News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနားမှ ပြန့်လွင့်လာသည့် အသံများ

    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနားမှ ပြန့်လွင့်လာသည့် အသံများ

    ဇန်န၀ါရီလ ၂၅၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်နှင်းမှုံ

    ဦးမြင့်ဝေ (အမျိုးသားညီညွတ်ရေးပါတီ -လျှောက်ထားဆဲမှ  ခေါင်းဆောင် တစ်ဦး)

    2-2

    ယခုလ ၂၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် ၁၁၅ နှစ်မြောက် အခမ်းအနား နှင့် ပတ်သက်၍ M-Media မှ ရန်ကုန်မြို့မှ တက်ရောက်လာသူ အမျိုးသားညီညွတ်ရေးပါတီ -လျှောက်ထားဆဲမှ  ခေါင်းဆောင် တစ်ဦးဖြစ်သော ဦးမြင့်ဝေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    “အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီးဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနားကြီးကို အခုလိုခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပနိုင်အောင် စီစဉ်တဲ့ပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင်က အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ခေတ်မှာ တိုင်းပြည်အတွက် ဆောင်ရွက်တဲ့နေရာမှာ လူမျိုးဘာသာ မခွဲခြားဘဲ တိုင်းပြည်အတွက် အနစ်နာခံဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို လူမှန်နေရာမှန် တာဝန်ပေးခဲ့ပါတယ်။ ဆရာတော် ဦးကုသလကို ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားပါသလဲလို့ လျှောက်ထားတဲ့အခါမှာ ဆရာတော်မှ  “မန္တလေးမှာ ဖဆပလ အဖွဲ့ ဖွဲ့ဖို့လိုက်ပြောတဲ့အခါမှာ ဘယ်သူမှ လက်မခံကြဘူး။ ဆရာကြီးဦးရာဇာတ်ကိုပြောတော့ အမျိုးသားရေးဖြစ်တဲ့အတွက် တာဝန်ယူမယ်လို့ ဆရာကြီးကပြောပြီး တာဝန်ယူခဲ့တယ်။ ဒါကြောင့် အနစ်နာခံဆောင်ရွက်ခဲ့တဲ့ ဆရာကြီးဦးရာဇာတ်ကိုပဲ ဥက္ကဌ တာဝန်ပေးသင့်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇာတ်ကို ဥက္ကဌ၊ လူထုဦးလှ ကိုအတွင်းရေးမှူးတာဝန်ပေးပြီး ဖဆပလ ခရိုင်အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပါတယ်။ မန္တလေးကျောင်းထိုင် ဆရာတော်ကြီးများကလည်း ဆရာကြီးဦးရာဇာတ်ကို ၀န်ကြီးတာဝန်ပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းဆီ စာရေးပြီးတိုက်တွန်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီစာကို ဖဆပလ အဖွဲ့ချုပ်မှာ တင်ပြပြီး အများသဘောတူ ဆရာကြီးဦးရာဇာတ်ကို ၀န်ကြီးတာဝန်ပေးခဲ့ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    “ဘုရင်ခေတ်က ပသီလူမျိုး ဗြိတိသျှနယ်ချဲ့လက်အောက် ကျရောက်ပြီးတဲ့နောက်မှာ ဗမာမွတ်စလင်လို့ အသိအမှတ်ပြုခံရတဲ့ ဆရာကြီးဦးရာဇာတ်အပါအ၀င် ကျွန်တော်တို့ ဗမာမွတ်စလင် ပသီလူမျိုး အဆက်အနွယ်တွေဟာ ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းတဲ့ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ ရန်ကုန်အစိုးရလို့ အခေါ်ခံရတဲ့ခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ၈၈ အရေးအခင်းတွေမှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်၊ သွေး၊ ချွေး ပေးအပ်ခဲ့ပါတယ်”

