News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • “ အကြမ်းဖက်မှု လျော့နည်း စေချင်တာလား၊ Facebook ကို ထိန်းချုပ်ချင်တာလား ”

    “ အကြမ်းဖက်မှု လျော့နည်း စေချင်တာလား၊ Facebook ကို ထိန်းချုပ်ချင်တာလား ”

    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၂၂-၇-၁၄။ စာ- ၉။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ရန်ကုန် MICT Park မှာ Community Forum on Responsible Social Media in Myanmar လို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ထူးခြားချက်ကတော့ ပွဲကို သမ္မတရုံးဝန်ကြီးဌာနက စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထဲက အိုင်တီနည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအပြင် ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်က တာဝန်ရှိသူတွေပါ ပါဝင်ကြတဲ့ ပွဲ ဖြစ်လို့ပါပဲ။ ဆွေးနွေးပွဲခေါင်းစဉ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူမှုကွန်ရက်မီဒီယာလို့ နာမည်တပ်နိုင်မယ်ထင်ပါတယ်။ ဒီဆွေးနွေးပွဲ ဘာကြောင့် ကျင်းပဖြစ်ပါသလဲ၊ သမ္မတရုံးရဲ့ ရွယ်ရည်ချက်ဟာ ဘာဖြစ်နိုင်မလဲ၊ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

     

    မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီအကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ချိခဲ့တယ်လို့ သမ္မတရုံးက ယူဆတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကနေ အမုန်းတရား ဖြန့်တာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုလုပ်တာတွေကို ထိန်းချုပ်ဖို့ အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူ မှူးဇော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီကာလ ဖေ့စ်ဘွတ်ခ် အသုံးပြုတာကို ခေတ္တရပ်ဆိုင်းလိုက်တာမျိုးတောင် ရှိခဲ့ပါတယ်။

     

    ဒီနေရာမှာ မေးစရာမေးခွန်းစပြီး ပေါ်လာတာက သမ္မတရုံး၊ ဒါမှမဟုတ် သမ္မတနဲ့ အစိုးရအဖွဲ့ဟာ အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေတဲ့ အမုန်းတရား ဖြန့်ဖြူးတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို တကယ်ပဲ အာရုံစိုက်သလား ဆိုတာပါ။ သမ္မတ မိန့်ခွန်းမှာ အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုတွေကို အရေးယူမယ်၊ ထိထိရောက်ရောက် အရေးယူမယ်၊ ပြင်းပြင်းထန်ထန် အရေးယူမယ် ခဏခဏ ပြောပေမယ့် ဖန်တရာတေနေတဲ့ ဆီသည်မ လက်သုတ်ပုဝါလိုတောင် ဖြစ်နေပါပြီ။ ဘယ်သူမှ အယုံအကြည် မရှိတော့ပါ။

     

    သမ္မတရုံးက ပြောသလိုဆို အမုန်းတရားတွေ ဖြန့်ချိနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေဟာ ဖေ့စ်ဘွတ်ခ်တစ်ခုတည်း ရှိသလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။ ကောင်းပါပြီ ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံထဲမှာ လုံးဝပိတ်ပင်လိုက်ရင် အကြမ်းဖက်မှုတွေ လုံးဝ ထပ်မဖြစ်တော့ပါဘူး၊ မတူကွဲပြားတဲ့ လူမျိုးတွေ၊ မတူကွဲပြားတဲ့ ဘာသာဝင်တွေ အေးအတူ ပူအမျှ နေကြပါ့မလားဆိုပြီး မှူးဇော်နဲ့ သမ္မတရုံးက ဉဏ်ကြီးရှင်တွေကို မေးလိုပါတယ်။ ဖြေနိုင်ရင်တော့ ဖြေကြပါ။ လက်ရှိအခြေအနေ အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့၊ လျှပ်စစ် မီးတောင် ကောင်းကောင်း မရတဲ့ ဒေသတွေမှာတောင် အမုန်းတရားကနေ တစ်ဆင့် ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုမျိုးတွေ အချိန်မရွေးဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ လူကြီးမင်းတို့ သိကြ၊ လက်ခံကြ၊ နားလည်ကြမယ် ထင်ပါတယ်။

     

    အကြောင်းကတော့ အမုန်းတရား ဖြန့်ဖြူးသူတွေဟာ လူစုလူဝေးမှာလည်း ထင်ထင်ရှားရှား တရားဟောလို့ ရနေပါတယ်။ အဲဒီပြောဟောထားတဲ့ အမုန်းတရားတွေကို စာရွက်တွေပေါ်မှာ ပုံနှိပ်ပြီးဖြစ်စေ၊ ဗီဒီယို ရိုက်ပြီး ဓာတ်ပြားနဲ့ ဖြစ်စေ၊ ဖြန့်လို့ရ နေပါတယ်။ ဖြန့်နေကြပါတယ်။ ဗီနိုင်း ပိုစတာတွေ ချိတ်ပြီး ဖြန့်ဖြူးလို့ရနေပါတယ်။ ပုံမှန် ပုံနှိပ်မီဒီယာ လမ်းကြောင်းကနေလည်း ဖြန့်နေကြပါတယ်။ အဲဒါတွေကိုပဲ အင်တာနက်ပေါ် တင်ပြီး ယူကျု့ကနေ ဖြစ်စေ၊ ၀က်ဘ်ဆိုက်ထဲကနေ ဖြစ်စေ၊ ဖေ့စ်ဘွတ်ခ်ကနေဖြစ်စေ ဖြန့်လို့ရနေပါတယ်။ အခု လောလောဆယ် ထူးထူးဆန်းဆန်းဖြစ်နေတာက သမ္မတရုံးနဲ့ အစိုးရဟာ အဲဒီအမုန်းတရား ဖြန့်ဖြူးနေတာတွေကို ရပ်တန့်သွားအောင် တစ်လုံးတစ်ပါဒတောင်မှ မဟဘဲ ဖေ့စ်ဘွတ်ခ်ကိစ္စ ပြောလာတာမျိုးပါ။ အခုလို လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ဆီမီနာတွေ ကွန်ဖရင့်တွေ လုပ်ပြလာတာမျိုးပါ။

     

    အခုကိုပဲ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စပြီး စကားစလာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံးသိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုး တင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့်ရှိမလဲ မေးစရာမေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲ သိ၊ အစိုးရကပဲ ထိန်းချုပ်မယ်ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ဘာအမုန်းတရားဖြန့်ဖြူးနေတာကိုမှ ဘယ်လို အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေကိုမှ အရေးယူ ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါဘူး။

     

    တကယ်တော့ တိုင်းပြည်ကို နိုင်ငံတကာအလယ်မှာ အရှက်ရစရာဖြစ်အောင်၊ နိုင်ငံ့ပုံရိပ်ကျဆင်းစေအောင် လုပ်နေတာဟာ ဖေ့စ်ဘွတ်ခ် မဟုတ်ပါဘူး။ အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေသာ ဖြစ်ပါတယ်။ အဲဒီလူတွေဟာ အခြားသော ပုံနှိပ်စာရွက်၊ ဓာတ်ပြား၊ ဗီနိုင်း၊ စာအုပ်စာစောင်၊ ၀က်ဘ်ဆိုက်တွေနည်းတူ ဖေ့စ်ဘွတ်ခ်ကို သုံးကြတာပါ။ လက်ရှိ သမ္မတရုံးရဲ့ လုပ်ဆောင်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ ကားပေါ် ဗုံးတင်ပြီး လူတွေသေအောင် ဗုံးခွဲနေတဲ့ ကိစ္စ၊ ဗုံးတင်သူ၊ ဗုံးခွဲသူတွေအကြောင်း မဆွေးနွေးဘဲ ကားတွေကို ဘယ်လိုထိန်းချုပ်ရင် ကောင်းမလဲ စည်းရုံးနေတာနဲ့တူ ပါတယ်။ ကားပေါ် ဗုံးတင်ခွဲရင် ငါတို့က လွဲပြီး ဘယ်သူမှ ကားမစီးစေနဲ့ ပိတ်၊ ဆိုင်ကယ်ပေါ် ဗုံးတင်ခွဲရင် ငါတို့လူတွေက လွဲပြီး ဆိုင်ကယ်တွေ မစီးစေနဲ့ ဆိုတဲ့ အတွေးအခေါ်မျိုးပါ။

     

    မြန်မာနိုင်ငံဟာ ရာစုနှစ်တစ်ဝက်ကျော်ကျော် စစ်အာဏာရှင်စနစ် လက်အောက်ရောက်ခဲ့ပြီး တိုင်းပြည် အကြီးအကျယ် နစ်နာခဲ့ရပြီးပါပြီ။ အဲဒီစနစ်ဆိုးရဲ့ ဒဏ်ကိုလည်း နေ့တိုင်းညတိုင်း ဆက်ပြီး ခံစားနေရဆဲပါ။ သတင်းကောင်းကောင်း မရေးတတ်လို့ ရေးချင်သလို ရေးလိုက်တဲ့ သတင်းထောက်တွေ၊ ဖေ့စ်ဘွတ်ခ် ကောင်းကောင်း မသုံးတတ်ဘဲ ရေးချင်တာ ရေးတင်လိုက်မိတဲ့ ပြည်သူတွေ အမြောက်အမြား ရှိတာ အမှန်ပါ။ တစ်ယောက်ချင်းလုပ်တာ ကိုင်တာတွေအတွက် တစ်ယောက်ချင်းစီက တာဝန်ယူရမှာ ဖြစ်ပေမယ့် လူတွေအများကြီး အဲလိုဖြစ်နေတယ်ဆိုရင်တော့ ပညာရေးကို အောက်ဆုံးအဆင့်ရောက်အောင် လုပ်ခဲ့တဲ့ အရင်စနစ်ဆိုးကိုပဲ အပြစ်ဖို့ရမှာ ဖြစ်ပါတယ်။

