News @ M-Media
Category: ဆောင်းပါး
  • ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ
    ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ
    အောက်တိုဘာ၊ ၃၀ ၊ ၂၀၁၂
    M-Media
    Source:http://asiasentinel.com/index.php?option=com_content&task=view&id=4938&Itemid=208 မှ ဖော်ပြထားသော ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။
    မြန်မာပြည်က လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားရေး သွေးကြွနေသူများနဲ့ ရခိုင်လူမျိုးစုတွေ၊ အဲဒီသူတွေကို တာဝန်မဲ့ ယုံတင်မက အရှိန်အဟုန်ပြင်းပြင်းတင်ပြီး အားပေးထောက်ပံ့နေကြတဲ့ စာပုံနှိပ်တိုက်တွေ၊ အဲဒီလူတွေသာ ဒီရခိုင်ပဋိပက္ခကြီးထဲမှာ အဓိက ဇာတ်ကောင်တွေဖြစ်ပါတယ်။ သူတို့က အတွင်းအဇ္ဈတကို ပိတ်ပြီး ရိုဟင်ဂျာတွေကို တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ၊ အကြမ်းဖက်သမားတွေလို့ သမုတ်ကြပါသေးတယ်။
    အခုအချိန်မှာ အန္တီရိုဟင်ဂျာ လှုပ်ရှားမှုကတော့ အန္တီမွတ်စလင်မ် လှုပ်ရှားမှုဘက်ကို အသွင်ကူးပြောင်းခဲ့ပါပြီ။ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူပူသောင်းကျန်းမှုတွေမှာ ဓားစာခံတွေကတော့ တိုင်းရင်းသားမွတ်စလင်မ်၊ ကမန်လူမျိုးတွေပါ။ ၇ ရက်အတွင်း လူပေါင်း ၂၈၀၀၀ ကျော်အိုးအိမ်မဲ့ခဲ့တဲ့ထဲမှာ ၂၇၃၀၀ က မွတ်စလင်မ်တွေဖြစ်နေတဲ့အကြောင်းကို  ကုလသမဂ္ဂ က ကြေငြာခဲ့တဲ့အပြင် အဲဒီ ၂၇၃၀၀ ထဲမှာမှ အများစုက ကမန်တိုင်းရင်းသား မွတ်စလင်မ်တွေ ဖြစ်နေပါတယ်။ အိမ်ခြေထောင်ပေါင်းများစွာ ဖျက်ဆီးခံရကြောင်း၊ လူရာပေါင်းများစွာ အသတ်ခံရတဲ့အကြောင်း စသဖြင့် ခန့်မှန်းပြောဆိုကြပါတယ်။
    ဒီလိုပါပဲ။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ဂြိုလ်တုမှ တဆင့်ရိုက်ယူထားတဲ့ သတင်းဓာတ်ပုံတွေအရ အောက်တိုဘာ ၂၆ ရက်နေ့မှာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကြီးမားလှတဲ့ မြေဧရိယာပမာဏကြီး မီးလောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ HRW က အသက်အန္တရာယ် စိုးရိမ်နေရတဲ့ မွတ်စလင်မ် ထောင်ပေါင်းများစွာ ပင်လယ်ထဲမှာ လှေငယ်လေးတွေနဲ့ ရှိနေတဲ့အကြောင်း၊ ကမ်းခြေတလျောက်နဲ့ ဆိပ်ကမ်းတွေမှာလည်း ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ထောက်ပံ့ရေးအဖွဲ့တွေ၊ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်ပက မြန်မာမီဒီယာတွေက ဒီလိုမျိုး ဆိုးဝါးလှတဲ့ ညှင်းပမ်းနှိပ်စက်မှုကို သတင်းဖော်ပြခဲ့ကြပါတယ်။
    ကမ္ဘာအရပ်ရပ်က သက်သေခံနေတဲ့ကြတဲ့ အဲဒီလိုအခြေအနေမျိုးနဲ့ တော်တော်ကလေးဆန့်ကျင်တဲ့ အဖြစ်ကတော့ ရခိုင်ပဋိပက္ခမှာ အမှန်တကယ်ဓားစာခံဖြစ်နေတာက မိမိတို့ကိုယ်တိုင်ပါလို့ ယုံကြည်နေကြတဲ့ ရခိုင်နဲ့ ဗမာလူများစုကြီးရဲ့ ဖြစ်အင်ပါပဲ။ အမှန်ကတော့ မွတ်စလင်မ်တွေကသာ အစုလိုက်အပြုံလိုက် ဓားစာခံဖြစ်နေတာပါ။ ဒါပေမယ့် ရခိုင်တွေကရော ဒုက္ခမခံစားရဘူးလို့ ဆိုလိုတာတော့မဟုတ်ပါ။ အချက်အလက်တွေအရ လူအမြောက်အမြားအသတ်ခံရသလို အိမ်တွေ မီးရှို့ခံရပါတယ်။ ငြင်းမရနိုင်တဲ့အချက်ကတော့ ပဋိပက္ခမှာ မွတ်စလင်မ်တွေကသာ အများစုကြီး ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ ဒုက္ခသည်များ ဖြစ်ပါတယ်။
    ဒီလိုအခြေအနေမျိုးမှာတောင် လူများစုဗမာတွေက ရိုဟင်ဂျာတွေသည် ညှင်းပမ်းနှိပ်စက်ခံနေရသူများမဟုတ်၊ သူတို့တွေဟာ ဘင်္ဂါလီအကြမ်းဖက်သမား၊ ပြဿနာ ဖန်တီးကြသူတွေ၊ ပြဿနာမှာ အဓိက လက်သည်တရားခံတွေဖြစ်ကြတယ်၊ ဒါကြောင့် သူတို့ကိုးကွယ်တဲ့ ဘာသာသာသနာကို ဖိနှိပ်ရမယ်ဆိုတာမျိုးကို ထပ်ကာထပ်ကာ ဖော်ပြပြောဆိုနေကြတာပါ။ ဒီပြဿနာကြီးထဲမှာ လူတွေသေနေကြတာတွေ၊ ညှင်းပမ်းနှိပ်စက်ကလူပြုခံနေရတာတွေ အမြန်ဆုံးပပျောက်သွားဖို့နဲ့ ဘယ်သူဘယ်သူကမှ ဒီလိုမျိုးအတိဒုက္ခကို ခံစားဖို့ မသင့်တော်ဘူးလို့ လက်သင့်ခံခြင်းမရှိ သလို ပြဿနာတစ်ခုလုံး ကို နိုင်ငံရေးခေါင်းဆောင်ပိုင်းရဲ့ နားလည်သဘောပေါက်မှုနဲ့သာ ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်း သဘောမပေါက်ကြပါဘူး။
    ဒီလိုမျိုး ကိုယ့်သေတွင်းကိုယ်တူးတဲ့ နည်းလမ်းရဲ့ နိုင်ငံရေးအကျိုး သက်ရောက်မှုကတော့ အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးပါပဲ။ (တနည်းပြောရရင် သူတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးပြီး နိုင်ငံရေးအရ အကျိုးအမြတ်ရှိလှတဲ့ အန္တီမွတ်စလင်မ်လှုပ်ရှားမှုကြီးကို ဖန်တီးနေတာပါ။) ဒါပေမယ့် အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးကတော့ ကျယ်ပြောစွာပြန့်နှံ့ပြီးဖြစ်နေပါပြီ။
    ဒီလိုမျိုး အဆက်မပြတ်ဖြစ်နေတဲ့ ပဋိပက္ခကို လူများစုကြီးထောက်ခံနေတာက ဘာကြောင့်ပါလဲ။ ပြည်တွင်းအခြေဆိုက် မီဒီယာများကြောင့်ပါပဲ။ သူတို့တွေဟာ အစွန်းရောက်အမျိုးသားရေးဝါဒတွေနဲ့ သတင်းမှားတွေကိုသာ လွန်လွန်ကျူးကျူးဖော်ပြဖြန့်ချိနေပါတယ်။ လူတွေကို စိုးရိမ်ပူပန်အောင်၊ လုံခြုံမှုမရှိတော့ပါလားလို့ ခံစားရအောင်၊ (ဗမာနဲ့ရခိုင်) တွေကသာ အကြမ်းဖက်သမား ရိုဟင်ဂျာလို့ ကင်ပွန်းတပ်ခံထားရသူတွေရဲ့ ဓားစာခံတွေဖြစ်နေတာလို့ ထင်ရအောင် ရေးသားနေကြတာပါ။
    ဒီလိုမျိုးနိုင်ငံရေးအခြေအနေမှာ ရခိုင်ပြဿနာ ချုပ်ငြိမ်းလိုတယ်ဆိုရင် အဲဒီဂျာနယ်တွေကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းက ပထမခြေလှမ်းဖြစ်မှာပါ။ ယာယီဖြစ်ဖြစ် ရပ်ဆိုင်းရပါမယ်။ ဒီမို ဗမာပြည်လို့ ခေါ်နေကြတဲ့အချိန်မှာ ဂျာနယ်တွေ ပိတ်ဖို့တောင်းဆိုခြင်းက နည်းနည်းတော့ ခက်ထန်နေပါသေးတယ်။ ဒါပေမယ့် အကျည်းတန်လှတဲ့ အမှန်တရားကတော့ မြန်မာစကားနဲ့ ထုတ်ဝေတဲ့ ဂျာနယ်တွေဟာ သတင်းမှားတွေ၊ ပုဂ္ဂလိကရွေးချယ်ထားတဲ့ အကြောင်းအရာတွေကို ဖော်ပြနေပြီး လူစုလူဝေးနဲ့ ဆူပူသောင်းကျန်းရလေအောင်၊ အဲဒီလိုသောင်းကျန်းပေမယ့် အရှက် အိနြေ္ဒထားရကောင်းမှန်း မသိရလေအောင် မီးစထိုးပေးနေပါတယ်။
    မြန်မာပြည်မှာတော့ ပြည်တွင်းဖြစ်ဂျာနယ်တွေရဲ့ စွမ်းအားက ကြီးမားလှပါတယ်။ ဒီလို အသစ်အသစ်ထုတ်ဝေလာတဲ့ ဂျာနယ်တွေဟာ ဆယ်စုနှစ်များစွာ သတင်းအချက်အလက် ငတ်မွတ်နေကြတဲ့ ပြည်သူတွေအတွက်တော့ အိုအေစစ်ပါပဲ။ မြို့ကြီးတွေသာမက သာမာန်မြို့သေးသေးလေးတွေမှာတောင် ဂျာနယ်သတင်းစာ အရောင်းဆိုင် ကလေးတွေကို နေရာအနှံ့တွေ့နေရပါပြီ။ ဂျာနယ်အသစ်တစ်စောင်ပြီး တစ်စောင်ထွက်လာသလို စာဖတ်ပရိသတ်ကလည်း ဆိုက္ကားသမားကနေ၊ တိုင်းပြည်ခေါင်းဆောင်အထိ တိုးတက်ရောက်ရှိသွားပါပြီ။
    နိုင်ငံတွင်းက ပေါ်ပြူလာအဖြစ်ဆုံးဂျာနယ် ၂စောင်ကတော့ သည်ဗွိုက်စ်နဲ့ အလဲဗင်းတို့ပါပဲ။ သူတို့တွေကတော့ ဘင်္ဂါလီခိုးဝင်သူများလို့ သူတို့ကိုယ်တိုင်ခေါ်နေတဲ့သူ များကို မီဒီယာစစ်ပွဲ ဆင်နွှဲနေကြပါတော့တယ်။ သူတို့တွေဟာ လွတ်လပ်စွာရေးသားပိုင်ခွင့်အပေါ်မှာ တာဝန်သိသိနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာမျိုးမဟုတ်ပါ။ လွတ်လပ်စွာရေးသားဖော်ပြပြောဆိုပိုင်ခွင့်ကတော့ ပြုပြင်ပြောင်းလဲထားတဲ့ အစိုးရက အတွေးအခေါ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ခွင့်ပြုထားတာပါ။ အဲဒီ ပြည်တွင်းဖြစ် လွတ်လပ်စွာရေးသား ဖော်ပြပြောဆိုပိုင်ခွင့်က ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းပါ ဖော်ပြချက်ကနေ မှီငြမ်းထားပေမယ့်လည်း လူ့အခွင့်အရေးရဲ့ စံပုံစံမှန်ကတော့ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ စိတ်ဓာတ်နဲ့ နိုင်ငံရေးလိုအင်ဆန္ဒတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။
    ဒီပြည်တွင်းဖြစ် သတင်းမီဒီယာတွေဟာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးပြီး ရိုဟင်ဂျာများကို တိုင်းပြည်ရဲ့ အန္တရာယ်ကောင်တွေ၊ နိုင်ငံခြားသား ခိုးဝင်လာသူတွေအဖြစ်သာ ဖော်ပြနေကြပါတယ်။ သို့သော် ရိုဟင်ဂျာတွေကို ဆန့်ကျင်ဖော်ပြချက်တွေအားလုံးက သက်သေအထောက်အထားမရှိပါဘူး။ သူတို့မီဒီယာ တွေက ရိုဟင်ဂျာကို ရင်းနှီးပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံရေးလိုအင်ဆန္ဒကို ထောက်ခံနေကြတာပါ။ ဒီလိုပုံစံမျိုး အမျိုးသားရေးဝါဒကတော့ လူတွေအတွက် မှားယွင်းတဲ့အတွေးအခေါ်သာ ဖြစ်စေမှာပါ။
    ဥပမာ – အောက်တိုဘာ ၂၇ (HRW မှ သတင်းဓာတ်ပုံများ တင်အပြီး) မှာ သည်ဗွိုက်စ်ဝီးကလီးဂျာနယ်က ရခိုင်ဗုဒ္ဓဘာသာဝင်များရဲ့ သတင်းအချက်လက် တဘက်တည်းကိုသာ အမှီသဟဲပြုထားတဲ့ သတင်းတပုဒ် တင်ဆက်ခဲ့ပါတယ်။ အဲဒီသတင်းမှာ အာရကန်လိဂ်ဖော် ဒီမိုကရေစီ (ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် – ALD) ရဲ့ ပြောဆိုမှုတစ်ခုတည်းကို ကိုးကားထားပါတယ်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ၊ ဦးမျိုးကျော် ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်တဲ့ ဖော်ပြချက်ကို ကိုးကားပြီး အိုအိုင်စီ(OIC) ကတော့ ဒီပြဿနာမှာ နောက်ကွယ်ကြိုးကိုင်နေတာပါလို့ ရေးသားထားပါတယ်။ ။ နောက်ဆက်တွဲမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ပြီး မြန်မာသမ္မတနဲ့ အာရကန်လိဂ်တို့ သဘောတူထုတ်ပြန်ထားတဲ့ (ရိုဟင်ဂျာ များအား တတိယနိုင်ငံပို့ရေး) အဆိုကို အကျယ်ချဲ့ပြီး ဖော်ပြထားတာပါ။
    ဒီလိုပါပဲ၊ အလဲဗင်းမီဒီယာရဲ့ ၀ီကလီးအလဲဗင်း (HRW သတင်းဓာတ်ပုံများ တက်လာအပြီး နောက်နှစ်ရက်အကြာ၊ ကုလမှ အိုးအိမ်မဲ့ ဓားစာခံအများစုမှာ မွတ်စလင်မ်များဖြစ်သည်ဟု ပြောဆိုလိုက်သည့် နေ့ရက်) ကလည်း အောက်တိုဘာ ၂၈ ရက်နေ့မှာ အာဘော်ဆောင်းပါးတစ်ခု တင်ဆက်ခဲ့ပါတယ်။ အလဲဗင်းနဲ့ သည်ဗွိုက်စ်တို့ တင်ပြမှုနှစ်ခုစလုံးက ရခိုင်နဲ့ ရိုဟင်ဂျာများအကြား အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်းပေါင်းစုံကို ငြင်းဆန်ပယ်ချထားတာမျိုးပါ။ အလဲဗင်းမှာ အာဘော်ရေးသားသူက ရိုဟင်ဂျာ(မွတ်စလင်မ်)များကို ပြဿနာကောင်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    နောက်ကွယ်ကြိုးကိုင်သူဘယ်သူလဲဆိုတဲ့ အလဲဗင်းရဲ့ဆောင်းပါးမှာတော့ ရိုဟင်ဂျာတွေကို သူတို့ကိုယ်ပိုင် “တိုင်းရင်းသားဖြစ်ခွင့်ရရေး အိပ်မက်” အတွက်ရည်စူးပြီး လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း ဖြစ်ရလေအောင် ပြုလုပ်ဖန်တီးတာဖြစ်တဲ့အကြောင်း ယိုးစွပ်သမုတ်ထားပါတယ်။ ဒါ့ပြင် အဲဒီဆောင်းပါးမှာ မွတ်စလင်မ်ဗလီဆရာ အယောက် ၃၀ ဟာ ဘူးသီးတောင်နဲ့ မောင်တောတို့ကို ပဋိပက္ခဖြစ်နေစဉ်အတွင်း အလည်အပတ်ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဆောင်းပါးရှင် တင်ဆက်ထားပုံကတော့ ဒီမွတ်စလင်မ်တွေကသာ ပဋိပက္ခကို စတင်သူတွေဖြစ်တာကြောင့် အခုသူတို့ အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးလွှားနေရတာတွေကတော့ စာရင်းထဲထည့်ဖို့ မလိုတော့ပေါင်ဆိုတဲ့ ပုံစံမျိုးပါ။
