများကို နိုင်ငံတော်မှ အခမဲ့ ကုသပေးရန် လိုအပ်သည်ဟုလည်း ထိုဥပဒေတွင် ဖော်ပြထားသည်။

    ထိုဥပဒေဖြစ်လာရန် တွန်းအားပေးသူထဲက တစ်ဦးမှာ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂီနာပိုတက်စ်ဖြစ်သည်။ သူမမှာ ကိုလံဘီယာနိုင်ငံတွင် ပထမဆုံး လူသိရှင်ကြားဖြစ်ခဲ့သော အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ဖြစ်သည်။ ထိုအချိန်ကတည်းက သူမ၏ အကျိုးအမြတ်မယူသော အဖွဲ့ Rebuilding Faes မှ တစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကိစ္စအတွက် ပြောရေးဆိုခွင့် ရှိလာခဲ့သည်။

    “ကျွန်မဖြစ်တုန်းက ထောက်ပံ့ပေးတဲ့စနစ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မလောင်သွားတာက တော်တော်ဆိုးပါတယ်။ ဘယ်သူမှ ဘာလုပ်ရမယ်ဆိုတာ မသိပါဘူး” ဟု ပိုတက်စ်က ပြောကြားခဲ့သည်။

    ၁၉၉၆ ခုနှစ် သူမ တိုက်ခိုက်ခံရပြီးကတည်းက ခွဲစိတ်ကုသမှုကို ၂၅ ကြိမ်ကျော် ဆောင်ရွက်ခဲ့ရသည်။ အများစုမှာ သူမ၏ အဖြစ်အပျက်အတွက် သနားကြသည့် ဆရာဝန်များက အခမဲ့ဆောင်ရွက်ပေးခြင်း၊ သို့မဟုတ် ဒေသတွင်းဖောင်ဒေးရှင်းများနှင့် ဘိုဂိုတာ အမျိုးသမီးအဖွဲ့တို့ကဲ့သို့ အစိုးရအေဂျင်စီများက ကူညီပေးကြခြင်း ဖြစ်သည်။

    “တိုက်ခိုက်ခံရသူအများစုက သူတို့ဆေးကုသဖို့အတွက် ပေးစရာ ဘာမှမရှိပါဘူး။ ဒါဟာ လှဖို့ပဖို့အတွက် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ။ လုပ်စရာတွေတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီဥပဒေက အနည်းဆုံး ကုသရေးအတွက် လမ်းကြောင်းတစ်ခု ချပေးလိုက်တာပါပဲ” ဟု ပိုတက်စ်က ဆိုသည်။

    ထိုဥပဒေအရ ဈေးသည်များမှာ အက်ဆစ် မည်သူဝယ်သွားသည်ဆိုသည်ကို နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန INVIMA သို့ အကြောင်းကြားရန် လိုအပ်သည်။ နောက်ထပ် ၁၈ လ ကြာပြီးသောအခါ သတ်မှတ်ထားသည့် ဓာတုဗေဒပစ္စည်း ၇ မျိုးကို ၀ယ်ယူသူများက တစ်ချိန်တွင် ၅ လီတာအထိသာ ၀ယ်ယူခွင့်ရှိမည်ဟု ပြဌာန်းချက်တစ်ခု ထပ်ထည့်ခဲ့သည်။ ထိုဥပဒေတွင် တိုက်ခိုက်သူများအနေဖြင့် ပုံပျက်သွားအောင် အထူးသဖြင့် မျက်နှာကို ထိခိုက်သွားအောင် လုပ်ပါက ထောင်ဒဏ် ၁၆ နှစ်အထိ ကျခံရမည်ဟု ထောင်ဒဏ်ကိုလည်း ထပ်တိုးခဲ့သည်။

    ဘိုဂိုတာမြို့တော်ကောင်စီမှ အမျိုးသမီးဖြစ်သူ အိုလ်ဂါ ဗစ်တိုးရီးယား ရူဘီယိုက ထိုဥပဒေအား ချီးကျူးခဲ့သော်လည်း ဆောင်ရွက်စရာများ အများကြီးရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    “ထောင်ဒဏ်အားဖြင့်တော့ ဒီဥပဒေဟာ တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဒီရာဇ၀တ်မှုတွေကို ဘယ်လိုကဏ္ဍခွဲမလဲဆိုတာ ကျွန်မတို့ ပြန်တွက်ဖို့ လိုနေတုန်းပါပဲ။ တစ်ချက်က အက်ဆစ်နဲ့တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က ပုဂ္ဂိုလ်ရေး ဒဏ်ရာအနတရဖြစ်အောင် တိုက်ခိုက်မှုလို့ပဲ သတ်မှတ်ပါတယ်။ တိုက်ခိုက်ခံရသူတွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘ၀မှာဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီသတ်မှတ်ချက်နဲ့ မမျှဘူးဆိုတာ ပြသနေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဆေးကုသမှု တိုးတက်လာရန်နှင့် ကိုလံဘီယာရှိ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူများအတွက် တရားမျှမှုကို ဆောင်ကျဉ်းပေးရန် ပွန်ဆီ ဒီ လီယွန်က သူမ၏ကိစ္စအပေါ် အာရုံစူးစိုက်မှုကို အသုံးချခဲ့သည်။ သူမက ဖောင်ဒေးရှင်းတစ်ခုထူထောင်ရန် ဆောင်ရွက်နေသည်။ ထိုဖောင်ဒေးရှင်းမှတစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်ခံရသော ရန်ဂျဲလ်ကဲ့သို့ သူများကို ကူညီရန် မျှော်လင့်နေသည်။

    “ကျွန်မဟာ ရှေ့နေတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ ကုထုံးပညာရှင်တစ်ယောက် ဖြစ်လာရပါမယ်။ ကျွန်မ အများကြီး သင်ထားပြီးပါပြီ” ဟု ပွန်ဆီ ဒီ လီယွန်က ပလက်စတစ်ဆာဂျရီပညာရှင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ဆိုင်မွန်ဘိုလီဗာဆေးရုံရှိ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် ပြောကြားခဲ့သည်။ “ဒီသံသရာထဲမှာ ကျွန်မ နေသားကျသွားပါပြီ။ ဒါပေမယ့် ဒီအတွေ့အကြုံက ကျွန်မရဲ့မျက်စိကို ဖွင့်ပေးပြီး တကယ့်ကို မတူညီတဲ့ လမ်းကြောင်းဆီကို ခေါ်သွားပါတယ်”

    ယခုလက်ရှိ သူမ၏ နိစ္စဓူဝကိစ္စများမှာ ဆရာဝန်များနှင့် သွားရောက်တွေ့ဆုံခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုအသစ်များကို ရှာဖွေစူစမ်းခြင်းတို့ ပါဝင်လေသည်။ သူမမှာ အရေးပြား ဖြတ်ထုတ် အစားထိုးခြင်းအပါအ၀င်  ခွဲစိတ်ကုသမှုကို ၁၁ ကြိမ်ပြုလုပ်ခဲ့ရပြီး လက်မောင်းနှင့် ၀မ်းဗိုက်တို့ရှိ အမာရွတ်များကို ကာကွယ်ရန် အသားကပ်ဝတ်စုံကိုလည်း ၀တ်ရသည်။

    သူမ၏ အမှုက နိုင်ငံတကာ အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သော Physicians for Peace မှ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရသည်။ အဆိုပါအဖွဲ့မှာ သူမနှင့် ကိုလံဘီယာရှိ အခြားသော အက်ဆစ်လောင်ကျွမ်းသည့် လူနာများကို ဆေးဘက်ဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းများဖြင့် ကုသရန် စပါယ်ရှယ်လစ်များကို လွှတ်ပေးသည်။

    “ကျွန်မရဲ့မျက်နှာကအသားက ဟော်လန်က ဒီအရေပြားအတုနဲ့ လုပ်တာပါ။ ပြီးတော့ ဒီမျက်နှာဖုံးအသစ်တွေကိုလည်း ဒီတစ်ပတ်မှာ ကျွန်မ ရပါတယ်” ဟု သူမ၏ မျက်နှာအား နေရောင်ခြည်၊ ညစ်ညမ်းသောအရာများနှင့် လူအများကြည့်ရှုမှုမှ ကာကွယ်ပေးသည့် အထူးပြုလုပ်ထားသော ပိုလီကာဘွန်နိတ် မျက်နှာဖုံးကို ချွတ်နေစဉ် ပြောကြားခဲ့သည်။

    အက်ဆစ်ကြောင့်ဖြစ်သည့် နက်နဲသောဒဏ်ရာများက သူမ၏ နှာခေါင်း၊ ပါးနှင့် လက်မောင်းတို့တွင်  ထင်ထင်ရှားရှား ရှိနေသော်လည်း သူမ၏ မျက်လုံးနှင့် အပြုံးက အ၀ါရောင်နံရံတွင် ချိတ်ထားသော ယခင်ပုံမှ မျက်လုံး၊ အပြုံးများနှင့် ဆင်တူနေသည်။ ထိုပုံကို စာနယ်ဇင်းနှင့် ဆိုရှယ်မီဒီယာများတွင်လည်း ဖော်ပြကြသည်။

