News @ M-Media

Category: သုတ၊ရသ

ကဗျာ၊ ဝထ္ထု၊ ကာတွန်း၊ ရုပ်ရှင်၊ ဓတ်ပုံ စသဖြင့်

  • “ကင်းထောက်လူငယ်”

    မေ ၄၊ ၂၀၁၄
    M-Media
    ရေးသူ- ဝါးလုံးရှည် အတီး

    10253961_270924809756718_5120489711795918405_nကင်းထောက်လူငယ် ဆိုတာက အင်္ဂလိပ်လို Boy Scout ကို မြန်မာမှူ ပြုထားခြင်းပဲဖြစ်ပါတယ်။ အချို့တွေက ကင်းထောက် လူငယ် ကို ဦးနေဝင်း လက်ထက်မှာ လုပ်ခဲ့ပြီး အခု ခေတ်မှာ အသက်ပြန်သွင်းတယ်လို့ အထင်ရှိနေကြခြင်းကြောင့် ကျွန်တော် ဖတ်ဖူးခဲ့သမျှ၊ ကြားဖူးခဲ့သမျှ ကင်းထောက်လူငယ် အကြောင်းကို ပြန်လည်မျှဝေပါရစေ။

    ကင်းထောက် လူငယ်လုပ်ငန်းကို အင်္ဂလိပ် ဗိုလ်ချုပ်ကြီး ဘာဒန် ပိုဝဲလ် က ၁၉၀၈ တွင် အင်္ဂလန် ပြည်၌ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၊ထို့နောက် “ကင်းထောက်လမ်းညွှန်” စာအုပ်ကို ရေးသားထုတ်ဝေပြီးသည့် အခါမှာတော့ ကင်းထောက်လူငယ် လုပ်ငန်း ဟာ အင်္ဂလန် ပြည် မှ တဆင့် ကမ္ဘာ အရပ်ရပ်(အထူးသဖြင့် အင်္ဂလိပ် ကိုလိုနီ နိုင်ငံများ) ကို ပျံ့နှံ့သွားခဲ့ပါတယ်။

    ကင်းထောက် လုပ်ငန်း၏ အခြေခံ သဘောတရားများမှာ တောတွင်း ခြေရာခံခြင်း၊ ခရီးသွားလာခြင်းနှင့် ရှေ့ဆောင်လမ်းပြ တီထွင်ခြင်းတို့ပင်ဖြစ်သည်။

    ကင်းထောက်တို့သည် အသက်အရွယ်ကို လိုက်၍ အဆင့်အတန်း ကို ခွဲခြားထားပေသည်။

    အသက် ၈ နှစ် မှ ၁၁ နှစ် အရွယ် ကလေးများ ပါဝင်သော အုပ်စုမှာ အခြေခံ အကျဆုံးဖြစ်၍ ဝံပုလွေငယ် များဟု ခေါ်ပေသည်။

    ထို ဝံပုလွေငယ်များ၏ အထက်တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်ထိ ပါဝင် သော လူငယ် ကင်းထောက် များရှိလေသည်။

    ထို လူငယ်ကင်းထောက် များ၏ အထက်တွင် လုလင် ကင်းထောက်ဟု ခေါ်သော အသက် ၁၅နှစ်မှ ၁၈ နှစ် ထိ လူငယ်များ ပါဝင်လေသည်။

    ကင်းထောက်များတွင် အဆင့် အမြင့်ဆုံးမှာ ရိုဗာကင်းထောက် များဖြစ်ပြီး အသက် ၁၈နှစ်မှ စ၍ အသက် အပိုင်းအခြားမရှိ ပါဝင်နိုင်ပေသည်။

    တစ်ကြိမ်ကင်းထောက် ဖြစ်ပြီးလျှင် တသက်လုံးကင်းထောက် ဖြစ်နိုင်သည် ဟု ဆိုရိုးရှိပေသည်။