    ဒီလိုမျိုး အမှားအယွင်းနဲ့ သဘောထားအမြင်တွေက ချွင်းချက်အဖြစ် ထားရမယ့် ကိစ္စတွေမဟုတ်တော့ပါဘူး၊ အဲဒီအမှားတွေ၊ သဘောထားဖြန့်ချိမှုတွေက အုပ်စိုးမင်းမူနေပါပြီ။ ဒီနှစ် ဇွန်လကတည်းက အဲဒီဂျာနယ်နှစ်စောင်လုံး ရိုဟင်ဂျာတွေကို ပေါ်ပေါ်တင်တင် ဆန့်ကျင်တဲ့အမြင်တွေ ချပြရေးသားနေကြတာပါ။
    စုစည်းထားချက်အရ ဒီဂျာနယ်တွေဟာ ရခိုင်နယ်မြေအတွင်း နှစ်ရာပေါင်းများစွာ နေလာကြတဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ပေါက်မြောက်နက်ရှိုင်းစွာ နားလည်မှုလွဲမှားဖို့ နဲ့ အမုန်းတရားအာဃာတတွေ ကြီးထွားစေဖို့အတွက်တော့ ကြားခံလက်နက်တွေပါပဲ။ ဒီဂျာနယ်တွေက ရိုဟင်ဂျာတွေကသာ ပြဿနာကောင်တွေ၊ သူတို့စလို့ ဖြစ်တာပဲ၊ သူတို့က ကိုယ့်အိမ်ကိုယ်မီးရှို့ထွက်ပြေးကြတာပဲ၊ သူတို့တွေက တရားခံတွေပဲ စသဖြင့်သာ ရေးသားခဲ့ကြတာပါ။ သူတို့ရေးသားပုံကတော့ ရခိုင်တွေသည်ဓားစာခံတွေဖြစ်တယ်၊ ရိုဟင်ဂျာတွေက တရားခံတွေဖြစ်တယ်။
    ဒီဂျာနယ်တွေဟာ မွတ်စလင်မ်များ အန္တရာယ်နဲ့ ရင်ဆိုင်နေရာပါလားဆိုတဲ့ အကျည်းတန်အမှန်တရားကို၊ “သူတို့(ရခိုင်)တွေကသာ ဓားစာခံတွေပါ၊ ရိုဟင်ဂျာတွေက အပြစ်သားတွေပါ” ဆိုတဲ့ စကားမျိုး ရေလဲသုံးစွဲပြီး ဖုန်းကွယ်ထားကြတာပါ။ ပြီးတော့ လူတွေရဲ့ နှလုံးသည်းပွတ်ထဲကို ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်ဓာတ်တွေ အမြင်တွေ ထည့်သွင်းပေးပါတော့တယ်။ ပြီးတော့မှ ပဋိပက္ခအဆုံးသတ်ရေးကို ခုတုံးလုပ်ပြီး ယိုးစွပ်မှုများများနဲ့ မှုန်းခြယ်ထားကြတာပါ။
    ဒီဂျာနယ်နှစ်စောင်လုံးက ကျင့်ဝတ်ပိုင်းနဲ့ ကွာလတီပိုင်းအရမဟုတ်ဘဲ (တခြားအကြောင်းများကြောင့်) ပြည်တွင်းမှာတော့ နာမည်အကြီးဆုံးဖြစ်နေပါတယ်။ သူတို့ဘာရေးရေး ပရိသတ်က ယုံကြည်လက်ခံနေပါတယ်။ သူတို့တွေဟာ (သူတို့နဲ့ ဆန့်ကျင်ဘက်) သတင်းအရင်းအမြစ်တွေ အားလုံးကို အမှားအယွင်းတွေ၊ လုပ်ကြံဖန်တီးမှုတွေအဖြစ်သာ ထင်မြင်ယူဆပါတယ်။ ဒီတော့ ကမ္ဘာက ဘာကို သက်သေခံနေကြသလဲဆိုတာ မြန်မာတွေလက်ခံဖို့ ခက်ခဲသွားရပါတော့တယ်။
    မျှမျှတတပြောကြကြေးဆိုရင်တော့ ဒီပြဿနာကို ရခိုင်တွေ ဖန်တီးတာမဟုတ်ပါ။ သူတို့တွေလည်း တိုက်ခိုက်သလို၊ တဘက်ကလည်း သူတို့ကို ပြန်တိုက်ပါတယ်။ နှစ်ဖက်စလုံး အဆုံးအရှုံးရှိပါတယ်။ ဒါပေမယ့် ရခိုင်တွေထက်ပိုပြီး မွတ်စလင်မ်ထုက ခံရတဲ့ဘက်ကဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ဒုက္ခသည် ၂၈၀၀၀ ကျော်မှာ ၂၇၀၀၀ က မွတ်စလင်မ်တွေ ဖြစ်နေစရာ အကြောင်းမရှိပါ။
    ဘယ်သူပဲ ပဋိပက္ခကို စတင်ပါစေ၊ မီဒီယာဆိုတာမျိုးက တဘက်တည်းရပ်ပြီး တခြားတဘက်ကို မောင်းထုတ်ပစ်တာမျိုး မလုပ်သင့်ပါ။ ခုတော့ ပြည်တွင်းက သြဇာကြီးတဲ့ ပေါ်ပြူလာဂျာနယ်ကျော်တွေက ကျရှုံးခဲ့ပြန်ပါပြီ။ ပဋိပက္ခကို အဆုံးသတ်ရမယ့်အစား လောင်စာထိုးပြီး လူတွေကို လှည့်ဖျားခဲ့ပါတယ်။ နည်းလမ်းတွေကတော့ ရိုဟင်ဂျာမုန်းတီးရေး၊ အကြောက်တရားကြီးထွားရေး၊ (ငါတို့ကသာ) ဓားစာခံတွေ၊ ငါတို့ လုံခြုံမှုမရှိပါလားဆိုတဲ့ ခံစားချက်မျိုးပေါ်ထွက်လာမယ့် အမြင်တွေ၊ လူတွေကို အုံကြွပြီး ဆူပူသောင်းကျန်းလာအောင်နဲ့ အဲဒီလို ဆူပူသောင်းကျန်းတာကို ထောက်ပံ့တဲ့အမြင်တွေပါပဲ။
    ဒါကြောင့် ရခိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ပထမခြေလှမ်းက ဒီမြန်မာဘာသာနဲ့ထုတ်ဝေတဲ့ ဂျာနယ်တွေကို ခဏဖြစ်ဖြစ် ရပ်ဆိုင်းဖို့ပါပဲ။ သူတို့တွေက လူထုရဲ့အထင်အမြင်ကို အုံကြွယဉ်ကျေးမှုအဖြစ် ပြောင်းလဲနေတာပါ။ ဒါမှမဟုတ်ရင်တော့ လူတွေက သူတို့ကြောင့် ဆက်ပြီး အရူးဖြစ်နေကြပါလိမ့်မယ်။ ဒီလိုနဲ့ပဋိပက္ခကို အားကိုးအားထားပြုစရာအဖြစ် ဆက်လက် ဆွဲကိုင်ထားကြပါလိမ့်မယ်။ ဒီလိုမျိုးရေးသားဖော်ပြခြင်းက လွတ်လပ်မှုနဲ့ ဒီမိုကရေစီကနေ ပြန်လှည့်ပြီး စစ်အုပ်ချုပ်ရေးဆီပြန်သွားဖို့ ဆင့်ဆိုထားတာမျိုး မဟုတ်ပါ။ ဒီရေးသားဖော်ပြချက်က ကျင့်ဝတ်စောင့်ထိန်းမှုမရှိတဲ့ လူ့အသက်တွေ၊ ဂုဏ်သိက္ခာတွေကို စတေးနေတဲ့ မီဒီယာများအား ပိတ်ဆို့ပစ်ရမယ်လို့ ဆင့်ဆိုတိုက်တွန်းခြင်းပါ။
  • ဖြစ်တည်မှုတရားအပေါ် အမုန်းပွါးခြင်း (သို့) ကျွန်တော်နှင့် အမုန်းတရားများ အကြောင်း
    ဖြစ်တည်မှုတရားအပေါ် အမုန်းပွါးခြင်း (သို့) ကျွန်တော်နှင့် အမုန်းတရားများ အကြောင်း
    အောက်တိုဘာ၊ ၃၀၊ ၂၀၁၂
    M-Media
    ရေးသူ ၊ ဇော်မင်းထွေး
    ပထမနေ့
    ထိုသူ။ ။ ဟေ့လူ။ ခင်ဗျားဘင်္ဂါလီမဟုတ်လား။
    ကျွန်တော်။ ။ ဟုတ်တယ်လေ ဗျာ၊ ဘာလို့လဲ။
    ထိုသူ။ ။ ဟား.. ခင်ဗျား အစကတည်းက ဘာလို့မပြောတာလဲ။ ခင်ဗျား အတော်မုန်းဖို့ကောင်းတဲ့သူပဲ။
    ကျွန်တော်။ ။ ဗျာ ကျွန်တော် ဘင်္ဂါလီဆိုတဲ့အကြောင်း က ဘာလို့ပြောဖို့လိုတာလဲ။ ဒါနဲ့ ခင်ဗျား က ဘင်္ဂါလီဆို တာနဲ့ ဘာလို့မုန်းရတာလဲ။
    ထိုသူ။ ။ ဟ.. မုန်းရတာပေါ့ဗျ။ ခင်ဗျားတို့က ကျုပ်တို့မြေမှာ လဲနေသေးတယ်၊ ပြီးတော့ မြန်မာတွေလိုလဲ မနေကြဘူး။ ပြီးတော့ ကလေးတွေလဲ အများကြီးမွေးကြသေးတယ်။ ဒီတော့ မုန်းစရာမကောင်း ဘူးလား။ ခင်ဗျားတို့ ဒီမှာနေမယ့် အစား ကိုယ့်တိုင်းပြည်ကိုယ် ပြန်သွားသင့်တယ်။
    ကျွန်တော်။ ။ ဒီမယ် အစ်ကို။ ကျွန်တော်တစ်ခုပြောပြမယ်။ ဘင်္ဂါလီ အဖြစ်နဲ့ မွေးလာတာ ဟာ ကျွန်တော့ရဲ့ ရွေးချယ်မှု မဟုတ်ဘူး။ ဒီလိုပဲ လူတိုင်းဟာ ဗမာ ဖြစ်ချင်တယ်။ ကချင် ဖြစ်ချင်တယ်။ အင်္ဂလိပ် ဖြစ်ချင်တယ်။ အာဖရိကန် ဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်ခံ မွေးဖွါးခွင့် မရှိဘူး။ အဲဒါကြောင့် ဘင်္ဂါ လီဖြစ်ခြင်းအပေါ်မှာ ကျွန်တော် တစ်ခါမှနောင်တ မရဘူး။ ရစရာလဲ မလိုဘူး။ ဟုတ်တယ်။ ကျွန်တော် ဒီမြေမှာ မွေးတယ်၊ ဒီမှာပဲကြီးပြင်း လာတယ်။ ဒီရေသောက်၊ ဒီဆန်စားပြီး ခင်ဗျားတို့လိုပဲ ကွဲပြားခြားနားမှုမရှိပဲ အရွယ်ရောက်ခဲ့တယ်။ ဒါက ကျွန်တော့်မြေ၊ ကျွန်တော့်ရေ ၊ ကျွန်တော့်နိုင်ငံ။ ကျွန်တော်ဒီလိုပဲခံယူတယ်။ ဒီနိုင်ငံအတွက် လိုအပ်ရင် အသက်ပေးဖို့လဲ အမြဲ အဆင်သင့်ရှိတယ်။ နောက်တစ်ခုက ဒီမှာနေတိုင်း ဗမာလူမျိုးတွေနဲ့ တထေရာထဲ နေရမယ်ဆိုတာကို ကျွန်တော် လက်မခံဘူး။ လူမျိုးတိုင်း၊ မျိုးနွယ်စုတိုင်း မှာ ယဉ်ကျေးမှုဆို တာရှိတယ်။ တစ်ချို့ဓလေ့ တွေမှာတူရင်တူမယ်။ တစ်ချို့ အချက်တွေမှာကွဲပြားမယ်။ ယဉ်ကျေးမှုကွဲပြားလဲ ဘာအရေးလဲ။ ယဉ်ကျေးမှုတွေ ရောယှက်မှ တိုင်းပြည်ရဲ့ အနေအထားနဲ့ ပညာအဆင့်အတန်း တိုးတက်တယ် ဆိုတာ ခင်ဗျားလဲအသိပဲ။ကဲ..ခုပဲကြည့်..ယဉ်ကျေးမှုတွေပေါင်းစပ်လိုက်တော့ ခင်ဗျားတွေ့တဲ့အတိုင်း ပတ်ဝန်းကျင်မှာ အစားအသာက်၊ အ၀တ်အထည်၊ ဂီတ၊ စာပေ၊ အနုပညာ အစရှိတဲ့ လူဖြစ်တည်မှုအတွက် အခြေခံလိုအပ်ချက် တွေကို စုံစုံလင်လင် ဖွယ်ဖွယ်ရာရာ ရွေးချယ်ခွင့်ရှိလာပြီ။ ခင်ဗျားက ဗမာပေမယ့် ရော့ခ်ဂီတ ကြိုက်လို့ရတယ်။ ဒန်ပေါက်ကြိုက်လို့ရတယ်။ ရခိုင်မုန့်တီ နှစ်သက်လို့ရတယ်။ ကချင်ပုဆိုး ၀တ်ဆင်ချင်ရင်လဲရတယ်။ အနောက်တိုင်း ဘောလုံးပွဲ အားပေးလို့လဲ ရတယ်။ အဲဒါ သင့်တင့် လျှောက်ပတ် မွန်မြတ်ခြင်းပဲ မဟုတ်လား။ အဲ..ယေဘုယျအား ဖြင့်တော့ ကျွန်တော်ဟာ မြန်မာတစ်ယောက်လို့ ကိုယ့်ကို ကိုယ် လက်ခံတယ်။ ဒီတော့ မြန်မာလိုပဲ ပြောတယ်။ မြန်မာလို ၀တ်တယ်။ ခု ခင်ဗျားတွေ့တဲ့ အတိုင်းပဲ။ ဒါပေမယ့် အစားအသောက်စားတာတို့ ၊ ၀တ်ပြုကိုး ကွယ် တာတို့ ကို တော့ အစလာမ်ဘာသာ သက်ဝင် ယုံကြည် တဲ့ အတွက် ခင်ဗျား တို့နဲ့ မတူ ကွဲပြားမှုရှိနေမှာပဲ။ ဒီတော့ ခင်ဗျားကျွန်တော့်ကို ဘာအတွက်မုန်းနေသေးတာလဲ။
    ထိုသူ။ ။ အင်း ငါလဲ မသိဘူး။ ဘာကြောင့်မုန်းမှန်း။ ဒါပေမယ့် မုန်းတယ်။ အင်း.. ငါပြန်စဉ်းစားရမယ် ထင်တယ်။
    ကျွန်တော်။ ။ ခင်ဗျား သဘောပါပဲ။ ခင်ဗျားမှာလွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတာပဲ။ တစ်ခုတော့ ထပ်ပြောချင် သေးတယ်။ ကမ္ဘာ မှာ လူမျိုးကြီးဝါဒဆိုတာ ဒုတိယ ကမ္ဘာ စစ်နဲ့ အတူကျဆုံးခဲ့ပြီးပြီ။ မျက်မှောက် ယဉ်ကျေးတဲ့ ကမ္ဘာသစ်မှာ လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးထက်သာတယ် ဆိုတဲ့ အတွေးအခေါ်ကို ဦးဏှောက်ရှိသူတိုင်း ပညာတတ်သူတိုင်း လက်မခံကြတော့ဘူး။ မတူကွဲပြား မှုကို အလှတရားလို့ သတ်မှတ်ဖေါ်ဆောင် လာကြတဲ့ ပိုမိုယဉ်ကျေးလာတဲ့ လူ့အသိုင်းအ၀ိုင်းမှာ အသားအရောင်၊ ကိုးကွယ်ရာ ဘာသာတရား၊ လိင်ကွဲပြားမှု၊ ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးတမ်း တွေအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံ မှု ပြုလုပ်ခြင်းဆိုတာ နိဌိတံ ခဲ့ပြီး။
    ခင်ဗျားကို ဥပမာ တစ်ခုပေးမယ်။ ခင်ဗျား ပန်းဥယျာဉ် တစ်ခုထဲ ၀င်သွားတယ် ဆိုပါတော့။ အဲဒီမှာ အ၀ါရောင် ပန်းတစ်မျိုးတည်း ဆိုက်ထားတယ် ဆိုပါဆို့။ ခင်ဗျား တစ်ခဏ တော့ လှမယ် ထင်လိမ့်မယ်။ ပြီးရင် ဒီအ၀ါရောင်ပန်းတွေကို ကြည့်ပြီး ခင်ဗျား ညည်းငွေ့သွားလိမ့်မယ်။ ကဲ ခင်ဗျားမျက်စိထဲ မြင်ယောင်ကြည့်စမ်း။ အဲဒီ ပန်းဥယာဉ်မှာ ရောင်စုံ ခြယ်တဲ့ ပန်းကလေးတွေ အတန်းလိုက် စီစီရီရီ စိုက်ပျိုးထားတယ် ဆိုပါစို့။ ဘယ်လောက်တောင် မျက်စိပသာဒ ဖြစ်လိမ့်မလဲ။ ဒီလိုပဲပေါ့ လူမှာလဲ ကွဲပြားခြားနားမှုရှိမယ်။ ဖြူမယ်၊ မဲမယ်၊ ညိုမယ်၊ ၀ါမယ်။ ကိုးကွယ်ရာ ကွဲပြားမယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ လက်ခံကျင့်သုံးကြမယ်။ နောက်ပြီး ဒီလူတွေက အချင်းချင်းချစ်ကြည် ရင်းနှီးကြမယ်။ ယိုင်းပင်းကူညီ ကြမယ်။ မတူညီမှုတွေကို အလှတရားလို့ ခံယူပြီး တစ်ပါးသူတွေရဲ့ ကွဲပြားခြားနားမှု ကိုနားလည် ပေးဖို့ ကြိုးစားပေးမယ်။ ကဲ..စဉ်းစားကြည့်စမ်း။ ဘယ်လောက် သာယာ ကြည်နှုးစရာ ဖြစ်မယ့် လူ့ဘောင် အသိုင်းအ၀ိုင်း ဖြစ်လာလိမ့်မလဲ။ အဲဒီအခါ ကျွန်တော်တို့ စစ်ပွဲတွေ မလိုတော့ဘူး။ သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိတော့ဘူး။ လူ့တန်ဘိုးကို လေးစားပေးတဲ့ စိတ် လူတိုင်းမှာရှိလာလိမ့်မယ်။ ခင်ဗျားလဲ လူထဲက လူတစ်ယောက်ပဲ။ လူဆိုတာကို တန်ဘိုးထားတတ် မယ်ဆိုရင် လူဟာ သူ့ဘာသူ ဘာပဲဖြစ်နေ ဖြစ်နေ အခြေခံ လူ့တန်ဘိုးကို နားလည် ခံစားပေးတတ်ဖို့ လိုတယ်။ ကျွန်တော် ကိုယ်တိုင်လဲ လူပီသစွာ နေထိုင်ဖို့ ကြိုးစားနေတယ်။ ခင်ဗျားကိုလဲ အဲလို စိတ်ထားတတ်ဖို့ တိုက်တွန်းချင်တယ်။ ဒီလောက်ပါပဲ။
    ဒုတိယနေ့
    ထိုမိန်းကလေး။ ။ အီးမေးလ်မှာ အင်ဗိုက်လက်ခံပေးတဲ့အတွက် ကျေးဇူးပဲနော်အစ်ကို။
    ကျွန်တော်။ ။ ဟာ..ရပါတယ်ဗျာ။ ကျွန်တော်ကလဲ ကျေးဇူးတင်ရမှာပါ။ မိတ်ဆွေ တိုးတာကိုး။ ဒါနဲ့ ညီမက မွတ်ဆလင်မ်လား။
    ထိုမိန်းကလေး။ ။အာာာာာ….ဘာတွေ လာပြောနေတာလဲ။ ကျွန်မက ဘာလို့ မွတ်ဆလင်မ် ဖြစ်ရမှာလဲ။ ဒီကုလား တွေကဒီလောက် မုန်းဖို့ကောင်းတာ။ အစ်ကိုမို့ မွတ်ဆလင်မ်လား မေးရက်တယ်။
    ကျွန်တော်။ ။ ဗျာ…ကုလားဆိုရင် မုန်းတယ်။ ဟုတ်လား။ မွတ်ဆလင်မ်ကို ကုလားလို့ ညီမတို့ သတ်မှတ်ထား တယ်ဆို၊ အစ်ကိုလဲ ကုလားပဲ။ အဲတော့ အစ်ကို့ကိုမုန်းရင် ဘလော့ဂ် ပြန်လုပ်သွားလို့ ရတယ်ညီမ။
    ထိုမိန်းကလေး။ ။ဟာ..ဟုတ်လားအစ်ကို။ ဆောရီးနော်. အားနာစရာပဲ။ အစ်ကိုက မုန်းဖို့ကောင်းမယ့် ကုလားတော့ ဖြစ်ဟန် မတူပါဘူး။ ခင်လို့ရတယ်မလား။
    ကျွန်တော်။ ။ ခင်လို့ရတာပေါ့ဗျာ။ ကျွန်တော်က ညီမဘယ်သူ ဖြစ်ဖြစ် မမုန်းဘူးပဲဟာ။ လူလူချင်း ခိုင်လုံတဲ့ အကြောင်းကိစ္စ မရှိပါပဲနဲ့ ဘာအတွက်မှ မုန်းစရာ မလိုဘူးလို့ ခံယူထားတာပဲ။ ဒါနဲ့ ညီမက ဘာလို့ မွတ်ဆလင်မ် ကို မုန်းရတာလဲ။
    ထိုမိန်းကလေး။ ။ အင်း..အသေအချာတော့ မသိဘူး။ ငယ်ငယ်ကတည်းက ကုလားတွေအကြောင်း အမေတို့ ပြောပြတာ ကြားဖူးတယ်။ တစ်ချို့ ဘုန်းဘုန်းတွေလဲ ပြောဖူးတယ်။ ပြီးတော့ ကျောင်းမှာ သူငယ်ချင်းတွေ ပြောကြတယ်။ သူတို့ပြောသလောက် မွတ်ဆလင်မ် တွေအကြောင်းက မုန်းဆရာတွေချည်းပဲ။ ဥပမာ.. မွတ်ဆလင်မ်တွေက ကျွန်မတို့ မြန်မာ မိန်းကလေးတွေကို မုဒိန်းကျင့်တဲ့ အကြောင်းတွေ၊ လက်ထပ်ပြီး ကုလားဇတ်သွင်းတဲ့ အကြောင်းတွေ။ မိန်းမတွေ အများကြီးယူတဲ့ အကြောင်းတွေ၊ ပြီးတော့ နွားတွေကို တစ်နှစ်တစ်ခါ ရက်ရက်စက်စက် သတ်တယ် ဆိုတဲ့ အကြောင်းတွေပေါ့။ ညီမ ကိုယ်တိုင်တော့ တစ်ခါမှ မကြုံဘူးပါဘူး။ အဲဒါတွေ ကြားပြီးကတည်းက အလိုလိုမုန်းနေတာပါ။
    ကျွန်တော်။ ။ အင်း..ဟုတ်တယ်ဗျ။ အဲဒီလို ကြားဖူးနားဝ သတင်းမှားတွေ ကြောင့် ကျွန်တော်တို့ အချင်းချင်း ကြားမှာ တစ်ခါမှ အချင်းမများဘူးပဲနဲ့ အလိုလို မုန်းတီးနေမိကြတယ်။ အဓိက ပြသနာက ကိုယ်ကြီးပြင်းရာမိသားစု နဲ့ ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းရဲ့ အမြင်ကျဉ်းမြောင်းမှုနဲ့ သတင်းမှားတွေကိုယုံလွယ် တတ်မှုပ။ဲ နောက်ထပ်ပိုဆိုးတာက ငယ်ရွယ်တဲ့သူတွေရဲ့ အသိတွေထဲ တစ်ပါးသူတွေအပေါ် အမုန်းတရားတွေ ရိုက်ထည့်ပေးလိုက်တာနဲ့ မတူကွဲပြားခြားနားမှုကို လက်မခံနိုင်တာတွေက ကြာလာတော့ အမြစ်တွယ်ပြီး ကိုယ်က ပါ အကြောင်းပြချက် အခိုင်အလုံ မရှိပဲ အမုန်းဖြန့်ဝေ တတ်တဲ့ သူတွေထဲ အပါအ၀င် ဖြစ်သွားတာပဲ။ ကျွန်တော်လဲ ငယ်စဉ်ကကြုံဖူးပါတယ်။ မိသားစုက တစ်ခြားဘာသာ တစ်ရားနဲ့ပတ်သက်ပြီး လေ့လာခွင့် မပြုတာ။ တစ်ချို့ဘာသာရေးဆရာ တွေက တစ်ခြားဘာသာရဲ့ မကောင်းရာ မကောင်းကြောင်းတွေ ကိုသာ ကျွန်တော်တို့ကို သင်ကြားပေးတာ။ သေချာလေ့လာ စူးစမ်းမှု မပြုပဲ ကိုယ်မကိုးကွယ်ရာ တခြားဘာသာတရား ကို အပုတ်ချတဲ့ စာပေမျိုးတွေနဲ့ ရင်းနှီးနေခဲ့ရတာ။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ရင်ထဲကို အမုန်းရဲ့ သစ်ပင် စိုက်ပျိုး ပေးလိုက်တာပဲ။ အဲဒီ အမုန်းသစ်ပင်လေးက တဖြည်းဖြည်းကြာလာတော့ အပြင်သတင်းမှားတွေရဲ့ ပျိုးထောင်ပေးမှု၊ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးမုန်းတီးမှု ဖန်တီးလိုသူတွေရဲ့၊ အမုန်းမြေသြဇာ ကျွေးမွေးမှု၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဘာသာတရားကို ခုတုံး လုပ်လိုတဲ့ နိုင်ငံရေးသမား မိစ္စာ ၀ါဒီ တွေရဲ့ ၀ါဒမှိုင်းပေးမှု၊ ဘာသာရေးခေါင်းဆောင် လို့ သမုတ်ခံရတဲ့ လူတစ်ချို့ရဲ့ အမြင်ကျဉ်းမြောင်း တဲ့ သွန်သင်ပေးမှု တွေကြောင့် တဖြည်းဖြည်းရင့် မှာလာပြီး အမုန်းတရားက ခင်ဗျားတို့ ကျွန်တော်တို့ ရင်ထဲ ခြေခြေမြစ်မြစ် နဲ့ နှက်နှက်ရှိုင်းရှိုင်း အမြစ်တွယ် သွားတာပဲ။ တကယ်တမ်းတော့ ဘာသာတရားတွေက ပြသနာမဟုတ်ဘူး။ ဘာသာတရားတွေ ဆိုတာ အလွန်ကို သန့်စင်မွန်မြတ်ပြီး ချစ်စရာ ကောင်းတဲ့ ဓမ္မ၊ သီလနဲ့ သမာဓိတွေကို လူတွေရင်ထဲရိုက်သွင်းပေးပြီး ကျွန်တော်တို့ကို လူကောင်းလူမွန်တွေ ဖြစ်လာဖို့ ပြုပြင်ပေးတဲ့ တရားတွေပါ။ တကယ်တမ်းပြသနာ ကဘာသာဝင်ဆိုပြီး ဘာသာတရားကို ကပြောင်းကပြန် လိုက်နာတဲ့ so called ဘာသာဝင်တွေနဲ့ ကိုယ်ကျိုးရှာ ဘာသာရေး နိုင်ငံရေး ခေါင်းဆောင်တွေပဲ။
    ထိုမိန်းကလေး။ ။ ကျေးဇူးပါအစ်ကို၊ တွေးစရာတွေ အများကြီးရလာတယ်။ အင်းနော်.. တကယ်ဆို ကျွန်မတို့က ဘာအတွက်မုန်းနေကြရမှာလဲနော်။ ဒီ အမုန်းတရားတွေ နိဌိတံသွားအောင် ဘာလုပ်ကြရမှာလဲ။
    ကျွန်တော်။ ။ အင်း ပြောရမယ်ဆို ဒီအဖြေတွေက ဘာသာတရားထဲမှာပဲ ရှိတယ်။ ဘာသာတရား ကလူကို ယဉ်ကျေးအောင်သွန်သင်တယ်။ တစ်ပါးသူရဲ့ အခွင့်အရေးကို လေးစားတတ်ဖို့ ညွန်ကြားတယ်။ သတ္တ၀ါ တွေအပေါ် မေတ္တာ ထားတတ်ဖို့နဲ့ လူလူချင်း ယိုင်းပင်းကူညီကြဖို့ လမ်းညွှန်တယ်။ မေးခွန်းထုတ်ရ မှာက ကျွန်တော် တို့ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကို တစ်ကယ်ရော လေးစားလိုက်နာကြရဲ့လား ဆိုတာပဲ။ ပွင့်လေပြီးသော ဘုရားရှင်တွေ၊ မဟာလူသားတွေ၊ အတွေးအခေါ် က၀ိတွေ အကားလုံးက လူလူချင်း ချစ်တတ်ဖို့နဲ့ စောင့်ရှောက်ကူညီဖို့ ပဲသွန်သင် ညွန်ကြားရင်း သူတို့ဘ၀တွေကို လူတွေ အတွက်စတေး ခဲ့ကြတယ်။ ဥပမာ. ဗုဒ္ဓရှင်ကိုယ်တော်က အန္တတ သတ္တ၀ါတွေကို မေတ္တာထားဖို့ ဆုံးမတယ်။ မိုးဇက် က လူလူချင်း ချစ်ပါ၊ ယိုင်းပင်းပါလို့ သင်ကြားတယ်။ ယေရှု က ရန်သူကိုပင်ချစ်ပါလို့ ဟောကြားသွန်သင်ခဲ့တယ်။ မိုဟာမက် ကိုယ်တော် ကလဲ လူလူချင်းအပေါ်တာဝန် ၀တ္တရားမကျေပွန် သူဟာ ငါ့နောက်လိုက် မဟုတ်ဘူးလို့ ပြောတယ်။ ကဲကြည့်စမ်း သူတို့ နောက်လိုက်ပါဆိုပြီး ကျွန်တော်တို့က တစ်ခြားသူတွေကို အမြဲတမ်း မုန်းတီးဖို့ပဲ ကြံစည်နေကြတယ်။ ကိုယ်နဲ့ ဘာသာမတူတဲ့ သူတွေရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကိုပဲ ကြိုးစား အားထုတ် နေကြတယ်။ တစ်ပါးသူတွေရဲ့ အားနည်းချက်နဲ့ လူတစ်ချို့ရဲ့ အမှားတွေကို ခုတုန်းလုပ်ပြီး လူလူချင်း သွေးချောင်းစီး သတ်ဖြတ်ပွဲတွေ ဖြစ်အောင် ကြိုးပမ်း လုပ်ကြံနေကြတယ်။ စဉ်းစားကြည့်စမ်းပါ။ အခုနပြော ခဲ့တဲ့ မဟာလူသား ဘုရားရှင်တွေက သူ့နောက်လိုက်တွေပါ လို့ပြောပြီး ခုလိုဆိုးသွမ်း နေကြတဲ့ ကျွန်တော်တို့ရဲ့ ပစ္စက္ခ အခြေအနေတွေကို တွေ့ရင် ဘယ်လောက်များ ယူကျုံးမရ စို့နင့် ကြေကွဲ လိုက်ကြမလဲ။ ကဲ..တစ်ကယ်လို့ သာ သူတို့နဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရမယ် ဆိုပါတော့။ ကျွန်တော်တို့က သူတို့ရဲ့ နောက်လိုက်တွေပါ။ သူတို့လမ်းစဉ်တွေကို လေးစားလိုက်နာတဲ့ သူတွေပါလို့ ဘယ်မျက်နှာနဲ့ သွားပြောမလဲ။ တစ်ကယ်တမ်းဆို လူလူချင်း မုန်းတီးမှု ထားရှိခြင်းနဲ့ တစ်ပါးသူတွေ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ကိုင် နေခြင်းဟာ ကိုယ်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားနေတာနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီတော့ အမုန်းလမ်းစကို ရပ်တန့်စေပြီး တစ်ပါးသူအပေါ် မေတ္တာ ထားတတ်တဲ့ စိတ်ထားကို လူတိုင်းသာ မွေးမြူနိုင်မယ် ဆိုရင် ကျွန်တော်တို့လူအချင်းချင်းကြား ပဋိပက္ခ တွေဖြစ်စရာ အကြောင်းကို မရှိတော့ပြီပဲ။ လူတိုင်းတော့ လိုက်နာနိုင်မယ် မဟုတ်ဘူး။ ဒါပေမယ့် ညီမနဲ့ အစ်ကိုကတော့ မလိုက်နာနိုင်စရာ အကြောင်း ရှိမှာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။
    ထိုမိန်းကလေး။ ။ အင်း..ဒီလိုဆိုတော့လဲ ဟုတ်ပါတယ် အစ်ကို။ ညီမ အဲလိုစိတ်ဓာတ်မျိုးမွေးမြူ နိုင်အောင် ကြိုးစားကြည့် ပါ့မယ်။
    တတိယနေ့
    ထိုပုဂ္ဂိုလ်။ ။ သူငယ်ချင်း …တစ်ခုမေးမလို့။ မင်းတို့ မွတ်ဆလင်မ် လူမျိုးတွေ ဘာကြောင့် ဒီလောက်ဆိုးသွမ်း နေရတာလဲ။ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်တာ တွေ့ရင် မင်းတို့ လူမျိုးပဲ။ လူသတ်တာလဲ မင်းတို့ပဲ။ မင်းတို့က အမြဲသွေးဆာ နေတာပဲနော်။ အမြဲတမ်း မွတ်ဆလင်မ် မဟုတ်သူတွေကို သတ်ဖြတ်နေတာပဲ။ ဘာလို့ မင်းတို့ လူမျိုးကဒီလောက် ရက်စက် ရတာလဲ။
    ကျွန်တော်။ ။ ဒီမှာ…သူငယ်ချင်း။ သူငယ်ချင်းက ရိုးရိုးသားသား သိချင်လို့ မေးတာဆိုရင် ကျွန်တော် ဖြေပါ့မယ်။ ပထမဆုံး ပြောချင်တာက မွတ်ဆလင်မ်ဆို တာလူမျိုး တစ်မျိုးကို ရည်ရွယ်ပြီးခေါ်တာမဟုတ်ဘူး။ အစ္ဂ္စလာမ်သာသနာ ကိုသက်ဝင်ယုံကြည်တဲ့ သူတွေကို ခေါ်တာ။ အစ္ဂ္စလာမ် ဆိုတာ ငြိမ်းချမ်းခြင်း ဆိုတဲ့ အဓိပါယ် သက်ရောက်တယ်။ မွတ်ဆလင်မ်ဆိုတာက အဲဒီငြိမ်းချမ်းရေးလမ်းစဉ် ကို ဖ၀ါးခြေထပ် လိုက်နာတဲ့ အမိန့်နာခံသူများ လို့ အဓိပါယ်ရတယ်။ အဲဒီတော့ တကယ့်မွတ်ဆလင်မ်ဆိုတာက အခုနခင်ဗျားပြောတာတွေ နဲ့ ဖီလာဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေ။ လူလူချင်း လေးစား ချစ်ခင်သူတွေ။ အဲဒီလို သူမျိုးတွေကို ခေါ်တာ။ ဒါပေမယ့် တစ်ချို့သော မွတ်ဆလင်မ်ပါ ဆိုတဲ့ သူတွေရဲ့ လုပ်ရပ်ကြောင့် အစ္ဂ္စလာမ် သာသနာအပေါ် တစ်ပါးသူတွေရဲ့ အမြင်တိမ်းစောင်းမှုခံနေရတာက အလွန်ကို ၀မ်းနည်းစရာကောင်းတဲ့အရာပဲ။ ခုန ခင်ဗျား စွပ်စွဲနေသလိုပေါ့။
    ထိုပုဂ္ဂိုလ်။ ။ ကျွန်တော်စွပ်စွဲ နေတာမဟုတ်ဘူးလေ။ အဖြစ်အပျက်တွေ အပေါ်အခြေခံပြီး ပြောတာလေ။ ခင်ဗျားကြည့်လေ။ အသေခံပြီး ဗုန်းခွဲသတ်ဖြတ်နေကြတာလဲ ခင်ဗျားတို့ မွတ်ဆလင်မ် တွေပဲ။ အခြား ဘာသာတရားတွေရဲ့ အမွေအနှစ်တွေကို ဖျက်စီးနေတာလဲ ခင်ဗျားတို့မွတ်ဆလင်မ်ပဲ ။ အခုလဲ နေရာတိုင်းမှာ ပြသနာတွေ ရှာနေကြတာလဲ ခင်ဗျားတို့ မွတ်ဆလင်မ်တွေပဲ မဟုတ်လား။
