News @ M-Media
Category: ဆောင်းပါး
  • ၂၀၀၃ ခုနှစ်က ဝီရသူနှင့် မြန်မာ မွတ်စလင်တို့၏ မြင်ကွင်းကျယ် (ဘာသာပြန်)
    ၂၀၀၃ ခုနှစ်က ဝီရသူနှင့် မြန်မာ မွတ်စလင်တို့၏ မြင်ကွင်းကျယ် (ဘာသာပြန်)
    Oct 21, 2003
    By Cem Ozturk
    Source:  http://www.atimes.com/atimes/Southeast_Asia/EJ21Ae01.html
    မန္တလေးမှ သမ္မတ ဦးသိန်းစိန်ထောက်ခံပွဲ (သို့) ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွင် ဝိရသူအား တွေ့ရပုံ
    ပြည်တွင်းမှာရှိတဲ့ ပေါ်ပြူတာဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်လွန်းတာကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက စောင့်ကြည့်ကြပါတယ်။ အတိတ်က နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ရင်  ရန်ကုန်မြို့ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်မ်တွေအကြား တင်းမာမှုတွေ ရှိလာအောင် ဖန်တီးပြုလုပ်မြဲဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ကြိမ် ဖြစ်ပျက်လာတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မ်တွေအကြား တင်းမာမှုကတော့ တိုက်ဆိုင်မှုလို့ ပြောဖို့တော့ တော်တော်ခဲယဉ်းနေပါတယ်။
    မြန်မာတချို့ကတော့ မွတ်စလင်မ်လူနည်းစုအတွင်း ”အကြမ်ဖက်သမားတွေ” ရှိနေတယ်လို့ လက်ညှိုးထိုးကြပါတယ်။ ဒီစွပ်စွဲချက်ဟာ မြန်မာနိုင်ငံမှာ အစ္စလာမ်မစ် အတော်များများရှိနေလို့လား ဒါမှမဟုတ် နိုင်ငံတကာရဲ့ “war on terror” လှုပ်ရှားမှုများကို အရင်းတည်ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှု ရအောင် ကြိုးစားခြင်းလားဆိုတာ မေးခွန်းထုတ်ရပါမယ်။
    အနီရောင် သင်္ကန်းကို ခြုံထားမယ်။ ဦးခေါင်းကို ပြောင်နေအောင်ရိပ်ထားမယ်၊ မျက်နှာပေါ်မှာတော့ တည်ငြိမ်တဲ့အသွင်ပေါ်နေမယ်၊ အဲဒီလိုဘုန်းကြီးထိုင်နေပုံက သူထိုင်နေတဲ့ နံရံကျောဘက်က ရွှေရောင်ဗုဒ္ဓရုပ်ပွား ဆင်းတုပုံမျိုးပါပဲ။ ဒါပေမယ့် သူရဲ့စကားလုံးတွေကတော့ ငြိမ်းချမ်းရေးကနေ တော်တော်ကြီး အလှမ်းကွာနေပါတယ်။
    ”ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ပြဿနာရှိတယ်။ ဒီမန္တလေးမှာကို ပြဿနာရှိတယ်။ အဲ့ဒီ ပြဿနာဆိုတာ အစ္စလာမ်ပဲ။ မန္တလေးမှာ အခုမှ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ်က ဝင်ရောက်လာတဲ့ မွတ်စလင်တွေရှိတယ်။ ဒီလူတွေဟာ သူခိုးတွေ အကြမ်းဖက်သမားတွေပဲ။ သူတို့က ဦးဇင်းတို့ ဘာသာနဲ့ အမျိုးသမီးတွေကို မလေးစားဘူး။ ဦးဇင်းတို့က ဗုဒ္ဓဘာသာဖြစ်ပြီး အေးချမ်းတယ်။ သို့ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။”
    ဒီလိုမျိုး တရားတွေ ဟောနေတဲ့ မြင်ကွင်းကို မန္တလေးမြို့က  ရွှေအင်ပင် ဘုန်းကြီးကျောင်းနံဘေးမှာရှိတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တွေ့ခဲ့ရတာပါ။ ဗုဒ္ဓဘာသာ နက်ရှိုင်းစွာပျံ့နေတဲ့ ဒီလိုတိုင်းပြည်မျိုးမှာတော့ ဘုန်းကြီးဆိုတာ အစိုးရပြီးရင် သြဇာအရှိဆုံးပါ။ ဖော်ပြပါ စကားလုံးမျိုးတွေ ပြောခဲ့သူက ၀ီရသူဘွဲ့အမည်ရ ဘုန်းကြီးဖြစ်ပါတယ်။ သူ့ကိုတော့ မန္တလေးမှာ တရားသမားတော်တော် များများက လေးစားကြပါတယ်။ သူရဲ့ ခက်ထန်တဲ့ မာရေကျောရေ စကားလုံးတွေကြောင့် သူ့ကို “တိုက်ပွဲဝင်” ဘုန်းကြီးဆိုတဲ့ ဟော်လီးဝုဒ်မှာ ကျော်ကြားသလိုမျိုး အမည်ပျက် နဲ့ ကျော်ကြားနေတော့တာပါပဲ။
    ဝီရသူ၏ Asia Times Online နှင့် September 14 ရက်နေ့တွင် မတွေ့ဆုံမီ ရက်သတ္တပတ် အနည်းငယ်က တရားဟောပွဲ တစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ ဘုန်းကြီးအပါး ၃၀၀၀ခန့် တက်ရောက်ခဲ့ပါတယ်။ ဒါဟာ များပြားလှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ တရားပွဲမှာတော့ ဘုန်းကြီးတွေကို မွတ်စလင်မ်တွေက ခြိမ်းခြောက်မှုတွေရှိလာနေတာကြောင့် အဲဒါမျိုးကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အကြောင်း ဟောပြောခဲ့ပါတယ်။
    မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာကိုးကွယ်သူ လူမျိုး အဓိကအားဖြင့် ၄မျိုး ရှိပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆင်းသက်လာသော ပန်းသေးလူမျိုး (Chinese Hui). နောက်တစ်မျိုးက အင်္ဂလိပ် ကိုလိုနီခေတ်က ရောက်လာသော ပါကစ္စတန်နဲ့ အိန္ဒိယ လူမျိုးများ။ နောက်တစ်မျိုးမှာ လူမျိုးအားဖြင့် မြန်မာမူစလင် ဖြစ်သူတွေကတော့ အာရပ်ကုန်သည်တွေ ၊ အန္ဒိယကုန်သည်တွေ ပြောင်းရွှေ့နေထိုင်လာကြတယ်၊  ၉ ရာစုကနေ ၁၄ ရာစုအကြား မလေးနဲ့ ထိုင်းတို့က ပညာရှင်တွေကြောင့် ကူးပြောင်း ၀င်ရောက်လာကြတယ်၊ အဲဒီအချိန်ကနေ တလျောက်လုံး မြန်မာပြည်တွင်း နေထိုင်ခဲ့သူများဖြစ်သည်။ နောက်ထပ်အများဆုံးနဲ့ အဆင်းရဲဆုံး မွတ်စလင်တွေကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေပဲဖြစ်ပါတယ်။
    ”ပါကစ္စတန်လူမျိုးတွေက အဆိုးဆုံးပဲ” ဟု ဝီရသူ ဟောပြောတာပါ။ “ မြန်မာနိုင်ငံသားတွေကို အခြေအနေဆိုးအောင်လုပ်တယ်။ အမေရိကန် ကလည်း အလ်ကိုင်းဒါးကို အပြစ်ပေးချင်တာနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှူလုပ်တာပါ။ အဲ့ဒါကြောင့်သာ ဒီမှာ ထိခိုက်ခံစားရတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ငတ်မွတ်နေရပြီ အဲ့ဒါ သူတို့ အလ်ကိုင်းဒါးနဲ့ ဆက်သွယ်လို့ ဖြစ်တာ။” ဟုဝီရသူကဆိုသည်။
    အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူတာက မြန်မာစစ်အစိုးရကြောင့်ဆိုတာထက် အလ်ကိုင်ဒါကြောင့်လို့ ပြောတာ ၀ီရသူက ပထမဆုံးပါပဲ။ ဒါပေမယ့် မြန်မာပြည်က မွတ်စလင်တွေ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ပြောတဲ့ထဲမှာတော့ သူက ပထမဆုံး မဟုတ်ပါ။
