News @ M-Media
Category: သုတ၊ရသ
ကဗျာ၊ ဝထ္ထု၊ ကာတွန်း၊ ရုပ်ရှင်၊ ဓတ်ပုံ စသဖြင့်
  • မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
    ဇူလိုင်-၁၃၊၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    photo
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉၀၇ – ၁၉၄၇)
    Sou San Tun
    မိုင်းပွန်စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့မှ ၁၉၀၇ မေလ ၃၁ ရက်နေ့တွင် ဖွားမြင် ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်ပြီး မန္တလေး ပုလိပ် အတတ်သင်ကျောင်း တက်ခဲ့သည်။ ထို့နောက် ပုလိပ်အရာရှိ အဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား ဖြစ်လာပြီး မိုင်းပွန် စော်ဘွားကြီးဟူ၍ ဖြစ်လာသည်။ ၁၉၃၂ ခု တွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။
    ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့ပြီး အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံမျိုးစေ့များကို မှာယူခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာပြီးနောက် ထုတ်ပြန်ခဲ့သော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့်သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့်တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် ကြိုးပမ်းခဲ့သည်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားတစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
    မြန်မာ့လွတ်လပ်ရေး ဗိမ္မာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံခြင်းခံခဲ့ရသည်။ အကြမ်းဖက်သမားတို့၏ လုပ်ကြံမှုကြောင့် ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။ အခြား လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင်ကြီးများနှင့် အတူ ကျဆုံးခဲ့ရ သော အာဇာနည်တစ်ဦးဖြစ်သည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
  • ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    ဇူလိုင်-၁၃၊ ၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    TNTUBaWinမကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ဦးဖာ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ငယ်နံမည်မှာ မောင်စံတင် ဖြစ်သည်။
    ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီးကျောင်း၊ ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ ပညာသင်ယူခဲ့သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ခဲ့သည်။ ၁၆ နှစ်တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။ အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ဦးဘ၀င်းသည် ၁၇ နှစ် အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင် စာရေးအလုပ်များ လုပ်ကိုင်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။
    ထို့နောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။ ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ်ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာအဖြစ်လုပ်ခဲ့သည်။ ယင်းနောက် ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့၏။ ဆရာကြီး ဦးဘ၀င်းသည် ကိုလိုနီခေတ် နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းရင်း မျိုးချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။
    ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။
    ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့တွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ် သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့် အတူ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် ကျဆုံးခဲ့ရသည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
  • စီတဲလ်မြို့သားမှ နှစ် ၂၀၀ သက်တမ်းရှိ ငါးတစ်ကောင်ကိုဖမ်းမိ
    ဇူလိုင်- ၆ ၊ ၂၀၁၃
    M-Media
    AP-rockfish-record-catch-jef-130702-33x16-608-jpg_181652
    စီတဲလ်မြို့မှ အိမ်ခြံမြေလုပ်ငန်းရှင် ဟန်နရီ လိဗ်မန် (Henry Liebman) သည် အလာစကာ (Alaska)၊ စစ်ကာ (Sitka) ကမ်းခြေမှ shortracker အမျိုးအစားဝင် rockfish – ကျောက်ငါးတစ်ကောင်ကှို ဖမ်းဆီးရရှိခဲ့ရာ ၄င်း၏ အရွယ်အစားက သက်တန်း ၂၀၀ ကျော် ရှိကြောင်းပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
    “ ဒါက မထင်မှတ်ဘဲ ရလိုက်တာပါ။ တစ်ချို့လူများအတွက် ဇရာထောင်းတဲ့အချိန်အထိ ဒါမျိုးမြင်ဖူးမယ်မထင်ဘူး။ ဒါကြောင့် ဒီအရာကိုမြင်ခွင့်ရတာ ကျေနပ်စရာပါဘဲ ” ဟု ABC News သို့ လိဗ်မန်မှ ပြောကြားခဲ့သည်။