     

    အခုဆို သမ္မတ၊ လွှတ်တော်အကြီးအကဲ၊ တပ်အကြီးအကဲနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေဟာ အတိတ်ကို ပြည်ဖုံးကားချ၊ အတိတ်က အပြစ်တွေ ပြန်မပြောနဲ့၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားကြမယ်လို့ တဖွဖွ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို အကြီးအကျယ် ဒုက္ခရောက်စေတဲ့ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုကိစ္စတွေ၊ အကြမ်း ဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ဒီကနေ့ အချိန်ထိ မွေးမြူထားတာ အံ့သြစရာ တွေ့မြင်နေရပါတယ်။ ဒါကလည်း အဲဒီအမုန်းတရား၊ လှုံ့ဆော်မှု၊ အကြမ်းဖက်မှုတွေဟာ ငါတို့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူး၊ အတိုက်အခံ အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေကိုပဲ ထိခိုက်စေတယ်ဆိုတဲ့ စဉ်းစားနည်းနဲ့များ မွေးမြူထားလေရော့သလား စဉ်းစားစရာ ဖြစ်စေပါတယ်။

     

    သမ္မတရုံး၊ အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ အရင် စစ်အာဏာရှင် ခေတ်ကလို တိုင်းပြည်ကို နစ်မွန်းအောင် မလုပ်သင့်တော့ပါဘူး။ ဒီအတွက် ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တဲ့ စိတ်ကူးတွေကို ခဏ ဘေးဖယ်ထားပြီး အမုန်းတရား ဖြန့်ဖြူးမှုတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ရပ်တန့်သွားအောင် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်အောင် စလုပ်ကြပါတော့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    https://www.facebook.com/sithu.aungmyint/posts/304162256433248

  • ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၁)

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media

    လူတိုင်းလူတိုင်းမှာ လူမှန်းသိတတ်စအရွယ်ကတည်းက ရည်မှန်းချက် ပန်းတိုင်ဆိုတာ ရှိခဲ့ကြပါတယ်။ ကလေးအရွယ်ငယ်ငယ်ကတည်းက “သားသားကြီးလာရင်ဘာလုပ်မလဲ၊ မီးမီးကြီးလာရင်ဘာလုပ်မလဲ” လို့ မေးရင် “ချရာဝန်ကြီးလုပ်မယ်၊ ချစ်ဗိုလ်ကြီးလုပ်မယ်”လို့ မပီကလာ ပီကလာလေးနဲ့ ပြန်ဖြေတတ်ကြပါတယ်။ ဒါပေမယ့်ဒီနေရာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အမှန်တကယ်လိုချင်တာဘာလဲ၊ အခုလက်ရှိအခြေအနေ မှာ ကျွန်တော်တို့အတွက် အမှန်တကယ်လိုအပ်နေတာကဘာလဲဆိုတာကိုတော့ ကွဲကွဲပြားပြား သိဖို့လိုပါ တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို မပျောက်ပျက်အောင်ထားရှိဖို့လည်းလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကမျှဝေချင်တာက ကျွန်တော်တို့ဟာ “ကိုယ့်စိတ်နဲ့ကိုယ့်ကို” ဖြစ်နေတာသေချာရဲ့လား? (တစ်နည်း) ကျွန်တော်တို့ရဲ့အတွေးတွေ၊ ကျွန်တော်တို့ရဲ့ဖြစ် ချင်တာတွေက အမှန်တကယ် ကျွန်တော်တို့ ဖြစ်ချင်တာတွေလား၊ ကျွန်တော်တို့ရှင်သန်ကြီးထွားနေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက ဆုံးမသွန်သင်ခဲ့တဲ့ မိဘဆရာသမားတွေရဲ့လောင်းရိပ်တွေသင့်နေတာလား? ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော် ဒီလိုပြောလို့ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွေနဲ့ ကိုယ့်ကို သွန်သင်ဆုံးမဖူးခဲ့တဲ့လူကြီးတွေကို ပမာမခန့် လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် လူ့သဘောမှာဖြစ်တတ်တာက … ကျွန်တော်တို့ငယ်ငယ်က သင်ကြားဖူးခဲ့ကြတဲ့ ကျေးညီနောင်ပုံပြင်လေးထဲကလိုပါပဲ။ “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ”ဖြစ်တတ်ကြပါတယ်။

    ဒီလိုပါပဲ။ ပုံစံတကျသင်ကြားပေးခြင်းကို ခံထားရတဲ့ကလေးတွေရဲ့ အတွေးတွေဟာလည်း ပုံစံနဲ့ပဲဖြစ်နေတတ်ပါတယ်။ ဥပမာ… ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အခုခေတ်လို နိုင်ငံခြားမှာ ပညာသွားသင်တာ၊ ကျောင်းသွားတက်တာခေတ်သိပ်မစားသေးဘူး၊ အဲဒီတော့ ကျွန်တော်တို့ သိပ်တက်ချင်ခဲ့တာ ရန်ကုန်တက္ကသိုလ်(ပင်မ)။  အခုတော့ ခေတ်ပြောင်း စနစ်ပြောင်း၊ နိုင်ငံခြား တက္ကသိုလ်က ဘွဲ့တစ်ခုလောက်ရမှ အလုပ် လုပ်ရကိုင်ရတာ ပိုအဆင်ပြေတဲ့သဘောကို တွေ့ရတယ်။ ဒါကတော့အများ သိကြပါတယ်။ အဲသည်တော့အခုခေတ်ကလေးတွေရဲ့ ရည်ရွယ်ချက်တွေက နိုင်ငံခြားတက္ကသိုလ်ကြီးတွေက သိပ္ပံဘွဲ့တွေ၊ မာစတာဒီဂရီတွေ၊ ကွန်ပျူတာမာစတာဘွဲ့၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ ဆေးပညာ အစရှိတဲ့အတန်းတွေကို တက်ရောက်ဖို့ဖြစ်လာပါတယ်။ ခေတ်တွေပြောင်းသလို လူတွေရဲ့အတွေးအခေါ်တွေ ကလည်း ပြောင်းလာပါတယ်။

    အိန္ဒိယကကျောင်းသားလေးတွေတော်တော် များများကပြန်ဖြေတာက ကျွန်တော်တို့ ရန်သူက ပါကစ္စတန် ပါတဲ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက်က ထူးထူးခြားခြားပြန်ဖြေတာက “ကျွန် တော်ရဲ့ရန်သူကတော့ ဆင်းရဲမွဲတေမှုပါတဲ့”

    ကျွန်တော်တို့ငယ်ငယ်တုန်းက ကလေးတော်တော် များများကတော့ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ အစရှိတာတွေကိုစိတ်ဝင်စားကြပါတယ်။ အဲဒီတော့ စာတော်တဲ့ ကလေးက စာတော်သလို ဆယ်တန်းအောင်ရင် လိုင်းကောင်းကောင်းရသွားပေမယ့် စာမတော်တဲ့ ကလေး တွေကြတော့ သူတို့ရဲ့ ပန်းတိုင်ကိုပြောင်းလိုက်ကြပါတယ်။ ဥပမာ… “င့ါစာကျက်နှုန်းနဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်မဖြစ်လည်း နိုင်ငံခြား သင်္ဘောတက်မယ်၊ စီးပွားရေးလုပ်မယ်”အစရှိသည်ဖြင့်။ စာတော်တဲ့ကလေး တချို့ကျပြန်တော့လည်း ဆရာဝန်တော့ဖြစ်ပါရဲ့၊ မိဘအကြိုက်လိုက်လုပ်ပြီး ဆရာဝန် ဖြစ်တာ၊ သူဝါသနာ ပါတာက စီးပွားရေး၊ အဲဒီတော့ ဆရာဝန်စီးပွားရေးသမားတွေကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရပါတယ်။

    အဲဒီတော့ ကျွန်တော်တို့ကလေးတွေဟာ ၎င်းတို့ရဲ့ ပညာရေးလမ်းကြောင်း ရွေးချယ်ရာမှာ မိဘအကြိုက်၊ ပတ်ဝန်းကျင် အနေအထား ၊ ခေတ်စနစ်ရဲ့တောင်းဆိုမှု၊ ကျောင်းပြီးရင် ဝင်ငွေကောင်းပြီး သိက္ခာရှိတဲ့အလုပ်အကိုင်ရရှိမှုစတာတွေကိုမူတည်ပြီး မိမိတို့ဝါသနာပါတာထက် မိမိတို့ ဖြစ်သင့်တာကို ရွေးကြရပါတယ်။ အဲဒီကိုယ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရင်းကိုင်ရင်းတဖြေးဖြေးနဲ့ အဲဒီအလုပ်နဲ့ အသားကျပြီး ဝါသနာပါသွားအောင်လည်း လုပ်ကြရပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ပုံစံအမျိုးမျိုးနဲ့ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်သွားတဲ့ နေရာမှာ  ဘးပယောဂမျိုးစုံလည်းတွေ့ရတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မျှဝေချင်တာကတော့ ရည်မှန်းချက် ပန်းတိုင်လို့ပြောတဲ့နေရာမှာ ကျွန်တော်တို့တစ်ဦးချင်းစီမှာ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိတတ်ကြသလို ကျွန်တော်တို့တစ်မျိုးသားလုံးအနေနဲ့လည်း ”အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်”ဆိုတာလည်းရှိဖို့လိုအပ်ပါတယ်။

    အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေက ဘာတွေလဲ? အဲဒီရည်မှန်းချက်တွေအောင်မြင်ဖို့ လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့ကို အဓိက အဟန့်အတားလုပ်နေတဲ့အ ရာက ဘာများပါလဲ၊ Obstacle အတားအဆီး၊ အနှောင့်အယှက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ရဲ့ ရန်သူက ဘယ်သူလဲ?

