News @ M-Media
Category: Media To Monitor
  • မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    သီဟ
    ဘရာဇီးတွင် ဖြစ်ပွားခဲ့သည့် မုဒိန်းမှု သတင်းအား မလေးရှားတွင် မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    969
    ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကိုတာဘာရူး နယ်မြေတွင် မြန်မာ မိန်းကလေး တစ်ယောက်အား ဘင်္ဂလီများမှ မုဒိန်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းတပုဒ် ဓါတ်ပုံများဖြင့် ဆိုရှယ်မီဒီယာ ထပ်တွင် ပြန့်နှံ့လျက်ရှိပါတယ်။
    အဆိုပါသတင်းမှာ လုပ်ကြံထားသော သတင်းသာဖြစ်ပြီး အဖြစ်မှန်မှာ ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရှိ Pará ပြည်နယ် Parauapebas တွင် အသက် ၁၃ နှစ် အရွယ် Barbara Pereira Lira ဆိုသည့် မိန်းကလေးငယ် မုဒိန်းကျင့်ခံရပြိး ရက်စက်စွာ သတ်ခံရသည့် သတင်းဖြစ်ကြောင်းကို ဘရာဇီး အင်တာနက် သတင်းဌာနများရဲ့ ဖော်ပြချက် အရ သိရပါတယ်။
    1513648_1514680782152275_2792950177902476367_n
    အဆိုပါ သတင်းကို လုပ်ကြံပြီး ဆိုရှယ် မီဒီယာများတွင် လူမျိုးရေး ဘာသာရေး မုန်းတီးမှုများဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိပါတယ်။
    Nay Myo Wai
    ဦးနေမျိုးဝေ၊ ၉၆၉ မီဒီယာ နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အမည်ဖြင့် သတင်းများ ထုတ်ပြန်သည့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင်  နိုင်ငံတော် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေများ ကို ဆန့်ကျင့်ဖောက်ဖျက်ပြီး မတူညီသော လူမျိုး၊ ဘာသာဝင်များအကြား အမုန်းပွားစေရန် လှုံ့ဆော်သည့် သတင်းနှင့် ဓါတ်ပုံများ အမြောက်အများဖြန့်ချိ လုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ အုပ်ချူပ်ေ၇း အာဏာပိုင်များနှင့် သက်ဆိုင်ရာ နိုင်ငံတော် သံဃာနာယက အဖွဲ့များမှ တားဆီး အရေးယူခြင်း တစုံတရာမ၇ှိသေးပါ။
    ဖြစ်ရပ်မှန် သတင်းဓါတ်ပုံ မူရင်းလင့်ခ်များ
    ———————————————-
    http://www.portilhoonline.com.br/giro-de-noticias-adolescente-de-13-anos-foi-estuprada-e-brutalmente-assassinada/
    http://ariquemes.yesmania.com.br/noticia/2014/11/27/adolescentes-de-13-anos-e-estuprada-e-morta-apos-marca-encontro-pelo-whatsapp.html
    လှုံဆော်ဝါဒဖြန့်နေသည့် လင့်ခ်များ
    —————————————
    https://www.facebook.com/permalink.php?story_fbid=358855590952845&id=332951146876623
    https://www.facebook.com/nay.kamar.9/posts/1504317993166207
  • ဖြောင့်မတ်သော မီဒီယာ ဆိုရာဝယ်…
    ဖြောင့်မတ်သော မီဒီယာ ဆိုရာဝယ်…
    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။
    Democracy Today