    အရွယ်ရောက်လာလျှင် ကြီးထွားမှုနှုန်းရပ်တန့်သွားကြသည့် အခြားသောမျိုးစိပ်များနှင့်မတူညီဘဲ rockfish ကျောက်ငါးများမှာ အသက်အရွယ်အလျောက် ကြီးထွားနေတတ်ကြသည်။
    “ အရွယ်အစား၊ သက်တမ်း နဲ့ အလေးချိန်အကြားမှာ ခိုင်မာတဲ့ဆက်နွယ်မှု တစ်ရပ်ရှိတယ်။ ကျွန်တော်တို့ဆီမှာ  နှစ် ၂၀၀ သက်တမ်းကျော်တဲ့ ငါးအချို့ ရှိပါတယ်။ ဒါပေမယ့် အခုဖမ်းမိရတဲ့ငါးထက် သေးငယ်နေကြတာတော့အမှန်ပါဘဲ ” ဟု Alaska Department of Fish and Game မှ ဒေသခန့်ခွဲရေး ဇီဝဗေဒပညာရှင် ထရွိုင်း တိုင်ဒင်ကို (Troy Tydingco) က ဆိုသည်။
    အဆိုပါ ကျောက်ငါးသည်  ၃၉.၈ ပေါင် အလေးချိန်ရှိသဖြင့် စံချိန်ချိုး မှတ်တမ်းဝင်ခဲ့သည်။
    “ အလာစကာမှာ အပျော်တမ်းငါးဖမ်းသူတွေ ဖမ်းမိတဲ့ငါးတွေထဲမှာ အခုငါးက အရွယ်အစားအကြီးဆုံးပဲ၊ ပြည်နယ်အတွက် မှတ်တမ်းသစ် တစ်ခု ဖြစ်သွားပြီ ”ဟု National Marine Fisheries Service မှ ပြည့်သူ့ရေးရာဌာနအုပ် ဂျူလီ စပီဂယ်လ် (Julie Speegle) က ပြောကြားခဲ့သည်။
    ငါးကိုဖမ်းမိခဲ့သော လိဗ်မန်မှ မိမိသည် ရှားပါးလှသည့် ၄င်းငါးအားဖမ်းဆီးမိခဲ့သဖြင့် အလွန်ကို ၀မ်းမြောက်ကြောင်း ဇွန် ၂၁ ရက်နေ့တွင် ABC News သို့ ပြောကြားခဲ့သည်။
    “ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ငါးဖမ်းထွက်တဲ့အခါတိုင်း ဒီလို မျိုးစိပ်မျိုးကို အဓိကထားဦးတည်ခဲ့တာပါ ။ ဘယ်သူမှ မဖမ်းချင်တဲ့ငါးကို ကျွန်တော် ကြိုးစားပြီးဖမ်းလိုတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဟာလီဘဒ် (Halibut) ငါး တော်တော်များများကို ငါးစာအဖြစ်သုံးပြီး ပေ ၉၀၀ အနက်ဝန်းကျင်အထိ ချမျှားရတယ်။ ငါးမိပြီလို့ ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ ငါးက ခပ်သေးသေးဘဲ – ဟာလီဘဒ် ငါးတစ်ကောင်ပါဘဲလို့ ကျွန်တော် ထင်ခဲ့မိတယ်။ ဒါပေမယ့် ရေထဲကနေ တစ်ဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါကျမှ သူရဲ့အရွယ်အစားကြောင့် ကျောက်ငါးဆိုတာ ချက်ခြင်းသိလိုက်တယ်။ မယုံနိုင်စရာကောင်းလောက်အောင်ပါဘဲဗျာ ”ဟု လိဗ်မန်ကဆက်လက်ပြောကြားခဲ့သည်။
    ကျောက်ငါးများသည် သဘာဝအားဖြင့် အပျော်တမ်းငါးဖမ်းသမားများအဖို့ လက်လှမ်းမမှီနိုင်လောက်သော သမုဒ္ဒရာရေနက်ပိုင်းမှာသာ ကျက်စားလေ့ရှိကြသည်။
    ယခုသီတင်းပတ်အကုန်တွင် ယင်းကျောက်ငါး၏ သက်တမ်းအား အတိအကျသတ်မှတ်နိုင်အောင် သိပ္ပံပညာရှင်များက စူးစမ်းစစ်ဆေးမည်ဖြစ်သည်။
    “ ကျောက်ငါးရဲ့နားအရိုးဟာ တစ်နှစ်ကို တစ်ကွင်း တိုးလာလေ့ရှိတယ်။ သစ်ပင်တွေရဲ့သက်တမ်းပုံဟန်နဲ့ တော်တော်လေးကို တူညီနေတယ်။ အဲ့ဒီအရိုးကွင်းတွေ ရေတွက်ကြည့်ယင် ငါးရဲ့အသက်ကို အတိအကျ ဖော်ထုတ်နိုင်ပါလိမ့်မယ် ” ဟု စပီဂယ်လ် က ရှင်းပြသည်။
    Ref:  ABC News Blogs
  • နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်-သန့်စင်အေး
    စာရေးသူတို့ မြန်မာမှုနယ်ပယ်တွင် မေးမြန်းလေ့ရှိသော မေးခွန်းတစ်ခုမှာ “ငါတို့ ဘယ်နေ့ စားရမှာလဲ”ဟူ၍ဖြစ်သည်။ ထိုမေးခွန်းကို စာရေးသူတို့၏ မိတ်ဆွေ ချစ်သူမောင်နှံများ နှင့်တွေ့သော အခါတွင် လည်းကောင်း၊ လူပျိုကြီး/အပျိုကြီးနှင့်တွေ့သောအခါတွင်လည်းကောင်း မေးလေ့ရှိသည်။ အလိုသဘောမှာ“သူငယ်ချင်းတို့-ဘယ်နေ့လက်ထပ်ကြမှာလဲ”ဟုဖြစ်သည်။ အကယ်၍ ထိုမေးခွန်းကို တိုက်ရိုက်ပြန်ဆိုပါက “ငါတို့ဘယ်နေ့စားရမှာလဲ”ဟူသောစကားတွင် လက်ထပ်မည့်အကြောင်း မပါ ပါ။ ထို့ကြောင့် တိုက်ရိုက်ပြန်ဆိုရာတွင်အခက်အခဲရှိမည်ဖြစ်သည်။ ထိုအခါ “အသိ”ဖြင့်သာ ပြန်ဆိုရ မည်ဖြစ်သည်။ ထို့ကြောင့် Language တစ်ခုကိုလေ့လာရာတွင် သက်ဆိုင်ရာ Language သာမက Linguistics (ဘာသာဗေဒ)ကိုပါ မဖြစ်မနေလေ့လာရတော့သည်။ တိုက်ရိုက်အဓိပ္ပာယ် ဖေါ် ရခက်သော စကားလုံးများကို ပြန်ဆိုရာတွင် သက်ဆိုင်ရာလူမျိုး၊ ဘာသာတို့၏ ဓလေ့ထုံးစံကိုသိမှ ဘာဆိုလိုသည်ကို နားလည်မည်ဖြစ်သည်။ ၎င်းပြင် ရန်ကုန်ကဲ့သို့သော အောက်မြန်မာနိုင်ငံတွင် အမိ၊ အဖ၊ ဆရာသမား၊ လူကြီးသူမတို့နှင့် သားသမီးများ စကားပြောရာတွင် သား၊သမီးများက ကိုယ့်ကိုယ်ကို “သားကလေ၊ သမီးကလေ၊ ကျွန်တော်/ကျွန်မကလေ”အစရှိသည်ဖြင့် သုံးနှုံးပြောဆိုကြ သော်လည်း အထက်မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်မူ “ကျုပ်ကလေ”ဟူ၍သုံးနှုံးပြောဆို တတ်သည်။ သူ့ဓလေ့နှင့်သူမို့ ရိုင်းသည်ဟု ဝေဖန်၍မရပါ။ မိဘများကလည်း သဘောပေါက်ကြပါ သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုပြောဆိုရာတွင် ပြောလိုက်သော စကားထက် ထိုစကား၏ နောက်ကွယ်တွင်ရှိသော “အသိ”ကို ပိုသတိထားရမည်ဖြစ်ကြောင်း ဘာသာဗေဒဆရာများက ဆိုကြခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာ စကားများနောက်ကွယ်တွင်ရှိသောအသိများအနက် အချို့ကို မျှဝေတင်ပြခြင်းဖြစ်သည်။