    ကျွန်ုပ်တို့၏အဓိက ဘုံရန်သူ ဘယ်သူလဲ?

    ဒီနေရာမှာ အိန္ဒိယသမ္မဟောင်းအဗ္ဗဒူလ်ကလာမ် ရေးခဲ့တဲ့စာအုပ်ထဲက အချက်လေးတစ်ချက်ကို မျှဝေချင်ပါတယ်။ အဲဒီအိန္ဒိယ သမ္မတကြီးက အိန္ဒိယနိုင်ငံ တဝှမ်းမှာရှိတဲ့ ကျောင်းတွေကို လှည့်ပတ်စစ်ဆေးပြီး ကျောင်းသား/သူလေးတွေကို မေးခွန်းလေး တစ်ခုမေးပါတယ်။ အဲဒီမေးခွန်းလေးကတော့ ” သင်တို့ရဲ့ရန်သူက ဘယ်သူလဲ”တဲ့။ အဲဒီတော့ အိန္ဒိယကကျောင်းသားလေးတွေတော်တော် များများကပြန်ဖြေတာက ကျွန်တော်တို့ ရန်သူက ပါကစ္စတန် ပါတဲ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက်က ထူးထူးခြားခြားပြန်ဖြေတာက “ကျွန် တော်ရဲ့ရန်သူကတော့ ဆင်းရဲမွဲတေမှုပါတဲ့”။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကလေးမှာ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။

    ဒါပေမယ့် သူ့မိဘက ဒီကလေးကို ပညာတတ်ဖြစ်စေချင်တယ်၊ သားသမီးအားလုံးကိုလည်း ကျောင်း မထားနိုင်ဘူး၊ ဆင်းရဲရှာတာကိုး၊ အဲဒီတော့အဲဒီကလေးက စာသင်ခန်းထဲမှာပညာသင်နေတဲ့အချိန်မှာ သူ့လိုပဲ စာသင်ရမယ့်အရွယ်တွေဖြစ်တဲ့ သူ့ညီအစ်ကိုမောင်နှမတွေကတော့ စာသင်ခန်း အပြင်မှာ ကြုံရာကျပန်းလုပ်ပြီး မိသားစုစားဝတ်နေရေးကို ကူညီနေရပါသတဲ့။ အဲဒါကြောင့် ဒီကလေးက သူ့လိုပဲ သူ့ညီအစ်ကိုမောင်နှမတွေကို လည်း ကျောင်းစာသင်စေချင်တော့ သူက ဆင်းရဲမွဲတွေမှု ဆိုတာကြီးကိုမုန်းသွားတာပါ။ ဒီတော့ ဒီကလေးကို ဓမ္မဓိဌာန်ကျတဲ့အမြင်ရှိတဲ့ကလေးလို့ချီးကျူးရင်လွန်တယ်လို့မဆိုနိုင်ဘူးလို့ပြောချင်ပါတယ်။  စာရေးဆရာဘိုးလှိုင် ဘာသာပြန်ထားတာရှိပါတယ်။ ”ဦးနှောက်များကို မီးညှိခြင်း”ဆိုတဲ့စာအုပ်ပါ။ မူရင်းကတော့ Ignited Mind ဖြစ်ပါတယ်။

    အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမျိုးသားရေးရည်မှန်းချက်ဆိုတာနဲ့ ပတ်သက်ပြီးပြောတယ်ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမျိုး/ဘာသာမရွေး၊ အသားအရောင်မရွေး လူတန်းစား ကွာဟမှုတွေကို လျှော့ချပစ်ချင်တယ်။ လူတိုင်းလူတိုင်းဟာ အနည်းဆုံးတော့ စား၊ဝတ်၊နေ ရေးအဆင်ပြေပြေနဲ့ ဘဝတစ်ခုကို သက်တောင့်သက်သာနဲ့ သိက္ခာရှိစွာဖြတ်သန်းစေချင်ပါတယ် ဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။

    နိုင်ငံတော်အစိုးရအနေနဲ့လည်း ယခုအခါ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အားပေး ကူညီနေတာတွေ မရှိဘူးမဟုတ်ပါဘူး၊ ရှိပါတယ်။ အစိုးရလူကြီးမင်းများရဲ့ စေတနာကိုလေးစားပါတယ်။ ဒါပေမယ့် အခုခေတ်က ဟိုးအရင်ကလို “ကြွေးတင် ရှင်ဘုရင် ဆပ်တဲ့ခေတ်” မဟုတ်၊ ‘မိုးကျရွှေကိုယ်”မျှော်တဲ့ ခေတ်မဟုတ်တော့ပါ။ ”ဖန်ဆင်းရှင် ထာဝရဘုရားသခင်က ငှက်တွေအတွက် အစာကို ဖန်ဆင်းပေးထားပေမယ့် ငှက်တွေရဲ့အသိုက်ထဲကိုတော့ ထည့်ပေးထားတာမဟုတ်ပါဘူး”ဆိုတဲ့  စာဆိုကျော် သူတော်စင်ကြီး အိုမာခယမ်ရဲ့ အဆိုအမိန့်လေးကလည်း မှတ်သားစရာပါ။ စာရေးသူတို့မြန်မာပြည်မှာတော့ တစ်ချိန်တုန်း ကတော့ ”ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်၊ လူမွဲတွေကမနှေးခေတ်မီ သူဌေးဖြစ် တော့မည်” ဆိုတဲ့ နဂါးနီသီချင်းဟာ တော်တော်ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခု အဲဒီ နဂါးနီသီချင်းထဲကလို ကျွန်တော်တို့အားလုံး နဂါးနီတွေဖြစ်အောင်လုပ်ကြရပါမယ်။ (နိုင်ငံရေးပါတီ ထောင်ရန်ပြောခြင်းမဟုတ်ပါ။ ကိုယ့်အားကိုယ်ကိုးကြရမည်၊ အများအကျိုးဆောင်ကြရမည်ဟု ဆိုလိုခြင်းဖြစ် ပါသည်။)  အဲဒီတော့… ကျွန်တော် တို့ဘာလုပ်ကြမလဲ။

    မိသားစုတစ်စုမှသည် နိုင်ငံတစ်နိုင်ငံအထိအတွက် အဓိကလိုအပ်တဲ့ အခြေခံကျတဲ့အဆောက်အအုံ တွေထဲမှာ စီးပွားရေးက အဓိကအခြေခံကျတဲ့အဆောက်အအုံဖြစ်ပါတယ်။ အဆောက်အအုံတစ်ခုကိုဆောက် လုပ်တဲ့နေရာမှာ အောက်ခြေဖောင်ဒေးရှင်းကို ခိုင်မာအောင်အရင်ပြုလုပ်ပြီးမှ အထပ်ဘယ်နှစ်ထပ်တက်မှာလဲ၊ အလှအပတွေ ဘယ်လိုမွမ်းမံမလဲ… စတာတွေဆက်လုပ်ဖို့အတွက် ကိုယ်ဆောက်လုပ်မယ့်တိုက်အလွှာအရေ အတွက်နဲ့ ထုထည်ပမာဏတွေကိုတွက်ချက်ပြီး ဖောင်ဒေးရှင်း တူးပြီးအောက်ခြေခိုင်အောင် လုပ်ရသလိုပဲ နိုင်ငံ တစ်နိုင်ငံမှာလည်း စီးပွားရေးခိုင်မာတောင့်တင်းပါမှ ကျန်းမာရေး၊ ပညာရေးအခန်းကဏ္ဍတွေ ကောင်းမွန် တိုးတက်လာမှာဖြစ်သလို အလှူကြီးအတန်းကြီးလည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုတွေလုပ်နိုင်ဖို့ကတော့ တရား ဥပဒေစိုးမိုးရေးက အဓိကကျပါတယ်။

    အမေရိကန်နိုင်ငံက စီးပွားရေးပညာရှင်/လုပ်ငန်းရှင်ကြီး Robert T.Kiyosaki ပြောတဲ့ (၄)ကွက်ကျား စီးပွားရေးဗျူဟာ

    image for art

    ဒီနေရာမှာအလျဉ်းသင့်လို့ မျှဝေချင်တာကတော့ Robert T.Kiyosaki ရဲ့ ၄ ကွက်ကျား စီးပွားရေး ဗျူဟာပါ။ ဒီ Robert T.Kiyosaki ဆိုတဲ့ စီးပွားရေးပညာရှင်ကြီးက လူတွေရဲ့အလုပ်လုပ်ပုံလုပ်နည်းတွေကို (၄) ကွက်ဇယားဆွဲပြီး အထက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။ အခြမ်း(၂)ခြမ်းနဲ့ အကန့်(၄)ကန့် ရှိတယ်။ ယေဘုယျ အားဖြင့်ကတော့…