    ကင်းထောက်လူငယ်များကို ကင်းစိတ်များဖွဲ့ကာ ကင်းစိတ် ဦးစီးတို့က အုပ်ချုပ်ရသည်။

    ကင်းထောက်တို့သည် လက်ညိုး၊လက်ခလယ် နှင့် လက်သူကြွယ် သုံးချောင်းကို ထောင်ကာ အလေးပြုကြပြီး ကင်းထောက် အချင်းချင်း လက်ဝဲလက်ဖြင့် လက်ဆွဲနှုတ်ဆက်ကြရသည်။

    ကင်းထောက် တို့သည် ကင်းထောက်အဖွဲ့ဝင်ဖြစ်လာလျှင် ကင်းထောက် ကျင့်ဝတ် ဥပဒေ နှစ်ပါးကို လိုက်နာရသည်။

    (၁) ဝံပုလွေ ငယ်သည် မိမိ အလိုဆန္ဒအတိုင်း မလိုက်ရ။
    (၂)ဝံပုလွေငယ်သည် ဝံပုလွေကြီး၏လိုအင်ဆန္ဒ အတိုင်း လိုက်နာရသည်။

    (ထိုနှစ်ချက်ကို ကြည့်ခြင်းအားဖြင့် မည်မျှပင် နိုင်ငံရေး၊စစ်ရေးနှင့် မသက်ဆိုင်သော လူငယ်အကျိုးပြုအဖွဲ့အစည်းသက်သက်သာ ဖြစ်ပါသည်ဟု ဆိုနေစေကာမူ သူတပါးကို ခေါင်းဆောင်ရတာ ၊ ဗိုလ်လုပ်ရတဲ့ အရသာကိုသိအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခြင်း တနည်းအားဖြင့် ဦးနှောက်ဆေး Brain wash လုပ်ခံရခြင်းပင်ဖြစ်သည်။ဤကား စကားချပ်)

    ၁၉၅၂ ခုနှစ် ကိန်းဂဏန်းများ အရ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကင်းထောက် ဦးရေမှာ ၄၆၃၇ ယောက် ဖြစ်ပေသည်။

    ၁၉၆၄ ခုနှစ် ဦးနေဝင်း လက်ထက်တွင်တော့ ကင်းထောက်လူငယ် အဖွဲ့ကို ဖျက်သိမ်းပြီး လမ်းစဉ်လူငယ်၊တေဇ လူငယ်များဖြင့် အစားထိုးခဲ့သော်လည်း သဘောတရားမှာ အတူတူပင်ဖြစ်ပေသည်။

    ကိုးကား။ ။ မြန်မာ စွယ်စုံကျမ်း။

  • ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ်

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသားသည်။

    ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ် (သို့) အစ္စလာမ့်ယဉ်ကျေးမှု၌သာ သီးသန့်ထွန်းကားနေဆဲဖြစ်သော လက်ရေးလှ Calligraphy အတတ်ပညာရပ်

    Calligraphy

    လက်ရေးလှ Calligraphy အတတ်ပညာရပ်ကို Oxford Advanced Learners’ အဘိဓာန်မှာ Beautiful handwriting that you do with a special pen or brush / The art of producing this လို့ ဖွင့်ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ကို အာရဗီလက်ရေးလှ အတတ်ပညာရပ်လို့လည်း လူသိများကြပါသေးတယ်။ တကယ့်ကို အနုပညာမြောက်အောင် ရေးသားရတဲ့ ပညာရပ် တစ်ခုဖြစ်သလို တစ်ချို့စာလုံးတွေကို ရေးသားဖို့ လနဲ့ချီပြီး အချိန်ပေးကာ ရေးဆွဲရပါတယ်။ အစ္စလာမ့် လက်ရေးလှ အတတ်ပညာရပ်ဟာ ကမ္ဘာ့မွတ်ဆလင်မ် အားလုံး လွယ်ကူစွာ ဖတ်တတ်ကြတဲ့ အာရဗီစာလုံးတွေကိုပဲ အခြေခံကာ ရေးဆွဲသားရသလို ဖန်ဆင်းရှင် အလ္လာဟ်အရှင်ရဲ့ အမည်နာမံတော်တွေ၊ ဂုဏ်တော်တွေ၊ ကျမ်းတော်မြတ် ကုရ်အာန်လာ ကျမ်းချက်တွေ၊ အစ္စလာမ့်ယုံကြည်ချက်တွေ၊ ကဆွီဒါကဗျာတွေ၊ စကားပုံစတာတွေကို လက်ရာမြောက်စွာ လက်ရေးသီးသန့်နဲ့ပဲ တီထွင်ရေးသားရပါတယ်။

