News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း
    M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း
    M-Media
     M-Media ရဲ့ မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်း သတင်း Website များကို ပြုပြင် မွမ်းမံမှုများ ပြုခဲ့ခြင်းကြောင့် ရက်အနည်းငယ်မျှ ဝင်ရောက် ဖတ်ရှုနိုင်ခဲ့ခြင်း မရှိပါဘူး။
    အဆိုပါ ကာလအတွင်း M-Media ရဲ့ ကိုယ်ပွားဘလောဂ်မှ နေပြီး သတင်းများ အဆက်မပြတ် တင်ဆက်ပေးခဲ့ပါတယ်။
    ယခုအခါ မူလ ဝဘ်ဆိုဒ်မှာ ပြင်ဆင်မှု အချောသတ်ပြီးစီးပြီဖြစ်သောကြောင့် နဂိုမူလအတိုင်း ဝင်ရောက် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါတယ်။
    M-Media ရဲ့ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း ဆိုဒ် ၂ ခုစလုံးရဲ့ ဒီဇိုင်းပိုင်းကို Desktop,Laptop,Tab,Smart Phone အားလုံးနှင့် အလွယ်တကူ ဖတ်ရှုနိုင်အောင် ပြင်ဆင်ထားပါတယ်။
    မိမိတို့ ဖတ်ရှုလိုတဲ့ သတင်းများကို ကဏ္ဍအလိုက် အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်အောင်လဲ ဒီဇိုင်းအသစ်မှာ ကြိုးစားပြီး လုပ်ဆောင်ပေးထားပါတယ်။
    ကော်နက်ရှင် မကောင်းတဲ့ စာဖတ်ပရိတ်သတ်များ အလွယ်တကူ ဖတ်ရှုနိုင်အောင် M-Media ရဲ့ ကိုယ်ပွား ဘလောဂ် ကိုလည်း ဆက်လက်ထားရှိပြီး ပင်မ ဆိုဒ်မှ သတင်းများကို တပြိုင်နက်တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။
    M-Media စာဖတ်ပရိတ်သတ်များ ဖတ်ရှုရာမှာ အခက်အခဲ တစုံတရာ ရှိခဲ့ရင်သောလည်းကောင်း၊ အကြံဥာဏ်များ ပေးပို့လိုရင်သော်လည်းကောင်း၊ သတင်းနှင့် စာမူများ ပေးပို့လိုရင်သော်လည်းကောင်း [email protected] သို့ အီးမေးလ်ပေးဖို့ ဆက်သွယ်နိုင်ပါတယ်။
    M-Media မြန်မာပိုင်း =>http://www.m-mediagroup.com/
    M-Media အင်္ဂလိပ်ပိုင်း =>http://www.m-mediagroup.com/en/
    M-Media ကိုယ်ပွားဘလော့ဂ် =>http://mmedianews.blogspot.com
    ဆက်သွယ်ရန် [email protected]
    M-Media စာဖတ်ပရိတ်သတ်အတွက် အစဉ်မပြတ်ကြိုးစားလျက်
    M-Media ဝိုင်းတော်သားများ
  • ယဟူဒီ ဂျေဟတ်
    ယဟူဒီ ဂျေဟတ်
    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    Fighting jihad for Israel
    အစ္စရေးရဲ့ ပါလစ္စတိုင်းကျူျးေကျာ်စစ်မှာ ပါဝင်ဖို့အတွက် ဥရောပနဲ့ အမေရိကန်တို့က တိုင်းတပါးသား၊ တိုက်ခိုက်ရေးသမားများဟာ အစ္စရေးနိုင်ငံကို တဖွဲဖွဲလာရောက်လျက်ရှိကြပါတယ်။ ယူအက်စ်ကလည်း ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်နေတဲ့ အစ္စရေးစစ်တပ်ဖက်က ရပ်တည်လျက်ရှိတယ်။
    ပါလစ္စတိုင်းကို ပိုင်နက်တွေကို ကျူးကျော်တိုက်ခိုက်နေတဲ့ အစ္စရေးစစ်တပ်ကို အင်အားဖြည့် တင်းဖို့ ရည်ရွယ်ပြီး ဥရောပနဲ့ အမေရိကတို့က (ဂျူးအနွယ်ဝင်) တိုက်ခိုက်ရေးသမားတွေ တဖွဲဖွဲ (အစ္စရေး) ကို လာရောက်လျက်ရှိကြပါတယ်။
    အစ္စရေးရေတပ်ကို ၀င်ပြီး စစ်မှုထမ်းဖို့ ရွေးချယ်ခဲ့သူတစ်ဦးကတော့ နယ်သာလန်နိုင်ငံက ကေတီလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးပါ။
    ဆီးရီးယားစစ်ပွဲမှာ အင်အားဖြည့်ပေးဖို့ သွားရောက်ကြသူ မွတ်စလင်တွေကိုတော့ ဂျီဟတ် တိုက်ခိုက်ရေးသမား စစ်သွေးကြွတွေလို့ ဆိုခဲ့ကြတယ်၊ အခု နယ်သာလန်အစိုးရ က ကေတီအပါအ၀င် ရာပေါင်းများစွာသော ဒတ်ခ်ျလူငယ်တွေ အစ္စရေးစစ်တပ်ကို ထောက်ပံ့ပေးဖို့ ထွက်သွားကြတဲ့အပေါ်မှာရော သူတို့ကို jihadstrijders  ဂျီဟတ်တိုက်ခိုက်ရေးသမားတွေလို့ ကင်ပွန်းတပ်ကြမှာလား?
    အစ္စရေးနိုင်ငံသားရော နယ်သာလန်နိုင်ငံသားအဖြစ်ပါ ခံယူထားတဲ့ ကေတီကတော့ အသိမ်းပိုက်ခံ ပါလစ္စတိုင်းမြေရောက် ဂျီဟတ်ဝါဒီ တစ်ဦး မလွဲမသွေဖြစ်လို့နေပါပြီ။
    ဂါဇာဒေသတွင်း အစ္စရေးရဲ့မျိုးသုဉ်းသတ်ဖြတ်နေမှုဟာ ဒုတိယမြောက် ရက်သတ္တပတ်ထဲ ရောက်လို့နေ ပါပြီ။ သေဆုံးသူဦးရေ (၆၀၀)ကျော်တဲ့အထိ  မြင့်တက်နေပြီး၊ ထိခိုက်ဒဏ်ရာရသူနဲ့ အိုးအိမ် စွန့်ခွာရသူတွေက ထောင်ပေါင်းများစွာ ရှိနေပါပြီ။
    ဒါတင်မကသေးပါဘူး။ အကြောင်းမဲ့အပြစ်ရှာ ဖမ်းဆီးမှုတွေ၊ လူနေအိမ်တွေကို ဖောက်ခွဲဖျက်ဆီးမှု ၊ west bank နဲ့ အစ္စရေးနိုင်ငံ နှစ်နေရာစလုံးမှာ ပါလက်စ္စတိုင်းတွေအပေါ် တစ်ဖက်သတ်လူမျိုးရေး ခွဲခြားမှုတွေကို ပေါ်လစီချ ကျင့်သုံးနေတာကြောင့် အဲဒီခွဲခြားမှုတွေက အဆမတန် ကြီးထွားလို့ နေပါပြီ။ (မှတ်ချက် ယခု ဆောင်းပါးတင်ချိန်တွင် သေဆုံးသူ ပါလက်စတိုင်း ၁၃၀၀ ကျော်သွားပြီဖြစ်သည်။ )
    ဒီလိုမျိုး စစ်ရာဇ၀တ်မှုကို တိုက်ရို်က်အားပေးထောက်ပံ့ဖို့အတွက် အစ္စရေးပိုင် Ben Gurion လေဆိပ်ကို ဥရောပနဲ့အမေရိကန်က ဂျူးအဆက်အနွယ်အင်အားစုတွေ တစ်နှစ်ပတ်လုံး တဖွဲဖွဲနဲ့ ၀င်ရောက်လာနေကြပါတယ်။
    အစ္စရေးစစ်တပ်အပေါ်မှာ ဥရောပသားတွေနဲ့ အမေရိကန်တို့ က ကာစီးကာစီးလုပ်ပေးနေတာကတော့ အသစ်အဆန်းကိစ္စတစ်ခု မဟုတ်ပါ။
    အစ္စရေးနိုင်ငံရယ်လို့ ဖြစ်မလာခင် ပါလစ္စတိုင်းမြေထဲမှာ ပြုလုပ်မယ့် Mahal လို့ အမည်ပေးထားတဲ့ ဇီယွန်စစ်တပ်အော်ပရေးရှင်းမှာ အခမဲ့ပါဝင်ကြဖို့ အနောက်နိုင်ငံက လူထောင်ပေါင်း များစွာ ရောက်လာခဲ့ကြ ဖူးတယ်။ အဲဒီအချိန်က ပါလစ္စတိုင်းနိုင်ငံဟာ ဗြိတိသျှတို့ လက်အောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။
    ၁၉၄၈ ခုနစ် အစ္စရေး-ပါလစ္စတိုင်း စစ်ပွဲမှာ အမေရိကန်၊ ကနေဒါနဲ့ ဥရောပက ဒုတိယကမ္ဘာစစ် စစ်ပြန် လူပေါင်း ၄၀၀၀ ဇီယွန်ဝါဒီ အစ္စရေးတို့ဘက်က ၀င်တိုက်ပေးခဲ့ကြပါတယ်။ အဲဒီလူတွေက အတွေ့အကြုံများတဲ့ လူတွေဖြစ်တာနဲ့အညီ  ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ၊ လက်နက်ကြီးတပ်တွေမှာ ပါဝင်ခဲ့ကြပါတယ်။
    ထိုးစစ်ဆင်တာထက်ပိုတဲ့ အရေးကြီးအခန်းကဏ္ဍတစ်ခု
    ဇီယွန်ဝါဒီတွေရဲ့လုပ်ငန်းစဉ်တွေမှာ အနောက်တိုင်းသားတွေ ပါဝင်ကူညီခဲ့တဲ့ သမိုင်းကိုကြည့်ရင် Mahal စစ်ဆင်ရေးမှာ အင်နဲ့အားနဲ့ ကူညီခဲ့တာက အဓိက မကျလှပါဘူး။ နိုင်ငံခြားသားတွေကို အစ္စရေးတပ်မှာ နေရာပေးပြီး ပါလစ္စတိုင်းရဲ့  နိုင်ငံရေးပေါ်လစီနဲ့ လူဦးရေထိန်းချုပ်ရေး (ဒီမိုဂရက်ဖစ်) အသွင်ကူးပြောင်းမှုတွေမှာ အုတ်မြစ်ချလုပ်ကိုင်နိုင် စေဖို့ဆိုတဲ့အချက်က သာပြီး အခရာကျခဲ့ပါတယ်။
    အစ္စရေးဝန်ကြီးချုပ်ဟောင်း ယစ်ဇက်ရာဘင် (ကွယ်လွန်ပြီး) က စစ်ကြီးပြီးတော့ ရရှိခဲ့တဲ့ အနိုင်ရလဒ်ကို နိုင်ငံခြားသား အခမဲ့စစ်သားတွေအတွက် ရည်စူးခဲ့ပါတယ်။ ရာဘင်က “ကျနော်တို့ အလိုအရှိဆုံး အချိန်မှာ သူတို့တွေ ရောက်လာခဲ့တယ်။ ၁၉ ၄၈ လွတ်လပ်ရေး တိုက်ပွဲကတော့ ခက်ခဲပြီး မရေမရာဖြစ်နေတဲ့ နေ့စွဲတွေပါပဲ၊ အဲဒီအချိန်မှာ သူတို့ ရောက်လာခဲ့တာပါ” လို့ ပြောခဲ့ဖူးပါတယ်။