    သူမအားတိုက်ခိုက်သူ၏ ရုံးချိန်မှာ ဧပြီလနှောင်းပိုင်းတွင် ပြန်စမည်။ ထိုရုံးချိန်းတွင် သူမက သက်သေထွက်ဆိုရန် စီစဉ်ထားပြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၎င်းနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည် ဖြစ်လေသည်။

    “ကျွန်မဟာ ထင်ထားတာထက်ကိုပိုပြီး ခံနိုင်ရည်ရှိနေပါတယ်။ လက်လျော့လိုက်ဖို့စဉ်းစားတဲ့ အချိန်တွေ၊ အသက်မရှင်ချင်တော့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မဟာ ကျွန်မရှေ့မှာရှိတဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ၊ ဒါမျိုး တစ်ခြားတစ်ယောက်ကို ထပ်မဖြစ်စေဖို့ ကြိုးစားရမယ်ဆိုတာ ကျွန်မ သိနေပါပြီ”

    Al jazeera  တွင် ဖော်ပြခဲ့သည့် “Survivors of acid attacks in Colombia fight for justice” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

    Photo- AFP/Getty Images/Al Jazeera

  • သီရိလင်္ကာ သမ္မတသစ် အစွန်းရောက် BBS အဖွဲ့ ၏ အကြမ်းဖက် လှုံ့ဆော်မှုများ အဆုံးသတ် နိုင်မလား

    သီရိလင်္ကာ သမ္မတသစ် အစွန်းရောက် BBS အဖွဲ့ ၏ အကြမ်းဖက် လှုံ့ဆော်မှုများ အဆုံးသတ် နိုင်မလား

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    SRILANKA-superJumbo

    မြန်မာနှင့် သီရိလင်္ကာနိုင်ငံရှိ လက်ျာစွန်းရောက် ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီတို့၏ လက်ရှိမွတ်စ်လင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုများအပေါ် နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှ ဆန့်ကျင်စကားများ ပေါ်ထွက်လျက်ရှိချိန်မှာပင် အဆိုပါနိုင်ငံအသီးသီးရှိ ယင်း အမာခံအုပ်စုကြီးထွားနေခြင်းကို ရပ်တန့်အောင် ကျယ်ပြန့်စွာ မစွမ်းဆောင်နိုင်သေးချေ။

    ပြီးခဲ့သည့်နိုဝင်ဘာလတွင် Jack Kornfield ၊ Tara Brach ၊ Joseph Goldstein ကဲ့သို့ အကျော်အမော်များအပါအ၀င် အမေရိကန်ဗုဒ္ဓဘာသာဝင်ဆရာများ ၃၈၁ ဦးသည ဗုဒ္ဓဘာသာဝင်တို့၏ ရန်စ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အသံမြှင့်တင်ရန် တိုက်တွန်းသည့် စာတစ်စောင်ကို မြန်မာနိုင်ငံ သံတမန်ရေး ခရီးစဉ်၌ သမ္မတအိုဘားမားထံ ပို့ခဲ့ကြသည်။ ဒရိုင်းလားမားမှ “အလားတူဒုစရိုက်မျိုး မကျူးလွန်မီ ဗုဒ္ဓရှင်တော်မြတ်၏ပုံရိပ်ကို မြင်ယောင်တွေးဆအပ်သည်” ဟုဆိုလျက် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတွင်းရှိ အစွန်းရောက်သမားတို့အား ပြတ်ပြတ်သားသား ရှုတ်ချသော တရားဝင်ကြေငြာချက်တစ်ရပ် ထုတ်ပြန်ပြီး လအနည်းငယ်အကြာတွင် အဆိုပါတိုက်တွန်းစာ ရေးပို့ခြင်းဖြစ်သည်။

    ယင်းနှစ်နိုင်ငံစလုံး၌ သံဃာ ဦးဆောင်လှုံဆော် နေသော ဘာသာရေး စော်ကားချက်အမြင်ပေါ် မူတည်နေကြသော်လည်း ပင်မအခြေခံအားဖြင့် နိုင်ငံရေးကိစ္စသာဖြစ်နေသည်။ Human Rights Watch နှင့် Amnesty International ကဲ့သို့ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ရက်စက်မှုများအဆုံးသတ်ဖို့အတွက် လောဆော်ထားပြီးဖြစ်၏။ သို့သော်လည်း သက်ဆိုင်ရာအာဏာပိုင်အစိုးရမှ ကိုယ်ပိုင်ဆုံးဖြတ်ချက် အခိုင်အမာဖြင့် အရေးမယူသေးသမျှ သက်ဆိုင်ရာနိုင်ငံမှ လှုံ့ဆော်သည့် သံဃာများကမူ သူတို့၏လုပ်ရပ်များကို ရပ်တန့်လိမ့်မည်မဟုတ်ချေ။

    မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ် စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး လစ်ဘရယ်လမ်းကြောင်းသို့ ရွေ့လှမ်းလာပြီးနောက် မြန်မာ မွတ်စ်လင်မ်တို့  အပေါ် အုပ်စုဖွဲ့အကြမ်းဖက်မှုသည် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ပွင့်ထွက်ဖြစ်ပွားခဲ့သည်။ သို့တစေ ရှေ့ဆက်နေသော ရက်စက်ကြမ်းကြတ်မှုများကို ဖြတ်တောက်ရပ်တန့်ရမည့်အစား ရဲတပ်ဖွဲ့ဝင်တို့က လူမိုက်အားပေးအလုပ် လုပ်ဆောင်ခဲ့ကြ၏။ လက်ရှိအစိုးရလက်အောက်တွင် (အကြမ်းဖက်မှုများကို) ဖြိုခွဲရေးမှာ တွေးမြင်၍ မရနိုင်သေး။

    SirisenaImageTwo
    ရွေးချယ်တင်မြှောက်ခံရသည့် သီရိလင်္ကာနိုင်ငံ၏ သမ္မတသစ် Maithripala Sirisena (ပုံ)

    အလားတူစွာ သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓအစွန်းရောက်အုပ်စု BBS – Bodu Bala Sena အား ကိုင်တွယ်အရေးယူမှုအတွက် အခွင့်အလမ်းဟူ၍ ပါးလျနေဆဲပင်။ ၂၀၁၂ ခုနှစ်ကတည်းက တည်ထောင်သော BBS သည် အငြင်းပွားဖွယ်ရာစစ်သွေးကြွအုပ်စုအဖြစ် လူထုမှ ဝေဖန်ခဲ့ကြပြီး သမ္မတဟောင်း Mahinda Rajapaksa ၏ ပုဂ္ဂလထောက်ခံမှု ရှိနေခဲ့၏။ ထိုသူတို့မှ တိုက်ခိုက်မှု ပြုလုပ်စဉ် Mahinda Rajapaksa ၏ ရဲတပ်ဖွဲ့များက ဘေးထွက်ရပ်ကြည့်နေကြသလို သူကိုယ်တိုင်ကလည်း လူထုမိန့်ခွန်း၌ ယင်းအဖွဲ့အစည်းအပေါ်လက်မခံနိုင်ခြင်းအား ခပ်ပျော့ပျော့လေးသာ ထည့်သွင်းပြောကြားခဲ့သည်။

    သာဓကအားဖြင့် သူ၏ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် သီရိလင်္ကာလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဘာသာရေးအသွင်ပြုအကြမ်းဖက်မှုကို သတိထားကြရန် BBS အား သွယ်ဝိုက်သတိပေးပြောဆိုခဲ့၏။

    “သီရိလင်္ကာမှာ ဘာသာရေးအကြောင်းပြု ပုန်ကန်ထကြွမှုလုပ်ဖို့ ကြိုးစားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် (အဲ့ဒီလုပ်ရပ်တွေဟာ) ဘာသာရေးကိုကိုယ်စားပြုတာ မဟုတ်ပါဘူး။ ခွဲထွက်ရေးရည်မှန်းချက်သာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    “Fashion Bug နဲ့ No Limit တို့က ခင်ဗျားတို့ရဲ့ (ဗုဒ္ဓဘာသာဝင်) သမီးမိန်းကလေးတွေကို ဘာလုပ်နေကြသလဲဆိုတဲ့ အပုပ်သတင်းအချက်အလက်နဲ့ အထောက်အထားအားလုံး ကျွန်တော်တို့ဆီမှာရှိတယ်။ မွတ်စ်လင်မ်တွေကို ကျွန်တော်တို့ ပြန်လုပ်တာ ဘာအပြစ်ရှိလို့လဲ” ဟုဆိုကာ BBS အုပ်စု၏ အထွေထွေအတွင်းရေးမှူး Gnanasara Thera က ၀န်ထမ်းအမျိုးသမီးတို့အား အစ္စလာမ်သို့ အဓမ္မကူးပြောင်းစေသည်ဟု မွတ်စ်လင်မ်ပိုင် Fashion Bug နှင့် No Limit အထည် ကုမ္ပဏီနှစ်ခုကို မတရားစွပ်စွဲခဲ့ပြီး ထိုအဖွဲ့သည်  Kandy မြို့လယ်၌ တစ်လခွဲမျှ လှုံ့ဆော် ထကြွခဲ့ကြသည်။ ၎င်းကို တရားဝင် တားဆီးထိန်းသိမ်းမှု မပြုခဲ့။