    ကျွန်တော်။ ။ သူငယ်ချင်း..။ ခုလေးတင်.. ကျွန်တော် ရှင်းပြခဲ့ပါပြီး ။ မွတ်ဆလင်မ် ဆိုတဲ့ အဓိပါယ်ကို။ ဒီမှာ ကျွန်တော် ပြောမယ်။ ဘာသာတရားနဲ့ လူမျိုး ကို ခင်ဗျား ခွဲခြားပြီး ရှုမြင်စေချင်တယ်။ လူမျိုးဆိုတာ ပြောင်းလဲ လို့မရတဲ့ မွေးရာပါဗီဇ တရားပဲ။ ဘာသာတရားဆိုတာက ပြောင်းလဲလို့ရတဲ့ လူတွေရဲ့ ရပ်တည်ချက် နဲ့ ယုံကြည်မှုပဲ။ ဒီတော့ နိုင်ငံတစ်ချို့က လူမျိုးတစ်ချို့ ရဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး မွတ်ဆလင်မ်တွေ ဆိုတဲ့ ဘာသာတရား အပေါ် ယိုးစွပ် အပစ်တင်လို့မရဘူး။ ဥပမာ ဗုဒ္ဂ္ဓဘာသာ ဆိုတာ ဗမာလူမျိုးက ပိုင်တာမဟုတ်ဘူး။ ဗုဒ္ဂ္ဓရှင် ကိုယ်တော်ရဲ့ လမ်းစဉ်ကို ယုံကြည်တဲ့ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ပြောရမယ်ဆိုရင် အာရပ် လူမျိုးတစ်ယောက်က ဗုဒ္ဂ္ဓ ဘာသာကို ယုံကြည်ကိုးကွယ်လိုက်လို့ ဗုဒ္ဂ္ဓ ဘာသာ မြန်မာလူမျိုး ဖြစ်မသွားဘူး။ သူက ဗုဒ္ဂ္ဓဘာသာ အာရပ်လူမျိုးပဲ။ ထိုနည်းလည်းကောင်းပဲ အင်္ဂလိပ်ကြီးတစ်ယောက် က ဗုဒ္ဂ္ဓ လမ်းစဉ်ကို သဘောကျလို့ သံဃာ အဖြစ်ခံယူမယ်ဆိုရင်လဲ ဗုဒ္ဂ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီး ဖြစ်မသွားပဲ ဗုဒ္ဂ္ဓဘာသာ အင်္ဂလိပ် ဘုန်းတော်ကြီးပဲ ဖြစ်နေမှာပဲ။ ဒီလိုပဲ ဗမာလူမျိုးကလဲ အစ္ဂ္စလာမ် ဖြစ်နိုင်တယ်။ ကရင် လဲ ဖြစ်နိုင်တာပဲ။ အာရပ်လဲ ဖြစ်နိုင်သလို၊ ဂျာမန်လဲ ဖြစ်နေနိုင်တာပဲ။ ဒီတော့ အဲဒါကို အရင်ရှင်းရှင်းလင်းလင်း မြင်စေချင်တယ်။
    ပြီးတော့…. ဆက်ပြောချင်တာက ခင်ဗျားအခုနပြောတဲ့ အသေခံဗုန်းခွဲ မှုတွေ အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေက အာရပ်ကမ္ဘာ နဲ့ မွတ်ဆလင်မ် တိုင်းပြည်တစ်ချို့ မှာဖြစ်နေတယ် ဆိုတာ ကျွန်တော် မငြင်းဆန်ပါဘူး။ ဒါပေမယ့် ခင်ဗျားကို ပြောပြချင်တာက အာရပ်ဆိုတိုင်း မွတ်ဆလင်မ် မဟုတ်ဘူး။ အာရပ်တွေမှာ လဲ မွတ်ဆလင်မ် မဟုတ်သူ ခရစ်ယာန်တွေ၊ ဂျူးလူမျိုး တွေနဲ့ ဗုဒ္ဂ္ဓဘာသာဝင်တွေ ရှိကြသေးတယ်။ နောက်တစ်ခုက ဖြစ်ရပ်တိုင်းမှာ အကြောင်းတရားတွေဆိုတာ ရှိတယ်။ ဘာလို့ အသေခံဗုန်းခွဲ မှုတွေ ဖြစ်နေတာလဲ။ ခင်ဗျား စဉ်းစားကြည့်ဘူးလား။ ခင်ဗျားကိုယ်တိုင်ကော အသေခံ ဗုန်းခွဲ မယ်လို့ စဉ်းစားဘူးလား။ သေချာတယ်။ ခင်ဗျား ဘယ်တုန်းကမှ စဉ်းစား ၀ံ့မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ လူဆိုတာ အသားနာရမှာကို အင်မတန်ကြောက်ပြီး ကိုယ့်အသက်ကို အင်မတန်မှ တန်ဘိုး ထားတတ် ကြတာကိုး။ ဒီအတိုင်းပဲ… ဟိုလူတွေကလဲ လူသားတွေပဲ။ ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သေခြင်းတရား ဆိုတာကို ကြောက်ရွံကြတယ်။ ခုလို အသေခံဗုန်းခွဲလိုက်လို့ ဆိုးဆိုးရွားရွား သေသွားမှာကို သူတို့ လဲ ထိတ်လန့် တုန်လှုပ်ကြမှာပဲ။ ဒါပေမယ့် ဘယ်အကြောင်းတရားက သူတို့ကို ခုလို လုပ်ဖို့ တွန်းအားပေးတာလဲ။ ခင်ဗျားသိလား။ ဥပမာ ပြောပြမယ်…။ ပါလက်စတိုင်းတွေ.. သူတို့မြေကို အလုခံရတယ်။ သူတို့ မိသားစုတွေ အသတ်ခံရတယ်။ သူတို့ကို ရက်ရက်စက်စက်ဖိနှိပ်တယ်။ ပါလက်စတိုင်း လူမျိုးမှန်ရင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတယ်။ ဘယ်အချိန်မဆို အစ္ဂ္စရေးလ် အဆိုးရရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ အဖမ်းခံ အသတ်ခံရနိုင်တယ်။ သူတို့ မျက်စေ့ရှေ့မှာ သူတို့ အမေတွေ နှမတွေ မုဒိန်းကျင့်ခံရတယ်။ ဆေးဝါး ရိက္ခာ တွေ၊ နိုင်ငံတကာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖြတ်တောက်ခံရပြီး အငတ်ခံနေရတယ်။ ယုတ်စွအဆုံး သူတို့ အသက်ရှင်သန်ဖို့ သောက်သုံးနေရတဲ့ မြစ်ရေကို ပိတ်ထားပြီး ရေဖြတ်ခံထားရတယ်။ သူတို့မျက်စေ့ရှေ့မှာ သူတို့ ရင်သွေးလေးတွေ ကူကယ်ရာမဲ့ တဖြုတ်ဖြုတ်သေဆုံးနေတယ်။ မိဘတွေနဲ့ ဘိုးဘွားတွေ ရိက္ခာပြတ်လတ်လို့ အားအင်ကုန်ခမ်းပြီးနာမကျန်း ဖြစ်နေတာ ကုသခံခွင့် မရရှာပဲ သေဆုံးနေကြရရှာ တာကို ရင်နာနာနဲ့ မြင်နေရတယ်။ မနက်အလုပ်သွားတဲ့ အဖေက လမ်းမှာ မင်္သကာလို့ အဖမ်းခံရရင် တစ်သက်လုံးပြန်လာခွင့် မရရှာတော့ဘူး။
    ကဲ အဲဒီအခြေအနေတွေမှာ အသက်ရှင်နေရင်လဲ သူတို့ ဘာမှမထူးဘူး။ သူတို့မှာနာကျည်းစရာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတယ်။ ဒီတော့ ရှင်သန်ခြင်းမှာ မျှော်လင့်ချက် မရှိတော့တဲ့ အခါ အာဇာနည် အဖြစ်သေဖို့လမ်းကို သူတို့ရွေးလိုက်ကြတယ်။ ဒါကို အကြမ်းဖက်မှုလို့ ပြောမလား။ ဒီလုပ်ရပ်တွေ ဖြစ်လာအောင် ဖန်တီးပေးနေတဲ့ လမ်းစဉ်တွေကို အကြမ်းဖက်မှုလို့ ခင်ဗျား ဆိုမလား။ ကျွန်တော်ထောက်ခံပါတယ်။ တစ်ချို့ဖြစ်ရပ်တွေက နိုင်ငံရေးသမားတွေရဲ့ အသုံးချခံရတယ် ဆိုတာကို။ သူတို့မှာ ပညာရေးမှ မရရှိရှာပဲ။ သူတို့ မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ ဂုဏ်သိက္ခာ တွေ လုယက်ခံ လိုက်ရပြီပဲ။ ဒီတော့ သူတို့ အလွယ်တကူပဲ အသုံးချခံ အဖြစ်ခံလိုက်ကြတာ၊ အသက်ကို စတေးလိုက်ကြတာ ခင်ဗျားထူးစမ်းတယ် ၊ ရူးနှမ်းတယ် လို့ပြောမလား။ အမျိုးသားရေးဆိုတဲ့ စကားရပ်ရဲ့ အောက်က အကြမ်းဖက်မှုကြောင့် ခင်ဗျားမိသားစုဝင်တွေ အသက်ပျောက်ကုန်မယ် ဆိုလို့ရှိရင်ကော ခင်ဗျား ဘာလုပ်မိမှာလဲ။
    ကဲ..အဲဒါကတစ်ပိုင်း။ နောက်တစ်ခုက အီရတ်မှာ။ မခိုင်လုံတဲ့ ဇီဝလက်နက် ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က ၀င်ပြီး ဗုန်းကြဲတာ။ ဒါက ရေနံကိုအချောင်ရချင်လို့ တိုက်တဲ့ စစ်ပွဲဆိုတာ ဦးဏှောက်ရှိသူတိုင်း သိတယ်။ ဒီလိုနဲ့ သူတို့ဝင်တိုက်ပြီး တိုင်းပြည်ကို အပိုင်စီးတဲ့ဖြစ်ရပ်မှာ အပစ်မဲ့ပြည်သူ သန်းချီပြီး သေဆုံးခဲ့ရတယ်။ ဒီတော့ ကျန်ရစ်သူမိသားစုတွေက ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပေးတဲ့ ကျေးဇူးရှင်ကြီးတွေဆိုပြီး အမေရိကန်စစ်သားတွေကို ထိုင်ရှိခိုးနေကြရမလား။ ဒါမှမဟုတ်ကိုယ့်မိသားစု ၀င်တွေကို သတ်ဖြတ်တဲ့ သူတွေကို လက်စားပြန်ချေကြမလား။ ခင်ဗျားက သူတို့ သတ်ဖြတ် ညှင်းပန်းခံနေရတာ ကိုမသိဘူး။ ဘယ်သိမလဲ။ ခင်ဗျားတို့ ကျွန်တော်တို့ စားသုံးနေတဲ့ မီဒီယာက သူတို့ပိုင်လေ။ သတင်းကလဲ တစ်ဖက်သတ် သတင်းတွေလေ။ အီရတ် လူမျိုးတွေက ခဲလုံးနဲ့ ပြန်ပေါက်ရင် ရက်စက်တဲ့ အကြမ်းဖက်သမားတဲ့။ အမေရိကန်ကတော့ ဗုန်းကျဲချတာက အမေရိကန် တိုင်းပြည်နဲ့ လူမျိုးလုံခြုံရေးတဲ့။ မီဒီယာက အဲလိုတွေဖေါ်ပြတယ်။ ကိုလိုနီ ခောတ်ကလိုပေါ့၊ တိုင်းပြည်ကို ကာကွယ်ခဲ့တဲ့ ဆရာစံနဲ့ တော်လှန်ရေး နောက်လိုက် တွေက သူပုန် ဆိုတဲ့ ကင်ပွန်းတပ်ခံရပြီး အင်္ဂလိပ်တွေရဲ့ ခေါင်းဖြတ် သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေ အတွက်တော့ သူတို့က ဟီးရိုးပဲ။
    နောက်ထပ် ခင်ဗျားပြောတဲ့ စကားထဲမှာပါတယ်။ ပြသနာတွေ ဖြစ်နေတာက အရှေ့အလယ်ပိုင်းလို မွတ်ဆလင်မ်တွေ အနေများပြီး သဘာဝ သယံဇာတတွေတဲ့ နိုင်ငံတွေနဲ့ အာဖဂန်နဲ့ ပါကစ္စတန်လို ပထ၀ီ အနေအထားအရ မဟာဗျူဟာ ကျတဲ့ နေရာမျိုးတွေ။ ခင်ဗျား စဉ်းစားတတ်ရင် သိနိုင်ပါတယ်။ ဘာလို့ အဲဒီနေရာတွေမှာ ပြသနာတွေ ဘာလို့ဖြစ်နေတာလဲ။ အနောက်နိုင်ငံတွေရဲ့ အလွန်အမင်း လိုအပ်နေတဲ့ စွမ်းအင် နဲ့ သယံဇာတ ပြသနာတွေနဲ့ ဘယ်လိုဆက်စပ်နေလဲ။ မွတ်ဆလင်မ် တွေကို အကြမ်းဖက်သမားပါလို့ သမုတ်ခြင်းအားဖြင့် အမေရိကန်နဲ့ အနောက်တိုင်းက ဘယ်လို အကျိုးအမြတ်တွေ ရနေလဲ။ မီဒီယာတွေက ဘာလို့ အကွက်ကျကျနဲ့ မွတ်ဆလင်မ်တွေကို အကြမ်းဖက်သမားတွေ အဖြစ်ပုံဖေါ်နေလဲ။ အဲဒါတွေကို သိချင်ရင် ခင်ဗျား Social Science နဲ့ Concurrent Global Politic ကို လေ့လာရင် အလွယ်တကူသိနိုင်တယ်။
    ဥပမာ တစ်ခုပေးမယ်ဗျာ..။ စစ်အေးကာလတုန်းက ဟောလီးဝုဒ် ရုပ်ရှင်တွေကို ခင်ဗျား ကြည့်ရင် အဲမှာ လူဆိုးတွေ ဗီလိန်တွေ အားလုံးက ရုရှားတွေပဲ။ ဘာလို့လဲဆို တော့ အမေရိကန်က ဆိုရှယ်လစ်ဝါဒကို အပြုတ်တိုက်ချင်တော့ ၀ါဒမှိုင်းကို မီဒီယာနဲ့ ဖြန့်တာကိုး။ ဟော အခုကြည့် ဟောလီးဝုဒ်ရုပ်ရှင် တိုင်းမှာ လူဆိုးတွေက အာရပ်တွေပဲ။ ဒါတွေကို ကြည့်ဖန်များတော့ ခင်ဗျားတို့ ခေါင်းထဲမှာ မစဉ်းစားပဲ နဲ့ မွတ်ဆလင်မ်ဆိုရင် လူဆိုးတွေလို့ အလွယ်တကူ လက်ခံလိုက်တယ်။ ဒီတော့ အကျိုးအမြတ်က ဘာရလဲဆိုတော့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက မွတ်ဆလင်မ် တိုင်းပြည်တွေကို ကျူးကျော်ပြီး သယံဇာတတွေအပေါ် အမြတ်ထုတ်လို့ရှိရင် တစ်ခြားသူတွေက လူဆိုးတွေကို နှိမ်နှင်းတာလို့ မြင်ပြီး အမေရိကန်နဲ့ အနောက် ကမ္ဘာက နေရင်းထိုင်ရင်း ကမ္ဘာ ကြီးကို ကယ်တင်တဲ့ ကယ်တင်ရှင်တွေ ဖြစ်သွားပါလေရော။ ဘယ်လောက်ကောင်းလဲ ( Cross-Cutting) တစ်ချက်ခုတ်. အပိုင်းပိုင်း ပြတ်ပဲလေ။
    ထိုပုဂ္ဂိုလ်။ ။ ဟုတ်ပါပြီ။ ဒါကိုတော့ ကျွန်တော် လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဘာလို့ အခြားဘာသာ ၀င်တွေရဲ့ သာသနိက အစောက်အဦ တွေကို ဖျက်စီးရတာလဲ။ ဘာလို့ မဆိုင်တဲ့ အပစ်မဲ့သူတွေကို သတ်ဖြတ်ရတာလဲ။
    ကျွန်တော်။ ။ အိုကေ။ ကျွန်တော် ရှင်းပြ ပါရစေ။ ဗုဒ္ဓ ဘာသာဝင် တွေ အရက်ဆိုင် တစ်ဆိုင်မှာ အရက်ထိုင်သောက် နေတာကို တွေ့တာနဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အားလုံးက အရက်သမားတွေ လို့ စွပ်စွဲလို့ ရမလား။ ဗုဒ္ဓဘာသာက အရက်သောက်တာကို ခွင့်ပြု လက်ခံထားတယ်လို့ ခင်ဗျားဆိုလို နိုင်မလား။ ဘယ်လိုမှ ပြောလို့မရဘူး။ ဗုဒ္ဓသာသနာ ဟာအလွန်ကို သန့်စင်မွန်မြတ်သလို သီလ တရား ကိုခါးဝတ်ပုစိုး လိုစောင့်ထိန်းခိုင်းတယ်။ ဒီတော့ကာ ဟိုအရက်သောက်နေတဲ့ သူတွေဟာ ဗုဒ္ဓ ရဲ့လမ်းစဉ်ကို လိုက်နာကျင့်သုံး နေတဲ့ သူတွေမဟုတ်ဘူး ဆိုတာ အလွယ်တကူ သိနိုင်တယ်။ သူတို့ရဲ့ ဘာသာတရားနဲ့ ဖီလာ ဆန့်ကျင်တဲ့ ကျင့်သုံးလုပ်ဆောင်မှု တွေကြောင့် သူတို့ လက်ခံထားပါတယ်ဆိုတဲ့ သာသနာရဲ့ ပုံရိပ်ပါ ထိခိုက်လာတယ်လေ။ ဒီလိုပဲပေါ့ မွတ်ဆလင်မ် ပါဆိုတဲ့ တစ်ချို့သော သူတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် လူများစုဖြစ်တဲ့ အေးချမ်းစွာ နေထိုင်လိုတဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ကျွန်တော်တို့ မွတ်ဆလင်မ် အများစုကြီးနဲ့ ဘာသာတရားရဲ့ ပုံရိပ်ပါ ထိခိုက်ရတယ်။