    နံပါတ် – ၁ ကတော့… E – Employee (ဝန်ထမ်း)ပေါ့။ အချိန်ကန့်သတ်ချက်ရှိတယ်၊ ဝင်ငွေကန့်သတ်ချက် ရှိတယ်။  ဒါပေမယ့် သင့်မှာ အလုပ်တော့ရှိတယ်။ safe ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

    နံပါတ် – ၂ ကတော့… S – Self Employed (တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေပေါ့)။ ဒီအကန့်မှာတော့ သင်ကသူများအတွက် အလုပ်လုပ်စရာမလို၊ သင့်အတွက်သင်အလုပ်လုပ်တယ်ဆိုပေမယ့် သင်ရက်ရှည်အနား ယူလို့ရပါသလား၊ သင်မရှိရင်ကော သင့်လုပ်ငန်းတွေက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေမှာပဲလား။ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒီလိုလုပ်ဖို့မလွယ်ပါဘူး။ အဲဒါ E နဲ့  S ၊ (၄)ကွက်ကျားဇယား ရဲ့ ဘယ်ခြမ်း။ သူကတော့ Active Income လို့ခေါ်ပါတယ်။ ပိုက်ဆံရဖို့အတွက် အလုပ်တွေကို ကိုယ်ကိုယ်တိုင် လုပ်ရတာကိုး။

    ဒီလိုဆို… ပိုက်ဆံရဖို့အတွက် အလုပ်တွေကို ကိုယ်ကိုယ်တိုင်လုပ်စရာမလိုဘူးလားလို့ ခနဲ့တဲ့တဲ့မေးစရာ ရှိတယ်။ သူကဆက်လက်ပြီး ဇယားရဲ့ ညာဖက်အခြမ်းကိုရှင်းပြပါတယ်။

    နံပါတ် -၃ ကတော့ …. Big Business Owner (စီးပွားရေးလုပ်ငန်းရှင်ကြီး)။ သူတို့ကို Entrepreneur လို့လည်းခေါ်ပါသေးတယ်။ ဒီအခြမ်းကိုတော့ Passive Income လို့သူကသတ်မှတ်လိုက်ပါပြီ။ ငွေရဖို့ ကိုယ်က အလုပ်ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘဲ သူများတွေက ကိုယ့်အတွက် အလုပ်ပြန်လုပ်ပေးနေတာပါပဲ။ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတွေ(တစ်နည်း) Employee လို့ ခေါ်တဲ့ E အကန့်ကလူတွေကို အလုပ်တွေပြန်ခိုင်း ထားတာပါပဲ။ ပြီးတော့ Self Employed လို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နေတဲ့ S အကန့်က လူတွေကိုလည်း ပြန်ခိုင်း ထားနိုင်ပါသေးတယ်။ ဥပမာ… ထီလုပ်ငန်းရှင်ကြီး တစ်ဦးက သူ့ရဲ့လက်ဝေခံ ထီလိုက်ရောင်းနေတဲ့ ထီသည်တွေ (တစ်နည်း)တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေကို သူ့ထီလက်မှတ်တွေ လိုက်ဖြန့်ခိုင်း သလိုမျိုးပေါ့။ ဒီနေရာမှာ သူများတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဝယ်ယူလုပ်ကိုင်တဲ့ Franchise လို လုပ်ငန်းမျိုးတွေ လည်းလုပ်ကိုင်နိုင်ပါသေးတယ်။ ဥပမာ… ကိုယ့်ဘာသာကိုယ် ကွန်ပျူတာသင်တန်းအသစ်တစ်ခုကို နာမည် အသစ်နဲ့ စဖွင့်ရင် နာမည်ရဖို့ အပြိုင်အဆိုင်တွေကြားမှာ တော်တော်ရုန်းကန်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥပမာ… KMD လို နာမည်ရှိပြီးသား ကွန်ပျူတာလုပ်ငန်းကြီးတစ်ခုကို franchise ယူပြီး သူ့ရဲ့နာမည်နဲ့ နည်းပညာတွေ၊ သူ့ဆီက ကျွမ်းကျင် ပညာရှင်တွေရဲ့အကူအညီနဲ့ ဖွင့်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒါဟာလည်း KMD ကို franchise ကြေးပေးသွင်းရတယ်။

    ကိုယ့်လုပ်ပိုင်ခွင့်ကလည်း နယ်မြေ ကန့်သတ်ခံရတယ်။ ဥပမာ… ဗိုလ်တထောင် မြို့နယ်မှာပဲဖွင့်ခွင့်ရှိမယ်။ ကျောက်တံတားမှာ သွားဖွင့်လို့မရဘူး။ ဒါမျိုးပေါ့။ ဒါပေမယ့် နာမည်ရပြီးသားလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့အတွက် အခုခေတ်လို အမှတ်တံဆိပ်တွေ စားသုံးကြတဲ့ခေတ်ကြီးမှာ ကိုယ့် လုပ်ငန်းဟာ မြန်မြန်နဲ့အောင်မြင်လာနိုင်ပါတယ်။ ၂၁-ရာစု မှာအောင်မြင်ခေတ်စားလာတဲ့ စီးပွားရေးနည်းစနစ်တစ်ခုဖြစ်တဲ့ Multi Level Marketing လို့ခေါ်တဲ့ ကွန်ရက် ဖြန့်စီးပွားရေး နည်းဗျူဟာကိုသုံးပြီး ကြီးပွားအောင်မြင်လာသူတွေလည်း ဒုနဲ့ဒေးပါ။ ငွေအရင်းအနှီး ရာဂဏန်း လောက်နဲ့ ကွန်ရက်ဖြန့် ကုမ္ပဏီကြီးကိုဝင်၊ တိုက်ရိုက်ဖြန့် ကိုယ်စားလှယ်လုပ်၊ လူတွေပွားပြီး ကွန်ရက်တွေဖွဲ့၊ ကိုယ့်ကွန်ရက်တွေ အားကောင်းလာပြီ၊ ကိုယ့်ကွန်ရက်ထဲမှာ ဝယ်လိုအားများလာပြီဆိုရင် ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ကွန်ရက်ထဲမှာ ပါဝင်လှုပ်ရှားနေတဲ့သူတွေရော ကုမ္ပဏီကရတဲ့ ထိုက်တန်တဲ့ ဆုကြေးငွေတွေနဲ့ သူဌေးကြီးဖြစ်လာ သူတွေလည်းရှိပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ အရင်းအနှီး ကြီးကြီးမားမား မလိုဘဲ လုပ်ငန်းရှင်ကြီးဖြစ်နိုင်တဲ့ နည်းပါ။ အတုအယောင် ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒါပေမယ့် တကယ် အောင်မြင်နေတဲ့ကုမ္ပဏီတွေလည်းအများကြီးပါ။

    နံပါတ်-၄ ကတော့ ရင်းနှီးမြှုပ်နှံသူတွေ (တစ်နည်း) Investor တွေဖြစ်ပါတယ်။ ဒီအကန့်ကတော့ လူက ငွေရဖို့ အတွက် အလုပ်လုပ်စရာမလိုဘဲ ငွေကို ငွေနဲ့ပြန်ရင်းပြီး ငွေကို လူအတွက် အလုပ်ပြန်လုပ်ခိုင်းတဲ့အကန့်ပါပဲ။ အောင်မြင်နေတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံသူကြီးတွေပါပဲ။ ဥပမာ.. နာမည်ကြီးအနုပညာရှင်တစ်ယောက်၊ သူ့အနု ပညာလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ပေမယ့် သူက ရေသန့်စက်ရုံကြီးတွေထူထောင်ထားတယ်။ သူ့လုပ်ငန်း တွေက ပုံမှန်လည်ပတ်နေတယ်။ အိမ်၊ ခြံ၊ မြေ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်… အစရှိသည်ဖြင့်။ အဲဒီတော့ သူမှာ အားလပ်ချိန်တော်တော်များနေတယ်။ ငွေတွေကလည်းဝင်နေတယ်။ သူကတော့ ဂေါ့ဖ်သီး လေးရိုက်လိုက်၊ အနားယူအပန်းဖြေစခန်းတွေမှာနားလိုက်နဲ့ ဖြစ်နေတော့တာပါပဲ။ ဒါပေမယ့် သူအနားယူနေတဲ့ အချိန်မှာလည်း သူ့ဘဏ်အကောင့်ထဲကို ငွေတွေကဝင်နေတာပါပဲ။ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံသူကြီးတွေ လည်းရှိပါတယ်။ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေက သူတို့အတွက် အလုပ်ပြန်လုပ်ပေးနေလို့ပါပဲ။

