News @ M-Media
Category: ဆောင်းပါး
  • ရခိုင်ပြဿနာမှာ မြန်မာပြည်၏ အရိုးစွဲလူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်းပညာရှင်
    ရခိုင်ပြဿနာမှာ မြန်မာပြည်၏ အရိုးစွဲလူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်းပညာရှင်
    အောက်တိုဘာ ၂၀ ၊ ၂၀၁၂
    M-Media
    ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မှထုတ်ပြန်ခဲ့ သည့် စည်းကမ်း(၄) ချက်အကြောင်းဖော်ပြခဲ့သည့် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်
    ရေဒီယို သြစတေးလျမှ ဒေါက်တာမောင်ဇာနည်အား သြဂုတ်လအတွင်း အင်တာဗျူးမေးမြန်းထားချက်ကို အတိုချုန်း မြန်မာပြန်ထားခြင်းဖြစ်ပါသည်။ မူရင်းကို http://goo.gl/ztEVs တွင် ရှုစားနိုင်ပါသည်။
    မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်အရေးစုံစမ်းရန် လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ အစောပိုင်းကမူ မြန်မာအစိုးရက ကုလသမ္မဂ၏ လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်။
    ရေဒီယို သြစတေးလျမှ ကေတီ ဟမန်း၏  ဒေါက်တာဇာနည် မိတ်ဆက်
    မြန်မာ၏ ဒီမိုပြောင်းလဲဖြစ်စဉ်များကို အနောက်နိုင်ငံများက ချီးမွမ်းခန်းဖွင့်နေချိန်မှာတော့ နိုင်ငံရဲ့အနောက်ဘက်မှာ အကျည်းတန်မှုတွေဖြစ်နေပါတယ်။ ဇွန်လအတွင်းမှာ ဗမာ ဗုဒ္ဓဘာသာ ၀င်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ခိုက်ရန်ပွားကြတာကြောင့် အနည်းဆုံး လူ ၉၀ လောက် သေကြေခဲ့ရတယ်လို့ သိရပါတယ်။ဗမာလူမျိုး ပညာရှင် ဒေါက်တာမောင်ဇာနည်ကတော့ London School of Economics (စီးပွားရေးတက္ကသိုလ်၊ လန်ဒန်) ရဲ့ မြို့ပြလူ့အဖွဲ့အစည်းနဲ့ လူသားလုံခြုံရေး သုတေသနဌာနမှာ ဧည့်ပညာရှင်အဖြစ် တာဝန်ယူထားသူပါ။ သူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။
    ဒေါက်တာ မောင်ဇာနည်၏ ရခိုင်ပြဿနာရပ်အပေါ် ပညာရပ်ပိုင်းဆိုင်ရာသုံးသပ်ချက်
    ဒေါက်တာမောင်ဇာနည်ကတော့ ရခိုင်ပြဿနာက မြန်မာလူထုမှာ နက်ရှိုင်းစွာ အရိုးစွဲနေပြီဖြစ်တဲ့ လူမျိုးရေးခွဲခြားမှု လက္ခဏာပဲဖြစ်တဲ့အကြောင်း ဆိုပါတယ်။
    ဒေါက်တာမောင်ဇာနည်က အန်အဲလ်ဒီခေါင်းဆောင်ပိုင်းကို လူမျိုးရေး ခွဲခြားသူများအဖြစ် ဝေဖန်ပြောကြားလိုက်ပြီး ၄င်းတို့ အားလုံးသည် “အန္တီကုလား” များဖြစ်ကြကြောင်း၊ ကုလားဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့် “နစ်ဂါ” (လူမည်း) ဟု အဓိပ္ပါယ်ဆောင်ကြောင်း၊ ၄င်းအန်အဲလ်ဒီပါတီဝင် စီနီယာများအနေဖြင့် ဤပြဿနာရပ်မှာ တရားမ၀င် အခြေချနေထိုင်သည့် ဘင်္ဂါလီများကြောင့်ဖြစ်သည်ဟု ယူဆထားကြကြောင်းဆိုသည်။
    ထို့ပြင် ဒေါက်တာဇာနည်က ရခိုင်ပြည်နယ်တွင် လုံခြုံရေး အားနည်းရခြင်းအတွက် ကြောက်စရာကောင်းသည့် နောက်ကွယ် အချက်အလက်များပင် ရှိနိုင်ကြောင်း၊ ဘက်ပေါင်းစုံ သတင်း အချက်အလက်များအရ နေပြည်တော်အခြေစိုက် မြန်မာစစ်တပ်သည် ရခိုင်ပြဿနာရပ်ကို ကြိုးကိုင် နေခြင်းဖြစ်ကြောင်း အလွန်ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း ဆိုသည်။
    ဒေါ်စုကြည်နှင့်ပတ်သတ်၍မူ ဒေါက်တာမောင်ဇာနည်က သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ စစ်တပ်ကို အနိုင်ရရန်မှာ လူထုအများစု၏ ထောက်ခံမှုလိုအပ်ကြောင်း၊ ထိုသို့ လူထုထောက်ခံမှုရမှသာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနိုင်မည်ဖြစ်ကြောင်း၊ အခြားနည်းလမ်း အရမူ ဒေါ်စုကြည်အနေဖြင့် မြန်မာလူထုကို ပျော်ရွှင်အောင် ပြုလုပ်ပေးဖို့ လိုကြောင်း၊ အသိဥာဏ်ယှဉ်ပြီး ရိုဟင်ဂျာပြဿနာမှ ရှင်းရှင်းလင်းလင်းနေဖို့ သူမအနေဖြင့် လိုအပ်ကြောင်း၊ သို့နေခြင်းအားဖြင့် သူမအနေဖြင့် လူ့အခွင့်အရေးကြိုးပမ်းသူကြီးဟူသော ပုံရိပ်ကိုပင် ကရုဓမ္မ မပြုနိုင်တော့ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။
    မြန်မာပြည်တွင်းရှိ မည်သူတစ်ဦး တစ်ယောက်ကမှ ရိုဟင်ဂျာများကို အကာအကွယ်ပေးဖို့ စိတ်မ၀င်စားကြောင်းနှင့် မြန်မာတွင် မွတ်စလင်မ်များကို လူမျိုးရေးခွဲခြားမှု မှာ သာမာန်ကိစ္စပင်ဖြစ်နေကြောင်း ဒေါက်တာမောင်ဇာနည်က ဆိုသည်။ ထိုအချက်မှာ ကြောက်စရာ အကောင်းဆုံးနှင့် ပြုပြင်ပြောင်းလဲရေး အတွက် ဒုက္ခအပေးနိုင်ဆုံးသော အချက်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများက ထိုအချက်ကို ဖွင့်မပြောကြခြင်းမှာ ၄င်းတို့အနေဖြင့် ကိုယ်ပိုင် မဟာဗျူဟာနှင့် စီးပွားရေးအကြံ အစည်များကိုသာ မြန်မာပြည်အတွက် ယှဉ်ထိုးစဉ်းစားနေကြကြောင်း၊ မြန်မာဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ခေတ်သစ်အသွင် ကုးပြောင်းရေးဖြစ်နေသည့် အကြောင်း တစ်နှစ်ကျော်ခန့် ကျွန်ုပ်တို့ ကြားသိနေရကြောင်း၊ သို့သော် မြန်မာဒီမိုအသွင် ကူးပြောင်းရေးဆိုသည်မှာ ကျစ်လစ်သော၊ နောက်ကြောင်းပြန် မလှည့်နိုင်သော အသွင်ကူးပြောင်းရေး မူဝါဒများမဟုတ်ဘဲ ရုပ်ဆိုးအကျည်းတန်ဆုံး လူမျိုးရေး ခွဲခြားမှုများပင်ဖြစ်နေသည်အား ကမ္ဘာတ၀ှမ်းက သက်သေပင်ဖြစ်ကြောင်း ဒေါက်တာမောင်ဇာနည်က အကျယ်တ၀န့် ဆွေးနွေးသွားခဲ့သည်။
    ရေဒီယို သြစတေးလျမှ ဒေါက်တာမောင်ဇာနည်အား  အောက်တိုဘာ ၂၆၊ ၂၀၁၂ တွင် ထပ်မံအင်တာဗျူးဆွေးနွေးထားရာ အသံဖိုင်ကို http://goo.gl/27BYP တွင် နားဆင်နိုင်သည်။
  • ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်
    ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်
    အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂
    M-Media
    မြန်မာပြည်ထဲမှာ- လူသားပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေရပ်ဇာတိများမှ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအား ဂုဏ်သိက္ခာညှိုးနွယ်စေရန် လှုံ့ဆော်ခြင်း၊ လူသား ချင်းကြား အမုန်းတရားမျိုးစေ့ချပေးခြင်း-တို့ဟာ Crime Against Humanity နဲ့ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ပြည့်စုံ လုံလောက်တဲ့ အကြောင်းရင်းများ ဖြစ်တယ်။
    မြန်မာပြည်ထဲမှာ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေဟာ ရိုဟင်ဂျာနဲ့ ရခိုင်အကြား ဖြစ်တဲ့ မျိုးနွယ်စုချင်း ပဋိပက္ခ မဟုတ်ဘူး- ဗုဒ္ဓဘာသာ အကြမ်းဖက်များက အစ္စလာမ်ဘာသာဝင်တွေကို မျိုးဖြုတ်တဲ့ မျိုးပြုတ်သတ်ဖြတ် မောင်းထုတ်မှု ဖြစ်တယ် ဆိုတာ ငြင်းမရနိုင်တဲ့ အထောက်အထားတွေ ရှိနေတယ်။ ဒါကြောင့် ရိုးရိုးသာမန် ရခိုင် ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများကို သုတ်သင်နေခြင်း မဟုတ်ဘဲ ဘုန်းကြီးများကိုယ်တိုင်က တစ်နိုင်ငံလုံး မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပြီး ခေါင်းဆောင်ခဲ့တယ်။ ရခိုင်တောနယ်က ဆင်းရဲနွမ်းပါးသူတွေ၊ လူဆိုး လူမိုက်တွေကို ကုလားသတ်ပွဲမှာ မပါရင် မင်းရဲ့ သာရေးနာရေးကို ငါတို့ တာဝန်မယူဘူး- မင်းကို ဗုဒ္ဓဘာသာ တွင်းက ထုတ်ပစ်မယ်လို့ အကြပ်ကိုင် စည်းရုံးခဲ့တယ်။ ဒါတွေ အားလုံး တိကျတဲ့ အထောက်အထား သက်သေ သက်ကန် ရှိနေပြီး ဖြစ်တယ်။
    ဒုတိယ အဆင့်အနေနဲ့ ငါတို့မှာ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ ရှေ့နေတွေ နဲ့ အမှုအပ်ပြီးလည်း ဖြစ်နေပြီ။ အခုအချိန်မှာ သူတို့က အမှုတွဲ ရေးနေချိန် ဖြစ်နေပြီ။
    ဒီထက်ပိုပြီးခိုင်လုံတဲ့ သက်သေများ ရစေဘို့- အသတ်ခံရတဲ့ အပြစ်မယ့် ပြည်သူ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် ဘယ်လိုမြှုပ်သလဲ၊ ဘယ်နေရာတွေမှာ မြှုပ်သလဲ။ အလောင်းတွေကို ဘယ်လို ဖျောက်ဖျက်သလဲ၊ ဘယ်ပါတီ၊ ဘယ်အုပ်စုက အကြမ်းဖက် လူစုတွေကို ဘယ်လို ခေါ်လာပြီး လူစုသလဲ- ဆိုတာတွေကို ရာဇ၀တ် ကောင်များအပေါ်က စောင့်ကြည့်နေတဲ့ Satellite Sentinel Project ကို လွန်ခဲ့တဲ့ ၃၉ ရက်ကတည်းက တပ် ဆင်ပြီး ဖြစ်နေတယ် ဆိုတာ- လူမိုက်မျက်ကန်း ပညာမဲ့များ မသိခဲ့လေခြင်းသာ ဖြစ်တယ်။
    ငါတို့က မတရားမှုကို တရားမှုနဲ့ တော်လှန်ဘို့ ပြင်ဆင်ပြီး ဖြစ်နေပါတယ်။ ကမ္ဘာအလယ်မှာ အစ္စလာမ်က အကြမ်းဖက်သလား-၊ သို့မဟုတ် မွတ်ဆလင်များကို နာမည်ဖျက်နေတဲ့ မေတ္တာရှင် ဟန်ဆောင်သူများက အကြမ်းဖက်သလား- မကြာမှီ ပေါ်လာရမှာပါ။
    ငါ ပြောတာတွေ လေဖန်းဒါန်းစီးပြီး ခြိမ်းခြောက်တာလား၊ လက်တွေ့လား ဆိုတာတော့- သတင်းပတ် ၅ ပတ် အတွင်း အဖြေ ပေါ်လာရစေပါမယ်လို့- တိုင်းပြည်ကို ကတိပေးပါတယ်။ လက်ရှိ ဆောင်ရွက်နေတာတွေထဲက ဖွင့်ပြောနိုင်သမျှလောက်ကိုသာ ပြောရခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း-၊ မကြာမှီ ရက်အတွင်း ရာဇ၀တ် ကောင်များ လက်တွေ့ရင်ဆိုင်ရပါတော့မယ်။
    လူဆိုးလူမိုက် သွေးအေးအေးနဲ့ ရက်စက်တဲ့ တိုင်းပြည်သစ္စာဖေါက် မျိုးပြုတ်သတ်ဖြတ်တဲ့ တရားခံများကို ဖယ် ရှားပစ်မှ- အနာဂါတ်မြန်မာနိုင်ငံမှာ လူကောင်းလူတော်တွေ အတွက် အခွင့်အရေး ရလာမယ်လို့လည်း ငါတို့ ယုံကြည်တယ်။ လူဆိုးလူမိုက် အကြမ်းဖက် မျိုးဖြုတ်သတ်တဲ့ ခေါင်းဆောင်များနဲ့ အပေါင်းပါများကို ကမ္ဘာ့ခုံရုံး ကို တင်လိုက်လို့ တစ်တိုင်းပြည်လုံးက ငါတို့ကို မကြေနပ်ရင်လည်း ငါတို့ အနေနဲ့ အနာဂါတ်မျိုးဆက်အတွက် အကောင်းကို လုပ်ဆောင်ပေးခဲ့ခြင်း အတွက် ငါတို့ဟာ အကြမ်းဖက် လူသတ်ကောင်များကို တော်လှန်မှုနဲ့ တရားခံအဖြစ် ရဲရဲ တင်းတင်း ခံယူလိုက်မယ်။
    အကြမ်းဖက် အုပ်စုက အခုအချိန်မှာ ငါ့ ကို သတ်လိုက်ရင်လည်း- ငါတို့ တင်ပို့ထားတဲ့ အမှုတွဲ ဖိုင်က ကမ္ဘာ့ ရှေ့နေများ လက်ထဲကို ရောက်နေပြီ- ဆက်တိုက်ဆောင်ရွက်သွားမယ့် လူတွေ ရှိနေပြီ ဆိုတာကိုလည်း ထပ်ဆင့် အသိပေးလိုပါတယ်။
    မတရားမှုဟာ တရားမှုအောက်မှာ ပြားပြားဝပ်သွားစေရပါမယ်။ နေရာတိုင်းမှာ မတရားမှုကသာ အနိုင်ရနေရင်- ဒီကမ္ဘာမှာ တရား ဆိုတာ ရှိတော့မှာ မဟုတ်ဘူး—- ဆိုတာတော့ အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သား အားလုံး လက်တွေ့ သိမြင်စေရပါမယ်။
    ဌေးလွင်ဦး
    မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု
    ၂၀၁၂ အောက်တိုဘာ ၂၇ ရက်
    ဤ ကြေငြာချက် ဆောင်းပါးသည် M-Media ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏  သဘောထားအာဘော်သာဖြစ်ပါသည်။
  • ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    အောက်တိုဘာ ၂၇၊ ၂၀၁၂
    M-Media
    ညီညီလင်းဇော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ ကြီးက ဒီနှစ် အိဒ်ပွဲတော်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက် တယ်ဆိုတာ ကြားကြားချင်းမှာ အလေးသိပ်မထားဖြစ်ပါ။ မလုပ်နဲ့ ဆိုတော့ မလုပ်ဘူးပေါ့။ ခု အောက်တိုဘာ၂၆ ရက်နေ့  ကျော် ပြီး ၂၇ ထဲအ၀င်မှာတော့ ခံစားရတယ်။ ငါတို့ အ မြတ်တနိုးနှစ် စဉ်လုပ်လာခဲ့တဲ့ရိုးရာပွဲတော် ငါတို့ ဒီနှစ် မလုပ်ဖြစ်တော့ဘူးဆိုပြီးတော့။
