News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အိန္ဒိယ၏ အအောင်မြင်ဆုံး မွတ်စလင်တင်းနစ်မယ်နှင့် တွေ့ဆုံခြင်း

    အိန္ဒိယ၏ အအောင်မြင်ဆုံး မွတ်စလင်တင်းနစ်မယ်နှင့် တွေ့ဆုံခြင်း

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    – ဆာနီယာ မီရ်ဇာဟာ အိန္ဒိယနိုင်ငံရဲ့ အအောင်မြင်ဆုံး အမျိုးသမီး တင်းနစ်မယ်ဖြစ်ပြီး နှစ်ယောက်တွဲ Grnad Slam ဆု ဖလားကို ၆ ကြိမ်တိုင်တိုင်ရရှိထားပါတယ်။ ဆွစ်ဇာလန်က နာမည်ကျော်တင်းနစ်မယ် မာတီနာ ဟင်းဂစ်နဲ့ မီရ်ဇာတို့အတွဲဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးနှစ်ယောက်တွဲ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မီရ်ဇာဟာ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ကဖြစ်ပြီး တင်းနစ်လောက စုစုပေါင်းဝင်ငွေဟာ ကန်ဒေါ်လာ ၆ သန်းလောက် ရှိနေပြီဖြစ်ပါတယ်။

    Qatar Total Open တင်းနစ်ပြိုင်ပွဲဝင်နေတဲ့ မီရ်ဇာကို သူမရဲ့ ဘ၀အကြောင်း၊ တင်းနစ်လောကထဲမှာ ရုန်းကန်ရမှုအကြောင်း၊ ဘောလီးဝုဒ်က အားကစားအပေါ် ရိုတ်ခတ်မှု၊ ကျား၊ မ တန်းတူညီမျှမှု လှုပ်ရှားရေး စတာတွေနဲ့ပတ်သက်လို့ အလ်-ဂျာဇီးရား သတင်းဌာနက မေးမြန်းထားမှုကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

    မေး။ ။ ခင်ဗျားဟာ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ Grand Salm ဆုဖလားကိုလည်း ၆ ကြိမ် ရခဲ့ဖူးပါတယ်။ ခင်ဗျားကို ဘယ်အရာက အဆက်မပြတ် လှုံ့ဆော်ပေးတာလဲ၊ နောက်ထပ် အောင်မြင်မှုတွေကော ထပ်ရချင်သေးလား။

    ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ တင်းနစ်ကစားရတာကို ကြိုက်တယ်။ ယှဉ်ပြိုင်ရတာကိုလည်း ကြိုက်ပါတယ်။ အောင်နိုင်မှုအရသာ၊ တင်းနစ်ကွင်းထဲဝင်ရတာကို နှစ်သက်ပါတယ်။ အောင်မြင်ဖို့ ကြိုးစားတယ်ဆိုတာမှာ အရေအတွက်က အဓိကမကျပါဘူး။ ကျွန်မတို့ဟာ Grand Slam ပဲဖြစ်ဖြစ်၊ သာမန်ပြိုင်ပွဲပဲဖြစ်ဖြစ် ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားပါတယ်။ ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်ရရင်တော့ ကောင်းတာပေါ့ရှင်။ ဒါပေမယ့် အဲဒီအဆင့်မှာ ကျွန်မ ၂ နှစ်လောက် ရှိခဲ့ပါတယ်။ ဆက်လက်ကြိုးစားနေပြီး ပြိုင်ပွဲဖိအားဒဏ်ကို ခံနိုင်သမျှ ကာလပတ်လုံး ကစားသွားဖို့ စိတ်ကူးရှိပါတယ်။

    မေး။ ။ ခင်ဗျားရဲ့ Ace Against Odds ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိမှာ ကွင်းတွင်း၊ ကွင်းပြင် ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကုန်လုံးအကြောင်း ခင်ဗျားရေးထားတယ်။ ဒီစာအုပ်ရေးဖို့ လိုတယ်လို့ ဘာ့ကြောင့် ခံစားရတာလဲ။

    ဖြေ။ ။ ဒီစာအုပ်ပြီးဖို့ ၈ နှစ်နီးပါးလောက် ကြာခဲ့တယ်ရှင့်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မမှာ ရေးစရာတွေက အများကြီးပဲ။ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်နေတယ်။ ကွင်းတွင်းနဲ့ ကွင်းပြင်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဖော်ပြဖို့က သိပ်များတယ်လေ။

    လူတွေကတော့ ကျွန်မနဲ့ ပက်သတ်ပြီး ကောင်းတာတွေ၊ ဆိုးတာတွေ အားလုံးကို မီဒီယာမှာ ပြောကြတယ်။ အရာရာတိုင်းကို ရုန်းကန်ခဲ့ရမှု၊ တင်းနင်းကစားသမားမိသားစုဘ၀ ဖြတ်သန်းမှုတွေကို မိသားစုနဲ့ ပရိတ်သတ်တွေ ကျွန်မထံက ကြားရမယ်ဆိုတဲ့အကြွေး ကျွန်မပေါ်မှာ တင်နေတယ်လို့ ခံစားရတယ်။ ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘာရေးရေး ဒါဟ တစ်ဆင့်စကားနဲ့ အမြဲတမ်း သွားရတာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်ပြောကြားမှု မဟုတ်ပါဘူး။

    ဒီစာအုပ်ရေးရတဲ့ အဓိက နောက်ခံအကြောင်းအရင်းက အိန္ဒိယတိုက်ငယ်မှာရှိတဲ့ လူငယ်သွေးသစ်တွေ – အထူးသဖြင့် အမျိုးသမီးငယ်လေးတွေ – အားကျပြီး ကြိုးစားလာဖို့၊ တင်းနစ်ရိုက်တံကိုင်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားစေဖို့ပဲဖြစ်ပါတယ်။

    မေး။ ။ ဘောလီးဝုဒ်ဟာ မာရီ ကွမ်၊ မီလ်ခါ ဆင်းတို့လို အားကစားကြယ်ပွင့်တွေရဲ့ အကြောင်း ရုပ်ရှင်တွေ ရိုက်ခဲ့ပါတယ်။ ဒီရုပ်ရှင်တွေက လူငယ်တွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိပါသလဲ။

    ဖြေ။ ။ ကျွန်မတို့ အိန္ဒိယတိုက်ငယ်က ပြည်သူတွေဟာ ခရစ်ကတ်ကစားနည်းကို အရူးအမူးစွဲလမ်းကြတဲ့ ဓလေ့က လာကြတာပါ။ (ခရစ်ကတ်ကစားနည်းပါတဲ့) အိုလံပစ်နဲ့ အာရှအားကစားပြိုင်ပွဲ ဒါမှမဟုတ် ဓနသဟာယ အားကစားပြိုင်ပွဲတွေမတိုင်ခင် ၂ လအရင်လောက်ကစပြီး ကျွန်မတို့တိုင်းပြည်ဟာ အားကစားတိုင်းပြည်ကြီးအဖြစ် ပြည်သူတွေက ပုံစံပြောင်းသွားတယ်။ အဲဒီပွဲတွေ ပြီးသွားရင်တော့ အားလုံး မီးသေသွားကြပါတယ်။ သိထားရမှာက ကျွန်မတို့ဟာ ခရစ်ကတ်မဟုတ်တဲ့ အားကစားနည်းတွေမှာလည်း ချန်ပီယံဖြစ်တဲ့ နိုင်ငံဆိုတာပါပဲ။

    အားကစားနည်းအများစုဟာ ခရစ်ကတ်ကစားနည်းက ရရှိနေတဲ့ အကူအညီမျိုး၊ အားပေးမှုမျိုး၊ ကြည့်ရှုမှုမျိုး မရပါဘူး။ ဒါပေမယ့် ရှင်ပြောခဲ့တဲ့ ရုပ်ရှင်တွေကြောင့် ဒီလူတွေဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာကို တိုင်းပြည်က သိရှိခဲ့ကြပါတယ်။

    ဘောလီးဝုဒ်ဟာ ကျွန်မတို့မှာ ရှိတဲ့အရာတွေထဲက အကြီးမားဆုံး လုပ်ငန်းကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးတော့ လူအများကြီးဆီရောက်ပြီး၊ တကယ့်ကို အောင်မြင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

    မေး။ ။ နောင်အနာဂတ်မှာ ခင်ဗျားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မျိုး ကြည့်ချင်သလား။

    ဖြေ။ ။ ပြောနေဆိုနေကြတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘာမှ အကောင်အထည်မပေါ်သေးပါဘူး။ ကျွန်မက သိုသိုသိပ်သိပ် နေတတ်သူပါ။ ဒါ့ကြောင့် ကျွန်မဘ၀အကြောင်း လုံးဝ ဖွင့်ပြောလိုက်ဖို့ တောင်းဆိုတဲ့အခါ အခက်အခဲရှိပါတယ်။ စာအုပ်ထဲမှာတောင်မှ ကျွန်မအတွက် ရေးဖို့ခက်တဲ့ အကြောင်းအရာတစ်ချို့ ရှိပါတယ်။

    မေး။ ။ WTA Tour တင်းနစ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်နေတဲ့ လက်တစ်ဆုပ်စာ မွတ်စလင်အမျိုးသမီးတွေထဲမှာ ခင်ဗျားလည်း ပါတယ်။ အိန္ဒိယကနေ မွတ်စလင်အမျိုးသမီး တင်းနစ်မယ်တွေ သိပ်မထွက်တာ ဘာ့ကြောင့်လို့ ခင်ဗျားထင်လဲ။

    ဖြေ။ ။ အိန္ဒိယက မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူ တင်းနစ်မယ်တွေ မထွက်တာပါ။ ဒါက ဘာသာတရားနဲ့ မပတ်သက်ဘူးရှင့်။ ပြီးတော့ မွတ်စလင်တွေရဲ့ ပြဿနာလည်းမဟုတ်ဘူး။ ကျွန်မတို့ တိုက်ငယ်မှာ အမျိုးသမီးတွေနဲ့ ပတ်သက်လာပြီဆိုရင် ဒါမျိုးက ယဉ်ကျေးမှု ပြဿနာပါ။ ကျွန်မတို့က မိန်းကလေးတွေကို လင်ပေးစားမယ်။ အသားမမည်း စေချင်ဘူး။ ချက်တက်ပြုတ်တတ်အောင် သင်ပေးမယ်။ ယောက်ျားလေးတွေ လုပ်သလိုမျိုးတော့ ပေးမလုပ်ကြဘူး။