    အစ္စရေးစစ်တပ်ရဲ့ စွမ်းအားတိုးမြင့်လာစေဖို့ အကူအညီပေးခဲ့ကြတဲ့အထဲမှာ ဒီအနောက်တိုင်း အင်အားစုများက ပါလက်စတိုင်းမြို့တွေကို ချေမှုန်းပစ်ဖို့၊ ပါလစ္စတိုင်းလူမျိုးတွေကို မြေယာ ပိုင်ဆိုင်မှု လျော့ကျလာစေဖို့နဲ့ လူဦးရေ လျော့ကျလာစေဖို့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတာတွေမှာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြပါတယ်။
    ဒါပေမယ့် Mahal အင်အားစုဆောင်းမှုက အစ္စရေး တိုင်းပြည် ဖန်တီးခြင်းလောက်နဲ့ ရပ်တန့်မသွားခဲ့ဘူး။ ဒီနေ့ထက်ထိ ရှေ့ဆက်နေတုန်းပါပဲ။
    နိုင်ငံပေါင်း (၄၀) ကျော်က ထောင်ချီသော အခမဲ့စစ်သားတွေ အစ္စရေးကို ချောင်းပေါက်မတတ် ရောက်ရှိ စီးဝင်လာတယ်။ အစ္စရေးစစ်တပ်ရဲ့ ဌာနပေါင်းစုံမှာ တာဝန်ယူလုပ်ဆောင်ကြတယ်။ တိုက်ခိုက်ရေး တပ်စုများစွာထဲမှာလည်း ရှိနေကြတယ်။ Mahal အင်အားစုဆောင်းရေး အွန်လိုင်းအစီအစဉ်က အစ္စရေးကို ကာကွယ်ဖို့၊ အစ္စရေးစစ်တပ်နဲ့ စေတနာ့ ၀န်ထမ်းတွေအကြား ဆက်နွှယ်မှုခိုင်မာလာစေဖို့သာ ရည်ရွယ်တယ်ဆိုပြီး ဟန်ပြကြွေးကြော်ထားပါတယ်။ (Mahal အင်အားစုဆောင်းရေး အွန်လိုင်းအစီအစဉ် http://garinmahal.com/index.php/about-us)
    အစ္စရေးနိုင်ငံသား မဟုတ်တဲ့ ဂျူးအနွယ်က ဆင်းသက်လာသူများဟာ (၁၈)လတာ အစ္စရေးကို လာရောက်လည်ပတ်ကြယုံနဲ့ စစ်တပ် ရာထူးရာခံတွေ ရရှိခံစားနိုင်ပါတယ်။ အသိမ်းပိုက်ခံ ပါလက်စ္စတိုင်း ပိုင်နက်တွေထဲမှာ စစ်ဆင်ရေးပြုလုပ်နေသူတွေနဲ့အတူ အစ္စရေး အပျော်တမ်းတပ်သားတွေ အဖြစ် ရှေ့တန်းမှာ လက်ရည်သွေး ပါဝင်နိုင်ကြပါတယ်။
    အထောက်အပံ့ အုပ်စုများ
    ဗြိတိသျှနိုင်ငံသား (၁၀၀)ခန့်က အစ္စရေးစစ်တပ်ထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဒါက လူသိရှင်ကြားပမာဏပဲ ရှိပါသေးတယ်။ ဗြိတိသျှက အိမ်ထောင်သည် အမျိုးသမီးတွေဟာ အစ္စရေးစစ်တပ်ထဲ ကလေး ရယူနည်း အတွေ့အကြုံများကို ဖလှယ်ရေးပေးနိုင်ဖို့ အကူအညီပေးရေး အုပ်စုတွေတောင် ဖွဲ့စည်းထားကြပါတယ်။
    ဗြိတိန် House of Lord ရဲ့ ရိုသာဟမ် (Rotherham) အမတ်ဟာ ဗြိတိသျှနိုင်ငံသား ဘယ်လောက်များများ အစ္စရေးစစ်တပ်ထဲ တာဝန်ထမ်းခဲ့တာမျိုး ရှိနေခဲ့သလား ဒါမှမဟုတ် အရံအင်အားစုအဖြစ် ရှိနေခဲ့သလားဆိုပြီး ဗြိတိန်  အထက်လွှတ်တော်ကို (၂၀၀၉)ခုနှစ်မှာ မေးခွန်းထုတ်ခဲ့တယ်။
    ပြည်ပရေးရာနဲ့ ဓနသဟာယရုံးက ပြည်နယ်ဝန်ကြီး လော့ဒ် Malloch-Brown က “ သတင်းစာက ဖော်ပြချက်တွေ တော့ ထားပါတော့။  ဗြိတိန်နဲ့အစ္စရေး နှစ်ခုလုံးရဲ့ နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတွေ အပါအ၀င် အစ္စရေးအစိုးရ ခေါ်ယူထားတဲ့ (ဗြိတိသျှလူမျိုး) အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ဝင် သို့မဟုတ် အစ္စရေးကာကွယ်ရေး အရံ အင်အားစုတွေနဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်တွေ ဗြိတိန် အစိုးရဖက်မှာ ဘာမှ မရှိပါဘူး။ အစ္စရေးအစိုးရဖက်မှာ တော့ ရှိကောင်းရှိနိုင်တယ်။…. ဂျီနီဗာသဘောတူညီချက်ရဲ့ စတုတ္ထစည်းမျဉ်းကို ချိုးဖောက်သူ မည်သူမဆို တရားရုံးတစ်ခုမဟုတ်တစ်ခုမှာ တရားမျှတမှုအတွက် ရင်ဆိုင်ရပါလိမ့်မယ် ” လို့  ပြန်လည်ဖြေကြားခဲ့တယ်။ ဗြိတိသျှထောက်လှမ်းရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေက သူတို့လူမျိုး ဘယ်နှစ်ဦးလောက် အစ္စရေးစစ်တပ်ထဲမှာ ရှိနေသလဲဆိုတဲ့ကိစ္စကိုတောင်မှ ဘာမှမသိဘဲ ရှိပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။
    (၂၀၁၄) ဧပြီလက စာမျက်နှာ (၂၄၆) မျက်နှာရှိတဲ့ ဗြိတိသျှပါလီမန်အစီရင်ခံစာထဲမှာ – ဆီးရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်မှာ ဗြိတိသျှမွတ်စ်လင်မ်တွေ ပါဝင်နေကြတာကြောင့် အဲဒီသူတွေကို (ဗြိတိန်ကို ပြန်လာရင်) တန်ပြန်ခုခံဖို့အတွက် နည်းလမ်းတွေရေးသား ထားပါတယ်။ အစ္စရေးစစ်တပ်ထဲမှာ တာဝန်ထမ်းပြီး ၀ါဒမှိုင်းမိနေတဲ့ ဗြိတိန်နိုင်ငံသားတွေ ပြည်တော်ပြန်လာရင် သူတို့က ဘယ်လောက် အန္တရာယ်ရှိနိုင်သလဲဆိုတဲ့အချက်တော့ ဘယ်နေရာမှာမှ မပါဝင်ပါဘူး။
    ဒါ့ပြင် အဲဒီအစီရင်ခံစာထဲမှာ တိုင်းတပါးကို ကျူးကျော်ထားတဲ့ စစ်တပ်ထဲမှာအ မှုထမ်းရင်  ၁၈၇၀ ခုနှစ် ပြည်ပနိုင်ငံရေး အက်ဥပဒေ (Foreign Enlistment Act 1870 http://www.legislation.gov.uk/ukpga/Vict/33-34/90/section/4) ကို ချိုးဖောက်ရာ ရောက်ကြောင်း၊ တိုင်းတစ်ပါးစစ်တပ်မှာ အမှုထမ်းတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ရာဇ၀တ်မှုကို ကျူးလွန်သူတွေဖြစ်တဲ့အကြောင်းများကိုလည်း အလျဉ်းဖော်ပြမထားပါဘူး။
    အင်အားဖြည့်ပေးခြင်း
    Mahal ကွန်ယက်ကို ကမ္ဘာတစ်ဝှမ်းကို ဖြန့်ကျက်လို့ နေပါပြီ။ အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ Max Steinberg နဲ့ Sean Carmeli တို့ဟာ အစ္စရေးစစ်တပ်ထဲ ၀င်ခဲ့ကြတ် သူတို့ဟာ ဂါဇာ မြေပြင်ထိုးစစ်ထဲ ပါဝင်ခဲ့ကြတယ်။ အဲဒီထိုးစစ်ကြောင့် Shujayea အရပ်က ပါလက်စတိုင်းအရပ်သား အနည်းဆုံး (၇၀)ဦး သေဆုံးခဲ့ရပါတယ်။ သူတို့ရဲ့သေဆုံးမှုကို အမေရိကန်ပြည်ထဲရေးဌာနက ဇူလိုင် (၂၀)ရက်မှာ ထုတ်ပြန်ကြေငြာခဲ့တယ်။ အင်အားဖြည့်ပေးမှုကိုလည်း ဆက်လက်လုပ်ဆောင်ပေးနေတယ်။
    (၂၀၁၄) မေလ၊ ပဲရစ်မှာရှိတဲ့ အစ္စရေးသံရုံးက “ဒေသခံ ဂျူးအသိုင်းအ၀န်းတွေဆီ စစ်တပ်ကိုယ်စားလှယ် တစ်ဦးရောက်လာတဲ့ အကြောင်း၊ အဲ့ဒီပုဂ္ဂိုလ်က အမေးအဖြေကဏ္ဍနဲ့အတူ သူတို့ရဲ့ အင်အားစုဆောင်းရေး မူဝါဒတွေကို ဟောပြောမယ့်အကြောင်း၊ ဟောပြောပွဲအပြီးမှာ မေးခွန်းတွေကို ဖြေကြားပေးမယ့်အကြောင်း” အသိပေး အကြောင်းကြားခဲ့ပါတယ်။
    (၂၀၁၃) နိုဝင်ဘာလမှာ အစ္စရေး စစ်တပ်ထဲ (၆)နှစ်မျှ စစ်မှုထမ်းခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံသူတစ်ဦးက ယူကရိန်းတီဗီ အစီအစဉ်တစ်ခုမှာ –  ဥရောပနဲ့ ယူကရိန်းဥပဒေ အကာအကွယ်ပေးမှုအောက်ကနေ မိမိဟာ ပါလက်စတိုင်း ကလေးငယ်တွေ သတ်ခဲ့တဲ့အကြောင်းကို ပြောင်ပြောင်တင်းတင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ ဥပဒေထဲမှာ ပါလက်စတိုင်း ကလေးငယ်တွေကို သတ်ဖြတ်ခဲ့ရင် အရေးယူနိုင်ဖို့ အချက်အလက် တစ်ခုမှ ပြဌာန်းထားခြင်း မရှိပါ။
    အစ္စရေးနိုင်ငံမှာ မိမိတို့ရဲ့ မိဘဆွေမျိုး မရှိဘဲ အစ္စရေးအတွက် ၀င်ရောက် စစ်မှုထမ်းပေးသူတွေကို Lone soldier လို့ ခေါ်ပါတယ်။
    . နိုင်ငံခြားကနေ အခြေချရွှေ့ပြောင်းလာသူ သို့မဟုတ် မိဘမဲ့ကလေးတွေ ပါဝင်တဲ့ ဂျူး (၅၀၀၀) ၀န်းကျင်လောက်ဟာ Lone Soldier ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အစ္စရေးစစ်တပ်ထဲ ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီခေါင်းစဉ်အောက်က လူတွေဟာ ငွေကြေးထောက်ပံ့မှု၊ အိမ်ယာ၊ ပြည်ပမိသားစုထံ သွားရောက် လည်ပတ်ချိန် စတဲ့ အထူးအခွင့်အရေးနဲ့ အကျိုးခံစားခွင့် ရရှိကြတယ်။