    အဲဒီလိုအဖွဲ့အစည်းတွေနဲ့  ပတ်သတ်မှုရှိတဲ့ လူမျိုးဆိုပြီး ရိုဟင်ဂျာတွေကို နိုင်ငံတကာက အာရုံစူးစိုက်ခဲ့ပါတယ်။ ဤအချက်ကို နိုင်ငံတကာ အကြမ်းဖက်ဆန့်ကျင်ရေး အဖွဲ့များက မှတ်သားထားခဲ့သလို ရန်ကုန်အခြေစိုက် မြန်မာစစ်အစိုးရကလည်း မှတ်သားထားခဲ့ပါတယ်။
    မြန်မာနိုင်ငံ အစိုးရကတော့ ရိုဟင်ဂျာတွေကို တိုင်ရင်းသားအဖြစ် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါ။ ၁၉၇၈တုန်းက နဂါးမင်းစစ်ဆင်ရေး လုပ်ပြီး ရှင်းလင်းသုတ်သင်တော့ ထောင်ချီတဲ့ ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေရှ်သို့ ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီလို စစ်ဆင်ရေးမျိုး ၁၉၉၀ အစောပိုင်းနှစ်များက ထပ်လုပ်တော့ ရိုဟင်ဂျာဒုက္ခသည်များစွာ ထွက်ပြေးခဲ့ရပြန်ပါတယ်။
    အဲဒီအချိန်က စပြီး ရိုဟင်ဂျာတွေက နိုင်ငံထဲ ပြန်ဝင်လာခဲ့ကြပါတယ်။ ၁၀၀,၀၀၀ လောက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ကျန်နေပါတယ်။ အချို့မှာ UN ဒုက္ခသည် စခန်းများတွင် နေထိုင်နိုင်ပေမယ့် သူတို့ လူမျိုးစုတွေ ဒုက္ခရောက်နေတာကို ပြန်လည်ကူညီနိုင်တယ့် အခြေအနေ မရှိပါ။
    အဲဒီလို စိတ်ပျက်ဖွယ် အခြေအနေတွေကြောင့် အနောက်တောင် နယ်စပ်တလျှောက်မှာ မပြောပလောက်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့လေးများ ပေါ်ပေါက်လာရပါတယ်။ အဖွဲ့အများစုရဲ့ လိုလားချက်ကတော့ တန်းတူညီမျှ စီးပွားရေး အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်မှု ဖြစ်ပါတယ်။ အချို့ အဖွဲ့ကတော့ သီးခြားပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခွင့် တောင်းဆိုပါတယ်။ အဖွဲ့ အားလုံးကတော့ နှစ်ပေါင်း၅၀ကြာ ရပ်တည်တိုက်ခိုက်လာတဲ့ မြန်မာ့တပ်မတော်နဲ့ ယှဉ်ရင်တော့ အရေအတွက်အားဖြင့် မပြောပလောက်ပါဘူး။
    ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (The Rohingya Solidarity Organization – RSO) ကိုလည်း ၁၉၈၀ခန့်က စတင်တည်ထောင်ခဲ့ကြပါတယ်။ တာလီဘန် နှင့် ကက်ရှ်မီးအခြေဆိုက်မူဂျာဟစ်များကို နမူနာယူ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နောင်မှာတော့ အဖွဲ့များစွာ ကွဲသွားခဲ့သည်။ နောက်များမှာတော့ သဘောထား သင့်တင့်တဲ့ Arakan Rohingya National Organization ဖြစ်လာပါတယ်။ ထို အဖွဲ့များထဲမှ တစ်ဖွဲ့ကတော့ အလ်ကိုင်းဒါးနှင့် ချိတ်ဆက်ထားပြီး ဂျမားအစ္စလမ် အဖွဲ့ နဲ့ အာဖဂန် ဟစ်ဘီအစ္စလမ်အဖွဲ့များရဲ့ အကူအညီကို ရထားတယ်လို့ ဆိုပါတယ်။
    ”အရင်ကတည်းက ပြဿနာတွေ ရှိခဲပေမယ့် နောက်ပိုင်းမှာ ပါကစ္စတန်မွတ်စလင်တွေကြောင့် ပိုဆိုးလာတယ်” ဟု ဝီရသူက ဆိုပါတယ်။ ” “သူတို့က မြန်မာကို မွတ်စလင် ဖြစ်စေချင်ကြတာ။ ဒါပေမယ့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပဲ။ သူတို့က ကျန်တဲ့ အာရှတစ်ခုလုံးကို မွတ်စလင် ဖြစ်စေချင်ကြတာ။ မွတ်စလင် စည်းမျဉ်းတွေနဲ့ နေစေချင်နေကြတာ။ ဦးဇင်းတို့ကတော့ ဗုဒ္ဓသာသာဝင်ပဲ။”
    ”မြန်မာနိုင်ငံက ရာဇဝတ်မှူ အားလုံးနီးပါးဟာ မွတ်စလင်တွေကြောင့်ပဲ။ ဘိန်းလည်းစိုက်တယ်။ ခိုးလည်းခိုးတယ်။ မုဒိန်းလည်းကျင့်တယ်။ အာဖဂန်မှာလိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးချင်နေကြတယ်။ အခုတော့ ဒီလုံချည်မျိုးနဲ့ ရန်စတယ်။”
    လုံချည်တွင် ဗုဒ္ဓသာသာ သင်္ကေတများနဲ့  မအင်္ဂါလို့ ယူရတဲ့ပုံများထိုးထားတဲ့ လုံခြည်တွေကို မလေးရှားမှာ ရ ရိုက်နှိပ် ၀တ်ဆင်ကြတယ်လို့ ဆိုပါတယ်။  အဲဒီကိစ္စကတော့ ၂၀၀၁ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းရဲ့ အစမီးပွားပါပဲ။ အဓိကရုဏ်းကတော့ တောင်ငူ၊ ပြည်၊ စစ်တွေ၊ နှင့် မန္တလေး မြို့များသို့ ပျံ့နှံ့ခဲ့ပါတယ်။ ဦးဆောင်သူတွေကတော့ ဗုဒ္ဓသာသာ ဘုန်းကြီးများပါပဲ။  မွတ်စလင်များရဲ့ စီးပွားရေး လုပ်ငန်းများ အိမ်များနှင့် ဗလီဝတ်ကျောင်းများကို ဖျက်ဆီးခဲ့ပြီး လူကိုးယောက် သေဆုံးခဲ့ရပါတယ်။
    လူ့အခွင့်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၀၁ခုနှစ် ထုတ်ပြန်တဲ့ ”မြန်မာမွတ်စလင်များကိုဖြိုခွဲခြင်း” ခေါင်းစဉ်နဲ့ အစီရင်ခံစာအရ အဲဒီတုန်းက ဘုန်းကြီးတွေက အစိုးရနဲ့ အဓိကရုဏ်းဖေါ်ဆောင်ရေးကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြပြီး ”အမျိုးပျောက်မှာ စိုးကြောက်လှသည်” လိုမျိုး လက်ကမ်းစာစောင်တွေကို ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
    လက်ကမ်းစာစောင်တွေကို ကြံ့ဖွံ့အဖွဲ့က ဦးစီးလုပ်ဆောင်ပေးခဲ့တာပါ။ ကြံ့ဖွံ့ကတော့ အဲဒီတုန်းက စစ်အစိုးရက ဦးဆောင်ဖွဲ့ထားတဲ့ အရပ်သားအဖွဲ့ပါ။ ဒီမိုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခြုံခိုတိုက်ခိုက်တာမျိုးတွေကို အဲဒီအဖွဲ့က လုပ်ဆောင်ခဲ့တာပါ။
    အဓိကရုဏ်းကို ဘုန်းကြီးတွေက ဦးဆောင်တာက သဘာဝမကျသလို ရှိပေမယ့် သေချာစွာ လေ့လာကြည့် ရင်တော့ ၎င်းအချက်သည် သံသယဖြစ်ဖွယ်မဟုတ်ပါ။ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေက ဘုန်းကြီးများအကြား စိမ့်ဝင်ပျံ့နှံ့လျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတွေက ဒီမိုကရေစီအရေးမှာ တက် တက်ကြွစွာ လှုပ်ရှားကြတာကြောင့် သူတို့ကို စောင့်ကြည့်ဖို့ ထည့်ထားတာပါ။ အခုဆိုရင်တော့ အဲဒီထောက်လှမ်းရေးများ၏တာဝန်က ဘုန်းကြီးများကို စောင့်ကြည့်ရုံသက်သက်ထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။
    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အဓိကရုဏ်းဖြစ်အောင် လှုပ်ရှားကြတဲ့ ဘုန်းကြီးများတွေက လက်ကိုင်ဖုန်းတွေ ကိုင်ထားကြတယ်။ အဲဒီအချိန်က လက်ကိုင်ဖုန်းဆိုတာ မြန်မာနိုင်ငံ၌ ငွေကြေးချမ်းသာသူအချို့သာကိုင်နိုင်ပြီး အစိုးရက ထောက်ပံ့ထားကြောင်း ထင်ရှားလှပါတယ်။ အဲဒီအချိန်က ဘုန်းကြီးများအကြားမှာ အဓိကရုဏ်းထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍လည်း နှစ်ပိုင်းကွဲလျက် ရှိတာကြောင့် ထောက်လှမ်းရေး သူလျှိုဘုန်းကြီးတွေ ရှိနေတယ်ဆိုတာကို သက်သေခံနေပါတယ်။
