News @ M-Media

Category: ဆောင်းပါး

  • ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    မတ် ၂၅ ၊ ၂၀၁၅
    M-Media
    src.adapt.960.high.donetsk_religion_dog_tags.1426553887130
    – ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများက ဒွန်ညက်ဒေသအား ပြည်သူ့သမ္မတနိုင်ငံအဖြစ်  ပြီးခဲ့သည့်နှစ် ဧပြီလ ကြေညာပြီးကတည်းက Church of Christ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ လီယွန်နစ် ကရီဇန်နောဗ့်စကီးမှာ ကျီလန့်စာ စားနေရသည်။

    ရုရှားကျောထောက်နောက်ခံပြု သူပုန်များက ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ညက်ဒေသ၏ တရားဝင်ဘာသာတရားအဖြစ် အလျင်အမြန်ပင် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများမှလွဲ၍ ရုရှား ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကို ပယ်ချသော ယူကရိန်းရှိ အော်သိုဒေါ့စ်အသင်းတော်များ အပါအ၀င် ရုရှားအော်သိုဒေါ့စ်အယူဝါဒ၏ အပြင်ဘက်မှ ဘာသာတရားများမှာ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ၏ ရန်သူအလောင်းအလျာအဖြစ် သူပုန်များ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံခဲ့ရလေတော့သည်။

    ဒွန်ညက်ဒေသတွင် ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု ပေါ်ပေါက်လာခြင်းက ကရီဇန်နော့ဗ်စကီးကဲ့သို့ သူများကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့သည်။

    ဒွန်ညက်နှင့် သူပုန်များ သိမ်းပိုက်ထားသော မြို့များတွင် ပရိုတက်စတင့်နှင့် ကက်သလစ်ခေါင်းဆောင်များကို လက်နက်ကိုင် သူပုန်များက ဖမ်းဆီးသည်။ အနောက်နိုင်ငံများ၏ အေးဂျင့်များ သို့မဟုတ် ဖက်စစ်အစိုးရဟု ၎င်းတို့ခေါ်ဆိုသည့် ယူကရိန်းအစိုးရ၏ သူလျှိုများဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးကြခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များနှင့် နောက်လိုက်အမြောက်အများမှာ ရိုက်နှက်ခံကြရပြီး KGB ပုံစံ မြေအောက် အကျဉ်းစခန်းများတွင် အကျဉ်းချထားခြင်း ခံရလေသည်။

    ဒွန်ညက်၏ အနောက်ဘက်အစွန်ပိုင်းရှိ ပက်ထရော့ဗ်စကီးဒေသတွင် ယေဟောဝါသက်သေ(ခရစ်ယာန်အသင်းတော်တစ်ခု) ၏ ခန်းမကို ပြီးခဲ့သည့်နွေရာသီက သူပုန်များ ၀င်ရောက်လုယက် ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် Church of Christ အသင်းတော်၏ သေးငယ်သော ဘုရားကျောင်းတည်ရှိရာ လမ်းတစ်ဖက်တွင်ရှိသည့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း သူပုန်များက အပိုင်စီးခဲ့ကြသည်။

    src.adapt.960.high.donetsk_religion_catholic_church

    ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဖြစ်ပွားနေစဉ်တွင် ယခင် မိုင်းတွင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ယခုတွင် ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဆောင်ရွက်နေသည့် ကရီဇန်နော့ဗ်စကီးတစ်ယောက် လွတ်မြောက်ရေးအတွက် မည်သည့်အခွင့်အရေးမှ မရခဲ့ဘဲ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ၎င်းမှာ ပုန်း၍သာ နေရသည်။ သူပုန်များက ၎င်းနှင့် အခြား အော်သိုဒေါ့စ်မဟုတ်သည့် ခရစ်ယာန်ခေါင်းဆောင်များကို ရှာဖွေရာတွင် ကရီဇန်နော့ဗ်စကီးမှာ မြို့တွင်းရှိ ဆွေမျိုးအိမ် တစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ ပုန်းရှောင်ရသည်။

    သို့သော်လည်း အောက်တိုဘာလတွင် သူပုန်များက ကရီဇန်နော့ဗ်စကီး၏ အရှိုက်ကို ထိုးနှက်လိုက်သည်။

    “ကျွန်တော်တို့ ဘုရားကျောင်းကို သူပုန်အဖွဲ့က ဖျက်ဝင်ဖို့ ကြိုးစားမယ်ဆိုပြီး ဖုန်းရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အဲဒီကို ပြေးသွားတယ်။ သူတို့ တံခါးကို ဖျက်ဖို့ ကြိုးစားနေတာကို ကျွန်တော်တွေ့တဲ့အခါ သူတို့ကို ကျွန်တော်က သော့တွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းလေးကို ဖျက်ဆီးတာထက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀င်သွားနိုင်တာက ပိုကောင်းပါတယ်” ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    အထဲရောက်သွားသည့် အချိန်မှာတော့ သူပုန်အဖွဲ့မှ တပ်မှူးတစ်ဦးက Church of Christ မှာ အမေရိကန်မှ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု စွပ်စွဲကာ ထိုဘုရားကျောင်းအတွင်း တပ်စွဲမည်ဟု ပြောဆိုခဲ့ကြောင်း ကရီဇန်နောဗ့်စကီးက ပြန်ပြောပြသည်။ သူပုန်တစ်ဒါဇင်ခန့်မှာ စကွဲယားပေ ၃၀၀၀ ခန့်ကျယ်သော အဆိုပါ ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ကာ ၀တ်ပြုခန်းမတွင် စခန်းချ၍ ၀တ်ပြုရာခုံများတွင် ၎င်းတို့၏ ကာလာရှင်ကော့ဗ် ရိုင်ဖယ်များ တင်ကြသည်။

    ဘုရားကျောင်းရှိ ကျမ်းစာအုပ်များနှင့် ဆန်းဒေးစကူးလ်စာအုပ်များကို နောက်ဘက်ရှိ စတိုခန်းထဲသို့ သွားရောက်သိမ်းဆည်းခွင့်ကိုတော့ သူပုန်များက ပေးသည်။ ဘုရားကျောင်း၏ မီးဖိုဆောင်နှင့် အခြားသော အသုံးအဆောင်များကို ၎င်းတို့က စိတ်ကြိုက်သုံးစွဲကြတော့သည်။

    သီတင်း ၂ ပတ်ကြာပြီးနောက် သူပုန်များ အခြားနေရာသို့ ရွှေ့ရမည်ဟု အမိန့်ရကြောင်း တပ်မှူးက ကရီဇန်နော့ဗ်စကီးအား ဖုန်းဖြင့်ပြောသည်။ ထွက်မသွားခင်အလျှင် ၎င်းတို့က အနက်ရောက် အရိုးခေါင်းနှင့် ကြခြေခတ်အရိုး ၂ ချောင်း (အန္တရာယ်အမှတ်အသား)၊ ၎င်းတို့၏ တိုက်ပွဲအမည်ဖြစ်သည့် Oplot တို့ကို ဘုရားကျောင်း၏ အပြင်ဘက်နံရံတွင် ရေးချယ်သွားလေသည်။

    src.adapt.960.high.donetsk_religion_church_exterior.1426553887130

    သို့သော်လည်း ဘုရားကျောင်း၏ လွတ်မြောက်မှုက မကြာလိုက်။ အခြား သူပုန်အဖွဲ့တစ်ခုက သီတင်းပတ် ၃ ပတ်အကြာတွင် ရောက်လာကြပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သော့အပ်ရန် တောင်းဆိုကြသည်။ ဤအချိန်တွင်တော့ တပ်မှူးက ပို၍ ရန်လိုပြီး တိုက်ခိုက်ရေးသမားအရေအတွက်လည်း ပိုပါလာသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုလေသည်။

    “အခု သူပုန်ခေါင်းဆောင်က ကျွန်တော်တို့ကို သဘောမကျချင်ပါဘူး။ ပိုဆိုးလာမှာပါ။ စစ်ပွဲက ခဏနဲ့ ပြီးမယ့်ပုံမရှိတော့ ဒါတွေ ပိုဆိုးလာမယ်လို့ ကျွန်တော် ထင်ပါတယ်”

    အနောက်ယိမ်းသည့် ယူကရိန်းအစိုးရကို တိုက်ခိုက်နေသည့် ခွဲထွက်ရေးသမားများမှာ ရှေးရိုးစွဲ ရုရှားအော်သိုဒေါ့စ်ဝါဒ၏ တင်းကျပ်သော လိုက်နာမှုပါဝင်သည့် အယူအဆကို နာခံကြသူများဖြစ်သည်။ သူပုန်ခေါင်းဆောင်များ၏ မိန့်ခွန်းများနှင့် ၀ါဒဖြန့်စကားများတွင် ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ဘက်စ်ဒေသ သမိုင်းနှင့် ယဉ်ကျေးမှုတို့၏ ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ ထိုသို့ ဖော်ပြခြင်းက ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဒေသများအားလုံးပါဝင်သည့် ရုရှားသစ် သို့မဟုတ် နိုဗိုရိုစီးယား နိုင်ငံကို သူပုန်များ တည်ထောင်လိုခြင်း၏ နောက်ကွယ်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

    ဒွန်ဘက်စ်ဒေသမှာ ရုရှားအော်သိုဒေါ့စ်တိုင်းပြည်အဖြစ် သူပုန်များက ဖော်ပြနေကြခြင်းကြောင့် အဆိုပါ ဒေသကို ပို၍ လစ်ဘရယ်ကျပြီး အထိန်အချုပ်မဲ့လွန်းသော ဥရောပအနောက်ပိုင်းမှ ဘာသာတရားများ လွှမ်းမိုးသည့် ယူကရိန်းအနောက်ပိုင်းနှင့် ပေါင်းစည်းနိုင်မည်မဟုတ်။

    ပဋိ့ပက္ခများ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ဘာသာတရားမှာ ရုရှားအော်သိုဒေါ့စ် စစ်တပ်ဟုခေါ်သည့် သူပုန်တပ်ရင်းဆိုသော ၀ါဒဖြန့်မှုတွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေလေသည်။ ဒေသတစ်ဝှမ်း စစ်ရေးဂိတ်များရှိ ရုရှားကော့ဆက်များက ၎င်းတို့မှာ ရုရှားပြည်သူလူထု၏ ဘုရားသခင် ကာကွယ်ရေးတပ်သားများဟု ပြောကြသည်။ ၎င်းတို့၏ လည်ပင်းတွင် လက်ဝါးကပ်တိုင်များကို ဂုဏ်ယူစွာ ချိတ်ဆွဲကြပြီး ၎င်းတို့၏ အိတ်ထောင်များတွင်လည်း ရွှေရောင် လက်ဝါးကပ်တိုင်များကို တပ်ဆင်ထားကြသည်။

    ခွဲထွက်ရေးသမားများ၏ အယူအဆတွင် ရုရှားအော်သိုဒေါ့စ် ဘာသာတရားကို အသုံးပြုခြင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအမျိုးသားရေးဝါဒီများ အသုံးပြုကြသော နည်းနာဖြစ်သည်။ ၎င်းတို့ ရုရှားနိုင်ငံအား ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရေး ဆောင်ရွက်ရာတွင် အစိုးရကို ပြည်သူလူထုက ထောက်ခံရန် ဘာသာတရားကို အသုံးပြုကြသည်ဟု ရုရှားနှင့် ယူကရိန်းမှ အမျိုးသားရေးအဖွဲ့များ အကြောင်းကို အထူးပြုလေ့လာနေသည့် လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင် အန်တန် ရှက်ခေါ့ဗ်စတော့ဗ်က ဆိုသည်။

    “ဒါမျိုးဟာ ရုရှားရဲ့ ဇီယွန်ဝါဒလိုမျိုးပါပဲ” ဟု သူကဆိုပြီး ဆိုဗီယက်အလွန် ရုရှားတွင်တော့ အာဏာရှင်ဆန်သည့် အစိုးရကောင်းစားရေးဝါဒသာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် ပူတင်နဲ့ ရုရှားတည်ဆောက်မှုမှာ နောက်လိုက်တွေကို သူတို့ရဲ့အသုံးပြုကြတဲ့ အမှတ်သညာ တစ်ခုခုနဲ့ ဖော်ပြရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ အဲဒီအမှတ်သညာကို စုပေါင်းထောက်ခံမှုနဲ့ သူတို့ရဲ့ အာဏာကို ထိန်းသိမ်းဖို့ အသုံးပြုနိုင်ပါတယ်” ဟု ရှက်ခေါ့ဗ်စတော့ဗ်က ပြောကြားခဲ့သည်။

    သူပုန်ခေါင်းဆောင်များက ၎င်းတို့အစိုးရမှာ အခြားသော ဘာသာတရားများ၊ လူမျိုးစုများနှင့် ဘာသာစကားများအား သည်းခံမှုရှိသည်ဟု ကြေညာထားသော်ငြား ကရီဇန်နော့ဗ်စကီးကဲ့သို့ ခေါင်းဆောင်များကတော့ ဒွန်ညက်၏ လက်တွေ့အခြေအနေမှာ အလွန်ကွဲပြားခြားနားနေသည်ဟု ဆိုကြသည်။

    တိုက်ခိုက်မှုနှင့် ငြင်းပန်းနှိပ်စက်မှုများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဂျူးများ၊ မွတ်စလင်များနှင့် အခြားသော ဘာသာရေးလူနည်းစုများမှာ သူပုန်များ ထိန်းချုပ်ထားရာဒေသများမှ စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ Church of Christ ပါအ၀င် အခြားသော ခရစ်ယာန်ဘုရားကျောင်းများမှာလည်း ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်။ သူပုန်များ လျှို့ဝှက်နေရာအဖြစ်အသုံးပြုခြင်း သို့မဟုတ် နေထိုင်ခြင်းတို့ မရှိသည့် ဘုရားကျောင်းများကိုတော့ သော့ပိတ်ထားသည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်း ယူကရိန်းအရှေ့ပိုင်း စလော့ဗ်ညက်ဒေသရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုတွင် ခရစ်ယာန် ဧ၀ံဂေလိအသင်းတော်မှ ဘုန်းတော်ကြီးတစ်ဦး၏ သားလေးယောက်အလောင်းကို တွေ့ရှိခဲ့ရသည်။ ဧ၀ံဂေလိအသင်းတော်မှာ အမေရိကန်မှ အသင်းတော်ဖြစ်သည်ဟု စွပ်စွဲ၍ သူပုန်များက ၎င်းတို့အား သတ်ဖြတ်ကာ စလော့ဗ်ညက်မြို့အား ခွဲထွက်ရေးသမားများက ၃ လကြာ သိမ်းပိုက်ထားစဉ်အတွင်း အသတ်ခံရသူများနှင့် ရော၍ မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

    Church of Christ အသင်းဝင် ၂၀၀ မှ ထက်ဝက်ကျော်မှာ ခွဲထွက်ရေးသမားများ၏ ရန်ကြောင့် ဒွန်ညက်မြို့မှ ထွက်ပြေးခဲ့ရသည်။ ယခုအချိန်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် တနင်္ဂနွေနေတိုင်း ဒွန်ညက်မြို့တစ်ဝှမ်း ၀တ်ပြုဆုဆောင်းမှု ၃ ခုကို ဦးဆောင်ပေးနေရ၏။ အသင်းဝင်များ နေထိုင်ရာတိုက်ခန်းများတွင် ပြုလုပ်သော ၀တ်ပြုဆုတောင်းမှုများတွင် ဖြစ်သည်။