    နှစ်ပတ်အကြာ စီးပွားရေးမြို့တော် ကိုလံဘိုတွင် ဗုဒ္ဓဘာသာဝင် သံဃာများသည် လူ ၅၀၀ ၀န်းကျင်ကို ဦးဆောင်၍ Fashion Bug ပိုင် အရောင်းဆိုင်တစ်ဆိုင်အား တိုက်ခိုက်ကြသည်။ လူအုပ်ကြီး၏ အဆောက်အဦဖျက်ဆီးခြင်း၊ တံခါးချိုးဖျက်ခြင်း၊ အတွင်းရှိ မွတ်စ်လင်မ် လုပ်သားများအပေါ် မဖွယ်မရာဆက်ဆံခြင်းများကို ရဲများက ရပ်ကြည့်နေခဲ့သည်။ တစ်နာရီကျော်ကြာမြင့်ပြီးနောက်မှာမှ ယင်းသောင်းကျန်းမှုကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့သည်။ ဥပဒေစိုးမိုးရေးအရာရှိများက သံဃာ ၃ ဦးအပါအ၀င် သံသယရှိသူ ၁၇ ယောက်ကို ထိန်းသိမ်းခဲ့သည်။ သို့သော် ဒဏ်ငွေပေးဆောင်မည်ဆိုသည်နှင့် ထိုသူတို့အားလုံးကို မဆိုင်းမတွ လွှတ်ပေးလိုက်ကြသည်။

    ထိုလထဲမှာပင် သမ္မတ Rajapaksa ၏ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa က BBS လေ့ကျင့်ရေး စင်တာဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ထိုအဖွဲ့၏လုပ်ရပ်လမ်းစဉ်ကို အားပါးတရ ဂုဏ်ယူစကားဆိုခဲ့သည်။

    “ငါတို့ရဲ့နိုင်ငံ၊ အမျိုး၊ ဘာသာသာသနာကိုကာကွယ်နေတာ ဒီရဟန်းသံဃာတွေဖြစ်တယ်။ ဒီဘုန်းတော်ကြီးတွေအပေါ် ဘယ်သူမှ သံသယအမြင်တွေ မထားအပ်ဘူး။ သူတို့ကို အားပေးရပ်တည်ဖို့ ငါတို့ ဒီကိုရောက်လာခြင်းဖြစ်တယ်”။

    ထိုအကြမ်းဖက်အုပ်စုသည် Rajapaksa အစိုးရအဖွဲ့ထံမှ ထိရောက်သည့်အရေးယူမှု ကျရောက်ဖွယ်မရှိကြောင်း သိရှိပြီး စိုးရိမ်ကြောက်လန့်မှု မဖြစ်ကြောင်း ထိုစကားရပ်အားဖြင့် လုံလောက်နေသည်ဟု ဆိုနိုင်ပါ၏။

    သို့သော် မိမိကိုယ်ကို မရှိမဖြစ်ဟုအထင်ရောက်နေသော နှစ်ဖက်ခွသမ္မတ Rajapaksa သည် ဇန္န၀ါရီ ၈ ရက်၌ ပြန်လည်အရွေးခံသည့်အခါ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားပါသည်။ ကျန်းမာရေးဝန်ကြီးဟောင်း Maithripala Sirisena သည် လူနည်းစုဝင်များဖြစ်သော တမီလ်နှင့် မွတ်စ်လင်မ်တို့၏ ဧရာမ မဲအင်အားဖြင့် အာဏာရယူနိုင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏ သမ္မတသစ် ဖြစ်လာပေသည်။

    Maithripala Sirisena က ကာလရှည်ညှင်းဆဲခံ အုပ်စုများကို ကာကွယ်၍ အခွင့်အလမ်းတံခါးဖွင့်ပေးမည့် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် ကတိပြုထားသည်။ သူ့ဆိုစကားအရ BBS အား ဖြိုလှဲရေး လုပ်ငန်းစဉ် ပါဝင်နေကြောင်း သိရပေသည်။

    ဇန္န၀ါရီရွေးကောက်ပွဲ၌ Rajapaksa ၏ ကျော်ကြားမှုအား ယှဉ်ပြိုင်လှဲချနိုင်သည့် အခွင့်အရေးတစ်ရပ်ကို Sirisena မှ လက်ကိုင်ပြုလိုက်ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်သည်။ BBS ၏အကြမ်းဖက်မှုများကို ထိရောက်စွာ ကိုယ်တွယ်တုန့်ပြန်နိုင်စွမ်းမရှိမှုက Rajapaksa ပြုတ်ကျသွားစေသည့် အဓိကထောက်ကွက်လမ်းကြောင်းပင်။ ယမန်နှစ်ဇွန်လအတွင်း အနောက်တောင်ပိုင်းရှိ Aluthgama မြို့၌ မွတ်စ်လင်မ်တို့ကို တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၈၀ ဒဏ်ရာရခဲ့သည်။ ယာယီကာဖျူးအမိန့်ထုတ်ခြင်းမှအပ ချက်ခြင်းတုန့်ပြန်မှုဟူ၍ လောက်လောက်လားလား မရှိခဲ့။

    ထိုစော်ကားတိုက်ခိုက်မှု၏နောက်ပိုင်း အချိန်အတန်ကြာပြီးမှ လူ ၄၁ ဦးသာ ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်တွင်ပါဝင်သူ အနည်းငယ်သာပါဝင်ပြီး ကျန်သူများက ကာဖျူးအမိန့်ချိုးဖောက်သူများဖြစ်နေသည်။ သို့ရာတွင် တိုက်ခိုက်မှုမတိုင်မီ Aluthgama နယ်တစ်ဝိုက်တွင် အမုန်းတရားအခြေတည်အကြမ်းဖက်ရန် BBS မှ အပြင်းအထန်သွေးထိုးလှုံ့ဆော်သည့် ဗီဒီယိုမှတ်တမ်း ထင်ထင်ရှားရှားရှိနေလင့်ကစား BBS ခေါင်းဆောင်ပိုင်းတစ်ဦးမျှ ဖမ်းဆီးခံရခြင်း မရှိခဲ့ချေ။

    အကြမ်းဖက်မှု၌ပါဝင်အားပေးသူ စင်ဟာလာဗုဒ္ဓဘာသာဝင်များအား တရားစီရင်ရန် အကြိမ်ကြိမ် ရှောင်လွှဲပျက်ကွက်နေခြင်း၊ မဆိုင်သည့်အကြောင်းဖြင့် မဆိုင်သူအား စီရင်ခြင်းက Rajapaksa ၏ (မိမိ၏ဘက်တော်သားလူတစ်စုသာကောင်းစားရေး) ခရိုနီသင်္ကေတအား ဖော်ကျူးလိုက်ပေသည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံလူဦးရေပမာဏ ၁၀ ရာခိုင်နှုန်းအထိရှိနေသော မွတ်စ်လင်မ်လူထုအကြား သူ့အမည်နာမ သုံးစားမရတော့ပေ။

    Rajapaksa အား လူကြိုက်နည်းသွားရခြင်း၏အဓိကရင်းမြစ်မှာ BBS နှင့်စပ်လျဉ်းသော သူ့အနေအထားကြောင့် မဟုတ်။ မိမိ၏ရာထူးနေရာအတွက် အမြင်ကျဉ်းမြောင်းစွာဖြင့် အာဏာတည်ဆောက်မှု ကြီးထွားလာသောကြောင့်သာဖြစ်သည်။ သီရိလင်္ကာနိုင်ငံသားအများအပြားက အခြေခံကုန်စည်များတွက်ပင်လျှင် ရုန်းကန်နေရသော ဖွံ့ဖြိုးမှုမဲ့စီးပွားရေးအခြေအနေ ထပ်ဆင့်လာသောအခါ Rajapaksa ၏ ဒီမိုကရေစီအံတုလမ်းစဉ်သည် သူ၏အတွင်းပိုင်း မိသားစု၊ မိတ်ဆွေ၊ ဘက်တော်သားအုပ်စုပြင်ပရှိ လူပေါင်းများစွာတို့အား စိတ်ပျက်လက်ပျက်ဖြင့် ယုံကြည်မှုကင်းမဲ့သွားစေသည်။

    ယင်းသို့တစ်ဖက်သတ်ဆန်ဆန် စီမံထားမှုလမ်းကြောင်းများက Rajapaksa ၏ ကိုယ်ပိုင်နိုင်ငံရေးပါတီဝင်များ၊ သူ့အတွင်းစည်းမှ အခရာအင်အားစုဖြစ်သည့် သီရိလင်္ကာသား စင်ဟာလာဗုဒ္ဓဘာသာဝင် ၇၀ ရာခိုင်နှုန်းကိုပင် သူစိမ်းဆန်သွားစေခဲ့သည်။ အချုပ်ဆိုရလျှင် Rajapaksa ကဲ့သို့ အမျိုးသားနိုင်ငံရေးဝါဒီအများစုသည် လူမျိုးရေးအကြောင်းပြ ခေါင်းစဉ်အောက်စုစည်းခြင်းအပေါ် မှီခိုနေခြင်းဖြစ်သည်။ ကနဦးပိုင်းက အားထားခဲ့သည့် မဲအင်အားစု ပြိုကွဲပြီး ညွှန့်ပေါင်းအဖွဲ့၏လားရာ ပြောင်းလဲသွားသည်၌ ခေါင်းမာသူကြီးအဖို့ ကယ်ကူရာမဲ့ဖြစ်သွားလေသည်။