    Lone Soldier တွေ နားနေအပန်းဖြေနိုင်တဲ့ Tel Aviv Lone Soldier Center ကို (၂၀၁၄) မေလတွင်းမှာ Israel Actie အမည်ရှိ ဒတ်ခ်ျ အင်န်ဂျီအိုတစ်ခုက ငွေကြေးစိုက်ထုတ် ကမကထပြု ဖွင့်လှစ်ပေးခဲ့တယ်။ အဲ့ဒီ အင်န်ဂျီအိုက Amsterdam Sar-El ဌာနခွဲနဲ့ ပါတနာ တွေဖြစ်ပါတယ်။ Sar-El ဌာနခွဲတွေဟာ အစ္စရေးစစ်တပ်အတွက် စစ်မက်ရေးရာမဟုတ်သော လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အရပ်သားအပျော်ထမ်းအုပ်စုတွေပါ။ အစ္စရေးစစ်တပ် အင်အားတောင့်တင်းဖို့အတွက် အသက် (၁၆)နှစ်နဲ့ အထက် ဂျူးတွေ၊ ဂျူး မဟုတ်သူတွေ၊ အစ္စရေးနိုင်ငံသား မဟုတ်သူတွေဟာ မိမိတို့ရဲ့ အချိန်၊ ငွေကြေး၊ စွမ်းဆောင်ချက်တွေကို စစ်ယူနီဖောင်း ၀တ်ဆင်ပြီး ပါဝင်ကူညီနိုင်တယ်လို့ ဆိုတယ်။ အဲ့ဒီအဖွဲ့ကြီးက နိုင်ငံပေါင်း (၃၀)ကျော်ကို ကိုယ်စားပြုထားပြီး၊ နှစ်စဉ် အပျော်တမ်း ၀န်ထမ်းတွေ ရာနဲ့ချီ ပါဝင်နေကြပါတယ်။
    အစ္စရေးနိုင်ငံဟာ ကမ္ဘာအနှံ့ ဂျူးလူငယ်တွေကို နည်းလမ်းမျိုးစုံတဲ့ ပရိုဂရမ်ပေါင်း ဒါဇင်များစွာနဲ့တစ်ကွ စစ်တပ်အင်အားဖြည့်တင်းရာမှာ အသုံးချနေကြတယ်။ အစ္စရေးနိုင်ငံအတွက် မဟာမိတ်သစ်များကို ဖန်တီးရေးဟာ (အစ္စရေးနိုင်ငံက) ဇီယွန်ဝါဒီပရောဂျက်(http://www.israelexperience.org/about-us/overview/)ရဲ့ ရည်မှန်းချက်ဖြစ်တယ်။ အသက် (၁၃)နှစ်နဲ့အထက် အနောက်တိုင်းလူငယ်တွေကို အဓိက ပစ်မှတ်ထားတယ်။ အစပိုင်းမှာ ပျော်စရာတွေ၊ ဖျော်ဖြေရေးတွေနဲ့ ဆွဲဆောင်စည်းရုံးတယ်။ ဒါပေမယ့် အချိန်တန်လာတဲ့အခါ ဒီလူငယ်တွေကို (၇)ရက်ကနေ ရက်သတ္တခြောက်ပတ် အထိ သေနတ်ကိုင်ခွင့်ပေးလို့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ရင်းနှီးစေတယ်။ ဇီယွန်ဝါဒ နဲ့ အစ္စရေး စစ်တပ်ဆိုင်ရာ ပညာပေးသင်တန်းတွေကို တက်ရောက်စေပါတော့တယ်။
    ဖျော်ဖြေရေးကဏ္ဍကိုလည်း ထိထိရောက်ရောက် အစ္စရေးတွေက ထိထိရောက်ရောက် အသုံးပြုပြီး ဗန်းပြတဲ့နေရာမှာ ထားကြတယ်။ အဲ့ဒီနောက် အယုံသွင်းလှည့်စားခံရတဲ့ ကလေးသူငယ်တွေကို အစ္စရေးကာကွယ်ရေး၊ လူမျိုးခွဲခြားရေးဝါဒီ၊ အလုပ်အကိုင်အခွင့် အလမ်းဖော်ဆောင်ပေးရေးဆိုင်ရာ ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ မိဘများနဲ့ တိုင်းပြည်ဆီ ပြန်ပို့ပေးလိုက်တယ်။ အစ္စရေးတပ်သား စုဆောင်းရေးအစီအမံတွေဟာ ပုံသဏ္ဍာန်မျိုးစုံ ရှိနေကြပေမယ့်လည်း တစ်ခုတည်းသောပန်းတိုင်ကိုသာ အခြေခံထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒါကတော့ – အစ္စရေးစစ်တပ်အင်အားတောင့်တင်းလာစေရေးနဲ့  မိမိနေထိုင်ရာ ဒေသအတွင်း အစ္စရေးထောက်ခံသူ အင်အားစုကွန်ယက်တွေ ဖြစ်တည်လာစေဖို့ပါပဲ။
    စစ်ရာဇ၀တ်မှုချောက်ကမ်းပါးသို့
    ဥရောပနိုင်ငံများရဲ့  ပါဝါအသုံးချမှု နည်းလမ်းတွေက ပုတ်သင်ညိုလို အရောင်များလှပါတယ်။
    အနောက်တိုင်းထောက်လှမ်းရေး လုပ်ငန်းတွေကလည်း အစ္စရေးစစ်တပ်ယူနီဖောင်းဝတ်၊ ပါလက်စတိုင်းနယ်မြေနဲ့ သယံဇာတ အရင်းအမြစ်တွေကို သိမ်းပိုက်၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်ဖို့ ဆုံးဖြတ်နေတဲ့ ပြည်သူပြည်သားတွေအပေါ် မျက်နှာလွှဲထားကြတယ်။
    အစ္စရေးတွေရဲ့ တရားမ၀င်နယ်မြေခိုးယူမှုတွေမှာ အဖုံးအကာသဖွယ် ဆင်ခြေပေးနိုင်ဖို့အတွက် တော့ အစ္စရေးနဲ့ အနောက်နိုင်ငံတွေက အသင့်ရှိနေကြပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့ နယ်မြေခိုးယူမှုနဲ့ ရေသယံဇာတ ခိုးယူမှုတွေကို ပါလစ္စတိုင်းတွေက ငြင်းဆန်တဲ့အခါ အဲဒီလို ငြင်းဆန်မှုကတော့ဖြင့် သဘောတူ လက်ခံနိုင်စရာမရှိဘူးလို့ အနောက်နိုင်ငံတွေနဲ့ အစ္စရေးတို့က ထင်မြင်ယူဆနေကြသလားပဲ။
    လတ်တလောဖြစ်ပွားနေတဲ့ ဂါဇာကျူးကျော်စစ်မှာဆိုရင် အစ္စရေးတွေက လူ့အသက်ကို တန်ဖိုးထားရကောင်းမှန်းသမိသလို လက်နက်ကိုင် တိုက်ပွဲဖြစ်ရာမှာ လေးစားလိုက်နာရမယ့် စည်းမျဉ်းတွေကိုလည်း ချိုးဖောက်နေပါတယ်။ အရပ်ဘက်တွေ၊ အပြစ်မဲ့သူတွေရဲ့ အိုးအိမ်တွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပါတယ်။
    အစ္စရေးရဲ့  ဒီကျူးကျော်စစ်မှာ စစ်မျက်နှာ အများအပြား ရှိနေပါတယ်။ တချို့ကတော့ လူသိများတယ်။ တချို့ကိုတော့ လူသိမခံပါဘူး။ အစ္စရေးစစ်တပ်ကို ဥရောပနဲ့ အမေရိကန်စစ်သည်တွေနဲ့ သွယ်ဝိုက် အင်အားဖြည့်သွင်းနေမှုဟာ ကန့်လန့်ကာနောက်ကွယ်မှာ ဖုန်းအုပ်ထားတဲ့ ကိစ္စအသွင် တစ်မျိုးလည်း ဖြစ်ပါတယ်။
    တကယ်လို့များ ဥရောပခေါင်းဆောင်များအနေနဲ့ နယ်စပ်ဖြတ်ကျော်တဲ့ နိုင်ငံတကာ တိုက်ခိုက်ရေး သမားတွေကို ကာကွယ်တားမြစ်လိုတယ်၊ ဒါမှမဟုတ် စစ်လက်နက် သင်တန်းဆင်းတွေအနေနဲ့ ရန်ညှိုးတွေ တပွေ့တပိုက်ကြီး ပိုက်ထွေးပြီး အိမ်ပြန်လာကြတဲ့ သူတွေကို ကာကွယ်တားမြစ်လိုတယ်ဆိုရင် အရှေ့အလယ်ပိုင်း တစ်ခွင်က ပဋိပက္ခများထဲ ဥရောပ တိုက်ခိုက်ရေးသမားတွေ စစ်ရေးအရ ပါဝင်နေကြတဲ့ အပေါ်မှာ တပြေးညီသဘောထားမျိုးနဲ့  အာရုံစိုက်ကြရမှာဖြစ်ပါတယ်။ လူသားမဆန်စွာသော ဒုစရိုက်တွေထဲ ရည်ရွယ်ချက်ရှိရှိ ပါဝင်နေကြတဲ့ ဥရောပ လူသတ်သမားတွေကို ဥရောပခေါင်းဆောင်တွေက ပိတ်ပင်တားမြစ်ကြရမှာဖြစ်ပါတယ်။
    အစ္စရေးက ဂါဇာစစ်ဆင်ရေးကို အသုံးချပြီး သူတို့ရဲ့ အဆင့်မြင့်လက်နက်စက်ရုံတွေ၊ ဓါတုဗေဒစက်ရုံတွေ အတွက် လက်တွေ့ ဆန်းသပ်ဖို့ အခွင့်အလမ်းအဖြစ် ဖန်တီးနေကြပါတယ်။
    .နိုင်ငံတကာ အသိုင်းအ၀ိုင်းက အစ္စရေးကို ပိတ်ဆို့ဒဏ်ခတ်ကြဖို့ တာဝန်ရှိနေပါပြီ။ ဒါ့အပြင် အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖောက် ရက်စက်နေမှုများပေါ် စစ်ရေးအရ အရေးယူဖို့ အချိန်တန်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဆောင်းပါးရှင် Hanine Hassan သည် ကိုလံဘီယာတက္ကသိုလ်မှ PhD ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမ၏ ဦးတည်လေ့လာသုတေသနပြုချက်ဖြစ်သော “အသိမ်းပိုက်ခံ ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးတို့၏ လူမဆန်စွာ ရေရှည်နှိပ်စက်မှု အကျိုးသက်ရောက်ခြင်းများ ” မှ ကောက်နှုတ်ချက်ဆောင်းပါး “Fighting jihad for Israel” ကို “မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • အာရဗီစကားကနေ ဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံးများ
    အာရဗီစကားကနေ ဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံးများ
    ဇူလိုင် ၂၅ ၊ ၂၀၁၄
    Radio Australia မှ ကူးယူဖော်ပြပါသည်။
    အင်္ဂလိပ် စကားဟာ လာတင်ဘာသာ စကားကနေ အများဆုံး ဆင်းသက်လာတာဖြစ်ပြီး တချို့ စကားလုံးတွေကတော့ တရုတ်နဲ့ ဂရိသာမက အာရပ်စကားကနေ ဆင်းသက်လာတာတွေလည်း ရှိပါတယ်။
    1. Algebra and algorithm
    ———————————-
        algebra
    အင်္ဂလိပ် နံပါတ်တွေဖြစ်တဲ့ 0, 1, 2, 3, 4, 5, 6, 7, 8 နဲ့ 9 ဟာ အာရဗီ နံပါတ်တွေဖြစ်ပြီး အာရပ်ဒေသကနေတဆင့် ဥရောပကို ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။
    ဒါပေမဲ့ ဒီနံပါတ်တွေဟာ အိန္ဒိယနိုင်ငံကနေ မူလအခြေခံ ထွက်ပေါ်လာတာ ဖြစ်ပြီး ၉ ရာစုခေတ်တုန်းက သချာင်္ပညာရှင် Muhammad al-Khwarizmi ရဲ့ မိတ်ဆက်ပေးမှုကနေတဆင့် ကမ္ဘာတလွှားကို ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။