    မိမိအားလိုအပ်သော အခြားခရစ်ယာန်များကို ကူညီရန် ဒွန်ညက်မြို့တွင် နေခဲ့ခြင်းဖြစ်သည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုပြီး ဘတ်စ်ကားစီးသည့်အချိန်၊ လိုင်းစီသည့်အချိန်များတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြောဆိုမှုကို ထိန်းသိမ်းကြရန် ခရစ်ယာန်များကို ၎င်းက သတိပေးထားသည်။ ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် နေရခြင်းက သူ့အတွက် ဆိုဗီယက်ခေတ်ကို သတိပြန်ရစေသည။် ထိုခေတ်က ဘာသာတရားဟူ၍မရှိဘဲ ကွန်မြူနစ်ဝါဒနှင့် ဘုရားမဲ့ဝါဒသာရှိသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုသည်။

    ပြီးခဲ့သည့်နှစ် ပဋိပက္ခများမစတင်ခင် ဆိုဗီယက်အလွန် ယူကရိန်းနိုင်ငံမှာ ဘာသာတရားများအကြား သည်းခံမှု အရသာကို ၂၃ နှစ်ကြာ ခံစားခဲ့ရသည်ဟု ၎င်းကပြောသည်။ ကွန်မြူနစ်အစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဘာသာတရားအများစုမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည့်အခါ လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့သည်။ ဂရိကက်သလစ်၊ နှစ်ခြင်း၊ ဧ၀ံဂေလိနှင့် ဂျူးဘာသာတရားများမှာ ဘုရားကျောင်းသစ်များကို တည်ဆောက်ခဲ့ကြပြီး ပိတ်ထားသော ဘုရားကျောင်းများကိုလည်း ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။

    ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်က ဒွန်ညက်ဒေသရှိ ဘာသာရေးအုပ်စုများမှ ၄၂ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်ဘာသာဝင်များဖြစ်ကြပြီး ကျန်အုပ်စုများမှာ ဧ၀ံဂေလိ၊ ဂျူး၊ အစ္စလာမ်၊ ပရိုတက်စတင့်နှင့် အခြားဘာသာဝင်များဖြစ်ကြသည်ဟု သိရသည်။ ယူကရိန်း တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုလျှင် ၃၇ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်များ ဖြစ်ကြလေသည်။

    ဖေဖော်ဝါရီနှောင်းပိုင်းက Church of Christ ဘုရားကျောင်း၏ မီးဖိုဆောင်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် ဗစ်တာ (အမည်လွှဲ) ဆိုသည့် သူပုန်တစ်ယောက်နှင့် နောက်ခဲ့ပြောင်ခဲ့ကြသည်။ ဗစ်တာက အခြားသော သူပုန်များစားရန်အတွက် စွပ်ပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူပုန်များအား ဒေါသထွက်မည့်အစား ၎င်းတို့နှင့် မိတ်ဆွေဖြစ်ရန်နှင့် ၎င်း၏ ဘုရားကျောင်းအကျိုးငှာ ဆက်ဆံရေးတစ်ခုဖြစ်လာရန် အကောင်းဆုံး ဆောင်ရွက်သည်ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    “ယူကရိန်း စစ်သားတွေကို ကျွန်တော်ချစ်သလို သူတို့ကိုလည်း ကျွန်တော်ချစ်တယ်ဆိုတာ ဒီကောင်လေးတွေကို ပြောပြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတာလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ကရီဇန်နော့ဗ်စကီးတစ်ယောက် ၎င်း၏ ဘုရားကျောင်းကို ပြန်လိုချင်ပြီး သို့မှသာ အသင်းဝင်များက ဘုရားကျောင်း၌ အပတ်စဉ်ပေးသော စွပ်ပြုတ်များကို လာယူနိုင်မည်ဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်းတွင် ပဋိပက္ခများ ၀င်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုလိုအပ်လာသည်ဟု ဗစ်တာကို ၎င်းက ရှင်းပြသည်။

    ဗစ်တာကလည်း စွပ်ပြုတ်များဝေငှမည့်အစီအစဉ်ကို သဘောကျသည်။ သူ၏ တပ်မှူးက ဘုရားကျောင်းအား စွန့်လွှတ်ရေးအတွက် အထက်ကို တင်ပြပေးမည်ဟု ကရီနောဗ့်စကီးကို ကတိပေးသည်။

    သို့သော်လည်း ယခုအချိန် ဒွန်ညက်ဒေသတွင် ထိုဘုရားကျောင်းနှင့် အခြားသော ဘာသာရေးအုပ်စုများမှ ဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးကတော့ အလွန်အန္တရာယ်များသည်ဟု ဗစ်တာက ပြောသည်။

    “ဒီဘုရားကျောင်းတွေကို အမေရိကန်က ထောက်ပံ့တယ်ဆိုတာ ခင်ဗျားသိလား။ ကျွန်တော်တို့ ဒါကို ခွင့်မပြုနိုင်ဘူး။ စစ်ပြီးလို့ ၅ နှစ်လောက်ကြာရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ဖက်ဆစ်တွေကို တိုက်ထုတ်တာထက် အခြားအရာတွေကို ကျွန်တော်တို့ ပိုအာရုံစိုက်နိုင်မှာပါ” ဟု ဗစ်တာက ပြောကြားခဲ့လေသည်။

    ref: aljazeera
    လေးမောင် ဘာသာပြန်သည်။

  • ကျူရှင် ….

    ကျူရှင် ….

    ဆောင်းပါးရှင်- ကျော်မိုးအောင်

    1794605_1015999801747060_6985290458237284774_n

    ကျူရှင် ….

    မြန်မာနိုင်ငံမှာ မူကြိုကလေးကစ … ဆေးကျောင်းသားမကျန် .. ယုတ်စွအဆုံး ပါရဂူဘွဲ့အတွက် ပြင်ဆင်နေသူအထိ မကင်းတဲ့ စကားလုံး ဖြစ်စဉ်တစ်ခု။

    “မြန်မာပြည်က ကျောင်းသားမှန်ရင် ကျူရှင် တက်ဖူးကြသည်” ဆိုရင် မှားမယ်မထင်။ ပုံစံအမျိုးမျိုးသော ကျူရှင်များ … ကျူရှင်ဆရာများလည်း အလုပ်ဖြစ်ကြတယ်လေ။

    ကျွန်တော်ကိုယ်တိုင်လည်း ဆယ်တန်းအောင်ပြီးစ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစလို့ သင်ကြားရေးနဲ့ နွယ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေသူတစ်ဦးပါ။

    အထက်တန်းကျောင်းသားများအတွက် study guide လုပ်ခဲ့ရာကအစ … နောက်ပိုင်း ကျူရှင်ဆရာအဖြစ် ပြောင်းလဲသင်ကြားရင်း ခုချိန်မှာ ကျောင်းတစ်ကျောင်းမှာ စာသင်နေသူဆိုတော့ ဒီဖြစ်စဉ်တွေနဲ့ မစိမ်းသလို ကိုယ်တိုင် မိဘတစ်ဦးအနေနဲ့ပါ ဒီကိစ္စကို သုံးသပ်မိတော့ ရှုထောင့်စုံကနေလည်း မြင်နေခွင့် ရနေပါတယ်။

     ကျူရှင် အလွဲ

    ကျူရှင်ကိစ္စ လွဲတာကို ပြောရရင် ပထမဆုံး အသံထွက် စာလုံးပေါင်း နဲ့ အဓိပ္ပါယ်ကနေပဲ စရမယ် ထင်ပါတယ်။

    မူလဘူတအားဖြင့် ကာကွယ်စောင့်ရှောက် တာဝန်ယူခြင်း “protection, care, custody” လို့အဓိပ္ပါယ်ရတဲ့ tuycioun ဆိုတဲ့ ပြင်သစ်စကားလုံး ဝေါဟာရကနေ ဆင်းသက်လာတဲ့ စကားလုံးကို မြန်မာသံနဲ့ ကျူရှင်လို့ ခေါ်လေသည်ပေါ့လေ။ အင်္ဂလိပ် အသံထွက် အမှန်က ဗြိတိန် အသံထွက်နဲ့ဆို /tjuːˈɪʃ(ə)n/ … အမေရိကန် အသံထွက်နဲ့ဆို /tuːˈɪʃ(ə)n/  အနည်းစပ်ဆုံး အသံထွက် ရေးပြရရင် /ထယူး အစ်ရှန်/ ဒါမှမဟုတ် /ထူး အစ်ရှန်/ ရယ်လို့ အစ်ကို ဖိပြီး အသံထွက်ရပါတယ်။ မြန်မာလိုက ကျူရှင်ရယ်လို့ ပြောနေလေတော့ အင်္ဂလိပ်လို စာလုံးပေါင်းကြရမှာ “tution” ဆိုပြီး i တစ်လုံး ကျန်နေတတ်ကြပါတယ်။

    အမှန်က “tuition” ပါ။

    “tuition” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို Cambridge Advanced Learners’ Dictionary ကတာ့ ဒီလို ဆိုလေရဲ့။

    “tuition – noun [U]

    1.    (MAINLY UK)       teaching, especially when given to a small group or one person, such as in a college or university
    2.    (MAINLY US)       the money paid for this type of teaching”

    “၁။ ကောလိပ် တက္ကသိုလ် စသည်တို့တွင် ကျောင်းသားအုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ သင်ကြားပေးခြင်း၊

    ၂။ ထိုသို့ သင်ကြားပေးရန်အတွက် ပေးရသော အခကြေးငွေ။”

    မူရင်း အဓိပ္ပါယ်အားဖြင့်ကတော့ စာသင်ကြားပေးခြင်းပါ။ တက္ကသိုလ်မှာ အုပ်စုအလိုက် ကျောင်းသား ခပ်နည်းနည်းနဲ့ သင်တာကိုလည်း ကျူရှင်လို့ပဲ ခေါ်ပါတယ်။ (အသံထွက်အားဖြင့် ကျူရှင်ဆိုတာ မှားကြောင်း ပြောထားပေမယ့် အများသုံး ဒီစာလုံးကိုပဲ ဆက်သုံးပါရစေ။) အပြင်မှာ သပ်သပ် ဆရာတစ်ဦးဦးနဲ့ သင်တာကိုမှ ကျူရှင်ခေါ်တာ မဟုတ်ပါ။ ကျောင်းမှာ၊ ကောလိပ်မှာ၊ တက္ကသိုလ်မှာ သင်တာလည်း ကျူရှင်ပါ။

    နောက်ထပ် အဓိပ္ပါယ် (၂) က ငွေကြေးနဲ့ ဆိုင်ပါတယ်။ တော်ရုံတန်ရုံ အင်္ဂလိပ်လို နားလည်သူတွေတောင် tuition fee ရယ်လို့ ကျွန်တော်က ပြောတော့ ကျောင်းတက်မှာကို ကျူရှင်ပါ ထပ်တက်ရမှာလား … ကျူရှင်အတွက်ပါ ပေးရမှာလား ဆိုတာမျိုး ပြန်မေးတာ ကြုံခဲ့ဖူးပါရဲ့။ ကျောင်းလခဆိုဆို သင်တန်းကြေးပြောပြော … အဲဒါကိုလည်း ကျူရှင်လို့ ခေါ်ပါတယ်။ တက္ကသိုလ်တက်ဖို့ သွင်းရတဲ့ အခကြေးငွေကလည်း tuition ပါ။

    ကျူရှင်ဆရာ

    အဲလို ကျူရှင် (tuition) သင်တဲ့ဆရာကို တကယ်တော့ ကျူတာ (tutor) လို့ ခေါ်ပါတယ်။ ဒီစာလုံးမှာတော့  u နဲ့ t ကြား i မပါတော့ပါဘူး။ သူ့ရဲ့ အသံထွက် အမှန်ကလည်း /ˈtju: tə(r) / သို့မဟုတ် /ˈtu: tə(r) /  (ထယူးထာ သို့မဟုတ် ထူးထာ) ပါ။

    ကျူရှင်ဆရာဆိုတာကို (ကျွန်တော်ကိုယ်တိုင်အပါအဝင်) တိုက်ရိုက် ဘာသာပြန်ပြီး tuition teacher ရယ်လို့ အလွယ်ပြောနေမိပေမယ့် တကယ့် အခေါ်အဝေါ်မှန်က tutor ပါ။ tutor ရဲ့ အဓိပ္ပါယ်က “a teacher who works with one student or a small group, either at a college or university or in the home of a child” ကောလိပ်၊ တက္ကသိုလ် သို့မဟုတ် ကျောင်းသားအိမ်တွင် တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ သင်သောဆရာ ပါ။ တစ်ချို့ကလည်း home tutor/ private tutor ရယ်လို့ ကွဲပြားအောင် သုံးနှုန်းကြလေရဲ့။

    ကျူရှင်ခေတ် ဘယ်ကစ

    လက်ရှိ မြန်မာနိုင်ငံမှာ ခေတ်စားနေသော ကျူရှင် ဘယ်ကစတယ် သေချာမသိပေမယ့် အမြစ်တွယ် တွင်ကျယ်လာတာကတော့ ဆယ်စုနှစ် အတန်ကြာနေပါပြီ။

    အလွတ်သင် ကိုယ်ပိုင်ကျောင်းများ မရှိတော့တဲ့နောက်မှာ … ကျောင်းသားများ အထက်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်း၊ ဆယ်တန်း) ပြင်ပဖြေခွင့်မရှိဘဲ အစိုးးရကျောင်းတက်မှသာ ဖြေခွင့်ရှိခဲ့တဲ့ကာလမှာ ကျူရှင်တွေ အထူး ခေတ်ကောင်းခဲ့ပါတယ်။

    အဲဒီခေတ်က ကျူရှင် နှစ်မျိုးတွေ့ရမယ် ထင်ပါတယ်။

    ၁။ အစိုးရကျောင်းများမှ ဆရာဆရာမများ (ဝမ်းရေးအတွက် တစ်တပ်တစ်အား အထောက်အကူ ပြုစေဖို့) အပြန်အလှန် နားလည်မှုနဲ့ သင်ကြားတဲ့ … တရားဥပဒေအရ အရေးယူနိုင်တဲ့၊ ခွင့်မပြုတဲ့ private tuition တွေ home tuition တွေ ဝိုင်းကျူရှင်တွေ

