News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • မွတ်စလင်အားကစားမယ်များအတွက် အထူး ဟီဂျဘ်တစ်မျိုးကို Nike ထုတ်လုပ်

    မွတ်စလင်အားကစားမယ်များအတွက် အထူး ဟီဂျဘ်တစ်မျိုးကို Nike ထုတ်လုပ်

    မတ် ၈၊ ၂၀၁၇
    M-Media

    – မွတ်စလင်အမျိုးသမီး အားကစားသမားတွေအတွက် ရည်ရွယ်တဲ့ ဟီဂျဘ်တစ်မျိုးကို ထုတ်လုပ်ရောင်းချတော့မယ်လို့ ကမ္ဘာကျော် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Nike က ကြေငြာလိုက်ပါတယ်။

    Nike Pro Hijab လို့ အမည်ပေးထားတဲ့ ဒီဟီဂျဘ်ကို ပေါ့ပါးတဲ့ ပေါ်လီအက်စတာသားနဲ့ ချုပ်လုပ်ထားပြီး အနက်ရောင်၊ အခြား အရောင်ဖျော့တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ၀တ်စုံမှာပါဝင်တဲ့ အပေါက်သေးသေးလေးတွေက ခန္ဓာကိုယ်ကို အအေးဓာတ်ပေးမှာဖြစ်ပြီး အသားကို ဖောက်ထွင်းမမြင်ရမှုဆိုတဲ့ ဟီဂျဘ်ရဲ့ အဓိကလိုအပ်ချက်ကိုတော့ ထိန်းသိမ်းထားပါတယ်။

    တစ်ချို့မွတ်စလင်အားကစားသမားတွေက သာမန် ဟီဂျဘ်တွေကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာနဲ့ပတ်သက်လို့ ဝေဖန်သံတွေ ထွက်လာပြီးနောက်ပိုင်းမှာ ဒီလို ဟီဂျဘ်မျိုး ဖန်တီးရတာဖြစ်တယ်လို့ Nike က ဆိုပါတယ်။

    ဒီ ဒီဇိုင်းကို ဖန်တီးမှုဟာ ၁၃ လလောက် ကြာမြင့်ခဲ့ပြီး ၂၀၁၈ ခုနှစ် နွေရာသီမှာ ရောင်းချမှပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဒီဟီဂျဘ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က နာမည်ကျော် မွတ်စလင်စကိတ်မယ် ဇဟ်ရာလာရီက ၀တ်ဆင်နေတယ်လို့ Nike က ပြောကြားထားပါတယ်။

    “Nike က ဟီဂျဘ်တစ်မျိုး ပုံစံထုတ်တာကို တော်တော်လေး စိတ်လှုပ်ရှားသလို ၀မ်းနည်းဝမ်းသာ ဖြစ်မိပါတယ်။ စကိတ်စီးဖို့အတွက် ဟီဂျဘ်အမျိုးမျိုးကို ကျွန်မ ၀တ်ကြည့်ဖူးပါတယ်။ အဆင်ပြေတဲ့ ဟီဂျဘ်က များများစားစား မရှိပါဘူး။ ဒါပေမယ့် ဒီ ဟီဂျဘ်ကိုဝတ်ပြီး ရေခဲပြင်ပေါ်မှာ ခန္ဓာကိုယ်ကို လှည့်, ကြည့်တဲ့အခါ အံဝင်ဂွင်ကျရှိမှုနဲ့ ပေါ့ပါးမှုတို့ကြောင့် ကျွန်မဟာ လေပေါ်မှာ လွင့်သွားတော့တာပါပဲ” လို့ လာရီက ပြောကြားခဲ့ပါတယ်။

    ဒီ Nike Pro Hijab ကို အာရပ်ကမ္ဘာက အောင်မြင်ကျော်ကြားတဲ့ အားကစားမယ် ၅ ဦးကို အခြေခံပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

    Ref: CNN

  • ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။

    ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်| ရေးသည်။

    နိုင်ငံသားဖြစ်မှုဆိုတာ ဘယ်တော့မှ အမျိုးသားရေး သီးခြားလက္ခဏာ တစ်ရပ်နဲ့ ဆက်နွယ်ခဲ့တာ မရှိဘူးလို့  ဂျာဂျင်ဟာဘားမတ်စ်က သူ့ရဲ့စာတမ်းတစ်စောင်ဖြစ်တဲ့ “နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေး သီးခြား အမှတ်လက္ခဏာ” ဆိုတဲ့စာတမ်းမှာဖော်ပြထားပါတယ်။ နိုင်ငံသားဖြစ်မှုဟာ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာနဲ့ မတွဲဖက်ရဘူး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ် တစ်ရပ်ဖြစ်တယ်။

    ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် အသွင်ပြောင်းတည်ဆောက်တဲ့ အခါမှာ နိုင်ငံသားဖြစ်မှုကို နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်တို့ကိုအခြေခံပြီး မတည်ဆောက်ဘဲ၊ လူမျိုးကြီးဝါဒတွေ ဒါမှမဟုတ် လူမျိုးကြီးတွေရဲ့ အမျိုးသားရေးသီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံ တည်ဆောက်ဖို့ကြိုးစားလာပြီဆိုရင် ဒီမိုကရေစီဖော်ဆောင်ဖို့ အခက်အခဲတွေ၊ အဟန့်အတားတွေ၊ ပြဿနာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်တို့ကို အခြေခံပြီးမတည်ဆောက်ဘဲ၊ လူမျိုးကြီးတွေရဲ့ အမျိုးသားရေး သီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံတည်ဆောက်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့နိုင်ငံသား အဖြစ်ရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်။

    ဒါဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် အမှတ်(၁၅)မှာ ဖော်ပြထားတဲ့ “လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်” “ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မရှိစေရ” ဆိုတဲ့အချက်ကိုချိုးဖောက်တာဖြစ်တယ်။ လူ့အခွင့်အရေးရဲ့အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံရတာပဲဖြစ်တယ်။

    လူသားတစ်ယောက်အနေနဲ့ နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးမရရှိဘူးဆိုရင် လူ့အခွင့်အရေးလည်းဆုံးရှုံးရ လောက်အောင်ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ မိမိမွေးဖွားကြီးပြင်းရာ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး မရရှိဘဲ၊ ဆုံးရှုံးနေခြင်းဟာ လူသားတစ်ယောက်အဖြစ်တောင် ရှင်သန်ခွင့်မရှိရလောက်အောင် လူသားရဲ့ဂုဏ်သိက္ခာနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အဖြစ်မျိုး ရင်ဆိုင်နေရသူလိုဖြစ်နေပါတယ်။

    နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုဆိုတာ အင်မတန်အရေးကြီးသလို အဲဒီနိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး အမြင်တွေ၊ အယူအဆတွေ မတူညီမှုတွေလည်း ကြီးကြီးမားမားရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လာရင် အမြဲတန်းလိုလိုငြင်းခုံနေကြရပြီး ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အနိုင်ရဖို့သာ ကြိုးစားနေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာပေါ်မှာအခြေခံပြီး နိုင်ငံသားဖြစ်မှုဟာ အခက်အခဲတွေနဲ့ရင်ဆိုင် နေရတာတွေရှိပါတယ်။

    နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ကြတဲ့အရည်အချင်းဟာ ယေဘူယျအနေနဲ့ သွေးအပေါ်အခြေခံတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူသားဖြစ်မှုအပေါ်မှာအခြေခံပြီး သတ်မှတ်တဲ့နိုင်ငံသားဆိုပြီးရှိပါတယ်။ တစ်ချိန်တုံးကတော့ သွေးအပေါ်မှာအခြေခံပြီး၊ ဒီလူမျိုးတွေက ဒီနိုင်ငံနဲ့သက်ဆိုင်တယ်။ ဒီနိုင်ငံမှာနိုင်ငံသားဖြစ်ထိုက်တယ်စသဖြင့် ခွဲခြား သတ်မှတ်ကြပေမယ့် ဒီဘက်ခေတ်မှာတော့ လူမျိုးတွေ၊ ဘာသာတွေ၊ သွေးတွေ၊ ယဉ်ကျေးမှုတွေဟာ အချင်းချင်း ရောယှက်လာကြတာကြောင့် လူသားဖြစ်ခြင်းကိုပဲအခြေခံပြီး နိုင်ငံသားအဖြစ်သတ်မှတ်လာကြပါတယ်။ သွေးကို အခြေခံပြီးသတ်မှတ်မှုဟာ နာဇီအာဏာရှင်ဟစ်တလာကျင့်သုံးခဲ့တဲ့ နိုင်ငံသားပြုမှုစံဖြစ်သလို၊ နာဇီအာဏာရှင် ဟစ်တလာလက်ထက်က ကျင့်သုံးခဲ့မှုတွေကြောင့် သမိုင်းမှာအရိပ်ဆိုးကြီးထင်ဟပ်ခဲ့ရပြီး လူထုတွေနစ်နာကြ ရပါတယ်။ ဒါကြောင့် လူမျိုးရေးဘာသာရေးအခြေခံပြီး၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ခြင်းအပေါ်မှာ နိုင်ငံသား သတ်မှတ်မှုတွေကို ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံတွေမှာ မကျင့်သုံးတော့ပါဘူး။ လူသားရဲ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုစတာတွေနဲ့ စဉ်းစားတွေးခေါ်ပြီး လူသားဖြစ်ခြင်းအပေါ်မှာသာအခြေခံပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်လာကြပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံသားဖြစ်မှုဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံရဲ့ သတ်မှတ်ချက်တွေထဲ ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ နိုင်ငံတော်အတွင်းမှာ ပြဌာန်းအတည်ပြုထားတဲ့ ဥပဒေတွေအတိုင်းသာ ဘယ်သူ့ကို မဆို နိုင်ငံသားအဖြစ်ရရှိခွင့်ရှိတယ်။ နိုင်ငံအတွင်းမှာ နိုင်ငံသားဖြစ်မှုနဲ့ဆိုင်တဲ့ ဥပဒေတွေပြဌာန်းတဲ့အခါ နိုင်ငံအလိုက် ကွာခြားချက်တွေ၊ မတူညီမှုတွေတော့ရှိပါတယ်။ နိုင်ငံတိုင်းမှာ တည်ဆဲဥပဒေနဲ့အညီသတ်မှတ်ပြီး အတည်ပြုလက်ခံခဲ့ ကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို စံထားပြီး သတ်မှတ်တာကိုတွေ့ရမှာဖြစ်တယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမတိုင်မီကလည်း ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေဆိုတာရှိခဲ့ဖူးပါတယ်။ ၁၉၄၈-ခုနှစ် နိုင်ငံသားဥပဒေကတော့ ပျော့ပြောင်းတဲ့ဥပဒေလို့ပြောလို့ရပါတယ်။ အဲဒီ ဥပဒေအရဆိုရင် နိုင်ငံတွင်းမှာရှိတဲ့သူတွေဟာ နိုင်ငံမဲ့တွေဖြစ်မသွားနိုင်ဘူး။ နိုင်ငံသားဆိုရင်နိုင်ငံသား၊ နိုင်ငံခြားသား ဆိုရင်လည်း နိုင်ငံခြားသားဆိုပြီးရှိပါတယ်။ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့်လျှောက်ထားနိုင်ပါတယ်။ နိုင်ငံသားပြုခွင့်၊ နိုင်ငံသားဖြစ်ခွင့်ရှိသလို၊ တိုင်းရင်းသားမျိုးနွယ်စုကဆင်းသက်လာတဲ့ မွေးရာပါနိုင်ငံသားတွေအပြင် မိဘဘိုးဘွားတွေက ဒီနိုင်ငံမှာမွေးဖွားကြီးပြင်းလာတယ်၊ ဒါမှမဟုတ် ဒီနိုင်ငံမှာနေထိုင်ပြီး သေသွားခဲ့တယ်ဆိုရင် သူတို့က မွေးဖွားလာတဲ့သူတွေဟာလည်း နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။

    မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာသုံးစွဲခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကို လေ့လာကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်၊ နိုင်ငံသားဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဥပဒေအဖြစ်အတည်ပြုပြီး၊ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက်နေ့မှာ အာဏာတည်ခဲ့ပါတယ်။ အဲဒီ နိုင်ငံသားဥပဒေပုဒ်မ (၁၀၊၁၁၊၁၂)ကို လေ့လာကြည့်ခြင်း အားဖြင့် နိုင်ငံတော်၊ တိုင်းရင်းသားနဲ့ တရားဥပဒေဆိုတဲ့အချက်(၃)ချက်ကြောင့် နိုင်ငံသားဖြစ်ခွင့်ရှိတာကိုတွေ့နိုင် ပါတယ်။

    ပုဒ်မ-၁၀။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြားမရှိစေရ။ ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍သာရှိရမည်။

    ပုဒ်မ-၁၁။(က)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောမိဘနှစ်ပါးမှ မွေးဖွားသူ တိုင်းသည်လည်းကောင်း၊
    (ခ) မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံဥပဒေ စတင်အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင် လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဃ) ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပြန့်ရာနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေ စတင် အာဏာတည်သည့်နေ့မှအထက် သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္န၀ါရီလ(၁)ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက်မယုတ်သောကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်းတွင် ထာဝစဉ်နေထိုင်ရန်ကြံရွယ်ခဲ့သည်ဖြစ်၍ ထို့ပြင် တရားဥပဒေဖြင့်သတ်မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသား ဖြစ်ရမည်။