    ရွေးကောက်ပွဲနေ့မတိုင်မှီ ငါးနှစ်ခွဲအလို ဆင်ဟာလာဗုဒ္ဓဘာသာဝင်လူများစုနှင့် ဟိန္ဒူတမီလ်လူနည်းတို့အကြားဖြစ်ပွားသော ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်ခြင်းက Rajapaksa ၏ အထွဋ်အထိပ်နိုင်ငံရေးအောင်မြင်မှု ဖြစ်ခဲ့သည်။ မဝေးကွာလှသေးသည့် အတိတ်အောင်မြင်မှုလည်း ရေစုန်မျောရချေပြီ။ သီရိလင်္ကာသားတို့အဖို့ စစ်မက်ကင်းဝေးရုံမျှဖြင့် မလုံလောက်နိုင်သေးသောကြောင့်ဖြစ်သည်။

    Rajapaksa အဖတ်ဆည်မရအောင် ထိုးကျသွားရသည့် အထင်ရှားဆုံးဖြစ်နေချေအကြောင်းရင်းမှာ ပြည်တွင်းစစ်ကာလအတွင်း ကျူးလွန်သော စစ်ရာဇ၀တ်အတွက် ဆင့်ခေါ်စစ်ဆေးခြင်းကို ငြင်းပယ်မှုဟု ဆိုရပါမည်။ Rajapaksa သည် ထိုအတိတ်ကိုပြန်မဖော်ဘဲ ပြည်ဖုံးကားချလိုခြင်းမှာ သူနှင့် ညီဖြစ်သူ ကာကွယ်ရေးဦးစီးတို့၏ ထဲထဲဝင်ပါဝင်ပတ်သက်မှုရှိနေနိုင်ကြောင်း မည်သူမဆို တွေးဆကြည့်နိုင်မည်ဖြစ်သည်။ သို့သော် ထိုငြင်းပယ်သည့်ဆုံးဖြတ်ချက်က ပြည်တွင်းစစ်နောက်ဆုံးကာလများအတွင်း သတ်ဖြတ်ခံလိုက်ရသည့် တမီလ်အရပ်သား လေးသောင်းဝန်းကျင်တို့၏ မိသားစုဝင်များ၊ မိတ်ဆွေများကို ဒေါသနှိုးဆွလိုက်ပေသည်။

    ထိုတွန်းအားပေးမှုသည် နှစ်ဖက်စလုံးမှ ရာဇ၀တ်မှုကျူးလွန်သူတို့အား စုံစမ်းစစ်ဆေးရန် ကုလလူ့အခွင့်အရေးကောင်စီမှ ခြေလှမ်းစတင်စေခဲ့သည်။ သို့သော် New York Review of Books တွင် ဂျာနယ်လစ် Joshua Hammer က Rajapaksa အစိုးရအဖွဲ့သည် စုံစမ်းစစ်ဆေးရေးအရာရှိများကို ပြည်ဝင်ခွင့် မပေးခဲ့ကြောင်း၊ Skype မှတဆင့် ၀န်ခံထွက်ဆိုသူ မျက်မြင်သက်သေများကို ခြိမ်းခြောက်ပြီး ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီဋ္ဌာနချုပ်မှ စွဲချက်တင်မှု ပယ်ဖျက်ရန် ပြောဆိုလိုက်ကြောင်း ဖော်ပြခဲ့သည်။

    ယင်းသို့ အသည်းအမည်းငြင်းဆန်မှုသည် သီရိလင်္ကာကို နိုင်ငံတကာအလယ် ဂုဏ်သိက္ခာကျဆင်းသွားစေသည့်အပြင် နိုင်ငံမြောက်ပိုင်း တမီလ်ဒေသနှင့် ရင်ကြားစေ့ရေးခြေလှမ်းများအား ကြိုပိတ်တားဆီးလိုက်ခြင်းဖြစ်သည်။ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၌ အစိုးရသိမ်းပိုက်နယ်မြေများ ပြန်ပေးရေး၊ သတင်းစာလွတ်လပ်ခွင့်၊ အတိုင်းအတာတစ်ရပ်အထိ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုအခွင့်အာဏာ စသည်တို့ ပါဝင်နေ၏။

    sri-lanka_1

    အထက်ပါအကြောင်းအချက်များက သမ္မတ Rajapaksa စီစဉ်သည့် လျှပ်တစ်ပြက်ရွေးကောက်ပွဲမတိုင်မီ သုံးလအလိုတွင် သူ၏ ရေရှည်နိုင်ငံရေးလက်တွဲဖော်ဖြစ်သော Maithripala Sirisena အား ဆန့်ကျင်ဖက်လမ်းလျှောက်ရန် ဆုံးဖြတ်သွားစေသည်။ သို့ဖြင့် Rajapaksa ၏သစ္စာခံ ဆင်ဟာလာအင်အားစုအကြား ခံစားခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်အောင်နိုင်ရန် Sirisena မှ တမီလ်နှင့်မွတ်စ်လင်မ်များအကြားရှိ လုံလောက်သော အားပေးထောက်ခံမှုပေါ်မူတည်လျက် လောင်းကြေးထပ်လိုက်ပေသည်။

    သို့သော် ဖြစ်စဉ်ရလဒ် ထူးခြားခဲ့သည်။ ဆင်ဟာလာနိုင်ငံရေးသမားတို့က ဆွယ်လုံးများပေးနေလင့်ကစား တမီလ်နှင့်မွတ်စ်လင်မ်တို့သည် Sirisena ၀င်ပြိုင်အရွေးခံခြင်းဖက်မှ ရပ်တည်အားပေးခဲ့ကြသည်။ Rajapaksa ၏ လူတစ်စုကောင်းစားရေးဝါဒကြောင့် သီရိလင်္ကာ၏ အကြီးမားဆုံး မွတ်စ်လင်မ်ပါတီ၏ခေါင်းဆောင် ရာအူးဖ်ဟကီးမ် Rauf Hakeem သည် တရားရေးဝန်ကြီးရာထူးမှနှုတ်ထွက်ပြီး Sirisena ဖက်သို့ ဘက်ပြောင်းလိုက်ပါသည်။ အချိန်တိုလေးအတွင်း ပင်မ တမီလ်နိုင်ငံရေးပါတီသည် သူနှင့် တစ်သွေးတစ်သံတည်း ဖြစ်သွားခဲ့၏။

    ညွှန့်ပေါင်းအင်အားစု
    ———————-
    Sirisena ၏ မွတ်စ်လင်မ်နှင့်တမီလ် ပြန်လည်ပေါင်းစည်းမှု ထင်ရှားလာခြင်းမှာ အံ့သြစရာ အလျဉ်းမရှိချေ။ “ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်” ဟူသော အဆိုရှိနေသည်မဟုတ်လော။ အမှန်တကယ် ပါးစပ်အဟောင်းဖြစ်သွားစေသည့်ပုံဟန်သည်ကား အလယ်အလတ်လမ်းစဉ်လိုက် ဗုဒ္ဓဘာသာဝင်များ၏ပါတီ National Heritage Party (JHU) သည်လည်း Sirisena အား ထောက်ခံလိုက်ခြင်းပင်တည်း။ သီရိလင်္ကာပါလီမန်အမတ်နေရာ ၂၂၅ အနက် သုံးနေရာသာရထားသော်လည်း ၎င်းပါတီသည် နိုင်ငံအတွင်းဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း၏ နိုင်ငံရေးအသံအား ကိုယ်စားပြုထားပေသည်။

    JHU ခေါင်းဆောင် Omalpe Sobitha သည် Rajapaksa အားထောက်ခံမှုမှ နှုတ်ထွက်ကျောခိုင်းရခြင်းအကြောင်းကို ဤသို့ရင်ဖွင့်ပြောကြားသည်။

    “ဒီလိုနှုတ်ထွက်ခြင်းဟာ ရန်သူအင်အားစုဆီကလာတဲ့ စိန်ခေါ်ချက်တစ်ရပ်ကြောင့် မဟုတ်ပါဘူး။ မိမိလမ်းကြောင်းတွေကို ပြန်လည်တည့်မတ်ဖို့ သမ္မတကိုပေးတဲ့ မွေးနေ့လက်ဆောင်တစ်ခုပါ။ ဒါဟာ ဗုဒ္ဓအဆုံးအမအရ မိတ်ဆွေတစ်ကို သွန်သင်လမ်းပြခြင်း ဖြစ်ပါတယ်”။

    သို့သော် ခြားနားစွာတည်ရှိသော ဗုဒ္ဓဘာသာနိုင်ငံရေးအုပ်စု BBS ၏ထောက်ခံမှုကို Rajapaksa မှ ကိုင်ဆွဲထားဆဲပင်။ BBS အဖွဲ့မှ Rajapaksa အား ပြန်လည်တင်မြှောက်ရေးဆုံးဖြတ်ချက်ကို ကြေငြာရာတွင် ထိုအုပ်စု၏ စီအီးအို Dr. Dilanthe Withananage က အတိုက်အခံအင်အားစုတို့ကို အပြင်းအထန်ဝေဖန်ခဲ့သည်။