    ဒီလိုကျူရှင်တွေမှာလည်း ကျောင်းမှာသင်လိုက်တဲ့စာကို နောက်တစ်ကြိမ် ကြေညက်အောင် အမှန်တကယ် ပြန်သင်တဲ့ စေတနာ ဆရာဆရာမတွေ အများအပြား ပါပါတယ်။ စုန်းပြူးတွေ နေရာတကာ ရှိတဲ့အတွက် ငွေအဿပြာအတွက်သက်သက် ကျူရှင်ဖွင့် … စာမေးပွဲမှာ မေးမယ့် မေးခွန်းနဲ့အဖြေကိုသာ သင်တဲ့ဆရာဆရာမလည်း ရှိတာပါပဲ။ ပြောရရင် နှစ်မျိုးလုံးသော ဆရာဆရာမတွေ ကိုယ်တွေ့ ကြုံခဲ့ရဖူးပါတယ်။ ဒီကျူရှင်မျိုးတက်တဲ့ကျောင်းသားတွေမှာလည်း လိုလိုလားလား ပညာလိုချင်လို့ … စာကျေညက်ချင်လို့ တက်တာမျိုးလည်း ရှိသလို အတန်းပိုင်ဆရာမ မငြိုငြင်ရေး၊ အမှတ်ကောင်းရရေး၊ မပင်မပန်း တစ်နှစ်တစ်တန်းအောင်ရေး အလွယ်လိုက်ချင်လို့ တက်ခဲ့ကြသူတွေလည်း ရှိတာပဲပေါ့လေ။

    ၂။ ပြင်ပ ပညာရှင်များ မှတ်ပုံတင် ဖွင့်လှစ်တဲ့ တရားဝင် ကျူရှင်များ

    အကြောင်းကြောင်းသော အကြောင်းများကြောင့် အစိုးရကျောင်းများမှ ဆရာဆရာမများ သင်ကြားပေးတာ မလုံလောက်လို့ ယူဆတဲ့အတွက် ကျောင်းချိန် ပြင်ပမှာ ကျောင်းသားများ အပြင်ကျူရှင် တက်ကြပါတယ်။ အရင်ကတော့ ဒီလို ကျူရှင်တွေကို အထက်တန်းရောက်မှသာ (ဆယ်တန်းစာမေးပွဲ အမှတ်ကောင်းစေဖို့) တက်ကြတာမျိုးပါ။

    ကျူရှင် ပြီးရင်း ကျူရှင်

    ဘာကြောင့် စခဲ့စခဲ့ … ကျူရှင်ကတော့ မြန်မာ့ကျောင်းသား အသိုင်းအဝိုင်းမှာ အမြစ်တွယ်နေပါပြီ။

    ကျောင်းမှာသင်တာ မလုံလောက်လို့ ကျူရှင်ယူတယ်ဆိုရာကနေ … အကောင်းဆုံး ကျူရှင်ယူသူများသည်ပင်လျင် ကျူရှင်ပြီးတော့ မပြီးသေးဘဲ နောက်ထပ် study guide ဂိုက်ဆိုတဲ့ အသွင်သစ်ကျူရှင်တစ်မျိုးမှာ ထပ် အသင်ခံကြပြန်ရော။

    ပြောခဲ့ပါတယ် … ကျွန်တော်လည်း study guide လုပ်ရင်း သင်ကြားရေးလောက ရောက်ခဲ့တာဆိုတာ။

    ဂိုက် စလုပ်တဲ့အချိန်မှာ … (မြန်မာပေတံနဲ့ တိုင်းလို့) စာတော်ပါတယ်ဆိုသူတွေတောင် …. အကောင်းဆုံးကျောင်းဆိုတာမှာ တက်ပါလျက် … နာမည်အကြီးဆုံး ကျူရှင်တွေမှာ ရွေးတက်ပါလျက် … စာကို သေချာ နားမလည်သေးလို့ ကိုယ်က ပြန်သင်ပေး ပြန်ရှင်းပြရတာ အကြိမ်ကြိမ်။

    အဲဒီတုန်းကတော့ သူတို့ ဘာလို့ သေချာနားမလည် မကြေညက်တာလဲဆိုတာ ကိုယ်တိုင်လည်း သေချာရေရာ မသိခဲ့။  ကိုယ်ရှင်းပြလိုက်တော့မှ သူတို့ နားလည်သွား … ပုစ္ဆာ တွက်နိုင်သွား … မေးခွန်းဖြေနိုင်သွားတာဆိုပြီး ကိုယ့်ကိုကိုယ်လည်း အဟုတ်ကြီးထင်၊ ကျောင်းသားတွေကလည်း ကိုယ့်ကို ပိုအားကိုးပေါ့။

    စဉ်းစားကြည့်တော့ကလေးတွေခမျာ ကျောင်းကသင်၊ ကျူရှင်ကပြန်သင်၊ ဂိုက်ကထပ်သင်နဲ့ မနက် ၆နာရီကနေ ည၁၀နာရီ ၁၁နာရီထိ တစ်ပတ် ၇ရက် အသင်ခံရတဲ့ passive အနေအထားသက်သက်။ ဘယ်မှာလဲ ကိုယ်တိုင်ကိုယ်ကျ လေ့လာတဲ့ active learning။ နတ္ထိ။ လွဲချက်ကနာ။

     

     

    မဆုံးနိုင်တဲ့ ကျူရှင်သံသရာ

    အစိုးရကျောင်းမှာ ကျောင်းသားအများအပြားနဲ့ သင်ပေးနေလို့  … ကျောင်းမှာ ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့် မရှိလို့ ထပ်ဆောင်း တက်ကြပါတယ်ဆိုတဲ့ ကျူရှင်သံသရာက အဲဒီမှာတင် မရပ်ပါဘူး။

    ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရလာတော့ အောင်မြင်ကျော်ကြားတဲ့ ကျူရှင်ဆရာများ ဦးစီးပြီး ကျောင်းတွေဖွင့် ကြပ်ကြပ်မတ်မတ် သင်ပါတယ်ဆိုလည်း အဲဒီကကျောင်းသားတွေ ကျူရှင် ယူနေရသေးတာပဲ။

    အင်္ဂလိပ်ဘာသာစကားသုံးပြီးသင်တဲ့ … နိုင်ငံတကာသင်ရိုးတွေသင်တဲ့ … (အတန်းပိုင်ဆရာဆီမှာ အအောင်အရှုံး သတ်မှတ်ခွင့် မရှိနိုင်တဲ့) ကျောင်းမှာ တက်သူတွေလည်း အများစု ကျူရှင် ယူနေကြရတာပါပဲ။

    မိဘတိုင်းလိုလို ပြောကြတာတစ်ခု ရှိပါတယ်။ ပိုက်ဆံတွေ အများကြီး ပေးထားရတဲ့ ကျောင်းမှာ တက်နေကြရပြီး ကျူရှင်တွေ ထပ်ယူနေရတာ အပိုတွေ သိပ်ကုန်တယ် … မထားလို့မရရင် မထားချင်ဘူး … မတတ်သာလို့တဲ့။

    ကျောင်းတွေကည်း ပြောတယ် … ကျူရှင် မလိုဘူး အပိုတွေတဲ့။

    ဒါဆို … ကျောင်းတွေက ဘာလို့ ကျူရှင် မလိုဘူး ပြောလဲ … တကယ်မလိုတာ သေချာရဲ့လား။

    မိဘတွေကရော မထားလို့ရရင် မထားချင်ဘူး … မတတ်သာလို့ဆိုရင် တကယ်ပဲ မဖြစ်မနေ မတတ်သာလို့လား။

    ကျွန်တော်က မိဘလည်း ဟုတ်သူ … ကျောင်းတစ်ကျောင်းမှာလည်း ကိုယ်စားပြုနေသူ။

    နှစ်ဖက်လုံးကနေ ကြည့်ကြည့်မိတယ်။

    မိဘ ပံ့ပိုးမှု နှင့် ကလေးပညာရေး

    မိဘများထံက ကြားရလေ့ရှိတဲ့ အချက်တစ်ချက်က “တို့ဘက်က ပိုက်ဆံတွေ ဒီလောက် အကုန်ခံ ကျောင်းထားပေးထားတာ … နောက်ထပ် ဦးနှောက်ခြောက် မခံချင်ဘူး။ ကျောင်းကပဲ အားလုံးကို ကိစ္စပြီးအောင် တာဝန်ယူ လုပ်ပေးသင့်တယ်။ မလုပ်ပေးတော့ ပိုက်ဆံအကုန်ခံ ကျူရှင် ထပ် စီစဉ်ရတာပေါ့” ဆိုတာပါ။

    တီဗီကြော်ငြာမှာ တွေ့ဖူးသလို “မိဘများ စီးပွားရေးကို စိတ်အေးချမ်းသာစွာ လုပ်ပါ … သားသမီးတို့ပညာရေး ကျွန်ုပ် တာဝန်ယူမည်” ရယ်လို့ ပြောနိုင်ဖို့ရာက ကျောင်းသားရေးရာ မှန်သမျှအတွက်၂၄နာရီပတ်လုံး ကျောင်းကသာ တာဝန်ယူတဲ့ Boarding School လို့ခေါ်တဲ့ ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းမျိုးပဲ ရပါမယ်။ ဒါတောင် ဘယ်လောက် ဘယ်လို စီစဉ်ပေးတယ်ပြောပြော လူသားဆိုတာ စက်ရုပ်မဟုတ်တဲ့ … အလွန်သိမ်မွေ့နက်နဲရှုပ်ထွေးတဲ့ စနစ်ဇယား complex system တစ်ခု ဖြစ်တာကြောင့် ရာနှုန်းပြည့် မဖြစ်နိုင်ပါ။ မိဘဆီကသာရမယ့် အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးလုံခြုံမှု … ဆွေမျိုးသားချင်း ဦးလေးအဒေါ်များ ဘိုးဘွားများ ညီအစ်ကိုမောင်နှမ ဝမ်းကွဲများနဲ့အတူနေခြင်းကြောင့်ရမယ့် “ကြီးသူရိုသေ … ရွယ်တူလေးစား … ငယ်သူသနား” ရကောင်းမှန်းတွေ၊ အသိုင်းအဝိုင်းထဲမှာ ဘယ်လို နေထိုင်တတ်ရမယ်ဆိုတာတွေ  … ဒါတွေကတော့ လိုအပ်နေဦးမှာပါ။

    အနောက်တိုင်းက လုပ်ထားတဲ့ သုတေသန research အချို့ ဖတ်ဖူးတာအရကတော့ “ပံ့ပိုးမှု” ကောင်းတဲ့ အခြေအနေမှာ ကလေးတစ်ယောက်ရဲ့ အမှတ် Grade   1.5 (+/ – 0.5)  တက်နိုင်ပါသတဲ့။ ဆိုလိုတာက (A*, A, B, B, C*, C, D*, D, E*, E စတဲ့ အမှတ်ပေးစနစ်မှာ) ကျောင်းသားတစ်ယောက် လက်ရှိ ရမှတ်က E ရနေတယ် ဆိုပါစို့။ သူ့ကို “ပံ့ပိုးမှု” ကောင်းကောင်း ပေးနိုင်ရင် D*  ထိ တက်လာနိုင်တာမျိုးပါ။ လက်ရှိ D*  ဆိုရင် B အထိ ရနိုင်တာမျိုးပေါ့။ (+/ – 0.5)  ဆိုတဲ့အတွက် အနေအထားအလိုက် အနည်းဆုံး 1 ကနေ အများဆုံး 2 ထိလောက် တက်နိုင်ပါတယ်။

    အမှတ် ၁၀၀ ကို အခြေခံတဲ့ စနစ်ဆိုရင် ၁၀မှတ်ကနေ ၂၀မှတ်လောက် တက်လာနိုင်တယ် ဆိုပါစို့။

    ကောင်းပြီ … ပံ့ပိုးမှုက အမှန်တကယ် အကျိုးရှိတယ်ဆိုတာလဲ ငြင်းမရဘူး …

    “မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း” လို့ ဆိုရိုးစကား ရှိတာပဲလေ။

    ပညာရေးမှာ ကျောင်းချိန်ပြင်ပ မိဘတို့ရဲ့ ပံ့ပိုးမှု အခန်ကဏ္ဍကလည်း အင်မတန် အရေးပါလှတာပေါ့။ ကျောင်း သက်သက်နဲ့ မပြည့်စုံပါဘူး။

    ပံ့ပိုးမှု ဟူသည်

    မိဘရဲ့ ပံ့ပိုးမှုကတော့ ဟုတ်ပါပြီ။ ဘယ်လို ပံ့ပိုးကြမှာလဲ။

    ကလေးတွေ ဘယ်လို လမ်းလျှောက်တတ်လာကြသလဲ စဉ်းစားကြည့်ရအောင်။

    အရွယ်အလိုက် တိုးတက်လာရာကနေ မတ်တပ်စမ်းစ လမ်းလျှောက်စမှာ ကလေးတိုင်း ချော်လဲတတ်ပါတယ်။ ချော်မလဲဘဲ လမ်းလျှောက်တတ်လာတဲ့ကလေးရယ်လို့ မရှိပါ။

    ကိုယ့်ကလေး ချော်လဲမှာစိုးလို့ မလွှတ်တမ်း ချီထားခြင်းကလည်း ကလေးကို ပံ့ပိုးပေးတာ မဟုတ်သလို … ကားတွေ ဥဒဟို သွားနေတဲ့လမ်းမှာ … ခဲတွေချိုင့်တွေပေါတဲ့လမ်းမှာ … ကားလမ်းဘေးမှာ ဖြစ်ချင်ရာဖြစ် လက်လွတ်စပယ် လွှတ်ထားတာကလည်း ပံ့ပိုးမှု မဟုတ်ပါ။

    ကလေး လမ်းလျှောက်သာမယ့် .. အန္တရာယ်မရှိမယ့် လမ်းမျိုးဖြစ်အောင် အတတ်နိုင်ဆုံး စီစဉ်ပေးပြီးနောက် ကလေး လဲတဲ့အခါ လဲပါစေ … နည်းနည်း နာတဲ့အခါ နာမှာပေါ့။ ဆိုးဆိုးရွားရွား မဖြစ်အောင် မိဘက မလှမ်းမကမ်းက စောင့်ရှောက်ပေးရင်း  … လမ်း စမ်းလျှောက်ကြည့်ခိုင်းရမယ် မဟုတ်လား။

    ဒီလိုပါပဲလေ။

    နောက်ထပ် ဥပမာ ပေးလိုပါသေးတယ်။ ဘယ်မှာ ဖတ်ဖူးမှန်း မမှတ်မိတဲ့ ကြားဘူးးနားဝ ပုံပြင် ဆိုပါစို့။

    ပိုးတုံးလုံးလေး အဆင့်ကနေ … caterpillar … pupa အဆင့်ကနေ လိပ်ပြာ ဖြစ်လာဖို့ အကောင်ငယ်လေးက အခွံထဲကနေ သူ့ဟာသူ ခွဲထွက် ရုန်းထွက်ရပါတယ်။ အဲလို ရုန်းထွက်တဲ့အခိုက် အပြင်ကနေ သနားလို့ဆိုပြီး ဆွဲထုတ်ပေးလိုက်တာ အဲဒီကောင်လေး လိပ်ပြာအဖြစ် မပျံနိုင်တော့ပဲ ချည့်နဲ့ သေသွားရပါတယ်တဲ့။

    ကျောင်းသားတွေလည်း အခွံထဲကနေ ထွက်နေတာပါ။ သူဟာသူ ရုန်းရတဲ့အခါ ရုန်းပါစေ။ အပြင်ကနေ လိုသလောက်ပဲ လိုတာထက် ပိုပြီး မပံ့ပိုးမိအောင် သတိထားပေးပါလား။ ချည့်နဲ့ မသွားစေချင်လို့ပါ။

     

     