    ကမ္ဘာ့ သမ္မတလို့ ခေါ်တွင်နိုင်တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို သူရဲ့သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် အဖြစ် ရောက်လာခဲ့ပါတယ်။ နေပြည်တော် ထိပ်သီး အစည်းအဝေးတွေ အပြီး မြန်မာပြည်သူ ပြည်သားတွေရဲ့ စိတ်နှလုံးကို ဆွဲယူသိမ်းပိုက်နိုင်ခဲ့တဲ့နေ့ကတော့ ရန်ကုန်ကို လာခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ဖြစ်ခဲ့ပြီး သူ့ရဲ့သတင်းဟာ မြန်မာ့ အွန်လိုင်းမီဒီယာ စာမျက်နှာ အားလုံးထက်မှာ နေရာအပြည့်ယူခဲ့ပါတယ်။
    တိုက်ရိုက်သတင်းယူကြတဲ့ သတင်းထောက်တွေရဲ့ တင်ဆက်မှုအရသော်လည်းကောင်း၊ ပြည်သူတွေရဲ့ CJ ကိုယ်တိုင် သတင်းတင်ဆက်မှု အရသော်လည်းကောင်း၊ အမေရိကန်သံရုံး ရန်ကုန်ဖေ့စ်ဘုတ် စာမျက်နှာရဲ့ မျက်ခြေမပြတ် သတင်း တင်ဆက်နိုင်မှုတွေအပြင် အမေရိကန်နိုင်ငံ အိမ်ဖြူတော် သတင်းဝက်ဘ်ဆိုဒ်မှ တိုက်ရိုက် တင်ဆက်မှုတွေကြောင့် သတင်းစဉ် ဆက်မပြတ် သိခွင့်ရခဲ့ကြတဲ့အပြင် စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အာဆီယံတိုင်းပြည်များမှ လူငယ်တွေနဲ့ တိုက်ရိုက် ထိတွေ့ခဲ့မှုတွေဟာ မြန်မာပြည်သူ ပြည်သားတွေအတွက် အင်မတန် ကြည်နူးစရာ၊ အားတက်စရာ၊ မျှော်လင့်ချက်ရောင်ခြည် သန်းစရာ ကာလအဖြစ် သမိုင်းမော်ကွန်းတင်နိုင်ခဲ့ပါတယ်။
    အမေရိကန်သမ္မတအိုဘားမားရဲ့ နိုဝင်ဘာ ၁၄ စိန်ရတုခန်းမ မိန့်ခွန်းနဲ့ အမေးအဖြေတွေဟာ မြန်မာ့ခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူပြည်သားကြားမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ထွန်းဖူးတဲ့ ဒီမိုကရက်တစ် ယဉ်ကျေးမှုတစ်ခုကို ညင်ညင်သာသာချပြပေးခဲ့သလို ပြည်သူအားလုံးနီးနီးကို မျှော်လင့်စရာ လုပ်ဆောင်စရာတွေ ဘာတွေကျန်နေသေးတယ်ဆိုတာ မီးမောင်းထိုးပြခဲ့တဲ့ ခရီးစဉ်တစ်ခုအဖြစ် ပြည်သူပြည်သားအများစုက နားလည်လက်ခံကြပါတယ်။
    အမေရိကန်သမ္မတအိုဘားမားရဲ့ နိုဝင်ဘာ ၁၄ စိန်ရတုခန်းမ မိန့်ခွန်းနဲ့ အမေးအဖြေတွေကို တိုက်ရိုက်နားထောင်ခဲ့ရသူတွေဟာ ဘာတွေ မေးကြ ပြောကြတယ်ဆိုတာကို သိခွင့် ရကြပေမယ့် တစ်ချို့လူတွေအတွက်ကတော့ နောက်နေ့ထုတ် သတင်းစာ၊ ဂျာနယ်တွေရဲ့ ဖြတ်ကတ်ညှပ် သတင်းတွေကိုပဲ ဖတ်ခွင့်ရခဲ့ကြပါတယ်။ အမေရိကန်သမ္မတအိုဘားမားရဲ့ နိုဝင်ဘာ ၁၄ စိန်ရတုခန်းမ မိန့်ခွန်းနဲ့ အမေးအဖြေတွေကို တ၀က်တပျက်ဖော်ပြတဲ့ 7 Days Daily သတင်းစာ၊ အမေရိကန်သမ္မတ အိုဘားမားရဲ့မိန့်ခွန်းလို့ ခေါင်းစဉ်တပ်ပြီး အပြည့်အစုံ မဖော်ပြခဲ့တဲ့ Democracy Today သတင်းစာတွေရဲ့ လုပ်ရပ်ကတော့ ကျွန်တော့်အတွက် အံ့သြစရာ ဖြစ်စေပါတယ်။
    ဒီလောက်တစ်ကမ္ဘာလုံး သိနေတဲ့ ကိစ္စတစ်ခုကို နည်းနည်းလေးဖြစ်စေ ဖုံးကွယ်ဖော်ပြလိုစိတ်ဟာ မြန်မာမီဒီယာတွေမှာ ခုချိန်ထိ ဘာကြောင့်များ ရှိနေရသေး သလဲဆိုတဲ့ မေးခွန်းဟာ စိတ်ထဲမှာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်ခဲ့ပါတယ်။ သတင်းစာတွေဟာ တိုင်းပြည်ရဲ့ နား မျက်စိ ဖွင့်ပေးတဲ့ အရာတွေဖြစ်ပါတယ်။ ပြည်သူပြည်သားတွေရဲ့ မျက်စိ နား ဖွင့်ပေးရမယ့်နေရာမှာ မျက်စိနား ကြီးအောင် လုပ်ပေးရမယ့် လူတွေကိုယ်တိုင်က သတင်းအပြည့်ပေးနိုင်ပါလျှက် ပေးခွင့်ရှိပါလျှက် သိစေချင်တာလောက်ကိုပဲ တ၀က်တပျက်ဖော်ပြ၊ မသိစေချင်တာကို အတင်းလိုက်ဖုံး သတင်းဆိုလိုရင်းကို မှေးမှိန်ဝါးချ လုပ်နေတာဟာ ဒီမိုကရေစီစနစ်ကို သွားနေပါပြီလို့ ကြွေးကြော်နေတဲ့ နိုင်ငံတစ်ခုက မီဒီယာတွေရဲ့ ကျင့်ဝတ် မဖြစ်သင့်တော့ပါဘူး။