    ‘algebra’ အယ်လ်ဂျီဘရာ ဆိုတဲ့ စကားလုံးကလည်း အဲဒီ သချာင်္ပညာရှင် ရေးသားခဲ့ပြီး နာမည်ကျော်ကြားတဲ့ စာအုပ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
    2.Whose magazine?
    ————————–
    magazine
    Magazine ဆိုတဲ့ စကားလုံးကလည်း အာရဗီ ဘာသာစကားပဲ ဖြစ်ပါတယ်။
    မူလအဓိပ္ပာယ်ကတော့ ‘တခုခုကို စုစည်းထားတဲ့အရာ”ပဲ ဖြစ်ပါတယ်။ မဂ္ဂဇင်းစာအုပ်လို့ပြောရင်း အဲဒီစာအုပ်မှာ ရသစုံ၊ အကြောင်းအရာစုံ စုစည်းထားတဲ့ စာအုပ်ဖြစ်ပြီး သေနတ်ကျည်ဆံတွေ စုထည့်ထားတဲ့ အရာကိုလည်း Magazine (ကျည်ကပ်) လို့ခေါ်ပါတယ်။
    ဒီစကားလုံးကတော့ အာရဗီကနေ ပြင်သစ်၊ ပြင်သစ်ကနေတဆင့် အင်္ဂလိပ်စကား လောကထဲ ရောက်လာတာ ဖြစ်ပါတယ်။
    ၁၇၃၁ ခုနှစ်တုန်းက ‘Gentleman’s Magazine’ လို့ခေါ်တဲ့ ရသစုံ စာအုပ် ထွက်ပေါ်ပြီးနောက် အဲဒီနောက်ပိုင်း မဂ္ဂဇင်းစာအုပ်ဆိုပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။
    3.When is a giraffe not a giraffe?
    ——————————————-
    giraffe
    Giraffe (သစ်ကုလားအုပ်) ဆိုတဲ့ စကားလုံးကလည်း အာရဗီဘာသာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
    ပြင်သစ်က အဲဒီ စကားလုံးကို အရင် ယူသုံးပြီးနောက်ပိုင်းမှ အင်္ဂလိပ်စကားလို ဖြစ်သွားခဲ့တာပါ။
    ၁၆၀၀ မတိုင်ခင်တုန်းက သစ်ကုလားအုပ်ကို အင်္ဂလိပ်လို Giraffe လို့မခေါ်ပဲ camelopard လို့ ခေါ်ကြပါတယ်။ အကြောင်းရင်းကတော့ သစ်ကုလားအုပ်ဟာ carmel လို့ခေါ်တဲ့ ကုလားအုပ်နဲ့ ဆင်တူသလို leopard လို့ခေါ်တဲ့ ကျားသစ်နဲ့လည်း တူတဲ့အတွက် camelopard လို့ တောက်လျှောက်ခေါ်တွင်ရာကနေ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်း giraffe လို့ ခေါ်တွင်လာကြတာ ဖြစ်ပါတယ်။
    4.Monsoon season
    ————————–
    monsoon1
    မှုတ်သုန်လေ ဒါမှမဟုတ် မိုးရာသီလို့ အဓိပ္ပာယ်ရတဲ့ Monsoon ဆိုတဲ့ စကားလုံးကလည်း အာရဗီ ဘာသာစကားက ဆင်းသက်လာပြီး ပေါ်တူကီလူမျိုးတွေ အသုံးပြုရာက လူသိများလာတဲ့ စကားလုံး ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာက တိုက်ခတ်တဲ့လေကို အာရဗီလူမျိုးတွေက monsoon လို့ခေါ်တာကို ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ကြားရပြီးနောက် မှုတ်သုန်လေတိုက်ပြီး မိုးရာတဲ့ ရာသီကို monsoon ဆိုပြီးတော့ ခေါ်တွင်လာကြတာ ဖြစ်ပါတယ်။
    5.Count the oranges
    —————————–
    oranges
    orange (လိမ္မော်သီး) ဆိုတဲ့ စကားလုံးကတော့ အိန္ဒိယကနေ အခြေခံတဲ့ စကားလုံးပါ။ ဒါပေမဲ့ လိမ္မော်ပင်ကတော့ အာရပ်ဒေသကနေ လာတာဖြစ်ပြီး ၁၀ ရာစုခေတ်လောက်မှာ အဲဒီအပင်ကို ဥရောပတိုင်းပြည်မှာ စတင်စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။
    မူရင်းလင့် =>http://www.radioaustralia.net.au/burmese/2014-07-18/1344925
  • ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ဇူလိုင် ၂၅ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
    2
    Cartoon Credit – ကျော်သူရိန်
    ပါးရိုက်ဋီကာ
    ဋီကာချဲ့ ပြရလောက်အောင် တွင်ကျယ်လာတဲ့ လုပ်ရပ်တစ်ခုက ပါးရိုက်သမှု ပြုနေကြခြင်းပါ၊ လုပ်ရပ်တစ်ခုအပေါ် စက်ဆုပ်မှု၊ မုန်းတီးမှု၊ ရွံရှာမှု၊ နာကျည်းမှုနဲ့ မခံချင်စိတ်တို့ အုံကြွလာရာကနေ စိတ်မထိန်းနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ ရိုင်းစိုင်းမှုကိုပြတဲ့ လုပ်ရပ်တစ်ခုပါ။ မျက်လုံးရဲ့ အောက်မျက်ရိုးခုံနဲ့ မေးရိုးရဲ့ အကြားမှာ အကာအကွယ် ပြုပေးထားတဲ့ နူးညံ့ပွဖောင်းတဲ့ အသားစိုင်လေး တစ်ခုဟာ ကြမ်းတမ်းတဲ့ လက်ဖ၀ါးရဲ့ ဒေါသအဟုန်ကို ရင်ဆိုင် အတွေ့မှာ “ဖြန်း”ဆိုတဲ့ အသံနဲ့အတူ ပူစပ် ပူလောင် ခံစားရ၊ တဒင်္ဂမှာ ကြယ်တွေ လတွေ တောင် မြင်သွား ရပါသတဲ့။ ရိုက်ခံရတဲ့ ပါးကို ပွတ်ကိုင်ရင်းနဲ့ ရှက်ဇော တွေဖြာပြီး တုံပြန့်ခြင်းငှာ မစွမ်းသာလို့၊ ချိုးနှိမ်ချတဲ့ မျက်နှာလေးတွေကို သင်တို့မြင်ဖူး ကြပါသလား။ ကျွန်တော် မြင်ဖူးပါတယ်။
    နေရာက ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဈေး တစ်ခု ဖြစ်တဲ့ မင်္ဂလာဈေး၊ နားမှာပါ။ စစ်အစိုးရ လက်ထက်မှာပါ။ ကျွန်တော်နဲ့ ခင်တဲ့ ယာဉ်ထိန်းရဲ တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ စကားပြောနေတုန်း အဝေးကနေ ကားတစ်ီးလုံး မှန်မှာ အနက်ရောင် စတေကာ တပ်ထားတဲ့ ဆိုက်ကနက် (cygnus) ကား တစ်စီးကို တွေ့လိုက်လို့ စကားပြောနေရင်းနဲ့ လက်တားလိုက်ပါတယ်။ အဲဒီ ကာလက ကားမှာ အနက်ရောင်စတေကာ ကပ်ရင် အရေးယူမယ်လို့ စီမံချက် ချထားပြီး ဖမ်းဆီးနေတဲ့ ကာလလေ၊ ကားကို ရပ်သွားတယ်။ တံခါးကို ဖွင့်လိုက်တယ်။ ကားပေါ်က ရုပ်ခပ်မာမာနဲ့ လူတစ်ယောက် ဆင်းလာပြီး လက်ပြတားတဲ့ ယာဉ်ထိန်းရဲကို ရုတ်တရက် ပါးရိုက်လိုက်တယ်။ ပါးစပ်ကလည်း ပြောလိုက်တယ်။ ငါဘယ်သူလဲ မင်းမသိဘူးလား၊ ဗိုလ်မှူးချုပ် xxx တဲ့ကွ။ ပါးစပ်ဟောင်းလောင်းနဲ့ ပါးကို ပွတ်နေတဲ့ ကျွန်တော့် သူငယ်ချင်း သတိဆွဲပြီး အလေးပြုလိုက်တယ်။ သူ့ကား ပြန်ထွက်တဲ့အထိ တုပ်တုပ်မျှ  မလှုပ်ရဲ ဘူး၊ ကားထွက်သွားတဲ့အခါ ဒီမြင်ကွင်းကို ကြည့်နေတဲ့ ပရိသတ်ကြီးကို သူတစ်ချက်ကြည့်ပြီး နီးစပ်ရာ အငှားယာဉ်တစ်စီးငှားပြီး အမြန်ပျောက်ကွယ်သွားတော့တာပါပဲ။ နှစ်ပေါင်း အတော်ကြာပါပြီ။ သူ့ကို လုံးဝ မတွေ့ရတော့ပါ။ သူ့ကို ကျွန်တော် နောက်ဆုံတွေ့လိုက်ရတဲ့ မျက်ရည်စတွေ ပြည့်လုံရီဝေနေတဲ့ သူ့မျက်လုံးတွေကို ယနေ့တိုင် မှတ်မိနေပါတယ်။
    နောက်တစ်ယောက်က ဇွဲကပင် အသင်းပိုင်ရှိ ဦးလှဌေး ဘောလုံးကွင်းထဲဝင်ပြီး ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့တဲ့ မြင်ကွင်းပါ။ ပါးကိုလက်နဲ့ ပွတ်ပြီး တအံ့တသြ ကြည့်နေတဲ့ မတုံ့ပြန်နိုင်ရှာတဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာကို ကျွန်တော်မြင်ယောင်နေမိပါတယ်။ မကျေနပ်လို့ ပါးရိုက်သတဲ့။
    တချိန်က နာမည်ကျော် ရုပ်ရှင်မင်းသမီး ချောကလည်း အင်တာဗျူးတဲ့ သတင်းထောက်မလေးကို ပါးရိုက်လိုက်တာ နိုင်ငံကျော်သွားတယ်။ အဲရှိုက်ထိစေမဲ့ မေးခွန်းကို မကျေနပ်လို့တဲ့။ တရားရုံးက ဒဏ်ငွေ (၁၀၀၀)လား ချမှတ်လိုက်တယ်။ ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာမျိုးလေ။
    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတပါးက သူခိုင်းတာ မလုပ်ရကောင်းရဲ့ဆိုပြီး ပြည်နယ် ပညာရေးမှူးကို ခပ်ကြမ်းကြမ်း ဆုံးမလေရာ ၀င်ပြောတဲ့ လ/ထ ကြီးကြပ်ရေးမှူးကို ပါးရိုက်လိုက်သတဲ့။ အကြောင်းက သူ ခရီးမသွားခင် မူလတန်းဆရာတွေရဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို အမိန့်ထုတ်ပြီး လက်မှတ် ထိုးခိုင်းတာကို ငြင်းဆန်လို့တဲ့ဗျာ။ ဒီဝန်ကြီးက ယခင် ဒုဗိုလ်မှူးကြီး တယောက်ဖြစ်ပြီး ကြံ့ဖွံ့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