    “ပံ့ပိုးမှု” အတွက် ပံ့ပိုးပေးခြင်း

    နိုင်ငံတကာသင်ရိုး တစ်ချို့မှာကတော့ မိဘများ အိမ်ကနေ ဘယ်လို ကူညီပံ့ပိုးပေးပါဆိုတဲ့ လမ်းညွှန် Parent Handbook/ Guidebook လိုမျိုး တွဲလျက် ပါတတ်ပါတယ်။ ဥပမာ စင်္ကာပူ မူလတန်းကျောင်းသားများ ဖြေရတဲ့ Primary School Leaving Examination (PSLE) အတွက် မိဘလမ်းညွှန် စာအုပ်လိုမျိုးပါ။ ကျောင်းက ဒီအကြောင်းအရာသင်ရင် မိဘဘက်က အိမ်မှာ ဒီလို ကူညီပေးပါ ဆိုတာမျိုး။ ကျောင်းက အပင်အစိတ်အပိုင်းအကြောင်းသင်နေရင် အိမ်က မီးဖိုဆောင်မှာ ဒီလို ဟင်းသီးဟင်းရွက် ဝယ်ချက်ပြီး သားသမီးကို ဘယ်လို ကူပေးခိုင်း .. ဘယ်လိုမေးခွန်းလေးတွေ မေးပေး အစရှိသည်ဖြင့် ဒီစာအုပ်မျိုးထဲမှာ လမ်းညွှန်ပေးတတ်ပါတယ်။

    ကျွန်တော့်သား မူကြိုကျောင်းသားအတွက်လည်း ကျောင်းကပေးတဲ့စာ အပတ်စဉ် ပါလာပါတယ်။ ဒီစာထဲမှာ လာမည့်သီတင်းပတ် အတွင်း ကျောင်းက သင်မယ့် အကြောင်းအရာအလိုက် မိဘတို့ဘက်က ဘယ်လို ပံ့ပိုးမှု ပေးပေးပါ ဆိုတဲ့ လမ်းညွှန်နဲ့ပါ။

    မူလတန်းကနေ အလယ်တန်းအဆင့်ထိလည်း ဒီလို လမ်းညွှန် စာအုပ်တွေ အင်္ဂလိပ်လိုနဲ့တော့ ရှိနေပါတယ်။ ကျောင်းများဘက်ကလည်း မိမိတို့သုံးတဲ့ သင်ရိုးအလိုက် ဒါမျိုးလမ်းညွှန် ဘာသာပြန်ပေး ပြုစုပေးနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပါ။ အားလုံးအတွက် အကျိုးရှိပါမယ်။ အစိုးရကျောင်း သင်ရိုးအတွက်လည်း ခေါင်းစဉ်အလိုက် ဒါမျိုး ပြုစုပေးဖို့ အခက်ကြီးတော့ မဟုတ်ပါ။ ဝါယမတစ်ခု စိုက်ထုတ်ကြဖို့ လိုနေတာပါ။

    ဒါမျိုး လမ်းညွှန်တွေ မရှိသေးခင်စပ်ကြား ခုလိုကာလမျိုးမှာ မိဘဘက်က အိမ်မှာ ပံ့ပိုးမှုပေးကြဖို့ရာကို စဉ်းစားကြည့်တော့ မဖြစ်နိုင်အောင် ခက်ခဲတယ် မဟုတ်ပေမယ့် အတားအဆီး အချို့ ရှိနေတာကတော့ လက်တွေ့ ကိုယ်တွေ့ပါ။ စဉ်းစားမိသလောက် ကြုံရသလောက် တစ်ချက်ချင်း ဆွေးနွေးကြည့်ရအောင်။

    မိဘများဘက်က အခက်အခဲ အတားအဆီးများ

    ၁။ ကလေးအတွက် သီးသီးသန့်သန့် အချိန်ပေးနိုင်မှု

    အိမ်ရှိလူကုန် အလုပ်လုပ်နေရတဲ့ … အလုပ်ရှုပ်နေရတဲ့ လူနေမှုစနစ်ကြားက ကျွန်တော်တို့ မိဘတွေအနေနဲ့ သားသမီးအပေါ် အချိန်တစ်ခု ပေးနိုင်ဖို့ ခက်ကြပါတယ်။ တခါတလေ ကိုယ် အိမ်ပြန်ရောက်ရင် ကလေး အိပ်ချိန် ဖြစ်နေပြီ … တခါတလေ သူတို့ မနိုးသေးခင် ကိုယ်က အလုပ်သွားရပါပြီ။

    နောက်တစ်ချက်က ရင်ခွင်ပိုက် လက်မလွှတ်သေးတဲ့ ကလေးငယ် ရှိနေတဲ့ မိဘတို့အတွက်ကလည်း ဒီကလေးငယ် ဝေရာဝစ္စကို လုပ်ကိုင်ပေးနေရသေးတော့ … တခြား အိမ်မှုကိစ္စတွေလည်း ရှိသေးတော့ … ပံ့ပိုးမှု လိုအပ်မှန်း … ရှိရင်ကောင်းမှန်း သိပေမယ့် ကလေးရောမိဘပါ အဆင်ပြေမယ့်အချိန် ရှာလို့မရ ဖြစ်တတ်ပါတယ်။

    ၂။ နေရာထိုင်ခင်း အပြင်အဆင် သီးသန့် ပေးနိုင်မှု

    မိဘအနေနဲ့ အိမ်မှာ ကလေးအိမ်စာလုပ်ရာမှာ … စာပြန်ကြည့်ရာမှာ နိုင်သလောက် ကူဖို့ အိမ်မှာတော့ ရှိပါပြီ … ဒါပေမယ့် ကလေးအတွက် သီးသန့် စာကြည့်စားပွဲလိုမျိုး ပြင်ဆင်ထားနိုင်ပြီလား။ အဲဒီနေရာဟာ တခြားအတွက် မသုံးဘဲ … အနှောက်အယှက် မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် စာကြည့်နိုင်မယ့် နေရာလား … ဒါမှမဟုတ် တီဗီရှေ့လား။ လူကြီးတွေက သူ့အနားမှာ ဝိုင်းဖွဲ့ စကားပြောဖြစ်ကြမှာလား။ ကိုရီးယားကား ကြည့်ရင်း သူ့ကို စာလုပ်ခိုင်းမှာလား။ ကလေးနဲ့အတူ သူ့ကို စာကူပေးနေတုန်း ဧည့်သည်လာရင် အားလုံး ပျက်သွားမှာလား။ ကလေးငယ်လေးတွေကရော သူ့တို့ကိုကို မမ အနားမှာ ဝင်ရှုပ်နေမှာလား။

    ဒါမျိုးဆိုလည်း မအောင်မြင်နိုင်ပါ။

    နိုင်ငံတကာမှာ ကျောင်းတောင်မထားဘဲ home schooling ဆိုတာမျိုး အိမ်ကပဲ ကလေး ကျောင်းစာ လေ့လာနိုင်အောင် ပြင်ဆင်ပေးတာမျိုး ရှိပေမယ့် ဒီအချက်တွေ ပြင်ဆင်ပေးထားတာပါ။

    ၃။ ကလေးရဲ့ စိတ်ပါဝင်စားနိုင်မှု

    ကလေးဆိုတာ စက်ရုပ်မဟုတ်ပါ။

    မူလတန်းအရွယ် ကလေးငယ် မနက် ငါးနာရီလောက် အိပ်ရာထ (ဘာသာရေးအရဖြစ်စေ … လူမျိုးစုတစ်ခုခုရဲ့ လိုအပ်ချက်အရဖြစ်စေ … ဘာသာရေးကျောင်း နှင့် ဘာသာစာပေကျောင်း) မနက် ၆နာရီကနေ ၈နာရီတက် …. အဲဒီနောက် အစိုးရကျောင်း/ ပုဂ္ဂလိက မြန်မာကျောင်း/ အင်္ဂလိပ်ကျော်ငးလို့ အလွယ်ခေါ်တဲ့ နိုင်ငံတကာ သင်ရိုးနဲ့သင်တဲ့ကျောင်း တစ်ခုခုမှာ တစ်နေကုန် ညနေ သုံးနာရီ လေးနာရီထိ ကျောင်းတက် အိမ်ပြန်ရောက် ခဏနေတော့ မိဘက သူ့ရှေ့မှာ စာအုပ်ဖွင့် စာကျက်ခိုင်းတော့ ကျောင်းသားက ဘယ် စိတ်ပါပါ့မလဲ။ “တယ် … ငါရိုက်လိုက်ရ … စိတ်က ဘယ်ရောက်နေတာလဲ … စာကို စိတ်မဝင်စားဘူး” ဆိုပြီးဆူ … ကလေးက ကြောက်တော့ငို။ နောက်ဆုံးတော့ မဖြစ်ပါဘူး … မင်း … ကြောက်ရမယ့် ဆရာမတစ်ယောက်ယောက်ဆီသာ ကျူရှင်သွားတက်တော့ ဖြစ်ရော။

    ဒါမှမဟုတ်လည်း ကိုယ့်ကလေးကိုယ် အမြဲတမ်း အလိုလိုက် အလျှော့ပေးတဲ့ မိဘနဲ့ ဆိုပြန်တော့လည်း ကလေးက ဂျီကျ … မိဘက မနိုင် … ကဲ … သွားလေရော့ ကျူရှင်။

     

    ၄။ မိဘရဲ့ ပညာရေး အခြေခံ

    တချို့မိဘတွေက ကိုယ်တိုင် ပညာရေး အခြေခံ မကောင်းလှတော့ … အထူးသဖြင့် နိုင်ငံတကာ သင်ရိုးနဲ့ အင်္ဂလိပ်လို သင်တဲ့ကျောင်းမှာ ကိုယ့်သားသမီးကို ပို့ထား … ကိုယ်တိုင်က ပံ့ပိုးပေးဖို့ စိတ်ပါပေမယ့် ကလေးစာကို ကိုယ်က နားမလည်။ ကျောင်းတွေသင်တဲ့ ချဉ်းကပ်နည်းတွေကို မိဘက မသိ။

    ဒီတော့လည်း ကျူရှင် ပို့ရင်ပို့ … မပို့ရင် ကျူရှင်ဆရာ အိမ်ခေါ်ရလေသတည်း ပေါ့လေ။

     

    စဉ်းစားမိသမျှ

    မိဘကိုယ်တိုင် ပံ့ပိုးရာမှာ ကြုံနိုင်တဲ့ အခက်အခဲတွေကြားကနေ မဖြစ် ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် ဘယ်လို စီစဉ်လို့ ရမလဲ မေးရင် ကျွန်တော့်မှာ တိကျ ရေရာလှသော … ရာသက်ပန် မှန်နိုင်သော … တစ်ခုတည်းသော အဖြေ မရှိပါ။ နောက်ခံအနေ အထားပေါ်လိုက်လို့ အပြောင်းအလဲ ရျှိနိုင်ပါမယ်။

    ဘယ်လောက်ကောင်းတဲ့ ကျူရှင်ပြောပြော ဘယ်လိုနည်းနဲ့မှတော့ ကျူရှင်က မိဘတို့ရဲ့ နည်းစနစ်မှန်သော ပံ့ပိုးမှုကို မမီနိုင်ပါ။

    ဥပမာပဲ ပေးလိုပါတယ်။

    ရင်သွေးငယ်တို့ရဲ့ မိဘတိုင်း ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ကြုံဖူးကြမှာပါ။ ဆရာဝန်ဆီသွားရင် ဆရာဝန်ကလည်း ရေဓာတ် ခန်းခြောက်မှု အဆိုးရွားကြီး မဟုတ်ရင် လမ်းညွှန်မှာက ဓာတ်ဆားရည် တိုက်ဖို့ပါ။ (ကလေး ငယ်သေးပါက မိခင်နို့ပါပေါ့လေ။) မိဘတိုင်း ပြန်ပြောမှာကလည်း တိုက်ရခက်တယ် … ကလေးက မသောက်ဘူး ဆိုတာပါ။ ဒီလိုအချိန်မှာ ကလေးဆရာဝန်တိုင်း ဖြေမှာကလည်း “မဝင် ဝင်အောင်တိုက် … တခြား ဘာအရည်မှ မတိုက်နဲ့ … ရေလည်း မတိုက်နဲ့ … နောက်ဆုံး မနေနိုင်ရင် ဓာတ်ဆားကိုပဲ သူကိုယ်တိုင် သောက်လာလိမ့်မယ်။ အဲလိုမှ လုံးဝ မရရင်တော့ ဆေးရုံမှာ IV Drip သွင်းရမယ်” ဆိုတဲ့ အဖြေပါ။ ခုလည်းပဲ ထိုနည်းလည်းကောင်းပါပဲလို့ ဆိုပါရစေ။ အထူးသဖြင့် ငယ်သေးတဲ့ မူလတန်းအရွယ်မှာ ကျူရှင်မပါဘဲ မဖြစ်ဖြစ်အောင် နည်းမျိုးစုံ စီစဉ်ကြည့်ပါ … မဖြစ်နိုင်လွန်းတာ သေချာပြီဆိုမှသာ နောက်ဆုံးအဆင့် ကျူရှင်လမ်းကြောင်းကို ရွေးသင့်ပါတယ်။

    ကျူရှင် မယူရစေဖို့

    ကျူရှင် မယူရစေဖို့ ဘာလုပ်ရမလဲ စဉ်းစားမိသလောက်

    ၁။ ကျူရှင် ယူဖို့ရာ လိုအပ်ချက်တစ်ခု မဟုတ်နိုင်တဲ့ ကျောင်းမျိုးမှာ ထားပါ။

     ပြောတာ လွယ်လိုက်တာ မဆိုစေချင်ပါ။ တကယ် ဖြစ်နိုင်ပါတယ်။

    အချို့အချို့သော ကျောင်းတွေက ဆရာဆရာမတွေကိုယ်တိုင် ကျူရှင်အတွက် ဆွယ်တာ .. ခေါ်တာ ရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ စာကောင်းကောင်းသင်နေသော ကျောင်းတွေလည်း အများကြီးပါ။ အာမခံပြီး ပြောပါမယ်။ ဆရာ ဆရာမတိုင်း အသပြာဆရာ မဟုတ်ပါ။ ကျောင်းကောင်း သေချာ ရွေးပါ။ အစိုးရကျောင်း၊ မြန်မာသင်ရိုးသင် ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာ သင်ရိုးသင် ပုဂ္ဂလိကကျောင်း … ဘယ်ကျောင်းမှာတက်တက် အမှန်တကယ် စာသင်တဲ့ကျောင်းကို သေချာ ရွေးပေးပါ။

    (လက်ရှိ ကျွန်တော် ရေးတဲ့စာကို ဖတ်နေသူတွေက online သုံးနိုင်တဲ့ အဆင့်ဆိုတော့ အောက်ဆုံးအလွှာ လူတန်းစားကို မရည်ရွယ်ပါ။ အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးမှု ပေးနိုင်သော သူများကို ရည်ရွယ်တာပါ။ ဆင်းရဲသူများ တက်သော ကျောင်းတွေမှာကတော့ ဆရာဆရာမက ကျူရှင် ဆွယ်တာ အတော် နည်းပါလိမ့်မယ် … ဘယ်လာက်ပဲ အဆင့် နိမ့်ပါတယ်ပြောပြော ဘာမှ မသင်ပေးတာထက်စာရင် အများကြီး သာပါတယ်။ ရွေးခွင့် မရှိသူအတွက်ဆိုလည်း ရရာ နေရာမှာ အကောင်းဆုံး ကြိုးစားလို့ ရပါသေးတယ်။ ကျွန်တော် ပြောနေတာက မိဘ အိမ်ကနေ အပံ့ပိုးလွန်ပြီး ကျူရှင်ပြီးရင်း ကျူရှင်နေသူများကို ဆိုလိုတာပါ။)