    အမေရိကန်သမ္မတအိုဘားမားရဲ့ နိုဝင်ဘာ ၁၄ စိန်ရတုခန်းမ မိန့်ခွန်းနဲ့ အမေးအဖြေတွေအပြည့်အစုံဖြစ်တဲ့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ထားတာကို ဒီနေရာ ( http://whitehouse.gov/the-press-office/2014/11/14/remarks-president-obama-young-southeast-asian-leaders-initiative-town-ha ) မှာ တွေ့နိုင်ပါတယ်။ Democracy Today သတင်းစာမှာ ဖော်ပြထားတဲ့ အမေရိကန် သမ္မတအိုဘားမားရဲ့မိန့်ခွန်းဖြတ်ကပ်ညှပ်သတင်းကို နိုဝင်ဘာ ၁၅ နေ့ထုတ် သတင်းစာ စာမျက်နှာ ၁၆ နဲ့ ၁၇ မှာ SPECIAL REPORT ခေါင်းစဉ်နဲ့ တွေ့နိုင်သလို Yangon Media Group Facebook စာမျက်နှာမှာ Online သတင်းအဖြစ်လည်းတွေ့နိုင်ပါသေးတယ်။
    မီဒီယာလောကမှာ စာနယ်ဇင်းသမား ဖြစ်ဖို့ အနည်းဆုံး စာနယ်ဇင်းသင်တန်းတွေ၊ ကျင့်ဝတ်တွေ အများကြီး သင်ရ တက်ရ လိုက်နာရပါတယ်။
    စာနယ်ဇင်းသမား တစ်ယောက်က အနိမ့်ဆုံး ဘွဲ့ရ ပညာတတ် တစ်ယောက်လောက်တော့ ဖြစ်တာမို့ အင်္ဂလိပ်စာ ဘာသာပြန်တာ မှားစရာအကြောင်းလည်း မရှိရပါဘူး။ လိုသလို ဘာသာပြန်လို့ မရသလို ဆွဲယူ ဘာသာပြန်ခွင့်လည်း မရှိရပါဘူး။ အဓိက ထောက်ပြချင်တာက အဂတိတရား တစ်ချက်နဲ့မှ ငြိလို့ မရရပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အမေရိကန်သမ္မတအိုဘားမားပြောတာကို အတတ်နိုင်ဆုံး မြန်မာဘာသာနဲ့ အနီးစပ်ဆုံး ဖြစ်ရအောင် ဘာသာပြန်ရမှာ ဖြစ်သလို အိုဘားမား ပေးချင်တဲ့ မက်ဆေ့ ဆိုလိုရင်းကိုလည်း တမင်လမ်းလွဲအောင် လုပ်ပစ်လို့ မရပါဘူး။ ဒီအချက်တွေဟာ မီဒီယာ သမားကောင်း တစ်ဦး လိုက်နာရမယ့် အနိမ့်ဆုံး ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။
    Democracy Today သတင်းစာ ရဲ့ အမေရိကန်သမ္မတအိုဘားမားရဲ့မိန့်ခွန်းဖြတ်ကပ်ညှပ်သတင်းမှာ ဘာတွေ ဖြတ်ကပ်ညှပ်ခဲ့သလဲ ဆိုတာကို အမေရိကန်အစိုးရတရားဝင် ထုတ်ပြန်တဲ့ အိမ်ဖြူတော် ၀က်ဘ်ဆိုဒ်သတင်းနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။
    (၁) ပထမ ဖြတ်ကပ်ညှပ်
    ——————————-
    မိန့်ခွန်းအစမှာပဲ သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    PRESIDENT OBAMA: Myanmar Luu Ngae Myar Min Galarbar! (Applause.) It’s wonderful to be back in Myanmar. Everybody, please have a seat. Have a seat. Oh, we got some signs — “Reform is fake.” “Change…” — okay, well, you guys will have a chance to ask questions later. Yeah, you can put them away. That’s why we’re here — for a town hall. See, that’s the thing, when you have a town hall, you don’t have a protest because you can just ask the questions directly.