    “အမည်ခံအုပ်ချုပ်ရေးစနစ်ကောင်း၊ ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေး၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကြွေးကြော်သံအပေါင်း၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂတို့ဟာ သာမန်ယှဉ်ဖက် Maithripala Sirisena ကို အပေါ်ယံလျှပ်ပြီး အကဲဖြတ်နေကြတာပါ”။

    BBS ၏ မဟာဗျူဟာမှာ Maithripala Sirisena အား “သီရိလင်္ကာဗဟိုချက်မ လူ့အဖွဲ့အစည်းဖြစ်သော ဆင်ဟာလာဗုဒ္ဓဘာသာဝင်တို့အား မျက်ရည်ချောင်းစီးအောင် လျှို့ဝှက်ရည်ရွယ်ထားသည့် နိုင်ငံတကာပြည်ပအားကိုးသူ” အဖြစ် ပုံဖော်လိုခြင်းဖြစ်သည်။

    Rajapaska မှ ယင်းကဲ့သို့ ၀ါဒမှိုင်းတိုက်ခြင်းကို လက်ခံကြိုဆိုခဲ့ခြင်းက လွဲချက်နာရပေသည်။ အဆုံးသတ်သော် သူ၏အမာခံထောက်ခံသူများက အင်အားသာသော်လည်းအမြင်ကျဉ်းအယူသည်းလှသည့် လူများစုအပေါ် သူ၏မှီခိုနေမှု (နှင့်) ဘာသာခြားတိုင်းရင်းအုပ်စုငယ်တအုံတကျင်း၏ Sirisena အပေါ် ရပ်တည်ချက်တို့အကြား ကွဲပြားခြားနားမှုကို ပုံကြီးချဲ့ခဲ့ကြသည်။ သို့ဖြင့် လက်တစ်ဆုပ်စာမျိုးတူအုပ်စုမှထိန်းချုပ်ထားသော အစိုးရနှင့် မျိုးကွဲညွှန့်ပေါင်းအုပ်စုကြီးအကြား ရွေးချယ်မှုတစ်ခုအဖြစ် ရွေးကောက်ပွဲက အသွင်ပြောင်းသွားလေသည်။ သို့သော် ထိုသူတို့မှာ Rajapaksa အတွက် အလုပ်ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ရွေးကောက်ပွဲရောက်ရန် သုံးရက်မျှသာလိုသောအခါကျမှ  “ဆင်ဟာလာဖြစ်စေ၊ တမီလ်ဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်စေ ဒီနိုင်ငံကမည်သူ့ကိုမဆို ကျွန်တော် အကာအကွယ်ပေးပါမယ်” ဟု Rajapaksa က အမြင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပမ်းစား ပြောကြားခဲ့သည်။ ဤကတိအား အပြည့်အ၀သက်သေပြနိုင်ခြင်း ရှိမည်မဟုတ်သလို အခါလွန်မိုး ဖြစ်ခဲ့ပြီတည့်။

    သီရိလင်္ကာသမိုင်း၌ မဲဝင်ပေးသူပမာဏအများဆုံးဖြစ်စဉ်သည် ဇန္န၀ါရီ ၈ ရက်တွင် ပေါ်ပေါက်ခဲ့သည်။ တရားဝင်မဲပေးခွင့်ရှိသူများ၏ ၈၁.၅ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ (နောက်ဆုံးနှစ်ကြိမ်ဖြစ်သော) ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တွင် မဲထည့်သူဦးရေ ၅၇ နှင့် ၅၄ ရာခိုင်နှုန်း အသီးသီးသာ ရှိခဲ့ခြင်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ မဲပမာဏအားလုံး၏ ၅၁ ရာခိုင်နှုန်းဖြင့် Sirisena မှ နှာတစ်ဖျားအသာ အနိုင်ရသွားခဲ့သည်။ မွတ်စ်လင်မ်နှင့်တမီလ်တို့၏ ၇၀ ရာခိုင်နှုန်းသော မဲဝေစုက ဆင်ဟာလာဗုဒ္ဓဘာသာဝင်များအကြား ရှိနေခြင်းကြောင့်ဟု ဆိုရပေမည်။

    သို့သော် နိုင်ငံရေးအဆောက်အဦ၌ အုပ်ချုပ်ရေးစနစ်ကောင်းချမှတ်ခြင်းထက် မှိုင်းတိုက်ခြင်းက ပိုမို တာသွားတတ်လေ့ရှိရာ ထိုရွေးကောက်ပွဲမှ အဓိကမေးခွန်းတစ်ရပ် ထွက်ပေါ်လာပါသည်။ Sirisena ၏ မတည်ငြိမ်သေးသော မဲဆန္ဒရှင်အုပ်စုများသည် နောက်ကွယ်မူဝါဒများဖြင့် မည်သို့ စခန်းသွားကြမည်နည်း ? ထို့ပြင် ဤစည်းဝိုင်းအတွင်းကစားကွက်သည် BBS အပေါ်ထားရှိသော အစိုးရပေါ်လစီအား မည်သို့သက်ရောက်စေမည်နည်း ?

    ရွေးကောက်ပွဲဝင်စဉ် နှစ်လတာအတောအတွင်းမှစပြီး Sirisena က သိသာထင်ရှားသော ပြန်လည်ပြုပြင်မှုအချို့အား စီမံထားပြီးဖြစ်သည်။ ၎င်း၌ BBS အားအရေးယူရန် ဆန္ဒရှိနေကြောင်း အရိပ်အမြွက်ပါဝင်နေသည်။ သို့သော် ရွေးကောက်ပွဲမတိုင်မီ သုံးလအလိုအထိ Sirisena သည် Rajapaksa လက်အောက်မှ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်းဆောင်နေခဲ့သော သူ့ပါတီဝင်ဖြစ်ခဲ့ခြင်းကြောင့် ယင်းအလားအလာများကို စောင့်ကြည့်ရပေဦးမည်။

    ရွေးကောက်ပွဲအပြီး ပျော်ရွှင်အောင်ပွဲခံနေခြင်းကြားမှ International Crisis Group အဖွဲ့ဝင် Brian Keenan သည် တက်ကြွလှုပ်ရှားနေကြသူများအား “Sirisena မှာ Rajapaksa ထက်ပင် နားလည်ရခက်သူဖြစ်၏။ သို့သော် မည်သို့ပင်ဖြစ်စေ ဆင်ဟာလာအမျိုးသားရေးဝါဒ၏အရောင်စွန်းထင်းမှု မဆိုစလောက်တော့ ရှိပါသည်” ဟု သတိပေးခဲ့သည်။ Guardian သတင်းစာအယ်ဒီတာအဖွဲ့က “သီရိလင်္ကာဖြစ်စဉ်ဟာ တော်လှန်ရေးတစ်ရပ် မဟုတ်ခဲ့ပါဘူး။ အတိတ်ကာလရဲ့ ဒီမိုကရေစီချိန်ခွင်လျှာကို ပြန်လည်ညှိနှိုင်းထိန်းသိမ်းလိုက်တာမျိုးလည်း မဟုတ်ပါဘူး။ Rajapaksas ရဲ့ အထိန်းအကွပ်မဲ့ အာဏာအလွဲသုံးစားပုံဟန်ကိုဆန့်ကျင်ပြီး အာဏာရပါတီအတွင်းထဲကနေ ဦးချိုးလိုက်ခြင်းသာ ဖြစ်တယ်” ဟု ဆိုကြသည်။  Sirisena သည် BBS ၏ထောက်ခံမှုရရန် ကြိုးစားခဲ့ကြောင်း ထိုအုပ်စုခေါင်းဆောင်တို့၏အဆိုအရ သိရသည်။

    Sirisena သည် စတင်တာဝန်ထမ်းဆောင်သည့် လအနည်းငယ်အတွင်း သူ့အပေါ်ရှိသောသံသယအားလုံး ချေဖျက်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းနှင့်စပ်လျဉ်း၍ ဇွန်လ၌ လွှတ်တော်အတွင်း ရွေးကောက်ပွဲလုပ်ရန် မဲဆွယ်ကတိပေးထားပြီးဖြစ်ရာ သူ၏တစစအားကောင်းလာသော ညွှန့်ပေါင်းအဖွဲ့မှာ အတိုက်အခံတို့၏စိန်ခေါ်ချက်ဒဏ် ခံရဖွယ်ရှိနေသည်။

    အုပ်ချုပ်ရေးစနစ်ကောင်းနှင့်စပ်လျဉ်း၍ Rajapaksa အုပ်ချုပ်ရေးကာလအကျင့်ပျက်မှုများမှ လာဘ်စားမှုတစ်ရပ်ကို သူက ကြေငြာခဲ့သည်။ တရားစီရင်ရေးနှင့် အလွတ်တန်းကော်မရှင်အဖွဲ့များအတွက် လွတ်လပ်စွာကျင့်သုံးနိုင်ရန်အလို့ငှာ ၁၉ ကြိမ်မြောက် သီရိလင်္ကာဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းပြင်ဆင်ရေးဖြစ်မြောက်ဖို့လည်း အားထုတ်ထားသည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုမှာ တစ်ခုတည်းသာ ရှိ၏။ လောင်စာအခွန်အခကို အစိုးရဖက်မှ ၂၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ၎င်းက လူထုသယ်ယူပို့ဆောင်ရေးစားရိတ်၌ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး သီရိလင်္ကာပြည်သူတို့၏ နေ့တစ်ဓူဝဘ၀များအပေါ် အကြီးမားဆုံး အကျိုးသက်ရောက်စေခဲ့သည်။ ဤလုပ်ဆောင်ချက်က အလယ်အလတ်နှင့် အောက်ခြေအဆင့်ဝင်ငွေရှိ သီရိလင်္ကာနိုင်ငံသားတို့ ခါးစည်းခံနေရသော စီးပွားရေးဝန်ထုပ်အား လျော့ပေါ့သွားစေပါသည်။