    ၂။ ကျောင်းက ဆရာဆရာမများအပေါ်သာ အပြည့်အဝ အားကိုးပါ။

    ကျွန်တော့်ကို နိုင်ငံတကာကျောင်းမှာ ကျောင်းဆရာတစ်ယောက်ဖြစ်လာစေဖို့ လက်တွဲခေါ်ယူ လေ့ကျင့် သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ … ကျွန်တော့် ပထမဆုံး ဆုံခဲ့ဖူးတဲ့ နိုင်ငံခြားသား ကျောင်းအုပ်ဆရာကြီးရဲ့ ကိုယ်တွေ့ကို မျှဝေလိုပါတယ်။

    သူက မြန်မာနိုင်ငံသူ အမျိုးသမီးနဲ့ အိမ်ထောင်ကျကာ မြန်မာစကားကို လေ့လာ လိုက်စားသူပါ။ မြန်မာစကား အတော်အသင့် ပြောတတ်ပြီး မြန်မာစာ အရေးအဖတ်အတွက် ဆရာမတစ်ယေက်ဆီမှာ သင်ယူနေစဉ်ကပေါ့။ ဆရာမက အင်္ဂလိပ်လို မပြောတတ် … သူကလည်း မြန်မာလိုကို သိပ် များများကြီး နက်နက်နဲနဲ နားမလည်။

    တစ်ရက် … ဆရာမက မြန်မာ ဝေါဟာရ တစ်ခုကို မြန်မာလိုနဲ့ ရှင်းပြနေတာ … သူကြိုးစား နားောင်ကြည့်ပေမယ့် နာ.မလည်နိုင် ဖြစ်နေပါတယ်။ ဆရမကလည်း နှစ်ခါပြန် သုံးခါပြန် ပြောပြ … သူကလည်း သေချား နားထောင်ပေမယ့် နားမလည်။ သူစိတ်ထဲမှာ ကဲ … ထားလိုက်တော့ … အိမ်ရောက်မှ သူ့အမျိုးသမီးကို မေးလိုက်တော့မယ်ဆိုပြီး ဆရာမကို ထပ် မမေးတော့ဘူး။

    ငါးမိနစ်လောက် ကြာသွားတော့မှ သူ့ဟာသူ သတိပြုမိတယ်။ ကျောင်းသားတွေကို ကျူရှင် မလိုကြောင်းပြောပြီး သူ့အနေနဲလည့်း “ပြင်ပ” အားကိုး တစ်ခုကို ရှာလိုက်မိပါလားဆိုပြီး။

    ချက်ချင်းပဲ ဆရာမကို အဲဒီအပိုင်း နားမလည်သေးလို့ ပြန်ရှင်းပြပါဆိုပြီး မေး … သေချာ နားထောင်လိုက်တာ ၁၀ မိနစ်လောက် အချိန် ပိုပေးလိုက်ရပေမယ့် သူ့အတွက်လည်း သင်ခန်းစာကောင်း ရလိုက်ပါတယ်တဲ့။

    ယုံကြည်လို့ တက်နေတဲ့ကျောင်းက ဆရာဆရာမကို အပြည့်အဝ လုံးလုံးလျားလျား အားကိုး ကြည့်ပါ။

     

     

    ကိုယ်တွေကိုလည်း ပြောပါရစေ။

     

    ကျွန်တော် ဆယ်တန်းနှစ်တုန်းက နွေရာသီကတည်းကစလို့ ကျူရှင်တွေ တက်ပါတယ်။

     

    (၅တန်းတုန်းက ခြေထောက်ကျိုးလို့ ကျောင်း တစ်လကျော် နားလိုက်ရတဲ့အတွက် ဆရာမတစ်ယောက်အိမ်မှာ လွတ်တဲ့စာတွေ ပြန်သင်ခဲ့တာအပြင် ၈တန်းထိ ကျူရှင် မယူခဲ့ပါ။ ကျောင်းက သင်တာကိုပဲ အားကိုးခဲ့တာပါ။)

    ကျူရှင် တက်ပြီဆိုတော့ ကျောင်းက ဆရာမအပေါ် အပြည့်အဝ အားမကိုးမိတော့တာကတော့ လက်တွေ့ပါပဲ။

    ကျူရှင်မှာ မသင်သေးခင် ကျောင်းက သင်္ချာ ဆရာမက SEQUENCES AND SERIES သင်ပါတယ်။ စိတ်ထဲမှာ ကျူရှင်က သင်တော့မှပဲ သေချာ လိုက်လုပ်မယ်ဆိုပြီး အတန်းထဲမှာ သေချာ နားမထောင်ဖြစ်ခဲ့ပါဘူး။

    ကျူရှင်မှာ အဲဒီအကြောင်းအရာ သင်တော့ စသင်တဲ့ ၃ရက်လောက် ကျွန်တော် ကျူရှင် ပျက်ပါတယ်။ တဝက်တပျက် လိုက်နားထောင်တော့ ကျောင်းတုန်းက စာသင်ခန်းထဲမှာ သင်ဖူးတာနဲ့ မှတ်မိသလိုလို … ရှင်းလှချည်ရဲ့ မဟုတ်ပေမယ့် ဒီလိုပဲ ပြီးသွားခဲ့ပါတယ်။ ဆရာ သင်နေတုန်း မေးတာတော့ ဖြေနိုင်လိုက်သလိုပဲ။

    တကယ်တမ်း မေးခွန်းဟောင်းတွေကို ကိုယ့်ဟာကိုယ် မဖြေနိုင်ပါ။ အခက်တွေ့ပါတယ်။

    အကြောင်းကြောင်းသော အကြောင်းများကြောင့် နှစ် ဆုံးသည်အထိ ကျူရှင် မတက်ဖြစ်တော့ပါ။ အဲဒီ ခေါင်းစဉ် ကျွန်တော် ဝိုးတဝါးနဲ့ အခက်တွေ့တဲ့ ခေါင်းစဉ်ပါ။

    ဒါနဲ့ပဲ ကျောင်းက ဆရာမဆီ ပြန်သွား … ပွင့်ပွင့်လင်းလင်း ကိုယ့်အမှားကိုပြော … ကိုယ်ကအရင် စာကြည့် .. တွက်ကြည့် … မရှင်းတာရှိရင် ဆရာမကို တစ်ချက်ချင်း ပြန်မေးနဲ့ လုပ်လိုက်တာ နှစ်ပတ်လောက်အတွင်း အဲဒီ TOPIC ကို ကြေကြေညက်ညက် သိသွားပါတော့တယ်။

    သင်ခန်းစာ ရလိုက်တာက လက်ရှိ သင်နေတဲ့ ဆရာဆရာမအပေါ် ယုံကြည် အားကိုးဖို့ပါ။

    ကျူရှင်ရော ကျောင်းရော ရှိတဲ့ ကျောင်းသားများက ဟိုကို အားကိုးမှာလိုလို ဒီကို အားကိုးမှာလိုလိုနဲ့ ကြားကနေ လွတ်တတ်ပါတယ်။ ကျောင်းအပေါ်မှာ ယုံကြည် အားကိုးကြည့်ပါ။

    ယုံကြည် အားကိုးတယ်ဆိုတာက resource person အနေနဲ့သက်သက်ကို ပြောချင်တာပါ။ အစစအရာရာ မှီခှိုမှုကို မဆိုလိုပါ။

     

     

    ၃။ အိမ်စာ နားမလည်ရင် … ကိုယ်တိုင် ကြိုးစားကြည့်လို့ မရခဲ့ရင် သင်တဲ့ဆရာကိုသာ မေးပါ။

     အိမ်စာ ပေးကြရခြင်း ရည်ရွယ်ချက်ကို သေချာ သဘောပေါက်စေလိုပါတယ်။

    သင်ခန်းစာ မသင်ခင် ကြိုတင် လေ့လာဖို့ ပေးတဲ့ pre-task assignment တွေဖြစ်စေ … သင်ခန်းစာတစ်ခု ကျောင်းမှာ သင်ပေးပြီးနောက် ပေးတဲ့ follow-up assignment တွေဖြစ်စေ အိမ်စာ လုပ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ကျောင်းသားများ သင်ပေးတာ ခံရပြီးနောက် ကိုယ်တိုင် (consolidate) ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်စေဖို့ပါ။

    ပေးလိုက်တဲ့ အိမ်စာမှာ ဆရာတွေ အတန်းထဲမှာ လက်တွေ့ သင်ထားတာထက် အနည်းငယ် ပိုခက်မယ့် … အချိန်ယူ စဉ်းစားရမယ့် … ဦးနှောက်ကို အလုပ်ပေးရမယ့် အခန်းကဏ္ဍလည်း ပါပါမယ်။

    ကျောင်းသားတိုင်းအနေနဲ့ ပေးလိုက်သမျှ အိမ်စာကို တစ်ခုမကျန် အကုန် တတ်သိနားလည် ဖြေနိုင် တွက်နိုင်စာလုပ်နိုင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အထူးချွန်ဆုံး ကျောင်းသားအတွက်တောင် အမြဲ မမှန်နိုင်ပါ။

    ကျောင်းသားအနေနဲ့ ဘယ်သူ့အားကိုးမှ မပါဘဲ မိမိ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် အဖြေရှာကြည့်လို့ မရခဲ့ရင် သူ တိုင်ပင်ဖို့က သူ့ဆရာပါ။ ကျောင်းသားရဲ့ လိုအပ်ချက်ကို အသိဆုံး ဖြစ်ရမှာက သူ့ဆရာပါ။ အိမ်စာ နားမလည်ရင် ဆရာဖြစ်သူကို ပေးသိပါ။ ဆရာက လိုအပ်တာ စီစဉ်ပါစေ။

    ဆရာနဲ့ ကျောင်းသား အကြားမှာ ကြားပွဲစား မရှိစေသင့်ပါ။

    တကယ်လို့ အိမ်စာကို (grade) အမှတ်ပေးရင်တောင် အမှတ်ပြည့် ရရေးထက် အရေးကြီးတာက ကလေး တကယ် တတ်မတတ်ပါ။ အမှတ်မရမှာစိုးလို့ ကလေးအိမ်စာကို ကျူရှင်အားကိုးနဲ့ မဖြေရှင်းသင့်ပါ။

    ဆရာအနေနဲ့ သူ့ကျောင်းသားက ပေးထားတဲ့အိမ်စာကို အပြည့်အဝ မလုပ်နိုင်မှန်းသိရင် လိုအပ်သလို (differentiated instruction) ကျောင်းသားအရည်အချင်း လုပ်နိုင်စွမ်းအလိုက် လမ်းညွှန်မှု လုပ်ပေးပါလိမ့်မယ်။

    ဘယ်ဆရာကမှ ကိုယ့်ကျောင်းသား နားမလည်လို့ အိမ်စာမလုပ်ရတာ ဆိုတာကို အပြစ်တင်မှာ အပြစ်ပေးမှာ မဟုတ်ပါ။

    Tongue Twister လျှာ ခလုတ်တိုက်စရာ ဆိုရိုးစကားလေး မျှဝေပါရစေ။

    “If you understand, say “Understand”. If you don’t understand, say “Don’t understand”. If you don’t understand and say “Understand”, how can I understand that you understand, understand?”

    “နားလည်ရင် နားလည်တယ်ပြော၊ နားမလည်ရင် နားမလည်ဘူးပြော၊ နားမလည်ဘဲ နားလည်တယ်ပြောရင် နားလည်မလည် ဘယ်လိုလုပ် နားလည်ရပါ့မလဲ၊ နားလည်လား” တဲ့။

    ၄။ မိဘရဲ့ မတော်လောဘ ပြိုင်ဆိုင်လိုမှု အတ္တ လျှော့ပေးပါ။

     “ပြောလည်း ပြောချင်တယ် ပြောလည်း မပြောရဲဘူး” ရယ်လို့ နိဒါန်းချီပြီး တောင်းပန်ပါရစေ။

    ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားမိဘ တစ်ဦးပါ။

    မြင်တဲ့အတိုင်း တည့်တည့် ပြောရရင် မိဘများဘက်ကလည်း နည်းနည်း လျှော့စေချင်ပါတယ်။

    ကိုယ့် သားသမီးအပေါ် ညှာတာ နားလည်ပေးပါ။

    ကိုယ်တိုင်ကရော ဘယ်အတိုင်းအတာထိ ပညာရေးမှာ ပေါက်မြောက်ခဲ့ပါသလဲ။ ကိုယ်တိုင်တုန်းကရော နေ့မအား ညမနား ကျူရှင်တွေ ကျောင်းတွေနဲ့ စာပြီးရင်းစာ ထိပ်ဆုံးမှာ အမြဲရှိခဲ့ … ဘာသင်သင် နားလည်တတ်သိခဲ့သူ ဟုတ်ပါသလား။

    ဟုတ်နေခဲ့ရင်တောင် ကိုယ့်သားသမီးကို ကိုယ်နဲ့ထပ်တူ ဖြစ်ရမယ် တွက်ထားလို့ မရပါ။

    လိုတာထက် ပိုတဲ့ ဖိအား တွန်းအား ပေးမှု မဖြစ်စေသင့်ပါ။

    ဘယ်တော့မှ မမေ့နိုင်မယ့် ကိုယ်တွေ့ စာလေးတစ်စောင်အကြောင်း ပြောပြပါရစေ။

    သုံးတန်းကျောင်းသားလေး တစ်ယောက်က စာမေးပွဲခန်းထဲမှာ စာမေးပွဲ ဖြေအပြီး စာရွက်တိုစာရွက်စ တစ်ခုမှာ ရေးနေတာ ဖတ်လိုက်ဖူးလို့ပါ။

    စကားလုံး အတိအကျ မမှတ်မိပေမယ့် သူ အင်္ဂလိပ်လို ရေးလိုက်တဲ့ စာတိုလေးရဲ့ ဆိုလိုရင်းက “မေမေရေ … သား သိသလောက်တော့ ဖြေလိုက်တာပဲ။ အမှတ်လျော့ရင် သားကို မဆူပါနဲ့နော်” ဆိုတာမျိုးပါ။

    အဲဒီ ကျောင်းသားက အတန်းထဲမှာ ထူးချွန်သူပါ။ စာမေးပွဲလေးတွေမှာ အမှတ် လျော့ခဲ့ရင် သူ့ မေမေက ကျောင်းမှာ လိုက်ပြီး ဘာလို့ အမှတ်လျော့သလဲ .. ဘာတွေ မှားသလဲ … သူများတွေရော မှားသလား … စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဆူတတ် … ကျူရှင်မှာ ပို ဖိတတ်လို့ပါ။

     

     

     

     