    အလားတူပင် အမူအရာများ၏နောက်ကွယ်တွင်လည်း “အသိ”များရှိသည်။ ဥပမာ-မြန်မာမှု နယ်ပယ်တွင်တော့ လူငယ်များက လူကြီး၊သူမများရှေ့က ဖြတ်သန်းသွားလာရာတွင် ခါးကိုအတန်ငယ် ကိုင်း၍၊ ကိုယ်ကိုအတန်ငယ်ညွတ်၍ သွားလာကြသည်။ လေးစားရိုသေမှုသဘောသာဖြစ်ပါသည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများတွင်တော့ လူကြီးနှင့်လူငယ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် စကားပြောဆိုရာတွင် လူငယ်များက ထိုင်ချင်သလိုထိုင်မည်။ ခြေပေါ်ခြေချိတ်လည်းထိုင်ချင် ထိုင်မည်။ သို့သော် ထိုအမူအယာကို ထိုနိုင်ငံများရှိလူကြီးများက “ဗွေ”ယူစရာ၊ အပြစ်ပြောစရာဟု မသတ်မှတ်ကြပါသည်။ အဘယ့်ကြောင့်သနည်းဆိုသော် စာရေးသူသိသလောက် မျှဝေရလျှင် လူ အချို့က ခြေထောက်အပါအ၀င် ခန္ဓာကိုယ်အောက်ပိုင်းကို မစင်ကြယ်သော(သို့မဟုတ်)ညစ်နွမ်းသော (သို့မဟုတ်)ဂုဏ်အသရေမဲ့စေသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ နိုင်ငံခြားသားများ ကတော့ ထိုသို့သတ်မှတ်ချင်မှသတ်မှတ်ကြပါလိမ့်မည်။ ခန္ဓာကိုယ်၏အရေးအကြီးသော အင်္ဂါအစိတ် အပိုင်းတစ်ရပ်အနေဖြင့်သာ ယူဆကြသည်ထင်ပါသည်။ ထိုခြေထောက်ကိစ္စကြီးကို ယဉ်ကျေးမှုနှင့် တွဲ၍ မစဉ်းစားကြလို့ပါ ဟုသာ ပြောရပေလိမ့်မည်။ ဤသည်မှာ အမူအယာများ၏နောက်ကွယ်များ၌ ရှိနေသော“အသိ”များပင်ဖြစ်ပါသည်။
    အကျီ င်္ ရင်ဘတ်ဟပြဲဝတ်ခြင်းကို လူကြီးများက သိပ်မနှစ်မြို့ကြသော်လည်း လူငယ်များကြား တွင် ဖက်ရှင်တစ်ရပ်ဖြစ်နေကောင်းဖြစ်နေနိုင်သည်။  စာရေးသူတို့ငယ်စဉ်က ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်ထိုးထားသူများကို လူအများစုက သိပ်မနှစ်မြို့ကြပါ။ အဘယ့်ကြောင့်ဆိုသော ၎င်းတို့သည် လူမိုက်များဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ယုံကြည်မှုအရသော်လည်းကောင်း (ဥပမာ-အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့)အစရှိသည်များစီရင်ခြင်းအတွက် ဆေးမင်ကြောင်းထိုးခြင်းမျိုး ကိုတော့ သိပ်အပြစ်မတင်ကြပါ။ ဟိုးယခင် ရှေးမြန်မာမင်းများလက်ထက်ကတော့ ဆေးမင်ကြောင် ထိုးမှ ယောက်ျားပီသသည်ဟု အယူစွဲရှိခဲ့သည်။ သို့သော် လွတ်လပ်ပြီးခေတ် တွင် ထိုအယူအစွဲများ မရှိတော့ဘဲ ဆေးမင်ကြောင်ထိုးကွင်းထိုးသည်ကို အပြုသဘောဖြင့် လက်မခံနိုင်သည်များကို တွေ့လာရသော်လည်း ယခုပွင့်လင်းသောခေတ်တွင်တော့ ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်တစ်ရပ် အဖြစ်ယူဆလာကြပြီး အချို့အမျိုးသမီးငယ်များပင် ထိုးစပြုလာကြသည်ကိုတွေ့ရပါသည်။  ဤသည်မှာ ၀တ်စားဆင်ယင်နေထိုင်မှုများ၏နောက်ကွယ်၌ရှိသော “အသိ”များပင်ဖြစ်ပါသည်။
    သို့သော် အထက်က ဆေးမင်ကြောင်ဥပမာဖြင့် ဖော်ပြခဲ့သလိုပင် “အသိ”များသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲတတ်သည့်သဘောလည်းရှိသည်။ “အကြော်သည် မကြီးက အကြော်ရောင်း၍ သူ့သမီးအား ငြိုငြင်စွာလုပ်ကျွေးခဲ့ရသည်”ဆိုသည့်စာကြောင်းကို ယခုခေတ်အမြင်နှင့်ပြန်ဆိုရလျှင် အကြော်သည်မကြီးက သူ့သမီးအား သိပ်မကြည်သည့် သဘော ဖြစ်သည်။ သို့သော် အမျိုးသားပညာဝန်ဦးဖိုးကျားရေးသော မင်းကတော် စကားပြေ၏ ခက်ဆစ်အဖွင့် တွင်တော့ ငြိုငြင်စွာ ကို ဆင်းရဲပင်ပန်းစွာ ဟု ဖွင့်ဆိုထားသည်ကိုကြည့်ခြင်းအားဖြင့် ထို ငြိုငြင်စွာ ဟူသောစကား၏ နောက်ကွယ်တွင်ရှိသောအသိသည် ဦးဖိုးကျားတို့၏ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ် မတူတော့သည်ကို တွေ့ရပြန်သည်။ ဤသည်မှာ “အသိ”များပြောင်းလဲတတ်သော သဘောကို ပြောလိုခြင်းဖြစ်သည်။
    ဤသို့အားဖြင့် စာရေးသူတို့သည် မိမိတို့နေထိုင်ရာ ခေတ်ကာလ၊ ပတ်ဝန်းကျင် အနေအထားနှင့် လူကြီးသူမတို့၏ဆုံးမစကားများ၊ စာအုပ်စာပေများ၊ မီဒီယာများမှ ဖေါ်ပြချက်များကို ဖတ်ရှုသိရှိကြပြီး စာရေးသူတို့၏ စိတ်ထဲတွင် မသိမသာရော၊ သိသိသာသာပါ အသိများ စွဲလာခဲ့ကြသည်။