    ဒီစကားတွေကို ကျွန်အသက် ၆ နှစ်လောက်ထဲက ကြားနေရတာပါ။ မိန်းကလေးဆိုတာ ဒါတွေ ဒါတွေကို လုပ်ရမယ်။ အပြင်ထွက်ပြီး မကစားရဘူးလို့ ဆုံးမခံခဲ့ရတာကို ကျွန်မအပါဝင် အိန္ဒိယတိုက်ငယ်က မိန်းကလေးငယ်တိုင်းက ပြန်ပြော ပြနိုင်မှာပါ။

    မေး။ ။ ကျား၊ မ တန်းတူမညီမှု ပြဿနာက အိန္ဒိယအပါအ၀င် တောင်အာရှတစ်ဝှမ်းမှာ ဖြစ်နေတုန်းပဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပရိုကစားသမားတစ်ယောက်ဖြစ်လာတဲ့ ခင်ဗျားအပေါ်မှာ လူတွေရဲ့ ဆက်ဆံမှု ပြောင်းလဲသွားတာမျိုး ကြုံဖူးလား။

    ဖြေ။ ။ ကျွန်မ ကုလသမဂ္ဂအတွက် အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။ တောင်အာရှမှာ သူတို့ရဲ့ ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ ကျား၊ မ တန်းတူညီရေးက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး တောင်အာရှရဲ့ ပြဿနာသာမဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ ဒီနေ့အချိန်အထိ ဆီရီနာဝီလီယံဟာ သူအနေနဲ့ ဘာ့ကြောင့် အကြီးကျယ်ဆုံး အားကစားမယ်၊ တင်းနစ်မယ် ဖြစ်လဲဆိုတာ မေးခွန်းထုတ်ခံနေရတယ်။ သူတို့က သူမဟာ အကြီးကျယ်ဆုံး အမျိုးသမီးတင်းနစ်ကစားသမား ဖြစ်တဲ့အကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် သူမဟာ တင်းနစ်သမားတွေထဲမှာ အကြီးကျယ်ဆုံးတစ်ယောက် ဖြစ်နိုင်ပါတယ်။

    ကျွန်မရဲ့ဘ၀မှာ ပြဿနာတွေအများကြီး ဖြစ်ခဲ့တယ်။ ကျွန်မ ယောက်ျားလေးတစ်ယောက် ဖြစ်မယ်ဆိုရင်လည်း ဒါတွေကနေ ရုန်းထွက်မိမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒါက ကမ္ဘာ့နည်းကမ္ဘာ့ဟန် ဖြစ်နေလို့ပါပဲ။ ကျွန်မတို့ဟာ အမျိုးသားတွေကြီးစိုးတဲ့ကမ္ဘာမှာ နေထိုင်ရတယ်။ ဒါကို လက်မခံမချင်း၊ ဒါမှမဟုတ် လက်မခံဘူးဆိုရင်၊ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် မဖြစ်ဘူးဆိုရင်၊ ဒီပြဿနာကို ကျွန်မတို့ မဖြေရှင်းနိုင်ပါဘူး။

    ‘ဆာနီယာ မီရ်ဇာ တင်းနစ်အကယ်ဒမီ’ ဖွင့်ပွဲတွင် ကလေးငယ်များအား လက်မှတ်ထိုးပေးနေသော ဆာနီယာ မီရ်ဇာ

    မေး။ ။ ခင်ဗျားဟာ ‘ဆာနီယာ မီရ်ဇာ တင်းနစ်အကယ်ဒမီ’ ကို ဖွင့်လှစ်ခဲ့ပြီး၊ ခင်ဗျားရဲ့ ဇာတိမြို့မှာ အခြေခံအဆင့် အကယ်ဒမီလည်းဖြစ်ပါတယ်။ နောက်ထပ် ဆာနီယာ မီရ်ဇာတစ်ယောက် ပေါ်ထွက်လာဖို့ ဘယ်လောက် နီးနေပြီလို့ ခင်ဗျားခံစားရလဲ။

    ဖြေ။ ။ တကယ်တော့ နီးကပ်သင့်သလောက်ကို မနီးသေးပါဘူး။ တရုတ်နိုင်ငံမှာ လီနာပေါ်ထွက်လာသလိုမျိုး နိုင်ငံတစ်နိုင်ငံမှာ နာမည်ကြီး ကစားသမားတစ်ယောက် ပေါ်ထွက်လာပြီဆိုရင် သူ့နောက်ကနေ အမြဲတမ်း ၃၊ ၄ ယောက်လောက် လိုက်လာတတ်တယ်။ အိန္ဒိယကတော့ ဒါမျိုးဖြစ်ဖို့ စောင့်နေရတုန်းပါ။

    နောက်ထပ် ဆာနီယာတစ်ယောက် ဒါမှမဟုတ် ပိုကောင်းတဲ့သူ တစ်ယောက် ဖြစ်လာဖို့အတွက် ကလေးတွေကို ကူညီရမယ့်၊ အားထုတ်ရမယ့် အရာတွေကို လုပ်ပေးဖို့ ဘာကိုမဆို ကျွန်မ ကြိုးစား ဆောင်ရွက်သွားမှာပါ။

    ကျွန်မဟာ အမြဲတမ်း ကစားနေမှာ မဟုတ်ပါဘူး။ တင်းနစ်မှာ ကျွန်မတို့လျှောက်ခဲ့ရတဲ့လမ်းက ရှည်လျားကြမ်းတမ်းပါတယ်။ ကျွန်မ စကစားတုန်းကဆိုရင် တင်းနစ်ကွင်းတောင် မရှိသလောက်ပါ။ နောက်ချေးနဲ့လုပ်ထားတဲ့ ကွင်းတွေမှာ ကစားခဲ့ရပါတယ်။ အခုတော့ ကျွန်မတို့ဟ ချန်နိုင်းမှာ နှစ်စဉ် ATP တင်းနစ်ပြိုင်ပွဲကို ကျင်းပနိုင်ပြီး အရင်တုန်းကလည်း WTA ပြိုင်ပွဲ ကျင်းပတဲ့ မြို့ ၃ မြို့ ရှိခဲ့ပါတယ်။

    မေး။ ။ ခင်ဗျားဟာ အိန္ဒိယမှာ သမရိုးကျတွေထဲက ဖောက်ထွက်လာသူဖြစ်တယ်။ ခင်ဗျား အနားယူသွားတဲ့အချိန်မှာ ဘယ်လိုအမွေအနှစ် ကျန်ခဲ့စေချင်သလဲ။

    ဖြေ။ ။ ‘ဆာနီယာ မီရ်ဇာ တင်းနစ် အကယ်ဒမီ’ တည်ထောင်ရတဲ့ အကြောင်းအရင်းက ဒါပါပဲ။ တင်းနစ်ဟာ သိပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိရတာကြောင့် အသက် ၃ နှစ်ကနေ ၈ နှစ်အထိ ကလေးငယ်တွေနဲ့ ကျွန်မ စနေတယ်။ ဆာနီယာတွေ၊ ဒါမှမဟုတ် ဆာနီယာထက်ကောင်းတဲ့သူတွေ ပေါ်ထွက်လာဖို့ ကျွန် မမျှော်လင့်ပါတယ်။

    အဆုံးတစ်နေ့မှာတော့ ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်ဖို့ ရုန်းကန်ကြိုးစားခဲ့ရတာတွေအတွက် လူတွေ သတိရနေဖို့ မျှော်လင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် ကြွယ်ဝမှု၊ ကျန်းမာရေးနဲ့ ကျော်ကြားမှုတွေကို ရရှိထားပါတယ်။ ကျွမ်းကျင်တဲ့ နယ်ပယ်မှာရော၊ ပြင်ပကမ္ဘာမှာပါ မှန်ကန်တဲ့အရာတွေကို လုပ်ဖို့ ကြိုးစား ရုန်းကန်ရတဲ့သူ တစ်ယောက်ယောက်အတွက် ကျွန်မဟာ သတိရ အမှတ်ရစရာ လူတစ်ယောက်ဖြစ်မယ်လို့လည်း မျှော်လင့် မိပါတယ်။

    မာတီနာဟင်းဂစ်နှင့် ဆာနီယာမီဇာရ်တို့အတွဲမှာ ၄၁ ပွဲဆက်တိုက် ရှုံးပွဲမရှိဖြင့် Grand Slam ဆုဖလားကို ၃ ကြိမ် ရရှိခဲ့သည်။

    Ref: Aljazeera

  • မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်လောက်က မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေ အားလုံးနီးပါးမှာ မျက်စိရောဂါနဲ့ပတ်သက်ပြီး အကြောင်းအရာအချို့ကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ မျက်စိတွေအစား တိရစ္ဆာန်တွေရဲ့ မျက်စိတွေကိုသာ အသုံးပြုခဲ့တာကြောင့် လေ့လာမှုမှာတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ ဒါကလည်း လူသားရဲ့ ကိုယ်ခန္ဓာကိုယ်ကို ခွဲစိပ်ဖြတ်တောက်ခြင်းဟာ မလုပ်အပ်တဲ့အလုပ်လို့ သတ်မှတ်ထားကြလို့ပါ။ ဒါပေမယ့် ဒီအချက်က မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ပတ်သက်ပြီး  မွတ်စလင်ပညာရှင်တွေရဲ့ ရေးဆွဲဖော်ထုတ်မှုတွေကို အဟန့်အတား မဖြစ်စေခဲ့ဘဲ၊ မျက်လုံးတည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ရှေးအကျဆုံး ပုံတွေကို မွတ်စလင်တွေက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

    ၁၀ ရာစုကနေ ၁၃ ရာစုအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ မွတ်စလင်မျက်စိ ခွဲစိပ်ဆရာဝန်တွေ၊ မျက်စိအထူးကုတွေဟာ မျက်လုံးခွဲစိပ်မှု၊ ဖြတ်တောက်ဖယ်ရှားမှု၊ စူးစမ်းမှုတွေ ပြုလုပ်ခဲ့သလို သူတို့ရဲ့ တွေ့ရှိချက်တွေကို ကျမ်းကြီးတွေ၊ စာတမ်းတွေရေးပြီးလည်း ဖြန့်ချီခဲ့ပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ ဂျာမနီ ဆေးဘက်ဆိုင်ရာ ပါရဂူ ဂျူးလီယက်စ် ဟီရက်ရှ်ဘာ့ဂ် (Juius Hirschberg) ရဲ့ အဆိုအရ မွတ်စလင်ပညာရှင်ကြီးတွေ ရေးသားခဲ့တဲ့ မျက်စိကုထုံးဆိုင်ရာ ကျမ်းပေါင်း ၃၀ လောက် ရှိခဲ့ပြီး ယနေ့အချိန်မှာ ၁၄ အုပ် ရှိနေပါသတဲ့။

    “အမြင်အာရုံကွယ်မှုကို တားဆီးဖို့ ကြိုးစားအားထုတ်ရာမှာ မွတ်စလင် သမားတော်တွေဟာ သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှေ့ရောက်ခဲ့ပြီး အလ်-ရာဇီဟာ သူငယ်အိမ်ရဲ့ ကိုယ်ပိုင် အလိုအလျောက်တုန့်ပြန်မှု (reflex action) ကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ သမားတော်တစ်ဦး ဖြစ်ပါတယ်။ အဲဒီ တစ်ချိန်တည်းလောက်မှာပဲ အလ်-မော်စီလီဟာ အခေါင်းပေါက်ပါတဲ့ အပ်တွေကို အသုံးပြုပြီး စုပ်ထုတ်မှုနဲ့ မျက်လုံးတိမ်တွေကို ဖယ်ထုတ်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်”

    (၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ ‘မျက်စိပညာရှင်များအသင်း’ က ထုတ်ဝေသည့် Optometry Today စာအုပ်မှ)

    ယနေ့ခေတ် မျက်စိနဲ့ပတ်သက်လို့ မျက်မှေးလွှာ (conjunctiva)၊ မျက်ကြည်လွှာ (cornea)၊ မြင်လွှာ (retina) စတဲ့ အသုံးအနှုန်းတွေကို သုံးနေကြပြီး၊  မျက်ခမ်းစပ်ရောဂါ (Trachoma) လို ရောဂါမျိုးကို ခွဲစိပ်ကုသတာကလည်း ပုံမှန်လို ဖြစ်နေပါပြီ။ မျက်လုံးထဲမှာ မျက်ဝန်းလဲ့ရည် (intraocular pressure) တိုးလာပြီး ‘သူငယ်အိတ် ကိုက်ခဲခြင်း’ လို့ အမည်ပေးထားတဲ့ ရေတိမ် (glaucoma) ရောဂါကုသနည်းဟာလည်း လူသိများပါတယ်။ ဒါပေမယ့် မျက်စိကုထုံးနဲ့ ပတ်သက်လို့ မွတ်စလင်တွေ ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းတွေထဲမှာ အကြီးကျယ်ဆုံးကတော့ မျက်စိတိမ်စွဲရောဂါ ကုသနည်းပဲ ဖြစ်ပါတယ်။

    မျက်စိတိမ်စွဲမှုရောဂါရဲ့ အာရဘီအသုံးအနှုန်းဟာ အလ်-မာ အလ်-နာဇီလ် ဖီလာယန် (al-ma al-nazil fil’ayn) ဖြစ်ပြီး ‘မျက်စိထဲ ရေ၀င်ခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ရေတွေ မျက်လုံးက မှန်ဘီလူးထဲမှာ စုမိပြီး မျက်လုံး တိမ်ဖြစ်နေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ဒီလိုရေတိမ်ဖြစ်နေတဲ့မျက်လုံးတွေ အလင်းပြန်ရဖို့အတွက် ၁၀ ရာစု အီရတ်က မွတ်စလင်ပညာရှင် အလ်-မော်စီလီ (Al-Mawsili) ဟာ အခေါင်းပေါက်ပါတဲ့ အပ်တစ်ချောင်းကို ဖန်တီးခဲ့ပြီး မျက်ကြည်လွှာနဲ့ မျက်မှေးလွှာ ဆက်နေတဲ့ နယ်ခြား (limbus) ထဲအထိ စိုက်ကာ ရေစုပ်ထုတ်ခြင်း နည်းလမ်းနဲ့ တိမ်ကို ဖယ်ထုတ်ခဲ့ပါတယ်။ မွတ်စလင်တွေဖော်ထုတ်ခဲ့ အခြား မျက်စိကုသနည်းတွေနဲ့အတူ ဒီမျက်စိတိမ်စွဲရောဂါ ကုသနည်းကိုလည်း ယနေ့ခေတ်မှာ မခွဲစိတ်ခင် မှန်ဘီလူးကို အအေးပေးတာလို ခေတ်ပေါ် နည်းပညာတွေ ထပ်မံပေါင်းထည့်ပြီး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    အလ်-မော်စီလီဟာ သူ့ရဲ့ လေ့လာမှု၊ လက်တွေ့ ကျင့်သုံးမှုတွေနဲ့ပတ်သက်လို့ Book of Choices in the Treatment of Eye Diseases (မျက်စိရောဂါကုသမှုဆိုင်ရာ ရွေးချယ်စရာများကျမ်း) တစ်စောင်ကို ပြုစုခဲ့ပြီး ဒီစာအုပ်ထဲမှာ မျက်စိရောဂါပေါင်း ၄၈ မျိုးရဲ့အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီကျမ်းရဲ့ လက်ရေးမူကို စပိန်နိုင်ငံ မက်ဒရစ်မြို့က Escorial Library မှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

    ၂၀ ရာစုကို ရောက်တဲ့အချိန်အထိ အလ်-မော်စီလီရဲ့ ကျမ်းကို အာရဘီ ဘာသာစကား၊ ၁၃ ရာစုက ဟီဘရူးဘာသာပြန် စတဲ့ ပုံစံ ၂ မျိုးနဲ့သာ ရရှိခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဂျာမန် ဒေါက်တာ ဟီရက်ရှ်ဘာ့ဂ်က ဂျာမန်ဘာသာကို ပြန်ဆိုခဲ့ပြီး အလ်-မော်စီလီဟာ “အာရဘီ စာပေနယ်ပယ် တစ်ခုလုံးမှာ အပါးနပ်ဆုံး မျက်စိပါရဂူဖြစ်တယ်” လို့ အမွှမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။

    စပိန်နိုင်ငံ ကော်ဒိုဘာမြို့ရှိ အလီအစ်ဗနေ့အီဆာ၏ ကိုယ်တစ်ပိုင်း ရုပ်ထု

    အလ်-မော်စီလီနဲ့ ခေတ်ပြိုင်ဖြစ်ပြီး မွတ်စလင်မျက်စိသမားတော်တွေထဲမှာ အကျော်ကြားဆုံး ဖြစ်ခဲ့သူကတော့ ၁၀ ရာစု အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အလီ အစ်ဗနေ့ အီဆာ (Ali ibn Isa) ဖြစ်ပါတယ်။ သူဟာ Notebook of Oculist (မျက်စိပါရဂူမှတ်စု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ပြုစုခဲ့ပြီး မျက်လုံးရောဂါနဲ့ပတ်သက်လို့ အပြည့်စုံဆုံးကျမ်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၄၉၇ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာတော့ ပရော်ဖက်ဆာ ဟီရ်ဆက်ခ်ျဘာ့ဂ် (Hirschberg) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မျက်စိပါရဂူ ဂျေ လစ်ပါ့တ် (J. Lippert) တို့ဟာ ဂျာမနီဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာကိုတော့ ၁၉၃၆ ခုနှစ်မှာ အမေရိကန် မျက်စိ သမားတော်နဲ့ ပညာရှင် ကာဆေ ၀ုဒ် (Casey Wood) က ပြန်ဆိုခဲ့ပါတယ်။

    အစ်ဗနေ့ အီဆာရဲ့ Notbook of Oculist ဟာ စက္ကုဗေဒနဲ့ပတ်သက်လို့ ပြည့်စုံ၊ တိကျတဲ့ အချက်အလက်တွေပါဝင်တဲ့ ကျမ်းကြီးတစ်ကျမ်းဖြစ်ပြီး မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ မျက်စိနာရောဂါ (ophthalmia) တို့အပါအ၀င် မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါပေါင်း ၁၃၀ ကျော်ကို ဖော်ပြထားသလို ရာစုနှစ်များစွာ အသုံဝင်ခဲ့တဲ့ ကျမ်းကြီး ဖြစ်ပါတယ်။