    အထက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားတွေကတော့ လူတွေအားလုံးပါဝင်ပတ်သက်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းမျိုးတွေပဲဖြစ်ပါတယ်။ ကိုယ်ဘယ်အကန့်မှာပါနေသလဲဆိုတာ အဲဒီအကန့်(၄)ကန့်နဲ့ချိန်ထိုးကြည့်စေချင် ပါတယ်။ တချို့တွေကျတော့ အကန့်တစ်ခုမှ တစ်ခုသို့ပြောင်းပြီး ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့် သွားတာတွေလည်း ရှိပါတယ်။ ဥပမာ.. လူတစ်ယောက်၊ နိုင်ငံခြားသွား အလုပ်လုပ်တယ်။ ဝန်ထမ်းဆိုတော့ Employee – (E) အကန့် ပေါ့။ ပြီးတော့ မြန်မာပြည်ပြန်လာပြီး ကိုယ့်ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်တယ်။ စားသောက်ဆိုင်လေး တစ်ခုဖွင့်တယ်ထားပါတော့။ ဒါပေမယ့် မြန်မာပြည်မှာ စားသောက်ဆိုင်ဖွင့်ရတာ တစ်လနဲ့တစ်လ အမြတ်မရရုံ အပြင် အရင်းထဲကပါ ပါလာတော့ သူမခံနိုင်တော့ဘူး။ သူလုပ်ငန်းမကျွမ်းကျင်တာလည်းပါမှာပေါ့လေ။ အဲဒီတော့ နောက်ဆုံး နိုင်ငံခြားပဲပြန် ထွက်သွားပြီး (E) အကန့်ထဲပြန်ရောက်သွားတာမျိုးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားမှာ အလုပ်သွားလုပ်တာက ဒီမြန်မာပြည်မှာလုပ်နေတဲ့ ကိုယ်ပိုင်စီးပွားရေးထက်ကို ပိုဝင်ငွေကောင်းတာကိုး။

    ဆက်လက်ဖော်ပြပါမည်။

  • “ မန္တလေး အကြမ်းဖက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ ”

    “ မန္တလေး အကြမ်းဖက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ ”

    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၂၁-၇-၁၄။ စာ-၉။

    (1)_Wira_Thu_-_2014-07-02_02.37.56
    ဇူလိုင် လဆန်းက ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ ည မထွက်ရ အမိန့်ထုတ်ပြန်ထားရဆဲ မန္တလေး အကြမ်းဖက်မှုကြီးကို စတင်စေခဲ့တဲ့ မုဒိန်းမှုဆိုတာဟာ လီဆယ် တိုင်တန်းမှု တစ်ခုပဲ ဖြစ်တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါပြီ။ လီဆယ်တိုင်တန်း မှု တစ်ခုတောင် ခုလို အကြမ်းဖက်မှုကြီး ဖြစ်ရတယ် ဆိုရင် တကယ့်မှုခင်းတွေဆို ဒီထက်မက ဖြစ်နိုင်ခြေ အများကြီး ရှိတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါတင်မက ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် ဖန်တီးရ၊ လှုံ့ဆော်ရ အလွန်လွယ်ကူ၊ အဲလို လုပ်လို့လဲ ဘာမှ အရေးယူ မခံရဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း ထွက်ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဘက်က ဘာမှ သုံးသပ်တာ၊ အရေးယူ ဆောင်ရွက်တာ မလုပ်တော့ဘူးလားလို့ မေးစရာ မေးခွန်း ရှိလာပါတယ်။ ဒီကနေ့ ဒီအကြောင်း သုံးသပ်တင်ပြသွားပါ့မယ်။

    ပထမ တစ်ချက်ကတော့ မုဒိန်းကျင့်ခံရပါတယ် ဆိုတဲ့ တိုင်တန်းချက်တစ်ခုကို ဘယ်မီဒီယာတွေက ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာပါ။ “ တိုင်ကြားထားချက် ” ကို “ တိုင်ကြားထားချက်” လောက် မဖော်ပြပဲ တကယ်ပဲ ဖြစ်ခဲ့သယောင်၊ စွတ်စွဲခံရသူတွေက တကယ်ပဲ ကျူးလွန်ခဲ့သယောင် ရေးသားမှုက ပထမ ဦးဆုံး တာဝန်ရှိပါတယ်။ ဒုတိယ တစ်ချက်ကတော့ “ တိုင်ကြားထားဆဲ ” အဆင့်လောက်ပဲ ရှိနေသေးတဲ့ မှုခင်းတစ်ခုခုကို စွတ်စွဲခံရသူဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အချက်တစ်ခုထဲနဲ့ အသည်းအသန် လိုက်လံ စုံစမ်း၊ သတင်းဖြန့်ဖြူး လုပ်ခဲ့ကြသူတွေလည်း တာဝန်ရှိပါတယ်။ အခုဖြစ်စဉ်မှာ အရှင်ဝီရသူဟာ အဲဒီ ကိစ္စ တိုင်ချက် “ပ ” နံပါတ်ရဖို့ မဘသ အဖွဲ့ဝင်တွေကို ပျဉ်းမနားရဲစခန်းအထိ သွားပြီး မေးမြန်း ခိုင်းခဲ့တာပါ။ တစ်နှစ်ကို မုဒိန်းမှုပေါင်း ၇၀၀ ကျော်လောက် ဖြစ်ပွားနေတဲ့၊ သက်ငယ်မုဒိန်းမှုတွေ အလွန်ပေါများ အရုပ်ဆိုး အကျည်းတန်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ ခုလို အဓမ္မပြုကျင့်တယ် ဆိုပြီး ဘာသာခြားကို စွတ်စွဲတဲ့ ကိစ္စမျိုးတွေကိုမှ ရွေးပြီး ဘာကြောင့် စုံစမ်းခိုင်းရတာလဲ။ ဒါဟာ ဘုရားသားတော် သံဃာတွေ လုပ်ရမယ့် လုပ်အပ်တဲ့ အလုပ် ဟုတ်ပါရဲ့လား။ စသဖြင့် မေးစရာရှိလာပါတယ်။

    တဆက်တည်း ဒီ ကိစ္စကို ဦးဝီရသူနဲ့ မတူကွဲပြားပါတီ ခေါင်းဆောင် နေမျိုးဝေတို့ သူတို့ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ရေးကြသားကြ ပါတော့တယ်။ ဦးဝီရသူဆိုရင် ဇူလိုင် ၃ ရက်နေ့မှာ ခုလို ရေးခဲ့ပါတယ်။ “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ) အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဒီထက် ဆိုးတာတွေတောင် အများကြီး ရှိပါသေးတယ်။ တကယ်တော့ ဒါဟာ အမုန်းတရား ဖြစ်ပေါ်ဖို့ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှု တစ်မျိုးလို့ ဆိုရင် မမှားပါဘူး။ နေမျိုးဝေကတော့ အမုန်းတရား ဖြစ်ဖို့ လှုံ့ဆော်ရုံမက အကြမ်းဖက်ဖို့တောင် လှုံ့ဆော်ခဲ့ပါတယ်။

    ဒီလောက်တောင်ပဲလား ဆိုတော့ မက သေးပါဘူး။ မန္တလေးမှာ ဆူပူမှု စဖြစ်တော့ မန္တလေး မဘသ အဖွဲ့ကြီးဟာ တစ်ဖက်က ဒီဆူပူမှုတွေဟာ သူတို့ကြောင့် မဟုတ်ပါဘူး လို့ ပြောပြီး အခြားတစ်ဖက်က အဲဒီ တိုင်ကြားထားဆဲ မုဒိန်းမှု ကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆိုပြီး တရားဝင် ကြေငြာချက်ထုတ် တောင်းဆိုတာမျိုးတောင် လုပ်လိုက်ပါသေးတယ်။ ပြောရရင် မန္တလေးမှာ အကြမ်းဖက်မှုကြီး ဖြစ်ပွားအောင် အဦးအစ လှုံ့ဆော်သူတွေဟာ အဲဒီ သံဃာ၊ အဲဒီ လူပုဂိုလ်နဲ့ အဲဒီ အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ တစ်တိုင်းတစ်ပြည်လုံးလဲ သိကြပါတယ်။

    “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဦးဝီရသူ

    တတိယ တစ်ချက်ကတော့ တိုင်ကြားထားဆဲ အမှုတစ်ခုက တိုင်ကြားခံလူတွေကို ထုတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတာပါ။ တကယ်တော့ လူတွေ ဒီလို စုရုံးပြီး စွတ်စွဲခံရသူတွေကို ထုတ်ပေးဖို့ တောင်းဆိုမှု လုပ်လာအောင် ကနဦး လှုံ့ဆော်ပေးခဲ့သူတွေဟာ အဲဒီ လီဆယ် တိုင်တန်းထားတဲ့ မုဒိန်းမှုကို တကယ့်ဖြစ်ရပ်ကြီးသဖွယ် မီးမောင်းထိုး လှုံ့ဆော် ရေးသားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တကယ့် မုဒိန်းမှု အစစ်အမှန် ဖြစ်ခဲ့ရင်တောင် ဒီလို လူစုလူဝေး လူအုပ်ဝါဒနဲ့ ရိုင်းစိုင်းကြမ်းတမ်း တဲ့သူတွေလို ဥပဒေ အပြင်ဘက်က ကိုယ့်ဖာသာကိုယ် အပစ်ပေးချင်တဲ့ ပုံစံမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ တရားဥပဒေ အတိုင်း စီရင်စေရမှာပဲ ဖြစ်ပါတယ်။