    ပုဒ်မ-၁၂။ နိုင်ငံသားဖြစ်ခြင်းသဘော၊ နိုင်ငံခြားသားဖြစ်ခြင်းသဘောတို့နှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည်ဟု ထင်မြင်သည့်အတိုင်း တရားဥပဒေများကိုပြုနိုင်သော ပါလီမန်၏အာဏာသည် ပုဒ်မ(၁၁)ရှိပြဌာန်းချက်ကြောင့် ယုတ်လျော့ခြင်းမဖြစ်ရ။ ထို့ပြင် ထိုကဲ့သို့သောတရားဥပဒေတစ်ခုခုသည် ပုဒ်မ(၁၁)တွင်မပါဝင်သေးသော လူအမျိုးအစားများကို နိုင်ငံသားအဖြစ်ဖြင့် လက်ခံရန်သော်လည်းကောင်း၊ လက်ရှိဖြစ်သော လူအမျိုးအစားများကို

    နိုင်ငံသားအဖြစ်မှ ရပ်စဲစေရန်သော်လည်းကောင်းပြဌာန်းနိုင်သည်။ လို့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ဖော်ပြထားတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေကို ၁၉၄၈-ခုနှစ်၊ဇန္န၀ါရီလ(၄)ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော်က အက်ဥပဒေအမှတ် (၆၆)အရ ပြဌာန်းအတည်ပြုခဲ့ပြီး အဲဒီနေ့မှာပဲ အာဏာတည်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေ(၆၆)မှာ ပုဒ်မပေါင်း(၂၃)ခုနဲ့ ပုဒ်မခွဲတွေကို ပြဌာန်းထားပါတယ်။ ဥပဒေပုဒ်မ(၅)မှာပါဝင်တဲ့ ပြဌာန်းချက်တွေကတော့

    ပုဒ်မ-၅။ အခြေခံဥပဒေစတင်အာဏာတည်ပြီးမှမွေးဖွားသည့် အောက်၌ဖော်ပြသောသူများသည် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်ရမည်။
    (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် မိဘတစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင်မွေးဖွားသောသူ။
    သို့ရာတွင်(ထိုသူ၏အဘသည် နိုင်ငံခြားတစ်ခုခု၏နိုင်ငံသားဖြစ်ခဲ့သော်) ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
    (ခ) ပြည်ထောင်စုနိုင်ငံသားဖြစ်သော အဘမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသောသူ။
    သို့ရာတွင် ဤအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့်ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခံရသူဖြစ်ရမည်။
    (ဂ) ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုကိုထမ်းနေဆဲဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသောသူ။

    သို့ရာတွင် ထိုသူ၏မိဘတစ်ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။ လို့ ဖော်ပြထားပါတယ်။

    ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကိုလေ့လာကြည့်မယ်ဆိုရင်…..
    ၁၉၇၄ ခုနှစ် ဇန္န၀ါရီလ(၃)ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး အတည်ပြုပြဌာန်ခဲ့တာဖြစ်ပြီး၊ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိတဲ့နိုင်ငံသားဖြစ်ခြင်းနဲ့ပတ်သက်ပြီးပုဒ်မ၁၄၅(က)(ခ)၊၁၄၆တို့မှာအခုလိုဖော်ပြထားပါတယ်။

    ပုဒ်မ-၁၄၅(က)။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူအားလုံး သည် နိုင်ငံသားများဖြစ်သည်။
    (ခ)။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများသည် လည်း နိုင်ငံသားဖြစ်သည်။

    ပုဒ်မ-၁၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့်နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ လို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသား ဖြစ်ခြင်းနဲ့ ဆိုင်တဲ့ သဘောသဘာဝတွေကတော့ သိပ်ကွဲလွဲမှုမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံသားဖြစ်မှုကို ထုတ်နှုတ်တင်ပြရရင်
    ပုဒ်မ-၃၄၅။ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူ။
    ပုဒ်မ-၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကတော့ စစ်မှန်တဲ့လွှတ်တော်မရှိသေးတဲ့ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြဌာန်းခဲ့တဲ့ဥပဒေဖြစ်တာဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ဥပဒေဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိုတော့ လူ့အခွင့်အရေးသမားတွေရော၊ နိုင်ငံတကာပညာရှင်တွေကပါ အဝေဖန် ဆုံးနဲ့ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးနိုင်ငံသားဥပဒေလို့တောင် ကင်ပွန်းတပ်ကြပါတယ်။ ဒီ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ တတ်သိပညာရှင်တွေအားလုံး ပါဝင်ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲထားတဲ့ဥပဒေမဟုတ်သလို၊ လူထုရွေးချယ် တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်က အတည်ပြုပြဌာန်းထားတာ မဟုတ်ဘဲ၊ တစ်ပါတီ အာဏာရှင်စနစ်၊ မဆလခေတ်၊ လက်ညှိုးထောင်ခေါင်းညိတ်ပြီး ရေးဆွဲပြဌာန်းထားတဲ့ဥပဒေသာဖြစ်တယ်။ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးဆိုတာတွေကို ထဲ့သွင်းစဉ်းစားအခြေခံပြီး ရေးဆွဲထားတာမဟုတ်ဘဲ အာဏာရှင်တို့စိတ်ကြိုက် ရည်ရွယ်ချက်ရှိရှိရေးဆွဲထားတဲ့ဥပဒေသာဖြစ်တယ်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်(၄)ဖြင့် ပြဌာန်းခဲ့ပြီး အခန်း ၈ ခန်း၊ ပုဒ်မပေါင်း ၇၆ ခု၊ ပုဒ်ခွဲပေါင်းများစွာနဲ့ အတည်ပြုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားမျှတမှုရှိရမယ်၊ လူတိုင်းတန်းတူညီမျှမှုရှိရမယ်လို့ပြဆိုထားပေမယ့် ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေဟာ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေကို မတွေ့ရတဲ့အတွက် ညီညွတ်မှုမရှိတာကိုတွေ့ရပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ အငြင်းပွားစရာတွေ၊ ဆွေးနွေးစရာတွေ၊ ပြဿနာဖြစ်နိုင်စရာတွေ ပါဝင်နေတဲ့ အတွက် အဲဒီဥပဒေကို ဖျက်သိမ်းပေးဖို့၊ အသစ်ရေးဆွဲပေးဖို့၊ ပြန်လည်ပြင်ဆင်ပေးဖို့၊ နိုင်ငံတကာနိုင်ငံသားဥပဒေတို့ရဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီဖို့ဆိုတဲ့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို လေ့လာကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံသားအဖြစ်ရပိုင်ခွင့်ရှိဖို့ အခုလို တွေ့ရပါတယ်။