    စက္ကုဗေဒနဲ့ပတ်သက်လို့ ဒီကျမ်းကြီးဟာ မွတ်စလင်တွေ ရေးထာသမျှ ကျမ်းတွေထဲမှာ မူရင်းပုံစံမပျက်ဘဲ အကြာဆုံး ရှင်သန်ခဲ့တဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၂၀ ရာစု ဗြိတိန် ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် ဒေါက်တာ ဆိုင်ရီလ် အလ်ဂွဒ် (Cyril Elgood) က “ပထမဆုံးပိုင်းဟာ မျက်လုံး တည်ဆောက်ပုံကို အသားပေးဖော်ပြပြီး၊ ဒုတိယပိုင်းကတော့ မျက်လုံးရဲ့ အပြင်ပိုင်းရောဂါတွေကို ဖော်ပြထားပါတယ်။ တတိယပိုင်းမှာ သာမန်စမ်းရုံနဲ့ မမြင်နိုင်တဲ့ အတွင်းပိုင်းရောဂါတွေကို ဖော်ပြပါတယ်။ မျက်စိမျာဖြစ်တဲ့ ရောဂါတွေဟာ အထွေထွေရောဂါတွေရဲ့ လက္ခဏာကို ဖော်ပြတာမျိုး ဖြစ်တယ်ဆိုတဲ့ ခေတ်သစ်ယူဆချက်နဲ့ အနီးစပ်ဆုံးဖြစ်စေတဲ့ အလီရဲ့ကောက်ချက်ချမှုကတော့ တိမ်စွဲရောဂါ အစပျိုးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့မှုဟာ အစာအိမ် ဒါမှမဟုတ် ဦးနှောက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို အာရုံစိုက်ဖို့ မျက်စိဆရာဝန်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    မျက်လုံးမှာဖြစ်တဲ့ ရောဂါတွေဟာ အခြားသော ရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာကို ပြောခဲ့သူက မျက်စိခွဲစိပ်ဆရာဝန်က အစ်ဗနေ့ အီဆာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ၁၀၈၈ ခုနှစ်လောက်က ပါရှားပြည်မှာ ပေါ်ထွက်ခဲ့ပြီး အလ်-ဂျာရ်ဂျာနီ (Al-Jurjan) လို့သိကြတဲ့ အဘူ ရူဟ် မိုဟာမက် အစ်ဗနေ့ မန်ဆူရ် အစ်ဗနေ့ အဘ်ဒူလာ (Abu Ruh Muhammad Ibn Mansur ibn Abdullah) ဟာ The Light of the Eye (မျက်လုံး၏ လင်းရောင်ခြည်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီထဲက အခန်းတစ်ခုမှာ ဖော်ထုတ်ရခက်တဲ့ ရောဂါတွေအကြောင်းကို ရေးသားဖော်ပြထားပါတယ်။ အဲဒီဂေါတွေဟာ မျက်လုံးရဲ့ တတိယ အာရုံကြောအားနည်းမှု (third nerve paralisis)၊ သွေးလှည့်မှု မှုမမှန်ခြင်း (blood disorders) နဲ့ အဆိပ်သင့်မှု (toxicity) လို ရောဂါမျိုးတွေဖြစ်ပြီး မျက်လုံးမှာ ဒါမှမဟုတ် အမြင်အာရုံမှာ ရောဂါလက္ခာဏာတွေကို ထင်ထင်ရှားရှား တွေ့ရတတ်ပေမယ့် ရောဂါကို အလွယ်တကူ ရှာမရတွေပါ။

    မွတ်စလင်ပညာရှင် အစ်ဗနေ့ အစ္စဟာ့က် ၉ ရာစုက ရေးသားခဲ့သည့် မျက်စိရောဂါဆိုင်ရာကျမ်းမှ လက်ရေးမူ

    အလယ်ခေတ် မွတ်စလင်ကမ္ဘာက နာမည်မသေတဲ့ နောက်ထပ် မျက်စိပါရဂူတစ်ဦးကတော့ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ပညာရှင်ကြီး မိုဟာမက် အစ်ဗနေ့ ကွာစမ် အစ်ဗနေ့ အတ်စလမ် အလ်-ဂါဖီကီ (Muhammad ibn Qassum ibn Aslam al-Ghafiqi) ဖြစ်ပါတယ်။  အလ်-ဂါဖီကီဟာ ကော်ဒိုဘာမှာ မွေးဖွားကြီးပြင်းကာ မျက်စိပါရဂူအဖြစ် ဆောင်ရွက်ခဲ့ပြီး The Right Guide on Ophthalmic Drug (စက္ကုဆိုင်ရာ ဆေးဝါးများ လမ်းညွှန်ကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ မျက်စိနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေသင်သာမကဘဲ ဦးခေါင်းနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေရဲ့ ဆေးဝါးတွေ အကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ပတ်သက်ပြီး အလ်-ဂါဖီကီရဲ့ ကုသနည်းကို ပထမကမ္ဘာစစ်အထိ အသုံးပြုခဲ့ရပါတယ်။ အလ်-ဂါဖီကီကွယ်လွန်မှု နှစ် ၈၀၀ ပြည့်တဲ့ ၁၉၆၅ ခုနှစ်မှာ သူ့ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုကို ကော်ဒိုဘာက မြူနီစီပယ် ဆေးရုံမှာ ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။

    ယနေ့ခေတ်မှာတော့ မျက်စိတိမ်စွဲရောဂါဟာ ပြောပလောက်စရာ ရောဂါမျိုး မဟုတ်တော့ဘဲ ၁၀ ရာစုက မွတ်စလင်ပညာရှင်ကြီး အလ်-မော်စီလီ ဖော်ထုတ်ပေးခဲ့တဲ့ ကုသနည်းက ယနေ့အချိန်အထိ လူသန်းပေါင်းများစွာကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

     

    “အလယ်ခေတ် ဥရောပမှာ အသိပညာ မှောင်အတိကျနေစဉ်အတွင်း သူတို့ (မွတ်စလင်တွေ) ဟာ (စပိန်က) ဂွါဒါလ်ကွီဗီမြစ်ကနေ (အီဂျစ်က) နိုင်းမြစ်၊ (ရုရှားက) အိုဇက်မြစ်အထိ ကျွန်တော်တို့ရဲ့ သိပ္ပံပညာ (စက္ကုဗေဒပညာ) အလင်းကို ထွန်ညှိပေးခဲ့ပြီး၊ မီးစာမပြတ်အောင် လုပ်ပေးခဲ့ပါတယ်။ အလယ်ခေတ်ဥရောပမှာ သူတို့တွေကသာ စက္ကုဗေဒမှာ ဆရာသဘာတွေ ဖြစ်ခဲ့ပါတယ်” (ပရော်ဖက်ဆာ ဂျူလီယက်စ် ဟီရ်ဆက်ခ်ျဘာ့ဂ်က ၁၉၀၅ ခုနှစ်တွင် အမေရိကန် ဆေးဘက်ဆိုင်ရာအသင်း၌ ပြောကြားသည့် မိန့်ခွန်းမှ)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ဟီဘာဟ် ရဟ်မာနီ (သို့မဟုတ်) နာဆာမှ မွတ်စလင် ဒုံးပျံအင်ဂျင်နီယာပညာရှင်

    ဟီဘာဟ် ရဟ်မာနီ (သို့မဟုတ်) နာဆာမှ မွတ်စလင် ဒုံးပျံအင်ဂျင်နီယာပညာရှင်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – အမေရိကန် ထိပ်တန်း အာကသအေဂျင်စီတစ်ခုဖြစ်တဲ့ နာဆာမှာ ဒုံးပျံ အင်ဂျင်နီယာတစ်ယောက်ဟာ မွတ်စလင်ဒုက္ခသည် အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    ဟုတ်ပါတယ်။ သူကတော့ ပါကစ္စတန်နွယ်ဖွား ဟီဘာဟ် ရဟ်မာနီဖြစ်ပြီး ကူဝိတ်မှာ ကြီးပြင်းကာ ဒုက္ခသည်အဖြစ် ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရသူပါ။

    မိသားစုနောက်ကြောင်း

    ရဟ်မာနီကို ပါကစ္စတန်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ အသက် ၁ လအရွယ်လောက်မှာပဲ မိဘတွေက ကူဝိတ်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ အီရတ်နဲ့ ကူဝိတ်နိုင်ငံအကြား စစ်ပွဲဖြစ်တဲ့အချိန်အထိ ရဟ်မာနီဟာ ကလေးဘ၀ကို အေးချမ်းစွာ ကုန်ဆုံးခဲ့ပါတယ်။

    “ကျွန်မ ကြီးပြင်းလာတဲ့တစ်လျှောက်လုံးမှာ အနှစ်သက်ဆုံး အမှတ်တရက ညဘက် သဲကန္တာရမှာဖြစ်ဖြစ်၊ ပါရှန်ပင်လယ်ကွေ့ ကမ်းနဖူးပေါ်မှာဖြစ်ဖြစ် မိသားစုနဲ့အတူ လမ်းလျှောက်ပြီး ကြယ်တွေ၊ လတွေကိုကြည့်ပြီး အံ့သြတာ၊ လပေါ်ကို ခြေချခဲ့တဲ့ နီးလ်အမ်းစထရောင်းလို ပုဂ္ဂိုလ်တွေအကြောင်းကို စဉ်းစားခဲ့တာတွေပါပဲ။ အဲဒီအချိန်လောက်မှာပဲ ကျွန်မဟာ သိပ္ပံ၊ အာကာသနဲ့ နက္ခတ္တဗေဒအပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်” လို့ ရဟ်မာနီက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် ဒီအမှတ်တရတွေဟာ ၁၉၉၀ ခုနှစ်မှာ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်မှုကြောင့် အဆုံးသတ်ခဲ့ရပြီး ရဟ်မာနီတစ်ယောက် မိသားစုနဲ့အတူ အီရတ်-ဂျော်ဒန်နယ်စပ်အနီးက ဝေးလံခေါင်သီတဲ့ ဒေသကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ သူတို့ဟာ ဒုက္ခသည်စခန်းကို ညပိုင်းမှာ ရောက်သွားခဲ့ပြီး တဲတွေကလည်း ပြည့်နေတာကြောင့် သဲကန္တာရဟင်းလင်းပြင်ထဲမှာပဲ ညတွေကို ကုန်ဆုံးခဲ့ရတာပါ။

    အဲဒီအချိန်ဟာ ရဟ်မာနီနဲ့ သူ့ရဲ့ မိသားစုအတွက် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေ ဖြစ်ခဲ့ပေမယ့် ကြယ်တွေအပေါ် သူမရဲ့ ချစ်မြတ်နိုးမှုစိတ်ဓာတ် ကွက်ကွက်ကွင်းကွင်းပေါ်လာတဲ့ အချိန်လည်း ဖြစ်ပါသတဲ့။

    “ကျွန်မတို့အတွက် ခက်ခဲတဲ့အချိန် ဖြစ်ခဲ့ပေမယ့် အဲဒီညတွေထဲက အရာတွေထဲမှာ ကျွန်မမှတ်မိတာတစ်ခုကအေးလွန်းတဲ့ သဲကန္တာရမှာ အိပ်ဖို့ ကြိုးစားနေတဲ့ တစ်ည ကောင်းကင်ယံက ငွေရောင် လမင်းကြီး၊ ကြယ်တွေနဲ့ လှပနေတဲ့ ကောင်းယံကြီးပါပဲ။ အဲဒီမြင်ကွင်းက ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အိပ်မက်တွေကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်”

    ဂျော်ဒန်မှာ ခဏတာ နေထိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရဟ်မာနီတို့မိသားစုဟာ ပါကစ္စတန်ကို ပြန်ခဲ့ပြီး အမေရိကန်ကို ရောက်နေတဲ့ ဖခင်နဲ့ ပြန်ဆုံခဲ့ပါတယ်။

    ပညာရေး

    ၁၉၉၁ ခုနှစ် စစ်ပွဲပြီးတဲ့အချိန် ကူဝိတ်ကို ပြန်ရောက်လာတဲ့ ရဟ်မာနီဟာ အထက်တန်းပညာရေးကို ကူဝိတ်မှာ ပြီးဆုံးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့ကာ ဖလော်ရီဒါအလယ်ပိုင်းတက္ကသိုလ် (UCF) မှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ၂၀၀၀ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘိုးအင်းကုမ္ပဏီမှာ နိုင်ငံတကာ အာကာသစခန်း (ISS) အတွက် စစ္စတမ် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    အဲဒီကာလအတွင်း ရဟ်မာနီဟာ အာကာသပညာရှင်ဖြစ်ရေး ကြိုးပမ်းခဲ့ပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်းမှာ Goergia Tech မှာ လျှပ်စစ်နဲ့ ကွန်ပျူတာအင်ဂျင်နီယားဆိုင်ရာ ဘွဲ့တွေလည်း ထပ်ရခဲ့ပါတယ်။

    နာဆာသို့

    လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နာဆာရဲ့ အင်ဂျင်နီယာနဲ့ နည်းပညဆိုင်ရာညွှန်ကြားရေးမှူးရာထူးကို ရဟ်မာနီတစ်ယောက် ၂၀၀၈ ခုနှစ်ကတည်းက လက်ခံခဲ့တာပါ။

    “နာဆာရဲ့ ဒုံးပျံပစ်လွှတ်မှု အစီအစဉ်ကို ကျွန်မ ကူညီပေးပြီး Pegasus XL နဲ့ Falcon 9 တို့လို ဒုံးပျံတွေ ချဲ့ထွင်လွှတ်တင်ရေးမှာလည်း ဆောင်ရွက်နေပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့် အကြံဉာဏ်တွေပေးတယ်။ ဒုံးပျံစမ်းပ်မှုကို ကြီးကြပ်တယ်၊ အချက်အလက် ပြန်လည်ဆန်းစစ်တာတွေ လုပ်ပေးသလို၊ အင်ဂျင်နီယာဆိုင်ရာ ပြဿနာ တွေကိုလည်း သုံးသပ်ပေးပါတယ်” လို့ ရဟ်မာနီက ပြောကြားခဲ့ပါတယ်။

    “ကျွန်မအလုပ်မှာ အပျော်ရွှင်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ကတော့ ဒုံးပစ်စင်ကနေ ဒုံးပျံ တက်သွားပြီအာကာသထဲကို ရောက်သွားတဲ့အချိန်ပါပဲ”

    ရဟ်မာနီဟာ သူမရဲ့ အလုပ်ကို မျိုးဆက်သစ်တွေ အားကျစေဖို့ စိတ်အားထက်သန်သူလည်းဖြစ်ပြီး၊ ဒေသတွင်း စာသင်ကျောင်းက ကျောင်းသားတွေကို သူ့ရဲ့အတွေ့အကြုံ မျှဝေပေးတာ သူတို့ရဲ့ သိပ္ပံစွမ်းရည်တွေကို အကဲဖြတ်တာမျိုးတွေလည်း လုပ်ပေးပါတယ်။

    “ကိုယ်နှစ်သက်တာကို လက်ဖျားခါလောက်တဲ့ အဖွဲ့နဲ့အတူ လုပ်ဆောင်ခွင့်မျိုး ကျွန်မ ရနေပါတယ်။ ကျွန်မဘ၀ရဲ့ အတွေ့အကြုံက အမြဲတမ်း အိပ်မက်ကြီးကြီးမက်ဖို့၊ ဘယ်တော့မှ အရှုံးမပေးဖို့ပါ။ ဘာ့ကြောင်လည်းဆိုတော့ အလုပ်သာကြိုးစားမယ်ဆိုရင် လိုချင်တာမှန်သမျှ ရရှိနိုင်တာကြောင့်ပါ” လို့ ရဟ်မာနီက ဖွင့်ဟခဲ့ပါတယ်။

    နောက်ပြီး လူငယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေအနေနဲ့ အာရုံစိုက်ထားဖို့၊ အိပ်မက်ကြီးကြီးမက်ဖို့လည် တိုက်တွန်းခဲ့ပါတယ်။

    Ref : Dawn

  • ဆေးပညာတွင် အစ်ဗနေ့ဆီနာ၏ အကျိုးပြုမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၉)

    ဆေးပညာတွင် အစ်ဗနေ့ဆီနာ၏ အကျိုးပြုမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၉)

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    အီရန်နိုင်ငံတွင်ရှိသည့် အစ်ဗနေ့ဆီနာ၏ ပုံတူ ရုပ်တု

    – အနောက်နိုင်ငံတွေက အဗီဆီနာ (Avicena) လို့ သိကြတဲ့ အစ်ဗနေ့ဆီနာ (Ibn Sina) ဟာ နာမည်ကျော် ဂရိသမားတော်ကြီး ဂါလင် (Galen) နဲ့ နှိုင်းယှဉ်ပြောဆိုခြင်းခံရပြီး ‘အစ္စလာမ်ရဲ့ ဂါလင်’ (Galen of Islam) လို့တောင် သမုတ်ခံခဲ့ရပါတယ်။ အစ်ဗနေ့ဆီနာရဲ့ ကျော်ဇော်မှုကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများက သူရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို နှစ်စဉ် ပြုလုပ်ကြပြီး၊ ပထမဆုံး ဂုဏ်ပြုခဲ့သူက တူရကီဖြစ်ကာ အစ်ဗနေ့ဆီနာ ကွယ်လွန်ပြီး နှစ်ပေါင်း ၉၀၀ အကြာ ၁၉၃၇ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဒဿနိကဗေဒနဲ့ ဆေးသိပ္ပံဆိုင်ရာ ကဏ္ဍတွေမှာ ဖွံ့ဖြိုးစေခဲ့တဲ့ သူ့ရဲ့တွေ့ရှိချက်တွေအတွက် ယူနက်စကို အဖွဲ့ဝင်နိုင်ငံတွေဟာ ၁၉၈၀ ပြည့်နှစ်မှာ အစ်ဗနေ့ဆီနာရဲ့ ထောင်ပြည့်အခမ်းအနားကို ကျင်းပပြုလုပ်ကာ ဂုဏ်ပြုခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာဟာ ယနေ့ ဥဇဘက်ကစ္စတန်မှာ ရှိနေတဲ့ အစ္စဖာဟန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၂၁ နှစ်အရွယ်မှာ အဲဒီမြို့က ထွက်ခွာခဲ့ပါတယ်။ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးကို ပါရှန်မြို့တွေမှာ ကုန်ဆုံးခဲ့ပြီး နာမည်ကျော် ဒဿနပညာရှင်နဲ့ ဆေးပညာရှင်အဖြစ် ရပ်တည်ခဲ့တာပါ။ သက်တမ်းတစ်လျှောက် ကျမ်းပေါင်း ၂၇၆ ခု ပြုစုခဲ့ပြီး  မိခင်ဘာသာစကားဖြစ်တဲ့ ပါရှန်စာပေနဲ့ ရေးသားထားတဲ့စာအုပ် အနည်းငယ်သာ ပါဝင်ကာ ကျန်တာအားလုံကို အာရဗီ ဘာသာစကားနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းတာက အစ်ဗနေ့ဆီနာရဲ့ လက်ရာအများစုဟာ ပျောက်ဆုံးခဲ့ပြီး လက်ရှိ အရှေ့နဲ့ အနောက်နိုင်ငံတွေက စာကြည့်တိုက်တွေမှာ စုစုပေါင်း ၆၈ အုပ်ကို တွေ့မြင်နိုင်ပါတယ်။

    သိပ္ပံနယ်ပယ်စုံမှာ စာအုပ်စာပေတွေ ရေးသားပြုစုခဲ့တဲ့ အစ်ဗနေ့ဆီနာ စိတ်ဝင်အစားဆုံးက ဒဿနနဲ့ ဆေးပညာဖြစ်ပြီး၊ တစ်ချို့ သမိုင်းပညာရှင်တွေက သူ့ကို ဆေးပညာရှင်ဆိုတာထက် ဒဿနပညာရှင်အဖြစ် မှတ်ယူကြပါတယ်။ ဒါပေမယ့် အလယ်ခေတ် ‘သမားတို့၏ ဥသျှောင်’ လို့ သမုတ်ကြသူတွေလည်း ရှိပါတယ်။

    အစ်ဗနေ့ဆီနာ ရေးသားပြုစုခဲ့တဲ့ ကျမ်းတွေအများစုက ဆေးပညာနယ်ပယ်အတွက် ဖြစ်ပြီး စုစုပေါင်း ၄၃ အုပ်၊ ဒဿနနယ်ပယ်အတွက် ၂၄ အုပ်၊ ရူပဗေဒနယ်ပယ်အတွက် ၂၆ အုပ်၊ ဘာသာရေးစာပေ ၃၁ အုပ်၊ စိတ်ပညာဆိုင်ရာ စာပေ ၁၅ အုပ်၊ သင်္ချာပညာရပ်အတွက် ၁၄ အုပ်၊ လော့ဂျစ်နယ်ပယ်မှာ ၂၂ အုပ်၊ ကုရ်အာန်ဘာသာပြန် ၅ အုပ်တို့ ဖြစ်ပါတယ်။ အစ္စလာမ့် ၀ိပဿနာအကြောင်း၊ ချစ်ခြင်းမေတ္တာ၊ ဂီတနဲ့ အခြားအကြောင်းအရာတွေကိုလည်း အစ်ဗနေ့ဆီနာက ရေးသားခဲ့ပါတယ်။

    ‘ဆေးပညာဆိုင်ရာ ဥပဒေသများ’ (Code of Laws in Medicine) လို့ အဓိပ္ပါယ်ရပြီး ‘အလ်-ကွာနွန် ဖီ အလ်-တစ်ဘ်’ (Al-Qanun fi al-Tibb) လို့ ခေါ်ဆိုတဲ့ ကျမ်းကြီးဟာ အစ်ဗနေ့ဆီနာရဲ့ အရေးပါဆုံး စာအုပ်ကြီးဖြစ်ပြီး အင်္ဂလိပ်ဘာသာမှာတော့ ‘Canon’ ကျမ်းလို့ သိကြပါတယ်။ သူ့ခေတ်သူ့အခါအထိ လူ့အဖွဲ့အစည်း ပေါင်းများစွာက သိရှိရသမျှသော ဆေးဘက်ဆိုင်ရာ အသိပညာတွေအားလုံးကို မချွင်းမချန် ဖော်ပြထားတဲ့ ဒီကျမ်းကြီးကို အာရဘီဘာသာစကားနဲ့ ရေးသားခဲ့တာဖြစ်ပြီး ဆေးပညာသမိုင်းတစ်လျှောက် ရေးခဲ့သမျှသော စာအုပ်တွေထဲမှာ အကျော်ကြားဆုံး စာအုပ်အဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    အစ်ဗနေ့ဆီနာ၏ နာမည်ကျော် Canon ကျမ်း၏ လက်တင်ဘာသာပြန်စာအုပ် မျက်နှာဖုံး

    ၁၂ ရာစုအရောက်မှာတော့ Canon ကျမ်းကြီးကို အဆင်သင့် အသုံးချလို့ရအောင် ကျမ်းရဲ့ အရေးပါတဲ့ အချက်အလက်တွေကို ထုတ်နှုတ် အနှစ်ချုပ်ခဲ့ကြပြီး၊ ပါဝင်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖို့အတွက် အကျယ်ဖွင့်ဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကျမ်းကြီးကို အနှစ်ချုပ်ထားတဲ့ လက်ရာတွေထဲမှာ အကျော်ကြားဆုံးကတော့ ဆီးရီးယားက မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn Al-Nafis)  ရေးသားခဲ့တဲ့ ‘The Concise Book of Medicine’ (ဆေးပညာဆိုင်ရာ အနှစ်ချုပ်ကျမ်း) ဖြစ်ပါတယ်။ အလ်-နာဖစ်ဟာ သက္ကရာဇ် ၁၂၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာရဲ့ Canon ကျမ်းကြီးမှာ အတွဲ ၅ တွဲ ပါဝင်ပြီး ပထမဆုံးအတွဲက အထွေထွေ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းတွေဖြစ်ပါတယ်။ ဒုတိယ အတွဲက materia medica အကြောင်းဖြစ်ပြီး၊ တတိယအတွဲကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီမှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်း ဖြစ်ပါတယ်။ အဖျားရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်လွဲခြင်းတို့လို ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်းကိုတော့ စတုတ္ထအတွဲမှာ ရေးသားခဲ့ပြီး၊ နောက်ဆုံးအတွဲမှာတော့ ဆေးဝါးတွေကို ဘယ်လိုပေါင်းစပ်ဖော်စပ်ရမလဲဆိုတဲ့ ဖော်မြူလာတွေကို ချပြပေးခဲ့ပါတယ်။

    စတုတ္တအတွဲမှာ ကျမ်းပေါင်း ၂ ကျမ်း ပါဝင်ပြီး တစ်ကျမ်းက ‘Fractures as a Whole’ နဲ့ နောက်တစ်ကျမ်းက ‘Fractures of Every Bone Separately’ ဖြစ်ပါတယ်။

    ‘Fractures as a Whole’ မှာ အရိုးတွေ ကျိုးခြင်းရဲ့ အကြောင်းတရား၊ ပုံသဏ္ဍာန်၊ ပုံစံ၊ ကုသနည်း၊ အရိုးတွေရဲ့ ရှုပ်ထွေးမှုတွေကို ယေဘုယျသဘောတရားအနေနဲ့ ဖော်ပြထားပြီး၊ Fractures of Every Bne Separately မှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတစ်ခုချင်းစီရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေကို ဖော်ပြထားပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ရှင်းလင်းထားခြင်းအားဖြင့် အစ်ဗနေ့ဆီနာရဲ့ ဒီကျမ်းတွေဟာ ခေတ်ပေါ် ဆေးဘက်ဆိုင်ရာ စာအုပ်တွေရဲ့ ပုံစံနဲ့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။

    ကျိုးသွားတဲ့အရိုးကို ချက်ခြင်း တုတ်ထည့်ကာ ကျပ်စည်းဖို့ မလိုဘူးဆိုတာကို အစ်ဗနေ့ဆီနာက တွေ့ရှိခဲ့ပြီး ၅ ရက်ကျော်မှသာ ကျပ်စည်းဖို့ အကြံပြုခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒါကို Theory of Delayed Splintage (စောင့်ဆိုင်းကျပ်စည်းမှုသီအိုရီ) လို့ ခေါ်တွင်ပြီး လန်ဒန်မြို့က စိန့်သောမတ်စ်ဆေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျော့ဂ်ျ ပါကင် (Gorge Perkin) (၁၈၉၂-၁၉၇၉) က ဒီသီအိုရီကို ထုတ်ဖော်သူအဖြစ် မှတ်တမ်းဝင်နေပါတယ်။

    အရိုးရောဂါဆိုင်ရာမှာ နာမည်ကြီးစာအုပ်ဖြစ်တဲ့ ‘Bennett’s fracture 1882’ မတိုင်ခင် နှစ်ပေါင်း ၁၀၀၀ ကျော်အရင်လောက်ကတည်းက အစ်ဗနေ့ဆီနာဟာ ဒီအကြောင်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

    Canon စာအုပ်ရဲ့ အစီအစဉ်ကျမှု၊ အပိုအလိုမရှိမှုနဲ့ ရှင်းလင်းတင်ပြထားမှုတွေဟာ ယနေ့ခေတ် ဆေးဘက်ဆိုင်ရာ စာအုပ်တွေရဲ့ ပုံစံနဲ့ သွားတူပြီး ခွဲခြမ်းစိတ်ဖြာမှု၊ ရောဂါဖြစ်ပွားမှု အကြောင်းအရင်း၊ ကူးစက်ရောဂါဆိုင်ရာ၊ ရောဂါလက္ခဏာတွေ၊ ကုသမှုနဲ့ ရောဂါလက္ခဏာကို ကြည့်ရှု ဖော်ထုတ်ခြင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် မွတ်စလင်နဲ့ ဥရောပကမ္ဘာမှာ Canon ကျမ်းကြီးဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်ဆုံး စာအုပ်ဖြစ်ခဲ့ပြီး၊ ၁၂ ရာစု ‘ခရီမိုနာက ဂျရတ်’ (Gerard of Cremona) က လက်တင်ဘာသာကို ပြန်ဆိုပြီးတဲ့နောက်ပိုင်းမှာ ဥရောပသားတွေဟာ ဒီကျမ်းကြီးနဲ့ ထိတွေ့ခွင့် ရခဲ့ပါတယ်။ နောက်ပြီး ဒီကျမ်းကြီးကို ၁၇ ရာစုတိုင်အောင် လူဗိန်း (Louvain) နဲ့ မောင့်ပီလီယာ (Montpellier) တို့က ဆေးကျောင်းတွေမှာ ပြဌာန်းစာအုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ယူနက်စကို (UNECO) က ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ အစ်ဗနေ့ဆီနာရဲ့ Canon ဆေးကျမ်းကြီးကို ဘရပ်ဆဲလ် တက္ကသိုလ်မှာ ခေတ်သစ်ဆေးပညာရပ် ကောင်းကေင်းထွန်းကားနေတဲ့ ၁၉၀၉ ခုနှစ်အထိ အသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “ဆေးပညာဟူသည် ဟစ်ပိုခရေးတီး မဖန်တီးပါက ရှိလာမည်မဟုတ်။ ဂါလင်က အသက်ပြန်မသွင်းပါက မရှင်သန်နိုင်၊ ရာဇီ (အလ်-ရာဇီ) မစုဆောင်းပါက တစ်စုတစ်စည်းတည်းမဖြစ်နိုင်၊ အဗီဆီနာ မဖြည့်တင်းပါက ပြည့်စုံနိုင်မည်မဟုတ်’ (ဒီပူးဝါး – ဥရောပ သမားတော်တစ်ဦး)

    ဆရာဝန်များ၏ ကျင့်ဝတ်

    အစ်ဗနေ့ဆီနာ၏ ဆေးဘက်ဆိုင်ရာ ‘အလ်-ကွာနွန် ဖီ အလ်-တစ်ဘ်’ (Al-Qanun fi al-Tibb) ကျမ်း၏ ၁၅ ရာစု လက်ရေးမူတစ်ခု

    ၁၁ ရာစုက မွတ်စလင်ပညာရှင် အစ်ဗနေ့ဆီနာဟာ ဆေးပညာ၊ ဒဿနနဲ့ သဘာဝသိပ္ပံဆိုင်ရာ  ပညာရပ်တွေနဲ့ပတ်သက်လို ရေးသားမှုတွေ၊ သင်ကြားမှုတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ အဗီဆီနာလို့ သိကြတဲ့ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်ကတော့ အလ်-ကာနွန် ဖီ အလ်-တစ်ဘ် (Al-Qanun fi al-Tibb) ကျမ်းဖြစ်ပြီး Code of Laws in Medicine (ဆေးပညာ၏ ကျင့်ဝတ်များ) လို့ ဘာသာပြန်ပါတယ်။ ဒါပေမယ့် ဒီကျမ်းကြီးကို အများစုက Canon ကျမ်းလို့ပဲ သိကြပါတယ်။

    အဲဒီကျမ်းကြီးထဲမှာ အစ်ဗနေ့ဆီနာဟာ နေရာဒေသပေါင်းစုံက ဆေးဘက်ဆိုင်ရာ အသိပညာတွေကို စုစည်းဖော်ပြထားပြီး အထူးကိုးကားစရာ အထောက်အထားစာအုပ်ကြီး ဖြစ်လာပါတယ်။ အတွဲ ၅ ခုရှိတဲ့ ဒီစာအုပ်မှာ ဆေးဘက်ဆိုင်ရာ စည်းကမ်းနည်းလမ်း၊ ဆေးဝါးအကြောင်း၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက ရောဂါတွေအကြောင်း၊ အထွေထွေရောဂါအကြောင်း၊ စိတ်ရောဂါအကြောင်း စတာတွေကို ဖော်ပြထားပါတယ်။