    “ဗြိတိသျှ နယ်ချဲ့ကို လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ ဆရာစံရဲ့ ဂဠုန်တပ်သားကြီး ဦးဒူးဒူးဟာ တိုင်းရင်းသား မွတ်စလင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ နယ်ချဲ့လက်ပါးစေရဲ့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရတဲ့ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ ဟာလည်း တိုင်းရင်းသား မွတ်စလင်ဖြစ်ပါတယ်။ ၀န်ကြီးဦးနုရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပင်လုံစာချုပ်ရဲ့ ဗိသုကာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် တာဝန်ပေးခံရတဲ့ ဦးဖေခင်ဟာလည်း တိုင်းရင်းသား မွတ်စလင်ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုရဲ့ အစိုးရအဖွဲ့မှာပါတဲ့ ၀န်ကြီးဦးရာရှစ်၊ ဦးခင်မောင်လတ် တို့ဟာလည်း  မွတ်စလင်ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်ကရပ်တည်ထောက်ခံပြီး ထောင်ထဲမှာကျဆုံးသွားတဲ့ မောင်သော်က (ခ) ဗိုလ်မှူးဘသော် ဟာလည်းတိုင်းရင်းသား မွတ်စလင်တွေပါ။ တိုင်းရင်းသား မွတ်စလင်တွေဟာ ခေတ်တိုင်း ခေတ်တိုင်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်၊ သွေး၊ ချွေး ပေးအပ်ခဲ့တဲ့အတွက် နိုင်ငံတော်က ချီးမြှင့်လိုက်တဲ့ ဆုလာဒ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က စတင်ပြီး လုပ်မြေ၊ နေမြေ နဲ့ အတည်တကျနေထိုင်လာခဲ့တဲ့ တိုင်းရင်းသား မွတ်စလင် လူ့အစုအဝေးကြီးကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲက ဖြုတ်ထားတဲ့ ဆုလာဒ်ကြီးပဲ ဖြစ်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    143
    “၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်တာနဲ့ ပတ်သပ်ပြီး ဆက်စပ်ပြောရမယ်ဆိုရင် ၁၉၇၂ခုနှစ်က ပြည်ထဲရေးနဲ့ ဘာသာရေးဝန်ကြီးဌာနက ပြုစုခဲ့တဲ့လူမျိုး ၁၄၄ မျိုး စာရင်းထဲမှာ အမှတ်စဉ် ၁၃၉မှာ မြန်မာ-မွတ်စလင် ပါဝင်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ သန်ခေါင်စာရင်းကောက်ခံတော့ လူမျိုး၉ မျိုးကိုဖြုတ်ပြီး ၁၃၅မျိုးသာ သတ်မှတ်ခဲ့ပါတယ်။ ဖြုတ်တဲ့ (၉)မျိုးထဲမှာ မြန်မာ-မွတ်စလင်ဆိုတာ ပါဝင်သွားခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံတည်ဆောက်နေတဲ့ အချိန်မှာ အမှန်ရှိတဲ့ လူမျိုးစုတွေကို လူမျိုးစုစာရင်း မှာ ပြန်လည် ထည့်သွင်းပေးဖို့လိုအပ်ပါတယ်”

    “ဆရာကြီးဦးရာဇတ်က စည်းကမ်းရှိတာ ကြိုးစားတာ အမျိုးချစ်တာ ကြိုက်နှစ်သက်ပါတယ်။ လူငယ်တွေစည်းကမ်းရှိအောင် ပညာကြိုးစားအောင် အမြဲတိုက်တွန်းအားပေးခဲ့ပါတယ်။ မျိုးဆက်သစ် ကျောင်းသားလူငယ် အနေနဲ့လည်း ဆရာကြီးဦးရာဇတ် ရဲ့ ဆန္ဒအတိုင်း ဖြစ်အောင်ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

  • မွှေးပျံ သင်းကြိုင် ရနံ့စုံ လှိုင်တဲ့နေ့

    ဇန်နဝါရီ ၂၅ ၊ ၂၀၁၃
    စိန်စံထိုက် (ဟံသာမြေ)
    M-Media

    ၂၀. ၁. ၂၀၁၃ တနင်္ဂနွေနေ့ နေ့လည် (၃) နာရီခန့်တွင် strand hotel ခန်းမကြီးအတွင်းမှာ ရနံ့စုံသင်းပျံတဲ့ ပန်းဥယျာဉ်ကြီးတစ်ခု ကောင်းကင်က ခုန်ဆင်းလာသလား မှတ်ရအောင် မွှေးပျံသင်းကြိုင် ရနံ့စုံလှိုင် ခဲ့ပါတယ်…။