    အာရပ်၊ ပါရှန်၊ အော်တိုမန် လက်ရေးလှ အတတ်ပညာရပ်တွေဟာ ဗလီဝတ်ကျောင်းတော်တွေရဲ့ နံရံတွေ၊ မျက်နှာကျက်တွေကို အလှတန်ဆာဆင်ခဲ့ကြတဲ့ အာရပ်အနုပညာဒီဇိုင်းတွေနဲ့ များစွာ ဆက်နွယ်လျက်ရှိခဲ့ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ဟာ ကျန်တဲ့အစ္စလာမ့် အနုပညာလက်ရာတွေကြားထဲမှာတော့ တကယ့်စွဲမှတ်အထင်ကြီးစရာ ပညာရပ်တစ်ခုဖြစ်ရတာက ကျမ်းတော်မြတ်ကုရ်အာန်က ကျမ်းချက်တွေကိုပဲ အခြေခံကျကျရေးဆွဲမှုကို ထိန်းသိမ်း မူမပျက်စေတဲ့ အကြောင်းတရားကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေနဲ့ပုံဖော်တင်စားတဲ့ လက်ရေးလှအတတ်ပညာရပ်ဟာ အနုပညာပုံဖော်ခြင်းတစ်ရပ်အနေနဲ့ ခောတ်စားလာခဲ့ပေမယ့်လည်း ဘာသာရေးဆိုင်ရာ ကျမ်းချက်တွေကိုပဲ ရုပ်ပုံအနေနဲ့ အဓိကထားကာ ရေးဆွဲနေကြဆဲဖြစ်ပါတယ်။

    အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ သူတို့အစပြုရာမြို့အမည်တွေကို အစွဲပြုပြီး ကူဖစ်ပုံစံ၊ ကာလဘ်တီပုံစံ၊ ဟီဂျာဇီပုံစံ၊ ပါရှန်ပုံစံစသည်ဖြင့် ခွဲခြားသလို တီထွင်ရေးသားသူတွေရဲ့ အမည်တွေကို အစွဲပြုပြီး ကာလယာကိုတာပုံစံ၊ ရီဟာနီပုံစံ၊ ဂဇ်လာနီပုံစံစသည်ဖြင့် ကွဲပြားကြပါသေးတယ်။

    ကူဖစ်ပုံစံလက်ရေးလှစာလုံးတွေဟာ ရိုးရှင်းတယ်၊ ဂျီသြမေထြီပုံစံကျတယ်၊ ရိုးရှင်းတဲ့ ကာရံတွေကို ရေညီမျဉ်းတွေနဲ့ ရေးသားလေ့ရှိပါတယ်။ သရစာလုံးတွေကို အနီရောင်အစက်တွေနဲ့ ရေးပြီး ဗျည်းတွေကို မျဉ်းတိုတွေနဲ့ ဖတ်ရလွယ်အောင် ခွဲခြားပေးပါတယ်။ တူနီးရှားနိုင်ငံ၊ ကိုင်ရိုအန်မြို့က ဗလီကြီးမှာ ကူဖစ်ပုံစံရေးထွင်းထားတဲ့ လက်ရေးလှစာလုံးတွေကို မြင်နိုင်သေးသလို ရှေးဟောင်း ဒင်္ဂါးပြားတွေမှာလည်း ကူဖစ်လက်ရေးလှတွေကို မြင်နိုင်ပါတယ်။ မဂ်ရီဗီ နဲ့ အန်ဒလူစီ မူကွဲတွေဟာ အကွေ့အကောက်တွေ ပိုမိုပါဝင်တဲ့ ကူဖစ်လက်ရေးလှပုံစံကွဲတွေဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် နဲ့ အထောက်အထားတွေကို ရေးသားကြရာမှာ ပိုပြီးကွေ့ကောက်မှုတွေပါဝင်တဲ့ ကူဖစ်လက်ရေးလှတွေ အစားထိုးဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