    ဒိန်းမတ်နိုင်ငံမှ ကာတွန်းဆရာတစ်ဦးက တမန်တော်နှင့်ပတ်သက်ပြီးအပြုသဘောမဆောင် သည့်ပုံတစ်ပုံဆွဲခဲ့ခြင်းကြောင့် မွတ်စလင်မ်ကမ္ဘာတွင် ပေါက်ကွဲကုန်ကြသည်။ ကမ္ဘာပေါ်တွင်လည်း ဟိုးလေးတကြော်ဖြစ်သွားသည်။ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ်မှ အစ္စလာမ့်ပညာရှင်များက ထို အရေးအခင်းကာလတွင် ဒိန်းမတ်နိုင်ငံသို့သွား၍ မီဒီယာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ အစ္စလာမ် အကြောင်းရှင်းပြခဲ့ကြရာ ပွဲမစခင် Projector ဖြင့် ပုံအချို့ကို ပြသခဲ့သည်ဟု ကြားသိရသည်။ ပထမ ပြသောပုံမှာ မာသာထရီဇာ၏ပုံဖြစ်သည်။ မာသာထရီဇာပုံကိုကြည့်၍ လူအများက လက်ခံကြသည်။ မာသာထရီဇာက ပုဝါခြုံလေးနှင့်ဖြစ်သည်။ ၎င်းနောက် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ပုဝါ ခြုံ ထားသည့်ပုံကိုပြပြန်သည်။ လူအများက သိပ်မကြိုက်ကြကြောင်း တုံ့ပြန်ကြသည်။ ပုဝါခြုံထားတာခြင်း တူတာတောင် ဘာကြောင့် လူအများက တစ်ဦးကိုလက်ခံပြီး တစ်ဦးကို လက်မခံကြပါသနည်း။ ထို ပုဝါခြုံခြင်းများ၏နောက်ကွယ်တွင်ရှိသော အသိ များကြောင့်လား။ ဤသည်ကို ပမာထား၍ အစ္စလာမ့် ပညာရှင်များက မီဒီယာကိုရော၊ လူထုကိုပါ အစ္စလာမ်အကြောင်းရှင်းပြပြီး ပွဲအပြီးတွင် ထိုပွဲသို့ တက်ရောက်လာသူများ၏ စစ်တမ်းကောက်ယူကြည့်ရာ လူအများစုသည် ရှင်းလင်းပွဲမစခင်တွင် ရှိနေ သော အစ္စလာမ်အပေါ်ထားသည့် ၎င်းတို့၏သဘောထား အသိ များနှင့် ထိုရှင်းလင်းပွဲအပြီးတွင် ရှိလာ သည့် အစ္စလာမ်အပေါ်ထားသည့် သဘောထား အသိ များ ပြောင်းလဲသွားသည်။ အပြုသဘော ဆောင်လာကြသည်ဟု စာရေးသူတို့ ကြားသိခဲ့ရသည်။ သို့ဆိုလျှင် စာရေးသူတို့သည် စာရေးသူတို့ မှီ တင်းနေထိုင်ရာလောက၊ ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ စာရေးသူတို့အပေါ်ထားသည့် သဘော ထား အမြင်များနှင့် အသိ များကို စောကြောကြည့်ရန်လိုအပ်လှပြီး မည်ကဲ့သို့သော အပြုသဘော ဆောင်သည့်ချဉ်းကပ်မှုမျိုးဖြင့် ချဉ်းကပ်သင့်သနည်း၊ “Conflict Solution ဟုခေါ်သည့် ပဋိပက္ခများ၊ အမြင်ကွဲလဲမှုများကို မည်သည့်နည်းလမ်းမျိုးဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသင့်သနည်း”ဆိုတာကိုတော့ ၀ိုင်း စဉ်းစားဖို့လိုပြီဟုထင်သည်။ စာရေးသူသိရှိမှတ်သားမိသည့် “အသိများအကြောင်း”ကို ဆက်လက်၍ မျှဝေပါရစေဦး။
    အသိများ၏မြစ်ဖျားခံရာ (သို့) အသိများရိုက်သွင်းခံရခြင်း
    စာရေးသူတို့တွင် mind-set ဟုခေါ်သည့် ပုံစံကျနေသည့်အမြင်များ၊ တရားသေအတွေး အခေါ်များရှိသည်။ ဥပမာ-မြန်မာရုပ်ရှင်ကားတစ်ကားကြည့်ရာတွင် သရုပ်ဆောင်၏လက်မှ ပန်းကန် ကျကွဲခြင်းမျိုးကိုတွေ့ပြီဆိုလျှင် ပရိသတ်ကသိသည်။ သိပ်မကြာခင် ဆုံးရှုံးမှုတစ်ခုခု(သို့)ပြဿနာ တစ်ခုခုဖြစ်တော့မည်ဟု တွေးလို့ရသည်။ ဒါရိုက်တာကလည်း ထိုအတိုင်းပင်ရိုက်ပြသည်။ ဤသည်မှာ mind-set ၏ အခြေခံသဘောပင်ဖြစ်သည်။ ထိုနည်းအတိုင်းပင် အချို့သောမြန်မာရုပ်ရှင်ကားများတွင် ဗီလိန်(လူဆိုး)အခန်းများတွင် (သူတို့အခေါ်-ကုလားပုံပေါက်နေသူများ)ကို ထည့်ရိုက်ပြသည်။ ထိုသို့ မြင်ရဖန်များသောအခါ ကြည့်ရှုသူပရိသတ်၏ mind-set တွင် ထိုပုံများကိုမြင်သည်နှင့် ကောင်းမွန်သောခံစားချက်တစ်စုံတစ်ရာ မပေါ်ပေါက်နိုင်တော့ပါ။ အလားတူစွာ အချို့သောစာရေးဆရာများက ၎င်းတို့၏၀တ္ထုများတွင်လည်း (သူတို့အခေါ် ကုလားများ)နှင့်ပတ်သက်၍ ရေးလျှင် ထိုမကောင်းသော(ဗီလိန်) အခန်းများက များပါသည်။ ဤနည်းအားဖြင့် ထိုပုံပေါက်နေသော၊ ထိုရုပ်ပေါက်နေသောသူများကိုတွေ့ပြီဆိုလျှင် လူအများစု၏ mind-set သည် ကောင်းမွန်နိုင်ပါဦးမည်လော။ အသိမကြွယ်သေးသည့် ကလေးသူငယ်များဆိုလျှင် ပိုဆိုးနိုင်ပါသည်။ ထိုကလေးငယ်များ ကြီးပြင်းလာ၍ လူကြီးဖြစ် လာလျှင်ရော ၎င်းတို့၏ mind-set များကို ပြောင်းလဲနိုင်ပါမည်လော…။
    ဤကဲ့သို့သော mind-set များရိုက်သွင်းခံလိုက်ရပြီဆိုလျှင် mind-set များကို ပြင်ဖို့ လိုလာပြီ။ စာရေးသူ၏ ဘာသာရေးဆရာတစ်ယောက်က ပြောဖူးသည်။ အစ္စလာမ်အကြောင်းကိုမသိလို့၊ အမှန် တကယ်အစ္စလာမ်အပေါ်အထင်လွဲနေလို့ သဘောရိုးဖြင့် အစ္စလာမ်ကို ဝေဖန်သူများရှိသည်။ ထိုသူ များက အသိ မှန်ရသွားလျှင် အစ္စလာမ်ကိုမဝေဖန်တော့ပါ။ သို့သော် လူတစ်ဦးတစ်ယောက်သည် ငယ်စဉ်ကတည်းက အစ္စလာမ်နှင့် ပတ်သက်သည့် မှားယွင်းသောအချက်အလက်များအား ၎င်း၏ mind-set အတွင်းသို့ သိသိသာသာဖြစ်စေ၊ မသိမသာနှင့်ဖြစ်စေ ရိုက်ထည့်ခံထားရပြီဆိုလျှင်တော့ ထိုသူအားမည်မျှပင်ရှင်းပြရှင်းပြ လက်ခံဖို့သိပ်မလွယ်ပါ။ ထိုသူ၏ mind-set ကို လုံးဝ ပြောင်းပစ်နိုင် လျှင်တော့ ရမည်။ မြန်မာတွင် “လူကိုခင်လျှင် မူကိုပြင်သည်၊ လူကိုမုန်းတော့ မူကိုသုံးသည်”ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ မိမိကြည်ညိုသော၊ ပုဂ္ဂိုလ်ရေးအရ လက်ခံသော၊ အမြင်ကြည်သော လူမျိုး ဆိုလျှင် ထိုသူပြောဆိုသည့် အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားစရာရှိလျှင်တောင်မှ လူမှုရေးအရ ငဲ့ညှာတတ်သည့်သဘောလည်းရှိသလို ထိုသူဘာပြောပြော လွယ်လွယ်ကူကူနှင့် လက်ခံ တတ်သည့်သဘောလည်းရှိသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် စာရေးသူတို့သည် စာရေးသူတို့ အပေါ် စွပ်စွဲလာသည့်စွပ်စွဲချက်များကို သက်ဆိုင်ရာပညာရှင်များက အေးချမ်းစွာဖြင့် ပြန်လည် ရှင်းလင်း တင်ပြရုံသာမက စာရေးသူတို့လူများ၌လည်း လူအများစုက စာရေးသူတို့ကို ပုဂ္ဂိုလ်ရေးအရ လက်ခံလာနိုင်အောင် နေထိုင်တတ်ဖို့လိုသည်။ လူအများစု၏ mind-set ထဲတွင် စာရေးသူတို့ကို မည်သို့မည်ပုံထင်မြင်ကြသည်ကို အရှည်ရေးပြစရာလိုမည်မထင်ပါ။ စာရေးသူတို့က လူအများစု၏ mind-set ကို ပြုပြင်ပြောင်းလဲဖို့၊ စာရေးသူတို့အပေါ်အထင်လွဲမှုများကို ဖြေရှင်းကြဖို့ဆိုလျှင် သက်ဆိုင်ရာပညာရှင်များက ရှင်းပြလိုက်ရုံနှင့်မပြီး၊ နှစ်ပေါင်းများစွာအရိုးစွဲနေသော mind-set များကိုပြင်ဖို့ စာရေးသူတို့တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်။ ထိုသို့ အရိုးစွဲနေသော စာရေးသူတို့အပေါ်ထားရှိသည့် တရားသေသဘောထားများကို မည်သို့ပြင်ကြ မည်နည်း၊ အထက်ဖော်ပြသလို တစ်ဖက်မှလည်း ငြိမ်းအေးစွာရှင်းပြဖို့လိုသလို တစ်ဖက်မှလည်း မိမိတို့ကို ပုဂ္ဂိုလ်ရေးအရလက်ခံလာအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။
    ကောင်းမွန်သော Atmosphere ကို ဖန်တီး၍ စကားပြောကြည့်ခြင်း
    Atmosphre ဆိုသည်ကို WHIZZO အဘိဓာန်က အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
    Atmosphere (n) လေထု။ ပတ်ဝန်းကျင်။
    atmospheric (pl) လေထုနှောင့်ယှက်မှုများ။
    (adj) atmospheric လေထုနှင့် သက်ဆိုင်သော။ ပတ်ဝန်းကျင် အရှိန်အဝါနှင့်ဆိုင်သော။
    ယခုဆောင်းပါးတွင် စာရေးသူမျှဝေလိုသော Atmosphere ဆိုသည်မှာ “ပတ်ဝန်းကျင်(သို့) ပတ်ဝန်းကျင်အခြေအနေနှင့်သက်ဆိုင်သော”ဟုဆိုရပါလိမ့်မည်။ စကားဝိုင်းများတွင် Atmosphere များ ရှိပါသည်။ ဥပမာ.. စကားဝိုင်းသည်အခြေအတင်ဖြစ်နေသည်၊ စကားဝိုင်းတွင်ပါဝင်သောသူများ သည် ဒေါသသံများပါလာပြီဆိုလျှင် ထိုစကားဝိုင်း၏ Atmosphere မှာ ပြင်းထန်လာပြီဟုဆိုရပါလိမ့် မည်။ စာရေးသူတို့သည် မိမိတို့ပြောဆိုလိုသော သတင်းစကားကို အများကလက်ခံလာစေလိုလျှင် မိမိပြော ဆိုလိုသည့်အကြောင်းအရာကို နိုင်နင်းကျွမ်းကျင်မှုရှိရန်လိုအပ်လှသလို မိမိစကားတတ်တိုင်း တစ်ဖက်သက်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ အလျှော့ အတင်းပြုလုပ်ရန် လိုအပ်လှပေသည် ဟု လူမှုဆက်ဆံရေးသင်တန်းများတွင် မှတ်သားခဲ့ဖူးပါသည်။ မိမိမှ စကား အသာစီးရသော်လည်း တစ်ဖက်သားအား နင်းကန်ဖိပြောခြင်းမျိုး မပြုလုပ်ပဲ “ဟာ..အစ်ကိုအခုန ဆွေးနွေးသွားတာလေး တော်တော်ကောင်းပါတယ်၊ ကျွန်တော် အဲဒါကိုမသိသေးဘူး၊ အစ်ကို ဘယ်စာအုပ်ထဲက ဖတ်ထားတာလည်း၊ ကျွန်တော့်ကိုလည်း share ပါဦး”အစရှိသည်ဖြင့် တစ်ဖက် သားကို ထွက်ပေါက်ပေးရပါလိမ့်မည်ဟု အကြံပေးလိုပါသည်။ Sandwich (အသားညှပ်ပေါင်မုန့်) ကဲ့သို့ပင် အပေါ်တွင် ပေါင်မုန့် အလယ်တွင် မိမိစားလိုသောအစာအားကြားညှပ်ပြီး အောက်တွင် ပါမုန့်တစ်ချပ် ထပ်ထည့်သကဲ့သို့ပင် မိမိပြောလိုသည့်အကြောင်းအရာအားမပြောမီ တစ်ဖက်သားအား အပြုသဘော အမြင်ဖြင့်ချီးကျူးရန်၊ ပြီးလျှင် မိမိပြောဆိုလိုသည့်အချက်အလက်ကို ချိုသာပျူငှာစွာဖြင့် ပြောဆိုရန်၊ နောက်ဆုံးတွင် တစ်ဖက်သားအား ထွက်ပေါက်ပေး၍ မိမိစကားကို အဆုံးသတ် ရန်အစရှိသည့် Sandwich Method ဟုခေါ်သည့် စကားပြောနည်းကိုအသုံးပြုကြရန်လည်း လူမှုဆက်ဆံရေးပညာရှင်များကအကြံပြုထားကြပါသည်။ ဤသည်ကို Journalist များက ဟမ်ဘာဂါ ရေးနည်းဟုလည်း ခေါ်ကြပါသေးသည်။
    မိမိပြောဆိုလိုသည့်အချက်အလက်များကို တစ်ဖက်သားမှ ကြည်ဖြူစွာလက်ခံလာနိုင်စေရန် ပထမဦးစွာ တစ်ဖက်သား ကြိုက်နှစ်သက်သည့်စာရေးဆရာများထဲမှာ မိမိကြိုက်နှစ်သက်သော စာရေး ဆရာများရှိပါက မိမိလည်း ၎င်းနှင့်အကြိုက်ခြင်းတူကြောင်း၊ အစရှိသည်ဖြင့် မိမိနှင့် တူညီသော အချက်များကိုဆွဲထုတ်၍ ရင်းနှီးမှုတစ်ခုကို တည်ဆောက်ကြည့်ကြစေလိုသည်။ ဤနည်းအားဖြင့် မိမိနှင့် တစ်ဖက်သား ရင်းနှီးမှုရအောင်လုပ်ယူပြီးမှ မိမိပြောလိုသည့်အကြောင်းအရာကို တစ်ဖက်သားလက်ခံ လာနိုင်သော ပုံစံမျိုးဖြင့် presentation လုပ်ကြရန် လူမှုဆက်ဆံရေးပညာရှင်များက ထပ်ဆင့် အကြံပြု တိုက်တွန်းထားကြပါသည်။
    လူတစ်ယောက်၏ ဦးနှောက်အာရုံကြောမှ Brain Wave (၄)မျိုးထုတ်ပေးသည်ဟု မှတ်သား ဖူးပါသည်။ Delta, Theta, Alpha နှင့် Beta လှိုင်းတို့ဖြစ်ပါသည်။ ထိုလှိုင်း(၄)မျိုးထဲတွင် Alpha လှိုင်း သည် စိတ်ကြည်လင်တည်ငြိမ်မွေ့လျော်သည့်အချိန်တွင်ထွက်ပါသည်။ ထို Alpha လှိုင်းထွက်သည့် အချိန်တွင် လူအများသည် သတင်း အချက်အလက်များ၊ အကြောင်းအရာများကို လျင်မြန်စွာ မှတ်သားနိုင်ပါသည်။ ထို့ကြောင့် မိမိက လူတစ်ဦးတစ်ယောက်ကို message တစ်ခုပေးလိုလျှင် ထို သူ၏စိတ်ကို တည်ငြိမ်ကြည်လင်အောင် မိမိက စကား ပရိယာယ်ကြွယ်ဝစွာဖြင့်ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်အကြောင်းများ၊ စိတ်ကြည်လင်စေမည့်ကိစ္စရပ်များကို ပြော၍ ကိုယ်ပြောလိုသော message