    တလောတုန်းကတောင် တက်သစ်စ မော်ဒယ်မင်းသားလေးက ယာဉ်ထိန်းရဲကို ပါးရိုက်ပြန်တယ်။ အကြောင်းက သူစီးလာတဲ့ ကားကို တားလို့တဲ့၊ အမှု ရုံးပေါ်ရောက် မလာဘဲ ငွေကြေးနဲ့ ကြေအေးလိုက်ကြ တယ်။
    နိုင်ငံရေး အကျဉ်းသားတွေရဲ့ အဆိုအရ စစ်ကြောရေး စခန်းမှာ စစ်ကြောရေး တာဝန်ကျ ထောက်လှမ်းရေးတွေက မြင်မြင်ခြင်းပဲ နိုင်ငံရေး လုပ်အုန်းမလားကွ၊ ဆိုပြီး ပါးရိုက်သတဲ့။
    နယ်လှည့်ပါးရိုက်တက်တဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တယောက်လည်း အခု ဘယ်နယ် တွေကို လှည့်ရိုက်နေလဲ မဆိုတတ်ပါဘူး။
    ဆရာကြီး သိပ္ပံမှူးတင်(ခေါ်) ဗိုလ်မှူးတင်မောင်(ငြိမ်း) ကတော့ ဂျပန်မှာ စစ်သင်တန်းတက်တဲ့အခါ ဂျပန်တွေရဲ့ ပါးရိုက်ဆုံးမတာကို ခံရတာဟာ ပိုပြီး မှတ်မိလွယ်ပြီး စည်းကမ်းကောင်းလာစေသတဲ့၊ ပါးရိုက်တာကို အကောင်းပြောတဲ့ ဆေးလိပ် ဆန့်ကျင်ရေး သမားကြီးလေ။
    ပါးရိုက်တဲ့ စစ်တမ်းလေးကို ဇယားချကြည့်တော့ ရိုက်တဲ့သူတွေက အာဏာရှင်တွေ၊ ရေပေါ်ဆီ လူ့မလိုင်တွေ၊ နာမည်ကျော်တွေချည်းဘဲဗျို့။ ရိုက်ခံရတဲ့ သူတွေကတော့ ထုံးစံအတိုင်း နှိမ့်ကျစွာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ ၀န်ထမ်းတွေနဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဥပဒေပြု ပုဂ္ဂိုလ် ကြီးများကို အကြံပြုလိုပါသည်။ ပါးရိုက်ခြင်းဟာ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခြင်းနှင့် ရိုင်းစိုင်းသော ကိုယ်ကျင့် တရားကို ဖော်ထုတ်ပြခြင်း မည်ပါတယ်။ အကြမ်းဖက်မှု စာရင်းသွင်းပြီး ပြင်းထန်သော ဥပဒေ ပြဋ္ဌာန်း၍ အပြစ်ဒဏ် ပေးရန် ဆောင်ရွက်သင့်ပါတယ်။ သို့တည်း မဟုတ်ပါက ပါးရိုက်ခံရသူတွေ များလာလို့ နောင်အခါ သမ္မတကြီး မိန့်ခွန်းပြောရင် “ပါးရိုက်ခံရသော မိဘပြည်သူများခင်ဗျာ” လို့ ပြောရမလို ဖြစ်လာလိမ့်မယ်။ တားဆီးပေးကြပါ။
    အခု အစိုးရခေတ်မှာ ရေပန်းစားလာတဲ့ ကိစ္စတစ်ခုက လုပ်စရာရှိတာသာ လုပ်ပြစ်လိုက်၊ ပြောချင်တာသာ ပြောပြစ်လိုက်၊ ပြီးရင် မှားတာရှိရင် ၀န္နာမိ ပါလို့ တောင်းပန်လိုက်။ ဒီလို ဓလေ့ ထုံးတမ်းကြီး တစ်ခုကို မြင်တွေ့ရပြန်တယ်။
    စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒ ဖော်ထုတ်မှု သပိတ်စခန်းကို မီးလောင်ဗုံး ဆက်ကပ် လှူဒါန်းအပြီးမှာ ဒဏ်ရာ ရရှိသော ရဟန်း၊ သာမဏေများအား သမ္မတ ရုံးပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေနှင့် တာဝန်ရှိသူများက ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား မိုက်မဲတွေဝေ မလိမ္မာကြောင်း ဖြင့် ၀န်ချတောင်းပန်ပြီး ကျေအေးလိုက်ကြတယ်။ အဓိက တာဝန်ရှိသူတွေရဲ့ တာဝန်ယူမှု အခန်းကဏ္ဍဟာ ပျောက်ဆုံးနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လုပ်ချင်တာလုပ်ရဲ၊ ပြောချင်တာ ပြောရဲ၊ ဖြစ်ကုန်ကြတာပေါ့။
    ကိုယ်တိုင်ကျတော့ အစားကောင်း၊ အသောက်ကောင်းတွေနဲ့ ရာထူး အဆောင်အယောင် အစီအစဉ်တွေနဲ့ ပြီးပြည့်စုံပြီးတော့ လယ်ထဲကိုင်းထဲမှာ နေပူမရှောင် မိုးရွာမရှောင် ဆင်းရဲခြင်း ဒုက္ခနဲ့ ၀မ်းစာ ရှာနေတဲ့ တောင်သူဦးကြီးတွေကို “အကြွေးကြေအောင်” ထမင်းတနပ်လျော့စား လို့ ပြောတဲ့သူ၊ ၀န်ကြီးလဲ ပြောရက်ပါပေ့တယ်၊ ပြီးတော့မှ ပြန်တောင်းပန်တယ်၊ မှားတာရှိရင် ၀န္နာမိ ပေါ့ လွယ်ပါတယ်။
    အိမ်ရောင်း၊ ကားရောင်းပြီး ငြိမ်းချမ်းရေး လုပ်နေတဲ့ ငြိမ်းချမ်းရေး ဗိသုကာ ၀န်ကြီးတစ်ပါးကလည်း ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကနေ သူရ ဘွဲ့တွေ ဘာတွေပေးဖို့ မလိုပါဘူးလို့ ပြောပြန်ရော။ ပြီးမှ နိုင်ငံ၊ ပြည်သူ၊ တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် သစ္စာ မဖောက်ပါဘူးလို့ ပြန်တောင်းပန်လိုက်တယ်လေ။ တောင်းပန်ရတယ် ဆိုကတည်းက အမှားလုပ်လိုက်လို့ပါ။ ဒါကြောင့် မှန်ကန်တဲ့ ခံယူချက် မရှိရင် စကားတွေကို လက်လွတ်စပယ် မပြောသင့်ပါ။ လုပ်ရပ်တွေကို အစကတည်းက မလုပ်သင့်ပါ။ အမှားတွေလုပ်၊ အမှားတွေပြော၊ ပြီးရင်တောင်းပန်၊ ဒီလိုဓလေ့ကြီး ထုံးတမ်းကြီးကို ခေါင်းဆောင်ဆိုသူတွေ လုပ်ပြနေရင် နိုင်ငံသားတွေ အကြားမှာ ပိုလို့တောင် အစဉ်အလာ ဖြစ်သွားလိမ့်မယ်။ တာဝန်ယူမှု ဆိုတဲ့ အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါကြောင့် စာသားလေးတစ်ခု အမှားကြောင့် တာဝန်ယူပြီး ရာထူးက နှုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီး တပါး အကြောင်းကို ပြောပြချင်ပါတယ်။
    “ယခု ဂျပန်မှာ ၀န်ကြီးချုပ် လုပ်နေတဲ့ “ရှင်ဇိုအဘေး” ဟာ ယခင်တကြိမ်မှာလည်း ၀န်ကြီးချုပ် ဖြစ်ခဲ့ ဖူးပါတယ်။ အဲဒီအခါတုန်းက ဂျပန်ကျောင်းသုံးစာအုပ်မှာ ဂျပန်ဟာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အလို့ငှာ အာရှနိုင်ငံများကို သိမ်းသွင်းရခြင်းဖြစ်သည်” လို့ ရေးသားခဲ့ပါသတဲ့။ ဒီမှာတင် တရုတ်နဲ့ ကိုရီးယားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး ဆူဆူပူပူ ဖြစ်လာတော့ တာပေါ့။ ဒါနဲ့ ဂျပန်ဝန်ကြီးချုပ်က ပညာရေး ၀န်ကြီးကိုခေါ်ပြီး စာအုပ်ထဲက အမှားကို ပြင်ခိုင်းတော့တာပါ။ ဒီတော့ ဂျပန်ဝန်ကြီးက စာအုပ်ထဲက အမှားဟာ ကျွန်တော်ခံယူထားတဲ့ အမှန်တရားပါ၊ ဒီအမှားကို ပြင်ရမယ်ဆိုရင် ကျွန်တော်ရပ်တည်တဲ့ အမှန်တရားအတွက် အလုပ်က ထွက်ပါတယ်ဆိုပြီးတော့ နှုတ်ထွက်စာ ကိုပေးပြီးတော့ ၀န်ကြီးချုပ်ရုံးထဲက ပြန်ထွက်လာခဲ့တယ်။ ဒါကြောင့် မှားတာရှိရင် “၀န္နာမိ” ပါဆိုတာမျိုး ဂျပန်မှာ ထုံးတမ်းဓလေ့ မဖြစ်ပေါ်လာခဲ့ဘူး ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ အလေ့အထမျိုး ကျွန်တော်တို့ မွေးယူကြဖို့ အချိန်တန်ပါပြီ။
    ဓားစာခံ ယဉ်ကျေးမှု
    ဆဲဗင်းဂျူလိုင် ရဲ့နောက်တနေ့ 8.7.1962 မှာ မြန်မာပြည် (တ.က.သ) အဆောက်အအုံကြီးကို ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲလိုက်စဉ်က အမိန့်ပေးခဲ့တဲ့ တရားခံဟာ ဗိုလ်ချုပ်အောင်ကြီး ဖြစ်ပြီး သူဘာမှ မသိဘူး လို့ ငြင်းရင် အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်းက ဓားစာခံ ယဉ်ကျေးမှုကို စတင်ခဲ့တယ်။
    ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ကို ဖမ်းဆီးချုပ်နှောင်ထားတာ သူမဟုတ်ဘဲ ဗိုလ်ချုပ်ဖေတင်ကို လက်ညှိုးထိုးလို့ ဓားစာခံ ရွေးခဲ့ပြန်တယ်။
    (၂၀၀၃) မေ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်းက ဒီပဲယင်းနယ်မှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ယာဉ်တန်းကို အပြတ်ရှင်းတဲ့ လူသတ်ပွဲကြီးကို အမိန့်ပေး စေခိုင်းခဲ့သူကို ဖော်ထုတ်မရတာ ယနေ့တိုင်အောင် ဖြစ်နေပါတယ်။ တချို့ကတော့ ရိပ်ဖန်းသံဖန်းနဲ့ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဓားစားခံအဖြစ် ထိုးကျွေးချင်ကြတယ်။ လူမရှိတော့ အမှုက ပြတ်ပီလေ။