    ပုဒ်မ-၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်။
    (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားကြသူများ၊
    (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားလာသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွားကြသူများ၊ လို့ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်မှုဟာ နိုင်ငံသားအပေါ်အဓိကအခြေခံပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့နဲ့ ဆက်စပ်ထားတာကိုတွေ့ရပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံသားဥပဒေတွေကိုလေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်ခြင်းကို လူတစ်ဦးချင်း ရပိုင်ခွင့်လို့မမြင်ဘဲ၊ အရည်အချင်းကိုလိုက်ပြီးဆုံးဖြတ်တာမျိုးမဟုတ်ဘဲ၊ သွေးအပေါ်အခြေခံမှု တနည်းပြောရရင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်သလဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီး ဆုံးဖြတ်နေတယ်ဆိုတာကိုတော့ ၁၉၈၂ နိုင်ငံသားဥပဒေရဲ့ ၀ိသေသလက္ခဏာက သက်သေခံနေပါတယ်။ ဒါဟာ အမျိုးသားနိုင်ငံထူထောင်ချင်သူတွေ အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ တွေ့ရတတ်တဲ့လုပ်နည်းလုပ်ဟန်တွေ၊စဉ်းစားတွေးခေါ်ပုံတွေဖြစ်တဲ့ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ရပ်တွေဆိုတာထင်ရှားပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အမျိုးသားရေး သီးခြားအမှတ် လက္ခဏာတစ်ရပ်ကို လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုတည်းအပေါ်မှာ အခြေခံတည်ဆောက်ခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စုဝေးနေထိုင်တဲ့ တိုင်းပြည်တစ်ခုမှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုအပေါ်မှာမူတည်ပြီး နိုင်ငံသားဖြစ်မှုသတ်မှတ်ခြင်းဟာ လူမျိုးကြီး စိတ်ဓာတ်ရဲ့ပြယုဂ်ဖြစ်သလို၊ မိမိမနှစ်သက်တဲ့လူမျိုးတွေ၊ အဲဒီလူမျိုးသွေးပါဝင်သူတွေ၊ မိမိနဲ့ကိုးကွယ်ယုံကြည်မှု မတူတဲ့ဘာသာဝင်တွေကို ခွဲခြားဆက်ဆံလိုခြင်း၊ တရားမျှတမှုမပေးလိုခြင်း၊ တန်းတူညီမျှမခံစားစေလိုခြင်းတို့အပြင် အဆုံးစွန်အနေနဲ့ လုံးဝမောင်းထုတ်ချင်ကြတဲ့စိတ်ဓာတ်တွေပြည့်နှက်နေတဲ့ အာဏာရှင်တို့ရဲ့အတွင်းရောဂါလက္ခဏာ တွေပဲဖြစ်ပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)ကျမှသာ စတင်ပေါ်ပေါက် လာတယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။ လွတ်လပ်ရေးမရခင်က မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံနေလာခဲ့ကြပြီး ဖြစ်ပါတယ်။ တစ်ချိန်က နိုင်ငံသားဆိုတာထက်စာရင် ရှင်ဘုရင်နဲ့ကျေးကျွန်ဆိုတဲ့သဘောမျိုးသာ ရှိခဲ့တာဖြစ်ပြီး၊ ရှင်ဘုရင်တွေဟာ သူတို့အပေါ်သစ္စာစောင့်သိသူတွေကို သူ့မြေပေါ်မှာနေထိုင်ခွင့်ပေးခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံသား ဆိုတာ ခေတ်သစ်မြန်မာနိုင်ငံရယ်လို့ ထူထောင်တော့မှသာ ပြောဆိုဆွေးနွေးစရာဖြစ်လာတာပါ။

    နိုင်ငံတော်ဆိုတာ နိုင်ငံသားတွေမရှိဘဲ ထူထောင်လို့မရနိုင်ပါ။ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို အဓိကအခြေ မခံဘဲ နိုင်ငံတော်အဖြစ်ရပ်တည်နိုင်ခြင်းမရှိပါ။ နိုင်ငံတော်မှာ နိုင်ငံသားတွေကိုဖယ်ထုတ်လို့လည်း မရနိုင်ပါ။ နိုင်ငံသားတွေကို ဖယ်ထုတ်လို့မရနိုင်သလို နိုင်ငံသားကိုအခြေခံပြီး ဖန်တီးရတဲ့နိုင်ငံဖြစ်တာမို့ နိုင်ငံတော်နဲ့ နိုင်ငံသား ဆိုတာ တိုက်ရိုက်ဆက်နွယ်လျှက်ရှိပါတယ်။ နိုင်ငံတော်ရှိရင်နိုင်ငံသားရှိရပါမယ်။ နိုင်ငံသားရှိမှလည်း နိုင်ငံတော် ဆိုတာရှိမှာပါ။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ရပ်တည်မှုဟာ နိုင်ငံသားများရဲ့တည်ရှိမှုအပေါ်မှာ အဓိကတိုက်ရိုက် သက်ဆိုင်ပါတယ်။ နိုင်ငံသားတွေကလည်း နိုင်ငံသားဖြစ်မှုအပေါ်မှာ အဓိကအခြေခံရတဲ့အတွက် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနေထိုင်တဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစနစ်ကို အသွင် ကူးပြောင်းဖော်ဆောင်ဖို့အတွက် နိုင်ငံသားမဖြစ်ရင်၊နိုင်ငံတော်ဟာဥပဒေအရတောင့်တင်းတဲ့နိုင်ငံဖြစ်မှာ မဟုတ်ပါဘူး။

    ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့နိုင်ငံတစ်ခုအနေနဲ့ အရေးတကြီးဆောင်ရွက်ရမယ့်လုပ်ငန်းကတော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို နိုင်ငံသားအားလုံးက ခွဲခြားဘေးဖယ်ထုတ်ခံရမှုမရှိဘဲ ရရှိခံစားနိုင်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဖြစ်တဲ့ ဥပဒေအခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေနဲ့ လူမှုစီးပွားအခွင့်အရေး တွေကို နိုင်ငံသားအားလုံးက တန်းတူခံစားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် လွှမ်းမိုးကြီးစိုးထားတဲ့ လူများစု တစ်ခုတည်းရဲ့ အမျိုးသားအမှတ်လက္ခဏာကိုသာမက ကျန်လူနည်းစုလူမျိုးစုတွေရဲ့ အမျိုးသားအမှတ်လက္ခဏာတွေ ကိုလည်း ထိန်းသိမ်းခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါမှလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့ အစည်းဖြစ်ထွန်းလာမှာဖြစ်ပြီး နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို တန်းတူညီမျှခံစားနိုင်မှာဖြစ်ပါတယ်။ တကယ်လို့သာ လူ့အဖွဲ့အစည်းဟာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးကြီးဝါဒအစွန်းရောက် တွေ၊ ဥပဒေအထက်ကအခွင့်ထူးခံလူနည်းစုတွေနဲ့ အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန်ဝါဒီတွေ လွှမ်းမိုးကြီးစိုးနေမှုတွေ ဆက်လက်လွှမ်းမိုးနေအုံးမယ်ဆိုရင်တော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဟာ ဝေးကွာနေအုံးမှာဖြစ်ပြီး၊ ဒီမိုကရေစီ စနစ်အသွင်ပြောင်းဖော်ဆောင်နေခြင်းဟာလည်း အိပ်မက်ဆန်တဲ့အတွေးစိတ်ကူးတွေသာ ဖြစ်နေပါလိမ့်မယ်။