    ခင်ဗျား ရည်ညွန်းနေတာက အာဖဂန်နစ္စတန် မှာ အစွန်းရောက်တဲ့ လူတစ်ချို့က ဗုဒ္ဓ ရုပ်ပွါးတော်ကို ဖျက်စီးတဲ့ လုပ်ရပ်ရယ်၊ ဘင်္ဂလားဒေ့ရှ်မှာ လူအနည်းစုက ဘုန်းကြီးကျောင်းတွေကို ဖျက်စီးတာရယ်၊နဲ့ တစ်ချို့သော ကိစ္ဓ ရပ်တွေကို ရည်ညွန်းချင်တယ်ဆိုတာ ကျွန်တော်သိတယ်။ ခင်ဗျားက သူတို့ ဖျက်စီးတဲ့ သတင်းပဲ နားထောင်တယ်။ သူတို့လုပ်ရပ်ကို ဆန့်ကျင်ရှုန့်ချတဲ့ ကမ္ဘာ အရပ်ရပ်က မွတ်ဆလင်မ် အဖွဲ့ အစည်းတွေရဲ့ ကြေငြာချက်တွေနဲ့၊ ကမ္ဘာ့မွတ်ဆလင်မ် ထုရဲ့ ကန့်ကွက်တဲ့ အသံတွေကို ခင်ဗျားမှ ဂရုပြု နားမထောင်ပဲ။ ဒါကလဲ ခင်ဗျားအလွန် မဟုတ်ပါဘူး။ မီဒီယာတွေရဲ့ အကွက်ကျကျ လှုံဆော်ဖန်တီး မှုတွေရယ်၊ ကမ္ဘာ့ အလယ်မှာ မွတ်ဆလင်မ်ကို ဘုံရန်သူ လူဆိုးကြီးအဖြစ် ပုံဖေါ်ချင်တဲ့ ဘာသာရေး နဲ့ နိုင်ငံရေး အစွန်းရောက် သမားတွေရဲ့ ၀ါဒမှိုင်း တိုက်မှုတွေရယ် ကြောင့်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အစ္ဓလာမ် ထဲမှာလဲ အစွန်းရောက်တဲ့ သူတစ်ချို့ ရှိတာကို ကျွန်တော်လဲ လက်ခံပါတယ်။ ဒီလိုပဲ ဘာသာတရားတိုင်းမှာ အစွန်းရောက်သူတွေ ရှိတာပဲလေ။ အစ္ဓလာမ့် သာသနိက အစောက်အဦ တွေ လက်ရှိဖျက်စီးခံနေ ရတဲ့ အချိန်မှာ ဖျက်စီးသူတွေကို ဘာလို့ အစွန်းရောက် အကြမ်းဖက်သမားလို့ ဘာလို့ ခင်ဗျားတို့ မပြောလဲ။ ကျွန်တော့် သဘောထားနဲ့ တစ်ကယ့်ကို အစ္ဓလာမ် ကိုလေးစားလိုက်နာ တဲ့သူတွေရဲ့ သဘောထားကတော့ တခြားဘာသာတရား ကို စော်ကားတဲ့ အပြုအမှု လုပ်ရပ်တိုင်းကို ရှုန့်ချတယ်၊ ကန့်ကွက်တယ်။ အဲဒါကို မွတ်ဆလင်မ် ရဲ့ လမ်းစဉ်လို့ မခံယူဘူး။ ထိုနည်းလည်းကောင်းပဲ အခြားဘာသာတရားက အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ရှုံချသလို ဒီလူတွေရဲ့ လုပ်ရပ်ကြောင့် အခြားဘာသာတရား အပေါ် အဆိုးမြင်တဲ့ စိတ်ဓာတ်မျိုးမရှိဘူး။
    ခင်ဗျားကို တစ်ခုပြောမယ်။ ကားတစ်စီးကို ဥပမာပေးကြည့်မယ်။ အရက်မူးသမား တစ်ယောက်က အဲဒီကားပေါ် တက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်တယ်။ လူတွေသေတယ် ဆိုပါတော့။ ဒီတော့ကာ ခင်ဗျားက ကားဆိုတဲ့ အမျိုးကိုက မကောင်းပါဘူးကွာ။ ကားကြောင့် လူတွေသေရတယ်။ ကားတွေကို ဖျက်စီးသင့်တယ်လို့ ကားကို အပစ်တင်မလား။ အရက်မူးပြီး မဆင်မခြင်မောင်းတဲ့ ကားမောင်းသူကို အပစ်တင်မလား။
    ထိုပုဂ္ဂိုလ်။ ။ ဟ..ရှင်းနေတာပဲဗျာ။ ကားမောင်းတဲ့ သူကိုအပစ်တင်ရမှာပေါ့။ ဘာကြောင့် ကားကို မဆီမဆိုင် အပစ်တင်ရမှာလဲ။ ကားက လူကိုအကျိုးပြုတဲ့ အရာပဲဟာ။
    ကျွန်တော်။ ။ အင်း ဒါဆို မွတ်ဆလင်မ်ပါ ဆိုတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် အစ္ဓလာမ် ဘာသာနဲ့ မွတ်ဆလင်မ် အကုန်လုံးကို ဘာကြောင့် သိမ်းကြုံး အပစ်တင်ချင်ရတာလဲ။ အာဖဂန်နိစ် တွေရဲ့ လုပ်ရပ်ကို ခင်ဗျား အပစ်တင်လို့ရတယ်။ အဲဒါ မွတ်ဆလင်မ့် ရဲ့ လမ်းစဉ်မဟုတ်ဘူး။ ထိုနည်း လည်းကောင်းပဲ တစ်ခုခုကို ပစ်တင်ဝေဖန်တော့မယ် ဆိုရင် အကြောင်းရင်းကို ဆန်းစစ်ဖို့ရယ်၊ လူမျိုး၊ ဘာသာဝင်နဲ့ ဘာသာတရားကို ခွဲခြားမြင်တတ်ဖို့ရယ်က အရေးအရမ်းကြီးတယ်။ အကွက်ဆင်ထားတဲ့ သတင်းလိမ်တွေ၊ နိုင်ငံရေး ထောင်ခြောက်တွေ၊ ဘာသာရေးအခြေခံ ပြီး အကျိုးအမြတ်ရှာတဲ့ ၀ါဒတွေ ဒါတွေကို ဆန်းစစ်တတ်ဖို့ လိုတယ်။ နားလည်တတ်ဖို့လိုတယ်။ အကြောင်းအရင်းခံက ဘာလဲဆိုတာ မြင်တတ်ဖို့ နဲ့ အခြေအနေမှန်ကို လေ့လာ ဆန်းစစ်နိုင်ဖို့ ကသတင်းစားသုံးမှုရဲ့ ပဓာန လိုအပ်ချက်ပဲ။ ခင်ဗျားကို ဖြစ်ရပ်တစ်ခု ဥပမာ ပြချင်တယ်။ ၁၉၉၈ တုန်းကလောက်ဖြစ်မယ်။ အမေရိကန်မှာ အိုကလာဟိုးမား က ကုန်တိုက်တစ်ခု ဗုန်းခွဲတိုက်ခိုက် ခံရတယ်။ ချက်ချင်းပဲ ကမ္ဘာ့ မီဒီယာ ထိပ်တန်း သတင်းဌာန တွေက အစ္ဓလာမ်မစ် အကြမ်းဖက်သမားတွေ ရဲ့ လုပ်ရပ်လို့ မဆိုင်းမတွ သတင်းတိုင်းမှာ ဖေါ်ပြတယ်။ အဲဒီ အချိန်တုန်းက မီဒီယာတိုင်းမှာ မွတ်ဆလင်မ် အကြမ်းဖက်သမားတွေရဲ့ အိုကလာဟိုးမား ဗုန်းခွဲမှုကြီး ဆိုတာ ထိပ်တန်း ခေါင်းစည်းသတင်းပဲပေါ့။ တစ်ကယ်တမ်းလဲ ဗုန်းခွဲတဲ့ သူဆိုတာ အမေရိကန် စစ်သားဟောင်း ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဆိုတာလဲ သိရရော။ အဲဒီသတင်းကိုကျတော့ အရေးမကြီး တဲ့ သတင်းတိုလေးအဖြစ်နဲ့ နောက်ကျောမှာ တာဝန်ကျေဖေါ်ပြ ယုံလေးလုပ်ကြတယ်။ ဒါပေမယ့် ခင်ဗျား စဉ်းစားကြည့်ပါ။ အဲဒီအချိန်မှာ အစ္ဓလာမ် တွေရဲ့ အကြမ်းဖက်မှုပါလို့ လူတော်တော်များများ က လက်ခံပြီးနေပြီ။ အစ္ဓလာမ် ကို အဆိုးမြင်နေခဲ့ကြပြီ။ ဒီလိုမျိုး ဖြစ်ရပ်တွေက ဒုနဲ့ဒေး ပဲ။ ကဲပါ ထားပါတော့ ကျွန်တော် တော်တော်ကြီးကို ရှည်ရှည်လျားလျား ရှင်းပြခဲ့ပြီး။ ခင်ဗျား အတိုင်းအတာ တစ်ခုအထိ သဘောပေါက်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
    ထိုပုဂ္ဂိုလ်။ ။ အေးပါ.. ညီလေးရာ။ အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    ယနေ့
    ယနေ့မနက် ကျွန်တော် အိပ်ယာထသည်။ မှန်ကိုကြည့်မိတော့..။ အား..လား…လား..။ ကျွန်တော့် မျက်နှာနဲ့ တစ်ကိုယ်လုံး တပါးသူတွေရဲ့ ဆင်ခြေမဲ့ အမုန်းတွေနဲ့ ပေကျံနေသည်ပဲ။ ရေပန်းနှင့် အားရပါးရ အမုန်းများကို ဆေးကျောပြီးတော့ ကျွန်တော် အတော် ပေါ့ပါးသွားသည်။ ဒီနေ့ မနက်ခင်းကို ကျွန်တော် ရင်ဆိုင် ရဦးမည်ပဲ။ ကိစ္ဓ မရှိပါ။ ကျွန်တော့်တွင် ဘာသာမတူသော်ငြား အတွေးအခေါ်ပွင့်လင်းသော သူငယ်ချင်း မိတ်ဆွေပေါင်း မြောက်များစွာ ရှိသည်ပဲ။ အမုန်းတရား ကင်းစင်သော အနာဂတ် တစ်ခု ဖန်တီး တည်ဆောက်နိုင်ရေး ကျွန်တော်ကော သူတို့ပါ ကိုယ်စီ စိတ်ထဲ ရှိနေကြသည်ပဲ။ ကျွန်တော် ယုံကြည်သည်။
    အသားအရောင် ခြားနား သော်ငြား၊ ဘာသာ မတူသော်ငြား၊ ယဉ်ကြေးမှု ကွဲပြားသော်ငြား၊ ၀ိဝါဒ ထပ်တူမကျငြား၊ ချစ်ကြည်စွါ အတူရှင်တွဲ နေထိုင်သော လူ့ဘောင်လူ့အသိုင်းအ၀ိုင်း တစ်ခုကို ဘာကြောင့် ကျွန်တော်တို့ မထူထောင်နိုင်ကြမည်နည်း။ သေချာပါသည်။ ထိုလှပသော နေ့ရက်များဆီသို့ မကြာခင် ကျွန်တော်တို့ ရောက်ပေလိမ့်မည်။
    (မှတ်ချက်။ ။ အတွေ့အကြုံ နှင့် ဖြစ်ရပ်များအပေါ် အခြေခံပြီး ဇာတ်လမ်းဆင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ မည်သူ့ကိုမှ ထိခိုက်စော်ကား လိုစိတ် အလျင်းမရှိပါ။ ဘာသာပေါင်းစုံချစ်ကြည်ရေး ကိုရည်သန်လျက်)
  • ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ
    ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ
    အရှင်ရာဟုလာ (မစိုးရိမ်)
    “လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။
    “မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံ တရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။
    အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေး စားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
    ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင် ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက် အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။
    အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာ လည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
    အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် – ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား – ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
    အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက် အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။
    ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။
    ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေ မှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
    ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။
    ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေ အပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန် ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံ နဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
    မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
    အရှင်ရာဟုလာ (မစိုးရိမ်) ။
  • သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ? (by ကောင်းကင်ကို)
    သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ? (by ကောင်းကင်ကို)
    အောက်တိုဘာ၊ ၂၈၊ ၂၀၁၂
    ဆောင်းပါးရှင်၊ ကောင်းကင်ကို
    ဒီလို သတင်းဌာနကြီးတွေရဲ့ သတင်းတွေကြောင့်လည်း လူတွေ ဒီလောက်သွေးဆူနေတာ။
    သတင်းက
    ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို
    ရန်ကုန်၊ အောက်တိုဘာ ၂၇
    ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။
    ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။
    “မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်” ဟု ဦးမျိုးကျော် က ရှင်းပြသည်။
    ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။
    ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
    ************************************
    သတင်းခေါင်းစဉ်က ထင်ယောင်ထင်မှား ဖြစ်အောင် တမင်လုပ်တာလား၊ သတင်းပညာ မပြည့်ဝတာလားတော့ မသိဘူး။ ဒါမျိုးခေါင်းစဉ်က သတင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ အဲဒီ့ သတင်းကို ခေါင်းစဉ်ပေးမယ်ဆိုရင် တကယ်ဖြစ်သင့်တာက “ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို” အစား “နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ဆို” လို့ ဖြစ်သင့်တယ်။ အခုဟာက အမှတ်တမဲ့ဆိုရင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေသလို ထင်ရတယ်။ ယက်တော ကိစ္စတုန်းက သတင်းတခုလိုမျိုး အခုဟာက ဖြစ်နေတယ်။ အဲဒီ့တုန်းက ဝန်ကြီးတယောက်လား အစိုးရ အရာရှိတယောက်လား မသိဘူး။ ဒေါ်စုနဲ့ ယက်တောကို ဘလိုင်းကြီး သမုတ်တယ်။ သတင်းတခု ခေါင်းစဉ်တပ်ပုံက “ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် ရည်းစား” ဆိုတဲ့သဘောမျိုး (အတိအကျ မမှတ်မိတော့ပါ။ နောက် ပြင်လိုက်ရတယ်။ အဲလိုမျိုး တပ်လိုက်တယ်။ တကယ် ဖြစ်သင့်တာက ဥပမာ ပြောသူက ဝန်ကြီးဆို၇င် “ယက်တောသည် ဒေါ်စုရည်းစားဟု ……ဝန်ကြီးပြော) …အဲလိုမျိုး တပ်ရမှာပေါ့။