    “ဝီရသူဆိုတာ အစိုးရခိုင်းတာ လုပ်နေတာပါ”ဟု အမည်မဖော်လိုသူ ဘုန်းကြီးတစ်ပါးက Asia Times Online ကို ပြောပါတယ်။ “သူပြောတာတွေဟာ ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူလုပ်နေတာတွေကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူ့အယူအဆတွေကို လက်မခံတဲ့ဘုန်းကြီးတွေ အများကြီးပါပဲ။” အဲဒီဘုန်းကြီးကပဲ ဖြည့်စွက်ပြောပါတယ်။ ဝီရသူဟောပြောချက်များကိုလည်း ဘုန်းတော်ကြီးများက အသိအမှတ်မပြုကြပါဘူး။
    စစ်အစိုးရကတော့ ယခင်ကတည်းက နိုင်ငံရေးအခက်ကြုံလာရင် ဘာသာရေးအဓိကရုဏ်းတွေ ဖန်တီးနေကြပါ။ အဖြေက ရှင်းပါတယ်။ အဲဒီလိုလုပ်လိုက်တော့ သူတို့ အာဏာသိမ်းရမယ်၊ အာဏာသိမ်းတဲ့ ပုံစံကိုလည်ုး နိုင်ငံတကာမှာ အမြင်ရှင်းသွားအောင်ပါ။
    ဖေဖော်ဝါရီလ (၁၅)ရက် ၂၀၀၀-ခုနှစ်၊ အမေရိကန်ကွန်ဂရတ် လူ့အခွင့်အရေးအဖွဲ့မှာ ထွက်ဆိုချက်အရ ၁၉၉၄-ခုနှစ်အတွင်း ကရင်သူပုန် နှစ်ခြမ်းကွဲခဲ့ရခြင်းကလည်း အစိုးရ၏လက်ချက်ပါပဲ။ အဲဒိလို နှစ်ခြမ်းကွဲခဲ့ရတာကြောင့် KNU ရဲ့ အဓိကခြေကုပ်စခန်းဖြစ်သော မာနယ်ပလောကျဆုံးခဲ့ပါတယ်။
    ၁၉၉၁-ခုမှာလည်း ရိုဟင်ဂျာ ၂၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်အတွင်းသို့ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီတုန်းက NLD ရွေးကောက်ပွဲနိုင်တော့ အစိုးရက အာဏာလွှဲမပေးတာကြောင့် နိုင်ငံတကာက ဖိအားပေးနေဆဲအချိန်ပါ။
    အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ နိုင်ငံတကာကနေ စီးပွားရေးပိတ်ဆို့တာတွေ၊ ရှုံ့ချခံရတာတွေ များနေချိန်ပါ။ အဲဒီလိုအချိန်မျိုးဆိုတော့ စစ်အစိုးရက အဓိကရုဏ်းအသွင်မျိုးထပ်မံဖန်တီးခဲ့ တာ အသေအချာပါပဲ။ အဲဒီတုန်းကKNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်)ကို တိုက်ခိုက်ခဲ့ပါတယ်။
    လူနည်းစု မွတ်စလင်တွေကတော့ လွယ်ကူတဲ့ ပစ်မှတ်ပေါ့။ KNLA ကို တိုက်ခြင်းထက် ရိုဟင်ဂျာကို တိုက်ခြင်းက အကြောင်းပြပင် ပိုလှနေသေးတာပေါ့။ နိုင်ငံတကာရဲ့ “War on Terror” အကြမ်းဖက်ဆန့်ကျင်ရေး ဟု ခေါင်းစဉ်တောင် တပ်လိုက်နိုင်ပါသေးတယ်။
    အကယ်၍ အဓိကရုဏ်းတွေထပ်ပြီးပေါ်ပေါက်လာရင်တော့ ၀ီရသူတို့လို သွေးထိုးပေးနေတဲ့ ဘုန်းကြီးတွေကြောင့်ပါပဲ။ ဒီလို ဘာသာရေးအဓိကရုဏ်းဖန်တီးလိုက်တော့ နိုင်ငံသားတွေရဲ့ သာယာဝပြောမှု ဆုတ်ယုတ်အောင် လုပ်နေတဲ့ အာဏာရှင် စံနစ်ကို နိုင်ငံတကာ အာရုံစိုက်မှုကနေ လမ်းလွှဲပေးလိုက်နိုင်တာပေါ့။
    Oct 21, 2003 တွင် Asia Times Online ၌ Cem Ozturk ရေးသားသော Myanmar’s Muslim sideshow ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။
  • ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’
    ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’
    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    ဆောင်းပါးရှင်-Mohammed Naeem
    မိဘတွေက မွေးစာရင်းမှာ နာမည်ရေးရင် မြန်မာနိုင်ငံမှာနေပြီး မြန်မာစာသင်တဲ့ ကျောင်းထားမဲ့ ရည်ရွယ်ချက်နှင့် မြန်မာနာမည်ရေးပါတယ်။
    ဒါပေမဲ့ မြန်မာပြည်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကျောင်းစတက်တဲ့ မူလတန်းကတည်းက ကုလားလို့ ဆရာမရော သူငယ်ချင်းတွေပါ ခေါ်ကြတယ်။
    ဟုတ်ကဲ့ ကျွန်တော် ရေရေရာရာမသိသေးတဲ့ ဝေါဟာရ အဆန်းလေးမို့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
    အလယ်တန်းကျောင်းသားဘဝမှာ လူရည်ချွန်ရွေးခံရတော့ မင်းက ကုလားတဲ့ လိုက်လို့မရဘူးဆိုပြန်တယ်။
    အဲဒီတုန်းက မရေမရာ စဉ်းစားမိတာ စာတော်ရဲ့သားနဲ့ ငါဘာလို့ ကုလားဖြစ်ရတာလဲ။
    ဟုတ်ကဲ့ မိဘတွေက စိတ်အားမငယ်အောင် ထပ်ပြီး ငါ့သားကြိုးစားထား ဆိုတဲ့ အားပေးတာလေးကြောင့် အောင့်သက်သက်နဲ့ မျက်ရည်သုတ်ပြီး ပြုံးနေခဲ့ပါတယ်။
    အသက်ကလေးရလာတော့ နိုင်ငံသားစီစစ်ရေးကတ်ပြား လုပ်ရမယ်ဆိုပြီး အဖေက လ.ဝ.က ဆိုတဲ့ရုံး သွားရမယ်ဆိုတော့ ဘာမှန်းညာမှန်းမသိ လွှတ်ပျော်နေတာ ငါတော့ လူဖြစ်ကတ်ရတဲ့ လူကြီးဖြစ်ပြီပေါ့။
    ရုံးထဲဝင်ဝင်ချင်း တွေ့ရတဲ့ စာသား အဓိပ္ပါယ် အဖေ့မေးကြည့်မိတာ နအုံပူကနဲဖြစ်သွားလို့ ဆက်မမေးပဲ ပါးစပ်ပိတ်လိုက်ရတယ်။ ‘အဖေ လူကို ဘယ်လိုမြိုရတာလဲ’ ဆိုတာလေး မေးမိတာကို ရိုက်ရလားလို့ တွေးရင်း လက်ထောက်ရင်း ကွမ်းဝါးနေတဲ့ လက်ထောက်ဦးစီးမှုးဆီ ရောက်သွားပါတယ်။
    ဟုတ်ကဲ့ အဖေဘက်က အဖိုးရဲ့ အဖေက အိန္ဒိယ၊ အမေက ရှမ်း။ အဖွားရဲ့ အဖေရော အမေရော ဗမာစစ်စစ်။
    အမေဘက်က အဖိုးရဲ့ အဖေက ဗမာ၊ အမေက အိန္ဒိယ။ အဖွားရဲ့ အဖေက စူရတီ၊ အမေက မွန်။ ဦးစီးမှုးက ကျွန်တော်တို့က သွေးနှောတွေဖြစ်လို့ လူမျိုးနေရာမှာ ခုလိုရေးပေးပါတယ်။
    အိန္ဒိယ+ရှမ်း+ဗမာ+စူရတီ+မွန် တဲ့။ ဒီတစ်ခါ နအုံထပ် အနွှေးခံရတာက ‘အဖေတို့ အမေတို့ရဲ့ အဘိုးတို့ အဘွားတို့က ဘာလို့ အမျိုးတူအောင် မင်္ဂလာ မဆောင်တာလည်း’ မေးမိလို့ပါ။ အဖြေမရပဲ အရိုက်ခံနေရလို့ အောင့်သက်သက်နဲ့ လူမျိုးပေါင်းစုံတဲ့ နိုင်ငံသားစီစစ်ရေးကတ်ကြီး ရလာမဲ့အရေး တွေးရင်း အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
    အစိုးရစစ် ၈တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်ပြန်တော့ နာမည်ကြီးတဲ့ အထက်တန်းကျောင်းတက်ချင်လို့ မိဘကို ပူဆာမိတယ်။
    စေတနာကြီးတဲ့ မိဘတွေက သားပညာရေး ထူးချွန်စေလိုတော့ အထက(*)ဗိုလ်တစ်ထောင်ကို ဟိုလူကြီးပြေးကပ် ဒီလက်ဆောင်ဝယ်ပေးနဲ့ ရအောင် အပ်ပေးရှာပါတယ်။