    အခုလို ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံသား ဆိုတာကို ရွေးချယ်သတ်မှတ်ကြဖို့လိုပါတယ်။ လူတစ်ဦးချင်းရပိုင်ခွင့်လို့မြင်ပြီး နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ရပါမယ်။ နိုင်ငံခြားသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ်စိစစ်ပြီး အသိအမှတ်ပြုပေးရပါမယ်။ နိုင်ငံတွင်းမှာ နိုင်ငံသားကို တစ်မျိုးတစ်စားတည်းသတ်မှတ်ပြီး၊ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့် အသိအမှတ်ပြုသင့်ရင် ဥပဒေနဲ့အညီ အသိအမှတ်ပြုပေးရပါမယ်။ ဘယ်သွေးပါသူတွေ၊ ဘယ်လူမျိုးဖြစ်သူတွေလဲဆိုတာကိုကြည့်ပြီး နိုင်ငံသားအဖြစ် သတ်မှတ်မယ့်အစား ဒီမြေပေါ်မှာ ခေတ်အဆက်ဆက်နေလာခဲ့သူတွေက ဆင်းသက်လာသူတွေ၊ တိုင်းကျိုးပြည်ကျိုး သယ်ပိုးသူတွေ၊ တိုင်းပြည်အပေါ်သစ္စာစောင့်သိရိုသေသူတွေ၊ တိုင်းပြည်ရဲ့ဥပဒေတွေကို လေးစားလိုက်နာသူတွေ၊ တိုင်းပြည်ကိုသံယောဇဉ်ရှိသူတွေဖြစ်မယ်ဆိုရင် ဒီနိုင်ငံရဲ့နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံပေးတာက ဒီမိုကရေစီ စနစ်နဲ့ အဆီလျော်ဆုံးစိတ်နေသဘောထားဖြစ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သွေးအပေါ်မှာအခြေခံပြီး ဆုံးဖြတ်မယ်ဆိုရင် တော့ အရည်အချင်းရှိသူတွေဟာ တစ်ခြားတိုင်းပြည်တွေမှာရောက်ပြီး၊ တိုင်းပြည်ရဲ့အခြေခံလူသားအရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့အင်အားတွေ လက်လွတ်ဆုံးရှုံးပြီး၊ ညံ့ဖျင်းတဲ့သူတွေပဲ နိုင်ငံသားအဖြစ် တိုင်းပြည်တွင်းမှာကျန်ရစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ အဟန့်အတား အနှောက်အယှက်တွေကြောင့် တိုင်းပြည်ရဲ့အရွေ့ဟာ နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။

    ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်မှုသတ်မှတ်တဲ့နေရာမှာ အမြှော်အမြင်ကြီးကြီးနဲ့ ကြောင်းကျိုး ညီညွတ်စွာ၊ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်ဖို့လိုပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ လူအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာအသီးသီး အခွင့်အရေးတန်းတူ မရသေးသမျှကာလပတ်လုံး စစ်မှန်တဲ့မိုကရေစီလို့ အမည်တပ်လို့မရနိုင်ပါဘူး။

    လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနဲ့ပတ်သက်ပြီး ”ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်သံဖမ်းပြီး ပြောကြတာတွေလည်း အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့်မရှိသမျှကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ် သေးဘူး။ လူမျိုး၊ ဘာသာ၊ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေပါရမယ်။ လူမျိုးရေး အရ ကွဲပြားခြားနားတဲ့ လူများစု၊လူနည်းစုကိစ္စတွေမှာတော့ လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ၊ ဒီမိုကရေစီမှန်မယ်။ မြင့်မြတ်တဲ့လွတ်လပ်ရေးဆိုတာ လွတ်လပ်စွာဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူနဘ၀မှ လွတ်မြောက်မှု့တို့ဖြစ်တယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရအခွင့်အရေးခွဲခြားမှုနှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး၊ ဒီလို နှိမ့်ချတာမျိုးတွေ့ရင် ဥပဒေအရအပြစ်ပေးတာမျိုးတောင်စီမံရမယ်။ ဒါမှဒီမိုကရေစီ ပီသမယ်” လို့ မိန့်ချွေခဲ့တာကိုလည်း နှလုံးသွင်းကျင့်သုံးမှသာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှာဖြစ်ပါတယ်။

    ဒါမှသာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ်တစ်ရပ်ဖြစ်တဲ့ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာတစ်ရပ်နဲ့ ဆက်နွယ်မှုမရှိတဲ့နိုင်ငံသားဖြစ်မှု၊ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေတဲ့နိုင်ငံသားဖြစ်မှု တစ်ရပ်ဖော်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံသားအားလုံးရဲ့စည်းလုံးညီညွတ်တဲ့အင်အားတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို အရှိန် အဟုန်ပြင်းပြင်း ပြောင်းလဲနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    ကိုးကား။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မြန်မာနိုင်ငံသားဥပဒေ၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဂျာနယ်များ။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

  • ကာကွယ်ဆေးထိုးခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၁)

    ကာကွယ်ဆေးထိုးခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၁)

    မတ် ၃၊ ၂၀၁၇

    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ဒေါက်တာဂျင်းနားက ဆေးရုံတွင် ကာကွယ်ဆေးထိုးမှုကို ၁၈၀၂ ခုနှစ်တွင် သရုပ်ဖော်ထားသည့် ကာတွန်း

    – ဒီနေ့ခေတ်မှာ ကာကွယ်ဆေးထိုးခြင်းဟာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အရင် ဒီကာကွယ်ဆေးထိုးမှုနည်းလမ်း တူရကီနိုင်ငံနေ အင်္ဂလန်ကို ရောက်လာတဲ့အချိန်မှာ ဘယ်သူမှ လက်မခံခဲ့ကြပါဘူး။ ကာကွယ်ဆေး ထိုးရမယ်ဆိုတဲ့အသိကို အနာတိုလီယန် အော်တိုမန် တာ့က် (Anatolian Ottoman Turks) တွေက သိရှိခဲ့ကြပြီး၊ ကာကွယ်ဆေးထိုးနှံမှုကို ‘အရှီ’ (Ashi) လို့ခေါ်ဆိုကာ အဓိပ္ပါယ်ကတော့ ‘အစားထိုးခြင်း’ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သူတိုတွေဟာ ရှေးဟောင်း တူရကီမျိုးနွယ်တွေဆီကနေ အမွေဆက်ခံခဲ့တာပါ။