    တမီလ်ရင်ကြားစေ့ရေးကိစ္စတွင် Sirisena က ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကိုလွတ်ရန်၊ ပြည်တွင်းစစ်အတွင်း စစ်တပ်မှသိမ်းယူခဲ့သည့် မြေယာများ ပြန်ပေးရန် သဘောတူခဲ့သည်။
    စိုးရိမ်စရာရှိနေသေးသည့်ကိစ္စတစ်ရပ်မှာ စစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာထုတ်ပြန်ချက်အပေါ် ခြောက်လတာမျှ ဆုတ်ဆိုင်းထားချက်ဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကော်မရှင်နာမင်းကြီး Zeid Raad Al-Hussein ၏အဆိုအရ ထိုကြားကာလလွန်လျှင် စစ်ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးဆောင်ရွက်သွားရန် သမ္မတမှ ရှင်းရှင်းလင်းလင်း ကတိပြုခဲ့ကြောင်း သိရသည်။

    ဤပြန်လည်ပြုပြင်မှုများနှင့်လျာထားချက်များက Sirisena ၏အားထုတ်မှုကဏ္ဍအပေါ် ယုံကြည်နိုင်စရာအဖြစ် ထောက်ပြနေပေသည်။ သို့သော် BBS အား စုံညီအရေးယူရန်အတွက်မှု ၎င်းတို့က အာမ မခံသေးပေ။ ဤအရေးဆိုင်ရာတွင် Sirisena အဖို့ ပြသစရာလက္ခဏာ တစ်ရပ်သာ ဆောင်ရွက်ထားသေး၏။ ဗလီဝတ်ကျောင်းတော်တစ်ခုသို့သွားရောက်ကာ “အစိုးရသစ်ရဲ့တာဝန်ဟာ ပြည်သူတေအကြောက်တရားနဲ့သံသယမရှိဘဲ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာ ညီနောင်ရင်းချာပမာ အတူယှဉ်တွဲနေထိုင်သွားမယ့် တိုင်းပြည်ဖြစ်အောင် ဖန်တီးရေးပဲဖြစ်တယ်” ဟူ၍ အခိုင်အမာပြောဆိုခဲ့ခြင်းဖြစ်သည်။ BBS အဖွဲ့၏ လှုံ့ဆော်အကြမ်းဖက်မှုအား ရည်ညွှန်းသည့်သဘောဖြင့် “ကလေးငယ်တွေရဲ့အနာဂတ်အပေါ် အမှောင်ဖုံးသွားစေမယ့် အတိတ်ကအရိပ်မည်းတွေကို ခွင့်ပြုမှာ မဟုတ်တော့ဘူး” ဟုလည်း ကတိပေးခဲ့သည်။ ဤစကားလုံးများက Rajapaksa ၏ လျစ်လျူရှုခံရမှုကို မွတ်စ်လင်မ်တို့ထံမှ ထွက်ခွာသွားစေသော်လည်း အခြေအနေက ယခင်အတိုင်းပင်။

    ဤအတည်ပြုချက်များအရ ဗုဒ္ဓဘာသာဝင်များ၏ရန်စအကြမ်းဖက်ဖြစ်စဉ်များ အထူးသဖြင့် ယမန်နှစ်ဇွန်လ Aluthgama တွင်ဖြစ်ပွားသော တုန်လှုပ်ဖွယ် စုပြုံသတ်ဖြတ်မှုများအတွင်း ကျူးလွန်ခဲ့သည့်ဒုစရိုက်များအပေါ် အာဏာပိုင်များမှ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် အကြောင်းရှိနေသည်။ ယင်းသို့အရေးယူမှုများက Sirisena ၏ သက်တမ်းနု ထိလွယ်ရှလွယ် လက်ျာစွန်းရောက်အဖွဲ့ဝင်အချို့ကို အမျက်သိုစေမည်မှာ မလွဲပေ။ သို့သော် Sirisena ၏ အောင်မြင်မှုသည် သီရိလင်္ကာရှိလူနည်းစုများအပေါ် ကာကွယ်ရေးအပါအ၀င် ဒီမိုကရေစီလမ်းကြောင်းဖော်ခြင်းအတွက် ထင်ရှားသည့်အခွင့်အာဏာတစ်ရပ်အား ကိုယ်စားပြုနေပါသည်။ သီရိလင်္ကာနိုင်ငံသည် ဒီမိုကရက်တစ်ပြုပြင်ရေးကိုဖော်ဆောင်လျှင် လူနည်းစုဝင်အုပ်စုများအဖို့ ကိုယ်စားလှယ်နေရာများစွာ ရရှိမည်ဖြစ်သည်။ ယင်းအုပ်စုများ အာဏာရလာပါက BBS အပေါ်စုံစမ်းစစ်ဆေးရေးကဲ့သို့သော ကြိုတင်ကာကွယ်ရေးအစီအမံများအတွက် ပိုမိုတွန်းအားပေးနိုင်မည်ဖြစ်သည်။ ဤအကြောင်းနှစ်ရပ်က အပြန်အလှန်ဆက်နွှယ်နေပေသည်။

    သို့သော် BBS အား အမြန်ဖြိုခွင်းရေးအတွက် သီရိလင်္ကာမွတ်စ်လင်မ်များမှ တောင်းဆိုနိုင်သည်။ သူတို့သည် ညွှန့်ပေါင်းအဖွဲ့၏အဓိကအစိတ်အပိုင်းဖြစ်နေခြင်းကြောင့် Sirisena ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

    သူ၏အနိုင်ရရှိမှုက နိုင်ငံတကာဗုဒ္ဓဘာသာဝင်များအတွက် BBS ကို အားထုတ်ယှဉ်ပြိုင်ရန် ဗျူဟာသစ်တစ်ရပ်ကိုလည်း အချက်ပြလျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်များက မွတ်စ်လင်မ်အုပ်စုများကို ၎င်း၏ညွှန့်ပေါင်းစည်းဝိုင်းအတွင်းမှ မြှင့်တင်ကူညီပေးခြင်းသည် အွန်လိုင်းပေါ်တွင် လက်မှတ်ထိုးတောင်းဆိုတင်ပြချက်များထက် ပိုမိုလက်တွေ့ကျပေသည်။ ဤသို့သော ရပ်တည်တွန်းအားပေးမှုဥပမာတစ်ရပ် လွန်ခဲ့ရက်သတ္တပတ်အနည်းငယ်၌ ဖြစ်ပေါ်ခဲ့၏။ ၎င်းမှာ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံပေါင်း ၁၅ ခုမှ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်တို့သည် အကြမ်းဖက်မှုကိုရှုတ်ချသည့်၊ ၎င်းပြင် လူနည်းစုဝင်ဘာသာရေးအုပ်စုများ ဘေးကင်းလုံခြုံမှုရှိအောင် အစိုးရအရေးယူမှုကိုတောင်းဆိုသည့် ပူးပေါင်းကြေငြာချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့သည်။

    Rajapaksa ၏ ဆင်ဟာလာဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့် ၎င်း၏လက်ပွား BBS အား ပြတ်ပြတ်သားသား ပယ်လှန်ကြသော (သာသနာညှိုးနွမ်းစေမှုအား ကာကွယ်လိုက်ကြသော) သီရိလင်္ကာနိုင်ငံသားများကို ကမ္ဘာတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်များအနေနှင့် ကျေးဇူးတင်ရပေမည်။ သီရိလင်္ကာ၌ အစွန်းရောက်ဗုဒ္ဓ၀ါဒအား အမြစ်ဖြတ်မည့် အခွင့်အလမ်းမှာ ကျွန်ုပ်တို့အပေါ် မူတည်နေပါသည်။ Sirisena အာဏာရခြင်းမရခြင်း၊ သီရိလင်္ကာတွင်းရှိ BBS ဆန့်ကျင်ရေးအင်အားစုနှင့်ပြည်ပနေများမှ သူ့ကို အင်အားသုံးစေခြင်းမသုံးစေခြင်းသည် ပြဿနာတစ်ရပ် မဟုတ်တော့ပါလေ။

    xxxxxxxxxxxxxxxxxxxxx

    Tricycle ၏ လက်ထောက်အယ်ဒီတာ Max Zahn ၏ The Jig Is Up ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

    ဆက်စပ်ပိုစ်များ ဖတ်ရန်
    ————————
    မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့
    http://www.m-mediagroup.com/news/8838

    မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း
    http://www.m-mediagroup.com/news/29572