    နက်ရှ်ခ်လက်ရေးလှပုံစံကို ပါရှန်လူမျိုးဖြစ်တဲ့ Ibn Muqla Shirazi (d. 939) က ၁၀ ရာစုနှစ်မှာ ဦးဆောင်စတင်ခဲ့ပြီး သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့ Ibn al-Bawwab (d. 1022) နဲ့ Yaqut al-Musta’simi (d. 1298) တို့က ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးသားခဲ့ကြပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ပိုပြီး ရေးရ ဖတ်ရတာလွယ်ကူတဲ့အတွက် အစောပိုင်းကူဖစ်ပုံစံတွေထက် လူကြိုက်များခဲ့ကာ တန်ဆာဆင်ယင်တဲ့ ရည်ရွယ်ချက်တွေလည်း ပိုမိုပါဝင်လာခဲ့ပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ယခုအချိန်မှာတော့ ပြန့်နှံ့မှုအကောင်းဆုံးဖြစ်နေပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို လက်ရေးလှရေးသားရာမှာ တရားဝင်ရုံးသုံးပုံစံဖြစ်နေပါပြီ။ ၁၇ ရာစုရဲ့ အထင်ရှားဆုံးနက်ရှ်ခ် လက်ရေးလှရေးဆွဲ သူကတော့ အော်တိုမန် လက်ရေးလှရေးဆွဲသူတစ်ဦးဖြစ်တဲ့ ဟာဖဇ် အွတ်ဆမန်ပဲဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရေးလှရေးဆွဲဟန်တွေဟာ ယနေ့ကျမ်းတော်မြတ် ကုရ်အာန်ပုံနှိပ် စာလုံးတွေရဲ့ အခြေခံဖြစ်ခဲ့ပါတယ်။

    တူလု့တ်လက်ရေးလှပုံစံကတော့ အခက်အနွယ်တွေနဲ့ ရှည်လျားလှတဲ့ ထောင်လိုက်မျဉ်းတွေသုံးကာ ပိုမိုအားရှိတဲ့ဖက်ကို ယိမ်းခဲ့ပါတယ်။ တူလု့တ်လက်ရေးလှပုံစံကို ၁၄ ရာစုကုန် ၁၅ ရာစုဆန်းစကာလတွေမှာ မာမ်းလုက်မျိုးနွယ်တွေက သုံးစွဲခဲ့ကြပါတယ်။ စွဲမက်စရာကောင်းလှတဲ့ ဒီလက်ရေးလှပုံစံတွေဟာ တူရကီနိုင်ငံက ဟူဆီရင် နဲ့ ဖူအတ်ဘာဆာဒေသတွေမှာ ရှင်သန်နေဆဲပါ။