    ကာကွယ်ဆေးထိုးခြင်းဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောဂါဖြစ်ပွားနိုင်တဲ့ ဇီဝရုပ်တွေကို အားနည်းသွားအောင် ဒါမှမဟုတ် ထိရောက်မှုမရှိအောင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးလိုက်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို အာကောင်းစေပြီး သက်ဆိုင်ရာ ရောဂါကို တိုက်ဖျက်ဖို့တွက် ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီနေ့မှာတော့ ကာကွယ်ဆေးသစ်တစ်မျိုး ပေါ်ထွက်လာဖို့ ၈ နှစ်ကနေ ၁၂ နှစ်လောက်သာ ကြာမြင့်တော့ပြီး အန္တရာယ်ကင်းကင်းနဲ့ ထိုးနှံနိုင်ဖို့ သေသေချာချာ စမ်းသပ်မှုတွေလည်း ပြုလုပ်နိုင်နေပါပြီ။

    တာ့က်လူမျိုးတွေဟာ နွားကျောက်ရောဂါပေါက်နေတဲ့ ကျွဲနွားတွေရဲ့ ရင်အုံက နွားကျောက်ကို ယူပြီး ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးရင် ကျောက်ကြီးရေဂါ မပေါက်ဘူးဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုပုံစံ ကာကွယ်ဆေး၊ အခြားပုံစံ ကာကွယ်ဆေးတွေကို နာမည်ကျော် အင်္ဂလိပ် စာလွှာရေးသူဖြစ်ပြီး ၁၇၁၆ ကနေ ၁၇၁၈ ခုနှစ်ကြား အော်တိုမန်အင်ပါယာဆိုင်ရာ အင်္ဂလိပ် သံအမတ်ရဲ့ ဇနီး လေဒီ မွန်တာဂူ (Lady Montagu) က အင်္ဂလန်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာပါ။ သူမဟာ တာ့က်လူမျိုးတွေရဲ့ ကာကွယ်ဆေးထိုးမှု နည်းလမ်းတွေကို ထိတွေ့ခဲ့ပြီး၊ သားဖြစ်သူ ကျောက်ကြီးရောဂါဖြစ်တဲ့အချိန် ကာကွယ်ဆေးထိုးဖို့ သံရုံးသမားတော် ချားလ်စ် မိတ်လန်း (Charles Maitland) ကို ခွင့်ပြုခဲ့ပြီးတဲ့နောက်မှာ ကျောက်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားခဲ့တာပါ။

    အစ္စတန်ဘူလ်မှာရှိနေတဲ့အချိန် လေဒီ မွန်တာဂူဟာ အင်္ဂလန်ကို စာလွှာတော်တော်များများ ရေးသားပေးပို့ခဲ့ပြီး အဲဒီစာတွေထဲမှာ ကျောက်ရောဂါကာကွယ်ဆေး ထိုးနှံမှုအကြောင်းကို အသေးစိတ် ရေးသားခဲ့ပါတယ်။ အင်္ဂလန်ပြန်ရောက်တဲ့အခါမှာလည်း သူဟာ တူရကီတွေရဲ့ ကာကွယ်ဆေးထိုးမှု နည်းလမ်းတွေကို ပြန့်နှံ့အောင်လုပ်ခဲ့ပြီး ဆွေမျိုးတွေကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒီလို ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့အချိန်မှာ လေဒီ မွန်တာဂူဟာ ခရစ်ယာန်ဘုရားကျောင်း အာဏာပိုင်တွေသာမက သမားတော်တွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ဒီ ကာကွယ်ဆေးထိုးမှု ဓလေ့ဟာ လျင်လျင်မြန်မြန်ပဲ ပြန့်နှံ့သွားခဲ့ပြီး အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

    ၁၇၂၄ ခုနှစ်မှာတေ့ အစ္စတန်ဘူလ်မှာ မွန်တာဂူရဲ့ မိသားစုဆရာဝန်ဖြစ်ခဲ့တဲ့ ဒေါက်တာ အီမန်နျူယဲလ် တီမိုနီ (Emmanuel Timoni) က ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျကျ ရှင်းပြထားတဲ့ စာတမ်းတစ်စောင်ကို ယူကေ အမျိုးသား သိပ္ပံပညာရှင်များအဖွဲ့ (Royal Society) ကို တင်သွင်းခဲ့မှုက ဒီအခက်အခဲတွေကို ပြေလည်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ ထရီပိုလီက သံအမတ် ကာဆမ် အဂ္ဂါ (Cassem Aga) က ထရီပိုလီ၊ တူနစ်နဲ့ အလ်ဂျီယားစ်တို့က ကာကွယ်ဆေးထိုးမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းတွေကို ထပ်မံပေးပို့ခဲ့ပါတယ်။ ဒါဟာ မွတ်စလင်နိုင်ငံတွေ ကာကွယ်ဆေးထိုးနှံမှုမှာ ကာလရှည် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းနဲ့ပတ်သက်လို့ တန်ဖိုးဖြတ်မရတဲ့ အာမခံချက်လည်းဖြစ်ပါတယ်။ ဒီလို တင်သွင်းခဲ့မှုအတွက် ၁၇၂၉ ခုနှစ်မှာ အဂ္ဂါဟာ Royal Society ရဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ကာကွယ်ဆေးထိုးမှုကို စတင်ခဲ့သူလို့ မှတ်ယူခံခဲ့ရတဲ့ အဒ်ဝပ် ဂျင်းနား (Edward Jenner) မတိုင်ခင် နှစ်ပေါင်း ၅၀၀ လောက်အရင်ကတည်းက ကာကွယ်ဆေးထိုးခြင်းကို အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ကျင့်သုံးခဲ့ကြတာပါ။

    ၁၇၉၆ ခုနှစ်မှာ ဂျင်းနားဟာ နွားနို့ညှစ်သမရဲ့ လက်က ပြတ်ရှဒဏ်ရာကနေ အသက် ၈ နှစ်အရွယ် ဂျိမ်းစ်ဖစ်ဆိုတဲ့ ကောင်လေး နွားကျောက်ရောဂါ ကူးစက်ခဲ့ပြီးနောက် နွားကျောက်ရောဂါဟာ ကျောက်ကြီးရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သိရှိခဲ့တယ်လို့ အဆိုရှိပါတယ်။

    ကာကွယ်ဆေးစတင်ထိုးနှံမှု နှစ် ၂၅၀ ပြည့်အထိမ်းအမှတ် တူရကီမှ ထုတ်ဝေခဲ့သော တံဆိပ်ခေါင်း

    ၁၉၆၇ ခုနှစ်မှာ တူရကီဟာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးမှု နှစ် ၂၅၀ မြောက် အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ကျောက်ရာဂါ ကာကွယ်ဆေး ထိုးနှံနေတဲ့ပုံပါတဲ့ အမှတ်တရ တံဆိပ်ခေါင်းတစ်ခုကိုလည်း ထုတ်ဝေခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ရေဝေးမွတ်စလင်မ် သချိုင်းတွင် မြှုပ်နှံရာ နေရာများကို အညွန်းနံပါတ်များ သတ်မှတ်ပုံ

    ရေဝေးမွတ်စလင်မ် သချိုင်းတွင် မြှုပ်နှံရာ နေရာများကို အညွန်းနံပါတ်များ သတ်မှတ်ပုံ

    မတ် ၁၊ ၂၀၁၇
    M-Media

    ဇန်နဝါရီ ၂၉ ရက်နေ့က အကြမ်းဖက်သေနတ်သမားရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြိး ဦးကိုနီရဲ့ မြှုပ်နှံရာ နေရာတွေမှာ ရေးထိုးထားတဲ့ အညွှန်း နံပါတ်ကို အကြောင်းပြုပြီး မဟုတ်မမှန် လှုံ့ဆော်ဖြန့်ဝေမှုတွေ ဆိုရှယ်မီဒီယာမှာ ပြန်နှံ့နေပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ရေဝေး မွတ်စလင်မ် သချီုင်းတွင် မြှုပ်နှံသည့် အုတ်ဂူများ ကို နံပါတ်ပေးတဲ့ စနစ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒိယာ အသုံးပြုသူတစ်ဦးမှ အောက်ပါအတိုင်းရှင်းပြထားပါတယ်။

    ရေဝေး မွတ်စလင်မ် သင်္ချိုင်းက မြှုပ်နှံတဲ့နေရာတိုင်းမှာ ဂူအမှတ် Roll နဲ့ Number ဆိုတာ ရှိပါတယ်။

    ဘယ်သူကို ဘယ် Roll ဘယ်နံပါတ်မှာ မြှုပ်နှံထားကြောင်း Register လုပ်ထားပါတယ်။

    သတ်မှတ်တဲ့ နှစ်ရောက်ရင် သည်ဂူကိုပဲ မိသားစုဝင်တွေ ထပ်မံမြုပ်နှံကြပါတယ်။ ဂူလို့သာ လွယ်လွယ်ပြောပေမဲ့ မြေကျင်းနေရာပါ။ ရှေးယခင် မြေကျင်းကို သစ်နဲ့ကာပါတယ်။

    သစ်အကုန်အကျများတာရယ် နေရာ ပိုကုန်တာရယ်ကြောင့် ကွန်ကရစ် သေတ္တာလို လုပ်လိုက်ကြပါတယ်။

    ကျင်းတကျင်း နဲ့ တကျင်းကပ်ပြီး မြေမပြိုဘဲ မြှုပ်နှံလို့ရသွားပါတယ်။

    အတန်းနံပါတ်ကို အင်္ဂလိပ် အက္ခရာနဲ့ အမည်ပေးပြီး အကွက်နံပါတ်ကို အင်္ဂလိပ် ဂဏာန်းနဲ့ မှတ်သားပါတယ်။

    A/125…B/ 754… CS/177,…IS/1259,JS/1234…စ သ ဖြင့် ပါ။

    Indexing လုပ်တဲ့ နံပါတ်တွေပါ။ ရပ်ဝေးကလာပြိး မိတ်ဆွေ၊ ဆွေမျိုးတွေ မြှုပ်နှံထားကာမှ ဆုတောင်းပေးဖို့ ၊ နေရာရှာရင်လွယ်ကူအောင် ဘယ်သေစာရင်းကို ဘယ်အကွက်မှာ မြှုပ်ထားတယ်ဆိုတဲ့ မှတ်တမ်းထားရှိခြင်းပါ။

    နံပါတ် ကိုသိလျင် သေဆုံးသူ မြေမြှုပ် ထားရာနေရာကို လွယ်လွယ်ကူကူ ရှာဖွေ နိုင်အောင် စနစ်တကျ ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။

    အထူးအားဖြင့် ဂုဏ်သရေရှိသူ၊ ထင်ပေါ်ကြားသူများကလွဲ၍ ကျန်သူများ နေရာရွေးချယ်ခွင့်မရှိပါ။ အလှည့်ကျ၊ ကျရာနေရာမှာ မြှုပ်နှံရပါတယ်။

    မိသားစုဝင်တို့ မြေနေရာဟောင်း နှစ်ပြည့်ရင်တော့ ပြန်လည်ထပ်မံမြှုပ်နှံနိုင်ပါတယ်။

    IS တပ်ဖွဲ့ဝင် ကိုယ်ပိုင်နံပါတ်ရယ်လို့ လုပ်ကြံပြိး လှုံဆော်ရေးသားနေတာလား၊ အတွေးခေါင်သလား ရေးနေကြတာ မြင်လို့ရှင်းပြတာပါ။

  • Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    ပါကစ္စတန်တွင် Edhi Foundation ကို ထူထောင်ခဲ့သူ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်

    – ကမ္ဘာကျော် အင်တာနက် Search Engine တစ်ခုဖြစ်တဲ့ Google ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ (ဒီနေ့) သူ့ရဲ့ Home Page လိုဂိုသရုပ်ဖော်စာလုံးမှာ မုတ်ဆိတ်ရှည်ရှည်၊ အင်္ကျီဖါးဖါး၊ ဦးထုပ်နဲ့ လူတစ်ယောက်ရဲ့ပုံကို ဂုဏ်ပြုလွှင့်တင်ခဲ့ပါတယ်။

    ဒီပုဂ္ဂိုလ်က ဘယ်သူပါလဲ။ ဂုဏ်ပြုရလောက်အောင် ဘာတွေလုပ်ခဲ့သလဲ။

    သူကတော့ ပါကစ္စတန်နိုင်ငံသား အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်ကွန်ယက် ‘အဒီဟ်ဖောင်ဒေးရှင်း’ (Edhi Foundation) ကို ထူထောင်ခဲ့သူဖြစ်ပါတယ်။

    ကိုယ့်ရဲ့အမည်နဲ့ ဖောင်ဒေးရှင်းထူထောင်ပြီး ငွေကြေးထောက်ပံ့ပေးကြတဲ့ လူချမ်းသာတွေနဲ့ ကွဲပြားတာက အဘ်ဒူလ် ဆတ္တာရ်ဟာ သူ့လက်ထဲ တစ်ပြားမှမရှိတဲ့ အချိန် အသက် ၂၀ အရွယ်ကတည်းက ဆင်းရဲမွဲတွေသူတွေအတွက် ဘ၀ကို မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

    အဲဒီလိုနဲ့ Edhi Foundation ဟာ နိုင်ငံတကာအထိ ပေါက်ရောက်လာခဲ့ပြီး ၂၀၀၅ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ကက်ထရီနာကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၁ သိန်းအထိ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