    ဒီပွဲကို ဘာကြောင့်ငါတို့ မြတ်နိုးပြီး မလုပ်ရလို့  ဘာကြောင့်ဝမ်းနည်းရတာလဲ။ နားမလည်ပဲ ဘုထိုင်ပြောတဲ့လူတွေ၊ မသိကျိုးကျွံပြုတဲ့ လူပိန်းတွေ၊ ခေါင်းထဲမှာ စဉ်းစားဖို့ မပါတဲ့ နလပိန်းတုံးတွေ အတွက်ကတော့ နွားသတ်ပွဲပေါ့၊ ငါတို့ အတွက်ကတော့ အသားလှူကောင်းမှုပြုပွဲ။ ဒီထက်မကဆိုရင် တိရိစ္ထာန်တွေကို ရက်ရက်စက် စက်မပြုအောင် သင်ပေးတဲ့ပွဲ။ ဒီလိုရေးလို့  ၀ိုင်းဆဲကြပါအုံးမယ်။ အားရပါးရ ပက်ပက်စက်စက် လှောင်ပြောင်ကြပါအုံးမယ်။ နွားတော့သတ်ပြီး မရက်စက်အောင် သင်ပေးတယ်ဟုတ်လားဆိုပြီး။ ဟုတ်ပါတယ်၊ သေချာစဉ်းစားကြည့်ပါ။
    သတ်တယ်ဆိုတာ ရေဆူဆူထဲနှစ်သတ်တာမဟုတ်ပါဘူး။ အချွန်အစူးနဲ့ ထိုးသတ်တာမဟုတ်ပါဘူး။ ရိုက်သတ် ခုတ်သတ်တာမဟုတ်ပါဘူး။ ပြီးပြည့်စုံသော သိပ္ဗံ နည်းကျသော အစ္စလာမ်ဘာသာက လည်လှီးခိုင်းတယ်ဆိုတာ ပင်မအာရုံကြောတွေကို ၃ ချက်နဲ့ စက္ကန့် ပိုင်းအတွင်းဖြတ်ခိုင်းထားတဲ့အတွက် အာရုံကြောပြတ် သွားလို့  (ဦးနောက်နဲ့ ခန္ဒ္ဓာဆက်ထားတဲ့ အသိအာရုံကြောတွေပြတ်သွားလို့ ) သူတို့မှာ နာကြဉ်မှူကို မသိ (မရှိ) တော့ပါဘူး။ ဒီကိစ္စ ဆေးသိပ္ဗံပညာရှင်တွေရော အစ္စလာမ်ဘာသာရေးပညာရှင်တွေပါ ရှင်းပြပြီးသားပါ။ အမှန်တကယ် သဘောပေါက်ချင်တယ်ဆိုရင် ရှာဖတ်ကြည့်ပါ။ (စိတ်လည်းမ၀င်စား နားမလည်ချင်ပဲ ငါ့စကားနွားရ ထိုင်ဆဲမဲ့လူတွေအတွက်တော့ အချိန်ကုန်ခံပြီး မရေးတော့ပါ)။
    ခုချိန်ဆိုရင်အိဒ်ပေါ့ဗျာ။ နံနက်လင်းရင်တော့ အိဒ်မနက်ပေါ့။ ခါတိုင်းဆိုရင် အိဒ်နေ့  မနက်မိုးမလင်းခင်စောစောထတယ်၊ ရေချိုးတယ်၊ ဘုရားစာဖတ်တယ်၊ ဝေးဝေး တခါမှစားရတဲ့ အစားသောက်နဲ့  နံနက်စာစားကြတယ်။ ပြီးရင် အ၀တ်အသစ်ဝတ်ပြီးပလီသွားကြတယ်။ ဘုရားရှိခိုးပြီးရင် သူငယ်ချင်းတွေ အမျိုးတွေနဲ့  နှုတ်ဆက် ကြတယ်။ အမျိုးအိမ်တွေသွားတယ်။ အဝေးက အမျိုးတွေ မိတ်တွေတွေကို ဖုန်းခေါ်မယ်။ စုဆောင်းတာတွေထဲက လှူကြတယ်။ တနှစ်မှာ တခါရတဲ့ ဒီ အမှတ်တရပွဲ၊ ငါတို့ ဆုံးသွားပြီ။
    ငါတို့ တောင် ဒီလောက်ဝမ်းနည်းနေရင် နေစရာအိမ်ပျောက်သွားတဲ့ ရခိုင်ကမွတ်စလင်မ်တွေ၊ အမေသေ အဖေသေ သားသမီးသေ ကြုံလိုက်ရတဲ့ ရခိုင်ပြည်က ဒုက္ခသည်တွေ မနက်ဖြန် ဘယ်လိုအိဒ်လုပ်ကြမလဲ။
    ဒီနေ့  ရခိုင်အရေးအခင်းကဓာတ်ပုံတွေတွေ့ တယ်။ ကလေးလေးတွေငိုနေတယ်။ အစားတွေမစားရ ရေတွေမသောက်ရတော့ ဖျော့တော့နေကြတယ်။ အဖိုးကြီး အဖွားကြီးအိုတွေကို ပွေ့ ပြီးသယ်နေရကြရတယ်။ ကောင်မလေး ၂ ယောက် သွေးအိုင်ထဲမှာ လဲသေနေတယ်။ အနီးထုပ်နဲ့  ကလေးတယောက် ကျောက်ဖြူက ထွက်လာတာ စစ်တွေရောက်တော့ အသက်မရှိတော့ဘူး။
    စစ်တွေအရောက်ဆုံးသွားတဲ့ ကလေးလေး
    အပြုံးတွေနဲ့  ကျော်ဖြတ်ရမဲ့တနေ့ မျက်ရည်တွေ သွေးတွေနဲ့  လှူးနေရော့မယ်။ အလောင်းတွေနဲ့  ယင်ကောင်တွေ ၀ဲနေရော့မယ်။ ဆာလှောင်လို့  ကလေးတွေအော်နေကြမယ်။ ကျွေးစရာမရှိလို့  အမေတွေ ငေးနေကြမယ်။ အသက်မရှိတော့တဲ့ ရင်သွေးလေးတွေအတွက် ရင်ကွဲရော့မယ်။ ပြေးစရာမရှိလို့  ငိုနေတော့မယ်။
    သူတို့ ဒီလို လုပ်ရက်တယ်။ ငါတို့ ရဲ့  အမြတ်တနိုးနေ့ ကို ဒီလိုဖျက်ဆီးရက်တယ်။ ငါတို့  မမေ့တော့ဘူးအစွန်းရောက် အကြမ်းဖက်သမား ရခိုင်တွေ၊ နည်းအမျိုးမျိုးနဲ့ အားပေးအားမြှောက်တဲ့ကောင်တွေ၊ သွေးဆာနေတဲ့ လူသတ်သမားတွေ။
    သူတို့ လုပ်ရပ်တယ် ဖျက်ဆီးရက်တယ်လို့ ပြောရအောင် အစိုးရကမတားပါဘူး၊ သူတို့ ဟာသူတို့  မလုပ်တာပါလို့  အစိုးရရုံးက ပြောပါတယ်။ ဒါကို မြန်မာသတင်းဌာနတွေကလည်း မှူးဇော်ကို ကိုးကားပြီး တသီကြီးဖော်ပြကြတယ်။ မလှိမ့်တပတ်အမြဲလုပ်တတ်တဲ့ အစိုးရကို ကိုးကားကြတော့တယ်။
    မွတ်စလင်မ်ခေါင်းဆောင်တွေက သူတို့ ဖာသာသူတို့  ဆုံးဖြတ်ချင်သလို ဆုံးဖြတ်တာမဟုတ်ပါဘူး။ အစိုးရကလုပ်ခွင့်မပိတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ အစိုးရ ရူးချင်ဟန်ဆောင်နေတာ၊ သူမဟုတ်သလိုလုပ်နေတာက အစ္စလာမ်တွေကို ဒီလောက် စော်ကားနေတာ တိုက်ခိုက်နေတာကို ဘာမှအရေးမယူပေးဘူး။ ပေါ်တင် တိုက်ခိုက်နေတာ၊ စည်းရုံးနေတာ၊ လှုံ့ ဆ်ာနေတာ၊ စာတွေဖြန့် နေတာ၊ ရိုဟင်ဂျာကိုဆန္ခပြပြီး အစ္စလာမ်ကိုပေါ်တင်တိုက်ခိုက်နေတာတွေကို လွတ်ထားပေးတယ်။ အစိုးရထဲကလူတွေကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးလုပ်နေတယ်။ မှူးဇော်ကိုယ်တိုင်က မုန်းတီးရေးလုပ်နေတယ်။ သတင်းမှားတွေပေးနေတယ်။
    အစ္စလာမ်ခေါင်းဆောင်တွေ အကြိမ်ကြိမ်သွားပြောတယ်၊ စာတင်တယ်၊ တောင်းဆိုတယ်၊ ထိန်းပေးဖို့ မေတ္တာရပ်ခံတယ်။ ဘာမှမလုပ်ပေးဘူး။ အိဒ်ပွဲအတွက်လည်း လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတယ်။ လုံခြုံရေးပေးဖို့ နေနေသာသာ သူတို့ ကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးအတွက် လမ်းဖွင့်ထားပေးတာကို သိသိကြီးနဲ့  မွတ်စလင်မ်ခေါင်းဆောင်တွေက ငြိမ်နေရမလား။ ကမ္ဘာမီးလောင် သားကောင်ချနင်းနေတာကို သိသိနဲ့  မျက်စိမှိတ်ပြီး ထောင်ချောက်ထဲဆင်းရမလား။
    အစိုးရမက မတားမြစ်ထားဘူး၊ သူတို့ ဖာသာသူတို့  မလုပ်တာဆိုပြီး မလိမ့်တပတ်မပြောနဲ့ ။ လူပိန်းတွေး လူပိန်းရေးမလုပ်ကြနဲ့ ။ ပြသနာမဖြစ်ဖြစ်အောင် လုပ်နေကြတာကိုသိလျက်နဲ့  အစိုးရဖက်က တာဝန်ပျက်ကွက်နေလို့ ၊ လုံခြုံမှုမရှိတော့တာကို သိလျက်နဲ့  လုံခြုံရေးမပေးလို့ ၊ ကုန်ကုန်ပြောမယ် အစိုးရကိုမယုံလို့  မွတ်စလင်မ်တွေ ကိုယ့်ဖာသာကိုယ် ဆင်ခြင်လိုက်ကြတာလို့ ပဲပြောပါ။
  • အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    By and Harrison Akins
    ၂၃-၁၀-၂၀၁၂
    source: http://www.washingtonpost.com/blogs/guest-voices/post/aung-san-suu-kyi-the-rohingya-of-burma-and-the-challenge-of-faith/2012/10/24/31901eda-1e11-11e2-9cd5-b55c38388962_blog.html