    တာဝ်ကီလက်ရေးလှပုံစံဟာ အဘာဆစ်ဒ်ခါလီဖာတွေ လက်ထက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။ တရားဝင်ဥပဒေတွေကို ပြဌာန်းရာမှာ တရားဝင်သုံးစွဲခဲ့ကြပြီး ရှည်လျားလှတဲ့ဒေါင်လိုက်မျဉ်းကြီးတွေ၊ ကျယ်ပြန့်ကားလှတဲ့ အကွေ့ပုံစံတွေနဲ့တာဝ်ကီလက်ရေးလှပုံစံကတော့ အသုံးနည်းလျက်ရှိနေပါတယ်။ ရစ်ကာအာလက်ရေးလှပုံစံကတော့ တာဝ်ကီလက်ရေးလှပုံစံရဲ့သေးငယ်တဲ့မူကွဲပုံစံတစ်မျိုးပါ။

    ၁၇ ရာစုနောက်ပိုင်းမှာတော့ ပိုမိုပြီးအကွေ့အကောက်တွေနဲ့ တန်ဆာဆင်ယင်ထားတဲ့ အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ တူရကီ နဲ့ ပါရှန်းမြေတွေမှာ ထွန်းကားလာခဲ့ပြန်ပါတယ်။ နာစ်တာလစ်က်လက်ရေးလှပုံစံ၊ ရှီကားစ်တက်လက်ရေးလှပုံစံစသည်ဖြင့် ပုံစံကွဲတွေ ရှိခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေရဲ့ ၀င်ပေါက်တွေမှာ တန်ဆာဆင်ယင်ခဲ့ကြပါတယ်။ ဒီဝန်နီလက်ရေးလှပုံစံတွေဟာ အော်တိုမန်တူရကီတွေ ၁၇ ရာစုက သုံးခဲ့တဲ့ ပုံစံဖြစ်ပါတယ်။

    တရုတ်ပြည်မှာတော့ ဆီနီလို့ခေါ်တဲ့ အာရဗီလက်ရေးလှ ပုံစံကွဲတစ်မျိုး ပေါ်ပေါက် ထွန်းကားခဲ့တာကို တွေ့မြင်နိုင်ကြပါသေးတယ်။

    လက်ရေးလှ Calligraphy အတတ်ပညာရပ်ဟာ မွတ်ဆလင်မ်တွေရဲ့ ကမ္ဘာမှာ အစ္စလာမ့်အနုပညာရပ်တစ်ခုအနေနဲ့ ထွန်းတောက်ထင်ရှားနေဆဲဖြစ်သလို စာလုံးတစ်လုံးနဲ့ တစ်လုံး ကူးယှက်နွယ်ကာ ရေးသားပြသတဲ့ လက်ရေးလှ အတတ်ပညာရပ်ဟာ ခေတ် အဆက်ဆက်က မြင်ရသူတိုင်းကို အာရဗီ ဘာသာစကားကို မတတ်မြောက်စေကာမူ သူ့ရဲ့ ခမ်းနားကြီးကျယ်နက်နဲမှုတွေ၊ လှပနူးညံ့မှုတွေနဲ့ ဖမ်းစားနေဦးမှာ အမှန်ပဲဖြစ်ပါတော့တယ်။

    ဆွေမွန်
    ၂၇ ဧပြီ ၂၀၁၄

  • ရေပေါ်ပေါ်သောကျောက်

    သြဂုတ် ၁၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1000950_10201480367107660_1094765062_n

    ကျောက်တုံးတွေ ရေထဲချလိုက်ရင် မြုပ်သွားတာပဲ ကျွန်တော်တို့ကြုံဖူးကြပါတယ်။ ဒီကမ္ဘာပေါ်မှာ ရေထဲမမြုပ်တဲ့ ကျောက်တစ်မျိုးရှိပါတယ်။ မီးသင်းကျောက်တစ်မျိုးဖြစ်တဲ့ သူ့ကိုတော့ Pumice လို့ခေါ်ပါတယ်။ ဘာလို့ ရေပေါ်ပေါ်ရလဲဆိုတော့ ရေထက်ပေါ့လို့ပေါ့။ ဒီကျောက်တုံး က ရေထက်ပေါ့နေရတဲ့ အကြောင်းအရင်းလည်း ရှိပါတယ်။ သူ့မှာအခါင်းပေါက်များစွာ ပါဝင်ပြီး လေခိုနေလို့ပါ။