    အဒီဟ်ဟာ အိန္ဒိယ ပါကစ္စတန်မကွဲခင် ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဘန့်တ်ဗာမှာ မွေးဖွားခဲ့ပြီး ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ (ဒီနေ့) ဟာ အဒီဟ်ရဲ့ ၈၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သူ့ရဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Google ဟာ အမေရိကန်၊ အိုက်စလန်၊ ပေါ်တူဂီ၊ သြစတေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အက်စတိုးနီးယား၊ ယူကေ၊ ဒိန်းမတ်၊ အိုင်ယာလန်နဲ့ ပါကစ္စတန်တို့က Home Page စာလုံးဒီဇိုင်းမှာ အဒီဟ်ရဲ့ ကာတွန်းပုံတူကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    “အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ လိုအပ်နေသူတစ်ယောက်ယောက်ကို ကျွန်တော်တို့အားလုံး လက်ကမ်းပေးကြပါစို့” လို့ Google က ရေးသားခဲ့ပြီး အဒီဟ်ရဲ့ လူနာတင်ယာဉ်ကွန်ယက်ကိုလည်း အလွန်လက်ဖျားခါလောက်စရာလို့ ချီးကျူးခဲ့ပါတယ်။

    Google မှ အဒီဟ်အတွက် ဂုဏ်ပြုမှု

    သုညမှစခဲ့ရသည့် အဒီဟ်

    အဒီဟ်ရဲ့ ဖောင်ဒေးရှင်းဆောင်ပုဒ်က “အသက်တွေကို ကူညီဖို့ အသက်ရှင်ပါ” ဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ၀န်ဆောင်မှုပေးနေတဲ့ လူနာတင်ယာဉ်အရေအတွက်ဟာ ၁၈၀၀ ကျော်ရှိကာ ပါကစ္စတန်ရဲ့ အကြီးဆုံး လူမှုဖူလှုံရေး အသင်း အဖွဲ့လည်း ဖြစ်ပါတယ်။

    ၁၉၉၇ ခုနှစ်မှာတော့ ‘ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်အသင်း’ အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

    အဒီဟ်ဟာ ‘အလှူခံပါ။ လူတွေက ပေးပါလိမ့်မယ်’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ စတင်ခဲ့တာဖြစ်ပြီး တောင်းခံရရှိတဲ့ငွေတွေကနေ သူ့ရဲ့ အခန်းသေးသေးလေးကို ဆေးပေးခန်းအဖြစ် ပြောင်းကာ၊ နောက်ပိုင်းမှာတော့ လူနာတင်ယာဉ်တစ်စီး ၀ယ်ယူပြီး သူကိုယ်တိုင် မောင်းခဲ့ပါတယ်။

    အလှူငွေ ပိုမိုလက်ခံရရှိခဲ့ပြီး ဆေးကျောင်းသားတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ၀င်ရောက်ထမ်းဆောင်လာကြတဲ့ အခါမှာတော့ အဒီဟ်ရဲ့အဖွဲ့လေးဟာ ပါကစ္စတန်နိုင်ငံအနှံ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ Edhi Foundation ဟာ ဆေးရုံးတွေ၊ မိဘမဲ့ကလေးစောင့်ရှောက်ရေးစင်တာနဲ့ ကယ်ဆယ်ရေး သင်္ဘောတွေအထိ ချဲ့ထွင်လုပ်ဆောင်နိုင်နေပါပြီ။

    ပိုင်ရှင်မရှိတဲ့ အလောင်းတွေကို မြှုပ်နှံပေးတဲ့ကိစ္စကိုလည်း ဒီဖောင်းဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ မွေးပြီး မလိုချင်တော့တဲ့ ကလေးငယ်တွေ လာရောက်ထားရှိနိုင်ဖို့အတွက် ဖောင်းဒေးရှင်းက အရေးပေါ်စင်တာတိုင်းရဲ့ အရှေ့မှာ ပုခက်လေးတွေကိုလည်း အဒီဟ်က ထားပေးထားပါတယ်။

    အဒီဟ်ဟာ သူ့ရဲ့ ဘ၀သက်တမ်းတစ်လျှာက် ဘာသာတရားထက် လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မွတ်စလင်တွေ နှစ်စဉ်လှူဒါန်းကြတဲ့ ဇကားသ်ငွေတွေကို အဒီဟ်တို့အဖွဲ့က လက်ခံပြီး မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒူမခြား လိုအပ်နေသူတွေအတွက် သုံးစွဲပေးခဲ့ပါတယ်။

    ဘာ့ကြောင့် မွတ်စလင်မဟုတ်သူတွေကို ကူညီရတာလဲလို့ လူတစ်ချို့က မေးတဲ့အခါမှာတော့ အဒီဟ်က “ကျွန်တော့်ရဲ့ လူနာတင်ယာဉ်တွေက ခင်ဗျားထက် မွတ်စလင်ပိုပီသတယ်လေ” လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    နောက်ပြီး “လူတွေက ပညာတွေတတ်ကြတယ်။ ဒါပေမယ့် လူတော့ မဖြစ်ကြသေးဘူး” ဆိုတဲ့ သူ့ရဲ့ စကားကလည်း ကျော်ကြားပါတယ်။

    သူကွယ်လွန်သေဆုံးသွားခဲ့အခါ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က “လူမှုရေးရာမှာ အားနည်းသူတွေ၊ နွမ်းပါးသူတွေ၊ အကူအညီမဲ့သူတွေ၊ သူဆင်းရဲတွေအတွက် အဒီဟ်ဟာ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ စစ်မှန်တဲ့ ပြယုဂ်တစ်ပါပဲ။ ကျွန်တော်တို့ဟာ လူသားတွေအတွက် အကျိုးဆောင်သူကြီးကို ဆုံးရှုံးလိုက်ရတာပါ” လို့ ချီးကျူးခဲ့ပါတယ်။

    အဒီဟ်ဟာ ၂၀၁၄ ခုနှစ်မှာ နိုဘယ်ဆုအတွက် အမည်တင်သွင်းခဲ့ရပေမယ့် မရခဲ့ပါဘူး။

    “ဒီဆုတွေကို ကျွန်တော် မမက်မောပါဘူး။ နိုဘယ်ဆုက ကျွန်တော့်အတွက် ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ လူသားဆန်တဲ့လူတွေကိုသာ ကျွန်တော် လိုချင်တာပါ” လို့ အဒီဟ်ဟာ Express Tribune နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပြီး မေ့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း သူက ပြောကြားခဲ့ပါတယ်။

    “ကလေး ၆ ယောက်နဲ့အတူ ရေထဲခုန်ချ အဆုံးစီရင်သွားတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူတို့ကို ဂူစူလ် (အစ္စလာမ့် ထုံးတမ်းစဉ်လာအရ သေသူကို ရေချိုးသန့်စင်ပေးခြင်း) ပြုတဲ့အချိန်မှာ ကျွန်တော် တော်တော်လေး ကြေကွဲ ၀မ်းနည်းခဲ့ရပါတယ်”

    အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါကစ္စတန် ဗဟိုဘဏ်က ရူပီး ၅၀ တန် အကြွေစေ့ကို အဒီဟ်ရဲ့ပုံနဲ့ နောက်လမှာ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera