News @ M-Media

ဆည်းဆာကို အလှဆင်သူ (သို့) အိုမင်းသော်လည်း စွမ်းသူများ

ဒီဇင်ဘာ ၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
hard-work-inspirational
အရုဏ်တက်စနေခြည်နုနုလေးကို လူတွေက နွေးနွေးထွေးထွေးကလေး ခံစားတတ်ကြတယ်။ သိပ်မကြာပါဘူး။။ နေရောင်ခြည်ဟာ တစ်စတစ်စပြင်းလာတယ်။ တက်ကြွလန်းဆန်းတဲ့သဘော။ မွန်းတည့်ချိန်မှာတော့ အရှိန်ကအပြင်းဆုံးအင်အားရှိသမျှ အကုန်ထုတ်သုံးပြီး နေရောင်ခြည်စွမ်းအင်ကို ဖြန့်ဝေပေးချိန်ပဲပေါ့။ တစ်စတစ်စနှင့်ပြင်းအားကလျော့ပါးစပြုလာတော့ မွန်းလွဲချိန်လို့သတ်မှတ်ထားကြသလို ညနေခင်းရောက်လေ အပူရှိန်လျော့ပါးလေဖြစ်လာတယ်။ ညနေဆည်းဆာချိန် မှာတော့ နေရောင်ခြည်ပြင်းပြမှုဟာ မရှိသလောက်ဖြစ်သွားပြီ။ ရှိသမျှအလင်းရောင်လေးနှင့်ပဲ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိမ်စိုင်တိမ်လွှာတွေကို အရောင်ဖျော့ဖျော့၊ ခရမ်းနုရောင်စတာတွေနှင့် အလှဆင်ဖို့ ကြိုးစားဆဲ။ အဲဒီနောက်တော့ နေလုံးကြီးပျောက်ကွယ်သွားရာက လောကကြီးတစ်ခုလုံးမှောင်မိုက်သွားခဲ့ရတယ်။

ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ လူတိုင်းလူတိုင်းသတိမထားမိသည်ဖြစ်စေ၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် နေ့စဉ်ပုံမှန်ဖြစ်နေကျ သဘာဝတရားတွေပါပဲ။ ဆည်းဆာချိန်လေးကိုအလုအယက် အသုံးချပြီး လှပတဲ့ရောင်စဉ်တွေ ဖြာပေးခြင်းကနေ ဘဝရဲ့ဒသာနတစ်ခုကို ကျွန်မလေးလေးနက်နက်ခံစားမိလိုက်တယ်။

ဆိုပါစို့ လူတွေကရော၊ လောကကြီးထဲကိုရောက်လာခါစမှာ တကယ့်ကိုနုနုနယ်နယ်လေး အရုဏ်ဦးနေခြည်နွေးနွေးလေး လိုပါပဲ။ မြင်ရသူတွေကို တသိမ့်သိမ့်နွေးထွေးစေတတ်တယ်။ သိမ်မကြာပါဘူး။ ပျိုရွယ်မှုတွေ သန်စွမ်းမှုတွေအပြည့်နှင့် ကြီးပြင်းလာလိုက်တာ ငယ်ဂုဏ်က အရာရာကို ရင်ဆိုင်ဖို့တက်ကြွမှု၊ လန်းဆန်းမှုနှင့်နေ့သစ်တွေကို ရင်ဆိုင်ဖို့ ခွန်အားတွေပေးနေတယ်။

ဆယ်ကျော်သက်ကိုလွန်တော့ လူငယ်အဲဒီကနေ လူလတ်၊ လူကြီးစသည့်ဖြင့် အဆင်ဆင့်ပြောင်းလဲလာလိုက်တာ။ ပုံမှန်သက်တမ်းစေ့နေရမယ်ဆိုရင်တော့ အသက်(၆၀) ပြည့်ပြီဆိုတာနှင့် (ဝန်ထမ်းဖြစ်ရင်) နိုင်ငံတော်က ငြိမ်းငြိမ်းချမ်းချမ်းစားသောက်နေထိုင်ဖို့ အငြိမ်းစား(ပင်စင်) ပေးလိုက်တယ်။ တချို့သက်ကြီးပိုင်းတွေကတော့ အလုပ်ခွင်မှာ ဆုံလည်နွားလိုရုန်းခဲ့ပြီမို့ ဘဝအမောနှင့်သောကတွေ ငြိမ်းချမ်းချင်ကြပြီ။ ငဲ့ကြည့်လိုက်တဲ့အခါ သားသမီးတွေက သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ကြပြီ။ သားတစ်ဖျာ မြေးတစ်ရာနှင့် အေးလို့ငြိမ်းလို့ ဘဝကိုအနိုင်နှင့် ပိုင်းခဲ့ကြပြီပေါ့။

တချို့သက်ကြီးပိုင်းတွေကျတော့ အငြိမ်းစားဘဝမှာ မငြိမ်းမချမ်းဘဲ ယောက်ယက်ခတ်နေရတုန်း။ အေးချမ်းတဲ့ဘဝလေးတစ်ခုကို မတည်ဆောက်နိုင်သေးပါဘူး။ သားသမီးတာဝန် (တချို့မြေးတာဝန်ပါ) မပြတ်သေးလို့ ရုန်းတုန်းကန်တုန်း။