ကို သွယ်ဝိုက်ပြီး presentation လုပ်ရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ဥပမာ- စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးသည်  TV ရုပ်သံအစီအစဉ်တစ်ခုတွင် မိမိလုပ်ငန်းကို ကြော်ငြာထည့်သွင်း လိုသည်ဆိုပါက ရုပ်/သံကြော်ငြာခများသည် အချိန်အပိုင်းအခြားအလိုက် ဈေးနှုန်းကွဲပြားမှုရှိပါသည်။ လူအများလုပ်ငန်းခွင်ဝင်နေချိန် တွင် ကြော်ငြာခနှုန်းထားများကတစ်မျိုး၊ တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးပြီး မိသားစုအလိုက် အေးချမ်းစွာဖြင့် ရုပ်/သံထိုင်ကြည့်ကြသော ညစာစားပြီးအချိန်ကဲ့သို့သော အချိန်များတွင် ကြော်ငြာခက ပိုမြင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူအများစုသည် တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးချိန်ဖြစ်သဖြင့် စိတ်အေးချမ်းသာစွာဖြင့် ရုပ်/သံထိုင်ကြည့်သော အခါ ၎င်းအချိန်တွင် ခန္ဓာကိုယ်မှ  စိတ်ငြိမ်လှိုင်း(ခ)သမာဓိလှိုင်းဟုခေါ်သော Alpha Wave (ခ) အယ်လ်ဖာလှိုင်းများထွက်သည်။ ထိုအချိန်တွင် TVတွင် မိမိကုန်ပစ္စည်းကြော်ငြာ ထည့်ပါက ကြော်ငြာ ထိုင်ကြည့်သောစားသုံးသူ၏ စိတ်ထဲတွင်စွဲသွားပြီး နောက်တစ်နေ့ဈေးထဲတွင် ထိုကုန်ပစ္စည်းအား လိုက်ရှာပါတော့သည်။ ဤသို့ဖြင့် စာရေးသူတို့သည် မိမိပြောဆိုလိုသည့် သတင်းစကားကို လူတစ်ဦး တစ်ယောက်အား လက်ခံရရှိစေလိုလျှင် တည်ငြိမ်အေးချမ်းသော Atmosphere တစ်ခုကို တည်ဆောက်ပြီးမှ ပြောဆိုလျှင် ပို၍ အဆင်ပြေချောမွေ့သည်ဟု လူမှုရေးစိတ်ပညာရှင်များမှ အကြံပြု တင်ပြထားကြပါသည်။။ ဤသည်မှာ စာရေးသူလေ့လာမိသော လူမှုဆက်ဆံရေးနှင့် စိတ်ဓာတ်ရေး ရာမြှင့်တင်ရေးသင်တန်းမှ သင်ကြားပို့ချချက်များကို ပြန်လည်မျှဝေခြင်း၊ အကြံပြုခြင်းသာဖြစ်ပါသည်။
    လက်စားချေမှုတွေနဲ့ပတ်သက်လို့
    စာရေးသူ၏ ညီလေးက စာရေးသူကို အဖြစ်အပျက်တစ်ခုပြောပြ၍ မေးခွန်းတစ်ခု မေးဖူး ပါသည်။ ပြန်လည်မျှဝေတင်ပြရသော် “လူဆိုး၊ ဓါးပြတစ်ဦးရှိကြောင်း၊ လူသတ်၊ ပစ္စည်းလု၊ မိန်း ကလေး တွေကိုအနိုင်ကျင့်…စသည်ဖြင့် လူဆိုးဖြစ်ကြောင်း၊ လူငယ်လေးတစ်ယောက်မှာ သူ၏မိဘ နှစ်ပါးကိုသတ်သွားသော ထိုဓါးပြကို လက်စားချေဖို့ကြိုးစား ခဲ့ကြောင်း၊ ထိုဓါးပြမှာလည်း တောပုန်း ဓါးပြ ဖြစ်၍ တော်တော်နှင့်ရှာမတွေ့ကြောင်း၊ ရှာတွေ့သောအချိန်တွင် ထိုလူငယ်လေးမှာ သန်မာ ဖျတ်လတ်နေသော်လည်း တောပုန်းဓါးပြမှာ အသက်အရွယ်ကြီးပြီး တပည့်တပန်းများလည်းမရှိ၊ အိုမင်း မစွမ်းသောအရွယ်ဖြစ်နေကြောင်း၊ ထိုအခါ ထိုလူငယ်လေးအနေဖြင့် ထိုဓါးပြအား လက်စား ချေသင့်သလော” ဟုမေးဖူးပါသည်။ စာရေးသူက အခြေအနေ (၂)ရပ်ဖြင့် စာရေးသူ၏ညီလေးအား ပြန်လည်ရှင်းပြခဲ့ပါသည်။ ပထမဦးစွာ အပြစ်ကျူးလွန်သူတရားခံအား တရားဥပဒေအရ စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် လက်စားချေခြင်းမတူသည်ကို ရှင်းပြသည်။ တရားဥပဒေ စိုးမိုးခြင်းကို စာရေးသူအားပေးပါသည်။ သို့သော် လက်စားချေရာတွင် ထိုတောပုန်းဓါးပြကြီးသည် လူများစွာကို သတ်ခဲ့သည်။ သို့သော် သူ့ကိုပြန်သတ်လျှင် တစ်ခါသာ သတ်၍ရမည်။ လူအယောက်တစ်ရာ ကိုသတ်ခဲ့သူကို အခါတစ်ရာသတ်၍မရ၊ တစ်သက်သာ ပြန်သတ်၍ ရမည်။ အလျဉ်းသင့်၍ ဖော်ပြ ရသော်.. ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်မှ ပညာရှင်များနှင့် သိပ္ပံပညာရှင်များဆွေးနွေးခန်းတွင် ထိုင်းနိုင်ငံမှ ခန္ဓာဗေဒပညာရှင် ဒေါက်တာ တာကာဇုန်နှင့်ဆွေးနွေးခန်းကို ပြန်လည်မျှဝေလိုသည်။ ဒေါက်တာ တာကာဇုန်တို့၏ ခန္ဓာကိုယ်အရေပြားပညာအရ မီးလောင်ခံရသော အရေပြားများနေရာတွင် အရေပြားသစ်များက အလိုအလျောက်အစားထိုးသည်ဟူသည့် သိပ္ပံတွေ့ရှိချက်ကို ရာဘီတွဟ်မှ ပညာရှင်များကလည်း ကျမ်းတော်မြတ်ကုရ်အာန်မှ ကျမ်းချက်ကိုဖော်ပြ၍ ငရဲတွင် ငရဲသားများအား အပြစ်ပေးသောအခါ ထိုငရဲသားများ၏အရေပြားများလောင်ကျွမ်းသွားလျှင် ထိုလောင်ကျွမ်းသွားသော အရေပြာများအစား အခြားအသစ်ဖြစ်သော အရေပြားများကို လဲပစ်မည်ဖြစ်ကြောင်း ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထိုဆွေးနွေးခန်းထဲတွင်ပင် ဒေါက်တာ တာကာဇုန်မှ အစ္စလာမ်သို့ ကူး ပြောင်းဝင်ရောက်လာခဲ့သည်။ (အကျယ်ကို ဆရာဦးအေးလွင်နောက်ခံစကားပြော၍ ဘာသာပြန်ပေး သည့် အစ္စလာမ့်ဓမ္မဗိမာန်ထုတ် (ဤကားသစ္စာဓမ္မတည်း)ဟူသည့် ဗွီစီဒီ (၅)ချပ်တွဲနှင့် စာအုပ်တွင် ရှု ပါရန်။) မူရင်းအင်္ဂလိပ်ကတော့ This is the Truth ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်အဖွဲ့မှ ထုတ်ဝေပါသည်။ ထို့ကြောင့် ထို လူ အယောက် ၁၀၀ သတ်ခဲ့သူသည် ငရဲတွင် ထိုလူအယောက်တစ်ရာကို သတ်ခဲ့သည်နှင့်အမျှ အဖန်တလဲလဲ ပြန်လည် ခံစားရမည်ကို သတိချပ်စေလိုကြောင်းဖြင့် စာရေးသူ၏ ညီအား လက်စားချေလျှင် ဆိုသည့်ဘက်မှ စဉ်းစားပေးခဲ့ဖူးသလို အခြားတစ်ဖက်တွင်လည်း ကျမ်း တော်မြတ်ကုရ်အာန်ထဲတွင် အလ္လာဟ်က ပြစ်မှုကျူးလွန်သူအား ထိုသူကျူးလွန်ထားသည့်ပြစ်မှုနှင့် အညီ ထိုက်သင့်သောအရေးယူမှု ပြုပိုင်ခွင့်ရှိသော်လည်း အလ္လာဟ်နှင့် လှပသောချေးငှားမှု မပြုချင် ဘူးလားဟု မေးမြန်းဆုံးမတော်မူထားသော ကျမ်းတော်မြတ်ကုရ်အာန်၏ ကျမ်းချက်များကိုထောက်ရှု ၍ လက်စားချေလိုလျှင် ဖြစ်နိုင်ချေ(၂)မျိုးအရ စဉ်းစားနိုင်ကြောင်း၊ လက်စားချေလို၍ချေလိုက်လျှင် လည်း အယောက် တစ်ရာသတ်ခဲ့သူအား အခါတစ်ရာ ပြန်သတ်၍မရကြောင်း၊ ခွင့်လွှတ်လိုက်လျှင် တော့ ထိုခွင့်လွှတ်လိုက်သူ၏ နစ်နာမှုအတွက် အစားပေးရန်မှာ အလ္လာဟ့်တာဝန်ဖြစ်သွားကြောင်း အစရှိသည်ဖြင့် ရှင်းပြခဲ့သည်။ ဤနေရာတွင် စာရေးသူက ရွှေပြည်အေးတရားဟောနေခြင်းမဟုတ်ပါ။ သို့သော် အခြေအနေနှင့် အချိန်အခါကိုထောက်ရှု၍ မိမိလုပ်လိုက်သောအလုပ်တစ်ခု၏ နောက်ဆက်တွဲအကျိုးဆက်များကို မိမိသာမက အခြားသူများပါ ခံစားရမည်ကိုအရှည်တွက် သင့်ကြောင်း တင်ပြခြင်းသာဖြစ်ပါသည်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူမဟုတ်သူကို အပြစ်ပေးခြင်း သည်လည်း တရားနည်းလမ်းမကျပါ။ ရန်သူများနှင့် ငြိမ်းချမ်းရေးအတွက်ဆိုလျှင် “အလ္လာဟ့် တမန်တော်”ဟူသည့် ဂုဏ်ပုဒ်ကိုပင် ဖျက်ပစ်ရန်ဝန်မလေးခဲ့သော တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာတွင် ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ဆောင်ရွက်ချက်များကို ပြန်လည် အမှတ်ရကြစေလိုပါသည်။
    တာဝန်ကိုယ်စီ ရှိကြသည်
    စာရေးသူတို့အနေဖြင့် မတူညီကွဲပြားမှုများကြားတွင် ငြိမ်းချမ်းရေးရဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အစရှိသော ကောင်းမြတ်သည့်ရည်ရွယ်ချက်များကို အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် လက်တွေ့အကောင်အထည်ဖော်ရန်လိုပါကြောင်း အကြံပြုချင်ပါသည်။ နှစ်ပေါင်းများစွာ အရိုးစွဲနေသော “အသိ”များကို အမှန်တကယ်ပင် change လုပ်ပေးဖို့သည် စာရေးသူတို့တစ်ဦးတစ်ယောက်ချင်းတွင် ကိုယ်စီတာဝန်ရှိကြပါသည်။ ထိုသို့ပြုပြင်ကြဖို့ဆိုလျှင် စာရေးသူတို့ အစ္စလာမ်ဘာသာဝင် တစ်ဦးချင်းစီအတွက် အသေးငယ်အပေါ့ပါးဆုံး တာဝန်မှာ “လမ်းပေါ်မှာရှိတဲ့ဆူးတစ်ချောင်းကို အခြားလမ်းသွားသူများ နင်းမိမည်စိုးသဖြင့် ဖယ်ရှားပေးခြင်း”ဟု မှတ်သားသင်ကြားဖူးပါသည်။ ထိုအတိုင်းပင် စာရေးသူတို့သည် ငြိမ်းချမ်းရေးအတွက် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံး၍ ငြိမ်းချမ်းရေးအတွက် အနစ်နာခံဆောင်ရွက်တော် မူခဲ့သော တမန်တော်ချုပ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)ကိုယ်တော်၏ စံနမူနာများအတိုင်း လိုက်နာကျင့်သုံးဆောက်တည်ခြင်းဖြင့် ဝေနေယျ ခပ်သိမ်းပေါ် မေတ္တာတရားကြီးမားစွာထားရှိသော၊ သဘောထားကြီးသော၊ ကိုယ်ကျိုးစွန့်အနစ်ခံသော၊ ကိုယ်ကျင့် သီလ သမာဓိနှင့်ပြည့်စုံပြီး လူအများ၏ ကြည်ဖြူမှုကို လက်ခံ ရယူနိုင်ကြသောသူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ အတူယှဉ်တွဲ လျှောက်လှမ်းနိုင်ကြပါစေ ဟု အကြံပြုဆုတောင်းရင်း…။
    မှီငြမ်း
    ၁။    ကျမ်းတော်မြတ်ကုရ်အာန်၊ မြန်မာဘာသာပြန်။
    ၂။    “ဤကားသစ္စာဓမ္မတည်း”။ အစ္စလာမ့်ဓမ္မဗိမာန်။ ဆရာဦးအေးလွင်ဘာသာပြန်။
    ၃။    ဒေါက်တာမြင့်သိန်း၏ “Al-Azhar Business & Education Centre ၊ ရန်ကုန်”မှ သင်ကြား ပို့ချ ချက်များ
    ၄။    “မသိစိတ်စွမ်းအင်အကြောင်းနှင့် NAC စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲခြင်းစိတ်ပညာ”၊  ဂျော်နီကျော်မိုး
    ၅။    ဆရာဦးသန်းမြင့်(စီးပွားရေး)၏ ”ရောင်းဝယ်ရေး၊ အောင်မြင်ရေးနှင့် လူမှုဆက်ဆံရေး”သင်တန်းမှ ပို့ချချက်များ
    ၆။    “နိုင်ငံတော်ကြီး အေးချမ်းဖို့ Diplomacy လုပ်ကြစို့” ။ Dr. Aung Maw
  • ပုံတစ်ပုံက ဖော်ပြတဲ့ သမိုင်း ” The Vulture and The Starving Child ” (M-Media Blog)
    ဇွန်-၅၊၂၀၁၃
    M-Media
    အောင်ဝင်းထွဋ်
    စိတ်ပျက်ဖွယ်ရာ ပုံတစ်ပုံပါပဲ … ။  ဒီပုံကို တစ်ခါမြင်ဖူးတာနဲ့ အမြဲတန်း မှတ်မိနေစေမယ့် ပုံတစ်ပုံပါ…။ ကျတော် ငယ်ငယ်တုန်းက တစ်ခါ တွေ့ခဲ့ဖူးပြီး အခုထိမှတ်မိနေသေးတဲ့ ပုံတစ်ပုံပါ… ။
    ဒီပုံက နာမည်ကြီး ပုံတစ်ပုံဖြစ်ပြီး တော်တော့်ကို ဝေဖန်ခံခဲ့ရတဲ့ ပုံဖြစ်ပါတယ်… ။ ဒီပုံကို တောင်အာဖရိက ဓာတ်ပုံဆရာ Kevin Carter က 1993 ခုနှစ် ဆူဒန်နိုင်ငံ အငတ်ဘေးတုန်းက ရိုက်ခဲ့တာပါ… ။
    starving child