    အကြောင်းကတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ်၏ (၁၁၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပွဲကြီးကို လူမျိုးစုံ၊ ဘာသာစုံတို့မှ ရဟန်းသံဃာ ၊ လူငယ်၊ လူကြီး အလွှာစုံမှ စုဝေးရောက်ရှိကာ နိုင်ငံကျော် အနုပညာရှင်များမှမြန်မာ့ ဇာတိသွေး ဇာတိမာန် တက်ကြွ စေမည့် အမျိုးသားရေး တေးသီချင်းများ သီဆိုခြင်းမှာ တက်ရောက်လာကြသူ ပရိသတ် အားလုံး ကြက်သီးမွှေးညှင်းများ ထလောက်အောင် မျိုးချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ရသောကြောင့်ပင် ဖြစ်လေသည်။

    13

    တေးသီချင်းများကို နားသောတဆင်ရင်း  နိုင်ငံတော်၏ ဆောင်ပုဒ်တစ်ခုဖြစ်သော “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ဟူသောဆောင်ပုဒ်ကို အကောင်အထည် ဖော်နေသည့်အလား နှလုံးသားထဲ စွဲမှတ် ခံစားမိလျက်သား ဖြစ်ခဲ့ရပါသည်။

    အခမ်းအနားမှာကြွရောက်လာကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဆရာတော်များ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ် ဓမ္မကထိကများနှင့် အစ္စလာမ် ဘာသာဝင်များ တဖွဲဖွဲ ကြွရောက်လာကြသည့်မြင်ကွင်းမှာ အားရကျေနပ်ဘွယ် ပီတိဖြစ်ဘွယ်ရာပင် ဖြစ်တော့သည်။

    အခမ်းအနားတွင်  တက်ရောက် ဟောပြောကြသော သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်တိက္ခသာရ နှင့် ရှု့ထောင့်စုံမှ ပညာရှင် အသီးသီး၏ ဟောပြောချက်များတွင် တူညီသော အချက်မှာ ဆရာကြီး ဦးရာဇတ်အား ချီးမွမ်း ထောပနာ ပြုခြင်းပင် ဖြစ်ပေသည်။

    10

    16

    ဤသည်ကိုပင် ကျွန်တော့်အသိစိတ်တွင် လက်ကနဲ အသိတစ်ချက် ၀င်လာပြီး စဉ်းစား တွေးတောစရာများ ပေါ်လာခဲ့ရပေသည်။အကြောင်းမှာ ဆရာကြီး ဦးရာဇတ်သည် အစ္စလာမ် ဘာသာဝင် ဖြစ်ပါလျှက် နိုင်ငံအကျိုး၊ လူမျိုးအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကိုပင် ပေးဆပ်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပြီး ဆရာကြီး၏ နောက်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များ အနက် ဗိုလ်မှုးကြီးဘရှင်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဗိုလ်မှုးကြီးတင်စိုး၊ သံအမတ်ကြီး ဦးဖေခင်၊ ၀မ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး ဃာဇီမုဟမ္မဒ်ဟာရှင်(မ်)၊ ဆရာကြီးချယ် စသော နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ သာသနာ အကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ပါသော်လည်း ယခုနောက်ပိုင်း ကာလများတွင် ထိုထိုသော မျိုးချစ်အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ပေါက်မှု မရှိတော့ဘဲ ယခင်က သမိုင်းဝင် ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် အခမ်းအနားများပြုလုပ်ခြင်းဖြင့် လွမ်းဆွေး တမ်းတ သတိတရဖြင့် ရင်သပ်ရှုမော အလွမ်းတောထဲ ယောင်လည်လည် ဖြစ်နေခဲ့ကြ ရပေသည်။     ။        ။        ။

    ဒါသည်ပင် ကျွန်တော့် အတွက် များစွာ စဉ်းစား တွေးတောဘွယ်ရာ ဖြစ်ရပေတော့သည်။

    တကယ်ဆိုပါလျင် ဦးရာဇတ်ကိုယ်ပွါးများ တစ်စ တစ်စ တိုးပွါးလာသင့်ပါလျှက် ဤသို့ မဖြစ်ပေါ်ခြင်းမှာ . . .

    အစ္စလာမ်ဘာသာဝင်များသည် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် မရှိတော့၍လား?