    “She came she saw, she conquered.” အမေရိကန်ကွန်ကရက်ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူခဲ့စဉ်မှာတော့ သူမက လိုက်လျောဖော်ရွေနေတဲ့ ကန်ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ရင်ပေါင်တန်းခဲ့တာ ဂုဏ်ယူဖွယ်ပါ။ သူမက ကမ္ဘာ့အာရုံစူးစိုက်မှုကို ဖမ်းစားထားတာတင်မဟုတ်ဘဲ ကမ္ဘာ့အချစ်တော်လည်း ဖြစ်ခဲ့သူပါ။ ဂျွန်မက်ကိန်းကဆိုရင် သူရဲ့ကိုယ်ပိုင်သူရဲကောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပါလို့တောင် ပြောဆိုခဲ့ပါတယ်။
    အမေရိကန်တက္ကသိုလ်ကို ဂုဏ်ပြုဒေါက်တာဘွဲ့ယူဖို့ လာရောက်တော့လည်း သူမရဲ့ပုံရိပ်က ကျွန်တော်တို့အတွက် စွမ်းအားပြင်းခဲ့သေးတာပေါ့။ သူမကတော့ လွတ်လပ်ခြင်းအတွက်  ဟစ်တိုင်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်။ ဒါတွေတင်မက ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများအတွက်ရော၊ လူနည်းစု တိုင်းရင်းသားများအတွက်ပါ ဆန္ဒဖော်ထုတ်နိုင်ဖို့ စမ်းပေါက်တစ်ခုဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေကတော့ မြန်မာပြည်ရဲ့ ဖိနှိပ်တဲ့အစိုးရလက်ထက်မှာ အချိန်ကြာမြင့်စွာ ဖြတ်သန်းကျင်လည်ခဲ့ရတာပါ။
    သူမကတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ်သာမက ဗုဒ္ဓဘာသာဝင်များရဲ့ ကရုဏာတရားအတွက်လည်း ဟစ်တိုင်ဖြစ်နေပါသေးတယ်။ ဒါ့ပြင် အဖိနှိပ်ခံတွေရဲ့ မဟာမိတ်ဆိုလည်း ဟုတ်ပါတယ်။ ဗုဒ္ဓကတော့ သူ့သာသနာရဲ့ သဘောသဘာဝမှာ ကိုယ်ချင်းစာတရားသည် ဗဟိုချက်မဖြစ်တယ်၊ တပါးသူရဲ့ ဂုဏ်သိက္ခာကို လေးစားရမယ်ဆိုတဲ့အချက်တွေကို ထိထိမိမိ ဟောပြောခဲ့ပါတယ်။
    ဒါပေမယ့် ဒေါ်စုကြည်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးဆိုင်ရာ အရေးအကြီးဆုံး ပြဿနာရပ်ကြီးအပေါ်မှာ လုံးဝနုတ်ဆိတ်နေတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေဆဲပါ။ အဲဒီလူ့အခွင့်အရေးပြဿနာရပ်ကြီးကတော့ ရိုဟင်ဂျာများရဲ့ ဒုက္ခဗျာပါဒတွေပါပဲ။
    လက်ရှိ ဒီမိုအသွင်ပြောင်း ဦးသိန်းစိန်အစိုးရကလည်း ဒီရိုဟင်ဂျာတွေရဲ့ ပြဿနာရပ်ကို ပုံသဏ္ဌာန်မပြောင်း ပေးရုံမက ၂၀၁၂ ဇူလိုင်လမှာ ရိုဟင်ဂျာတွေကို အသိအမှတ်မပြု၊ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို လည်း အသိအမှတ်မပြု၊ သူတို့ကို ကုလမဟာမင်းကြီးရုံးဆီ လွှဲပြောင်း ပေးအပ်လိုကြောင်း ဖော်ပြထားတဲ့ ကြေငြာချက်တောင် ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာမှာတော့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ဗုဒ္ဓရဲ့ သွန်သင်ချက်ကို ဆန့်ကျင်ပြီး အန္တီရိုဟင်ဂျာ ဆန္ဒပြပွဲတွေတောင် ကျင်းပပြီး ဦးသိန်းစိန်ရဲ့ အဆိုကို ထောက်ခံခဲ့ကြပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုလည်း ပြည်တွင်း ရုံးစိုက်ပြီး အထောက်အပံ့ပေးရေးကိစ္စမှာ မြန်မာအစိုးရက ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ မငြိမ်သက်သေးလို့ဘဲဖြစ်ပါတယ်။
    မြန်မာလူထုရဲ့ ရာနှုန်း ၃၀ လောက်ကတော့ ဗမာမဟုတ်တဲ့ လူမျိုးခြားတွေပါ။ သူတို့ကတော့ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ အဖိနှိပ်ခံပြစ်မှတ်တွေပါ။ ရိုဟင်ဂျာတွေကတော့ သီးခြားခွဲထွက်နေတဲ့ အခြိမ်းခြောက်ခံတွေပါ။
    ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပါတယ်။ အောင်ဆန်းရဲ့ အတွင်းအမြင်တွေကို ဖယ်ရှားပြီး မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံကာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဆိုတဲ့အယူဆီကို ပြောင်းလဲခဲ့ပါတော့တယ်။ ရိုဟင်ဂျာတွေကတော့ ဗမာလည်းမဟုတ်ဘူး၊ မွတ်စလင်ဆိုပြီးတော့လည်း ကင်ပွန်းအတပ်မခံရဘူး၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မှားယွင်းချွတ်ချော်စွာ နာမည်အတပ်ခံရပါတယ်။
    ၁၉၇၈ မှာ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ရဲ့ နဂါးမင်းခေါ်တဲ့ လူမျိုးခြားရှင်းလင်းသုတ်သင်မှုစစ်ဆင်ရေးကတော့ တိုင်းပြည်တွင်းက နိုင်ငံသားဖြစ်ရင်ဖြစ်၊ မဟုတ်ရင်တော့ ခိုးဝင်လာသူဆိုတဲ့ ပုဒ်မတပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ရိုဟင်ဂျာတွေကတော့ မုဒိန်းကျင့်ခံရတယ်၊ အကြောင်းပြချက်မရှိဖမ်းဆီးခံရတယ်၊ ဗလီတွေဖျက်ခံရတယ်၊ ရွာတွေအဖျက်ခံရတယ်၊ မြေယာတွေ အလုခံရတယ်။
    ၁၉၉၁ မှာတော့ ဒုတိယမ္ပိစစ်ဆင်ရေးလုပ်ပြန်ပါတယ်။ နာမည်က ပြည်သာယာစစ်ဆင်ရေး။ ရည်ရွယ်ချက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တထေရာတည်းပါ။ ရလဒ်က ရိုဟင်ဂျာပေါင်း ၂ သိန်းလောက်ဟာ ဘင်္ဂါလားဒေ့ရှ်ကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။ ယနေ့ကျန်ရစ်တဲ့ ရိုဟင်ဂျာ ၃ သိန်းလောက်ကလည်း စားစရာမရှိ၊ ဆေးအထောက်အပံ့နတ္ထိ။ မွတ်စလင်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ငြင်းဆန်ပယ်ချပစ်ကြပါတယ်။
    ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေဆိုတာကတော့ ရိုဟင်ဂျာတွေကို ထိရောက်စွာ နှိမ်နှင်းတဲ့ ဥပဒေပါ။ နိုင်ငံသားဖြစ်ခွင့်မရမှာတော့ ရိုဟင်ဂျာတွေဘ၀ကျောင်းဖို့ဆိုတာ ခက်ခဲသွားပါပြီ။ သူတို့တွေဟာ ရွာအပြင်ထွက်ပြီး ခရီးသွားခွင့်ပိတ်ပင်ခံရတယ်၊ သူတို့ရဲ့ ၀တ်ပြုရာကျောင်းဆောင်တွေ ပြုပြင်ခွင့်မရဘူး၊ ပညာသင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ပိတ်ပင်ခံရတယ်။ သူတို့တွေက အဲဒီလိုပိတ်ပင်ခံထားရတာကို ချိုးဖောက်မယ်ဆိုရင် (သူတို့အခွင့်အရေးကို သူတို့အပြစ်မဲ့စွာရယူမယ်ဆိုရင်)  ထောင်ချခံရမယ်၊ ထောင်ထဲမှရိုက်နှက်ခံရမယ်၊ အမျိုးသမီးဆိုရင် ဆက်တိုက်မုဒိန်းကျင့်ခံရမယ်။