တချို့သက်ကြီးပိုင်းတွေ (ဒေါက်တာမြင့်ဦးရဲ့စကားကိုဌားသုံးရင်) အိုလတ်တွေကတော့ သူတို့အထက်တွေကို တိုးလာသမျှ ကိန်းဂဏန်းအပြောင်းအလဲတွေလို့ပဲ ယူဆထားပြီး အရေးတယူလုပ်မနေကြဘူး။ တကယ်တမ်းပြောရရင် အိုရင်မင်းမစွမ်းတော့ဘူး ဆိုတဲ့စကားရပ်ကို ဥပေက္ခာပြုပြီး ရှင်သန်နေသရွေ့ အချိန်ကလေးမှာ အိုသော်လည်း စွမ်းအောင်ဆောင်ရွက်သွားသူတွေဟာ ကမ္ဘာနှင့်အဝန်းရှိနေကြပါတယ်။

လောကကြီးအတွက် တစ်ထောင့်တစ်နေရာလေးမှာ အသုံးကျအောင်နေသွားသူတွေဟာလည်း ရှိနေဆဲပါ။ (၃) စက်တင်ဘာ ၂၀၁၅ ကြသပတေးနေ့ စံတော်ချိန်နေ့စဉ်မှာ ဆောင်းပါးရှည်ကြီးတစ်ပုဒ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ ဒေါက်တာမြင့်ဦး (ထွေ/ကု- ထီလာ) ဟာ ကျွန်မရဲ့စာပေမောင်နှမရင်းချာတစ်ဦးပါ။ မိတ္တီလာကနေပြီး ကျွန်မဆီကို မကြာမကြာဖုန်းဆက်တတ်သလို ကျွန်မကလည်း သတိရတိုင်း ဖုန်းဆက်ဖြစ်တယ်။ (ဆရာ့ဆောင်ပါးတွေဖတ်ရတိုင်း ဖုန်းဆက်ဖြစ်တယ်။)

“ဆရာမတို့ ကျွန်တော်တို့ဟာ ၆၀ စွန်းလာပြီဆိုတော့ အိုလတ်တွေဖြစ်လာကြပြီး အစားအသောက်အနေအထိုင်နဲ့ Life Style ကိုသတိထားကြရတော့မယ်။ အိုမင်းလာပေမယ့် စိတ်ဓာတ်ကိုတော့ နုပျိုသန်စွမ်းနေမှနော်။ ဒါမှလည်း နေရသခိုက်လေးမှာ လူသားအကျိုးပြုလုပ်နိုင်မှာဗျ” တဲ့။

“မျှော်လင့်ခြင်းများစွာ သို့မဟုတ် တကယ်ချစ်ကြသူများ”ဆိုတဲ့ ဆရာ့စာတစ်ပုဒ်က ဆရာ့ကိုဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို လှမ်းပြနေတယ်။ ဆရာက သူ့အချိန်ဇယားနှင့်သူ ရွာစဉ်ကိုစက်ဘီးလေးတစ်စီးနှင့်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လေ့ရှိတယ်။ နှစ်သိမ့်ဆွေးနွေးတာ ဆရာရဲ့အသက်သွေးကြောလုပ်ငန်း။ ဝေဒနာတစ်ခုဖြစ်ရင် ဆရာရှေ့ချပြလိုက်တိုင်း “ဆရာမရေ ဘာမှမပူနဲ့။ ဘယ်ဆေးကိုဘယ်လိုသောက်၊ ဘာတွေစားသောက်” စသည်ဖြင့် နှစ်သိမ့်အားပေးတာ စိတ်ရှည်ရှည်ရှင်းပြတာဟာ မိုင်ပေါင်းများစွာဝေးတဲ့ ရန်ကုန်နဲ့ မိတ္ထီလာကြားမှာပါ။

တကယ်တော့ ၆၀ ကျော်ပြီဆိုကတည်းက လူ့ဘောင်မှာ အသုံးမဝင်တော့ဘဲ လူပိုတွေဖြစ်သွားတာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကို ဇရာကိုဆွဲချလိုက်တိုင်း အိုစာသွားပေမယ့် စိတ်ဓာတ်တွေက ခြင်္သေ့တစ်ကောင်လို ခွန်အားရှိတုန်း။ ယုန်ကလေးတစ်ကောက်လို ကြင်နာပြီး နှုးညံ့တဲ့ နှလုံးသားရှိတုန်းဆိုရင်လေ။

ဆည်းဆာချိန်ရဲ့နောက်ဆုံးလက်ကျန်ရောင်ခြည်လေးကို လူ့အသိုင်းအဝိုင်းကို တစ်စုံတစ်ရာအကျိုးပြုရင်း ကုန်ဆုံးသွားပါလားလို့  ကျန်ရစ်ရှင်သန်နေသူတွေ နှလုံးသားမှာ တသသဖြစ်ကျန်နေကြမှာ သေချာပါတယ်။ တကယ့်ကို သေချာပါတယ်။

နှင်းဆီခင်

Comments

Leave a Reply