    (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ အပြစ်ရှိရင် ကြိုးစင်တက်ပါမယ်ဆိုလာသူက ရန်ကုန် တိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ငြိမ်း) ပါ၊ ၀န်ခံရဲတဲ့ သတ္တိကို ချီးကျုးမိပါတယ်။ ဒါပေမဲ့ တရားခံ မဟုတ်ဘဲ “ဓားစားခံ” တယောက်လို့ ပြည်သူအများက ထင်မြင်နေလေရဲ့၊ အဆိုတော် မေလလာရဲ့ သီချင်းလို “တရားခံ ဘယ်သူလဲဟေ့” ပြော လို့ ဆိုရမလိုလို။
    နောက်တစ်ယောက်က နိုင်ငံတော်ရဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်ပါ။ နိုင်ငံတော် အကြီးအကဲတွေနဲ့ အတူ ဂေါက်ရိုက်ကစားလေ့ရှိတယ် ဆိုပဲ။ တကြိမ်တော့ ဂေါက်ရိုက်ရင်းနဲ့ စေတနာ ထားပြီး သတိပေး စကား ပြောမိခဲ့တယ်။ ဒီစေတနာ စကားကြောင့်ပဲ ပညာပေး ခံရပြီး ရာထူးကနေ ဖယ်ရှား ခြင်းခံလိုက်ရပါတယ်။ တကယ်တော့ နိုင်ငံတော် စာရင်းစစ် ချုပ်ရဲ့ လက်ထဲမှာ နိုင်ငံတော်ကြီးရဲ့ စာရင်းဇယားတွေရှိနေတယ်လေ၊ သိနေနိုင်တယ်လေ၊ ဗိုလ်ချုပ်လွန်းမောင်က “ဒီကိစ္စတွေ ပြန်မပြောချင်တော့ဘူး၊ စေတနာ အမှားပေါ့၊ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး အတွက် သုံးခဲ့ကြတာတော့ ကိုယ်က ခံရတာပေါ့၊ ဒီအပေါ် ဘာအာဃာတမှ မထားဘူး”လို့ ပြောခဲ့ပါတယ်။ အခုတော့ မွန်ပြည်နယ် ဘီးလင်းနယ်ထဲမှာ “အောင်ပြည့်စုံ”ဆိုတဲ့ ထမင်းဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေရ ရှာတယ်၊ ဓားစာခံ ယဉ်ကျေးမှုရဲ့ တရားခံတဦးပါ။
    စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မိသားစုရဲ့ လုံခြုံရေးကို တာဝန်ယူမယ်ဆိုရင် စစ်အစိုးရ လက်ထက်က အတွင်းရေးတွေကို ပြောပြဖို့ ရှိပါသတဲ့။ ကိုယ်လုပ်ခဲ့ တာတွေကိုမှ ၀န်မခံဘဲ၊ ဘယ်သူတွေကို ဓားစာခံ လုပ်မလဲဆိုတာကို စိတ်ဝင်တစား နားစွင့်နေကြရဲ့။
    အခုနောက်ဆုံး ဓားစာခံလို့ ပြောစဖွယ် ပြုခံရသူက “သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ပါ။ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ….သမ္မတကြီး ဆုံးမတာကို နားမထောင်လို့၊ ကျော်လွန်ပြီး ဆောင်ရွက်လို့ စသည်ဖြင့် ပြောကြားခဲ့သလို ငွေကြေးအလွဲသုံးစားမှုများ ရှိခဲ့ကြောင်းလည်း သတင်းများ၊ ပေါ်ထွက်ခဲ့သည်။ ဦးဆန်းဆင့် ကိုယ်တိုင်က “စစ်ပြီးသား ကိစ္စတစ်ခုအတွက် မတရား လုပ်တာ ခံရတယ်”ဟု ရှင်းလင်းခဲ့ပြန်သည်။ အများပြည်သူ အမြင်မှာတော့ “မဟာသန္ဒသုခ” ကျောင်းတိုက်ကြီး ကိစ္စရပ်အပြီး ဓားစာခံတဦး ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေခဲ့ကြတယ်။ ဦးဆန်းဆင့်ကလဲ ထစ်ကနဲ ဖော်ကောင်ဘညွန့် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတော့ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
    နိုင်ငံတော်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တကယ့်ဖြစ်ရပ်မှန် တရားခံအမှန်တွေ မပေါ်ပေါက်ဘဲ ဓားစာခံ တွေသာ အစားထိုး ဖြေရှင်းနေတဲ့ ယဉ်ကျေးမှု တရပ်တောင် ဖြစ်ပေါ်နေပြီလို့ ယူဆမိပါတယ်။ စကားမစပ် နိုင်ဂျီးရီးယားက “ဘိုကိုဟာရမ်” အဖွဲ့က မိန်းကလေး ကျောင်းသူ (၂၀၀) ကျော်ကို ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲသွားတာ ကမ္ဘာကျော်သွားတယ်လေ၊ တလောတုန်းက ဖြစ်ရပ်ပါ။ ဒီထက် အရင်နှစ်ပေါင်း (၅၀) ကျော်ကတည်းက မော်လမြိုင် တက္ကသိုလ်က ပြန်လာတဲ့ ကျောင်းသူလေးတွေကို KNDO သောင်းကျန်းသူတွေက ကြားဖြတ် ပြန်ပေးဆွဲပြီး ဓားစာခံ လုပ်ခဲ့သေးတယ်၊ တရုတ်ဖြူတွေဆီက လက်နက်နဲ့ ကျောင်းသူလှပျိုဖြူတွေနဲ့ လဲလှယ်မယ်တဲ့ဗျာ။ ဓားစာခံ ယဉ်ကျေးမှုရဲ့ အစ မြန်မာပြည်ကလို့ ဆိုရိုးစကား ပေါ်လာနိုင်ပါတယ်။ လေယာဉ်ပြန်ပေးဆွဲမှုကတော့ ကမ္ဘာမှာ မြန်မာက အစဆိုတဲ့ မှတ်တမ်းရှိ ပါတယ်။
    ထောင်ချောက်နိုင်ငံရေး
    ထောင်ထားတဲ့ အကွက်တစ်ခုထဲကို တိုးဝင်လာအောင် လုပ်၊ အချိန်ကိုက်ပြီးမှ မောင်းဖြုတ် ချလိုက်တဲ့ ထောင်ချောက်နည်း ပရိယာယ်ကို ညစ်ပေတဲ့ နိုင်ငံရေးကစားကွက် တစ်ခုအဖြစ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ ရခိုင်တစ်ပြည်လုံး လူထု ဆန္ဒပြပွဲ မတိုင်မီလေးမှာ ကျောက်နီမော်မှာ မသီတာထွေး အသတ်ခံရမှုနဲ့ တောင်ကုတ် လူသတ်ပွဲ ထောင်ချောက် ခလုပ်တွေ ဆွဲချခဲ့တယ်။ ဆင့်ကဲဆိုသလို မိတ္ထီလာ၊ လားရှိုးနဲ့ ပဲခူးတိုင်းက မြို့တချို့ရဲ့ ပဋိပက္ခ ထောင်ချောက်တွေဟာ မဖြစ်ခင်ကတည်းက ကြိုသိနေတဲ့ လုပ်ရပ်တွေဆိုတာ ထင်ရှားလာခဲ့ပါ တယ်။ Online ၊ ဖုံးသတင်း လက်ကမ်းစာစောင်၊ မျက်နှာစိမ်းများ ၀င်ရောက်လှုပ်ရှားမှု စသည်ဖြင့် ကြိုတင် အသွင်ဆောင်မှုတွေကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ယခု နောက်ဆုံး ထောင်ချောက်ကြီးကတော့ မန္တလေး ပဋိပက္ခရဲ့ ထောင်ချောက်ကြီးပါ။ Online မှာ တရားဝင်သတင်း ၀ဘ်ဆိုဒ်မဟုတ်တဲ့ သစ်ထူးလွင် ၀က်ဆိုဒ်ဟာ လှုံ့ဆော်မှုကို စတင်ခဲ့တာပါ။ နိုင်ငံတွင်း နိုင်ငံပြင်ပမှ စိတ်ဝင်စားဖွယ်ရာ သတင်းများကို တရားဝင် မီဒီယာများထံမှ ခွင့်ပြုချက် မယူဘဲ အသုံးပြုနေခဲ့တဲ့ တရားမ၀င် တခုပါ။ သတင်းကို အခြေခံပြီး ၀င်ရောက်ကြည့်ရှုသူတွေ အရမ်းများလာတဲ့အခါ စီးပွားရေး ကြော်ငြာဝန်ဆောင်မှုတွေနဲ့ အလုပ်ဖြစ်လာတဲ့ ၀ဘ်ဆိုဒ်တစ်ခုပါ။ ကွန်ပျူတာ ပညာရှင် ဦးဇော်သူရိန်ထွန်းက ဒီမိုကရေစီ တူဒေးကို ပြောကြားရာမှာ “သစ်ထူးလွင်”ကဲ့သို့ မြန်မာ အိတ်ပရက်ဇ်ဆို လဲ ဒီအတိုင်းပါပဲ လို့ ဆိုပါတယ်။
    နိုင်ငံတော် အစိုးရအနေနဲ့ ဒီ “ဘလော့ဂ်’တွေကို ဖော်ထုတ်ပြီး ဆိုင်ဘာ ရာဇ၀တ်မှုများအတွက် အရေးယူရန် လိုအပ်နေပါပြီ။ ခိုင်လုံတဲ့ သတင်း ရပ်ကွက် အဆိုအရ ဒီဝဘ်ဆိုဒ်ဟာ အမေရိကန် ပြည်ထောင်စု မှာ ဖွင့်လှစ်ထားတာလို့ သိရပြီး သက်ဆိုင်ရာ အစိုးရထံ တင်ပြတောင်းဆိုသင့်ပါသည်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကလည်း အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုကို အစိုးရရဲ့ နိုင်ငံတကာ မျက်နှာစာ အတွက် နှစ်စဉ်ကြေး ဒေါ်လာ သန်းချီပေးပြီး ငှားရမ်းခဲ့ပါသေးတယ်။ မန္တလေး ပဋိပက္ခကြီးဟာ တနည်းအားဖြင့် NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးပွဲနဲ့ ယှဉ်ပြိုင် ထောက်ချောက်ကြီးလို့ မီဒီယာတွေက မှတ်ချက်ပြုနေပါပြီ။ NLD ပါတီရဲ့ ကြေငြာချက်အတု ထွက်လာတာ ကြည့်ရင် အကွက်ကျကျ ဆောင်ရွက်နေတယ် ဆိုတာ ထင်ရှားနေပါပြီ။ နောက်ထပ် ကြောက်စရာ ထောင်ချောက်ကြီး တခုက “မျိုးစောင့်ဥပဒေ” ထောင်ချောက်ကြီးပါ။ အစိုးရနဲ့ လွှတ်တော်အကြား ဘောလီဘော ပုတ်လို့အပြီးမှာ အပြစ်မဲ့ပြည်သူတွေ အသုံးချခြင်း ခံလိုက်ရမဲ့ နောက်ထပ် ထောင်ချောက် တစ်ခုလို့ မြင်နေရပါပြီ။
    ထို့အတူ လေးနှစ်သက်တမ်းကို ချင်းနင်းဝင်ရောက်လာပြီး ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ကောင်းမွန်သော အစိုးရ (Good Government)  သန့်ရှင်းသော အစိုးရ (Clean government) ဆိုတဲ့ နားဝင်ချိုတဲ့ ပြောစကားတွေနဲ့ ပြည်သူတွေ အတွင်းမှာ ရေပန်းစားခဲ့ပါတယ်။