    မီးတောင်တွေကနေ အပူပြင်းပြင်း ဖိအားပြင်းပြင်းနှင့် ထုတ်လွှတ်တာတွေဟာ အပြင်ရောက်တော့ မြန်မြန်ဆန်ဆန် အအေးခံပြီး ဖိအားလျော့ကျ လာပါတယ်။ လျင်မြန်စွာဖိအား လျော့ကျခြင်းကြောင့် CO2 နှင့် ရေတွေရဲ့ပျော်ဝင်နိုင်မှုကျဆင်းကာ လေပူဖောင်းများစွာဖြစ်ပေါ်စေပြီး အပေါက်များစွာပါဝင်တဲ့ ကျောက်တွေဖြစ်စေပါတယ်။

    Pumice ကျောက်တွေဟာ ပုံမှန်အားဖြင့် အရောင့်ဖျောဖျော့ရှိတတ်ပြီး တွင်းထွက်ကျောက်မဟုတ်ပါဘူး။ ဖန်အမျိုးအစားဖြစ်ပေမယ့် ပုံဆောင်ခဲ Crystal တွေပါချင်မှပါမှာဖြစ်ပါတယ်။ပေါ့ပါးတာကြောင့် အိမ်အလှဆင် ကျောက်အဖြစ်အသုံးပြုကြပြီး အမှုန်ကြိတ်ကာ ကော်ပတ်တွေ မှာအသုံးပြုကြပါ တယ်။ တကယ်လို့ ဒီကျောက်တွေကို တွေ့ရမယ်ဆိုရင် ရေထဲထည့်ကြည့်လို့ရပါတယ်။

    ကိုးကား – Fi, Wikipedia

  • အမိုးခုံးအား ရွှေသားအစစ်ဖြင့် တည်ဆောက်ထားသည့် ဘရူနိုင်းက ဗလီဝတ်ကျောင်း

    သြဂုတ် ၊ ၂ ရက်၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး

    Sultan Omar Ali Saifuddin Mosque

    ဗလီဝတ်ကျောင်းတော်အမည် – ဆူလ်တန် အိုမာအလီဆိုက်ဖူဒီယန်
    တည်နေရာ – ဘရူးနိုင်းဒါရူဆလာမ်၊ ဘန်ဒါဆရီဘဂ်ဝန်မြို့
    တည်ဆောက်ပြီးစီးသည့်ခုနှစ် – ၁၉၅၈
    ဗိသုကာလက်ရာ – မွန်ဂိုနှင့် အီတလီ ဗိသုကာလက်ရာ

    ဆူလ်တန် အိုမာအလီဆိုက် ဖူဒီယန် ဗလီဝတ်ကျောင်းတော်သည် ဘရူးနိုင်း ဒါရူဆလာမ်နိုင်ငံ ဘန်ဒါဆရီ ဘဂ်ဝန်မြို့တော်တွင် တည်ရှိသော တော်ဝင်ဗလီဝတ်ကျောင်းတော်ဖြစ်သည်။ အာရှပစိဖိတ်ဒေသရှိ အလှပဆုံး ဗလီဝတ်ကျောင်းတော်များထဲမှ တစ်လုံးဟု သတ်မှတ်ထားပြီး ဘရူးနိုင်းနိုင်ငံ၏ အထင်ကရ အမှတ်တံဆိပ် တစ်ခုဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာလည်းဖြစ်သည်။