    မြန်မာလူငယ်များ မင်္ဂလာပါ။ (လက်ခုပ်သံများ) မြန်မာနိုင်ငံကို တစ်ခေါက်ပြန်ရောက်လာတာ ၀မ်းမြောက်စရာပါပဲ။ အားလုံးပဲ ထိုင်ကြပါ။ အို- ကျွန်တော် ဆိုင်းဘုတ်တွေ တွေ့တယ်- “ပြုပြင်ပြောင်းလဲရေးဆိုတာ အတုအယောင်” ဟိုတစ်ခု “အပြောင်းအလဲ” အိုကေ၊ ကောင်းပါပြီ။ ခင်ဗျားတို့အနေနဲ့ နောက်ပိုင်းမှာ မေးခွန်းမေးခွင့်ရမှာပါ။ အဲဒီ ဆိုင်းဘုတ်တွေကို ချထားပါဦး။ အမေးအဖြေတွေလုပ်ဖို့ ဒီကိုရောက်လာတာပါ။ ကြည့်စမ်းပါဦး။ အမေးအဖြေ လုပ်ပြီဆိုရင် ခင်ဗျားတို့ ဆန္ဒပြကြမှာမဟုတ်ဘူးလေ။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားတို့ မေးခွန်းတွေ တိုက်ရိုက် မေးနိုင်တာကိုး။”
    ဆိုတဲ့ တစ်ပိုဒ်လုံးကို ရည်ရွယ်ချက်ရှိရှိ Democracy Today သတင်းစာက ဖြုတ်ချပစ်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ “ပြုပြင်ပြောင်းလဲရေးဆိုတာ အတုအယောင်” ဆိုတဲ့ စာသားကို သတင်းစာမှာ ထည့်သွင်းဖော်ပြရမှာကို “ကြောက်နေခဲ့တာလား” ဒါမှမဟုတ် “မီဒီယာအလုပ်ကို မီဒီယာလုပ်ဖို့ ၀န်လေးတွန့်ဆုတ်နေသလား” လို့ပဲ မေးချင် ပြောချင်ပါတယ်။ မိန့်ခွန်းမစခင် ခန်းမစင်မြင့်ရှေ့မှာပဲ သမ္မတအိုဘားမားကို မြန်မာလူငယ်အချို့က စာရွက်ကလေးတွေ ထောင်ပြခွင့် ရခဲ့ကြပါတယ်။ မိန့်ခွန်းအစမှာ ဖြစ်ပျက်ခဲ့တာကို တစ်ကမ္ဘာလုံးသိအောင် အိမ်ဖြူတော်က ထုတ်ပြန်ပေမယ့် မြန်မာသတင်းစာတစ်စောင်က မရ ရအောင် ဖုံးအုပ်ကာ ဖြတ်ကပ်ညှပ်ထုတ်ခဲ့ပါတယ်။ အံ့သြစရာပါ။
    (၂) ဒုတိယ ဖြတ်ကပ်ညှပ်
    ——————————-
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    As President of the United States, I’ve made it a priority to deepen America’s ties with Southeast Asia — in particular, with the young people of Southeast Asia. And I do this for reasons that go beyond the fact that I spent some of my childhood in Southeast Asia, in Indonesia.”
    အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အမေရိကန်နဲ့ အရှေ့တောင်အာရှရဲ့ဆက်ဆံရေးကို နက်ရှိုင်းအောင် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှက လူငယ်တွေနဲ့ ဆက်ဆံရေးပေါ့ဗျာ- အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ကလေးဘ၀ကို ကုန်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းတွေထက် ကျော်လွန်ပြီး ဒါကို လုပ်တာပါ။”
    Democracy Today သတင်းစာက ဒီလို ဘာသာပြန်ပါတယ်။
    အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ပြောချင်တာက ဒီအရှေ့တောင်အာရှမှာရှိတဲ့ တိုင်းပြည်တွေက လူငယ်တွေအများကြီးနဲ့ ကျွန်တော်တို့ တွေ့ချင်ပါတယ်။ အများကြီးအဆက် အသွယ်လုပ်ချင်ပါတယ်။ ကျွန်တော်ရဲ့လူငယ် ဘဝ ကလေးဘဝတွေကို အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ ကြီးပြင်းခဲ့ရပါတယ်။
    ဒီနေရာမှာ “အင်ဒိုနီးရှား” ဖြုတ်ညှပ်ခံရပြန်ပါတယ်။ ဘာကြောင့်ပါလဲ။ ဘာသာပြန်တာလည်း လွဲနေပါတယ်။ အမှန်က အင်္ဂလိပ်စာ မတတ်တာတော့ မဟုတ်လောက်ပါဘူး။ အင်ဒိုနီးရှားနိုင်ငံကို ဖြုတ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ Democracy Today သတင်းစာအယ်ဒီတာတွေပဲ သိနိုင်ပါလိမ့်မယ်။
    (၃) တတိယ ဖြတ်ကပ်ညှပ်
    ——————————-
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    But I do it mainly because the 10 nations of ASEAN are home to about one in ten of the world’s citizens. About two-thirds of Southeast Asia’s population is under 35 years old. So this region — a region of growing economies and emerging democracies, and a vibrant diversity that includes oceans and islands, and jungles and cities, and peoples of different races and religions and beliefs — this region will shape the 21st century.
    “ဒါပေမယ့် အရှေ့တောင်အာရှနဲ့ ဒီလိုဆက်ဆံရေး ထူထောင်ရခြင်းဟာ အဓိကအားဖြင့်တော့ အာဆီယံက ကမ္ဘာ့လူဦးရေရဲ့၁၀ ပုံ ၁ ပုံ ရှိတာကြောင့်ပါ။ အရှေ့တောင်အာရှလူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ အသက် ၃၅ နှစ်အောက် အရွယ်တွေပါ။ ပြီးတော့ ဒီဒေသဟာ စီးပွားရေးဖွံ့ဖြိုးနေတဲ့၊ ဒီမိုကရေစီထွန်းကားနေတဲ့၊ တောတောင်ရေမြေတွေ၊ ကျွန်းတွေ၊ မြို့ပြကြီးတွေ၊ မတူညီတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ ယုံကြည်မှုတွေအပါအ၀င် မတူကွဲပြားမှုတွေနဲ့ အသက်ဝင်လှတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီဒေသဟာ ၂၁ ရာစုကို ပုံဖော်ပေးမှာပါ။”
    Democracy Today သတင်းစာက မိန့်ခွန်းရဲ့ ဒီတစ်ပိုဒ်လုံးကို ဖြုတ်ချပစ်ပြန်ပါတယ်။ အံ့သြစရာ ဖြစ်ရပြန်ပါတယ်။ မတူညီတာကိုပဲ မနှစ်သက်လေသလားလို့ အတွေးဝင်မိစရာပါ။
    (၄) စတုတ္ထ ဖြတ်ကပ်ညှပ်
    ——————————
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    When I took office nearly six years ago, I said the United States would extend our hand to any nation willing to unclench its fist. And here, after decades of authoritarian rule, we’ve begun to see significant progress in just a few years.