    ၂၀၁၂ ပဋိပက္ခများမှ ယနေ့ထက်တိုင် မန္တလေးအထိ နောက်ကွယ်မှ ဆူပူလှုံ့ဆော်နေသူများရဲ့ ပုံရိပ်ကို စကားလုံး အမျိုးမျိုးနဲ့ ဓာတ်ပြားဟောင်း မိန့်ခွန်းတွေ ချွေနေသော်ငြားလည်း လက်တွေ့မှာ နောက်ကွယ် လက်မည်းကြီး တွေကို ဖော်ထုတ်နိုင်ခြင်း မရှိတဲ့ အတွက် ယုံကြည်မှု လျော့နည်းလာခဲ့ပါပြီ။ တဆက်တည်းမှာပဲ မီဒီယာနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ပုံတွေဟာ လုပ်နည်းလုပ်ထုံး လမ်းကြောင်းတွေကနေ သွေဖယ်ပြီး အာဏာရှင် တွေရဲ့ အငွေ့အသက်တွေနဲ့ ကိုင်တွယ် ပုံတွေကြောင့် စာနယ်ဇင်း အသိုင်းအ၀ိုင်းအပါအ၀င် အများပြည်သူတွေက စိုးရိမ်နေကြရပါပြီ။ ဒီအတွက်ကြောင့် အစိုးရ အဖွဲ့ရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေကို အကာအကွယ်ပြုပြီး အာဏာ တည်မြဲရေး အတွက် ကြိုးစားနေကြသူတွေကို ရည်ရွယ်ပြီး သူတို့ပုံပေါ် ဖော်နေကြတဲ့လုပ်ရပ်တွေ လုပ်ဇာတ်တွေ အတွက် လိုက်လျောညီထွေ မဲ့ ဆောင်ပုဒ်တချို့ကို လက်ဆောင် ပေးလိုက်ချင်ပါတယ်။
    ဖတ်ရှုတော်မူပါ….မိဘပြည်သူအပေါင်းတို့ ခင်ဗျား။
    ပါးရိုက်ဋီကာ—-တွင်ကျယ်လာ
    ဓားစာခံ ယဉ်ကျေးမှု—အမြဲပြု
    ထောင်ချောက်နိုင်ငံရေး —-ရာထူး၊ အာဏာ၊ တည်မြဲရေး
    ကျော်နေမင်း (မြို့ပြ)
    * ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • အောင်ဒင် – အမုန်းတရားများဖြန့်ဝေခြင်းနှင့် ဥပဒေပြုတားမြစ်ခြင်း
    (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၅၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)
    Aung din
     မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၇၀
    မကောင်းဆိုးဝါးအင်အားစုကြီးတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလှုံ့ဆော်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက မြန်မာနိုင်ငံကို အရိပ်မဲကြီးနဲ့ လွှမ်းမိုးနေတာကြာပါပြီ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ မခိုင်လုံတဲ့ ကောလာဟလတွေကို အခြေပြုပြီး ဗုဒ္ဓဘာသာဝင်လူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဘာသာရေးအဓိကရုဏ်း တစ်ခု ဆိုးဆိုးဝါးဝါးဖြစ်ပွါးခဲ့ပါတယ်။ လေးရက်ကြာအကြမ်းဖက်မှုတွေအတွင်းမှာ လူနှစ်ဦး အသတ်ခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရလို့ အဆောက်အအုံ၊ ယဉ်ပျက်စီးမှုတွေ အမြောက်အများရှိခဲ့ပါတယ်။ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက ဇူလိုင်လ ၃ ရက်နေ့ကစလို့ မန္တလေးခရိုင် (၆) မြို့နယ်မှာ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရပြီး ဇူလိုင် ၅ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပုသိမ်ကြီးမြို့နယ်အထိ တိုးချဲ့ခဲ့ရပါတယ်။
    ပဋိပက္ခဖြစ်ပွါးပုံကလည်း မြန်မာတစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ စတဲ့ အခြား ဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ဘာသာခြားများက ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းကို မကောင်းဆိုးဝါးများက အရင်ဖြန့်ချီတယ်။ အယုံလွယ်သူတွေက ဆက်ပြီး ဖြန့်ချီတယ်။ သွေးဆူသူတွေက လက်နက်ရှာ၊ အုပ်စုဖွဲ့ပြီး နီးစပ်ရာ ဘာသာခြားတွေကို တိုက်ခိုက်တယ်။ ဘာသာခြားတွေပိုင်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကို လုယက်ဖျက်ဆီးတယ်။ ဘာသာခြားတွေကလည်း ပြန်လည်တိုက်ခိုက်တယ်။ လူစုလူဝေးနဲ့၊ လက်နက်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေကြတာကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတားဆီးနိုင်ကြ။ အခြေအနေအတော်ဆိုးလို့ မီဒီယာနဲ့ ပြည်သူတွေ ဝိုင်းအော်ကြမှ ညမထွက်ရအမိန့်ထုတ်၊ လုံခြုံရေးအင်အားတိုးချဲ့၊ ရမ်းကားနေဆဲလူအချို့ကို ဖမ်းဆီး၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကိုခေါ်ပြီး ငြိမ်းချမ်းရေးတရားတွေဟော၊ ပြီးတော့ “မြို့ခံတွေမပါပါဘူး၊ အပြင်လူတွေ လာလုပ်သွားတာပါလို့” ဖြေရှင်းကြပြန်ပါတယ်။ ဘဝသံသရာဆိုတာ ဒါကိုခေါ်တာများလား။ ဒါဆို မန္တလေးပြီးရင် ဘယ်မြို့အလှည့်ကျမလဲ။ မကောင်းဆိုးဝါးအင်အားစုကြီးကတော့ အကုသိုလ်ယန္တရားကြီးကို ဆက်လက်မောင်းနှင်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ အမုန်းတရားတွေကို ဖြန့်ဖြူးလို့ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေဦးမှာပါ။ နိုင်ငံတော်အာဏာပိုင်များက ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို ရဲရဲရင့်ရင့်ဖော်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးမယူသ၍ပေါ့။
    # အမုန်းတရားဟောပြောမှု (Hate Speech)
    ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေရဲ့  အရင်းအမြစ်က အမုန်းတရားဟောပြောမှု (Hate Speech) များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြား၊ လူမျိုးခြားကို မုန်းတီးအောင်၊ ဆန့်ကျင်အောင် လှုံ့ဆော်ဟောပြောမှုများကို အဓိကအားဖြင့် လေးမျိုး တွေ့ရပါတယ်။
    (၁) သံဃာအချို့က ဘာသာရေးတရားပွဲတွေမှာ ဘာသာခြား၊ လူမျိုးခြားဆန့်ကျင်ရေး ဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
    (၂) အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ ဟောပြောပွဲတွေကျင်းပပြီး သံဃာများ၊ ရှေ့နေများ၊ တက်ကြွသူများက ဘာသာခြား၊ လူမျိုးခြားမုန်းတီးရေး တရားများဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
    (၃) ဘာသာခြား၊ လူမျိုးခြားတို့ရဲ့  မကောင်းမှုများ၊ မဟုတ်မမှန်စွပ်စွဲချက်များကို သတင်းပုံစံရေးသားပြီး ဖေ့စ်ဘုတ် (Face Book) နဲ့ ဘလော့ (Blog) စတဲ့ အင်တာနက်မီဒီယာများ၊ လက်ကိုင်ဖုန်း သတင်းတိုပေးပို့ခြင်း (Mobile Phone Short Message Service) များမှ ဖြန့်ချီပါတယ်။
    (၄)  အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းသူများက တည်ထောင်တဲ့ တရားဝင်ဂျာနယ်အချို့မှာ ဘာသာခြား၊ လူမျိုးခြားများအပေါ် အပြစ်တင်စွပ်စွဲသည့် မခိုင်လုံသည့် သတင်းများကို ရေးသား ဖော်ပြပါတယ်။
    အထက်ဖော်ပြပါ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို တားဆီးနိုင်မှ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ပါလိမ့်မယ်။ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို စနစ်တကျ ဖန်တီးနေတဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ဖြိုခွဲနိုင်မှပဲ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာပါ။ အဲဒီလို တားဆီးနိုင်ဖို့ အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရ၊ ဥပဒေပြုအာဏာကို ကိုင်တွယ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ တရားစီရင်ရေးအာဏာကိုကိုင်တွယ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ဖြစ်ပါတယ်။