  • ဆောင်းရာသီနှင့် မအေးချမ်းနိုင်သေးသော ဂါဇာပြည်သူများ

    ဆောင်းရာသီနှင့် မအေးချမ်းနိုင်သေးသော ဂါဇာပြည်သူများ

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media
    263888_60651677
    – ဂါဇာတွင် ဆောင်းဝင်လာပြီ။ “ဆောင်း” ဆိုသည့်စကားလုံးက ဂါဇာပြည်သူများအတွက် စိတ်မချမ်းသာစရာ အပြည့်ရှိနေသော စကားလုံးဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုအပြီး ၆ လကြာခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးကတော့ ရှေ့ဆက်သွားနေသည်။ သို့ရာတွင် ဂါဇာ၌ လူထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်။ အချို့က ဗုံးမှန်၍ ပြိုကျပျက်စီးနေသော အဆောက်အဦးများတွင် ပြွတ်သိပ် ကျပ်ညပ်စွာ နေကြရသည်။ အေးလွန်းလှသည့် ရာသီဥတုကြောင့် ကလေးငယ်များ သေဆုံးနေကြသည်ဟု ကုလသမဂ္ဂက ဆိုသည်။

    တစ်နေ့တွင် ဆရာဝန်ဖြစ်ရမည်ဟု ရည်မှန်းထားသည့် အသက် ၈ နှစ်အရွယ် ရာဘာဟ်လေးမှာ အေးခဲမတတ်ဖြစ်နေသည့် ရာသီဥတုအောက်တွင် သူငယ်ချင်များနှင့်အတူ အဆောက်အဦးပျက်များကို ဖြတ်၍ ခြေထောက်ဗလာဖြင့် လမ်းလျှောက်နေသည်။ ကုလသမဂ္ဂက ဖိနပ်များပေးသည်။ သို့သော်လည်း ရာဘာဟ်က ကျောင်းတက်လျှင်စီးရန် သိမ်းထားလေသည်။ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် သူနှင့် သူငယ်ချင်းများမှာ နေ့စဉ်ဘ၀တွက် ဖိနပ်မပါဘဲ နေရခြင်းဖြစ်သည်ဟု သူက ဖွင့်ဟခဲ့သည်။ ဂါဇာရှိ အခြေအနေနှင့်ပတ်သက်၍ ကျွန်တော်မေးမြန်းခဲ့သူ အားလုံးနီးပါးမှာ ၎င်းတို့၏ ဘ၀တွင် ကြုံဖူးခဲ့မျှသထက် ပို၍ ယခုအချိန်တွင် နုံချာဆင်းရဲနေကြသည်။ ထို့ပြင် နောက်ထပ်တိုက်ခိုက်မှုများ ဘွားကနဲ ပေါ်လာမလားဆိုသည့် ထင်မြင်မှုများကလည်း ၎င်းတို့၏ ဘ၀ကို ပိုမိုဆိုးဝါးစေည်။

    ကစားစရာ အခြားအရုပ်များမရှိသည့် ရာဘာဟ်လို ကလေးများက ၎င်းတို့အိမ်အား ဖျက်ဆီးပစ်ခဲ့သော အစ္စရေး၏ ဒုံးကျည် အကြွင်းအကျန်များဖြင့် ကစားကြရသည်။

    ဂါဇာက အမိုးဖွင့်အကျဉ်းထောင်ကြီးနှင့် တူသည်ဟု နှိုင်းယှဉ်ဖော်ပြကြသည်။ ကျွန်တော်ရောက်ခဲ့ဖူးသည့် အချိန်များတွင် ထိုသို့နှိုင်းယှဉ်မှုက ယခုအချိန်တွင် အမှန်ဆုံးဖြစ်မည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိတွင် ဂါဇာပြည်သူအများစုက တကယ်ပင် ဟင်းလင်းပြင်တွင် နေနေရသည်။ သို့သော်လည်း သူတို့ကတေ့ အကျဉ်းထောင်များက အနည်းဆုံး လျှင်စစ်မီးတော့ ရှိကြသည်ဟု နာကျည်းစွာ ပြောကြသည်။

    ဂါဇာပြည်သူများ ခံစားနေရသည့် ပြဿနာက များပြားသည်။ အစ္စရေးက ဂါဇာပြည်သူလူထု၏ စီးပွားရေးကို ဆက်လက်ပိတ်ဆို့ထားသည်။ ဟားမက်စ်က အစ္စရေးကို အာခံသည်။ သယံဇာတတွေကို ဖြုန်းပစ်သည်။  ဂါဇာပြည်သူတို့၏ အသက်ဆက်ရာ လမ်းကြောင်းဖြစ်သည့် မှောင်ခိုလှိုဏ်ခေါင်းများကို အီဂျစ်က ပိတ်ပစ်လိုက်ပြီး ဂါဇာနှင့်ကပ်နေသည့် နယ်စပ်ကိုလည်း ပိတ်ပစ်သည်။ ၁.၈ သန်းသော ဂါဇာပြည်သူများက အထီးကျန်နေသည်။ အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့မှုကို ဖြေလျော့ရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဖိအားများက ရှေ့တစ်လှမ်းတိုးသင့်လေသည်။

    ဂါဇာပြည်သူများမှာ စစ်ပွဲကို စိတ်ကုန်နေပြီး အစ္စရေးမှ ဆိုးရွားစွာ တုန့်ပြန်မှုကို ကြောက်ရွံ့သည့်အတွက် ဟားမက်စ်တို့ တော်လှန်မှုကိုလည်း မလိုချင်တော့။

    “ခုခံတာမျိုးကိုလည်း မလိုချင်တော့ပါဘူး။ ကျွန်မတို့ ခံစားနေရတာလည်း တော်လောက်ပါပြီ” ဟု ပျက်ဆီးနေသော အိမ်တွင် မိသားစုနှင့်အတူနေထိုင်သည့် အသက် ၅၀ အရွယ် ခါဒရာ အဘဒ်က ဆိုသည်။
    08KRISTOF-articleLarge
    အသက် ၆၅ နှစ်အရွယ် အိမ်ထောင်ဦးစီးဖြစ်သော အမျိုးသမီး ဟာလီမာ ဂျွန်ဒီယာက သူမ၏ မိသားစုရှိ ကလေးငယ်များမှာ စစ်ပွဲကြောင့် စိတ်ဒဏ်ရာများ ရနေသည်ဟု ပြောကြားခဲ့သည်။

    “ဟားမက်စ်က ဒုံးကျည်တွေထပ်ပစ်တာကို ကျွန်မတို့ မလိုချင်တော့ပါဘူး။ နောက်ထပ်စစ်ပွဲလည်း မလိုချင်တော့ပါဘူး”

    မုတ်ဆိတ်နှင့် လူငယ်တစ်ယောက်က ၎င်းမှာ ယခင်က ဟားမက်စ်အတွက် အလုပ်လုပ်ပေးခဲ့သော်လည်း အစိုးရထံမှ လခများ ထပ်မံပေးချေခြင်း မရှိတော့သောကြောင့် ဆက်မလုပ်တော့ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင်း ဗုံးကြဲနေမှုများက ပါလက်စတိုင်းပြည်သူများအား တိုက်ခိုက်ရေးသမားဖြစ်လာရေး လမ်းကြောင်းသို့ ပို့ဆောင်ပေးနေသည်ကိုတော့ အစ္စရေးက ရှင်းရှင်းလင်းလင်း နားလည်သင့်သည်။ အသက် ၁၄ နှစ်အရွယ် အဟ်မဒ် ဂျန်ဒီယာဆိုသူ လူငယ်လေးက ဟာလီမာကဲ့သို့ ပြဿနာတွေပြီးလိုသည့် သဘောထားရှိသည်။ သို့သော်လည်း အဆုံးသတ်ကတော့ ဆန့်ကျင်ဖက် ဖြစ်ခဲ့သည်။ သူက အသက်ကြီးချင်ပြီး အစ္စရေးစစ်သားအားများ သုတ်သင်ရန် လိုလားနေသည်။

    “စစ်ပွဲက ကျွန်တော်တို့ဟာ တစ်ချိန်မဟုတ်တစ်ချိန် စစ်ကြောင့် သေကြရမှာပဲဆိုတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ်။ ဒါဆိုရင် ဘာ့ကြောင့် ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ကို မစွန့်လွှတ်ရဲရမှာလဲ။ ကျွန်တော် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ချင်ပါတယ်” ဟု အဟ်မဒ်က ပြောကြားခဲ့သည်။

    အဟ်မဒ်မှာ အစ္စရေး၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့သည့် မိသားစုဝင်များ၏ ဓာတ်ပုံတစ်ခုကို သိမ်းထားသည်။ ထိုကဲ့သို့ ပြန်လည်တိုက်ခိုက်ရန် တောင့်တသည်ဟု သူကဆိုသည်။

    “ကျွန်တော်တို့ သူတို့အားလုံးကို သတ်ပစ်ကောင်းသစ်ပစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ပိုကောင်းသွားပါလိမ့်မယ်” ဟု ပြောပြီး အစ္စရေးအားလုံးကို ဖယ်ရှားပစ်ချင်သလားဟု မေးမြန်းရာတွင် သူက ခေါင်းညိတ်၍ “အစ္စရေးအားလုံးကို သတ်ဖို့ ကျွန်တော့်အသက်ကို ပေးပါမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    ၎င်း၏ အချို့စကားက လူငယ်သဘာဝ မဆင်မခြင် ပြောခြင်းဖြစ်သည်။ သို့သော်လည်း အချို့က ဆယ်ကျော်သက်လူငယ်တစ်ယောက် ဖြစ်လာလျှင် ဂါဇာတွင် ရနိုင်သော အလုပ်အကိုင် လမ်းစအနည်းငယ်မှ တစ်ခုမှာ တိုက်ခိုက်ရေးသမားအဖြစ် ဆောင်ရွက်ရန်ဖြစ်သည်ဆိုသည့် ၎င်းတို့၏ အကြောင်းမလှသည့် လက်တွေ့ဘ၀ကို ရောင်ပြန်ဟပ်နေသည်။ ဖခင်က ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး လက်ရှိတွက် အလုပ်မရှိဟု အဟ်မဒ်က မနှစ်သက်ဖွယ်ပုံစံဖြင့် ပြောသည်။