    အစ်ဗနေ့ဆီနာဟာ အရိုးကျိုးမှုရဲ့ အကြောင်းအရင်း၊ ပုံစံနဲ့ ရှုပ်ထွေးမှုတွေအကြောင်းတွေ၊ ကုသမှုနည်းလမ်း အသေးစိတ်ကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ကျိုးသွားတဲ့အရိုးကို တုတ်ထည့်ပြီး ကျပ်မစည်းဖို့နဲ့ ၅ ရက်လောက် ဒီအတိုင်းထားဖို့ အစ်ဗနေ့ဆီနာက တိုက်တွန်းခဲ့ပြီး၊ ဒီနည်းလမ်းကို ယနေ့ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ပြီးတော့ သူ့ရဲ့စာအုပ်မှာ အရိုးတိုင်းမှာ ဆိုးဆိုးဝါးဝါး ကျိုးပဲ့မှုတွေကို နားလည်ဖို့အတွက် အသေးစိတ် ရှင်းလင်းခဲ့ပြီး Bennett’s fracture လို့ သိကြတဲ့ လက်ချောင်းလေးတွေ အဆစ်လွဲမှု ရောဂါအကြောင်းကိုလည်း ဘန်းနက် (Bennett)  မဖော်ထုတ်ခင် နှစ်ပေါင်းရာချီ အရင်ကတည်းက အစ်ဗနေ့ ဆီနာက ချပြခဲ့တာ ဖြစ်ပါတယ်။

    “ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လိုသူတိုင်းဟာ အဗီစီနာကို နောကျေနေရမယ်” (ဥရောပ စကားပုံ)

    အစ်ဗနေ့ဆီနာရဲ့ Canon ကျမ်းကြီးထဲမှာ ဆေးဖက်ဝင် အပင်တွေ၊ သစ်ဥ၊ သစ်ဖုတွေကနေ ဆေးဖော်စပ်နည်းပေါင်း ၁၄၂ နည်း ပါဝင်ခဲ့ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယတို့မှာ အခြေတည်မှုနဲ့အတူ ဆေးဖက်ဝင်အပင်တွေဟာ ရှေးဟောင်း ဂရိနဲ့ ရောမ လူ့အဖွဲ့အစည်းမှာ ကျန်းမာရေးအတွက် အရေးပါခဲ့ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ အစောပိုင်းကာလ ခရီးသွားလာမှုနဲ့ ကုန်သွယ်မှု မြင့်တက်လာတာက သစ်ပင်၊ ပန်းပင်၊ မျိုးစေ့နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ ဆေးဘက်ဝင် အပင်တွေကိုလည်း သိုမှီး ရရှိစေခဲ့ပါတယ်။

    Canon ကျမ်းဟာ လုံးဝ ပြည့်စုံတဲ့ ကျမ်းကြီးတစ်စောင်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ဒီစာအုပ်ကို စ,ရေးစဉ်က အစ်ဗနေ့ဆီနာဟာ ဒီစာအုပ်ရဲ့ အသိပညာတွေ ဘယ်လောက် ကြာရှည် ခံမလဲဆိုတာနဲ့ ပတ်သက်ပြီး ကြိုမသိခဲ့ပါဘူး။ ၁၂ ရာစုမှာ ခရီမိုနာက ဂျရတ် (Gerard of Cremona) ဟာ ဒီစာအုပ်ကို လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ ဥရောပက ဆေးပညာရှင်တွေဟာ သူတို့အရင်က ရှိခဲ့တဲ့ မွတ်စလင်ကမ္ဘာက ဆရာဝန်တွေလိုပဲ ဒီကျမ်းကြီးကို လက်စွဲအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ၁၃ ရာစုမှာ Canon ရဲ့ အနှစ်ချုပ်ကျမ်းတစ်ခုကို လက်တင်ဘာသာစကားနဲ့ ထုတ်ဝေခဲ့ပြီး၊ အထဲက အကြောင်းအရာတွေနဲ့ပတ်သက်လို့ ရှင်းလင်းချက်တွေလည်း ပါဝင်ခဲ့ပါတယ်။  အဲဒီ Canon ကျမ်းဟာ ၁၈၀၀ ပြည့်နှစ် အစောပိုင်းအထိ ဆရာဝန်တွေရဲ့ လက်စွဲ ဖြစ်ခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာဟာ စာရေးသွက်သူတစ်ဦးဖြစ်ပြီး သက်တမ်းတစ်လျှောက်လုံးမှာ အကြောင်းအရာပေါင်းစုံကို ရေးသားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စာအုပ်တွေအပြင် ရူပဗေဒအကြောင်း ၂၆ အုပ်၊ ဘာသာရေးအကြောင်း ၃၁ အုပ်၊ စိတ်ပညာအကြောင်း ၂၃ အုပ်၊ သင်္ချာအကြောင်း ၁၅ အုပ်၊ လော့ဂျစ်အကြောင်း ၂၂ အုပ်နဲ့ ဒဿနပိုင်းမှာ ထင်ရှားတဲ့ စာအုပ် တော်တော်များများကိုလည်း ရေးခဲ့ပါတယ်။ ပြီးတော့ သူဟာ အချစ်နဲ့ ဂီတအကြောင်း စာအုပ်တစ်ချို့ကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက အခြားသော ပညာရှင်တွေလိုပဲ အစ်ဗနေ့ဆီနာဟာ မျက်လုံးမှိတ် ယုံကြည်တဲ့ ၀ါဒကို မေးခွန်းထုတ်ခဲ့ပြီး ကမ္ဘာကြီးရဲ့ စနစ်တွေအကြောင်း အခြေခံကျကျ ကျိုးကြောင်းဆင်ခြင် နားလည်အောင်လုပ်တဲ့ နည်းလမ်းကို ဖွံ့ဖြိုးစေခဲ့ပါတယ်။ သူဟာ ရေရဲ့ ရင်းမြစ်တွေ၊ တိမ်တိုက် ဖွဲ့စည်းပုံတွေ အကြောင်းကို သူ့ရဲ့ စာအုပ်တွေမှာ ဆွေးနွေးခဲ့ပြီး The Book of Healing ဆိုတဲ့ စာအုပ်ဟာ တွင်းထွက်ဗေဒနဲ့ မိုးလေ၀သအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားတဲ့ ကျမ်းကြီးဖြစ်ကာ တောင်တွေဘယ်လိုဖွဲ့စည်းလဲ၊ ဘူမိသက်တမ်းအကြောင်း၊ မြေငလျင် ဘာ့ကြောင့် လှုပ်ရသလဲဆိုတဲ့ အကြောင်းတွေကိုလည်း ဆန်းစစ်ဖော်ပြခဲ့ပါတယ်။

    အစ်ဗနေ့ ဆီနာ၏ ပုံတူ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ရှေးခေတ် ဂရိလူမျိုးတွေက ကျောက်ကပ်ဟာ သွေးရဲ့ မူလအစလို့ ယူဆခဲ့ကြပြီး၊ စားလိုက်တဲ့ အစားအသောက်တွေဟာ အူမကြီထဲကနေ သွေးကြော၊ သွေးကြောတွေကနေ အသည်းဆီကို ရောက်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အသည်းထဲမှာ သွေးဟာ ‘သဘာဝအသက်’ (natural spirit) နဲ့ ပြည့်လာပြီး အဲဒီကနေတစ်ဆင့် နှလုံးဆီကို သွားတယ်လို့ ဆိုပါတယ်။

    ခရစ်နှစ် ၂ ရာစုလောက်က ဂရိပညာသမားတော်နဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂါလင် (Galen) က စူးစမ်းဖော်ထုတ်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ သူက နှလုံးအတွင်းပိုင်းကို ကန့်ထားတဲ့နံရံ (cardiac septum) က မမြင်ရတဲ့ စိမ့်ပေါက်လေးတွေကနေတစ်ဆင့် သွေးဟာ နှလုံးရဲ့ ညာဖက်အခန်းကနေ ဘယ်ဖက်အခန်းကို စီးဆင်းပြီး အဲဒီမှာ အောက်ဆီဂျင်နဲ့ရောကာ အသက်ဇီဝိန်ကို ဖြစ်စေပြီးတဲ့နောက် ခန္ဓာကိုယ်တစ်ဝှမ်း ပြန့်နှံ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၇ ရာစု ဥရောပမှာ ၀ီလီယမ် ဟာဗေး (William Harvey) က သွေးလှည့်ပတ်မှုအကြောင်းနဲ့ နှလုံးရဲ့ အလုပ်လုပ်ပုံအကြောင်းကို သုတေသနပြု ဖော်ထုတ်နိုင်တဲ့အချိန်အထိ ဂါလင်ရဲ့ ဒီအယူအဆကို အမှန်အဖြစ် လက်ခံခဲ့ကြပါတယ်။ ဟာဗေးက နှလုံးဟာ သွေးလှည့်ပတ်မှုစနစ်ရဲ့ ဗဟိုချက်ဖြစ်တယ်လို့ ချပြခဲ့ပြီး လူ့ခန္ဓာကိုယ်မှာ သွေးဘယ်လိုလှည်ပတ်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်သူအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    ဒါပေမယ့် ၁၉၂၄ ခုနှစ်မှာ အင်မတန်အရေးပါတဲ့ လက်ရေးမူတစ်ခုကို တွေ့ရှိခဲ့ပြီး အီဂျစ် သမားတော် ဒေါက်တာ မုဟ်ယီ အလ်-ဒင် အလ်-တတ္တာဝီ (Dr.Muhyi al-Deen al-Tattawi) က ကမ္ဘာသိအောင် ချပြခဲ့ပါတယ်။ ဒီလက်ရေးမူက အဆုတ်ရဲ့သွေးလှည့်ပတ်မှုအကြောင်း ပထမဆုံး ဖော်ထုတ်မှုဖြစ်ပြီး ဟာဗေးမတိုင်ခင် တော်တော်လေး စောစောကတည်းက သိရှိခဲ့တယ်ဆိုတဲ့ အထောက်အထားပါပဲ။