    ဆရာတွေ စာသင်ဖို့ သင်ခန်းစာ ပြင်ဆင်တဲ့ အချိန်မှာ ထည့်စဉ်းစားရတဲ့ ABCD ရှိပါတယ်။ A ဆိုတာက audience … ကိုယ်သင်တဲ့ ကျောင်းသားရဲ့ အနေအထား၊ B ဆိုတာက Behavioral Change … ကိုယ်က သင်ပေးလိုက်ပြီးရင် ဘယ်လို အပြောင်းအလဲ ဖြစ်သွားစေချင်တယ် ဆိုတဲ့ အချက်၊ C ဆိုတာက Condition … အဲလို ဖြစ်စေဖို့ ဘယ်လို အခြေအနေတွေ ဆရာက ပံ့ပိုးပေးမလဲဆိုတဲ့အပိုင်း၊ D ကတော့ Degree … ဘယ်လောက် အတိုင်းအတာအထိ ဆရာက အဲလို အပြောင်းအလဲကို မျှော်မှန်းထားသလဲဆိုတာပါ။

    ကိုယ်သင်ရတဲ့ ကျောင်းသားကို သင်ခန်းစာတစ်ခု သင်ပေးအပြီး ဘယ်လောက်အထိ တတ်စေချင်တယ် ဆိုတာက ကျောင်းသင်ရိုးများကို သိနားလည်တဲ့ ဆရာရဲ့ သတ်မှတ်ချက်ပါ။

    အတန်းထဲမှာ ရှိသမျှ ကျောင်းသားတိုင်းက ဆရာ သင်သမျှကို ရာနှုန်းပြည် မှတ်မိ နားလည် ပြန်လည် အသုံးချတတ်ဖို့ဆိုတာ သိကြားမင်း ဆင်းသင်တောင် မရနိုင်တာပါ။

    သင်ထားသမျှရဲ့ ၄၀% ကနေ ၇၀% ကို မှတ်မိ သိနားလည်ရင် အဲဒီစာကို အဲဒီကာလအတွက် အခြေခံအဆင့် တတ်ပြီလို့ သတ်မှတ်တာက ပညာရှင်လက်ခံထားတဲ့ အချက်ပါ။ (မြန်မာပြည် ပညာရေးရဲ့ အတန်းတင် အောင်မှတ်က ၄၀%ပါ။)

    ဆိုပါစို့ … မူလတန်း အတန်းငယ်အဆင့်မှာ ရာဂဏန်းအဆင့် ကိန်းဂဏန်းတွေ အပေါင်းအနှုတ် လုပ်တတ်ရပါမယ်။ ပုစ္ဆာ ဆယ်ပုဒ်မှာ ၅ပုဒ် ၆ပုဒ် ၇ပုဒ် လောက်အထိ အမှားအယွင်းကင်းကင်း တွက်တတ်တဲ့အဆင့်ဆို အခြေခံအဆင့် တတ်ပါပြီ။ ကျန်တဲ့ နောက်တဆင့်မှာ ထောင်ဂဏန်းအထိ ပေါင်းရင်းနှုတ်ရင်းနဲ့ ရာဂဏန်းတွေလည်း ပြန် တွေ့ရဦးမှာ ဖြစ်တော့ အဲဒီကာလရောက်ရင် ရာဂဏန်းကိန်းတွေကို အမှားကင်းကင်း တွက်နိုင်သွားပါလိမ့်မယ်။

    Education is repetition ပညာရေး ဆိုတာ ထပ်ဖန်တလဲလဲ လေ့ကျင့်ခြင်းပါတဲ့။

    အတန်းအလိုက် သင်ရိုးပြဋ္ဌာန်းချက် ညှိုနှိုင်းဆက်နွယ်မှု (Horizontal and Vertical) Curriculum Alignment ကို ကျောင်းတွေက စာသင်နေတဲ့ ဆရာတွေက မိဘထက် အများကြီး ပို နားလည်ပါတယ်။

    ဘယ်အဆင့်မှာ ဘယ်ကျောင်းသား ဘယ်လောက်ထိ တတ်ရင် လုံလောက်ပြီ ဆိုတာလည်း ဆရာတွေက အသိဆုံးပါ။

    ကိုယ့်သားသမီးရဲ့ အခြေအနေအလိုက် ဘယ်အဆင့်အထိ တတ်သင့်တယ်ဆိုတာ ဆရာက ပို ဆုံးဖြတ်ပေးနိုင်မှာပါ။

    လိုတာထက်ပိုတဲ့ … ပြိုင်ဆိုင်လိုတဲ့ … အတ္တနဲ့ ယှဉ်တဲ့ မတော်လောဘ သားသမီးပညာရေးအပေါ် မထားစေချင်ပါ။

    ကိုယ် ဖြစ်စေချင်တာကို သားသမီးကို အသိပေး အကြံပေးလို့ ရပေမယ့် … မမေ့သင့်တာက သူတို့သည်လည်း (မိဘတို့ ငယ်စဉ်ကလိုပဲ) အကန့်အသတ်ရှိတဲ့ လူသားတွေဆိုတာ နားလည် လက်ခံပေးစေလိုပါတယ်။ ဝန်မပိစေလိုပါ … မနိုင်ဝန် မထမ်းစေချင်ပါ။

    တိုက်တွန်း နှိုးဆော်မှု motivation က အရေးကြီးပေမယ့် အတွန်းခံရလွန်းရင်လည်း ပညာရေး ကျဆုံးရတတ်ပါတယ်။

    နိဂုံးချုပ်ပါမယ်။

    (လက်ရှိ မြန်မာနိုင်ငံသားများ တလွဲနားလည် လက်ခံကျင့်သုံးနေသော) ကျူရှင်ဆိုတာ မရှိမကောင်း ရှိမကောင်းပါ။ ရှိခြင်းအားဖြင့် ရေတို အကျိုးကျေးဇူး ရတာတွေ အဟုတ်အမှန် ရှိသလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်း အများကြီးပါ။ သေချာတာကတော့ ကျူရှင်ဟူသည် ဘယ်သောအခါမှ မရှိမဖြစ် essential မဟုတ်ပါ။

    မိဘများနဲ့ ကျောင်းသားများ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သေချာတာကတော့ ကျူရှင်ကြောင့် ကလေးများ ကိုယ့်အားကိုယ်ကိုးတတ်သောအကျင့် လျော့လာကြပြီး အရာရာမှာ သူတပါးအပေါ် မှီခိုလွန်းသူ ဖြစ်မှန်းမသိ ဖြစ်လာကြခြင်းပါ။

    လက်တလော ရေတိုပြေလည်ရေး ဆေးမီးတိုနဲ့ ကုစားနေကြတာ သက်သာအဆင်ပြေသလို ရှိပေမယ့် တစ်ချိန်ချိန် နိုင်ငံရပ်ခြားမှာ အဆင့်မြင့်ပညာအတွက် ကျောင်းဆက်တက်ပြီဆိုမှ မရှူနိုင်မကယ်နိုင် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင် မဖြစ်စေရေး စဉ်းစားချင့်ချိန်ကြရမယ့် ကိစ္စရပ် တစ်ခုပါ။

    ဒီနေ့ စပြင်ကြရင် တစ်ရက် သက်သာပါမယ်။

  • လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း

    လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း

    မတ်လ ၂၃ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- K (ရန်ကုန်တက္ကသိုလ်)
    Self- discovery
    လူငယ်ဘဝသည် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှု (Self- discovery) ၏အစဖြစ်သည်။ သုတေသီ ဗက်ဆလိုး၏ ဝါအစဉ်လိုက်လိုအင်များအရ အကြီးကဲဆုံးသောလိုအင်မှာ မိမိကိုယ်ကို အဖြစ်မှန်တိုင်း သိရှိသူဖြစ်သည်။

    လူတစ်ဦးချင်းစီ၏ဘဝတွင် နောက်ဆုံးပြောင်းလဲတိုးတက်မှုအဆင့်ဟု ဆိုပါသည်။ ဤသည် လူတစ်ဦးအနေနှင့် ဤစကြာဝဋ္ဌာကြီးတွင် မိမိနေရာက ဘာဆိုသည်ကို စတင်မေးခွန်းထုတ်မိချိန်ပဲဖြစ်သည်။

    လူငယ်ဘဝတွင် “ငါဘယ်သူလဲ”၊ “ဘယ်သူ့လိုမျိုးဖြစ်ချင်တာလဲ” ဟူသော မေးခွန်းတို့ကို စတင်မေးမိတတ်သည်။ မေးခွန်းများနှင့် မိမိကိုယ်မိမိ အတည်ပြုနိုင်မှုကိုလိုက်ပြီး လူငယ်သည် မိမိ၏မိသားစု၊ မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် သူဖြစ်စေလိုသောကမ္ဘာ စသည့် အမျိုးမျိုးအထွေထွေသော အရင်းခံများဘက်သို့ သူ့ကိုဦးဆောင်သွားရအောင် တူရူပြုမိချေတော့သည်။ ဤသြဇာအာဏာ သက်ရောက်မှုများက သူနေထိုင်ရှင်သန်နေရာ ကမ္ဘာ၏အမြင် စတင်ပြောင်းလဲ ပုံသွင်းပေးတော့သည်။ ပိုပြီးအရေးကြီးသည်ကတော့ သူ့အနေနှင့် သူ့ကိုယ်သူ အသိအမြင်တို့ကိုပါ စတင်ပုံသွင်းမိတော့မှာဖြစ်သည်။

    ဤသည်ပင်လူငယ်ထုတွင် မိမိကိုယ်မိမိ ယုံကြည်မှု တည်ဆောက်ခြင်းသည် ဘာကြောင့်အရေးပါသည်ဆိုခြင်း၏ အခြေခံအကြောင်းတရား ဖြစ်သည်။ လူငယ်မှန်သရွေ့ လောကကို စိတ်ကူးယဉ်ဆန်သော အလင်းဖြင့် ပုံသွင်းကြည့်တတ်ကြသည်။ မဂ္ဂဇင်းတွေမှာ၊ ရုပ်သံအစီအစဉ်တွေမှာနှင့် ရုပ်ရှင်တွေမှာ စင်တင်ခံနေရာရ အောင်မြင်နေသူတို့ကို အားကျခုံမင်ပြီး ဒါကိုပဲပျော်ရွှင်စရာနှင့် အောင်မြင်နေရာအဖြစ် မြင်မိတွေးမိတတ်ကြသည်။ သူတို့လို ဖြစ်လေမှဟု နှလုံးကြိုက်မိသွားတော့သည်။

    ဘဝအတွေ့အကြုံသည် လူကြီးရင့်ကျက်မှုအချို့တွင်ပင် စိတ်ကျဝေဒနာ စွဲကပ်သေးပေရာ နုနယ်ပျိုမြစ်သည့် လူငယ်တို့ သတိပြုမိကောင်းမှ ပြုမိပေမည်။ လူဟူသည် ဤကမ္ဘာမြေ၏ ကိုယ်စားလှယ်တော် Vicegerant on Earth ဖြစ်သည်ဟုဆိုသော အချက်ကို အများသတိမထားမိကြချေ။ ဤဂုဏ်နှင့်ယှဉ်တွဲပြီး အရေးကြီးလှသည့် တာဝန်ကြီးသုံးရပ် ယှဉ်တွဲရှိနေပေသည်။ ယင်းတို့မှာ ဤသို့တည်း။
    ၁။ မိမိတို့ကိုယ်မိမိတို့ တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန်။
    ၂။ လူ့အဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန် နှင့်
    ၃။ လောကကြီးကို တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန် တို့ဖြစ်သည်။

    တာဝန် ၂ နှင့် ၃ တို့ကို မထမ်းဆောင်နိုင်ခဲ့လျှင်တော့ အမှတ် ၁ တာဝန်မှာ အဓိပ္ပါယ်မရှိတော့ချေ။ တာဝန်အမှတ် ၁ ကို မထမ်းဆောင်နိုင်သေးသရွေ့ တာဝန် အမှတ် ၂ နှင့် ၃ တို့ကိုလည်း ထမ်းဆောင်နိုင်စရာအကြောင်းမရှိချေ။ ဤတာဝန်သုံးရပ်ကို ပျက်ကွက်ခဲ့လေက ဒုံရင်းအခြေအနေသို့ ပြန်လည်ရောက်ဖွယ်ရာသာရှိသည်။

    လူငယ်ထုအနေနှင့် မည်သည့်နယ်ပယ်မှာ သို့မဟုတ် မည်သည့်အခွင့်အလမ်းမှာ အကျိုးဆောင်သည်ကို သိထားဖို့တော့လိုသည်။ လူတိုင်းပင် အရာရာတိုင်းမှာ စွမ်းနိုင်ရာမရှိချေ။ မိမိသည် ဘယ်နေရာမျိုးမှာ တော်သည်တတ်သည်ကို သိထားပါက ဤနယ်ပယ်ကသာ မိမိနှင့် အလိုက်ဖက်ဆုံး အသင့်တော်ဆုံး အကောင်းဆုံးနယ်ပယ် ဖြစ်ပေသည်။

    ရောဂါမျိုးစုံကို ကုစားနိုင်ဖို့ရာ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ရသည့် ပမာ ဗိသုကာအနေနှင့် အံ့မခန်းစရာ အဆောက်အအုံကြီးကို တည်ဆောက်နိုင်ရန် ဒီဇိုင်းပုံစံကိုထုတ်ရသည့် မဂ္ဂဇင်း၊ အခွင့်အလမ်းကောင်း၊ နေရာကောင်းကို အထူးပြု ရွေးချယ်တတ်ရပါမည်။ မိန်းကလေးများ ပြည့်တန်ဆာသို့ မသက်ဆင်းရအောင် ဆင်းရဲသော မိသားစုများထဲမှ မိန်းမသားတို့ကို အိနြေ္ဒသိက္ခာရှိသော အလုပ်အကိုင်ရရှိရေးအတွက် စာမတတ်မှု ပပျောက်ရေးကို ဆောင်ရွက်မည့် ကျောင်းဆရာပုံနှယ် ဖြစ်ပါသည်။ စနစ်ဇယားတွေ့ရှိပါမည်။

    လူငယ်ထု၏ အတွေးအမြင်နှင့် ပါရမီတို့ ဖွင့်လှစ်ပေးမည့် ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းပေမည့်အရာအများအပြားထဲမှ တစ်ခုခုကို ဖွေရှာယူရပါမည်။

    အရေးထား စဉ်းစားတွေးခေါ်နိုင်ရန်အတွက် တစ်နာရီနဲ့ အချိန်ယူစဉ်းစားပြီး ဖြေဆိုကြည့်ရမည့် မေးခွန်း အချို့ကို အောက်တွင်ပေး ထားပါသည်။ အသင့်ရရှိသောအဖြေတို့ကို ချရေးကြည့်ပါပေ။

    – ယခုကျွန်ုပ်၏ဘဝမှာ တော်တည့်မှန်ကန်အောင် ဘာတွေကို ကျွန်ုပ်လုပ်ဆောင်သွားမှာလဲ။ ဒါက ကျွန်ုပ်ကို ပျော်ရွှင်စေရာ ဖြစ်စေမှာလား။ ဒါဆို ပြည့်စုံပြီဟု မှတ်ယူရမှာလား။