    ၂၈ ဆက်မြောက် ဘရူးနိုင်းဘုရင် ဆူလ်တန် အိုမာအလီဆိုက်ဖူဒီယန် ၃ ၏ အမည်အား မှည့်ခေါ်ထားခြင်းဖြစ်သည်။ ထို ဗလီဝတ်ကျောင်းတော်သည် ဘရူးနိုင်းနိုင်ငံရှိ အစ္စလာမ်အယူဝါဒ ထွန်းကားမှုကို ဖော်ပြနေပြီး ဘန်ဒါဆရီဘဂ်ဝန် မြို့၏ပုံရိပ်အား ထင်ရှားစေသည်။ ထိုဗလီဝတ်ကျောင်းတော်အား ၁၉၅၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခေတ်သစ်အစ္စလာမ့် ဗိသုကာ လက်ရာများ၏ နမူနာတစ်ခုဖြစ်လေသည်။

    mosque-in-brunei-sultan-omar-ali-saifuddin-mosque-9

    ထိုဗလီဝတ်ကျောင်းတော်မှာ မွန်ဂို ဗိသုကာလက်ရာနှင့် အီတလီပုံစံများဖြင့်ပေါင်းစပ် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ဒေသများတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အီတလီလူမျိုး ဗိသုကာ ပညာရှင် ကာဗာလီရီ ရူဒိုလ်ဖို နိုလ်လီ(Cavaliere Rudolfo Nolli) မှ ဒီဇိုင်းထုတ်ပေးထားပြီး Booty and Edwards Chartered Architects ဗိသုကာ ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်ကို ဘရူးနိုင်းမြစ်ကမ်းရှိ ဧရာရွာ(Kampong Ayer) တွင် ဖန်တီးထားသည့် လူလုပ်ရေကန်ကြီးထဲတွင် တည်ဆောက်ထားပြီး ရေပေါ်ဗလီဝတ်ကျောင်းတော် ဟူ၍လည်း အမည်တွင်သည်။ စကျင်ကျောက်ဖြင့်တည်ဆောက်ထားသည့် မင်နာရာ(၀တ်ပြုရန် ဖိတ်ခေါ်သံ ဟစ်ကြွေးသည့်မျှော်စင်) ရှိပြီး ရွှေရောင် အမိုးခုံး၊ လှပသည့် ရေပန်းများနှင့်တကွ စိမ်းလမ်းစိုပြည်သည့် ပန်းခြံတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ ဗလီဝတ်ကျောင်းတော်အား အစ္စလာမ်သာသနာမှ ရည်ညွှန်းဖော်ပြသည့် နိဗ္ဗာန်ဘုံကဲ့သို့ သစ်ပင်ပန်းမာလာမျိုးစုံပါဝင်သည့် ပန်းခြံကြီးများဖြင့် ၀န်ရံထားသည်။

    mosque-in-brunei-sultan-omar-ali-saifuddin-mosque

    ဗလီဝတ်ကျောင်းတော်တည်ရှိရာ ရေကန်ကြီးမှ ဧရာရွာသို့ ရောက်ရှိနိုင်သည့် တံတားတစ်ခုရှိကာ ထိုရေကန်ကြီးထဲတွင် ၁၆ ရာစု ဘရူးနိုင်းဘုရင် ဆူလ်တန် ဘိုလ်ကိုင်ယာ အသုံးပြုခဲ့သည့် ဖော်တော်နှင့်တစ်ထေရာတည်းတူသည့် ပုံတူဖောင်တော်တစ်ခုကိုလည်းတည်ဆောက်ထားသည်။ ဗလီဝတ်ကျောင်းတော်မှ ထိုဖောင်တော်သို့တိုက်ရိုက်သွားရောက်နိုင်ရန် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် တံတားတစ်ခုလည်း ပါဝင်သည်။ ထိုဖောင်တော်အား ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်သည့် နှစ် ၁၄၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရန် ရည်ရွယ်တည်ဆောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုဖောင်တော်တွင် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်သရဇ္ဈာယ်မှု ပြိုင်ပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