    #အမုန်းတရားများဟောပြောခြင်းကို တားဆီးသည့် ဥပဒေ
    ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုကို အလည်လာတုန်းက “အမုန်းတရား ဖြန့်ချီဟောပြောစည်းရုံးမှုများကို တားမြစ်ဖို့” ဥပဒေတွေ ပြဋ္ဌန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီစာရေးချိန်က ၂၀၁၄ ခုနှစ်၊ ဇူလိုင်လဆိုတော့ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိတော့ အမုန်းတရားဟောပြောမှုများကို ဥပဒေပြု တားဆီးတာ မတွေ့ရသေးပါ။ အမုန်းတရားဟောပြောမှုကို တားဆီးအရေးယူတဲ့ ဥပဒေမရှိသေးပေမည့်၊ ခွဲခြားဆက်ဆံမှုများကို ဟန့်တား၊ တားမြစ်တဲ့ ဥပဒေတွေ မရှိသေးပေမည့် ခွဲခြားဆက်ဆံမှုတွေကို တရားဝင်ဖြစ်စေမည့် မျိုးစောင့်ဥပဒေတွေ ပြဋ္ဌန်းဖို့ တောင်းဆိုတာကိုတော့ အလွယ်တကူ သဘောတူလိုက်တာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၆၄) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ 
    “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။”
    အထက်ပါ ပုဒ်မ (၃၆၄) ပြဌာန်းချက်အရ အမုန်းတရားပွါးများအောင် ဟောပြောလှုံ့ဆော်နေတာတွေ၊ အမုန်းတရားဟောပြောချက် များကို ရေးသားဖြန့်ချီနေတာတွေ၊ ဘာသာခြား၊ လူမျိုးခြားကိုရည်ရွယ်တိုက်ခိုက်နေတာတွေအားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး အဲဒီ အပြုအမူကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းရမှာပါ။ ဒါပေမည့် ပြည်ထောင်စု လွှတ်တော်သက်တမ်း ၃နှစ်ခွဲကျော်ပါပြီ။ အမုန်းတရားဟောပြောမှုများကို တားမြစ်ရေး ပြည်ထောင်စုလွှတ်တော်က ဥပဒေမပြုနိုင်သေးပါ။
    #ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်
    ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” (International Covenant on Civil and Political Rights) (ICCPR) ကို အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီစာချုပ်ဟာ ၁၉၇၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ စတင် အသက်ဝင်လာခဲ့ပြီး ဒီကနေ့အထိ လက်မှတ်ရေးထိုးသော နိုင်ငံပေါင်း (Signatories) (၇၄) နိုင်ငံရှိပြီး စာချုပ်ပါသဘောတူညီချက်တွေကို လိုက်နာဖို့ ဆန္ဒရှိကြောင်းဖော်ပြတဲ့ နိုင်ငံပေါင်း (Parties) (၁၆၈) နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံကတော့ လက်မှတ်လည်းမထိုး၊ သဘောတူညီချက်တွေကို လိုက်နာမည့် ဆန္ဒလည်း မဖော်ပြသေးပါ။ ဒီသဘောတူစာချုပ်ထဲက အမုန်းတရားဟောပြောမှု တားဆီးရေးနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက် နှစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။
    ပြဋ္ဌာန်းချက် (၁၉)
    ၁။ မည်သူမဆို ပြင်ပစွက်ဖက်မှုမပါပဲ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိသည်။
    ၂။ မည်သူမဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်များ၊ အကြံညဏ်နည်းလမ်းပေါင်းစုံကို မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံနှင့်မဆို (နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ၊ အနုပညာ ပုံသဏ္ဍန်ဖြင့် ဖြစ်စေ၊ နှစ်သက်ရာ သတင်းမီဒီယာမှဖြစ်စေ) လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဖြူးခွင့်ရှိသည်။
    ၃။ အထက်ပါ အပုဒ် ၂ တွင်ဖော်ပြထားသော အခွင့်အရေးများအားလုံးသည် လက်တွေ့ကျင့်သုံးရာတွင် အထူးတာဝန်များနှင့် တာဝန်ခံမှုများဖြင့် ကျင့်သုံးရန်ဖြစ်သည်။ ၎င်းအခွင့်အရေးများကို ကျင့်သုံးရာတွင်
    (က) အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန်နှင့်
    (ခ) နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိတ်ဓာတ်ရေးရာများကို ကာကွယ်ရန် လိုအပ်လျင် ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ချက်အချို့ချမှတ်နိုင်သည်။
    ပြဋ္ဌာန်းချက် (၂၀)
    ၁။ မည်သည့် စစ်ဖြစ်ပွါးရန် လှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
    ၂။ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့ကို ပြုလုပ်ရန် စည်းရုံးသည့် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရား သင်ကြားချက်များကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
    အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတိုင်း၊ အစိုးရတိုင်းမှာ လူသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အပြည့်အဝအာမခံဖို့ တာဝန်ရှိသလို အခွင့်အရေးများကို ချိုးဖောက်ပြီး၊ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖန်တီး လှုံ့ဆော်မှုများကိုလည်း ဥပဒေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။
    #ထိရောက်စွာ အရေးယူပါ
    မကောင်းဆိုးဝါးအင်အားစုကြီးက မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို ဆက်လက်ဖန်တီးနေဦးမှာပါ။ မန္တလေးမြို့ပြီးရင် အခြားမြို့တွေရဲ့  အလှည့်ရောက်လာဦးမှာပါ။ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်မှ ဖြေရှင်းရတာထက် ပဋိပက္ခမဖြစ်ပွါးအောင် ကြိုတင်တားဆီးဖို့ ပိုမိုကြိုးစားသင့်ပါတယ်။ အမုန်းတရားများကို ဟောပြောလှုံ့ဆော်ကြတဲ့ သံဃာများ၊ လူပုဂ္ဂိလ်များရဲ့ ဟောပြောချက်များဟာ အသံဖိုင်များ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနဲ့ သက်သေအထင်အရှားရှိနေပါတယ်။ အဲဒါတွေကို လူထုကြား ဖြန့်ဖြူးနေတာတွေကို တားဆီးပိတ်ပင်ဖို့ လိုအပ်သလို ဟောပြောကြ၊ လှုံ့ဆော်ကြသူများကိုလည်း ဘာသာရေးစည်းမျဉ်းစည်းကမ်း၊ ရာဇသတ်ကြီးဥပဒေများနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စည်းရုံးဆွေးနွေးမှုတွေလုပ်သလို တစ်ဖက်မှာလည်း အမုန်းတရားဟောပြောမှုများ၊ ရေးသားမှုများ၊ ဖြန့်ဖြူးမှုများကို မပြုလုပ်နိုင်အောင် တားမြစ်ပိတ်ပင်ရမှာပါ။ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး အဖွဲ့များကလည်း အကြမ်းဖက်သူများ၊ ဖျက်ဆီးသူများကို စုံစမ်းဖော်ထုတ်ပြီး တိတိကျကျ အရေးယူဖို့လိုအပ်ပါတယ်။ ဘာသာခြားများ စုဝေးနေထိုင်ရာ ရပ်ကွက်များ၊ဘာသာရေးအဆောက်အအုံများ၊ အရေးကြီးနေရာဋ္ဌာနများနဲ့ အစဉ်အလာအခန်းအနားများကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။
    ပြည်ထောင်စုလွှတ်တော်ကတော့ အမုန်းတရားဟောပြောသူများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးသူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ အဲဒီလို ဥပဒေပြဋ္ဌာန်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ် ထားသလို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုထားတဲ့ “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” ကလည်း တောင်းဆိုထားပါတယ်။
    (ဇူလိုင် ၉၊ ၂၀၁၄)
    မိုးမခ ဝဘ်ဆိုဒ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။