    အဖေမပေါ်တဲ့ ကိုယ်ဝန်ဆောင်ကတော့ မောင်းထုတ်ခံရမယ်၊ ဒါမှမဟုတ် အန္တရာယ်အများလှတဲ့ ကိုယ်ဝန်ဖျက်ချမှုပုံစံမျိုးနဲ့ ကလေးဖျက်ချခံရမယ်၊ ဒီတော့ အများစုက သေဆုံးကြရပါတယ်။
    ရိုဟင်ဂျာတွေကတော့ ခေတ်သစ်ကျေးကျွန်တွေပါပဲ။ သူတို့ကို အဓမ္မစေခိုင်းမှုတွေလည်း ရှိနေပါတယ်။ အမျိုးသမီးတွေကို ဗမာလုံခြုံရေး တပ်သားတွေက ပြည့်တန်ဆာအဖြစ်မတရားသိမ်းသွင်းကြပါသေးတယ်။
    မြန်မာအစိုးရရဲ့ တံခါးဖွင့်ဒီမိုကရေစီကတော့ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ နယ်လ်ဆင်မင်ဒဲလားလို့ ဆင်တူတဲ့ ဒေါ်စုကြည်ကတော့ ရိုဟင်ဂျာအရေးကိစ္စမှာ ပါဝင်ပြီး ချစ်ခင်ကြည်နူးဖွယ်လူ့အဖွဲ့အစည်းကို တည်ထောင်ပေးသင့်ပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေသာမက တိုင်းရင်းသားလူနည်းစုအားလုံးကိုလည်း ပါဝင်စေရပါမယ်။ သူမက သူမရဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်အတိုင်း ကိုယ်ချင်းစာတရားကိုပြသမယ်ဆိုရင် တော့ အားလုံးက သူမနောက်လိုက်ကြမှာပါ။
    ရိုဟင်ဂျာတွေကို စနစ်ကျစွာ အန္တရာယ်ပြုနေခြင်းကို ရပ်တန့်မှာသာလျှင် မြန်မာပြည်ကို နိုင်ငံတကာကရော သူ့ရဲ့ပြည်သူတွေကပါ တရားဝင်ဒီမိုနိုင်ငံအဖြစ် မြင်ကြမှာဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအတွက်ပထမခြေလှမ်းကတော့ ရိုဟင်ဂျာများတည်ရှိနေခြင်းကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။
  • ရိုဟင်ဂျာတို့အပေါ် လူမျိုးရေး အကြမ်းဖက်မှုအား မြန်မာအစိုးရမှ အကွက်ချ စီစဉ်ခဲ့လေသလား။
    ရိုဟင်ဂျာတို့အပေါ် လူမျိုးရေး အကြမ်းဖက်မှုအား မြန်မာအစိုးရမှ အကွက်ချ စီစဉ်ခဲ့လေသလား။
    အောက်တိုဘာ၊ ၅ ၊ ၂၀၁၂
    ဆောင်းပါးရှင် – မောင်ဇာနည်
    Source: DVB မှ ဆောင်းပါးကို M-Media မှ စီလျော်အောင်ဘာသာပြန်ဆို တင်ပြပါသည်။
    Policemen carry their weapons during fighting between Arakanese and Rohingya communities in Sittwe, Arakan state. (Reuters)
    ဒီနှစ်နွေ၌ မြန်မာနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်း ကို လေ့လာကြည့်မည်ဆိုလျှင် မြန်မာပြည် အစိုးရအား ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကိုင်တွယ်ပုံနှင့်ပက်သက်၍ စောင့်ကြည့်ခြင်းခံနေရသည်။ နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန် အပါအ၀င် ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော ပြည်တွင်းလုံခြုံရေး စစ်တပ်တို့သည် “လူသားဆန်မှု့ နှင့် လူသားအကျိုးပြုမှု့” ဆိုသည့် အချက်နှစ်ချက်အား အပေါ်ယံဟန်ပြ လုပ်ဆောင်နေသည် ဟု နိုင်ငံပြင်ပ အဖွဲ့အစည်းများ  အထူးသဖြင့် အစ္စလာမ်နိုင်ငံများမှ ဖိအားပေးလျှက်ရှိသည်။
    နေပြည်တော်ရှိ ပြည်သူများအား ရေပေါ်ဆီ မမှန်မကန် ထုတ်ပြန်မှု့များ ထက် ရှု့ထောင့်ပေါင်းစုံမှ လေ့ လာ တွေ့ရှိချက်များအရ ညမထွက်ရ အမိန့်ကြောင့် မသေရုံတမည် ခက်ခဲစွာနေထိုင်ဒုက္ခရောက်နေကြသော ရိုဟင်ဂျာ လူမျိုးတို့ အား ပိုမို ဒုက္ခရောက်စေမည် ဖြစ်ကြောင်း ရိုဟင်ဂျာ တို့ က စိုးရိမ်လျက်ရှိသည်။
    လူမျိုးရေးခွဲခြားမှု့ နှင့် ဖိနှိပ်ခံရမှု့များကြောင့် ရိုဟင်ဂျာတို့သည် ၄င်းတို့ ဘ၀တွင် မည်သည့်အရာမျှ ဆုံးရှုံးစရာ မကျန်သကဲ့သို့ ခံစားနေရသည်။ သို့သော်ငြားလည်း လူမျိုးတုန်းသတ်ဖြတ်မှု့၊ လူသားအချင်းချင်းဖိနှိပ်မှု့ နှင့် လူမျိုးရေးခွဲခြားမှုများသည် ၄င်းတို့၏ ဘ၀များအား   ဒုက္ခသည် စခန်းများတွင် အကျဉ်းချထားသကဲ့သို့ မလွတ်မြောက်နိုင်သော ခရီးရှည်ကြီး တစ်ခုပင်ဖြစ်သည်။ ထို့အပြင် အမေရိကန် အမတ် Derek Mitchell အား ရိုဟင်ဂျာများနှင့် အတူတကွနေထိုင်ရန်မှာ မဖြစ်နိုင်ကြောင်း တရားဝင် ထပ်တလဲ လဲ ပြော ကြားခဲ့သော ရန်လိုသည့် လူများစု ရခိုင် များ က ရိုဟင်ဂျာတို့အား ၀ိုင်းရံလျက်ရှိသည်။ အဆိုးရွားဆုံးမှာ မူကား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ပြေးနေရသော  ရိုဟင်ဂျာဒုက္ခသည်များ အား ခိုလှုံခွင့် မပေးခြင်းပင်ဖြစ်သည်။
    ရိုဟင်ဂျာ တို့ ၏ ဘက်မှ လေ့လာ ကြည်လျှင်   ဗုဒ္ဓဘာသာ လူမျိုးရေး အစွန်းရောက်များ၏ ဖိနှိပ်မှု့ ပင်လယ်ထဲတွင် မျောနေကြရသော ၄င်းတို့ အတွက်မှာ မူကား နေပြည်တော် သမ္မတရုံးအပါအ၀င် အခြားသော စုံစမ်းရေး အဖွဲ့များ၏ စုံစမ်းဖော်ထုတ်မှု့များသည် ၄င်းတို့အတွက် နောက်ဆုံး ဆံခြည်တစ်မျှင်ကဲ့သို့ပင်ဖြစ်သည်။
    ထို့ကြောင့် အသေအချာ ပြောရမည် ဆိုလျှင် ရိုဟင်ဂျာတို့သည် ထို စုံစမ်းမှု့များအပေါ်တွင် မျှော်လင့်ချက်များစွာထားလျက် ရှိသည်။  လွတ်လပ်စွာထုတ်ဖော် စုံစမ်းမှု့များ၏ တွေ့ရှိချက်များသည် တိုင်းပြည်၏ လူမျိုးရေးအရ နှင့် ဘာသာရေးအရပါ အဖိနှိပ်ခံရဆုံးသော ၄င်းတို့၏ လမ်းဆုံး ရောက်နေမှု အနေအထားကို မီးမောင်းထိုးပြလိုက်သကဲ့သို့ဖြစ်ပြီး ၎င်းတို့မွေးဖွားခဲ့သည့် နိုင်ငံ၊ ၎င်းတို့မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သည့် နိုင်ငံ (မြန်မာနိုင်ငံ) ၏ တရားဝင် နိုင်ငံသားဖြစ်စေရေး ၊ လူတန်းစေ့ လုံခြုံစွာ နေထိုင်နိုင်စေရေး နှင့် ဥပဒေအရ နိုင်ငံသားအခွင့်အရေး တို့ရရှိရန် တို့အတွက် လည်း အစပျိုး လိုက်ခြင်းပင်ဖြစ်သည်။
    ဤအခြေအနေများအပေါ်တွင် နောက်ထပ်လည်း စိုးရိမ်ပူပန်မှု့များနဲ့ ဆက်လက်ကျန်ရှိနေသေးပါ သည် ။
    မြန်မာနိုင်ငံစစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ မသေချာ မရှင်းလင်းမှု့များ ရှိခဲ့သောကြောင့် ရိုဟင်ဂျာတို့သည် လွန်စွာစိုးရိမ်ပူပန်နေကြပါသည်။
    အရေးကြုံလာပြီဆိုလျှင်   နိုင်ငံရေး အကျဉ်းသားများ အားလည်း  အသုံးချခံအနေဖြင့် ပြု လုပ်ခြင်းက စပြီး  နာဂစ် ဆိုင်ကလုန်းကြောင့် ဒုက္ခရောက်နေသော ပြည်သူနှစ်သန်းကျော်အား လူသားချင်းစာနာ ထောက်ထားမှု့ အကူအညီများ အား ပိတ်ပင်သလို ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ရဟန်းများ ဆန္ဒပြမှု့များ ကဲ့သို့သော အဖြစ်အပျက်များ အပေါ်တွင် စစ်အစိုးရ၏ အကွက်ကျကျ လိမ်ခြင်း၊ အမှန်အား မဟုတ်မမှန် လုပ်ကြံခြင်း ၊ ပြည်တွင်းပြည်ပ အမြင်များ အပေါ်တွင် ဥပက္ခာ ပြုခြင်းတို့ကြောင့် ရိုဟင်ဂျာတို့သည် လွန်စွာ ပူပန်လျက်ရှိကြသည်။
    နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တွေ့ရှိလေ့လာချက်များအရ ရိုဟင်ဂျာ ဓါးစာခံများ (သို့မဟုတ်) မြန်မာ့ အပယ်ခံများ အတွက်မှာမူ  နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးကို ဟန်ပြလုပ်ဆောင်နေသော နေပြည်တော် သမ္မတရုံး သည် မြန်မာနိုင်ငံ၏ အဆိုးရွားဆုံးသော အဖိနှိပ်ခံလူမျိုးစုတို့၏ အခြေအနေကို  ချက်ချင်း ဆိုသလို ကာကွယ်ပေးရန် တာဝန် ရှိကြောင်း နှင့် ရခိုင်လူမျိုးတို့၏ ဗုဒ္ဓဘာသာအစွန်းရောက်လူမျိုးရေး ဘာသာရေးခွဲခြား ခံနေကြရသော ရိုဟင်ဂျာတို့ ရပ်တည် မှု အား တရားဝင် လူသိထင်ရှားစေရန်  ကုလသမဂ္ဂ အကူအညီရယူပြီး OIC နှင့် US စုံစမ်းရေး အဖွဲ့တို့က ထုတ်ပြန်ပေးရန်ဖြစ်ပါသည်။
    သို့သော်ငြားလည်း ပြည်တွင်းနေထိုင်သူ များက သမ္မတသိန်းစိန်၏ စစ်အစိုးရသည် လူမျိုးရေး အဓိကရုဏ်း နှင့် ယခုလက်ရှိ ဖြစ်ပွားလျက်ရှိသော လူမျိုးရေးအစွန်းရောက် လူမျိုးကြောက်ရောဂါ တို့ ဖြစ်လာစေရန် လုပ်ကြံလှည့်ဖျားသည်ဟု သံသယရှိနေကြသည်။
    ရခိုင်လူမျိုးဗုဒ္ဓဘာသာများ၊ ရဲများ၊ ဒေသခံမျက်မြင်သက်သေများ နှင့် အဓိကရုဏ်း၏ သားကောင် ရိုဟင်ဂျာများ နှင့်တွေ့ဆုံ စကားပြောခွင့်ရသော မြန်မာနိုင်ငံ၏ လွတ်လပ်စွာပြောရေး ဆိုခွင့်ရှိသူများရဲ့ မကွယ်မ၀ှက်တမ်း စုံစမ်းတွေ့ရှိချက်များသည် ရိုဟင်ဂျာတို့ အပေါ် သံသယဖြင့် စွပ်စွဲ ပြောဆိုမှု့များအတွက် မဖုံးကွယ်နိုင်သော တိကျသော သက်သေခိုင်မာမှု့ အမှန်တရားပင်ဖြစ်သည်။
    သိန်းစိန် အစိုးရ၏  ဤလူမျိုးရေး အဓိကရုဏ်းအပေါ်  တရားဝင် ပြောကြား ချက်များတွင် ယခုထက်တိုင် လူသိရှင်ကြား မထုတ်ဖော်ဘဲ ထိန်ချန်လျှို့ဝှက်ချက်များသည်  ပိုမို ဆူပူမှု့ဖြစ်စေသော အကြောင်းအရင်းများဖြစ်သည်။
    ပိုမိုဆိုးရွားသည်ကား NLD ပါတီဝင်များနှင့် အတူသွားရောက်ခဲ့သော အမေရိကန် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၃ ခုနှစ် မေလ အတွင်းက ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပေါ် နေပြည်တော်ရုံး၏ မဟုတ်မမှန် ဖော်ပြချက်များကိုသာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး  ယခုလက်ရှိ ရိုဟင်ဂျာဆန့်ကျင်ရေး အဓိကရုဏ်းအပေါ် တာဝန်ရှိမှုကိစ္စသည် “လျှို့ဝှက်ချက်” အဖြစ်သာ ကျန်နေခဲ့ပေသည်။
    သူမသည် ပို၍ သိသင့်ပါသည်။ အမှန်တကယ်တွင် ကျွန်တော်၏ နိုင်ငံတွင်း လေ့လာ သုတေသနပြုသူများဖက်မှ တွေ့ရှိတင်သွင်းသော အချက်အလက်များအရ (၁၉၆၂) တွင် စစ်အစိုးရ အာဏာသိမ်းယူစဉ်ကတည်းက  အဆိုးရွားဆုံးသော လူမျိုးရေး-ဘာသာရေး အဓိကရုဏ်းများဖြစ်လာစေရန် နေပြည်တော်ရုံးမှ တမင်တကာ အကွက်ဆင် ကြံဆောင်နေသည်ကို ဖော်ပြလျက်ရှိပါသည်။
    အစကနေပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် ပြည်တွင်းသတင်းထောက်များသည် နေပြည်တော်ရုံးသို့ မကွယ်မ၀ှက်တမ်း ပွင့်လင်းစွာ ဘာကြောင့် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဖြစ်သလဲ ဘယ်လို စတင်ဖြစ်ပွားသလဲဆိုတာတွေကို မေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဇွန်လ (၄) ရက်နေ့တွင် Ministry of Borders affairs မှ ထုတ်ပြန်သည့်  မြန်မာ့အလင်းသတင်းစာ၏ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိလက်ရှိအခြေအနေ” ဟူသော ခေါင်းစဉ်ဖြင့် ရခိုင်ဗုဒ္ဓဘာသာဝင် မသီတာထွေးအား မွတ်စလင်အမျိုးသား သုံးဦးမှ မုဒိမ်းကျင့်သည်ဟူသော မဖော်ပြအပ်သည့် သတင်းအားဖော်ပြလိုက်ခြင်းသည် နောက်ငါးရက် အကြာတွင် ရခိုင်ပြည်နယ်တွင်း ပြဿနာဖြစ်ပွားစေရန် အစပျိုးပေးလိုက်ခြင်းပင်ဖြစ်သည်။
    နောက်ဆက်တွဲဖြစ်ရပ်မှာမူ မြန်မာပြည် အနောက်ပိုင်းတွင်  ရခိုင်ဗုဒ္ဓဘာသာများက ဒေသခံမဟုတ်သည့် ဘာသာရေးကိစ္စဖြင့်လာရောက်သော မွတ်စလင် ခရီးသွားဆယ်ယောက်အား ဘတ်စကားပေါ်မှ ဆွဲချကာ  နေ့ခင်းကြောင်တောင် အချိန်၌ မသေမချင်း ရိုက်သတ်လိုက်ခြင်းပင်ဖြစ်သည်။
    ကွဲပြားစွာတွေ့ရှိချက်များ အရ မသီတာထွေး အသတ်ခံရသောကိုယ်ခန္ဓာတွင် မုဒိမ်းမှု့ကျူးလွန်ထားခြင်း တစ်စုံတစ်ရာ မရှိကြောင်းနဲ့  မုဒိမ်းမှု့မြောက်ကြောင်း  အတင်းအဓမ္မ လက်မှတ် ထိုးခိုင်းခြင်းသာဖြစ်ကြောင်း အစိုးရ မှု့ခင်းဆရာဝန်က  ကျွန်တော့် သုတေသနပြု သူများထဲမှ တစ်ဦးကို ပြောကြားခဲ့ပါသည်။
    မြန်မာ့ ပြန်ကြားရေး ၀န်ကြီးဌာန သည် ဘာကြောင့် တရားခံသုံးယောက်ကို မွတ်စ်လင်မ်များဟု မဟုတ်မမှန် ရေးသားဖော်ပြပြီး အမှန်တကယ်တမ်းတွင် တရားခံ ထက်ထက်ဆိုသူမှာ ဗုဒ္ဓဘာသာဖြစ်နေသည်ကို ဘာကြောင့်မဖော်ပြခဲ့တာပါလဲ ?