    – ကျွန်ုပ်အနေနှင့် ရှေ့ဆက်ပြီး ဘာကိုဦးတည်ထားရ မည်နည်း။ ယင်းက လက်ရှိ ကျွန်ုပ်လုပ်ကိုင်နေရာနှင့် ဘာများကွဲပြားနေပါသလဲ။

    – ကလေးဘဝတုန်းက ကျွန်ုပ်ဘာလုပ်ရတာကို နှစ်သက်ခုံမင်သလဲ။ ဒီအရာတွေဟာ အခုထိ ကျွန်ုပ်ကို ပျော်ရွှင်မှုနှင့် ရောင့်ရဲမှု တို့ကို ပေးနေတုန်းပဲလား။ ဒါတွေထဲက တစ်ခုခုကို ကျွန်ုပ်ဆက်လုပ်ရဦးမှာလား။

    – အခုအခါ ကျွန်ုပ်စိတ်အဝင်စားဆုံးက ဘာပါလဲ။

    – ကျွန်ုပ်၏စိတ်ဓာတ်ကို ဘာကဖြည့်ဆည်းပေးမှာလဲ။

    – ကျွန်ုပ်ဘက်က အကောင်းဆုံး ဘာကိုလုပ်ဆောင်နိုင်ပါသလဲ။ ကျွန်ုပ်၏ပြိုင်ဘက်ကင်းသောအားစိုက်မှုနှင့် အင်အားတွေက ဘာတွေပါလဲ။

    – အသင်အားကျမိသူ (သို့မဟုတ်) အသင်၏ဘဝအပေါ်မှာ အကောင်းဘက်က စိုးမိုးသူတစ်ဦးဦးကို အသင်အကြိုက်ဆုံး အားအကျဆုံးသော အရည်အသွေးတွေက ဘာတွေလဲ။ အသင်သဘောအကျဆုံးအရည်အချင်းတွေက ဘာတွေလဲ ဘာကြောင့်လဲ။

    ပို၍မြင့်မားသော အခြေအနေကို အာသာငမ်းငမ်းရှိခြင်းသည်ပင်လျှင် လူငယ်ထု၏ စိတ်အားထက်သန်မှု ဟူ၍ ပညာရေးနှင့် လူမှုရေးပါရဂူ အိဗနေခါလ်ဒူန်းကဆိုသည်။ အသင်တို့တွင် အခွင့်အလမ်းနှင့် အစွမ်းအစ အရည်အသွေးတို့ကို တွေ့ရှိသွားသည်ဆိုပါစို့။ ယင်းမှာ လူငယ်ဘဝ စိတ်အားထက်သန်မှုနှင့် ထိတွေ့သွားသည်တွင် အပြာကျယ်သည့် သမုဒ္ဒရာကြီးကိုလည်း မမှုတော့။ မြင့်စွင့်လွန်းသော တောင်ကြီးကိုလည်း ဂရုမစိုက်တော့။ ကူးရဲကျော်ရဲသွားတော့သည်။ ဤသည် လူငယ်ထုအတွင်း မိမိကိုယ်ကိုမိမိ ယုံကြည်မှု တည်ဆောက်သွားနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးမည့် စခန်းတွေလိုသည့် အစီအစဉ်လိုသည်။ လူငယ်ထုမှာ ဘဝမသေရအောင် တည့်မတ်ပေးရပါမည်။ သူတို့လေးတွေ ရှင်သန်မပျက်ရလေအောင် ဘာတွေလုပ်ပေးကြမှာလဲ။

    မိဘတွေဘက်ကလည်း မိမိတို့၏ ရင်သွေးလေးတွေ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရေးမှာ ယိုင်နဲ့နေသော လက္ခဏရပ်တို့ကို ရှာဖွေနေကြရမည်။ မိသားစုအိမ်ဂေဟာသည် လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်နေပါသော် ပိုမိုကောင်းမွန်ရာသည်။

    လူငယ်ထုအပိုင်းမှာလည်း မိမိ၏လောကမှာ အစဉ်တစိုက် သံသယတွေနှင့် စိတ်ပျက်စရာတွေနှင့်သာ ပြည့်နှက်နေပုံကို တွေ့ခဲ့သည်နှင့် မိမိတို့ဘဝကို မိမိတို့ပြန်လည်ဆန်းစစ်ကြည့်ကြရပါမည်။ ဘဝအနေအထား မလှပသည်များကို လှပအောင်ပြုပေးသွားရမည်။ ဘဝအနေအထားမလှပသည်များကို လှပအောင်ပြုပေးသွားရမည်။ အမြဲတမ်းခေါင်းငိုက်စိုက်နေရသူ၊ နှလုံးသားညှိုးငယ်နေရသူ ဖြစ်နေလျှင်တော့ အကူအညီကို ရယူပါတော့။

    မိမိကိုယ်ကို ယုံကြည်မှုအတွက် အစီအစဉ်များတွင် အခြေခံပိုင်းမှာ စိတ်ပညာရှင်တို့နှင့် တိုင်ပင်နှီးနှောမှု ဖြစ်သည်။ အရောအကျဆုံးကတော့ ကိုယ်ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ကိုယ့်ဘဝအတွက် ကိုယ်ကပဲစရပါမည်။ အကူအညီယူရပါမည်။

    အပင်တစ်ပင်၏ အမြင်တွေက မခိုင်မြဲခဲ့လျှင် မြေဆီလွှာက ဘယ်လိုပဲ ကောင်းကောင်း၊ ရေဘယ်လိုပဲ လောင်းလောင်း အကြောင်းထူးရာမရှိပြီး အပင်၏တည်ရာ ပတ်ဝန်းကျင် ဘယ်လိုပဲကောင်းကောင်း အရာထင်မှာမဟုတ်။ ဤအပင်မှာ ပြိုလဲကျရမည်သာ။ လူငယ်ထုတွင် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းနေပါလား။ ဤအပင်ကဲ့သို့ပင် ပြိုလဲသွားရမည်သာ။

    မိမိကိုယ်ကိုယုံကြည်မှုသည် အောင်မြင်မှု၏အစဖြစ်ပါသည်။ အသင့်ကိုယ် အသင်ရော၊ အသင့်ပတ်ဝန်းကျင်ကိုပါ ယုံကြည်ခြင်းဖြင့် စတင်ရသည်။

    မိမိကိုယ်မိမိ ပြန်ကြည့်သည့် အစီအစဉ်လမ်းကြောင်းကိုလည်း ပြန်လည်စီစဉ်ပါ။ ဤအခါတွင် အသင့်အနေနှင့် အသင်၏ဘဝ၊ အသင်၏ သူငယ်ချင်းများနှင့် အသင့်မိသားစုတို့ကပါ အသင့်ကိုမတူကွဲပြားသော အမြင်ဖြင့်ကြည့်မြင်လာကြပါလိမ့်မည်။

    သေသူအလောင်းလှစေဖို့ နာရေးကူညီမှုအသင်းတွေ အလျှိုအလျှိုပေါ်ပေါက်လာတာ နေသလောက် ရှင်သန်နေသော လူငယ်တို့ဘဝလှစေမည့် လူမှုဝန်ထမ်းလုပ်ငန်းတွေကတော့ နည်းလွန်းနေသေးသည်တကား။

    K (ရန်ကုန်တက္ကသိုလ်)

  • မိတ္ထီလာအကြမ်းဖက်မှု ၂-နှစ်ပြည့်သော်လည်း မေ့မရနိုင်ပါ

    မိတ္ထီလာအကြမ်းဖက်မှု ၂-နှစ်ပြည့်သော်လည်း မေ့မရနိုင်ပါ

    မတ် ၂၀ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ရည်လေးဆွေ

    20-3-2013

    လွန်ခဲ့တဲ့ (၂)နှစ်သောကာလ ၂၀၁၃-ခုနှစ် ဒီနေ့လို မတ်လ (၂၀)ရက်နေ့ တစ်ရက် နေ့လည်ပိုင်းမှာ သတင်းတစ်ခု စကြားရတယ်။

    “မိတ္ထီလာမှာ ပြဿနာဖြစ်နေတယ်၊ ဘာသာရေးပြဿနာဖြစ်ဖို့ ပွဲဆူအောင် လုပ်နေတဲ့ပုံစံ ဖြစ်နေတယ်။”

    ဒါနဲ့ ကျွန်မလည်း မိတ္ထီလာမှာရှိတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဆီ ဖုန်းတွေခေါ်ပြီး ဖြစ်စဉ်ကို မေးမြန်းစူးစမ်းရတော့တာပေါ့။
    “ဘာမှ ထူးထူးခြားခြားဖြစ်တာမဟုတ်ပါဘူး။ ဈေးရောင်းဈေးဝယ် စကားများကြတာ။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတော့ အဲ့ဒါကို ပြဿနာပိုကြီးအောင် တမင်လုပ်နေသလို ဖြစ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ”ဆိုတော့ ကျွန်မ စိတ်ပူနေတာ လျော့ကျသွားခဲ့တယ်။

    ခဏနေကျ ဖုန်းတစ်ခုခေါ်လာပြန်တယ်။ “ပြဿနာက မပြီးသေးဘူး။ အခုက မွတ်စလင်ပိုင် ဆိုင်ကို လူစုလူဝေးနဲ့ ၀ိုင်းဖျက်ဆီးနေပြီ၊ အဲ့ဒီနားတစ်ဝိုက်လည်း လူတွေ တအားရှုပ်နေပြီး ပြဿနာ တော်တော်ကြီးနေပြီ၊ အဲ့ဒီနားသွားပြီး ဓါတ်ပုံရိုက်တဲ့ မွတ်စလင်တစ်ယောက်လည်း တော်တော်ထိသွားတယ်။”ဆိုတာနဲ့ အဲ့ဒီ ထိခိုက်ခံရတဲ့ မျက်မြင်တစ်ယောက်ကို ဖုန်းရအောင်ဆက်ပြီး အခြေအနေမေးမြန်းတော့ တော်တော် စိုးရိမ်ပူပန်ရတဲ့ အခြေအနေကို ရောက်နေမှန်း ထပ်သိလိုက်ရတယ်။

    နောက်တော့ ဆိုင်လည်း ပျက်စီးသွားပြီ၊ ဆိုင်က တာဝန်ရှိသူတွေကိုလည်း ဖမ်းသွားပြီ၊ အနီးအနားက ဆိုင်တွေလည်းပိတ်လိုက်ကြပြီ၊ လူတွေအားလုံးလည်း လူစုကွဲသွားပြီ ဆိုပြီး ကြားရပြန်တယ်။ ဒီတစ်ခါမှာလည်း သြော် … တော်ပါသေးရဲ့၊ ၂၀၁၂-ခု ဇွန်လက စခဲ့တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘာသာရေးအကြမ်းဖက်မှု လုပ်သလို မလုပ်ပဲ ဒီလောက်နဲ့ပဲ ပြဿနာ အေးချမ်းသွားပေလို့ဆိုတဲ့ အတွေးနဲ့ ရင်ထဲနဲ့ အပူကို သက်ပြင်းတစ်ချက်နဲ့ လျော့ချလိုက်တယ်။

    ညနေပိုင်းရောက်တော့ မူဆယ်ကနေဆင်းလာတဲ့ သူငယ်ချင်းတစ်ယောက်က လမ်းကနေ ဖုန်းလှမ်းဆက်တယ်။ “မိတ္ထီလာမှာ ဗလီကို ဖျက်နေပြီလို့ ငါကြားတယ်၊ နင်ဘာကြားလဲ”တဲ့။
    အဲ့ဒီအချိန်မှာ ခေါင်းထဲက သွေးက နားထင်ကို ဒုံးခနဲ့ စောင့်တက်သွားပြီး သူ့ကိုတောင် နင်ဖုန်းချလိုက်တော့ ငါဖုန်းဆက်လိုက်ဦးမယ်၊ ထူးရင် ပြောပြမယ်ဆိုပြီး မိတ္ထီလာကို ဖုန်းတွေဆက်၊ အခြေအနေတွေမေးရင်း ရင်ထဲမှာ စိုးရိမ်မှုတွေ ဆင့်ကဲ ဆင့်ကဲ တက်နေတော့တယ်။

    စိုးရိမ်နေတဲ့စိတ်တွေနဲ့ ၀င်လာသမျှ ဖုန်းကောလ်တွေနားထောင်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျလို့ ယိုင်လဲမတတ်ဖြစ်ခဲ့တဲ့ ကိုယ့်စိတ်ကို “ငါက အဝေးကနေ နားထောင်နေရရုံသက်သက်ပဲလေ။ ဟိုမှာ ငိုယို ပြေးလွှားရင်း ကိုယ့်မျက်စိရှေ့တင် အသက်ပါသွားတဲ့သူတွေကိုမြင်ရင်း အခြေအနေတွေ ပြောပြနေသူတွေနဲ့ယှဉ်ရင် ငါက နားထောင်နေရတာလေ စိတ်အားတင်းထားမှပေါ့”လို့ ပြန်အားပေးရင်း ကျွန်မ တတ်နိုင်တဲ့ဘက်ကနေ လုပ်သင့်တာတွေကို လုပ်ဆောင်ခဲ့လိုက်တယ်။

    အဲ့ဒီအချိန်ကာလကို ကျွန်မဘ၀မှာ ဘယ်သောအခါမှ မေ့ဖျောက်ပြစ်လို့ ရမှာမဟုတ်ပါဘူး။ ဘ၀တလျှောက်လုံးမှာ ကြားခဲ့ဖူးတဲ့ အကြမ်းဖက်မှုဆိုတာတွေထဲကနေ တတိယအကြိမ်မြောက် ကိုယ်နားနဲ့ဆတ်ဆတ်ကြားလို့ ရင်ထဲမှာ ခံစားရတဲ့ ခံစားချက်က ဖော်ပြလို့ မရနိုင်အောင်ပါပဲ။

    ပြေးလွှားရင်းနဲ့ ဖုန်းပြောနေရင်း ဖုန်းပြတ်တောက်သွားလို့ ကျွန်မမှာ စိတ်ပူရတာတွေ၊ ရိုက်ခံထိလိုက်လို့ ဖုန်းနဲ့လူ တခြားစီဖြစ်သွားလို့ ဖုန်းပြတ်တောက်သွားတာတွေ၊ ကျွန်မ မောင်လေး၊ ကျွန်တော့်ညီလေး၊ ကျွန်မသားလေး၊ ကျွန်တော့်သားလေး၊ တူလေး၊ မြေးလေးတော့ မရှိတော့ပါဘူး။ မီးရှို့ခံလိုက်ရလို့ အလောင်းတောင် ယူလို့ မရလိုက်ပါဘူးဆိုတာတွေ၊ အိမ်ဖျက်ခံရလို့ နေစရာမရှိတော့ဘူးဆိုတာတွေကို ၃-၄ ရက် ဆက်တိုက် နေ့ရော ညပါ ကြားလာရတော့ အဝေးကနေတဲ့ ကျွန်မ စိတ်ထဲမှာ ခံစားလို့ မရတော့ဘူး။