    သို့တည်းမဟုတ်ပါက . . . ထိုသို့ မပေါ်ပေါက်အောင် စနစ်တကျ ဟန့်တားမှုများ ရှိနေသည်လား ဆိုသည်ကို အများစုမှ လေ့လာ သုံးသပ် အဖြေရှာရန် လိုအပ်ပေသည်။

    တကယ်ဆိုလျှင် အစ္စလာမ် ဘာသာ၏ အဆုံးအမတွင် “မိမိနေထိုင်သော တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းသည် အီမာန်တည်းဟူသော ဘာသာရေး ယုံကြည်ချက်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်” ဟု လမ်းညွှန်ထားသည်ဖြစ်၍  အစ္စလာမ် ဘာသာဝင်မှန်လျှင် တိုင်းပြည် အကျိုးဆောင်ရွက်ရန် သာသနာ့တာဝန် တစ်ရပ်ဟု မှတ်ယူကြရမည် ဖြစ်ပေသည်။   ။          ။       ။

    ထိုအခမ်းအနားတွင် ဟောပြောသည့် ပုဂ္ဂိုလ်များ အားလုံး အထူးပင်ကောင်းမွန်လှပေသည်။ ထိုအကောင်းဆုံးများထဲမှ ကျွန်ုပ် အနှစ်သက်ဆုံးကိုဖေါ်ပြရမည်ဆိုပါက (အရှင်တိက္ခသာရကထိက သာသနာ့ဒဇဓမ္မာစရိယ(B.A,M.A) (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) မှ ဟောကြားသော ဗုဒ္ဓ၏ အဆုံးအမ တရားထူးဖြစ်သော

    “ဂရုဏာနဲ့ ပညာ ၂ပါး ရှိမှ လူသား အားလုံး ငြိမ်းချမ်းမှု ရမယ် ”

    “လူအချင်းချင်း လူလို မြင်တတ်တဲ့ ဂရုဏာစိတ် ရှိကြရမယ် ”ဟူသော ဟောပြောချက်သည်လည်းကောင်း၊

    သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်ညွှန့် ဟောပြောတဲ့ “ကိုးကွယ်ချင်တဲ့ဘာသာ ကိုးကွယ်ပါစေ – ဘယ်မှာမွေးသလဲ၊ ဘယ်မှာ နေသလဲ ဆိုတာပဲ အရေးကြီးတယ်”ဟူသော ဟောပြောချက် တို့မှာ တကယ့်ကို အနှစ်သာရရှိတဲ့ တန်းဖိုးထား မမေ့အပ်တဲ့ တရားတွေပါလားလို့ ယုံကြည်မှု ဖြစ်ရပါတယ်။

    ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံဖွါး မျိုးဆက်သစ် အစ္စလာမ်မောင်မယ်များဟာ ဒီလိုအခမ်းအနားတွေမှာ ပါဝင်ကြားနာပြီး ဆရာကြီးဦးရာဇတ်လို တိုင်းပြည်နဲ့လူမျိုးအတွက် ဘ၀တွေ ပေးဆပ်ရင်း အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဂုဏ်ကိုမြှင့်တင်ကြရင်း၊ အတားအဆီးများရှိမယ် ဆိုရင်တောင် ထိုအတားအဆီးများကိုဖြတ်ကျော်ရင်း မိမိတတ်စွမ်းသမျှ ခွန်အားဖြင့် တိုင်းပြည်အကျိုး သယ်ပိုးကြပါစို့လို့ ဆန္ဒပြုရင်း . . .

    ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၅ ကြိမ်မြောက် အခမ်းအနားကြီးကို ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

     

    စိန်စံထိုက် (ဟံသာမြေ)

  • ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်

    ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်

    ဇန်နဝါရီ ၂၄၊ ၂၀၁၃
    M-Media
    သောင်းထိုက်

    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ  သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) သည် ယနေ့ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားကြောင်း တွေ့ရှိရပါသည်။