    1993 ခုနှစ် မတ်လ …. ဆူဒန်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပါတယ်… ။ ဓာတ်ပုံဆရာ Kevin Carter က ငတ်မွတ်နေတဲ့ ကလေးတစ်ယောက် ( မိန်းကလေးပါ ) ကုလသမဂ္ဂ ရဲ့ အစားအစာပေးဝေရေးစခန်းကို တရွတ်တိုက် သွားနေတာကို ရိုက်ထားတာပါ…။ ဒီပုံကိုရဖို့ မိနစ် ၂၀ လောက်စောင့်လိုက်ရပါတယ်… ။  အကြောင်းက … ပုံထဲက လင်းတငှက် တောင်ပံဖြန့်တဲ့ အချိန်ကိုက် ရိုက်ချင်လို့ စောင့်နေတာပါ …။ ဒါပေမယ့် မရခဲ့တော့ ဒီအတိုင်း ရိုက်ခဲ့ရပြီး ငှက်ကိုတော့ ခြောက်လှန့် မောင်းထုတ်ခဲ့ပါတယ်…. ။ ကလေးကိုတော့ ဘာမှ မလုပ်ပေးခဲ့ပဲ ဒီအတိုင်း ထားခဲ့လိုက်ပါတယ်… ။  ကလေးရဲ့ မိဘတွေက UN က ဝေပေးနေတဲ့ စားနပ်ရိက္ခာတွေကို သွားယူနေကြတာ ဖြစ်နိုင်ပါတယ် …. ။ ( Kevin Carter တို့ စီးလာတဲ့ လေယာဉ်က ဝေပေးနေတာ ဖြစ်ပါတယ် ) ။ သူဒီပုံ ရိုက်ပြီး ကလေးကို ဘာမှလုပ်မပေးခဲ့လို့ တော်တော် စိတ်ဆင်းရဲခဲ့ရပါတယ်..  ။ နောက်တစ်ပါတ် ဒီနေရာ ပြန်ရောက်တော့ ဒီကလေးကို ပြန် မတွေ့တော့ပါဘူး … ။
    ဒီပုံကို New York Times သတင်းစာ ကိုရောင်းလိုက်ပြီးတော့ 1993 မတ်လ 26 ရက်နေ့မှာ ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်…။  ညတွင်းချင်းမှာပဲ ရာပေါင်းများစွာသော လူတွေက သတင်းစာတိုက်ကို ဖုန်းဆက်ပြီး  ဒီကလေး ဘာဖြစ်သွားခဲ့လဲ ?  အသက်ရှင်ကျန်ရစ်ခဲ့လား ? ဆိုပြီး မေးခဲ့ကြပါတယ်…. ။
    တစ်ကယ်တန်း ဘာဖြစ်သွားလဲဆိုတာ ဓာတ်ပုံဆရာ Kevin Carter ကိုယ်တိုင်တောင်မှ မသိခဲ့ပါဘူး…။  ဒီပုံကို တစ်ခြား Magazine ၊ သတင်းစာတွေမှာ ဆင့်ပွားဖော်ပြခံခဲ့ရပြီး တော်တော်လေး ဝေဖန်ခံခဲ့ရပါတယ် …။  The St.Petersburg Times သတင်းစာ က  ” ဒီလူက ကလေးရဲ့ ခံစားနေရမှုတွေကို လှစ်လျှုရှုပြီး သူ့ပုံကောင်းဖို့အတွက်ပဲ လုပ်နေခဲ့တာပါ … ။ ဒီပုံထဲမှာ မမြင်ရတဲ့ နောက်ထပ် အသားစားငှက်တစ်ကောင်က ဓာတ်ပုံဆရာပါပဲ…. ” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်…။
    ဓာတ်ပုံဆရာ Kevin Carter နဲ့ အတူတူပါလာတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေက ဒီလိုပြန်ပြောကြပါတယ်…. ။  သူတို့က ကုလသမဂ္ဂ ရဲ့ စားနပ်ရိက္ခာဖြန့်ဝေရေး အစီအစဉ် အရ ဆူဒန်နိုင်ငံတောင်ပိုင်းက Ayod ဆိုတဲ့နေရာကို 1993 ခု မတ်လက ရောက်ခဲ့ကြပါတယ်…။ သူတို့စီးလာတဲ့ လေယာဉ်က မိနစ် 30 အတွင်း ပြန်ထွက်မယ်လို့ UN တာဝန်ရှိသူတွေက သူတို့ကို အကြောင်းကြားခဲ့ပါတယ်… ။ ဒါနဲ့ သူတို့ ဓာတ်ပုံ အမြန်ထွက်ရိုက်ကြပါတယ် … ။  သူတို့စီးလာတဲ့ လေယာဉ်က အစားအစာတွေကို စတင်ဖြန့်ဝေပေးတဲ့အခါ ရွာထဲက အမျိုးသမီးတွေတွေ သူတို့ တဲထဲက ထွက်လာကြပြီး အစားအစာတွေကို သွားယူကြပါတယ်… ။  ကလေးတွေကိုလည်း ပစ်ထားခဲ့ကြပါတယ်… ။   Kevin Carter က ဒီမြင်ကွင်းကိုကြည့်ပြီး တော်တော် စိတ်ပျက်အံ့သြနေတာပါ… ။  ဒီအငတ်ဘေးကို သတင်းလိုက်ယူတာလည်း သူ့ရဲ့ ပထမဆုံး အကြိမ်ပါ… ။
    အဲဒီမှာ  Kevin Carter က ပုံထဲက ကလေးမ ကို တွေ့သွားတာပါ….။ ကလေးရဲ့ အနားမှာလည်း လင်းတငှက်တစ်ကောင် ရှိနေခဲ့ပါတယ်… ။ သူ့ရဲ့ ပုံထဲမှာ ကလေးရော လင်းတငှက်ပါ ပါလာစေဖို့အတွက် သတိကြီးစွာထားပြီး သွားခဲ့ပါတယ်… ( ငှက်က လန့်ပြီး ပျံသွားမှာ စိုးလို့ပါ ) …။    ကလေးနဲ့ 10 မီတာ အကွာကနေ ပုံကို ရိုက်ခဲ့တာပါ… ။  ပုံအနည်းငယ်ရိုက်ပြီးတော့ သူက လင်းတငှက်ကို မောင်းထုတ်လိုက်ပါတယ် …… ” လို့ ပြန်ပြောခဲ့ပါတယ်… ။
    Kevin Carter ရဲ့ သူငယ်ချင်း နောက်တစ်ယောက်ကလည်း ဒီလိုပြန်ပြောပါတယ်…  ” သူက ဒီပုံကို ရိုက်ပြီးနောက် သစ်ပင်တစ်ပင်အောက်မှာ ထိုင်ပြီး ဆေးလိပ်တွေ ထိုင်ဖွာနေခဲ့ပါတယ်…။ သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံပါ…. ”
    1994 ခုနှစ် မေလ မှာ ဒီပုံနဲ့  ” ပူလစ်ဇာ ” ဆုရခဲ့ပါတယ်….။ ဒါပေမယ့် သူမပျော်ရွှင်ခဲ့ပါဘူး…။ ” ကျတော် ဒီကလေးကို ဘာမှလုပ်မပေးခဲ့တဲ့အတွက် အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်…။ ကျတော်မြင်ခဲ့ရတာတွေ ၊ ဒီကလေးလေး ဘာတွေဆက်ဖြစ်ခဲ့လည်းဆိုတာတွေက ကျတော့်ကို အမြဲတန်း ခြောက်လှန့်နေခဲ့ပါတယ်…. ” လို့ သူ့ သူငယ်ချင်းတွေကို ရင်ဖွင့်ခဲ့ပါတယ်…။
    ဆုရပြီး ၃လအကြာ 1994 ခုနှစ် ဂျုလိုင်လ 27 ရက်နေ့မှာ ဓာတ်ပုံဆရာ Kevin Carter က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်…။ အဲဒီ့အချိန်မှာ သူက အသက် ၃၃ နှစ်ပဲရှိသေးတာပါ..။
    ( ဝေဖန်မှုတွေရဲ့ နောက်ကွယ်မှာ လူတော်တော်များများ မသိတဲ့အကြောင်း တစ်ခုရှိပါတယ်…။  ကူးစက်ရောဂါတွေ မပြန့်ပွားအောင် ဆူဒန်နိုင်ငံက အငတ်ဘေး ဒုက္ခသည်တွေကို မထိမကိုင်ရဘူးလို့ တာဝန်ရှိသူတွေက  ဂျာနယ်လစ်တွေကို မှာထားတာဖြစ်ပါတယ်…။ )
    ကြိုးစားပါဦးမည်….
    အောင်ဝင်းထွဋ်
    ” The Photo solely belong to respective Photographer Kevin Carter ”
    Carter