    8

    ဒီလိုနဲ့ မိတ္ထီလာကနေတဆင့် ပဲခူးတိုင်းအနောက်ခြမ်းမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတော့လည်း ဒီလိုပါပဲ။ ပြေးလွှားရင်း ငိုယိုသံတွေ၊ ကျွန်တော်တို့က သေလူတွေပါ၊ ကျွန်မတို့ ဘာလုပ်ရမှာလဲ၊ ကျွန်မတို့ကို ကယ်ပါဦးဆိုတဲ့ တစာစာအော်ဟစ် ပြောဆိုသံတွေက ကျွန်မ နားထဲမှာ အမြဲလိုလို ကြားယောင်နေတဲ့ အိပ်မက်ဆိုးတစ်ခုပမာပဲ။
    မိတ္ထီလာအကြမ်းဖက်မှုကနေ ပဲခူးတိုင်းအနောက်ခြမ်း အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့ အချိန်မှာ နေ့ရောညပါ ရက်ပေါင်း (၂၀)တိတိ ကျွန်မ တစ်ရေးမှ အိပ်စက်လို့ မရခဲ့ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အတော်လေး ထိခိုက် ခံစားခဲ့ရတဲ့ အဲ့ဒီရက် (၂၀) ကျော်လွန်ပြီးတဲ့နေ့မှာပဲ ကျွန်မလည်း ၃-ရက်လောက် အိပ်ယာထဲပုံလဲသွားခဲ့တယ်။ အကြမ်းဖက်ခံရတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်မှု မရှိခဲ့သူတောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားမှုက ဒီလိုအခြေအနေဖြစ်ခဲ့တော့ အကြမ်းဖက်ခံရသူတွေရဲ့ စိတ်ခံစားချက်တွေ၊ ထိတ်လန့် ကြောက်ရွံ့နေမှုတွေဟာ ဘယ်အရာနဲ့မှ ခိုင်းနှိုင်းလို့ ရမှာ မဟုတ်ပါဘူး။ ရက်(၂၀)ကျော်လွန်ပြီးနောက် မိတ္ထီလာဒုက္ခသည်စခန်းတွေကို ကျွန်မရောက်ခဲ့တော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်ကြောက်ရွံ့မှု နာကျင်မှုဝေဒနာတွေကို မြင်ခဲ့ရတာတွေကလည်း ကျွန်မ မေ့လို့ရမှာ မဟုတ်ပါဘူး။

    မတ်လ ၂၀-ရက် မိတ္တီလာမှာ စတင်ဖြစ်လိုက်တဲ့ အကြမ်းဖက်မှုကနေ ပဲခူးတိုင်း အနောက်ခြမ်းကနေ မြန်မာတစ်နိုင်ငံလုံးက မွတ်စလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဘာသာရေးအကြောင်းပြ အကြမ်းဖက်ခံရမှုကို (ပဋိပက္ခ/အဓိကရုန်းလို့ ကျွန်မ မသုံးပါဘူး။ ပဋိပက္ခ/အဓိကရုန်းဆိုတာ နှစ်ဦးနှစ်ဘက် ဖြစ်တာပါ။ အခုဖြစ်ခဲ့တာတွေက တစ်ဘက်သတ် ခံရတဲ့အခါ ပြန်ပြီး ခုခံမှုတွေသာဖြစ်ပါတယ်။)
    11073986_803761426378653_2001868195_n
    ဒီအကြောင်းအရာ၊ အဖြစ်အပျက်တွေကို ကျွန်မဘ၀မှာ ဘယ်သောအခါမှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အခုဆိုရင် မိတ္ထီလာအကြမ်းဖက်မှု ကျော်လွန်ခဲ့တာ (၂)နှစ်ပြည့်ပြီဖြစ်ပေမယ့် မနေ့တနေ့ကလိုပဲ ကျွန်မစိတ်ထဲမှာ ထင်ယောင်နေဆဲပါ။ အကြမ်းဖက်ခံရသူတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ ပြောပလောက်အောင် ဘာမှ မဖြစ်လာခဲ့သေးပါဘူး။ အကြမ်းဖက်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ချွတ်ခြုံကျဆဲ ရှိနေပါသေးတယ်။

    မွတ်စလင်တွေအပေါ် ဘာသာရေး အကြမ်းဖက်မှု ဖြစ်စဉ်မှာ  အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးသွားကြတဲ့ ဘာသာလူမျိုးတိုင်းအတွက် စိတ်မကောင်း ၀မ်းနည်းဖြစ်မိပါတယ်။
    နိုင်ငံရေးကစားကွက်တစ်ခု၊ လှည့်ကွက်တစ်ခုမှာ အသုံးချခံနေရတဲ့ ပြည်သူများဘ၀ကနေ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာမှုတွေ ကျရောက်ပါစေကြောင်းနဲ့ ရှေ့တင်ရော နောက်ကွယ်ကပါ အပြစ်ကျူးလွန်သူတွေ၊ ကျူးလွန်ရာမှာ ပါဝင်သူတွေအနေနဲ့လည်း သမိုင်းကြွေးကို အမြန်ဆုံးပြန်ဆပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပါတယ်။

    ဆက်စပ်ပိုစ်ဖတ်လိုလျှင်
    ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ
    (http://www.m-mediagroup.com/?s=%E1%80%9B%E1%80%8A%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%86%E1%80%BC)

  • အမေ တစ်ယောက်ရဲ့ဘဝ

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    mother
    မိန်းမသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ သမီးပြီးတော့အမေ၊ အဲဒီကနေတစ်ဆင့် အဘွား စသည်ဖြင့် ကူးပြောင်းကြတာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု။ ဒါပေမယ့် လက်တွဲဖော်မလို တစ်ကိုယ်တည်း ကျင်လည်နေသူတွေအတွက်တော့ တစ်မျိုးပေါ့။ သမီးကညာမို့ အချိန်မလင့်ချင်တဲ့ စိတ်ရင်းစေတနာကြောင့် လူကြီးမိဘတွေက သင့်ရာတော်ရာ အိမ်ထောင်ဖက်တစ်ဦးဦးကို ရွေးချယ်ပေးတာလည်းရှိတယ်။ တိုးတက်ခေတ်မှီပါတယ်ဆိုတဲ့ ဒီကနေ့ အိုင်တီခေတ်ကြီးထဲမှာလည်း တချို့တချို့တွေက အမေရှာပေးသူကိုပဲ ခေါင်းညိမ့်ရွေးချယ် တတ်ကြပါသေးတယ်။ အမေရွေးပေးတာပဲဖြစ်ဖြစ် နှလုံးသားရဲ့ရင်ခုန်ခံစားတာကြောင့်ပဲဆိုဆို အိမ်ထောင်သည် ဘဝကို ရောက်ရှိခဲ့ကြတယ်။

    သားသမီးငယ်လေးတွေ ပွားစည်းလာတဲ့အခါ အမေဆိုတဲ့ ဝိသေသနတစ်ခုကို ပိုင်ဆိုင်ခွင့်ရသည်ပဲပေါ့။ အမေရယ်လို့ဖြစ်လာတဲ့အခါ အတွေးအမြင်နှင့် အသိစိတ်တွေဟာ တဖြည်းဖြည်းချင်းမဟုတ်ဘဲ ဗြုန်းစားကြီးဆိုသလို ပြောင်းလဲသွားတတ်တယ်။ သားကိုသခင်လို့ ဆိုထားတာမို့ အရာရာမှာ သားသမီးတွေအတွက်ပဲ ဦးစားပေးချင်စိတ်ဟာ အမေတိုင်းရဲ့နှလုံးသားမှာ အလိုလိုဖြစ်လာတတ်တာကိုး။ ကိုယ့်ရင်ထဲမှာ အကြာကြီးကြာအောင်ထားပြီးမှ လူ့လောကထဲကိုပို့ပေးခဲတဲ့ ဒီသား၊ သမီး မချစ်ဘယ်သူ့ရှိပါ့မလဲနော်။ ချစ်သမျှတုန်နေအောင်၊ ရူးလောက်အောင်ချစ်ရတာလေ။ အမေကသားသမီးတွေကိုချစ်တာ ဘွဲ့တွေ ဂုဏ်တွေ၊ ငွေကြေးဓနတွေ ဘယ်လိုပဲကွာခြားပါစေ အချစ်စိတ်က တစ်သားတည်း အဆင့်ခွဲလို့ကိုမရပါဘူး။ ငွေကြေးချို့တဲ့တဲ့ မိန်းမသားတစ်ယောက်အတွက် သူမရဲ့ရင်သွေးအပေါ်ထားတဲ့အချစ်က အခြားသူတွေလောက်တော့ မလျော့တာအသေချာပဲပေါ့။ ထိတွေ့ကိုင်တွယ်နိုင်စွမ်းမရှိပေမယ့် အမေနှင့်သားသမီးကြားက သံယောဇဉ်ကြိုးဆိုတာ ခိုင်မှခိုင်။

    အမေတစ်ယောက်ကပြောဖူးတယ်။ သူမရဲ့အဝေးရောက်သမီးလေးက Message လေးတစ်ခုပို့လိုက်တယ်။
    “အမေ… အမေ့ကိုသမီးချစ်တယ်” တဲ့။
    စကားလုံးနည်းနည်းလေးပေမယ့် ရင်ထဲ ထိ လောက်အောင် ထွင်းဖောက်သွားလိုက်တာ။ ပြီးတော့ ရှိသေးတယ်။ သမီးကဆက်ပြီးရေးထားတာက

    မေ နှင့် ဖေ
    သမီးသက်တမ်းတစ်လျှောက်လုံး မေနှင့်ဖေ နှစ်ဦးစလုံးကို ဘယ်တော့မှမမေ့ဘူး။ ရင်ထဲအမြဲရှိနေခဲ့ပါတယ်။ သမီးဘဝအနာဂတ်လှပဖို့ စီမံကိန်းချပြီး တအားကြိုးစားပေးခဲ့ကြတယ်နော်။ အစစအရာရာ ချိုးခြံချွေတာခဲ့တာတွေ သမီးသိတာပေါ့။
    မေနှင့်ဖေရယ်   သမီးရဲ့စာတိုလေးဟာ သတိရနေပါတယ်ဆိုတဲ့ အမှတ်အသားလေးတစ်ခုပါ။ သမီးဟာ မေတို့ဖေတို့ကို သိပ်ချစ်တဲ့ သမီးဆိုတာ ယုံပါနော်။

    အဲဒီအမေက သူ့သမီးရေးလိုက်တဲ့စာတိုလေးအတွက် အားရကျေနပ်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

    တကယ်တမ်းပြောရရင် အမေဆိုတာ မိသားစုလေးတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ်ထောင်ရဲ့အရှင်သခင်မပဲလို့ ဆိုရမယ်။ (မိသားစု စားဝတ်နေရေးကို အဓိကတာဝန်ယူတဲ့အဖေက အိမ်ဦးနတ်ဆိုရင်ပေါ့) အမေတစ်ယောက်ရှိခြင်း မရှိခြင်းဟာ အဲဒီမိသားစု အတွက် တကယ့်ကိုအရေးပါတယ်ဆိုတာတော့ လက်တွေ့သိနိုင်တာမျိုး နွေးထွေးတဲ့အမေ့ရင်ခွင်ကို တမ်းတမ်းတတဖြစ်ကြတာ မဆန်းပါဘူး။

    အနေတည်ပြီးရှိန်ရတဲ့ (များသောအားဖြင့်) အဖေထက် အမေ့နားကပ်ပြီး တိုးတိုးမွတ်မွတ်နေဖြစ်ကြတယ်။ လိုအပ်တာမှန်သမျှ အမေ့အနားကပ်ပြီး ပူဆာရသလို အဖေ့ကို တိုက်ရိုက်မချဉ်းကပ်ဝံ့တာမှန်သမျှ အမေ့ကိုပဲနားပူနားဆာလုပ်ရရော။ အမေဆိုတာ မျိုးကလည်း သည်းခံနိုင်စွမ်းရှိတဲ့ အံ့သြစရာကောင်းလောက်တဲ့ မိန်းမသားတစ်ဦးပဲပေါ့။ လူပုံနွဲ့ပေမယ့် သားတွေသမီးတွေ အတွက် ခြင်္သေ့လိုရဲရင့်တဲ့ နှလုံးသားပိုင်ရှင်မျိုးပေါ့။

    အမေတစ်ယောက်ဟာ သူငယ်ငယ်က ကြီးပြင်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံကို အရင်းခံပြီး သားသမီးလေးတွေအလှည့်မှာ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်ပြီး သားသမီးတွေရဲ့ရင်ကို (မပြောဘဲနဲ့) ထွင်းဖောက်မြင်နိုင် သိနိုင်တာအမေပဲ၊ သားသမီးတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တာလည်း ဒီအမေပဲ။ အားငယ်နေချိန်မှာ အမေ့ရင်ခွင်ကိုတိုးဝင်ပြီး ငိုလိုက်ရရင် သောကမှန်သမျှ ပြေပျောက်သွားအောင် ချော့မော့နှစ်သိမ့်ပေးနိုင်တာလည်း ဒီအမေပဲပေါ့။

    တချို့ ထက်မြတ်ကျော်ကြားတဲ့ မိန်းမသားတွေဟာ သူတို့ရဲ့မိခင်ဘဝကို သိပ်ပြီးတန်ဖိုးထားဂုဏ်ယူကြတယ်။ လူလွတ်ဘဝကထက် အိမ်ထောင်ရှင်မိခင်ဘဝမှာ လောကကြီးအပေါ် ​ရှုထောင့်အမြင်တွေအများကြီး ကွာခြားသွားတယ်။ ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ်။ သားသမီးတွေရဲ့ စံထားလောက်တဲ့ အမေတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားသလို သူတို့ရဲ့သားသမီးလေးတွေအတွက်လည်း အမြဲဂုဏ်ယူတယ်။ အချစ်ဆိုးချစ်သလို နားလည်စာနာနိုင်ဆုံးသူတစ်ဦးဖြစ်အောင်နေတယ်။

    သားသမီးလေးတွေကို နားဝင်အောင်သွန်သင်ဆုံးမတတ်သလို  လောကကြီးကို အလှဆင်တဲ့လူသားတစ်ယောက်ဖြစ်အောင် သိမ်သိမ်မွေ့မွေ့လေး ဆွဲဆောင်နိုင်တာ မိခင်ကောင်းတစ်ဦးရဲ့ အရည်အချင်းလို့ ပြောပါရစေ။ အမေဟာ မိသားစုဝင်တွေအတွက် အနီးဆုံးနှင့်အချစ်တတ်ဆုံး သူတစ်ဦးအဖြစ် တစ်သက်လုံး ရှိသွားမှာပါ။ အမေရှိနေခြင်းဟာ ကိုယ့်အတွက်ကြီးမားတဲ့ ခွန်အားတစ်မျိုးကို ပိုင်ဆိုင်ခွင့်ရတာနှင့် အတူတူပါပဲ။ လောကကြီးမှာ တိုးဝင်လှုပ်ရှားရုန်းကန်ဖို့ မဝံ့မရဲမဖြစ်အောင် အဓိကတွန်းအားပေးနေတာ၊ အမေရဲ့အားမာန်ပါလို့ဆိုရင်….

    စာဖတ်သူမှာ “အမေ” ဆိုတာ သက်ရှိထင်ရှားရှိနေသလား။ ဒါဆိုရင် ကံကောင်းလိုက်တာ။

    နှင်းဆီခင်