    စတုတ္တ တစ်ချက်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာချိန် ဒုတ်ဒါးကိုင်ဆောင် လှည့်လည် သွားလာသူတွေကို တားဆီးဖို့ မကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ပြသနာပါ။ အဲလို အကြမ်းဖက်မှုကို တစ်ပြိုင်နက်တည်း မနှိမ်နင်းတဲ့အခါ အကြမ်းဖက်သူတွေ ပို အတင့်ရဲလာပါတယ်။ နောက်ပိုင်းမှ ဖမ်းမယ် ဆိုတဲ့အခါ လိုရင် လိုသလို မလိုရင် မလိုသလို၊ အရေးယူတာတွေ၊ အရေးမယူပဲ လျစ်လျူရှုပေးထားလိုက်တာတွေ အားလုံး လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ခုဆိုရင် အာဏာပိုင်တွေဟာ လူသတ်မှု နှစ်မှုရဲ့ လက်သည်တရားခံ ဖော်ထုတ်ပြီး ပြည်သူတွေကို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

    တိုင်းပြည်တစ်ပြည်မှာ အမုန်းတရား ပေါက်ဖွားနိုင်ပါတယ်။ ဆူပူဖို့ လှုံ့ဆော်မှုသူတွေ ရှိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီမှာ အစိုးရ တစ်ရပ်ရဲ့ တာဝန်ဟာ နောက်နောင် အဲလို ထပ်မဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ အရေးယူတားဆီးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်သူတွေကို ပညာပေးတာမျိုး လုပ်ရပါမယ်။ အခုကတော့ ဗြောင်းပြန်ပါပဲ။ အမုန်းတရား ဖြန့်ဖြူးသူတွေ အရှိန်အဟုန် မပျက် ဆက်ပြီး ဖြန့်ဖြူးနေနိုင်ကြပါတယ်။ ဆူပူဖို့ လှုံ့ဆော်သူတွေ ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်။ အကြမ်းဖက် သမားတွေကလည်း အခွင့်ပေါ်လာတိုင်း အကြမ်းဖက်ကြပါဦးမယ်။ အကြောင်းကတော့ အာဏာပိုင် အဖွဲ့အစည်းက ထိထိရောက်ရောက် အရေးယူမှု မရှိတာ၊ တမင် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က စ လိုက်တဲ့ အကြမ်းဖက်မီး မိတ္တီလာ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ အခုနောက်ဆုံး မန္တလေး ရွှေမြို့တော်အထိ မရပ်မနား ကူးစက် လောင်ကျွမ်းခဲ့ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အခု မန္တလေး ဇတ်လမ်းအစ အဖြစ်မှန်ပေါ်လာပါပြီ။ အာဏာပိုင်တွေအနေနဲ့ ဒီလို ပြသနာမျိုး နောက်ထပ် ဖြစ်ပေါ်မလာရလေအောင် ကာကွယ်တားဆီးရမယ့် အပြင် လီဆယ် တိုင်တန်းသူကို ဥပဒေ အရပဲ အရေးယူရပါမယ်။ သူ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ၀ါဒဖြန့်ပြီး တရားလွန် အပစ်ပေးတာမျိုး ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်အောင် မလုပ်သင့်ပါဘူး။ ပုံမှန် တရားဥပဒေအတိုင်း စီရင်ရပါမယ်။

    အလားတူ စွပ်စွဲခံရတဲ့၊ နစ်နာသွားတဲ့ လဖက်ရည်ဆိုင် ပိုင်ရှင်တွေ သူတို့ အလုပ် သူတို့ ဆက်လုပ်နိုင်အောင် အာဏာပိုင်တွေက အပြည့်အ၀ အကာအကွယ်ပေး တာဝန်ယူရပါမယ်။ အပြစ်မရှိတဲ့ နိုင်ငံသားတွေကို အစိုးရက အကာအကွယ်ပေးတာမျိုး ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်တဲ့ ဒီပဲရင်း လို အကြမ်းဖက်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမဲစက် စွန်းထင်းခဲ့ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့ အဲလို အခြေအနေမျိုး မဖြစ်အောင် ရှောင်ရှားလိုတယ်ဆိုရင် အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စတွေ စပြီး ကိုင်တွယ်ပါ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူပါ၊ နောက်နောင် မဖြစ်ပွားအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ဖို့ စပြီး ပြင်ဆင်ပါ၊ စာနယ်ဇင်း သတင်းသမားတွေကို တကယ့် တိုင်းပြည်ဖျက်မယ့် ရန်သူကြီးတွေ သဖွယ် ဖိနှိပ်ရန်ရှာနေတာတွေကို ရပ်ပါတော့လို့သာ မေတ္တရှေ့ထား၊ တိုက်တွန်း ပြောကြားလိုက်ရပါတယ်။

    စည်သူအောင်မြင့်။
    https://www.facebook.com/sithu.aungmyint/posts/303850966464377

  • အာဇာနည် အလွမ်း

    အာဇာနည် အလွမ်း

    ဇူလိုင် ၁၉ ၊ ၂၀၁၄
    TheVoice မှ ကူးယူဖော်ပြပါသည်။

    ဒီလ ဇူလိုင် ၁၉ ဆိုလျှင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံရသည်မှာ (၆၇) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ဘာပဲပြောပြော အာဇာနည်နေ့ကို ရောက်ရင်တော့ဖြင့် တစ်နှစ်လျှင် တစ်ကြိမ်တော့ ခေါင်းဆောင်ကြီးများ အကြောင်းကို တွေးဖြစ်သည်။ စဉ်းစားဖြစ်သည်။ သတိရဖြစ်သည်။

    ဒီနှစ်တော့ ထူးထူးခြားခြား ဆရာကြီး ဦးရာဇတ်အကြောင်းက အာရုံထဲ ရောက်နေသည်။ ဆရာကြီး ဦးရာဇတ် အကြောင်းကို ပြောချင်နေသည်။ အထူးသဖြင့် ယနေ့နိုင်ငံရေး အခြေအနေအရ ပြောသင့်သည်ဟု ယူဆတာကြောင့်လည်း ပါသည်။ ယနေ့ ဘာသာရေး ပြဿနာများအပေါ် သက်ရောက်မှု တစ်ခု ဖြစ်လေမလားလို့ အောက်မေ့တာကြောင့်လည်း ပါပါသည်။

    ဆန့်ကျင်ဘက်များ ပေါင်းစပ်ခြင်း

    ဆရာကြီး ဦးရာဇတ်ဟု ပြောလျှင် အနောက်တိုင်း ဝတ်စုံနှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးထားသော ကုလားဆင်ရုပ်မျိုးကို ပြေးမြင်ကြမည် ထင်ပါသည်။ မှန်ပါသည်။ ဆရာကြီး ဦးရာဇတ် ဆိုသည်ကား အမှန်တော့ မွတ်ဆလင်စစ်စစ် တစ်ဦးသာ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင် အားလုံး၏ အသည်းကို ဖမ်းစားနိုင်သော ဘာသာခြားတစ်ဦး ဖြစ်နေသည်ကတော့ တကယ်ပင် ထူးခြားသည်။

    သေသေချာချာကြည့်လျှင် ဆရာကြီးမှာ ဆန့်ကျင်ဘက်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဆရာကြီး၏ ဖခင်သည် အင်္ဂလိပ်အစိုးရ အမှုထမ်း (ပုလိပ် အင်စပတ်တာ) ဖြစ်သော်လည်း ဆရာကြီးမှာကား အင်္ဂလိပ်ကို ချေမှုန်းတိုက်ထုတ်လိုသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည်။

    ဦးရာဇတ်သည် အိန္ဒိယအနွယ်ဖွား တစ်ဦး ဖြစ်သော်လည်း မျိုးချစ်စိတ်ဓာတ် ပြင်းထန်လှသည့် အမျိုးသားကျောင်း၏ ကျောင်းအုပ်ဆရာကြီး တစ်ဦးပင် ဖြစ်နေပြန်သည်။ ဆရာကြီးသည် ဘာသာခြားတစ်ဦး ဖြစ်နေသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစိတ် ပြင်းထန်လှသည့် မန္တလေးကဲ့သို့ ဒေသမျိုး၏ ဖဆလပ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

    ဆရာကြီးသည် မွတ်ဆလင်တစ်ဦး ဖြစ်နေသော်လည်း မန္တလေး သံဃာထုမှ ဦးရာဇတ်ကို ပညာရေး ဝန်ကြီးအဖြစ် ခန့်ပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းထံ တောင်းဆိုခြင်းပင် ခံရသောပုဂ္ဂိုလ်မျိုးလည်း ဖြစ်နေပြန်ပါသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာ ရဟန်းရှင်လူအပေါင်း၏ ချစ်ခြင်းမေတ္တာ အားလုံးကို ပိုင်ဆိုင်ထားသည့်နည်းတူ တစ်ဖက်တွင်လည်း ဗမာမွတ်ဆလင် ကွန်ဂရက်၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

    ထူးဆန်းပါသည်။ အမှန်ပင် ထူးခြားပါသည်။ ထို့ကြောင့်ပင် ဆန့်ကျင်ဘက်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ ဘာသာခြားတစ်ဦးကို လူထုကသာမက မန္တလေးလို ဒေသမျိုးက ရဟန်းတော်များကအစ ဘာကြောင့် လိုလိုလားလား ဖြစ်ရသနည်း ဆိုသည်ကတော့ အတော်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ စိတ်လည်း ဝင်စားသင့်ပါသည်။