    “လွန်ခဲ့တဲ့ ၆ နှစ်နီးပါးက ကျွန်တော်သမ္မတ စဖြစ်တဲ့အခါ အမေရိကန်ဟာ လက်သီးဆုပ်ဖြေဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ချဲ့ထွင်သွားရမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီမှာဆိုရင် ဆယ်စုနှစ်များစွာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးရှိခဲ့ပြီးတဲ့နောက် နှစ်အနည်းငယ်အတွင်းမှာ သိသာတဲ့ တိုးတက်မှုကို ကျွန်တော်တို့ စမြင်ရပါပြီ။”
    Democracy Today သတင်းစာက မိန့်ခွန်းရဲ့ ဒီတစ်ပိုဒ်လုံးကို ၀ါးချ ရောချပြီး ဘာသာပြန်ပစ်ပြန်ပါတယ်။ သူ့လက်ရာက ဒီလိုပါ။
    “လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန် တော် သမ္မတအဖြစ် တာဝန်ယူတဲ့အခါမှာ ကျွန်တော် ဘာပြောခဲ့သလဲဆိုတော့ ကျွန် တော်ဟာ ကမ္ဘာကြီးပေါ်မှာ တကယ့်ပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖြစ်လာရမယ်၊ နောက်တစ်ခါ မြန်မာပြည်မှာလဲ တိုးတက်မှုတွေရှိလာရမယ်။ မြန်မာပြည်ဟာ ကမ္ဘာထဲမှာ အလားအလာ ကောင်းတဲ့တိုင်းပြည်တစ်ခုအနေနဲ့ ဖြစ်ပါတယ်။”
    “decades of authoritarian rule ဆယ်စုနှစ်များစွာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေး” ဆိုတဲ့အသုံးအနှုန်းကို Democracy Today သတင်းစာက ဘာကြောင့် လက်ရှောင်ရပါသလဲ။ အံ့သြစရာ ဖြစ်ရပြန်ပါတယ်။
    (၅) ပဉ္စမ ဖြတ်ကပ်ညှပ်
    —————————
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    On this visit, I’ve met separately with President Thein Sein and Daw Aung San Suu Kyi, as well as members of parliament, and civil society leaders. And we discussed key reforms that have to be made to ensure that human rights and freedoms are respected, and the people of this country can reach for their rightful place in the region and the world.
    “ဒီတစ်ခေါက်အလည်ခရီးမှာ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့စည်းက ကိုယ်စားလှယ်တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မဖြစ်မနေလုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားဖို့အကြောင်းတွေ၊ ဒီနိုင်ငံ ပြည်သူတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ နေရာမှန်ကို ရောက်နိုင်တယ်ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။”
    Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်ကို သမ္မတဦးသိန်းစိန် မတွေ့သေးတာ သေချာပါတယ်။ သမ္မတဦးသိန်းစိန်သာ ဒီဘာသာပြန်ချက်ကို တွေ့ရင် သူ့အမည်နဲ့ သူ့လွှတ်တော်အမတ်တွေကို တမင်ဖြုတ်ချရကောင်းလား စွဲချက်ထပ်ထွက်လာစရာ ရှိနေပါပြီ။ Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်က ဒီလို လွဲချော်နေပြန်ပါတယ်။ ရောချရုံတင်မကဘဲ တလွဲတချော် ဘာသာပြန်တာကိုပါ ကွက်ကွက်ကွင်းကွင်း မြင်ရပြန်ပါတယ်။
    “ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ပါလီမန်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အ ရေးကိစ္စတွေ လူတိုင်းရရှိဖို့ လေးစားလိုက်နာဖို့ ဒီတိုင်းပြည်မှာ လုပ်ဆောင်သွားနိုင်ဖို့အတွက် နောက်တစ်ခါ ဒီဒေသထဲမှာ တစ်ကမ္ဘာလုံးအ တွက် ဘယ်လို ဆက်လုပ်သွားမလဲဆိုတာ ဆွေး နွေးခဲ့ပါတယ်။” လို့ သတင်းစာက ဘာသာပြန်ချခဲ့ပါတယ်။
    အံ့သြစရာ မြန်မာ့သတင်းစာတစ်စောင်ရဲ့ ဘာသာပြန်ချက်ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အနည်းအကျဉ်းတတ်ရင်တောင် ဒီလို အမှားကျူးလွန်ဖို့ ခဲယဉ်းလွန်းလှပါတယ်။
    (၆) ဆဌမ ဖြတ်ကပ်ညှပ်
    —————————
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    Being able to look past the scars of violence takes courage. Securing the gains of freedom and democracy requires good faith and strength of will, and tolerance and respect for diversity, and it requires vigilance from all citizens. The American people know well that rights and freedoms are not given; they have to be won through struggle and through discipline, and persistence and faith. And it’s often young people who have led these struggles; who have compelled us to slowly but surely perfect our own union in America over time.