    နောက်ထပ်ပြီးတော့လည်း မသီတာထွေးသည် အသတ်မခံရခင်နဲ့ပစ္စည်းများလုယက်မခံရခင်မှာ မုဒိမ်းကျင့်ခံရပါတယ်လို့ ထင်ထင်ရှားရှားမှားယွင်းစွာဖော်ပြခဲ့တဲ့ ဒီ မှားယွင်းသောဆေးစစ်ချက်ကို လည်း ဘာကြောင့်ဖော်ပြရတာလဲ?
    မုဒိမ်းမှု့ဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်းတွင်ဖြစ်နေကျဖြစ်သော အလွန်ဆိုးဝါးသော ရာဇ၀တ်မှုဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ရာဇ၀တ်မှု့ အားလုံးထဲမှာ ဒီမုဒိမ်းမှု့ဆိုတာ အဆိုးဝါးဆုံးသော ရာဇ၀တ်မှု့ပါ။ မုဒိမ်းမှု့ ကျူးလွန်သူသည် အမြဲတမ်းအပြစ်တင်ခံနေရပေသည်။ တစ်ခါထောင်ကျပြီဆိုသည်နှင့် အခြားထောင်သားများက  ထို မုဒိမ်းမှု့ ကျူးလွန်သူအား  အမြဲတမ်းရန်ရှာ အနိုင်ကျင့်နေပေတော့သည်။
    ပို၍ဆက်စပ် လေ့လာလိုက်သောအခါ တရားခံ ထက်ထက်တစ်ယောက် သူ့၏ အမှု့စစ်မည့်ရက်ကို စောင့်ဆိုင်းနေစဉ်အတွင်း အချုပ်ခန်း၌ ကိုယ့်ကိုယ်ကို အဆုံးစီရင် သတ်သေသွားပါသည်ဟု မြန်မာ အာဏာပိုင်များက ကြေငြာခဲ့ပါသည်။ မြန်မာနိုင်ငံအကျဉ်းထောင်များနဲ့ အချုပ်ခန်းများသည် လူတစ်ယောက်ကိုယ့်ကိုယ်ကိုယ် သတ်သေရလောက်အောင် အနေအထားတွေမရှိပါဘူး။ ဟိုးအရင် နိုင်ငံရေးမှု့နဲ့ထောင်ကျဖူးတဲ့ ထောင်သား ထောင်ပေါင်းများစွာတို့က ထောင်သံတိုင်နောက်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ထွက်ဆိုပေးကြပါလိမ့်မည်။
    သမ္မတ သိန်းစိန်အစိုးရသည် ရိုဟင်ဂျာ-ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေးအတွင်း ကျော်ကြားသော  နိုင်ငံရေးနှင့် အသိပညာရှင် အတတ်ပညာရှင် များပါဝင်သော ကော်မရှင် အဖွဲ့ဖွဲ့ပေးပြီး သုံးရက်အကြာတွင် ထက်ထက်၏ အမျိုးသမီးအလောင်းအား ရေတွင်းထဲ၌ တွေ့ရှိရလေသည်။ သူမသည် ရေတွင်းထဲသို့ မတော်တဆ ပြုတ်ကျပြီး ရေနစ် ခဲ့လေသလား ဒါမှမဟုတ် အခြားလိမ်လည်မှု့တစ်ခုခုများ ရှိလေမလား ?
    နောက်ထပ်၍ ဌာနဆိုင်ရာပြောရေးဆိုခွင့်ရှိသူများ၏ တရားဝင်ပြောကြားချက်များအရ  ယခုကဲ့သို့ ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက်များရဲ့ ဘာသာရေးခရီးမှ ပြန်လာသော မွတ်စလင်မ် (၁၀)ဦးအား ဇွန်လ (၃) ရက်နေ့တွင် ရိုက်သတ်လိုက်သောဖြစ်ရပ်သည် မေလ (၂၈)တွင် ရခိုင်အမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်မှု့အတွက် ကလဲ့စားချေလိုက်ခြင်းဖြစ်သည် ဟု ပြောကြားခဲ့ပါသည်။
    မြန်မာပြည် ရောက် လေ့လာစုံစမ်းသူများရဲ့ ဒေသခံ မျက်မြင်သက်သေများအပေါ် တွေ့ဆုံမေးမြန်းချက်များအရ ဇွန်လ (၃) ရက်နေ့တွင် လမ်းခရီးတစ်လျှောက် ခရီးသွားဘတ်စ်ကား စုစုပေါင်း ခြောက်စီးရှိကြောင်းသိရှိရပါသည်။ ၄င်းပြင် မြန်မာ့သတင်းအဖွဲ့၏ ဇွန်လ (၄)ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာတွင် လူပေါင်း (၃၀၀)က တိုက်ခိုက်သည်ဆိုသည့် ခန့်မှန်းဖော်ပြချက်အရ  မည့်သည့် ဘတ်စ်ကားအား အကြမ်းဖက်မည်ဆိုသည် ကို အတိအကျ သိရှိပုံရပါသည်။
    မကြာသေးမီက ကျွန်တော် မြန်မာပြည်သို့ စာတစ်စောင်ပေးပို့ခဲ့ပါသေးတယ်။  ဒီလူဆယ်ယောက်ကို သတ်တဲ့သူတွေကို ဘာ့ကြောင့် မဖမ်းရသလဲ ၊ ဖမ်းဖို့ မကြိုးစားရသလဲလို့လဲ မေးခဲ့ပါတယ်။ ပြည်တွင်း အာဏာပိုင်များက ရခိုင်များက ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှု့မှန်သမျှမှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်လို့ သိရပါတယ်။ ဒီအပြစ်မဲ့သော လူဆယ်ယောက် အား သတ်ဖြတ်မှု့ ပါဝင်ပါတယ်လို့ မည်သူတစ်ဦးတစ်ယောက်ကမျှ သတင်းပေးဖော်ထုတ်ပြောကြားလိမ့်မှာ မဟုတ်ကြောင်းလည်း သိလိုက်ရပါတယ်။
    ဒါပေမယ့် ဒီအောင်မြင်နေတဲ့ မြန်မာနိုင်ငံ စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထောင်ချစဉ်က ဘာမျက်မြင်သက်သေမှ မလိုခဲ့ပါဘူး။ အစိုးရအနေဖြင့် သမရိုးကျမဟုတ်သော အဖြစ်အပျက်များကိုတောင် စောင့်ကြည့်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း ၊ ဗွီဒီယိုရိုက်ခြင်းတွေဆိုတာ လုပ်နေကြပါ။ (၂၀၀၅) ခုနှစ်နဲ့ (၂၀၀၆) ခုနှစ်တွင် ကျွန်တော် ရန်ကုန်နဲ့မန္တလေးတွင် စစ်အစိုးရ၏ ဧည့်သည် အဖြစ်ရောက်ရှိစဉ်က နံနက်တိုင်း လူငယ်ပိုင်း စုံထောက်များသည် လွယ်အိတ်များတွင် ဒီဂျစ်တယ်ကင်မရာများထည့်၍ ဈေးများ ၊ ကားမှတ်တိုင်များ ရထားဘူတာရုံများ နှင့် အခြားရာဇ၀တ်မှု့ ဖြစ်ပွားနိုင်ရာနေရာများကို အသီးသီးထွက်ခွာသွားတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ပါတယ်။
    အာဏာပိုင်များက ဇွန်လ (၃) ရက်နေ့ နေ့ခင်းကြောင်တောင် လမ်းပေါ်မှာ လူတွေကို ရိုက်သတ်နေတာကို ရဲတွေနဲ့ စုံထောက်တွေ အသေအချာ မှတ်တမ်းတင် ဓါတ်ပုံရိုက်ဖို့ အခြေအနေတွေ ရှိနေပါလျက် အာဏာပိုင်များက ဘာကြောင့်  ဓါတ်ပုံသက်သေ ဒါမှမဟုတ် ဗွီဒီယိုမှတ်တမ်း တစ်ခု မှ မရှိရတာလဲ ? တရားခံတွေကို အဲ့ဒီ့ ဒစ်ဂျစ်တယ် ကင်မရာတွေ ဗွီဒီယိုတွေက နေ တဆင့် ချက်ချင်းခြေရာခံ ဖမ်းမိနိုင်ခြေအများဆုံးပါ။