    ပထမကျောင်းသားသပိတ်က အစပြု၍

    အမှန်တော့ ဆရာကြီး၏ နိုင်ငံရေးဘ၀သည် ၁၉၂၀ ပထမကျောင်းသား သပိတ်က စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ယူနီဗာစတီအက်ဥပဒေ (The University Act of 1920) ကို အကြောင်းပြု၍ ၁၉၂၀ တွင် ပထမဆုံးသော ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ အဆိုပါ သပိတ်ကြီးကြောင့် အမျိုးသားရေးစိတ်များ အုံးအုံးထ နိုးကြားလာခဲ့သည်။ ထို့အပြင် အင်္ဂလိပ်အစိုးရ၏ ပညာရေးကို ကျွန်ပညာရေးအဖြစ် ပြတ်ပြတ်သားသား ရှုတ်ချခဲ့ကြသည်။ ကျွန်သက်ရှည်ရုံသာ ရည်ရွယ်ထားသော ကျွန်ပညာရေးအစား သခင်ပညာရေးကို အစားထိုးဖို့ ကျောင်းသားထုမှ ကြိုးပမ်းလာကြသည်။ သို့အတွက် မျိုးချစ်အမျိုးသားများ ဦးစီးသည့် စာသင်ကျောင်းများ လိုအပ်သည် ဟူသော အယူအဆ ပေါ်ပေါက်လာသည်။ သို့ကြောင့်ပင် သပိတ်မှောက် ကျောင်းသားထု၏ ဦးဆောင်မှုဖြင့် အမျိုးသားကျောင်းများ မြို့အနှံ့၊ နယ်အနှံ့ ပေါ်ပေါက်လာတော့သည်။ အဆိုပါ ကျောင်းများကို နေရှင်နယ် ကျောင်းများဟု ခေါ်ကြသည်။ ဦးရာဇတ် ဆိုသည်ကား အဆိုပါ အမျိုးသားကျောင်းများ ဖြစ်မြောက်ရေးကို တာဝန်ယူထားရသော သပိတ်မှောက် ကျောင်းသားများအနက်မှ တစ်ဦးသော ပုဂ္ဂိုလ်သာ ဖြစ်သည်။

    ၁၉၂၀ သပိတ်ကာလတွင် ဦးရာဇတ်သည် ဘီအေအထက်တန်း (နောက်ဆုံးနှစ်) ကျောင်းသားတစ်ဦး ဖြစ်သည်။ သပိတ်ကာလ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သို့သော် ထိုသပိတ်မှစ၍ ဦးရာဇတ် အနေနှင့် ကျောင်းဆက်မတက်တော့ဘဲ အမျိုးသားကျောင်းများ ဖြစ်ထွန်းရေးတွင် ဘဝမြှုပ်နှံ၍ လုပ်ကိုင်လာခဲ့သည်။ ထိုမှစ၍ အမျိုးသားကျောင်းဆရာ၊ အမျိုးသားကျောင်းအုပ်ဆရာကြီး၊ မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌ၊ နောက် ပညာရေးဝန်ကြီး စသဖြင့် စသဖြင့် ဖြတ်သန်းလာခဲ့သည်။ ထို့ကြောင့် ဦးရာဇတ်၏ အမျိုးသားနိုင်ငံရေး အစသည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်က စခဲ့သည်ဟု ဆိုခြင်း ဖြစ်ပါသည်။

    ဆရာကြီးနှင့် ဘာသာရေး

    ကျောင်းဆရာတစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ ဘာသာရေးနှင့် ပတ်သက်သော သဘောထားများကလည်း လေးစား အတုယူဖွယ် ဖြစ်သည်။

    “အမျိုးသားကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်နေသောသူမှာ မြန်မာအမျိုးသားတစ်ဦး မဟုတ်ဘဲ မွတ်ဆလင်အမျိုးသား တစ်ဦး ဖြစ်နေသည်မှာ အံ့သြဖွယ်ရာကောင်း၏။ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးဟူသော အမည်နှင့် ကျောင်းအုပ်ကြီး မစ္စတာရာဇတ် ဟူသော အမည်သည် စင်စစ် အဆင်မပြေ။ မလိုက်လျော။ သို့သော် ထိုအမျိုးသားကျောင်းကြီးကို ထိုဆရာကြီး မစ္စတာ ရာဇတ်သာလျှင် စီမံအုပ်ချုပ်နိုင်ခဲ့သည်။” (ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ မြန်မာ့အာဇာနည် ခေါင်းဆောင် ဦးရာဇတ်၊ စာမျက်နှာ-ကဝ)။

    “ကျောင်းမှာ ပုဏ္ဏား အမျိုးသားကျောင်းသားတွေလည်း တော်တော်များတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဂရုတစိုက် ဘုရားရှိခိုးစေသလို အစ္စလာမ် ဘာသာဝင်တွေကို ပလီတက်ဖို့၊ ပုဏ္ဏား ကျောင်းသားတွေကိုလည်း သူတို့ဘုရား ရှိခိုးဖို့၊ ဟိန္ဒူဘာသာဝင်တွေကျတော့ ဟိန္ဒူဘုရား ကျောင်းသွားခွင့် ပေးတယ်။ သောကြာနေ့ဆို ဆရာကြီးကိုယ်တိုင်လဲ ပလီတက်တယ်။ အစ္စလာမ် ဘာသာဝင် ကျောင်းသားတွေလဲ ပလီသွားတက်ကြတယ်။” (စာမျက်နှာ-၁၉၀)။

    “နောက် ဆရာကြီးအနေနဲ့ ဒီကောင် ဟိန္ဒူ၊ ဒီကောင် မွတ်ဆလင်၊ ဒီကောင် ခရစ်ယာန်ရယ်လို့ ပြောရင် မကြိုက်ဘူး။ ဒါဟာ စိတ်ဝမ်းကွဲစေတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ မြန်မာဟာ မြန်မာပဲဆိုပြီး ခေါင်းထဲ ရိုက်သွင်းခဲ့တယ်။” (စာမျက်နှာ-ကမ)။

    “ဆရာကြီးကို မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ပေးဖို့ မန္တလေးကျောင်းထိုင် ဆရာတော်ကြီးများက ဆန္ဒပေး တောင်းဆိုခဲ့ပါသတဲ့။ ဒါဟာ တမန်တော်မြတ် မုဟမ္မာဒ် (ဆွ) ကျင့်သုံးတဲ့ စည်းရုံးရေး လမ်းစဉ်ကို ဆရာကြီး ဦးရာဇတ်က လက်တွေ့နယ်ပယ်မှာ အသုံးချမိလျက်သား ဖြစ်နေလို့ပါပဲ” (စာမျက်နှာ-ခဌ)။ ဤတွင်လည်း ဆရာတော်များနှင့် ပတ်သက်၍ ပြောစရာတစ်ခု ရှိလာသည်။ ဘာသာကွဲပြားမှုကို ကျော်၍ အရည်အချင်းကို မူတည်ရွေးချယ် ထောက်ခံပေးခဲ့သော မန္တလေးမှ ကျောင်းထိုင်ဆရာတော်များ၏ လုပ်ရပ်မှာလည်း တကယ်ပင် လေးစားအတုယူဖွယ် ဖြစ်ပါသည်။

    ဆရာကြီးနှင့် ပတ်သက်၍ လူထုဒေါ်အမာကလည်း အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။ “ … မန္တလေး အမျိုးသားနေရှင်နယ် ကျောင်းထွက်မှန်သမျှ ဆရာကြီး ရာဇတ်ဆိုရင် မိဘလိုတစ်မျိုး၊ ဆရာလိုတစ်သွယ် ချစ်ကြောက်ရိုသေ လေးစားကြတာပါ။ …ကျွန်မတို့ မြန်မာတွေ အများစုကြီးက ဆရာကြီးနှင့် ပေါင်းသင်းဆက်ဆံရလို့ ဘာသာရေးအရ၊ လူမျိုးရေးအရ ကသိကအောက် ဖြစ်ရတာ ဘာတစ်ခုမှ မရှိစဖူးပါဘူး။…မြန်မာ မွတ်ဆလင်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်း လုပ်မှုဆိုပြီး ဘယ်တော့မှ မရှိပါဘူး။ ဒါကိုပဲ ကျွန်မတို့လို တပည့်တပန်းတွေကရော၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကရော၊ မိတ်ဆွေ သူငယ်ချင်းတွေကရော ဆရာကြီးကို ကျေနပ်ပြီး ချစ်နေကြတာ၊ ခင်နေကြတာပါ” ဟု ဆိုသည်။

    သို့ဖြစ်ရာ ဆရာကြီးတွင် ကျဉ်းမြောင်းသော ဘာသာစွဲစိတ်မျိုး မရှိဘဲ နိုင်ငံစွဲတစ်ခုတည်းသာ ပြင်းပြင်းထန်ထန် ရှိကြောင်း တွေ့ရမည် ဖြစ်သည်။