    ကိုယ်ရေးအကျဉ်းချူပ်

    အဖ ဦးတင်မောင်၊ အမိဒေါ်စိန်တို့မှ ၁၉၄၈-ခုနှစ် မတ်လ(၅)ရက်နေ့တွင် အမှတ်-၁၀၈၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက် ဖျာပုံမြို့၌မွေးဖွားသည်။ ဖျာပုံမြို့ အ.ထ.က(၃)တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၆၆-ခုနှစ်တွင် ရန်ကုန်သတင်းစာ၊ မြန်မာ့သတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ ကြေးမုံသတင်းစာ၊ ဂါဒီယန်သတင်းစာများနှင့် သတင်းဂျာနယ်တို့၌ သတင်းနှင့် သတင်းဆောင်းပါးများ စတင်ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေး အမှတ်မှာ (၁၄/ဖပန(နိုင်) ၀၆၁၉၈၈)ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အမှတ်-၀၁၇၆ ဖြစ်သည်။

    ၂၀၀၃-ခုနှစ်အတွက် စာပေဗိမာန် စာမူပြိုင်ပွဲတွင် “အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ပထမဆု၊ ၂၀၀၄-ခုနှစ် “စာပေရေးသားခြင်း ဆိုင်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ဒုတိယဆု၊ ၂၀၀၅-ခုနှစ်အတွက် “ထင်ပေါ်ကျော်ကြားမြန်မာ သတင်းစာ ဆရာကြီးများ” စာမူဖြင့် စာပဒေသာ ဒုတိယဆုရရှိခဲ့သည်။မြန်မာ့အလင်း သတင်းစာတွင် သတင်းထောက်အမှတ်-၃၇၉ ဖြင့်လည်းကောင်း၊ကြေးမုံသတင်းစာတွင် သတင်းထောက် အမှတ်-၁၆၈ ဖြင့် လည်းကောင်း သတင်းများ ရေးသားလျက်ရှိပြီး ဂျာနယ်အချို့တွင် သတင်းများ ရေးသားခဲ့သည်။

    အမည်ရင်းမှာ ဦးသောင်းညွန့်ဖြစ်ပြီး ကလောင်အမည်မှာ သတင်းထောက်သောင်းညွန့်(ဖျာပုံ)ဖြစ်ပါသည်။ နေရပ်လိပ်စာမှာအမှတ်(၁၀၈)၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက်၊ ဖျာပုံမြို့နယ် ဖြစ်ပါသည်။

    သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ)သည်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်တွင် -ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

    ကိုးကား ။ ။

    • သတင်းထောက်သောင်းညွန့်(ဖျာပုံ)၏ အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ (ဒုတိယအကြိမ်)
    •  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာ
  • မြွေဆိပ်ဖြေဆေးဝယ်ရန် ဂရုဏာရှင်အသင်းသို့ ဦးရာဇတ်(၁၁၅)နှစ်မြောက် ကျင်းပရေးကော်မတီမှ ငွေ ၂၃ သိန်းလှူဒါန်း

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၃
    M-Media

    ဓါတ်ပုံ (Pathi Zaw Min Tun)
    ဓါတ်ပုံ (Pathi Zaw Min Tun)

    အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ကရုဏာရှင်အသင်း (ညောင်ဦးမြို့) သို့ အများပြည်သူတို့ အတွက် မြွေဆိပ်ဖြေဆေး အလုံး (၁၄၀) ၀ယ်ယူ လှူဒါန်းနိုင်စေရန် ငွေကျပ် ၂၃၁၀၀၀၀ (နှစ်ဆယ့် သုံးသိန်း တစ်သောင်းကျပ်) ကိုအထိမ်းအမှတ် အခမ်းအနား ကျင်းပနေစဉ်မှာပင် ပေးအပ် လှူဒါန်းခဲ့ကြာင်း သိရပါတယ်။

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်တာဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဘာသာပေါင်းစုံမှ ဆရာတော်များ ခေါင်းဆောင်များ၊ နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များ၊ သံတမန်များ၊ ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။

    ဂရုဏာရှင်အသင်း(ညောင်ဦးမြို့) ၏ FaceBook စာမျက်နှာ

  • အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

    ဇန်န၀ါရီလ ၂၁၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    U rakak
    ဓါတ်ပုံ-Pathi Zaw Min Tun

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက် တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။

    အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

    ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။

    27

    သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။  ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။ သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။

    ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊  ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။

    ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ  သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

     

    ဓါတ်ပုံများကြည့်ရန်။