    နေပြည်တော်ရုံးရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ကြည့်မည်ဆိုလျှင် စစ်အစိုးရဟာ တရားမျှတမှု့ကို လုံးဝမလိုလားသည်မှာ အကြမ်းဖက်ခံရသော မွတ်စ်လင်မ်များရဲ့အခြေအနေကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။ သမ္မတ ဦးသိန်းစိန် အစိုးရသည် ဒီလူမျိုးရေး အဓိကရုဏ်း ကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားသော  ၄င်းတို့၏ Riot Inquiry Commission ရဲ့ စွမ်းဆောင်ချက်များကိုတောင် လျစ်လျူရှု့ လျက်ရှိသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတရုံး  အရာရှိများသည် မည်မျှ ခိုင်မာ ယုံကြည်စိတ်ချရကြောင်းနှင့် ထို စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားကြောင်းကိုလည်း ဟန်ပြ ပြော ဆိုခဲ့သည်။
    ထို Commission ရဲ့အနီးကပ် စုံစမ်းတွေ့ရှိချက်များအရ ရိုဟင်ဂျာတို့အပေါ်တွင် တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လုံခြုံရေး အင်အား အကန့်အသတ်မရှိ တိုးချဲ့ထားရှိဖို့ Commission ရဲ့တောင်းဆိုမှု့ကိုလည်း အစိုးရမှ ပျက်ကွက်လျက်ရှိပါတယ်။ ဒါ့အပြင် အစိုးရသည် ရခိုင်များ နှင့် ရိုဟင်ဂျာတို့ အပေါ်တွင် တာဝန်ပျက်ကွက်လျက်ရှိပြီး ရခိုင်အမျိုးသမီး အား မုဒိမ်းကျင့်လူသတ်သည်ဟု စွပ်စွဲထားသော ကျန်ရှိနေသေးတဲ့ အချုပ်ကျနေသော မွတ်စ်လင်မ် အမျိုးသားနှစ်ဦးအကြောင်းကိုလည်း ထိန်ချန်ထားပါတယ်။
    အစိုးရသည် နေပြည်တော်မှ နေ၍ လုံခြုံရေးအင်အားများတိုးချဲ့ရမည့်အစား မြန်မာနိုင်ငံအနောက်ပိုင်းမှ အဓိကရုဏ်းအား  ကရင်ပြည်နယ် ဖားအံမြို့အပါအ၀င် အခြားသော မြို့များသို့ ပြန်နှံ့စေခြင်းအားဖြင့်လည်း နိုဝင်ဘာလ ၄င်း၏ အမှု့ပိတ်ရက်မတိုင်မီ အခြေအနေကို ပိုမို ရှုပ်ထွေးခက်ခဲသွားစေသည်။
    သိန်းစိန်အစိုးရသည် ၄င်း၏ တရားဝင် စုံစမ်းစစ်ဆေးမှု့ကော်မရှင် သည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပွားလျက်ရှိသော လူမျိုးရေး အဓိကရုဏ်း၏ ဇစ်မြစ် အကြောင်းအရင်းကို ပြင်းပြင်းထန်ထန် စုံစမ်းမှု ပြုရန် အဆုံးအဖြစ် ပေးသည့်အသွင် ဆောင်လျက်ရှိသည်။ ဒေသတွင်းရောက် ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် သမ္မတ သိန်းစိန် အစိုးရ၏ တကယ်ဖြစ်ရပ်မှန် ဒုနှင့်ဒေးကိစ္စရပ်များကို တူးဆွ ဖော်ထုတ်ရုံသာမက   ဘယ်လို မဟုတ်မမှန်လုပ်တယ်ဆိုတာကိုလည်း  ဖော်ထုတ်လျက်ရှိသည်။
    ပိုပြီး အသေးစိတ်ပြောရမယ်ဆိုရင် အစိုးရသည် ပြည်တွင်းရော ပြည်ပက ပါ   တိုက်ရိုက် ပါဝင် စွက်ဖက်တာကို မလိုလားပါဘူး။ တနည်းဆိုလျှင် ရိုဟင်ဂျာထောင်နဲ့ချီ အနိုင်ကျင့်ခံနေရတာတွေ ၊ ရိုဟင်ဂျာတွေနေထိုင်ရာ အိမ်တွေကို မီးရှို့နေတာတွေကို လုံခြုံရေးရှိလျက်နဲ့ သိသိကြီး လုပ်ခွင့်ပြုရုံမျှမက ၊ ရိုဟင်ဂျာတို့အပေါ် ပစ်မှတ်ထားတဲ့ ဒီ အဓိကရုဏ်းမီးကိုလည်း မွှေးပေးနေခြင်းလည်း ဖြစ်သည်။
    အစိုးရ အဖွဲ့ဝင်တစ်ယောက် က ကျွန်တော့်ကို ယခုလို တရားဝင်ပြောခဲ့ပါတယ် ။ “အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ ဘာ မွတ်စ်ကို မှ မလိုချင်တာပါ၊ ဒါပေမယ့် အားလုံးကို သတ်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး” လို့ ၄င်းက ပြောခဲ့ပါတယ်။ ဒါဆိုရင် နေပြည်တော် အစိုးရအနေဖြင့် မလိုလားသော ရိုဟင်ဂျာ မွတ်စ်လင်များကို ရှင်းလင်း သုတ်သင်ရန် ရခိုင်အစွန်းရောက်များကို တရားဝင် တာဝန်ကြီး ပေးလိုက်ပြီလား?
    တိုင်းပြည်၏ နိုင်ငံရေးပြောင်းလဲစဉ် ကာလအတွင်း ဆိုးဝါးသော လူမျိုးရေးအဓိကရုဏ်း ဘယ်လိုဖြစ်တယ် ဘာကြောင့်ဖြစ်လာတယ်ဆိုတာ မည်မျှပင် အမျိုးမျိုးသော စုံစမ်းစစ်ဆေးတွေ့ရှိချက်ရှိရှိ OIC နှင့် မြန်မာ့ Presidential Riot Inqurity Commission တို့သည်  မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာစုံထောက်များနဲ့  ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း လိုလိုလားလားတောင်းဆိုသင့်ပါတယ်။
    နောက်ထပ်၍ သူတို့ အနေဖြင့် သမ္မတ သိန်းစိန် အစိုးရ သည် ထို စုံစမ်းလေ့လာသူများအပေါ်တွင် လုံခြုံရေး အပြည့်အ၀ချထားရန် ၊ အထူးသဖြင့် ဗမာ ဒေသခံတို့အနေဖြင့်  ၊ ဒေသခံ ရခိုင်များနှင့် ရိုဟင်ဂျာများ အား တန်းတူညီမျှ လုံခြုံရေးထားရှိပြီး   အင်တာဗျူးတွေ့ဆုံမှု့ပြုလုပ်ရန် နှင့် သက်ဆိုင်ရာ အထောက်အထား သက်သေ စာရွက်စာတမ်းများကိုလည်း စနစ်တကျ ထိန်းသိမ်းထားရန်တို့အတွက်လည်း ဖော်ပြသင့်ပါတယ်။
    ယခုအခါတွင်မူကား နိုင်ငံရေးအရေခြုံ စစ်အစိုးရနှင့် လူမျိုးရေးခွဲခြားမှု့ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်များလက်တွင်းမှာ ကမ္ဘာကြီး က ပါ သူတို့ ကို အမှန်တကယ် စွန့်ပစ်သွားသလားဟု ခံစားနေကြရရှာသော ရိုဟင်ဂျာ တို့ အတွက် နိုင်ငံရေးနှင့် နိုင်ငံတကာ လုပ်ဆောင်ချက်များကို တားဆီးပိတ်ပင်နေသော ဗမာ့လူ့အဖွဲ့အစည်းနှင့် အစိုးရတို့သည် အများ၏ အာရုံစိုက်ခြင်းကို ခံနေရပေသည်။
    အကယ်၍သာ စုံထောက်များက မျှော်လင့်ချက်မဲ့လျက်ရှိသော အိမ်ခြေမဲ့နေသော အကြီးအကျယ် လူမျိုးရေး အကြမ်းဖက်မှု့တို့ဖြင့်ရင်ဆိုင်မှု့နေကြရသော ရိုဟင်ဂျာတို့၏ အခြေအနေများကို တွေ့ရှိဖော်ထုတ်ပေးမည်ဆိုပါက ကော်မရှင်များ မစ်ရှင်များ ၏ မှန်ကန်ထိမိသော စုံစမ်းမှု့များသည် ကမ္ဘာ့ လူနည်းစု အဖိနှိပ်ခံ လူတန်းစားတို့အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းသော ခရီးရှည်ကြီးတစ်ခုပင်ဖြစ်သည်။                   ။
    DVB မှ ဆောင်းပါးကို M-Media မှ စီလျော်အောင်ဘာသာပြန်ဆို တင်ပြပါသည်။