    ဟုတ်ကဲ့ တစ်ခန်းလုံးမှာ တစ်ယောက်တည်းသော မွတ်စလင်မ် ၉တန်းကျောင်းသားကို ဟိန္ဒူအစ တရုတ်အဆုံး အကုန်လုံး ကုလားခေါ်ကြပြန်တော့ သြော် သူငယ်ချင်းတွေ နုတ်ကျိုးနေလို့ ခေါ်တာ ခေါ်ကြပါစေပေါ့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
    ၁၀တန်းအောင်တော့ ကျောင်းမပြီးသေးတဲ့ ခေတ်ဆိုတော့ အင်စတီကျူတ်တတ်ချင်တဲ့ ရောဂါ တစ်စခန်းထပြန်ပါတယ်။ အမှတ်ကောင်းအောင်ကြိုးစားဆိုတဲ့ မိဘတွေရဲ့ အားပေးမှုတွေကြောင့် စက်မှုတက္ကသိုလ်တက်ခွင့်ရပါတယ်။
    ရှားရှားပါးပါး သူငယ်ချင်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစာ မိုင်နာယူရတဲ့ ပထမနှစ် နဲ့ ဒုတိယနှစ်မှာ မြန်မာစာ အမှတ်ကောင်းအောင် ကြိုးစားပြီး အမြဲအမှတ်ကောင်းခဲ့တော့ ကမ္မဝါဖတ်မဲ့ ကုလားဆိုပြီး အခေါ်ခံရပြန်တယ်။
    ဟုတ်ကဲ့ မြန်မာစာဋ္ဌာနမှုးအစ ကျောင်းသားတွေအဆုံး ဂုဏ်ထူးရှင် ကုလားဆိုပြီး ခေါ်တာတစ်မျိုး ဘတ်စ်ကားပေါ်က လစ်ရင်လစ်သလို ‘သာရေးကြိုးတစ်ပြား’ လို့ ကောင်းချီးပေးခံရတာတစ်ဖုံ ဆိုတော့ အောင့်သက်သက်နဲ့ ၈နှစ်နီးပါး အမုန်းမဖက် ပြုံးနေခဲ့ပါတယ်။
    မြန်မာပြည်မှာမွေး မြန်မာပြည်မှာနေ
    မြန်မာစကားပြော မြန်မာစာသင်
    မြန်မာလိုနေပြီး အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဘယ်လောက်ပညာတတ်တတ် ထိုက်တန်တဲ့ နိုင်ငံ့ဝန်ထမ်း နေရာမရနိုင်တော့ တတ်တဲ့ပညာ ချောင်ခဏထိုးပြီး ဝမ်းစာရေးပြဿနာ ဖြေရှင်းရပြန်တယ်။
    လူမျိုးစုံ ဘာသာစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ စီးပွားရေး သမားပီပီ နူတ်ထွက်စကား ချိုသာရမယ် ဆိုတော့ ယဉ်ကျေးမှုကို ရှေ့တန်းတင်ပြီး ဆက်ဆံတော့ စီးပွားတက်လာပါတယ်။
    ဟုတ်ကဲ့ ပြဿနာက ကုလားဆိုင်မှာ ဝယ်ရတာကောင်းတယ်ဆိုတဲ့ စကားကြောင့် ငိုရခက် ရယ်ရခက် ဘာပြောရမှန်းမသိတော့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
    စစ်အစိုးရ အဆက်ဆက်မှာ ပါးရိုက်ခံလိုက် နားရိုက်ခံလိုက် အကြိမ်ကြိမ်ခံလာခဲ့ရတဲ့ ပြည်ထောင်စု ကုလား ကျွန်တော်များကို ရွှေဒုံးဘီအောင်ရဲ့ မဟုတ်မတရား စွပ်စွဲရေးသားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးနဲ့ စတင်ဖိနှိပ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ တကယ့် ငရဲခန်းပါပဲ။ နိုင်ငံတစ်ဝှမ်း အစ္စလာမ်မုန်းတီးရေးတွေ ရိုက်သွင်းပြီး ဝတ်ပြုဆောင် ဗလီတွေဖျက်ဆီး မီးရှို့၊ အိမ်တွေ ဆိုင်တွေကို နေ့မအား ညမအား ဝင်လု အကြမ်းဖက်၊ ကိုယ်ဝန်ဆောင် မွေးကင်းစ ကလေးမကျန် သတ်ဖြတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ဘာသာရေးဝတ်စုံတွေ ဝတ်ထားသူများ တရပ်စပ်ကျူးလွန်ကြပါတယ်။
    နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နေသူများက အစော်ကားခံရတဲ့ အနှိပ်စက်ခံရတဲ့ ကျွန်တော်တို့ကို ကုလားပေါ်ကုလားထပ်နေအောင် စော်ကားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးထဲက အကြောင်းတွေ မြောက်ဥက္ကလာပက ဘုရားထဲခေါ်ပြီး မဟုတ်မှန်ကြောင်း ဆင့်ခေါ်စာပို့ပြီး ရှင်းပြခိုင်းပါတယ်။
    ဟုတ်ကဲ့ အဲဒီတုန်းကတည်းက ဖျက်ဆီးခံထားရတဲ့ ဗလီဝတ်ကျောင်းတွေ အစိုးရတွေသာ ဘောင်းဘီပြောင်းသွားတယ် အခုထိ ပြင်ဖို့လည်းမပေး၊ ဝတ်ပြုခွင့်လည်းမပေးသလို တရားခံတွေလည်း ဘယ်ဆီမှာမှန်းမသိတော့ပါ။ ဆိုးတာက လာလုပ်ရင် ပြန်မခုခံရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် အောင့်သက်သက်နဲ့ လက်ပိုက်လို့သာ ပြုံးနေခဲ့ပါတယ်။
    တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် ဖန်တီးနေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ အာဏာရှင်တို့ အသက်ဆက်နိုင်ရေးအတွက် နိုင်ငံတကာ အတွေ့အကြုံနည်းပါးလှတဲ့ ရိုးသားသူ ပြည်သူများဟာ အသုံးချခံတွေ ဖြစ်ခဲ့ ဖြစ်စဲပါ။
    အခုလို ဒီမိုကရေစီ မြေစမ်းခရမ်းပျိုးနေချိန်မှာ လွတ်လပ်ခွင့်ပေးခဲ့တဲ့ မီဒီယာကို မီးကုန်ယမ်းကုန် အသုံးချပြီး အစ္စလာမ်ဘာသာဝင်များကို ကမ်းကုန်အောင် online ကနေ တိုက်ခိုက်နေရင်းကနေ ကျောက်နီမော်မှာ ဖြစ်ပွားခဲ့တဲ့ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှုကို ဘာသာရေး လူမျိုးရေး ခေါင်းစဉ်တွေတပ်ပြီး လှုံ့ဆော်လာကြပြီး အဲဒီအမှုနဲ့ ဘာမျှမဆိုင်ပဲ တောင်ကုတ်မှာ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် ခရီးသွား ၁၀ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ပါတယ်။
    ဟုတ်ကဲ့ သတင်းစာတွေမှာ ‘မွတ်စလင် ကုလား ၁၀ဦး အသတ်ခံရ’ ဆိုပြီး ရိုင်းစိုင်းစွာ ကနဦး သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ပြင်ဆင်ချက်မှာ ‘ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင် ၁၀ဦး အသတ်ခံရ’ ဆိုပြီး ဒဏ်ရာကို ဆားထပ်ထည့်ပေးပါတယ်။
    နိုင်ငံတော်က စုံစမ်းပြီး သက်သေထွက်မဲ့သူမရှိလို့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေဖြစ်ရပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုလို
    နိုင်ငံတော်ရဲ့ တရားရေးမဏ္ဌိုင် ကောင်းမွန်လွန်းလို့ အောင့်သက်သက်နဲ့ မချိပြုံး ပြုံးနေခဲ့ပါတယ်။
    ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးမှာ အဖြစ်မှန်တွေကို ပြည်သူတွေကို ဖုံးကွယ်ထားပြီး မမှန်ကန်တဲ့ မီဒီယာတွေရဲ့ သွေးထိုးမှုတွေကို လက်ပိုက်ကြည့်နေတာ၊ ရိုဟင်ဂျာဆန့်ကျင်ရေးတို့ ဘင်္ဂါလီ ဆန့်ကျင်ရေးတို့ကနေ မွတ်စလင်မ်ဆန့်ကျင်ရေးဖြစ်လာနေတာ၊ နိုင်ငံတစ်ဝှမ်းမှာ စာတွေဝေပြီး တရားဝင် မွတ်စလင်မ် မုန်းတီးရေးလုပ်နေသူတွေကို လစ်လျူရှုထားတာ၊ ကရင်ပြည်နယ်က ဗလီဝတ်ကျောင်းတွေ ဗုံးခွဲခံရတဲ့ အဆင့်ရောက်လာနေတာ၊ လူလယ်ခေါင်မှာ ဘာသာရေးဝတ်စုံတွေနဲ့ လူတွေ အစ္စလာမ်ဘာသာကို ပြောင်းပြောင်းတင်းတင်း စော်ကားတာကို ခွင့်ပြုနေတာတွေဟာ အောင့်သက်သက်နဲ့ အပြုံးမပျက် ခံနေရတဲ့ အဖိနှိပ်ခံတွေကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာအောင် လုပ်နေခြင်းပဲလို့ ယူဆရမလိုဖြစ်နေပါတယ်။
    ဟုတ်ကဲ့ ကျွန်တော်တို့နေထိုင်တဲ့ တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရှိပါတယ်။
    အစ္စလာမ်ဘာသာကလွဲရင်ပေါ့ဗျာ*******
  • စစ်မှန်သည့် နိုင်ငံကြိးသား စိတ်ဓါတ်
    စစ်မှန်သည့် နိုင်ငံကြိးသား စိတ်ဓါတ်
    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    Ko Navana/FaceBook
    ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့.. အင်္ဂလန်နဲ့ဂျာမဏီ.. သဲသဲမဲမဲ တိုက်တယ်..။ အထူးသဖြင့်.. ဝေဟင်ကနေ.. လေယာဉ်တွေနဲ့ သူ့ဖက်ကိုယ့်ဖက် မြို့ကြီးတွေကို အပြိုင်အဆိုင် ဗုံးကြဲတယ်..။ အင်္ဂလန်ဖက်ခြမ်းက လန်ဒန်မြို့ ကြီး.. ဂျာမန်တွေရဲ့  ဗုံးဒဏ်အောက်မှာ.. ဖွတ်ဖွတ်ကြေရသလို- ဘာလင်၊ မြူးနစ်အစရှိတဲ့ ဂျာမန်မြို့ ကြီးတွေလည်း.. အထိနာရရှာတယ်..။ ဒါပေမယ့်.. အဲသလောက် သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့ကြား မှာပဲ.. အင်္ဂလန် နဲ့ ဂျာမဏီ သဘောတူညီချက်တစ်ခု ထားရှိတယ်..။
    ဂျာမန်တွေက.. အောက်စဖို့ နဲ့ ကိန်းဗရစ် ကို လုံးဝ ဗုံးမကြဲဘူး..။ အပြန်အလှန်အားဖြင့်.. ဟိုက်ဒဲလ်ဘတ် နဲ့ ဂေါ့တင်ဂျင် ဆိုတဲ့ ဂျာမန်မြို့ ကြီးနှစ်မြို့ ကိုလည်း အင်္ဂလိပ်က ဗုံးမကြဲရဘူး..။
    အဲဒီ သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် အပြည့်အ၀ လိုက်နာကြတယ်..။ စစ်မက်ဆိုတာ.. မရှိစကောင်းတာမှန်ပေမယ့်.. မရှောင်သာလို့ ဖြစ်ကြရပြီဆိုသော်မှ- တဖက်နဲ့တဖက် အပြန်အလှန်တန်ဘိုးထားကြတာ ဟာ.. သိပ်လေးစားစရာကောင်းတဲ့ လူ့ယဉ်ကျေးမှုတစ်ခုလို့ မြင်မိတယ်..။
    ငယ်တုံးက.. ” နိုင်ငံကြီးသား ပီသကြ ” ဆိုတဲ့စကားကို ယောင်တောင်ပေါင်တောင် ကြားမိတော့.. နိုင်ငံကြီးသားဆိုတာ- နိုင်ငံအကြီးကြီးက လူတွေလို့ ထင်ခဲ့တယ်..။ နောက်မှ.. နိုင်ငံကြီးသားဆိုတာ.. မြေဧရိယာကျယ်ဝန်းတာနဲ့မဆိုင်ဘဲ.. စိတ်ဓါတ်ရေးရာ ကျယ်ဝန်းတာနဲ့ဆိုင်မှန်း သိလာရတယ်..။
    ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီး.. မြန်မာနိုင်ငံထဲက ဂျပန်တွေကို.. အင်္ဂလိပ်ဦးဆောင်တဲ့မဟာမိတ်တပ်တွေက ပြန်တိုက်ထုတ်ဖို့ အိန္ဒိယမှာ.. အစည်းအဝေးလုပ်တယ်..။ အဲဒီ အစည်းအဝေးမှာ.. တစ်ယောက်က ထ-အကြံပေးတယ်..။ ” ဖက်ဆစ်ဂျပန်တွေက.. မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့.. ရွှေတိဂုံစေတီတော်ထဲက ဌာပနာတွေဖောက်သွားတယ် ” လို့ သတင်းလွှင့်လိုက်ရင် မကောင်းဘူးလားတဲ့..။ ဒီဖက်ခေတ်အထိ.. မကြာမကြာ ကြားရလေ့ရှိတဲ့.. မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ဗိုက်ဖောက်ခံရတယ် ဆိုတာမျိုးပေါ့..။
    အဲသလို သတင်းမျိုးဟာ.. ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ဆတ်ဆတ်ထိမခံ-နာနာကြည်းကြည်း ဖြစ်မယ်ဆိုတာ သေချာသိလို့.. အကြံပေးသူက အညှာထကိုင်တာပဲ..။ ဒါပေမယ့်.. အဲဒီအကြံကို ကျန်သူတွေက ” အောက်တန်းကျတဲ့ အကြံ ” အဖြစ် သတ်မှတ်ပြီး.. အဲဒီအဆိုကို ပယ်ချခဲ့ကြတယ်..။ ရန်သူဖြစ်ပစေ.. စိတ်ဓါတ်ရေးရာ-ကျယ်ဝန်းတာကို လေးစားဦးညွှတ်အတုယူသင့်တယ်..။ မိတ်ဆွေ ဖြစ်ပစေ.. စိတ်ဓါတ်ရေးရာ-ကျဉ်းမြောင်းရင်.. မထောက်ခံသင့်ဘူး..။
    အဲဒါဟာ.. နိုင်ငံကြီးသား ပီသတာပါပဲ..။
    ဒီနေ့ 7 days News မှာ.. ဘင်္ဂလားဒေ့ရှ်က.. အဖျက်အဆီးခံရတဲ့ ဗုဒ္ဓသာသနိကအဆောက်အဦတွေကို ၀န်ကြီးချုပ်ကိုယ်တိုင်.. ပြန်လည်တည်ဆောက်ပေးမယ်လို့ အာမခံတဲ့ သတင်း ဖတ်ရတယ်..။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟာ.. မွတ်ဆလင်ဖြစ်ပေမယ့်.. အစိုးရဟာ.. မွတ်ဆလင်မဟုတ်ဘူးဆိုတာကို အဲဒီသတင်းက.. သက်သေပြလိုက်တာပဲ..။
    ဟိုးလွန်ခဲ့တဲ့.. လေးငါးလလောက်က.. မြန်မာနိုင်ငံအလယ်ပိုင်းကျောက်ပန်းတောင်းမြို့ မှာ.. ဗလီလို့ ထင်မြင်ယူဆရတဲ့.. မွတ်ဆလင်နေအိမ်တစ်လုံးကို.. မြို့ ခံ လူထုက.. စက်ကိရိယာစုံစုံလင်လင်နဲ့ ၀ိုင်းဝန်းဖြိုဖျက်ပစ်ခဲ့တယ်..။ တွေ့မြင်နေကျ ဗလီတွေရဲ့ ဗိသုကာ လက်ရာမျိုး.. အဲဒီအိမ်မှာ.. မရှိနေတာတော့ သေချာတယ်..။ သို့သော်.. ဒေါသထွက်-မခံမရပ်နိုင်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်လူအများကို ဖျောင်းဖျ ပေးနေတဲ့ မြို့ ခံ ဆရာတော်ကြီးကိုယ်တိုင် အိမ်အတွင်းဝင်သေချာစစ်ဆေးပြီး အဲဒီအိမ်ဟာ.. ဗလီအင်္ဂါရပ်များနဲ့ ညီညွတ်ကိုက်ညီကြောင်း သုံးသပ်ဆုံးဖြတ်ပေးခဲ့တယ်လို့ သိရတယ်..။
    အကျိုးဆက်ကတော့.. ၀ိုင်းဝန်းဖြိုဖျက်ပွဲကို.. တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့.. စိတ်ကြိုက်လုပ်ဆောင်ခွင့် ရခဲ့တယ်..။
    နိုင်ငံတော် ဥပဒေအရ.. ကျောက်ပန်းတောင်းမှာ.. ဗလီဆောက်ခွင့် ရှိချင်မှ ရှိမယ်..။ မရှိဘူးပဲထား..။ ဗလီလို့ ထင်မြင်ယူဆရတဲ့ အိမ်တစ်လုံးကို.. ဥပဒေပ- စိတ်ကြိုက်ဖြိုဖျက်လို့တော့.. ဘယ်ဖြစ်မလဲ..။ ဥပဒေ ရှိရင်.. ဥပဒေအတိုင်း.. စစ်ဆေး၊အတည်ပြုပြီး ဆောင်ရွက်သင့်တာ ဆောင်ရွက်ကြရမှာပေါ့..။
    အုပ်ချုပ်သူ.. အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကလည်း.. အခုလိုမျိုး ဥပဒေပ စိတ်ကြိုက်ဖြိုဖျက်တာကို.. ရေငုံနှုတ်ပိတ်မနေသင့်ဘူး..။ အစိုးရအဖွဲ့ဝင်- လူကြီးမင်းများဟာ.. ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်သည့်တိုင်.. အစိုးရဟာ.. ဗုဒ္ဓဘာသာအစိုးရ ဖြစ်လို့မရဘူး..။ နိုင်ငံတော်အစိုးရဆိုတာ.. နိုင်ငံတော်ထဲက.. ပြည်သူအားလုံးကို ကိုယ်စားပြုတာမို့.. အင်အားကြီးတဲ့ လူမျိုးတစ်မျိုး-ဘာသာတစ်ခုကို ကွက်ပြီး ကိုယ်စားပြုလိုက်လို့ မရဘူး..။
    ဒီလိုတွေ ပြောလို့.. မွတ်ဆလင်တွေမှန်တယ်လို့ ဇွတ်ကြေငြာနေတာ-ဇွတ်ထောက်ခံနေတာ မဟုတ်ဘူး..။ ကိုယ်က အင်အားကြီးလို့ နိုင်စားတော့.. ကိုယ်အင်အားနည်းတဲ့နေရာတွေမှာ.. ပြန်ပြီး နိုင်စားခံရမှာတွေ သိနေလို့.. ပြောနေရတာပဲ။ မင်းတို့က.. ဒီလိုလား။ ငါတို့က ဒီလိုကွ နဲ့ အပြန်အလှန်ဖျက်ဆီးနေကြလို့ကတော့.. ထွက်ပေါက်မမြင်ထင်ရာတိုးဝှေ့ပြီး အားလုံးအလဲလဲအပြိုပြို နဲ့ ကျဉ်းမြောင်းတဲ့စိတ်ဓါတ်တွေကို မြေတောင်မြှောက်ပေးသလို ဖြစ်နေကြမှာပဲ..။
    ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ… စစ်ဖြစ်တာတောင် စည်းနဲ့ကမ်းနဲ့ ဖြစ်တယ်။ မယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကတော့.. ယဉ်ကျေးအောင်သွန်သင်ပေးတယ်လို့တဖွဖွအာမခံနေတဲ့ ဘာသာတရားတွေကို ဦးထိပ်ပန်ဆင်ပြီး.. အဲဒီဘာသာတရားတွေကြောင့်ပဲ.. စည်းမဲ့ကမ်းမဲ့-ပရမ်းပတာ ရန်ပွဲတွေဆင်နွဲကြတယ်..။
    ကိုယ်က နိုင်စားလိုက်ရတော့.. ပျော်တယ်..။ ကိုယ့်အနိုင်စား ခံရတော့.. ခံပြင်းဒေါသထွက်တယ်ဆိုတာ.. မယဉ်ကျေးတဲ့အဖွဲ့အစည်းရဲ့  သရုပ်သကန်ပဲ..။ လောကမှာ.. ကိုယ်ကအမြဲနိုင်စားရတယ် ဆိုတာ.. ဘယ်တုံးကမှ မရှိသလို-ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ဘူး..။ ခံရသူဟာ.. ချက်ခြင်းအခွင့်မသာတောင်မှ.. အချိန်ယူ-အင်အားစု-နိုင်ချေပေါ်တာနဲ့ ပြန်ချမှာမို့.. တချိန်ချိန်၊ တနေရာရာမှာ.. ပြန်ပေးဆပ်ရဖို့ ရှိတယ်..။
    ဒီလိုပြောလို့.. သူတို့လုပ်သမျှ ကျုပ်တို့က ငြိမ်ခံနေရမှာလား လို့ စောဒက တက်ချင်စရာရှိတယ်..။ ကိုယ်က အင်အားကြီးနေပြီး ကိုယ့်ဖက်က.. သဘောထားကြီးရင် အင်အားနည်းသူအနေနဲ့ အလိုလို နောက်ဆုတ်သွားမှာပဲ..။ သူ့ဖက်က ဆိုးလာသည့်တိုင်.. အခြေအနေအရပ်ရပ်ကို ထောက်ချင့်ပြီး မှန်မှန်ကန်ကန် တုန့်ပြန်နိုင်ဖို့ သိပ်အရေးကြီးပါတယ်..။ နို့မို့ဆိုလို့ကတော့.. ဆင်လည်း ဆင်အထာ-ဆိတ်လည်း ဆိတ်အထာ နဲ့.. အပြန်အလှန်ဖျက်ဆီးနိုင်တာမို့.. နှစ်ဦးနှစ်ဖက် အထိနာဖို့ပဲ ရှိပါတယ်..။
    မြောက်ကိုရီးယားက.. မကြာခင်က.. တောင်ကိုရီးယား စစ်သဘောင်္တစ်စီးကို နှစ်မြုပ်ပစ်လိုက်တယ်..။ နယ်စပ်ကနေ အမြှောက်နဲ့လည်း မကြာမကြာ လှမ်းပစ်လေ့ရှိတယ်..။ တကယ်တမ်း စစ်တိုက်ရင်.. မြောက်ကိုရီးယား သေချာပေါက်နိုင်မယ်လို့ ပြောမရသလို- တောင်ကိုရီးယားရှုံးမယ်လို့လည်း ကံသေကံမ မဆိုနိုင်ပါဘူး..။ သို့သော်.. ဖြစ်ပေါ်လာနိုင်ဖွယ် အကျိုးဆက်အရပ်ရပ်ကို ထောက်ချင့်ပြီး.. မင်းတစ်စီး-ငါတစ်စီး ပြန်မြုပ်၊ မင်းတစ်ချက်.. ငါတစ်ချက် ပြန်ပစ်.. တောင်ကိုရီးယားမလုပ်ဘူး..။
    တဖက်က အဆိုးနဲ့ပြုမူရန်စလာသည့်တိုင်.. အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး.. ရှောင်သင့်ရှောင်-ရှားသင့်ရှား တာဟာ.. သူရဲဘောနည်းတာ-ကြောက်တာမဟုတ်ဘူး..။ အမျှော်အမြင်ကြီးတာသာ ဖြစ်တယ်..။
    ဆိုတော့.. မြန်မာပြည်သူအများ.. ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လမ်းရာမှာ.. အင်အားကြီးသူ-ကြီးသူအလျှောက်၊ အင်အားနည်းသူ-နည်းသူအလျှောက်.. လူမျိုးရေး-ဘာသာရေး စိတ်နေစိတ်ဓါတ်ကျယ်ဝန်းသူများ ဖြစ်ပါမှ.. မြန်ပြည်တလွှား-ငြိမ်းချမ်းသာယာတဲ့ အနာဂါတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း..။
    မူရင်း ရေးသားသူ  …  Ko Navana
    မူရင်းလင့်ခ် …     http://www.facebook.com/ko.navana/posts/4825296471937
  • “ရခိုင်ပြဿနာ ငြိမ်းချမ်းရန် လုပ်သင့်လုပ်ထိုက်သည့် အချက်များ”
    “ရခိုင်ပြဿနာ ငြိမ်းချမ်းရန် လုပ်သင့်လုပ်ထိုက်သည့် အချက်များ”
    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    Aung Kyaw Moe /FaceBook
    ပဋိပက္ခ မီးလျှံ အတွင်း က လူသား တွေ မှာ ဒုစရိုက်ပယောဂ တွေ ပူးကပ် ခံ နေကြရပြီ။
    ကိုယ့် စိတ် ကိုယ် မပိုင် တော့ ကိုယ် နှလုံးသား ကိုယ် မပိုင်တော့ လုပ်မိလုပ်ရာ ရက် စက်မှု တွေ လုပ်ကြတယ်။ ဒီ တစ်ခါ တော့ နှစ်ဖက် စလုံး အကြီးအကျယ် အထိ နာ ကြပါတယ်။ အစ္စလာမ်ဘာသာဝင် တွေ လဲ အများကြီး ရက်စက်မှု သတ်ဖြတ်မှု တွေ ခံ ရသလို ရခိုင် တွေ လဲ အများကြီးသေကြေပျက်စီးပါတယ်။ ဒီ ရူးသွပ်မိုက်မဲမှု တွေ ကို အားလုံး ရပ်တန်းက ရပ်သင့် ကြ ပါပြီ။ မိစ္ဆာပယောဂ အမှောင်ဓါတ်တွေ ကို မေတ္တာ တရား ကသာ ကုစား ပေးနိုင် ပါလိမ့်မယ်။
    အခု ကိစ္စ မှာ လဲ စဖြစ် ကတည်း က အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ က ၀င်ရောက် ဖြန်ဖြေ ပေးရင် ဒီလောက် မဆိုးဝါးနိုင်ပါဘူး။
    ရှင်းရှင်းပြောရ ရင် စစ်တကောင်းဘင်္ဂလီ တွေ ထဲ မှာ မြန်မာ့မြေမှာ နှစ် ရာချီ နေလာတဲ့ မျိုးရိုးစဉ်ဆက် ရှိသူတွေ ရှိနေတယ်။ ဒီလူတွေ ကို နိုင်ငံသား အဖြစ် သတ်မှတ်ပေးဖို့ လို တယ်..နိုင်ငံသား အခွင့်အရေးတွေ အားလုံးပေးဖို့ လိုတယ်..။ မွတ်စလင်တွေ များ လာရင် တို့ ဗုဒ္ဓဘာသာတော့ ပျက် တော့ မဟဲ့ ဆိုတဲ့ စိုးရိမ်စိတ် နဲ့ အမှန်တရား ကို မျက်ကွယ်ပြုပြီး ဆန္ဒဂတိ ဘယာဂတိတွေ နဲ့ ဆုံးဖြတ်ကြရင် တော့ အလွဲကြီးလွဲ လို့ အမှားကြီး မှားလိမ့်မယ်။
    လုပ်သင့်လုပ်ထိုက်တဲ့ အဆင့်တွေ ကို ပြောမယ်။
    (၁) အခြေအနေတွေ ကို ငြိမ်ဝပ်ပိပြားအောင် ချက်ချင်းထိန်းသိမ်းရမယ်။ လိုအပ်ရင် အင်အားသုံးရမယ်။ စစ်တပ် က အရပ်ဖက် အုပ်ချုပ်ရေး နဲ့ ညှိနှိုင်းဆောင်ရွက် ရမယ်။ ပဋိပက္ခဖြစ်နေတဲ့ လူမျိုးစု တွေ ကို သီးခြားခွဲထားရမယ်။ လူနည်းစုတွေ ကို စစ်တပ် က အကာအကွယ် ပေးထားရမယ်။
    (၂) နိုင်ငံသား ဥပဒေ ကို အမျှတဆုံး ဖြစ်အောင် ပြန်လည်ပြဋ္ဌာန်းရမယ်။ နိုင်ငံတကာ က သမိုင်းပညာရှင်တွေ ဥပဒေပညာရှင်တွေ အကူအညီကိုယူရမယ်။ နိုင်ငံသား ဥပဒေ ဟာ အမျိုးဘာသာသာသနာ ဆိုတာ ကို ကျဉ်းမြောင်းစွာ အခြေမခံပဲ လူမျိုးအားလုံး ဘာသာဝင်အားလုံး အခွင့်အရေးအညီအမျှ ပါဝင်နိုင်တဲ့ မျှတတဲ့ ဥပဒေ ဖြစ်ဖို့ လို တယ်။
    (၃) အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဘင်္ဂလီ ရခိုင် ကမန် မခွဲခြားပဲ လူသားချင်းစာနာမှု အကူအညီတွေ ကို အညီအမျှ ပေးကြရမယ်။ ဗုဒ္ဓဘာသာ ဆရာတော် တွေ ဦးဆောင်ပြီး လုပ်ကြရမယ်။ လူထု ကို ငြိမ်းချမ်းရေး နဲ့ မေတ္တာ တရား တွေ ဟောရမယ်။ ဗုဒ္ဓဘာသာဝင် တွေ ဟာ ဗြဟ္မစိုရ်တရား နဲ့ နေသူတွေ ဖြစ်ကြောင်း ကို ပြရမယ်။
    (၄) နိုင်ငံသားဥပဒေ အရ နိုင်ငံသားဖြစ်ထိုက်သူ နဲ့ နိုင်ငံသားမဟုတ်သူ တွေ ကို ခွဲထုတ်ရမယ်။ အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ သာ မက နိုင်ငံတကာ ယူအန် အိုင်အန်ဂျီအို အဖွဲ့ပေါင်းစုံး ပူးပေါင်း ပါဝင်ရမယ်။ ပွင့်လင်းမြင်သာရှိရမယ်။
    (၅) နိုင်ငံသားဥပဒေ အရ နိုင်ငံသားဖြစ်ထိုက်သူ တွေ ကို နိုင်ငံသား အခွင့်အရေး အလုံစုံပေးရ မယ်။ မြန်မာနိုင်ငံ အတွင်း မည်သည့် နေရာ မှာ မဆို နေထိုင်ခွင့် ပေးရမယ်။
    (၆) နိုင်ငံသားမဟုတ်သူ တွေ ကို ဒုက္ခသည်တွေ အဖြစ်သတ်မှတ်ပြီး စခန်းတွေ ဖွင့်ထားရမယ်။ နိုင်ငံတကာ ယူအန် အိုင်အန်ဂျီအို အဖွဲ့ပေါင်းစုံ အကူအညီ နဲ့ ယာယီ စောင့်ရှောက်ထားရမယ်.။ တတိယနိုင်ငံတွေ သွားလိုက စီစဉ်ပေးရမယ်။ နိုင်ငံသား ဖြစ်လိုသူတွေ ကို လဲ လိုအပ်တဲ့ အဆင့်ဆင့်သင်တန်းပေးလို့ နိုင်ငံသားဖြစ်မှု အဆင့်ဆင့် လုပ်ရမယ်။
    (၇) အလားတူ အဖြစ်မျိုး တွေ ထပ်မဖြစ်အောင် ဒီမိုကရေစီစနစ် ကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ကို ပြဋ္ဌာန်းရမယ်။ အစွန်းရောက် မျိုးချစ်ကွန်ယက်တွေ ကို ဖော်ထုတ် အရေးယူရမယ်။
    (၈) မြန်မာ ကလေး တွေ ကို ဒီမိုကရေစီစနစ် ကို ကာကွယ်စောင့်ရှောက်တဲ့ သူတွေ ဖြစ်လာအောင် Liberal Education တွေ ပေးနိုင်ဖို့ နှစ်ရှည် ပညာရေးစီမံချက် တွေ ချမှတ်လုပ်ဆောင် ကြရမယ်။
    ဒီအချက်တွေ ကို မလုပ်ဆောင်ချင်ကြရင်တော့ သွေးခင်းသောလမ်း ကို လျှောက်လို့မျက်လည်ပင်လယ်ဝေကြဖို့ ပဲ ရှိတယ်လို့ ထင်တယ်။
    တစ်ချို့ ကတော့ လူနည်းစုတွေ ကို အုံနဲ့ ကျင်းနဲ့ ဖိချင် ကြတယ်။ တကယ်တော့ ဒီကိစ္စမျိုး က စပရင်လိုပဲ။ များများဖိလေ များများကြွလေပဲ။ ဥပဒေချိုးဖေါက်သူ ဆို ရင် ဘယ်သူ ဖြစ်ဖြစ် အရေးယူရမှာ ပဲ ဖြစ်တယ်။ ဘင်္ဂလီ မို့ ပိုဖိရမှာ မဟုတ်သလို ရခိုင်မို့ အရေးမယူရဘူး လို့ လဲ မဟုတ်ပြန်ဘူး။
    တစ်ချိုကကျတော့လဲ မလေးရှား တို့ ဆော်ဒီတို့ နောက်ဆုံး အီရန် တို့ ဆို တာ တွေ ကို လက်ညိုးထိုးပြပြီး သူတို့ ဆီ မှာ ရော ဒီမိုကရေစီ ပေးလို့လားဆို တာ မျိုး တွေ ထောက်ပြတယ်။ စဉ်းစားကြည့် ပါ.. ဒီနိုင်ငံတွေ က ပွင့် လင်းလွတ်လပ်သော လူ့ အဖွဲ့ အစည်းတွေ မဟုတ်ကြလို့ ကိုယ်တို့ နမူနာ ယူရမဲ့ Ideal တွေ မဟုတ်ပါဘူး။
    သူတို့ ဆီ မှာ တင်းကျပ်တာ တွေ ဖိနှိပ်တာ တွေ ကို လိုက် အတုခိုးပြီး လုပ်နေဖို့ မဟုတ်ဘူး။
    ကိုယ်တို့ တကယ်သွားကြမှာ က ဘာသာရေး အမျိုးသားရေးဇောင်းပေးတဲ့ တိုင်းပြည်မျိုး မဟုတ်တဲ့ အတွက်ပဲ။ ဒီလို သွားနေရင် လဲ တို့ ဆီ က ပြည်တွင်းစစ်မီး က ဘယ်တော့ မှ ငြိမ်းမှာ မဟုတ်ဘူး။
    ကိုယ်တို့ လုပ်ရမှာ က ဒီအချက် တွေပဲ။
    (၁) ဥပဒေအုပ်စိုးမှု Rule of Law ကို ဖော်ဆောင်ရမယ်။
    (၂) ဒီမိုကရေစီ နဲ့ လစ်ဘရယ်ယဉ်ကျေးမှု တန်ဖိုး တွေ ကို မြှင့်တင်ပေးရမယ်။
    (၃) တိုင်းပြည် စီးပွားရေး တိုးတက်မှု နဲ့ တစ်ဦးချင်းဝင်ငွေမြင့်တက်အောင် လုပ်ရမယ်။
    (၄) နိုင်ငံတွင်း မှာ ရှိတဲ့ ဘာသာယဉ်ကျေးမှု အားလုံး လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ပေးရမယ်။
    (၅) Modernization ကို အရှိန်အဟုန်နဲ့ လုပ်ရမယ်။
    မျိုးချစ်မျိုးနှစ်တို့ ရေ…မင်းတို့ ပြောတဲ့ ((ဘာသာဝင်နဲ့..ဘာသာဝင်မဟုတ်တဲ့..သူတွေကိုခွဲခြားတဲ့….လူ့အခွင့်အရေး..(ဘာသာရေး၊စီးပွားရေး) အခွင့်အရေး..တန်းတူမရဘူးဆိုတဲ့.)) စိတ်ကူး က တော့ တော်တော် နံ တဲ့ စိတ်ကူးပဲ ကွ။ ရေနာနာ ဆေးပလိုက်ပါ။ ဒီ အတွက် နဲ့ ဒီလောက် စတေးခံခဲ့ ရတယ် ဆို ရင် တော့က မထိုက်တန် တော့ ပါဘူး။
    ဒီလို တိုင်းပြည်မျိုးကတော့ တို့ အားလုံးမျှော်လင့် ခဲ့ တဲ့ ပွင့်လင်းလွတ်လပ်တရားမျှတသော လစ်ဘရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ကြီး မဟုတ်လို့ ပဲ။
    ဘာသာရေး နဲ့ လူမျိုးရေး ကို ရှေ့တန်းတင်လွန်းသူတွေ ဟာ ဒီလို ပွင့်လင်းလွတ်လပ်တရားမျှတ သော ပြည်ထောင်စု ကြီး ရဲ့ ရန်သူ …..ဒီမိုကရေစီ ရဲ့ ရန်သူ တွေ ပဲ မို့ သတိလေးထားစေချင် ပါတယ် မျိုးချစ်မျိုးနှစ်တို့ ရေ။
    Source : Aung Kyaw Moe /FaceBook
  • ဘယ်တော့ အရေးယူမလဲ
    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    M-Media
    ရေးသူ- ဌေးလွင်ဦး
    ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။
    မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂၇ ရက်နေ့ သတင်းမှာ တော့-
    ဒုတိယဗိုလ်ချူပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား သည်။- လို့ ပြောဆိုသွားပါတယ်။
    “ပဋိပက္ခများကို အချိန်ယူ ဖြေရှင်းရမယ်၊” ဆိုတဲ့ စကားလုံးကို မြန်မာခေါင်းဆောင်တိုင်းက သုံးစွဲ ပြောဆိုနေခဲ့ တာ ဂျွန်လဆန်းပိုင်း တောင်ကုတ်မြို့ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက် လူသတ်မှုကြီးကတည်းကပါပဲ။
    ဒီလို အချိန်ဆွဲနေမှုဟာ လုံးဝ မရိုးသားတဲ့ စိတ်သဘောကို ဖေါ်ပြနေကြောင်းလည်း ကမ္ဘာက သိနေပါတယ်။ ဘယ်ထိ အချိန်ဆွဲမှာလဲပေါ့။- မွတ်ဆလင်တွေကို မျိုးဖြုတ်သတ်ဖြတ်လိုက် ပြီးမှ နောက်က လိုက်ပြီး ဖြေရှင်း ချင်ဟန်ပြ- ဒုက္ခသည်စခန်းကို ပို့လိုက်၊ ရာဇ၀တ်ကောင်တွေ အရေးယူပေးပါမယ် ပြောပြီး အချိန်ဆွဲလိုက်-၊ နည်းနည်းငြိမ်သွားရင် ကျန်နေတဲ့ နေရာများရှိ မွတ်ဆလင်များကို ရှင်းလိုက်-၊ ဒီလိုပဲ ဖြေသိမ့်လိုက်- အကြိမ် ပေါင်းလည်း များခဲ့ပါပြီ။
    မြန်မာနိုင်ငံ အစိုးရ တစ်ရပ်အနေနဲ့ ရာဇ၀တ်ကောင်များ၊ လှုံ့ဆော်နေသူများကို ဖမ်းချင်ရင် နေ့ချင်းညချင်း ဖမ်းလို့ ရပါတယ်။ အစိုးရမှာ သတင်းပေးတွေ ထောက်လှမ်းရေးတွေအပြည့်ရှိနေကြောင်းလည်း လူတိုင်းသိနေ ပါတယ်။ ရပ်ကွက်တစ်ကွက်ချင်း၊ ရွာတစ်ရွာချင်းစီမှာ- ဘယ်နေ့- လူဘယ်လောက် ရပ်ကွက်က ထွက်သွား တယ်၊ ဘယ်နေ့မှာ ရပ်ကွက်ထဲကို (ရွာထဲကို) လူစိမ်းဘယ်လောက် ရောက်လာတယ် ဆိုတာ မှတ်တမ်းတင်တဲ့ “ထူးခြားဖြစ်စဉ်- မှတ်တမ်း” ပြည်ထဲရေးဌာနကို နေ့စဉ်ပို့နေရတာပဲ။ ရွာတစ်ရွာမှာ လူစိမ်းတစ်ယောက် ရောက် လာတိုင်း၊ အဲ့ဒီလူစိမ်းဟာ အသားအရောင်၊ မျက်နှာအနေအထားက အစ ဘယ်လိုပုံစံဖြစ်သလဲ၊ ဘယ်အိမ်မှာ တည်းခိုသလဲ ဆိုတဲ့  report ရှိနေပါလျှက်- တောင်ကုတ်မြို့ကို ရောက်လာပြီး အကြမ်းဖက်သူတွေ၊ နောက်ဆုံး ဖြစ်ရပ်တွေမှာ သေချာစုစည်းထားတဲ့ (well organized) လူပေါင်း လေးသောင်းက အကြမ်းဖက်လိုက်တာကို မသိလိုက်ဘူး ဆိုတဲ့ စကားက ကမ္ဘာအလယ်မှာ ရယ်စရာ ဖြစ်နေပါတယ်။
    သေချာစုစည်းထားတဲ့ well organized အကြမ်းဖက် သောင်းကျန်းသူ လေးသောင်းအစုအဝေးကြီးကို တစ် ကယ် မသိလိုက်ဘူး ဆိုရင်လဲ-  လုံခြုံရေးအတွက် အဲ့လောက် ညံ့ဖျင်းတဲ့ အစိုးရမျိုးကို ဘယ်လိုလူထုက အား ကိုးနိုင် မလဲ။ မတော်လို့ အဲ့ဒီ အင်အားစုကြီးက ခွဲထွက်ရေး အင်အားစုကြီး ဖြစ်နေခဲ့မယ် ဆိုရင်- ဘယ်လိုလုပ် မလဲ။- တိုင်းပြည်ကွဲသွားရပြီးမှ- အဲကွာ ငါတို့ အသိနောက်ကျသွားတယ်လို့ ပြောမလား။
    နောက်ကွယ်က နံပါတ် (၁) လက်သည်ကို မဖမ်းမိသေးရင်တောင်- အခင်းဖြစ်ပွားရာ ဒေသက မြို့နယ်တာဝန် ရှိသူ၊ ရပ်ကွက်တာဝန်ရှိသူများကို ဖမ်းလိုက်ရင် အမှုက တစ်နေ့ထဲမှာ ပေါ်သွားမှာပါ။ အစိုးရက တစ်ကယ်ပဲ မသိတာလား- မသိဟန်ဆောင်တာလား– ဆိုတာတော့ သမိုင်းမှာ ရှင်းကို ရှင်းရတော့မှာပါ။
    မွတ်ဆလင် မုန်းတီးရေးမျိုးစေ့ကို ပေါ်ပေါ်တင်တင် ထုတ်ဖေါ်လှုံ့ဆော်နေတဲ့ အကြမ်းဖက်မျိုးစေ့ချ ခေါင်းဆောင် များကိုလဲ တစ်ကယ်မသိတာပဲလား။ သို့မဟုတ် မွေးထားတာလား ဆိုတာလဲ ဆက်လက် ဖြစ်နေတဲ့ မေးခွန်းများ ပါ။
    အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး- သွေးအေးအေးနဲ့ ရာဇ၀တ်ကောင်များကို ဆက်လက် ကာကွယ်ပေးနေခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို စေတနာကောင်းကောင်းနဲ့ ချီတက်နေခြင်း မဟုတ် ဘူး ဆိုတာ ကမ္ဘာက မြင်လာပါပြီ။ အကယ်၍ အစိုးက ဒီမိုကရေစီလမ်းစဉ်မှာ စေတနာ မရှိခဲ့ရင်–၊ ငါတို့ဘက်က လည်း မြန်မာအစိုးရများ ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာကို ခုံမင်နေမှာ မဟုတ်သလို မျက်နှာထောက်နေမှာ လည်း မဟုတ်တော့ဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိနေစချင်တယ်။
    ဒီမိုကရေစီကို တစ်ကယ် ဆောင်ရွက်လိုရင်၊ တိုင်းပြည်ခေါင်းဆောင်များ ကမ္ဘာ့ခုံရုံး တရားခွင်ကို တက်ရမယ့် အထဲမှာ မပါချင်ရင်၊ တိုင်းပြည်စီးပွားရေး တစ်ကယ်ပွင့်ချင်ရင်၊ လူထုအကျိုးကို တစ်ကယ်သယ်ပိုးချင်ရင်- အကြမ်းဖက် မျိုးဖြုတ်မှုများကို ချက်ချင်း ချွင်းချက်မရှိ ရပ်တန့်အောင်လုပ်ပါ။ လူမျိုးချင်းကြား အမုန်းပွားမှု လှုံ့ဆော်သူများကို ချက်ချင်း ဖမ်းဆီး အရေးယူပါ။ ကမ္ဘာ့အကူအညီများကို ချက်ချင်းဝင်ခွင့်ပြုပါ။ အကူအညီ ၀င်ရောက်ခွင့်များအား ဆန့်ကျင်သူများကို ချက်ချင်း အရေးယူပေးပါ။
    ငါတို့ကတော့ အချိန်မဆွဲဘူး- လောလောဆယ်- ကမ္ဘာ့ရှေ့နေများ law farm သုံးခုမှာတော့- ဦးအေးမောင်၊ ၀ီရသူ၊ ဦးခင်ညွှန့်နဲ့ အစိုးရပိုင်းမှ တစ်ချို့ အတွက် အမှုအပ်ထားပြီ ဆိုတာလောက်ပဲ အသိပေးပါရစေ။ တိုင်းပြည်ကို တစ်ကယ် ပြောင်းလဲပေးမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ မပါစေလိုပါ။ ဒါပေမယ့် အဲ့ဒီ ပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ စေတနာအမှန်ကို မဆိုင်းမတွ ထုတ်ဖေါ်ဘို့တော့ လိုအပ်ပါတယ်။ အရာတိုင်းမှာ အချိန်သတ်မှတ်ချက် ဆိုတာ ရှိနေပါတယ်။
    တရားခံကို ရုံးကိုတင်မယ်၊ တရားခံမှာ တရားခံအခွင့်အရေး အပြည့်အ၀ရှိပါတယ်။ ရှေ့နေငှားခွင့် ဖြေရှင်းခွင့် အားလုံးပေါ့-။ ကမ္ဘာ့ခုံရုံးက ဆင့်ခေါ်လို့ မထိမဲ့မြင် ပြုရင်–၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာလည်း စောင့် ကြည့်ပါ။ ရာဇ၀တ်ကောင်များ ပြေးမလွတ်စေရဘူး။
    မြန်မာအစိုးရကလည်း- သက်ဆိုင်ရာ ရာဇ၀တ်ကောင်များကို ဖမ်းပါ။ အရေးယူပါ- လို့ ထပ်ဆင့်ပြောလိုပါတယ်၊ တရားခံတွေကို စာရင်းထုတ်ပြန်ပါ။ လူသိရှင်ကြား ရုံးထုတ်ပါ။ တရားခံအခွင့်အရေးကို အပြည့်အ၀ပေးပါ-လို့ ဆက်လက်မေတ္တာရပ်ခံပါတယ်။ လူမသိရှင်မကြား တရားခံဘယ်လောက် ဖမ်းလိုက်ပါပြီ။ ထောင်ချလိုက်ပါပြီ ဆိုတာတော့- လူထုက ယုံကြည်မှာ မဟုတ်သလို- တရားခံမှာ တရားခံအစစ် မဟုတ်ခဲ့ရင်လည်း သူ့ခမြာ တစ်ဘက်သတ်နစ်နာနေပါဦးမယ်။ သူ့ကိုလည်း ရှေ့နေငှားခွင့် ဖြေရှင်းခွင့်ပေးပါ။- ဒါမှ တရားခံအစစ်က ပေါ်လာ ပါမယ်။
    ငါတို့ဘက်ကတော့ တရားခံ တစ်ယောက်ချင်းကို အမှုတွဲပြီးတာနဲ့ ထုတ်ပြန်မှာပဲ။ တစ်ကယ် တရားခံအစစ် မဟုတ်ခဲ့ရင် သူတို့မှာလည်း လွတ်လမ်းရှိနေပါတယ်။ မတရားသဖြင့် ဘာကိုမှ မလုပ်ဘူးလို့ ကတိပေးနိုင်တယ်။ ရုံးတင်ထားတဲ့ အထောက်အထားတွေကို မဟုတ်ကြောင်း သေချာအောင်တော့ ဖြေရှင်းနိုင်ရမှာပေါ့။
    မြန်မာမွတ်ဆလင်များကို လျှော့မတွက်ပါနဲ့–၊ အထင်လည်း မသေးပါနဲ့- ကမ္ဘာ့ဥပဒေကို ကိုင်ပြီး အမြန်ဆုံး လုပ်နိုင်စွမ်းရှိတယ်၊ ပေါက်မြောက်တယ်၊ ပညာတတ်တယ်- ဆိုတာတော့ အသိပေးပါရစေ။
    ဌေးလွင်ဦး
    မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
    (ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)