    roofထိုဗလီဝတ်ကျောင်းတော်၏ အထင်ကရ အမှတ်အသားတစ်ခုမှာ အမိုးခုံးဖြစ်ပြီး ထိုအမိုးခုံးအား ရွှေသားအစစ်ဖြင့် တည်ဆောက်ထားသည်။ ၅၂ မီတာ (၁၇၁ ပေ) အမြင့်ရှိသည့် ထိုဗလီဝတ်ကျောင်းတော်ကို ဘန်ဒါဆရီဘဂ်ဝန်မြို့၏ မည်သည့်နေရာမှမဆို တွေ့မြင်နိုင်သည်။
    မင်နာရာမျှော်စင်မှာ ဗလီဝတ်ကျောင်းတော်ထက် ပိုမိုမြင့်မားပြီး အတွင်းတွင် ဓာတ်လှေကားတစ်စင်းကို ထည့်သွင်းတည်ဆောက်ထားကာ ထိုမင်နာရာအပေါ်မှ ဘန်ဒါဆရီဘဂ်ဝန်မြို့၏ လှပသော ရှုခင်းကိုကြည့်ရှုခံစားနိုင်သည်။

    ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်းမှာ ၀တ်ပြုဆုတောင်းရန်အတွက်သာဖြစ်ပြီး၊ မှတ်ပြူတင်းပေါက်များ၊ အမိုးခုံးငယ်များနှင့် စကျင်တိုင်များပါဝင်သည်။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံရပ်ခြားမှ တင်သွင်းအသုံးပြုခြင်းဖြစ်သည်။ စကျင်ကျောက်ကို အီတီလီနိုင်ငံမှ၊ နှမ်းဖတ်ကျောက်ကို ရှန်ဟိုင်းမှ၊ ခရစ်စတယ် မီးဆိုင်းများကို အင်္ဂလန်နှင့် ဗလီဝတ်ကျောင်းတော်အတွင်း ခင်းကျင်းထားသည့် ကော်ဇောများကို ဆော်ဒီအာရေဗျနိုင်ငံများမှတင်သွင်းပြီး စုစုပေါင်း ကန်ဒေါ်လာ ၇ သန်းမှ ၉ သန်းခန့် ကုန်ကျခဲ့သည်။

    ဘရူးနိုင်းနိုင်ငံ၏ အမှတ်တံဆိပ်ဖြစ်သော အိုမာအလီဆိုက်ဖူဒီယန်ဗလီဝတ်ကျောင်းတော်မှာ ဘရူးနိုင်းမွတ်စလင်များအတွက် ၀တ်ပြုဆုတောင်းရာ နေရာတစ်ခုလည်းဖြစ်လေသည်။

  • မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)

    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)

    ဇူလိုင်-၁၇၊ ၂၀၁၃

    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)

    Manbakhainအာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ကို ဖခင် ယုန်သလင်း ရွာသူကြီး မန်းပေကုန်းနှင့် မိခင် ဒေါ်ပု တို့မှ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နေ့တွင် ဟင်္သာတမြို့နယ် ယုန်သလင်းရွာတွင် ဖွားမြင်ခဲ့ပြီး ပဉ္စမမြောက်သားသည်။  မန်းဘခိုင်သည် ကရင် အမျိုးသားတစ်ဦးလည်းဖြစ်သည်။ ငယ်စဉ်က ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့် နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင် ဘာသာသင်ကျောင်း တကျောင်းကို ဦးစီး ဖွင့်လှစ်ခဲ့သူတဦး ဖြစ်သည်။ ၁၉၃၇ ခု တွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ် ဂျပန်တော်လှန်ရေး တွင်လည်း ပါဝင်ခဲ့ရုံမက ကရင် – ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီး တစ်ဦး ဖြစ်လာသည်။ ကရင် လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှု လက်မှုနှင့် အလုပ်သမား ဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။

    မြန်မာ့လွတ်လပ်ရေး ဗိမ္မာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသည်။

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။