    Commentary on the Anatomy of the Canon of Avicenna (အဗီဆီနာ၏  ခန္ဓာဗေဒ စည်မျဉ်းအား ဖွင့်ဆိုချက်) လို့အမည်ပေးထားတဲ့ ဒီလက်ရေးမူကို ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ မွေးဖွားခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) က သက္ကရာဇ် ၁၂၁၀ လောက်မှာ ရေးသားခဲ့တာဖြစ်ပြီး သူဟာ ဆေးရုံတွေရဲ့အစလို့ ပြောလို့ရတဲ့ အလ်-နူရီ ဆေးရုံကြီးမှာ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာ အလ်-နာဖစ်ဟာ ဘုရင် ဆာလာဒင် (Saladin) တည်ထောင်ခဲ့တဲ့ နာဆီရီဆေးရုံ (Nasiri) ရဲ့ ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ဖို့ အီဂျစ်ဆူလ်တန်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

    သမားတော်တစ်ယောက်၊ အာဏာပိုင်းတစ်ယောက်အဖြစ် နေ့မအား၊ ညမနား ကျင်လည်ခဲ့ရတဲ့ အလ်-နာဖစ်ဟာ Commentary on the Anatomy of the Canon of Avicenna စာအုပ်အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျမ်းစာအုပ်ပေါင်း မြောက်များစွာကို ရေးသားခဲ့ပါတယ်။

    အဗီဆီနာ (အစ်ဗနေ့ဆီနာဟုလည်း ခေါ်ဝေါ်သည်) ဟာ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ဒဿနဗေဒ၊ ဥပဒေ၊ ဆေးပညာ စတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်နှံ့စပ်သူတစ်ဦးပါ။ အဗီဆီနာရဲ့ ခန္ဓာဗေဒ စည်းမျဉ်းတွေကို ဖွင့်ဆိုတဲ့ အလ်-နာဖစ်ရဲ့ ဒီကျမ်းဟာ သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်-နာဖစ်ဟာ အဆုတ်အတွင်း သွေးလည်ပတ်မှုအကြောင်းကို ဖော်ပြခဲ့ပြီး၊ နှလုံးနဲ့ အဆုတ်တွေရဲ့ အခန်းကဏ္ဍ၊ ရှူသွင်းလိုက်တဲ့လေနဲ့အတူ ထိတွေ့ပြီး အဆုတ်ထဲမှာ သွေးက သန့်စင်သွားမှု စတဲ့အကြောင်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

    အဆုတ်ထဲမှာ သွေးက ဘယ်လိုလည်ပတ်သလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ နာဖစ်ဟာ သွေးက နှလုံးရဲ့ အခန်းတစ်ခုထဲကနေ အဆုတ်ကို စီးဆင်းသွားပုံ၊ အဲဒီကနေတစ်ဆင့် နှလုံးရဲ့ နောက်ထပ်အခန်းတစ်ခုကို ပြန်လာပုံကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ သွေးဟာ ‘နျူမာ’ (pneuma) လို့ခေါ်တဲ့ အဆုတ်ထဲကလေနဲ့ပေါင်းကာ သန့်စင်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ဝှမ်းလုံးကို ပြန့်နှံသွားပါသတဲ့။ ဒီဖော်ထုတ်မှုအရ နှလုံးရဲ့ ညာဖက်အခန်းက ပြန်လာတဲ့ သွေးတွေဟာ (အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ပေါင်းက သန့်စင်ပြီး) အဆုတ်ကို ဖြတ်ကာ နှလုံးရဲ့ ဘယ်ဖက်အခန်းထဲကို ၀င်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် စီးဆင်းတယ်လို့ ဆိုရပါလိမ့်မယ်။

    ၁၃ ရာစု မွတ်စလင်စွယ်စုံရပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ်

    “နှလုံးရဲ့ ညာဖက်အခန်းက သွေးဟာ ဘယ်ဖက်အခန်းကို လုံးဝ ရောက်ရမယ်။ ဒါပေမယ့် ဒီအခန်းနှစ်ခု ကြားထဲမှာ တိုက်ရိုက်လမ်းကြောင်း မရှိပါဘူး။  သူတို့ကြားထဲက ကန့်ထားတဲ့နံရံထူ (septum) မှာ အပေါက် ဒါမှမဟုတ် ဂါလင်နဲ့ တစ်ချို့လူတွေ တွေးထင်ခဲ့သလို မမြင်ရတဲ့ စိမ့်ပေါက်မျိုး၊ မြင်ရတဲ့ စိမ့်ပေါက်မျိုး မရှိပါဘူး။ ညာဖက်အခန်းက သွေးဟာ အဆုတ်နဲ့ဆိုင်တဲ့ သွေးလွှတ်ကြောကနေ အဆုတ်ကို စီးဆင်းရမယ်။ ဒြပ်တွေပြန့်နှံ့ကာ လေနဲ့ရောသွားပြီး အဆုတ်နဲ့ဆိုင်တဲ့ သွေးပြန်ကြောကနေ နှလုံးရဲ့ ဘယ်ဖက် အခန်းကို ရောက်ရှိပါတယ်” လို့ အလ်-နာဖစ်က ရေးသားခဲ့ပါတယ်။

    ခေတ်သစ်မှာတော့ ဒီဖြစ်စဉ်ကို ‘သွေးလှည့်ပတ်မှု’ လို့ခေါ်ပါတယ်။ သန့်စင်မှုမရှိတဲ့သွေးတွေဟာ ‘ဗီနာ ကေဗာ’ (vena cava) လို့ခေါ်တဲ့ သွေးပြန်ကြောကြီးကနေတစ်ဆင့် နှလုံးရဲ့ ညာဖက်က သွေးဝင်ခန်း(atrium) ကို ရောက်ရှိလာပါတယ်။ ဒီ သန့်စင်မှုမရှိတဲ့ သွေးတွေနဲ့ ပြည်သွားတဲ့အခါ သွေးဝင်ခန်းဟာ ကြုံ့သွားပြီး သူ့ဆီက သွေးတွေကို တစ်ဖက်ပိတ်အဆို့ရှင်ကနေတစ်ဆင့် ညာဖက်သွေးလွှတ်ခန်း (ventricle) ကို ညှစ်ထုတ် ပို့ဆောင်ပေးပါတယ်။ ညာဖက် သွေးလွှတ်ခန်းမှာ သွေးတွေပြည့်သွားတဲ့အခါ သူလည်း ကြုံ့သွားပြီး သွေကို အဆုတ်သွေးလွှတ်ကြောဆီ ပို့ဆောင်ပေးကာ၊ အဆုတ်က သွေးကြောလေးတွေဟာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးပါတယ်။ အောက်ဆီဂျင်ကြွယ်ဝတဲ့သွေး ဖြစ်လာတဲ့အခါမှာတော့ အဆုတ်သွေးပြန်ကြောထဲကို ၀င်ရောက်သွားပြီး ဘယ်ဖက် သွေးဝင်ခန်းကနေတစ်ဆင့် နှလုံးဆီကို ပြန်ရောက်ပါတယ်။ အဲဒီသွေးဝင်ခန်းမှာ သွေးပြည့်သွားတဲ့အခါ နှလုံးရဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကို ပို့ဆောင်ပေးပြီး၊ သွေးကြောမကြီးနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးက ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    နောက်ထပ် နှစ်ပေါင်း ၃၀၀ နောက်ပိုင်း အစ်ဗနေ့ အလ်-နာဖစ်ရဲ့ လက်ရာအချို့ကို ‘ဘဲလ်လူနိုက အလ်ပါဂို’ (Alpago of Belluno) က ၁၅၄၇ ခုနှစ်မှာ လက်တင်ဘာသာကို ဘာသာပြန်ဆိုမှသာ ဒီလိုအရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်ကို ဥရောပက သိရှိတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မီခေးလ် ဆာဗီတက်စ် (Michael Servetus) ဆိုသူက ၁၅၅၃ ခုနှစ်မှာ သူ့ရဲ့ Christianismi Restitutio ဆိုတဲ့စာအုပ်၊ ရီယဲလ်ဒက် ကိုလမ်ဘို (Realdus Colombo) က ၁၅၅၉ ခုနှစ်မှာ De re Anatomica ဆိုတဲ့ စာအုပ်တွေမှာ ရေးသားမှုအပါအ၀င် ဒီဖြစ်စဉ်ကို ရှင်းပြဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ၁၆၂၈ ခုနှစ်မှာ ဆာ ၀ီလီယံ ဟာဗေး (Sir Willian Harvey) က အောင်မြင်ခဲ့ပြီး သွေးလှည့်ပတ်မှုကို ရှာဖွေဖော်ထုတ်သူအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှုအကြောင်း ရှေ့ပြေးဖော်ထုတ်ခဲ့သူ အစ်ဗနေ့ အလ်-နာဖစ်က အမေ့ခံ ဖြစ်ခဲ့ကာ၊ သူကွယ်လွန်ပြီး နှစ်ပေါင်း ၇၀၀ ကြာတဲ့အချိန် ၁၉၅၇ ခုနှစ် အရောက်မှာမှ ဒီတွေ့ရှိချက်အတွက် အလ်-နာဖစ်ဟာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

    သွေးလှည့်ပတ်မှုစနစ်

    နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှု စနစ် – ညစ်ညမ်းတဲ့သွေးကို အောက်ဆီဂျင်နဲ့ရောပြီး သန့်စင်အောင်လုပ်တဲ့စနစ် – ကို ၁၃ ရာစုမှာ အစ်ဗနေ့ အလ်-နာဖစ်က ရှင်းပြနိုင်ခဲ့ပါတယ်။ နှလုံးရဲ့ ညာဖက်သွေးလွှတ်ခန်းက အောက်ဆီဂျင်မပါတဲ့ သွေးတွေကို အဆုတ်သွေးလွှတ်ကြောတွေကနေတစ်ဆင့် အဆုတ်ကို ပို့ပေးပြီး အဆုတ်က သွေးကို အောက်ဆီဂျင်ပြည့်ဝအောင်လုပ်ပေးကာ အဆုတ်သွေးပြန်ကြော တွေကနေတစ်ဆင့် နှလုံးရဲ့ ဘယ်ဖက် သွေးဝင်ခန်း စီးဝင်စေတာပါ။  ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ဖြစ်စဉ် တစ်ခုလုံးဖြစ်တဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှုစနစ်ကိုတော့ ၁၇ ရာစုနှစ်မှာ ၀ီလီယံဟာဗေးက တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။