    အခုကိစ္စကို ပြောရင်ရင် The Voice ဂျာနယ်က အရင်ကတည်းက ကျင့်ဝတ်နဲ့ ညီခဲ့တာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ INGO တွေကို အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိလို့ အစိုးရက ဖမ်းတယ်ဆိုတဲ့ သတင်းတုန်းကလည်း အင်တာနက်မှာ အထောက်အထားပြည့်စုံစွာနဲ့ ဖမ်းမိတယ် ဆိုတဲ့ သတင်းကို တင်တယ်။ တကယ်က အဲဒီ့အထောက်အထားမိတယ် ဆိုတာက ဘယ်သူပြောတာလဲ။ အစိုးရ အရာရှိ တယောက်ယောက် ပြောတာလား။ ပါးစပ်သတင်းကိုပဲ ထည့်ရေးလိုက်တာလား…အဲဒါကို သေချာဖော်ပြရမယ်။ နောက် အဲဒီ့ဝန်ထမ်းအမျိုးသမီးရဲ့ နာမည်တွေ ဓါတ်ပုံတွေလည်း သတင်းblog တွေမှာ အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြန့်ရော။ နောက်ပြီးတော့လည်း ဘာမှ မဟုတ်ဘူး။ အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် အမေရိကန်ကရော အငြိမ်နေမလား။ တကယ် မဟုတ်ရင် အသရေ အဖျက်ခံရသူ အတွက်လည်း အရမ်းနစ်နာပါတယ်။ ပြည်သူလူထုကိုလည်း အထင်အမြင်လွဲမှားအောင် သွေးထိုးပေးရာ ကျပါတယ်။ နောက်ပြီေးတာ့ အဲဒီ့သတင်းကို ဝက်ဘ်ဆိုဒ်ကနေ ပြန်ဖြုတ်လိုက်တဲ့အခါမှာကျတော့ ပြန်လည်း တောင်းပန်ခြင်း မရှိပါဘူး။ သတင်းကျင့်ဝတ်ကို အလွန်အမင်း ချိုးဖောက်သလို ဖြစ်နေတယ်။ တကယ် အဲ့ဝန်ထမ်းတွေ အဲလို Link တွေ ရှိနေတယ်ပဲ ထားပါတော့။ document တွေက သတင်းကို အပြည့်အစုံရအောင် လိုက်ပြီးမှ သေချာရေးသင့်တယ်။ ခုက နိုင်ငံကိုဆောက်တည်မဲ့ စတုတ္ထ မဏ္ဍိုင်ကြီးတွေလို့ ပြောပြီး အရပ်သတင်းတွေထက်တောင် အဆင့်နိမ့်နေတယ်။
    အခုသတင်းရဲ့ သတင်းခေါင်းစဉ် ကိစ္စကို ပြောပြီးရင် content ကိစ္စကို ပြောချင်တယ်။ ALD က အဲလို ပြောတယ်ဆိုရင် အဲလိုပြောတဲ့ အကြောင်း သတင်းရေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုက source တခုတည်းကိုပဲ တဘက်သတ်မေးပြီး ရေးထားတယ်။ တခြားတဘက်ကို မမေးထားသလို၊ ဒေသတွင်းက တခြားလူတွေ၊ ဒေသတွင်းက ရှိတဲ့ တခြားအဖွဲ့အစည်းတွေ၊ နောက် အဲဒီ့ အစွပ်စွဲခံရတဲ့ INGO တွေ၊ နောက် OIC ကိုလည်း ဆက်သွယ်ပြီး မေးသင့်တယ်။ ပြီးတော့ ခေါင်းစဉ်ကို တဘက်သတ် တပ်ထားတယ်။ observation လည်း ဘာမှ လုပ်မထားဘူး။ သူပြောတာချည်း ချရေးထားတယ်။ (How, what, why, when, where, who) ဆိုတဲ့ question တွေကို အဲဒီ့သတင်းဌာနတွေ မသိလေရော့သလား? နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြော၇တာ အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင် ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ… ရေးထားတာက “မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း” လို့ ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ၇တာတွေက … ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့ သူတို့က ရှို့တာလား (ဒါဆို၇င်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့ ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့ ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ် သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက ပြောတာလဲ။ တမင်လုပ်ကြံဖန်တီးထားတာကို ပြောလိုက်တာလား…အိမ်မီးလောင်သွားတဲ့ မွတ်စလင်တွေကရော ဘာပြန်ပြောလဲ? အဲဒါမျိုးတွေကို သေချာ observation လုပ်ဖို့ လိုပါတယ်) တခြား observation လုပ်လို့ ရတာတွေ အများကြီး ရှိပါသေးတယ်။ အခုလို ရေးထားတာကတော့ ALD ရဲ့ ဝါဒကို propaganda သဘောမျိုး ဝါဒဖြန့်ပေးရုံ အဆင့်ပဲ ရှိပါတယ်။
    ဟုတ်ပြီ။ သတင်းကိုသာ သေသေချာချာ ရေးတယ်ဆိုရင် နောက်ထပ် ဆက်လိုက်စရာတွေ အများကြီး ရလာမှာ ဖြစ်သလို ဦးမျိုးကျော် ပြောတာ ဟုတ်ရင် INGO နဲ့ OIC ကို တရားစွဲလို့ ရမှာ ဖြစ်သလို (တကယ် သူတို့ဖန်တိးတာသာဆိုရင် တရားစွဲရမှာပေါ့) တကယ်လို့ အဲဒါမှားရင်တော့ မသင့်လျော်တဲ့ ခေါင်းစဉ်နဲ့ တဘက်သတ် ဖော်ပြတဲ့ သတင်းဌာနနဲ့ပြောသူတွေကို တရားစွဲခံရနိုင်ပါတယ်။ ဒါမျိုးသတင်းတွေကို အင်္ဂလိပ်လို ဘာသာပြန်သင့်ပါတယ်။ ဒါမှလည်း တကယ်ဟုတ်နေရင်  INGO တို့ OIC တို့က တာဝန်ရှိသူတွေက အဖွဲ့တွေထဲက အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူလို့ ရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပွဲဆူအောင် လုပ်တဲ့အတွက် အဲဒီ့သတင်းဌာနနဲ့ ပြောသူမှာ တာဝန်ရှိပါတယ်။
    သတင်းဖတ်သူတွေလည်း သိသင့်ပါပြီ။ တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ သဘာဝကျရဲ့လား ။ တကမ္ဘာလုံးမှားနေတယ်ဆိုရင်  မြန်မာနိုင်ငံကိုပဲ(မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ) ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့ ကင်တားနားက အစ ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေပြီလား။ OIC ကို လက်မခံတာက ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။ ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းညှိုးနေတာလား။ လဝက က လာဘ်စားတာက အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင် မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ဟိုမှာ မနေဘဲ ဘာလို့ နိုင်ငံမဲ့ အဖြစ် ဒီမှာ လာနေတာလဲ? ဗိုက်ပူနံကားလေးတွေ သူတို့ထဲမှာ အများကြီးတွေ့တယ်။ အဲဒီ့လူတွေမှာ လာဘ်ထိုးနိုင်တဲ့ ပိုက်ဆံ ရှိပါ့မလား။ တခုတော့ ၇ှိတယ်။ တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။ တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို ဘယ်လိုလုပ်မလဲ။ ဥပမာ ပေးရရင် ကိုယ့်မျိုးဆက်မှာ စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက် ကိုယ့် မြေးမြစ်တွေကျမှ အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်ရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ။ ကိုယ် အဲ့လိုလူ ဖြစ်ရင်ရော ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ? အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင် သူတို့ဟာ မွေးရာပါ ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက အပြစ် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နှိမ်နင်းရမှာက တပိုင်းပါ။
    ရေးချင်တိုင်းသာ ကျင့်ဝတ်မဲ့ ရေးနေမယ် ဆိုရင် ရေးနေတဲ့ သတင်းဌာနတွေဟာ…. ပဋိပက္ခရဲ့ နှစ်ဘက်လုံးက ကိုယ်တိုင် မီးရှို့သူတွေထက်တောင် အပြစ်ကြီးသေးတယ်၊ ဆိုးကျိုးသက်ရောက်မှု ပိုကြီးတယ်လို့ ကျနော်ယူဆပါတယ်။ တဘက်သတ် ရေးသားချက်တွေဟာ သွေးပိုဆူစေမှာပါ။ Facebook မှာကတော့ လူပေါင်းစုံ ရှိတဲ့အတွက် ထိန်းဖို့ သိပ်မလွယ်ပါဘူး။ နိုင်ငံရဲ့ အဓိက သတင်းဌာနကြီးတွေလို့ ခံယူထားသူတွေ အနေနဲ့တော့ ထိန်းသိမ်းဖို့ လိုပါတယ်။
    သတင်းကျင့်ဝတ် အကြောင်းရေးရင်းနဲ့ တခြားအတွေးတွေကိုပါ ဖြည့်ရေးဖြစ်ပါတယ်။
    ပုံက http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theater က ဟာကို အောက်တိုဘာ ၂၈ ရက်နေ့  ထိုင်းစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၇ မိနစ်မှာ screen shot ဖမ်းထားတာပါ။
    (by ကောင်းကင်ကို)
  • သြော်  …  ဒီလိုလား ?  ရပါတယ်၊  ပြုံးပြုံးလေးနဲ့ နေပါ့မယ်
    သြော် … ဒီလိုလား ? ရပါတယ်၊ ပြုံးပြုံးလေးနဲ့ နေပါ့မယ်
    အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂
    M-Media
    မရေးချင်ပေမယ့် ရေးဖို့ဖြစ်လာပါတယ်။ ဆန္ဒကြောင့် မဟုတ်ဘူး။ တွန်းအားတွေ ဖိအားတွေ ပေးလာတာကြောင့်ပါ။ သို့ဖြစ်လေသောအခါ …..  ဒီလိုရေးသားတင်ပြရကောင်းလားလို့ အပြစ်ဖို့လိုသူတွေ အဖို့ ရေးသားတင်ပြသူထက် တွန်းအား/ဖိအားပေးနေသူများကို ဦးစွာ အပြစ်ဖို့ဝေဖန်အပ်ပါကြောင်း ပဏာမ အစီရင်ခံလိုက်တယ်နော်။
    ” ဗုဒ္ဓဘာသာဝင်တွေပိုင်တဲ့ လယ်၊ အိမ်၊ ခြံ၊ မြေ၊ ပစ္စည်းတွေကို မုစ်လင်မ်တို့ဆီ မရောင်းချပါနဲ့ ” တဲ့။ မွတ်စ်လင်မ်မောင်နှမအပေါင်းတို့ !   စိတ်ညစ်စရာ စိတ်ပျက်စရာ စိတ်တိုစရာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ပြုံးနေရမှာပါ။ ပြုံးပြုံးလေးနဲ့ဘဲ မေးခွန်းပြန်ထုတ်ကြရအောင်လေ ။   သေချာပြီလားလို့ …   ကိုယ့်စကားကို  ကိုယ်ကိုယ်တိုင် တာဝန်ယူထိန်းသိမ်းနိုင်ပြီလားလို့ ….။  အော်သံတိုင်းမှာ ပဲ့တင်သံဆိုတာ ထွက်ပေါ်လာစမြဲဘဲ၊ ဒီတော့ကာ –  စိတ်မဆိုးကြေး  !  ဘွာမခတ်ကြေး  ! နော့ …
    ၁။      ”  ခင်ဗျားတို့ရော  ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေ နဲ့ ကုန်ပစ္စည်းမှန်သမျှ အစ္စလာမ်သာသနာဝင် တွေဆီ လုံးဝ မရောင်းချဘဲ တကယ်နေနိုင်လို့လား ?  ခင်ဗျားတို့ ရည်ညွှန်းနေတာ မြန်မာပြည်က မွတ်စ်လင်မ်တွေကိုလား  ဒါမှမဟုတ်  ကမ္ဘာတစ်ဝှန်းလုံးက အစ္စလာမ်သာသနာဝင်တွေကိုလား ဗျို့  ?    ”
    မြန်မာပြည်ထဲက မွတ်စ်လင်မ်တွေကိုလို့ဆိုယင်  –  မိမိတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဦးဆုံး နိုင်အောင် ထိန်းသိမ်းကြပ်မတ်ပါနော်။ ခင်ဗျားတို့ဖက်က စည်းဖောက်ယင် ခင်ဗျားတို့အလွန်ပါဘဲ ခင်ဗျာ။                နော် နော် နော် !  ကျွန်တော်တို့ ကျွန်မတို့ မွတ်စ်လင်မ်တွေအနေနဲ့ အဲ့ဂလိုမျိုး သဘောထား မရှိသလို အဲ့ဂလိုသတ်မှတ်ချက်မျိုးလည်း မထားတဲ့အပြင် အဲ့ဂလိုမျိုးလည်း ပိတ်ဆို့မှုတွေ မလုပ်တတ်ကြပါ။ ရွှေတံခါးကြီးဖွင့်ထားလျက် ရှိသဗျ။
    ကမ္ဘာတစ်ဝှန်းလုံးက မွတ်စ်လင်မ်တွေဆိုလို့ရှိယင်တော့ –  လိုရင်းဘဲ ပြောပါရစေ။  ၀ံသာနုရက္ခိတ ဆိုတဲ့ အသုံးအနှုန်းကို ဘာမှမဆိုင်တဲ့ ဘာသာရေးစော်ကားမှုမှာ အသုံးပြုနေကြသူများ ခင်ဗျား …….   !  ခင်ဗျားတို့ကိုယ်တိုင်ရော မဟတ္တမ ဂန္ဓီကြီးလို လံကွတ်တီလေးနဲ့ နေနိုင်ကြပြီလားလို့ မေးခွင့်လေးတော့ ပြုစေချင်ပါတယ်။  သိချင်လွန်းလို့ပါ – !
    ၂။      ကြားရတာ နားဝ မချမ်းသာ။  ကျွန်တော်တို့ ကျွန်မတို့အတွက် မဟုတ်ပါဘူး။ သူတို့အတွက် စိတ်မချမ်းသာတာပါ။ လူသားချင်းစာနာထောက်ထားမှု အရပါ။ ဆက်ဆိုပါရစေ – စကားခံထားတယ်နော် –     စိတ်မဆိုးကြေး ….  လို့ ။
    ”  မည်သည့် မွတ်စ်လင်မ်နဲ့မှ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်တွေနဲ့ မပတ်သက်ကြပါနဲ့  ” တဲ့။ ဟုတ်ကဲ့ခင်ဗျာ။ ထပ်မေးပါရစေ – သေချာပြီလား လို့။  ပဲ့တင်သံလေးတစ်ချို့ကို အောက်ပါအတိုင်း ထုတ်လွှင့်ပေးလိုက်ပါသည် –  နားကြပ်လေးတပ်ပြီး နားထောင်ကြပါကုန် – – –
    က။     ဂလိုအော်သူများ မိမိကိုယ်တိုင် စံနမူနာပြ လုပ်ပြစေချင်ပါတယ်။ ရှေ့ကနွား ဖြောင့်ဖြောင့်သွားတဲ့။ ဒါက ရှေးရိုးမြန်မာစကားပုံလေ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စကားမဟုတ်လို့ ဒီစကားကို မနှစ်သက်ယင် ဒီစကားပုံ တီထွင်ခဲ့သူကို အယင်ဆုံးရှာဖွေဖော်ထုတ်ပြစ်တင်ဝေဖန်လိုက်ပါဦးနော်။  မြန်မာနိုင်ငံရဲ့ စီးပွားရေးလောက ထဲက မွတ်စ်လင်မ်တွေရဲ့ကဏ္ဍကို ဖယ်ထုတ်ပစ်ချင်သလား ?  ကမ္ဘာ့မွတ်စ်လင်မ်ထုနဲ့ရော ကုန်သွယ်စီးပွားကဏ္ဍကို ရပ်နားလိုက်ချင်သလား ?  သူတို့အားလုံးကိုယ်စား ကျွန်တော်ကဘဲ အလကားမတ်တင်း ဆွေးနွေးပေးလိုက်ပါ့မယ်။ ရပါတယ် လို့ –  စမ်းကြည့်လိုက်ပါလို့။ ရှေ့ဆက်ဖြစ်လာမှာကတော့ ကိုယ့်အတတ် ကိုယ်စူးမယ့်ကိစ္စဖြစ်တဲ့အတွက် ကိုယ့်စကား နဲ့ ကိုယ့်လုပ်ရပ်ကို မိမိကိုယ်တိုင်ကဘဲ တာဝန်ယူရမှာ ဖြစ်ပါတယ်လို့ သံတမန် စကားလေးနဲ့ ကမ်းလှမ်းလိုက်ပါရစေ။  နော် နော် နော် !  ဒီမိုကရေစီပါလို့ ကမ္ဘာသိအောင်အော်ဟစ်ပြီး မွတ်စ်လင်မ်တွေ၊ ခရစ်ယာန်တွေရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဖို့၊ လက်ဝါးကြီးအုပ်ဖို့၊ လုယက်ဖျက်ဆီးဖို့ ထပ်မံဆက်လက်ကြိုးစားနေကြဦးမယ်ဆိုယင် ဓါးပြတိုက်တာနဲ့ ဘာမှခြားနားမှာ မဟုတ်တော့ဘူးဗျ။ ဒါကို ခေတ်သစ်ဝံသာနုစိတ်ဓါတ် သို့တည်းမဟုတ် ခေတ်သစ်ဗုဒ္ဓ၀ါဒ ဒါမှမဟုတ် ခေတ်သစ် Made in Myanmar ဖက်နာ ၀ါဒ ( ဖက်ဆစ်ဝါဒ + နာဇီဝါဒ ) လို့ ကင်ပွန်းတပ်ကြဦးမှာလား။  မကြံကောင်းမစည်ရာကြီးနော် – တကယ့်ဗုဒ္ဓ၀ါဒီစစ်စစ်များ နဲ့ ကမ္ဘာတစ်ဝှန်းက ဗုဒ္ဓဘာသာဝင်များအဖို့ မျက်နှာဖွက်ထားရမယ့်ကိန်း ဆိုက်တော့မယ်ထင်ပါ့။  အဲ့ဒါ … အဲ့ဒါ … အနော်တို့ မွတ်စ်လင်မ်တွေလုပ်တာမဟုတ်ဘူးနော် ( ကြိုတင်ပြောထားတာ၊ မြှားဦးက လှည့်တတ်လွန်းလို့ )။
    ခ။       လူမျိုး၊ ဘာသာ ဘယ်လိုကွဲပြားပါစေ လူဆိုတာလူတွေနဲ့ဆက်ဆံနေရမှာဘဲဖြစ်တဲ့အတွက် မိမိဖာသာမိမိ ဘောင်သွင်းကန့်သတ်၊ လှောင်ချိုင့်ထဲသော့ခတ်ပြီး သီးခြားလူမှုရေးစံနစ် ထူထောင်ချင်နေတာကို အနော်တို့ နားမလည်နိုင်ပေါင်ဗျာ။  ကျွန်တော်တို့ ကျွန်မတို့ မွတ်စ်လင်မ်တွေကို လူမှုဆက်ဆံရေးကဏ္ဍမှာ အစ္စလာမ်သာသနာ့အဆုံးအမအရ လူသားတိုင်းအပေါ် လူလိုဘဲ တန်းတူထားဆက်ဆံခိုင်းထားတယ်။ အနော်တို့ကတော့ မခွဲခြားတတ်ပါဘူး။ သဘောထားကြီးပေးပါတယ်။ သဘောထားကြီးစွာနဲ့ပြုံးးပြတာကို လှောင်နေပါတယ်လို့ အမှတ်မမှားကြပါနဲ့နော် –
    ဂ။       ဒီကနေ့  ဗုဒ္ဓဘာသာဝင်များလက်အောက်မှာ အလုပ်လုပ်နေကြတဲ့မွတ်စ်လင်မ်တွေရော – မွတ်စ်လင်မ်များရဲ့ လုပ်ငန်းထဲမှာ အလုပ်လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရော များမှများပါ ခင်ည။  မယုံယင် စစ်တမ်းကောက်ယူကြည့်ပါခင်ဗျ။ သန်းနဲ့ချီပြီး ရှိကြတယ်ခင်ဗျ။ ကျွန်တော်တို့ မွတ်စ်လင်မ်တွေအနေနဲ့ သာသနာ့အဆုံးအမအရ လူမျိုး၊ ဘာသာခွဲခြားဆက်ဆံနှိပ်ကွပ်ခွင့် မရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင် လုပ်သားတွေကို အကြောင်းမဲ့ လက်တွဲဖြုတ် အလုပ်ထုတ်ပစ်တာမျိုး မရှိခဲ့ပါဘူး၊ အခုလည်း မရှိကြသလို နောင်လည်း ရှိမှာမဟုတ်ပါဘူး။ ( ကိုယ့်ဖာသာကိုယ် အယူသည်းအစွန်းရောက်ပြီး အလုပ်ထွက် -လက်တွဲဖြုတ်မယ်၊ အဲ့ဒီနောက် မစို့မပို့ ငွေကြေးထောက်ပံ့မှုတွေလက်ခံလို့ မီဒီယာတွေနဲ့ လက်ဝါးရိုက်ပြီး ဒညင်းသီး အီးတစ်ပြန်နံတတ်သူလည်း ရှိနေတယ်လေ။ ဒါမျိုးကိစ္စတွေကလည်း ရှေ့ဖုံးနောက်ပေါ် မကြာမီ လာမည် …  မျှော်  ဖြစ်သွားရတာချည်းပါဘဲ )။  အထက်ဖော်ပြပါ ၀ါဒမှိုင်းလုံးမိနေသူတွေအနေနဲ့ အဲ့ဒီလမ်းကို လျှောက်ချင်လည်း လျှောက်ပေါ့။ ဒီမိုကရေစီ စကားနဲ့ဆိုရယင် အဲ့ဒါကလည်း သူ့ကိုယ်ပိုင်အခွင့်အရေးဘဲ မဟုတ်လား။  ဒီတော့ မေးချင်တာလေး ရှိလာပါရဲ့။ မွတ်စ်လင်မ်တွေဆီမှာ အလုပ်လုပ်နေတဲ့သူများကို ဆွယ်ထုတ်ပြီးတဲ့နောက် မွတ်စ်လင်မ်တွေကဘဲ အလုပ်ရပ်နားစေတယ်လို့ တစ်ဖက်သတ်အော်ပြီး ဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆူပူမှု၊ လုယက်မှုတွေ လုပ်ကြဦးမှာလားဗျာ။  ဘယ်လိုထောင်ချောက်ဆင်ဆင် သေချာတာတစ်ခုကတော့ အနော်တို့ရဲ့ အမိမြန်မာပြည်ထဲမှာ အလုပ်လက်မဲ့ဦးရေ တိုးပွားလာဦးမှာ အမှန်ဘဲဗျို့( အဲ့ဒါ … အနော်တို့ မွတ်စ်လင်မ်တွေလုပ်တာ မဟုတ်ဘူးနော် )။ ကိုယ့်အမျိုးသားတွေအချင်းချင်း ကြီးပွားရေး၊ ကောင်းမြတ်သီလရှိရေး၊ ဂုဏ်သိက္ခာတင့်တယ်စေရေး၊ ဘ၀ခိုင်မာရေး အစား အလုပ်လက်မဲ့ဖြစ်ကုန်အောင်၊ နိမ့်ကျရှုတ်ချခံရအောင် စီမံကိန်းချဖော်ဆောင်နေသူများကတော့ မျိုးချစ်ပုဂ္ဂိုလ်ကြီး  စတဲ့ ဂုဏ်ထူးဝိသေသအမျိုးမျိုးနဲ့ ဗိုက်ဖောင်းစိုပြေ အလှဝေနေကြဦးမှာပါ။ ( အနော်တို့ အစ္စလာမ်သာသနာမှာတော့ အဲ့ဂလိုလူစားမျိုးတွေကို ကြောင်သူတော် ကြွက်သူခိုး / မုနာဖစ်က် တစ်နည်းအားဖြင့် အောက်တန်းစား လို့ ခေါ်တယ်ဗျ၊ မယုံယင် ကျမ်းဂန်များမှာ လေ့လာနိုင်ပါတယ်ခင်ဗျ )။  သက်ဆိုင်သူများခင်ဗျား –  ဘယ်လိုမှ မအောင်းမေ့ကြပါနဲ့။ လူသားချင်းစာနာထောက်ထားမှုအရ တင်ပြနေတာပါနော် –
    သြော် – မေ့နေလို့ပါ။ ဘာတဲ့ –   မွတ်စ်လင်မ်တွေကိုလည်း တိုက်ရိုက်/သွယ်ဝိုက် မကူညီကြနဲ့၊ သူတို့အကူအညီကိုလည်း မယူကြနဲ့တဲ့။ ရှိပါသေးတယ် – တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။  အင်း  ….   မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ” အင်္ဂလိပ်တွေဆီကနေ တောင်းလို့ မရဘူး၊ တိုက်မှရမယ် ” လို့ ရဲရဲတောက် စပြောခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်တစ်ယောက် ခုနေများ ပြန်ရှင်လာခဲ့ယင် လက်ရှိအခြေအနေတွေအပေါ် ရှက်လွန်းလို့ နောက်တစ်ခေါက် အသက်ထပ်ထွက်သွားနိုင်ပါတယ်။ ထိုနည်းလည်းကောင်း အနော်ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း လူ့လောကထဲ နောက်တစ်ခေါက် ပြန်ရောက်လာယင် မျက်ရည်ပေါက်ပေါက် ကျသွားလောက်မယ် ထင်ပါတယ်။ မွတ်စ်လင်မ်တွေက မြန်မာနိုင်ငံသားပီသစွာ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ရတာတွေ၊  နာဂစ်ကိစ္စမှာတုန်းက ကြောက်ခမန်းလိလိ ဘက်ပေါင်းစုံက ကူညီခဲ့တာတွေ၊ အခု ရခိုင်ကိစ္စမှာလည်း ဘက်နှစ်ဖက်လုံး မျှမျှတတ ပံ့ပိုးထောက်ပံ့နေတာတွေကို ( ဥပမာလေးအနေနဲ့ ထင်ရှားတာလေးတစ်ချို့ကိုသာ တင်ပြတာပါ ) အားနာပါးနာလေး ရှိသင့်ပါတယ်နော်။ အသံကောင်းဟစ်နေကြတဲ့ ၀ံသာနုပုဂ္ဂိုလ်ကြီးတွေက သူတို့အားလုံးကိုယ်စား ပြန်အန်ထုတ်ပေးနိုင်တယ် ဆိုယင်တော့ တစ်မျိုးပေါ့ဗျာ။ မထင် …. မထင် ။  ပြန်မအန်ပေးနိုင်တဲ့အပြင် ကုလားထိုင်ကောင်းကောင်းရရေး၊ အိတ်ဖောင်းရေး၊ (ဘယ်လိုနည်းလမ်းနဲ့ဖြစ်ပါစေ) လူကြည်ညိုခံရရေးအတွက် အသည်းအသန် အားထုတ်နေကြတာကို ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်စေ အသိဥာဏ်ပြည့်ဝသူတိုင်းက အရှိအတိုင်း မြင်ပြီးသားပါ။ ဗြောင်ငြင်းချင်ယင်လည်း ငြင်းပေါ့ –  မိမိရဲ့ကိုယ်ကျင့်တရားကို မိမိကိုယ်တိုင် အထုတ်ဖြည်ပြလိုက်တာပါလို့ဘဲ မှတ်ယူလိုက်ပါမယ်။
    ၃။      အခုဖြစ်နေတာ လူမျိုးရေးပဋိပက္ခတွေပါ တဲ့။  လူမျိုးရေးလဲဆိုသေးရဲ့၊ အစ္စလာမ်သာသနာနဲ့ သက်ဆိုင်နေသော သင်္ကေတမှန်သမျှအပေါ် တစ်အုံတစ်ကျင်း လှည့်နေကြတာ လက်တွေ့ဖြစ်နေပါတယ်။ ဒီရက်ပိုင်း ကုရ်ဗာနီကိစ္စမှာတင် အဖြေပေါ်သွားပါပြီ။ ဒီကိစ္စဟာ လူမျိုးတစ်မျိုး၊ နယ်ပယ်ဒေသတစ်ခုရဲ့ ဓလေ့ ထုံးတမ်းအစဉ်အလာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှန်းက အစ္စလာမ်သာသနာဝင် ( မွတ်စ်လင်မ် )တွေရဲ့ နှစ်ပေါင်း တစ်ထောင့်လေးရာကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ – နှစ်စဉ်နှစ်တိုင်းလည်းပြုလုပ်ဆောင်ရွက်နေတဲ့ ဘာသာရေး ကျင့်ဝတ်ကြီးတစ်ရပ်ရယ်ပါ  ( ကြားဖြတ်စကားဆိုပါရစေဦး။ ကမ္ဘာပေါ်မှာ မွတ်စ်လင်မ်လူမျိုး ဆိုတာ ယခင်ကလည်း မရှိ၊ ယခုလည်း မရှိသလို နောင်အခါမှာလည်း ရှိလာမှာ မဟုတ်ပါဘူးဗျ။ မွတ်စ်လင်မ် ဆိုတာ အစ္စလာမ်သာသနာကို လက်ခံသက်ဝင်ကြတဲ့ ဘယ်လူမျိုးကိုမဆို ခြုံငုံခေါ်ဝေါ်တဲ့ အသုံးအနှုန်းလေး တစ်ခုရယ်ပါ။ ဒါကို အစွန်းရောက်ဝါဒီတွေ ၊ မြန်မာမီဒီယာတွေက မွတ်စ်လင်မ်လူမျိုးဆိုပြီး စာလုံးမည်းကြီးနဲ့ ဦးစားပေးထိပ်တန်းတင်ဖော်ပြနေတာကတော့ဖြင့် မိမိကိုယ်ကို ဗဟုသုတနည်းပါးလှလေခြင်းလို့ ကြေငြာရာ ရောက်နေပါတယ်ဗျ။ ဗုဒ္ဓဘာသာဝင်ဆိုတာနဲ့ ဗမာလူမျိုး ဖြစ်ရမယ် – အင်္ဂလိပ်လူမျိုးဆိုတာနဲ့ ခရစ်ယာန် ဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ဖြစ်နေတာလေ။  မြန်မာ့မီဒီယာလောကကြီးရဲ့ ဂုဏ်အရှိန်အ၀ါကို ပြန်လည်ဆယ်ယူရေးရည်ရွယ်ချက်နဲ့ –  စေတနာနဲ့ ကြားဖြတ်တင်ပြလိုက်ခြင်းပါခင်ဗျ။ ယုံချင်ယုံ မယုံချင်နေပါခင်ည )။ ပြီးတော့ ယဇ်ပူဇော်သူများလို့ ပညတ်လိုက်သေးရဲ့။ အဲ့ဒီလို စွပ်စွဲပြောဆို ရေးသားသူများကိုယ်တိုင်က ယဇ်ပူဇော်တယ်ဆိုတာ ဘယ်လိုဆိုတာမျိုးကို တကယ်မသိသေးတာ၊ အသိနုံချာ နေတာထင်မိပါတယ် – ဘာပဲပြောပြော ခွင့်လွှတ်လိုက်ပါတယ်။ ကျွတ် ကျွတ် ကျွတ်  – အသိမကြွယ်ရှာသေး ဘဲကိုး – ဆိုပြီးတော့ပေါ့။ တကယ် သနားမိတာပါနော် –
    မိမိကိုးကွယ်ယုံကြည်ထားတဲ့ ဘာသာတရားဆိုင်ရာ အဘိဓမ္မာတွေကိုတောင်မှ သေသေချာချာ သဘောမပေါက်သေးဘဲနဲ့ အခြားဘာသာတရားကိုဝေဖန်နေတာက – လွန်တာပေါ့  လွန်တာပေါ့ … နော့။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားက ဝေနေယျသတ္တ၀ါတိုင်းအပေါ် မေတ္တာထားဖို့၊တန်ဖိုးထားဖို့ အထင်ရှားဆုံး ဟောပြောသွန်သင်တော်မူခဲ့ပါတယ်။ တန်ဖိုးထားတတ်ခြင်းဟာ မေတ္တာထားခြင်းရဲ့ပြယုဂ်ပါဘဲ။ သတ္တ၀ါ အမျိုးအစားတွေအားလုံးအနက် လူသားဟာ အမြင့်မြတ်ဆုံး နဲ့ တန်ဖိုးအထားအပ်ဆုံး မဟုတ်ပေဘူးလား။ ပွင့်ပေါ်လာတဲ့ ဘုရားတွေ   ( အစ္စလာမ်၊ ခရစ်ယာန်၊ ဂျူး – ဘာသာတရားသုံးခုရဲ့ အခေါ်အဝေါ်အရ တမန်တော်/ပရောဖက် တွေ ) က မနုဿလူသားတွေရယ်ပါ။ တိရစ္ဆာန်ထဲက ဘုရား မပွင့်ပါဘူး။ ဒါကြောင့် လူနဲ့တိရစ္ဆာန် ယှဉ်လာယင် လူကို ပိုပြီး တန်ဖိုးထားရမှာလေ။ ခုတော့ ကျော်မကောင်း ကြားမကောင်း ဖြစ်အင်က တိုးလာပြန်ပြီ ခင်ည။ ဘာလဲဆိုလို့ရှိယင်    – – – –  အစ္စလာမ်သာသနာရဲ့သာသနာ့ကျင့်ဝတ်တစ်ခု ဖြစ်တဲ့ ကုရ်ဗာနီအပေါ် ” တိရစ္ဆာန်တွေရဲ့အသက်များကို ကယ်တင်ကြပါစို့ ” ဆိုပြီး ကြွက်ကြွက်ညံအောင် ဟစ်အော်လှုံ့ဆော်နှောက်ယှက်နေကြတယ်။ ဒီဟစ်ကြွေးမှုနဲ့ တစ်ပြိုင်နက်တည်း တစ်ချိန်တည်းမှာဘဲ ရခိုင်ဗုဒ္ဓ အစွန်းရောက်များက မွတ်စ်လင်မ်တွေကို လူမဆန်လှစွာ ရန်ရှာသတ်ဖြတ်ပစ္စည်းလုယက်နေတာ မမြင်ချင်မှ အဆုံး၊ မကြားချင်မှအဆုံးပါ။ သို့ကလို့မို့ကြောင့် မေးခွန်းသံက တညံညံ ပြန်ဖြစ်လာပါပြီ။ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေထဲ လူသားကိုရည်ညွှန်းတဲ့နေရာမှာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ဆိုပြီး ကန့်သတ်ထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် မသိနားမလည်ကြတဲ့သူတွေအဖို့ ဗုဒ္ဓ၀ါဒမှာ လူသားထက် တိရစ္ဆာန်က ပိုမြတ်လို့ တိရစ္ဆာန်ကို ပိုပြီး တန်ဖိုးထားနေကြတာလားလို့ မေးချင်စရာ ဖြစ်လာယင် ပြဿနာနော့။ နော့ နော့ နော့။ တစ်ခါ လူ့အသက်၊လူ့ဘ၀ထက် တိရစ္ဆာန်ရဲ့အသက်၊ တိရစ္ဆာန်ရဲ့ဘ၀က ပိုအရေးကြီးနေတာလားလို့ မေးခွန်းတွေ မလွဲမသွေထွက်လာဦးမှာပါ။ ဒီ့အပြင် မိမိကိုယ်ကိုဗုဒ္ဓဘာသာဝင်လို့ ပြဲပြဲစင်ဟစ်အော်ပြီးသကာလ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမအသွန်အသင်တွေကို ပြောင်ပြောင်တင်းတင်း ပယ်လှန်ပြနေကြတာဟာ မိမိကိုယ်ကို ဗုဒ္ဓရှင်တော်မြတ်ထက် ပိုပြီးမြတ်ပါတယ်၊ အဆင့်မြင့်နေပါတယ်လို့ သရုပ်ဖော်ရာရောက်မသွားပေဘူးလား ?  မဟုတ်ရပါဘူးဆိုယင်တော့ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဒေသနာတွေကို လက်တွေ့လိုက်နာကျင့်သုံးပြရပါလိမ့် မယ်။ ဒီလိုမှ မဟုတ်ယင်တော့ ဗုဒ္ဓဘာသာရဲ့အမည်နာမကို အရေခြုံအလွဲသုံးစားပြုနေတာပါဘဲ။ တစ်ကမ္ဘာလုံး မှာရှိနေတဲ့ အခြားဘာသာဝင်များအလယ် သိက္ခာကျအဖတ်ဆယ်မရတော့မှာ အသေအချာပါဘဲ။
    ကမ္ဘာတစ်လွှား ခြေဆန့်နေကြတဲ့ သာသနာပြုအရှင်သူမြတ်များအဖို့ ရောက်လေရာရာမှာလည်း ဒီအခြေအနေကို ရင်ဆိုင်ရဖို့ ကျိန်းသေပေါက်ဖြစ်နေပါပြီ။ ဒါကလည်း သဘာဝဘဲဗျ။ သက်ဆိုင်ရာ ဘာသာတရားရဲ့ သြဇာရှိခေါင်းဆောင်တွေက မိမိဘာသာဝင်တွေရဲ့ ပေါက်လွှတ်ပဲစားပြုမူနေပုံတွေကို လျစ်လျူရှုထားတဲ့အခါတိုင်း ထွက်လာတတ်တဲ့ ရလဒ်ဘဲဗျ။ ဘယ်သူမပြု မိမိမှု ဘဲဗျ။ အနော်တို့ အစ္စလာမ် လောကထဲမှာလည်း အယူသည်းအစွန်းရောက်သူတစ်ချို့ရဲ့လုပ်ရပ်တွေကြောင့် ဂလိုပြဿနာတွေ ရင်ဆိုင်နေ ရတာလေ။ အဲ့ – သိပ်မကြာခင် အလှည့်ကျလာတော့မယ့်အုပ်စုကတော့ မြင်သာထင်သာရှိနေပါပြီ။ စိတ်မကောင်းပါဘူး။ တကယ်ပြောတာ။  သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့ဗျာ။
    ” ကျွန်တော်တို့ဖက်က ဒီလိုလက်တစ်ဆုပ်စာ ငါးခုံးမ တွေရဲ့မှိုင်းမိပြီးပြည်သူတွေ မျောလိုက်ကုန်ယင်တော့ ကျွန်တော်တို့ကြားက သန့်ရှင်းတဲ့ခင်မင်မှုတွေ ဆက်ဆံရေးတွေ အကုန်ထိခိုက်ကုန်တော့မှာဘဲဗျာ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓတရားတော် အနှစ်သာရတွေလည်း အဲ့ဒီအစွန်းရောက်တွေကြောင့် အမည်းစက်စွန်းထင်းရတော့မယ်။ ကျွန်တော်တို့ မြန်မာတွေ နောက်ထပ်နာမည်ပျက်ရတော့မယ်ဗျာ။ ကျွန်တော် နိုင်ငံခြားမှာရှိစဉ်တစ်လျှောက်လုံး ဗမာဆိုယင် အပြောတစ်မျိုး အလုပ်တစ်မျိုး၊ လူလိမ်တွေ၊ သူခိုးတွေ၊ အမြင်ကျဉ်းမြောင်းသူတွေလို့ဆိုပြီး အထင်ခံခဲ့ မေးငေါ့ခံခဲ့ရတာ။ ခုအခြေအနေအတိုင်းသာဆိုယင် တိုင်းတစ်ပါးမှာရှိနေတဲ့ ကျွန်တော်တို့ ဗမာလူငယ် တွေအတွက် ရင်လေးပါတယ်ဗျာ ” ဆိုပြီး သူငယ်ချင်းတစ်ယောက်က တစ်နေ့ကတင် စိုးရိမ်တကြီး ညည်းတွားနေပါပြီ။  ” ဘာသာတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်းမှာ မှန်ကန်ကောင်းမြတ်သူရှိနေကြသလို ဆိုးသွမ်းမိုက်ရိုင်းသူတွေလည်း ရှိနေစမြဲဘဲလေ။ သက်ဆိုင်ရာသာသနာ့အဆုံးအမကို မလိုက်နာ မလေးစားဘူး ဆိုယင် သူတို့ဘာလုပ်လုပ် ဘယ်လိုဘဲအော်အော် ဘာသာတရားကို ကိုယ်စားပြုသူ မဖြစ်ပါဘူး။ အပြန်အလှန်နားလည်မှု မရှိဘဲ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှဖြစ်မလာပါဘူးဗျာ။ လူကောင်းက ကောင်းကျိုးကို စံစားရပါလိမ့်မယ်၊ လူယုတ်လူညံ့တွေကလည်း မကောင်းကျိုးကို မုချဧကန် ခံစားကြရမှာပါ ”  လို့တောင်မှ ကျွန်တော့်အနေနဲ့ ပြန်လည်ဖြောင်းဖျ နှစ်သိမ့်လိုက်ရသေးသဗျ။
    တစ်ဖက်ကပြန်စဉ်းစားကြည့်ယင် အသိတရား၊ နားလည်မှုတရား ပြည့်ဝကြတဲ့ ဗုဒ္ဓဘာသာဝင်တွေခမျာလည်း အချောင်သက်သက် သိက္ခာကျ အထင်အမြင်လွဲ ခံရမယ့်ကိန်းကို ဆိုက်နေပါပြီ။ ဒါကြောင့် ဒီလိုပြဿနာမျိုးကြုံရပြီဆိုယင် အနိုင်ကျင့်ခံ ရတဲ့တစ်ဖက်တည်းကဘဲ ထိခိုက်နစ်နာတယ် မထင်ပါနဲ့။ ရုပ်ပိုင်းဆိုင်ရာအရ လတ်တစ်လောမှာ အဖိနှိပ်ခံတွေဖက်က တစ်ဖက်စောင်းနင်း နင်းပြားဘ၀ရောက်နေတယ်လို့ မြင်နေရပေမယ့် နောင်တစ်ချိန်မှာတော့ ဖိနှိပ်ညှင်းပန်းသူတွေဖက်ကလည်း သံတူကြောင်းကွဲ အဖြစ်မျိုး ပြန်ကြုံရ တာချည်းဘဲလေ။ နှေးတာ နဲ့ မြန်တာ – ဒါဘဲ ကွာတတ်ပါတယ်။ ဒီအချက်ကို ကမ္ဘာ့သမိုင်းက ငြင်းမရအောင် သက်သေထူထားပြီးသားပါ။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာအရေး ညာအရေး ဗန်းပြပြီး ယုတ်မာသောင်းကျန်းသူမှန်သမျှ ယာယီအသာစီးရတတ်ပေမယ့် နောက်ဆုံးမှာ ကျွမ်းထိုး မှောက်ခုံကျကုန်တာချည်းပါဘဲ။ မြန်မာလိုနားလည်အောင်ပြောရယင် –  ၀ဋ်ဆိုတာ နောင်ဘ၀အထိ မကူးပါဘူး။ ဒီဘ၀မှာတင် လည်ရတယ် လို့ ပြောရမှာပေါ့နော်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဖက်ဖြစ်ကြတဲ့ – မုသားယဉ်ကျေးမှု၊ ရွှေရောင်တင်ယဉ်ကျေးမှု နဲ့  သွေးချောင်းစီးယဉ်ကျေးမှု တွေရဲ့နိဂုံးဆိုတာ အကျည်းတန်လွန်းလှပါတယ်။ တစ်ဖက်သတ်အာဃာတသမား အဇာတသတ်လို သိသိကြီးနဲ့ မိုက်လုံးကြီးသူတွေကို တရားချဖို့ခက်ပါတယ်နော်။
    ၄။      နောက်ထပ်နည်းနည်းလောက် လျှာရှည်ပါရစေဦး။ လူတိုင်းသိပြီးသား မီဒီယာ လွတ်လပ်ခွင့်ကိစ္စပါ။ အနော့်အမြင်ကတော့ တစ်ဖက်သတ်လွတ်လပ်ခွင့်ကြီး ဖြစ်နေပါတယ်။ ကျင့်ဝတ်တွေ ဘာတွေနဲ့ အပ်ကြောင်းထပ်နေတာ မပြောလိုတော့ပါဘူး။ တစ်ခုလောက်ဘဲ ကြားညှပ်ပြောကြည့်ပါမယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေထဲက ပြစ်မှုရေးရာသတင်းတွေဖော်ပြတဲ့နေရာမှာ မွတ်စ်လင်မ် ပြစ်မှုကျူးလွန်သူမှန်သမျှကို အစ္စလာမ်ဘာသာနဲ့၊ လူမျိုးနဲ့တွဲပြီး ဖော်ပြနေဆဲဖြစ်နေတာ ဒီကနေ့ထက်ထိ တွေ့ရတုန်းဘဲ။ အခြားသောပြစ်မှုကျူးလွန်သူမှန်သမျှကိုလည်း သူတို့ရဲ့သက်ဆိုင်ရာကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးနဲ့တစ်ကွ တွဲပြီးဖော်ပြပေးယင် အရမ်းကောင်းမှာဘဲနော်။ ဒါမှ တန်းတူညီမျှဖြစ်မှာလေ။ အဲ့ဂလိုသာ ဆိုယင် စာမျက်နှာအားလုံးရဲ့ထက်ဝက်ကျော်ကျော်မှာ  ” ဗုဒ္ဓ ဘာသာ၊ မြန်မာလူမျိုး  ”  ဆိုတဲ့စကားလုံး နဲ့ဘဲ ပြည့်နှက်သွားမလားလို့ ရှာရှာကြံကြံ တွေးမိပါရဲ့။ တရားဥပဒေရဲ့အောက်မှာ ကျောသားရင်သားတင်သား မခွဲခြားစတမ်းပေါ့နော်။ ပြုံးပြုံးလေးနဲ့စောင့်မျှော်နေမယ်နော် နော် နော်လို့ ……။ ( မစော်ကားပါဘူး၊ အမှန်တရားလေးတစ်ခုရှေ့မှာ မှန်ဘီလူး ပိစိကွေးလေး ထောင်ပြမိယုံလေးပါဗျ။ လွန်တာရှိ ကွာစိ ပါခင်ည )။
    ၅။      နိဂုံးချုပ်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် စပ်စုမိတဲ့ သတင်းအချက်အလက်လေးတစ်ခု ဝေမျှလိုက်ချင်ပါတယ်။  ရေနံနဲ့ပတ်သက်တဲ့ ကမ္ဘာသိ သုတေသနစာတမ်းတစ်ခုပါ။ အနော်တို့ မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးရဲ့အောက်မှာ ( အဲ့ဒီတုန်းက သတ်မှတ်ချက်အရ ) တတိယမြောက် ကမ္ဘာ့အကြီးဆုံး ရေနံကြောတစ်ခု ဧရာမမြစ်ကြီးသဖွယ် တည်ရှိကိန်းအောင်းနေပါသတဲ့။ အနော့်မှာဖြင့် ဂုဏ်ယူ လို့မဆုံးဖြစ်ခဲ့သလို တစ်ဆက်တည်းမှာဘဲ ရခိုင်ပြည်နယ်မှာ ပြဿနာကြီးကြီးမားမားတစ်စုံတစ်ရာ ဖြစ်လာနိုင် ချေရှိနေပြီလို့ ခန့်မှန်းမိခဲ့တယ်။ အဲ့ဒီရေနံသိုက်ကြီးက တရုတ်နဲ့အိန္ဒိယနယ်စပ်ကနေ အစပြုလာပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံရခိုင်ပြည်နယ်တို့ရဲ့ နယ်ခြားမျဉ်းတစ်ကြောလုံးမှာသွယ်တန်းနေတာကိုး။ ဧကန္တ ဒီပြဿနာရဲ့ရုပ်လုံးက အခုအချိန်ကျမှ လူမျိုးရေး၊ ဘာသာရေးဗန်းပြလို့ ပေါ်လွင်လာပုံရပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အတွေးကွန့်မြူးမိပုံက ဂလိုပါဗျ။
    သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ရှေးယခင်ကတည်းက ဗမာနဲ့ကုလား ( မြန်မာနဲ့အိန္ဒိယ ) မတည့်ကြ ဘူး။ ဗမာဖက်က  ကုလားကိုမနိုင်တော့ ရခိုင်ကိုမဲပါလေရော။ စကားပုံတောင် ရှိနေသေး။ နောက်ပိုင်းမှာ ရခိုင်က ဗမာတွေရဲ့ လက်အောက်ရောက်သွားခဲ့တယ်။ မလွဲသာလို့ဆက်ဆံနေရပေမယ့် ဗမာပေါ်မှာရှိနေတဲ့ ရခိုင်လူမျိုးစုရဲ့အာဃာတတရား ပျက်ပြယ်မသွားခဲ့ပါဘူး။ တစ်ချိန်တုန်းကလည်း ရခိုင်ပြည်နယ်ကို ရခိုင်နိုင်ငံတော်အဖြစ် သီးခြားခွဲထွက်ဖို့ အပြင်းအထန်ကြိုးစားခဲ့တာကိုကြည့်ခြင်းအားဖြင့် သိသာနေပါတယ်။  ဒီလိုနဲ့ဘဲအောင့်အည်းလာခဲ့ရာကနေ သူတို့နယ်မြေအောက်မှာ ရေနံသိုက်ကြီးရှိနေကြောင်းသိလာတော့ မတရားလောဘတွေ ၀င်လာကြပုံရပါတယ်။ တူးဖော်လိုက်နိုင်မယ်ဆိုယင် ကုဋေကြွယ်သူဌေးတွေ တန်းစီပြီး ထွက်လာပြီပေါ့ဗျာ။ ဒါပေမယ့် တစ်ဖက်မှာ ဗမာကိုလည်း မလှန်နိုင်။ သီးခြားနိုင်ငံလည်း ထူထောင်ချင်။ ဒီတော့ ဘာလုပ်မလဲ။
    ဧရာမပြဿနာကြီးဖန်တီးနိုင်ယင် အခွင့်အရေးလမ်းစတွေ ပေါ်ပေါက်လာနိုင်ကောင်းတယ်လို့ တွေးမိကြမှာပေါ့။ ကုလားမနိုင် ရခိုင်မဲ ဆိုပြီး တစ်သက်လုံးတွင်လာတဲ့စကားပုံကို ဗမာမနိုင် ကုလားမဲ အဖြစ် essence ပြန်ပြောင်းလိုက်သလားတော့မသိဘူး။ လက်တွေ့မှာမြင်နေရတဲ့အတိုင်း ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေ၊ မွတ်စ်လင်မ်တွေဖက် စံနစ်တကျ အကွက်ဆင်မြှားဦးလှည့်နေကြရော။ သူတို့မုန်းနေတဲ့ ဗမာ (နိုင်ငံတော်အစိုးရ) နဲ့ မွတ်စ်လင်မ်တွေကို ရန်တိုက်ပေးလိုက်နိုင်ယင် ရည်မှန်းချက်ထက်ဝက်ကျော် ပေါက်မြောက်ပြီလို့ ဆိုရမှာပါ။ တကယ်လို့များ စစ်ပွဲတွေဖြစ်လာပြီဆိုပါစို့။ ဘယ်ဖက်ကသေသေ သူတို့အတွက် အမြတ်ဘဲလေ။ နောင်မှ သာရာဖက်ကူယင်း တစ်ဆင့်ပြီးတစ်ဆင့် လက်ဝင်လျှိုပြီး အပိုင်ကိုင်မယ့် စံနစ်မျိုး ဖြစ်ပုံရပါတယ်။ ဒါက အနော် စိတ်ကူးယဉ်ကြည့်တာပါ။ ဒီလိုသမိုင်းနောက်ခံနဲ့၊ အထောက်အထားတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင်ဖွဲ့ပြီး ဖြစ်ရပ်မှန်ယောင်ယောင် ဂန္ထ၀င်ဝတ္ထုရှည်ကြီးတစ်ပုဒ်အဖြစ် ရေးလိုက်ရယင်တော့လား ……  ကမ္ဘာကျော် လေရူးသုန်သုန် ၀တ္ထုထက်တောင် ရောင်းအားကောင်းသွားမယ် ထင်တယ်နော်။ ရုပ်ရှင်ရိုက်နိုင်ယင်လည်း ရုံပြည့်ရုံလျှံ ၀က်ဝက်ကွဲနေမှာဘဲနော်။ နော် နော် နော်။  ဒါပေမယ့် ခက်နေတာက  အနော် ၀တ္ထုတွေ၊ ဇာတ်ညွှန်းတွေ မရေးတတ်ဘူးဗျ။ ဒါရိုက်တာလည်း မလုပ်တတ်၊ ငွေအရင်း အနှီးဆိုတာကလည်း ဝေလာဝေး။ ဒီဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားက မပါ။ ပါတဲ့ဇာတ်လိုက်မင်းသမီးက မုဒိန်းကျင့်ပြီးအသတ်ခံရတဲ့အခန်းကလေးတစ်ခန်းထဲဆိုတော့ အဆင်မပြေ။ ဇာတ်သိမ်းကိုလည်း ပုံဖော်မရ – ဆိုတော့ကာ  …..  ကိုင်း !  ဂလောက်နဲ့ဘဲ ရပ်ပြီဗျို့။  ဒုတိယပိုင်းကို မတောင်းဆိုကြပါနဲ့လို့ မေတ္တာရပ်ခံ လိုက်ပါတယ်နော်။
    ဒီနှစ် ကုရ်ဗာနီအီးဒ်ကို ကုရ်ဗာနီလုပ်လိုက်ရလို့ နှလုံးပန်းစိတ်နွမ်းနေကြတဲ့ အနော့် ညီအစ်ကို မောင်နှမအပေါင်း တစ်ချက်လေးလောက် ပြုံးမိကြယင်ဖြင့် အချိန်ကုန်ရ လက်ညောင်းရကျိုးနပ်သွားပါကြောင်းပါခင်ဗျား ။  ကျွန်တော်တို့အားလုံး ကြေကွဲစရာတွေကြားက ကြံ့ခိုင်မှုကိုလက်ကိုင်ပြုလို့  ပြုံးပြုံးလေးနဲ့နေပါ့မယ်ပေါ့နော်။
    အားလုံးအတွက်
    ဂျူလိုင်ရဲရင့်
    အထက်ပါ ဆောင်းပါးသည် စာရေးသူ ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါသည်။