    ခြုံ၍ဆိုရလျှင် ထိုကဲ့သို့ ခံစားရမှုများက ဂါဇာပြည်သူများ တိုက်ခိုက်မှုများကို မနှစ်မြို့မှု ပိုဖြစ်လာစေပြီး ကြမ်းကြမ်းတမ်းတမ်းလက်စားချေရန် တောင့်တလာကြသည်။ တိုကဲ့သို့သော တွန်းအားများ၏ ညီမျှမှုကို တွက်ဆရခက်သည်။

    အစ္စရေးနှင့် အီဂျစ် နှစ်နိုင်ငံစလုံးက ဂါဇာ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို  တရားဝင်ပြောထားသည်။ (ဟားမက်စ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အီဂျစ်တရားရုံးက မကြာသေးမီကပင် ကြေညာထားသည်) သို့သော်လည်း ဂါဇာဒေသ၏ စီးပွားရေးကို အကျပ်အတည်းဖြစ်အောင် လုပ်ထားခြင်းမှာ လုံခြုံရေးအတွက်ဟု အစ္စရေး၏ အကြောင်းပြမှုမှာ ရူးနှမ်းခြင်းသာဖြစ်သည်ဟု အစ္စရေးရှိ လူ့အခွင့်အရေးအဖွဲ့အစည်း Gisha က ပြောကြားခဲ့သည်။ Gisa က အသက် ၂၄ နှစ်အရွယ် အေယာ အဘစ်နှင့် ကျွန်တာ့်ကို မိတ်ဆက်ပေးသည်။ သူမက နောက်ဘက်ကမ်းတွင်နေထိုင်သော ပါလက်စတိုင်းအမျိုးသားတစ်ဦးနှင့် လက်ထပ်ထားသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် ၅ လ အရွယ် ကလေးငယ်တစ်ဦးရှိပြီး ကလေးကို အနောက်ဘက်ကမ်းမှ ဖခင်ဖြစ်သူက မမြင်ဖူး။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတို့က အဘစ်အား ဂါဇာမှ ထွက်ခွာခွင့် မပေးသောကြောင့်ဖြစ်သည်။

    “ကျွန်မ နေ့တိုင်း မျက်ရည်ကျရပါတယ်။ ဘာလုပ်ရမှန်းလည်းမသိဘူး” ဟု သူမက ဆိုသည်။

    ထိုနည်းတူစွာ အစ္စရေးမှာ အမေရိကန်နှင့် အခြားသော နိုင်ငံခြားကျောင်းများတွင် ကျောင်းတက်ခွင့်ရသော ဂါဇာကျောင်းသားများကိုလည်း သွားရောက်ပညာသင်ကြားခွင့် မပေး။

    စီးပွားရေးပိတ်ဆို့ခြင်းက ဟားမက်စ်ကို ဟန့်တားနိုင်သော လွတ်လပ်သည့် စီးပွားရေးအသိုင်းဝိုင်းအား အခြေပျက်စေနိုင်သည်ကိုလည်း အစ္စရေး အကြီးတန်း တာဝန်ရှိသူများက သိသည်။ ထို့ကြောင့် ထိုပိတ်ဆို့မှု ဖြေလျော့ရေးနှင့်ပတ်သက်၍ မကြာသေးမီက သင်လျော်သည့် ကိစ္စများကို ပြောနေကြသည်။ သို့သော်လည်း ပြောင်းလဲမှု များများစားစားတော့ ဖြစ်မလာခဲ့။

    ၂၀၁၀ ခုနှစ်က ဂါဇာသို့ လည်ပတ်သည့်အချိန်တွင် ဂါဇာအတွင်း ထင်ရှားသည့် စီးပွားရေးသမား မိုဟာမက် တာလ်ဘာနီ လုပ်ကိုင်နေသော ဂါဇာ ကွတ်ကီးစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်တော်ပြန်လာပြီးနောက်ပိုင်း ဂါဇားအားတိုက်ခိုက်မှုအတွင်း အစ္စရေးက တာလ်ဘာနီ၏ စက်ရုံကို ထပ်တလဲလဲ ဗုံးကြဲဖျက်ဆီးခဲ့သည်။

    တာလ်ဘာနီက စက်ရုံကို ပြန်ပြင်ခဲ့သည်။ သို့သော်လည်း သုံး၍ မရသည့် ဒိန်းမတ်လုပ် ကွတ်ကီးလုပ်စက်ကို ပြင်ဆင်ရန်အတွက် ဥရောပ နည်းပညာရှင် ၃ ဦးကို အစ္စရေးက ၀င်ခွင့်မပေးခဲ့။ ပါကင်ထုပ်သည့်စက်မှာလည်း စပယ်ယာပစ္စည်းများ လိုအပ်နေပြီး အစ္စရေးက သွင်းခွင့်မပြုသောကြောင့် သုံး၍ မရသည်မှာ ၃ လခန့်ရှိနေပြီ။ အစ္စရေးမှာ ဂါဇာအား ပြင်းပြင်းထန်ထန်ပိတ်ဆို့ထားပြီး ယနေ့ဂါဇာမှာ သီးသန့် ခွဲထုတ်ထားခြင်းခံထားရကာ မျှော်လင့်ချက်လည်း ပျောက်ဆုံးနေသည်။ ဂျာနယ်လစ်များကတော့ တစ်ခါတစ်ရံ ခြွင်းချက်ဖြင့် ၀င်ခွင့်ရသည်။

    ထိုပိတ်ဆို့ထားမှုက ဗုံးကြဲသလောက် မဆိုးဝါး။ သို့သော်လည်း ကြာရှည်လာလျှင်တော့ ဂါဇာပြည်သူတို့၏ စိတ်ဓာတ်များကို ပျက်ဆီးစေမည်ဖြစ်သည်။ စီးပွားရေးသမားများက ၎င်းတို့၏ ကုန်ပ္စည်းများကို ရောင်း၍မရ။ ကျောင်းသားများကလည်း အနောက်ဘက်ကမ်းရှိ တက္ကသိုလ်များကို တက်ခွင့်မရ။ ဇနီးကလည်း ခင်ပွန်းဖြစ်သူဆီ သွားတွေ့ခွင့်မရ။ ဟားမက်စ်၏ အုပ်ချုပ်မှုအမှားများကလည်း အဓိကပြဿနာ ဖြစ်နေသည်။ သို့သော်လည်း ကျွန်တော်တို့က ဟားမက်စ်အပေါ် သြဇာလွှမ်းမိုးမှုမရှိ။ အစ္စရေးအပေါ်သာ ဖိအားပေးရမည်။ အမေရိကန်နှင့် အခြားသော အင်အားကြီးနိုင်ငံများမှာ ဂါဇာဒေသ ပိတ်ဆို့ထားမှုအား ပြန်ဖွင့်ပေးရန် အစ္စရေးနှင့် အီဂျစ် ၂ နိုင်ငံစလုံးကို တိုက်တွန်းဆော်သြသင့်သည်။

    တာလ်ဘာနီမှာ လက်တွေ့ဆန်သည့် စီးပွားရေးသမားဖြစ်သည်။ ဟီဘရူးဘာသာစကားကိုလည်း ကျွမ်းကျင်ပြီး သူ၏ ရည်ရွယ်ချက်က ကွတ်ကီးများရောင်းချရန်၊ အလုပ်သမားများ ခန့်ထားရန်နှင့် ငွေရှာရန်ဖြစ်သည်။ ယခုအခေါက် သူနှင့်တွေ့သည့်အခါတွင် အစ္စရေးနှင့်ပတ်သက်၍ ခါးသီးမှုကို အရင်ကထက် ပိုကြားရသည်။

    “ကျွန်တော့်ရဲ့ ဒေါ်လာ ၂၂ သန်းတန် စက်ရုံကို ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ သူတို့ ဖျက်ဆီးလိုက်တယ်ဗျာ။ အဲဒါကို ကျွန်တော် ၄၅ နှစ်လောက် တည်ဆောက်ခဲ့ရတာဗျ။ သူတို့ ၂ နာရီအတွင်းလောက်မှာ ဖျက်ဆီးလိုက်ကြတယ်။ သူတို့ကို ကျွန်တော်ဘာပြောရမလဲ? ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလား? ဒီအချိန်က အဆိုးဝါးဆုံးအချိန်ပဲဗျာ။ လူတွေမှာ ဘာမှထပ်ဆုံးရှုံးစရာမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော် နောက်ထပ်စစ်ဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်” ဟု တာလ်ဘာနီက ခါးသီးစွာဖွင့်ဟခဲ့သည်။

    ref:  The New York Times
    လေးမောင် ဘာသာပြန်သည်။