    ဆရာကြီးနှင့် နိုင်ငံချစ်စိတ်

    နေရှင်နယ်ကျောင်း ကျောင်းအုပ်ကြီးဘဝက ဦးရာဇတ်၏ ကြွေးကြော်သံ ကြက်သီးထချင်စရာ ကောင်းသည်။ “သူများကျောင်းက အိုင်စီအက်စ် တစ်ယောက်ထွက်ရင်၊ ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမည်” ဟူ၍ ဖြစ်သည်။ (ဆရာ ဦးအောင်သင်း၊ ဖတ်ကြည့်စမ်းပါ စွန့်စွန့်စားစား၊ စာမျက်နှာ-၅၉ )။ တကယ်ပင် လေးစားစရာ ကောင်းသည်။ နိုင်ငံချစ်စိတ်ကို အထင်းသား တွေ့ရသည်။

    နောက်ထပ် တစ်ခုလည်း ရှိသေးသည်။ ၁၉၄၇၊ ဇွန်လက ဖြစ်သည်။ ဆရာကြီးသည် အိန္ဒိယသို့ ပညာရေးကွန်ဖရင့် တက်ရောက်ရန် သွားခဲ့သည်။ ထိုစဉ်က အိန္ဒိယမှာ မွတ်ဆလင်များက ပါကစ္စတန် နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ကြိုးပမ်းနေသော အချိန်ဖြစ်သည်။ ဆရာကြီးကို (မွတ်ဆလင်မှန်း သိသည် ဖြစ်သောကြောင့်) မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်တို့က စကားစလာသည်။ “ကျွန်တော်တို့ မကြာခင်မှာ ပါကစ္စတန်ပြည် ရတော့မှာမို့ ဆရာကြီးစိတ်ထဲ ဘယ်လိုများ ရှိပါသလဲ” ဟု ဆိုလာသည်။ ပါကစ္စတန် သီးခြားထူထောင်ရေးအပေါ် ဆရာကြီး၏ အမြင်ကို မေးခြင်းဖြစ်သည်။ ထိုစဉ်က ဆရာကြီး၏ အဖြေမှာ မှတ်သားလောက်စရာ ကောင်းသည်။ သူဖြေပုံက “ခင်ဗျားတို့ လိုလားတဲ့ ပန်းတိုင်ကို ရောက်တော့မှာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ အိန္ဒိယပြည်ကြီး နှစ်ခြမ်းကွဲသွားမှာကိုတော့ ဝမ်းနည်းတယ်ဗျာ” ဟူ၍ဖြစ်သည်။ ထိုအဖြေသည် မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်များကို မအီမလည် ဖြစ်စေခဲ့သည်။ သူတို့အနေနှင့် မွတ်ဆလင် တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုလိမ့်မည်ဟု မျှော်လင့်ထားပုံ ရသည်။ ဤသို့ဖြင့် ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံတစ်ခု ပြိုကွဲသွားခြင်းကို မလိုလားသော ဆရာကြီး၏ စိတ်ရင်းကို သိနိုင်မည် ဖြစ်သည်။

    နောက်တစ်ခုက လူထုဦးလှ ပေးခဲ့ဖူးသော မှတ်ချက်စကား ဖြစ်ပါသည်။ “ဆရာကြီး ဦးရာဇတ်ကို အမျိုးသားကျောင်းဆရာကြီး တစ်ဦးအဖြစ်နဲ့ တိုင်းပြည်က မြင်ကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားကျောင်းဆရာကြီး တစ်ဦးဖြစ်လာဖို့က မလွယ်ပါဘူး။အမျိုးသားကျောင်းဆရာ ဖြစ်လာသူများဟာ ပထမဆုံး နယ်ချဲ့ကို ဆန့်ကျင်တယ်။ နယ်ချဲ့တို့က သူတို့ ကြာရှည် အုပ်စိုးနိုင်အောင် သင်ပေးမယ့် ပညာရေးစနစ်ကို ဆန့်ကျင်တယ်။ ကိုယ့်တိုင်းရင်းသားတွေနဲ့ ကိုယ့်နိုင်ငံကို ချစ်တယ်။ လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်တယ်။ …ဗဟိုအမျိုးသား အထက်တန်းကျောင်းကို တည်ထောင်ကာ ပညာသင်ကြားရေး အဆင့်အတန်း မနိမ့်အောင် လုံးပန်းရတာ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ကျောင်းသားတွေ မွေးထုတ်ဖို့ လုံ့လ စိုက်တာတွေကလည်း အခု ပြန်ကြည့်ရင် လွယ်မလိုလို ရှိပေမယ့် တကယ်ကတော့ အဲဒီခေတ်မှာ မလွယ်ဘူး၊ နည်းနည်းမှ မလွယ်ဘူး” ဟု ဆိုသည်။

    သို့ဖြစ်ရာ ဆရာကြီးသည် ဘာသာကွဲပြားမှုကြောင့် ဖြစ်တတ်သော ဝိရောဓိများ၊ မတိုက်ဆိုင်မှုများမှ လွတ်မြောက်နေသူ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ အစွန်းရောက်သော ဘာသာရေး၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ ဆိုသည် အတွေးမျိုး ဆရာကြီးတွင် လုံးလုံးမရှိ ဆိုသည်မှာ သိသာလှသည်။

    အမှန်တော့ ဆရာကြီး ဦးရာဇတ်ထံတွင် စာရေးသူတို့အားလုံး အတုယူရမည့် စိတ်နေစိတ်ထားမျိုး တကယ်ရှိနေသည်။ မြင့်မြတ်တယ်ဆိုတာ ဘာလဲ။ ကိုယ့်ပစ္စည်းကို ကိုယ်တန်ဖိုးထားတာဟာ ဘာမှမဆန်း။သူများပစ္စည်းကို တန်ဖိုးထားပြနိုင်မှ တကယ်ဆန်းသည်။ ကိုယ့်သွေးသားမို့ မေတ္တာစိတ်ထားနိုင်တာ ဘာမျှမဆန်း။ ကိုယ့်သွေးသား မဟုတ်သည့်တိုင် မေတ္တာစိတ် ထားနိုင်သည်ကမှ တကယ်ဆန်းသည်။ ကိုယ့်ဘာသာ ကိုယ့် သာသနာကို တန်ဖိုးထားကြတာ ဘာမျှမဆန်း။ အခြားဘာသာကို အပြန်အလှန် လေးစားပြနိုင်တာကမှ တကယ်ဆန်းသည်။

    ဒီလိုလုပ်နိုင်ဖို့ လက်တွေ့မှာ ခက်ခဲနိုင်သလား။ ခက်ခဲရင်လည်း ခက်ခဲပါလိမ့်မည်။ သို့သော် ဆရာကြီး ဦးရာဇတ်ကတော့ လုပ်ပြသွားသည်။ လုပ်သလောက်လည်း အောင်မြင်ခဲ့သည်။ ကျန်တာ မဆိုထားနှင့် မန္တလေး ရဟန်းထုကပါ ချစ်တယ် ဆိုတာကတော့ တကယ်ထူးဆန်းသည်။ အမှန်ပင် ဆရာကြီးက ချစ်ဖို့ကောင်းလို့သာ ဖြစ်ပေလိမ့်မည်။ အမှန်တကယ်ပင် လေးစားထိုက်လို့သာ ဖြစ်ပေလိမ့်မည်။

    ဘာရယ်ကြောင့်မှန်း မသိ။ ဒီနှစ်တော့ အာဇာနည်နေ့ နီးလေလေ ဆရာကြီး ဦးရာဇတ်ကို ပို၍ သတိရချင်စရာတွေက ဖြစ်လေလေ ဖြစ်နေတော့သည်။

    ပေါ်လင်းဦး

  • အာဇာနည်(၉) ဦး၏ အတ္ထုပ္ပတ္တိ (၆၇ နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြု)

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    9ArrNarNi
    အာဇာနည်(၉) ဦး၏ အတ္ထုပ္ပတ္တိ
    —————————–
    ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)
    http://www.m-mediagroup.com/news/15844

    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    http://www.m-mediagroup.com/news/15875

    သခင် မြ (၁၈၉၇ – ၁၉၄၇)
    http://www.m-mediagroup.com/news/15956

    ဆရာကြီးဦးရာဇတ် (၁၈၉၈-၁၉၄၇)
    http://www.m-mediagroup.com/news/1388
    အခြားပိုစ်များ http://www.m-mediagroup.com/news/category/famous-perosn/urazak

    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
    http://www.m-mediagroup.com/news/15910

    ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16085

    ဦးဘချို (၁၈၉၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16017

    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16157

    ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
    http://www.m-mediagroup.com/news/16166
    အခြားပိုစ်များ => http://www.m-mediagroup.com/news/category/famous-perosn/yebawkohtwe

    ဆောင်းပါးများ
    ————–

    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်
    http://www.m-mediagroup.com/news/1355


    “အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ” ဦးသောင်းညွှန့်(ဖျာပုံ)
    http://www.m-mediagroup.com/news/10462

    သမိုင်းထဲက သွေးစွန်းခဲ့တဲ့ နေ့တစ်နေ့
    http://www.m-mediagroup.com/news/16161

    အာဇာနည်နေ့ နှင့် မြန်မာမွတ်စလင်မ်
    http://www.m-mediagroup.com/news/16218

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်
    http://www.m-mediagroup.com/news/16191

    ကဗျာ
    ——–
    အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ- M-Media Blog ကဏ္ဍ)
    http://www.m-mediagroup.com/news/16211