    Now, I understand there’s a Burmese saying. I’ve got to make sure that I say this right. Ngote mi thè daing — help me out. Is that right? — tet naing hpyar yauk. (Applause.)
    “အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကြည့်နိုင်ဖို့ သတ္တိတွေလိုပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို သေသေချာချာရဖို့အတွက်ဆိုရင် ယုံကြည်မှုကောင်းတွေ၊ ပြင်းပြတဲ့ ဆန္ဒတွေ၊ မတူကွဲပြားမှုအပေါ်မှာ သည်းခံလေးစားတတ်တာမျိုးတွေလိုအပ်ပြီး နိုင်ငံသားအားလုံးက နိုးနိုးကြားကြားရှိဖို့လည်း လိုအပ်ပါတယ်။ လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေဟာ ဒီအတိုင်းရလာတာမဟုတ်ဘဲ ရုန်းကန်ကြိုးစားမှု၊ စည်ကမ်းရှိမှု၊ မဆုတ်မနစ်ကြိုးစားမှုနဲ့ ယုံကြည်မှုတွေကနေတစ်ဆင့် ဒါမျိုးတွေရအောင် လုပ်ခဲ့ရတယ်ဆိုတာကို အမေရိကန်ပြည်သူတွေကတော့ ကောင်းကောင်းသိပါတယ်။ တစ်ခါတစ်ရံမှာ ဒီရုန်းကန်မှုတွေကို ဦးဆောင်တဲ့ ဒီလူငယ်တွေဟာ နှေးကွေးသွားအောင် အတင်းအကျပ်လုပ်ခဲ့တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ အမေရိက က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြည်ထောင်စုဟာ အချိန်နဲ့အမျှ ပြည့်စုံနေတာပါပဲ။
    အခု ကျွန်တော် မြန်မာစကားပုံတစ်ခုရှိတာကို သိထားပါတယ်။ ကျွန်တော် ပြောကြည့်ပါမယ်။ “ငုပ်မိသဲတိုင်……” လုပ်ပါဦး၊ မှန်ရဲ့လား “တက်နိုင်ဖျားရောက်” (လက်ခုပ်သံများ)”
    Democracy Today သတင်းစာရဲ့ ဗလုံးဗထွေး ဘာသာပြန်ချက်တွေဟာ ဘာကိုဆိုလိုမှန်း မသိရအောင် ထိမိနေပါတော့တယ်။ “တောင်းယူရပါမယ်၊ တိုက်ယူရပါမယ်၊” ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ရှာမတွေ့မပါဘူး။
    “အရင်တုန်းကဖြစ်ခဲ့တဲ့အကြမ်းဖက်မှု၊ ဒဏ်ရာဒဏ်ချက်တွေကိုမကြည့်ဘဲ ဒီမိုကရေ စီရဲ့ယုံကြည်မှုတွေကို တည်ဆောက်တဲ့နေရာ မှာ အားလုံးပါပြီးတော့ အားလုံးသောပြည် သူတွေအနေနဲ့ လုပ်ဆောင်ဖို့ ဒီအခွင့်အရေး တွေ လွတ်လပ်မှုတွေဆိုတာက ဒီအတိုင်းမရပါ ဘူး။ တောင်းယူရပါမယ်၊ တိုက်ယူရပါမယ်၊ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မြန်မာစကားပုံ တစ်ခုကို သိပါတယ်။ ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်ဖြစ်ပါတယ်။” လို့ လိုရင်းမရောက် ဘာသာပြန်ချက်တွေက အံ့သြစရာပါ။
    (၇) သတ္တမ ဖြတ်ကပ်ညှပ်
    ——————————-
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    That’s why I’ve come and visited twice in the last few years, because we see a future where democratic institutions can be accountable and responsive; where political activists are free; where elections are fair; where journalists can pursue the truth; where ethnic minorities can live without fear.
    “ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ နှစ်တွေမှာ ၂ ကြိမ် လာရောက်ခဲ့တာပါ။ တာဝန်ခံနိုင်ပြီး အရာဝင်တဲ့ ဒီမိုကရေစီ အသင်းအဖွဲ့တွေ ရှိတဲ့နိုင်ငံမျိုး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်ရတဲ့ နိုင်ငံမျိုး၊ မျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပတဲ့ နိုင်ငံမျိုး၊ ဂျာနယ်လစ်တွေ အမှန်တရားကို ဖော်ပြနိုင်တဲ့ နိုင်ငံမျိုး၊ လူနည်းစုတွေ ကြောက်ရွံ့မှုကင်းစွာ နေထိုင်နိုင်တဲ့ နိုင်ငံမျိုး ဖြစ်လာနိုင်တဲ့ အနာဂတ်ကို တွေ့မြင်နေရတာကြောင့်လည်း ပါပါတယ်။”
    Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်မှာ “သတင်းထောက်” ပြုတ်သွားပြန်တဲ့အပြင် “မဟာမိတ်ရွေးကောက်ပွဲ” ဆိုတဲ့ အသုံးအနှုန်းအတွက် အင်္ဂလိပ်စာလုံး ရှာမရခဲ့ပါဘူး။ Democracy Today သတင်းစာရဲ့ တလွဲတချော် ဘာသာပြန်တဲ့အပြင် ပြီးပြီးရော လုပ်ချတဲ့ စေတနာကို ကွက်ကွက်ကွင်းကွင်း မြင်ရပြန်ပါတယ်။
    “ဒါကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လာခဲ့တာပါ။ ဒါကြောင့် ဒီတိုင်းပြည်မှာရှိတဲ့ အခြေခံဥပဒေဟာ တာဝန်ခံမှုရှိရမယ်။ ဒါ ကြောင့် မဟာမိတ်ရွေးကောက်ပွဲတွေဟာ မျှတမှုရှိရမယ်၊ တိုင်းရင်းသားလူနည်းစုတွေ ဟာ ဆင်းရဲကြောင့်ကြမှုမရှိဘဲ နေနိုင်ရပါမယ်။” လို့ ဘာသာပြန်ခဲ့ပါတယ်။
    (၈) အဌမ ဖြတ်ကပ်ညှပ်
    —————————
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    La Min Oo uses his power to tell the story of his fellow Burmese. He studied at Gettysburg College in the United States. The transformation that he watched unfold through Facebook inspired him to return home and make an award-winning documentary about the plight of Burmese farmers. And he says, “My country has been closed so long, there are a lot of stories to be told.” So you young people have the chance to say — to tell those stories. You have the power to improve institutions that are very important for democratic governance, like civil society, and an impartial judicial, and a free press, and private enterprise. And there’s so much to build here. In countries like this, it’s critical that you get involved in that way.
    “လမင်းဦးဟာ သူ့နိုင်ငံက သူ့လူတွေအကြောင်းကို ပြောပြဖို့ ဒီစွမ်းအားကို အသုံးချခဲ့ပါတယ်။ သူဟာ အမေရိကန်က Gettysburg ကောလိပ်မှာ ပညာသင်ခဲ့ပါတယ်။ Facebook ကနေ သူစောင့်ကြည့်ခဲ့တဲ့ ပြောင်းလဲမှုတွေက သူ့ကို လှုံ့ဆော်ပေးခဲ့ပြီး မြန်မာနိုင်ငံကိုပြန်ကာ မြန်မာလယ်သမားတွေရဲ့ ဆင်းရဲဒုက္ခတွေအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ပြီး ဆုရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ သူက “ကျွန်တော့်တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ ပိတ်ခံထားရပြီး ပြောရမယ့် အကြောင်းအရာတွေလည်း အများကြီးရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့လူငယ်တွေဟာ အဲဒီဇာတ်လမ်းတွေကို ပြောပြဖို့၊ ဖွင့်ချဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒီမိုကရက်တစ်အစိုးရအတွက် အင်မတန်အရေးပါတဲ့ အသင်းအဖွဲ့တွေဖြစ်လာအောင်လုပ်ဖို့လည်း ခင်ဗျားတို့မှာ စွမ်းအားရှိနေပါတယ်။ အရပ်ဖက်အဖွဲ့တွေ၊ သမာသမတ်ကျတဲ့ တရားရေးအဖွဲ့တွေ၊ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေပါပဲ။ ဒါမျိုးတွေ ဒီမှာ အများကြီး ဖွဲ့စည်း တည်ဆောက်ရဦးမှာပါ။
    ဒီလိုတိုင်းပြည်မျိုးမှာ ခင်ဗျားတို့ဟာ ဒီလိုပါဝင်ပေးဖို့ အရေးကြီးပါတယ်။”
    Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်မှာ “လမင်းဦး” အမည်နဲ့ “အရပ်ဖက်အဖွဲ့တွေ၊ သမာသမတ်ကျတဲ့ တရားရေးအဖွဲ့တွေ၊ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေ” စတဲ့ အသုံးအနှုန်းတွေကို ရည်ွယ်ချက်ရှိရှိဖြုတ်ထုတ်ပစ်တဲ့အပြင် အိုဘားမားဖြစ်စေချင်တဲ့ အချက်ကို တမင်လမ်းလွှဲ ၀ါးချပစ်ပါတယ်။
    သတင်းစာ ဘာသာပြန်ချက်က …
    ” မြန်မာလူငယ်တစ်ယောက် ပြည်ပမှာ ပညာလေ့လာခဲ့တယ်။ သူဒီကိုပြန် လာပြီးတော့ လယ်သမားတွေရဲ့ အကြောင်းကို Documentery ထုတ်ပြီးတော့ ဆုရခဲ့ပါတယ်။
    သူဘာပြောလဲဆိုတော့ ကျွန်တော့်တိုင်းပြည် ဟာ ဇာတ်လမ်းပေါင်းများစွာကို ပြောပြနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့လူငယ်တွေအနေနဲ့ ဒီဇာတ်လမ်း တွေကို တစ်ကမ္ဘာလုံးကို ပြောပြနိုင်မှာပါ။ ဒီလူငယ်တွေမှာ တကယ့်ကိုခွန်အားရှိပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ဒီမိုကရက်တစ်အစိုးရ အတွက် သိပ်အရေးကြီးပါတယ်။ လူတန်းစား အတွက် သိပ်အရေးကြီးပါတယ်။ ဒါကြောင့် မို့လို့ ဒီလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအ တွက်လဲ အရေးကြီးပါတယ်။ ဒီလိုတိုင်းပြည် မျိုးမှာ ဒါဟာ သိပ်ပြီးကို လူငယ်တွေအနေနဲ့ ပါဝင်နိုင်ခြင်းဟာ သိပ်ပြီး အရေးကြီးပါတယ်။” လို့ ဘာသာပြန်တင်ပြခဲ့ပါတယ်။
    (၉) န၀မ ဖြတ်ကပ်ညှပ်
    —————————
    သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းအလယ်လောက်မှာ အမေရိကန်သမ္မတအိုဘားမားက ရိုဟင်ဂျာအမျိုးသမီး မဝေေ၀နုအမည်ကို အတိအကျဖော်ပြခဲ့ပြန်ပါတယ်။
    So Wai Wai Nu spent seven years of her youth behind bars as a political prisoner. And she called it her “university about life.” Today she uses that hard-earned degree to advocate for tolerance and acceptance, saying, “We too sacrificed many things for the same cause, that that is democracy.”
    “ဝေေ၀နုဟာ သူ့ရဲ့ လူငယ်ဘ၀ ၇ နှစ်တာကို နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်အနောက်မှာ ကုန်ဆုံးခဲ့ရပါတယ်။ ဒါကို သူကတော့ “ဘ၀တက္ကသိုလ်” လို့ သုံးနှုန်းခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲဒီဘ၀တက္ကသိုလ်က ခက်ခက်ခဲခဲရခဲ့တဲ့ ဒီဘွဲ့ကိုသုံးပြီး “ဒီမိုကရေစီဆိုတဲ့အကြောင်းအရာအတွက် ကျွန်မတို့ဟာလည်း အများကြီး စွန့်လွှတ်စတေးခဲ့ရပါတယ်” လို့ပြောရင်း သည်းခံမှုနဲ့ လက်သင့်ခံမှုတွေအတွက် ပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။”
    Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်မှာ “ဝေေ၀နု” အမည်ကို တမင်ဖြုတ်ချပြန်တဲ့အပြင် လိုရာဆွဲယူဘာသာပြန် ၀ါးချတဲ့အထိ ဘာသာပြန်သူရဲ့ မီဒီယာ ကျင့်ဝတ်သိက္ခာမဲ့မှုကို အဆုံးစွန်ထိ တွေ့မြင်ရပြန်ပါတယ်။ သတင်းစာ ဘာသာပြန်ချက်က …
    “နောက်တစ် ယောက်ဆိုရင် ခုနစ်နှစ်ကြာကြာ ထောင်ထဲမှာ အကျခံထားရပါတယ်။ ဒါပေမဲ့သူဟာ ဘွဲ့လဲ ရခဲ့ပြီးတော့ ပေးဆပ်မှုတွေ အများကြီးလဲရှိ ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာဒီမိုကရေစီစနစ် အတွက် ပေးဆပ်မှုတွေဖြစ်ပါတယ်။
    အံ့သြစရာ မြန်မာ့သတင်းစာတစ်စောင်ရဲ့ ဘာသာပြန်ချက်ဖြစ်ပါတယ်။
    (၁၀) ဒသမ ဖြတ်ကပ်ညှပ်
    —————————
    သမ္မတ အိုဘားမားက ဒီလို ပြောခဲ့ပါတယ်။
    I expect many of you will take up the mantle of reform from student activists like Aung San Suu Kyi and Min Ko Naing; take your rightful place as leaders in a stable and prosperous and progressive Southeast Asia. And as you do, I promise you will have no better friend and partner than the United States of America. So thank you very much. Kyeizu tin ba de.
    ခင်ဗျားတို့ အများစုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် တို့လို တက်ကြွလှုပ်ရှားသူတွေကနေ တစ်ဆင့် ပြုပြင်ပြောင်းလဲရေးကို လက်လွှဲယူကြလိမ့်မယ်၊ တည်ငြိမ်အေးချမ်းပြီး ကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှမှာ ခေါင်းဆောင်တွေအဖြစ် ထိုက်တန်တဲ့နေရာကို ရယူကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်လာပြီဆိုရင်တော့ အမေရိကန်ထက် ပိုကောင်းတဲ့ မိတ်ဆွေမျိုးကို ခင်ဗျားတို့မှာ မရှိတော့ဘူးဆိုတာ ကျွန်တော် ကတိပေးပါတယ်။ Thank you very much. ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ)
    Democracy Today သတင်းစာရဲ့ ဘာသာပြန်ချက်မှာ “ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်” တို့ ဘာလဲ၊ ဘာလုပ်နေသလဲဆိုတဲ့ ဂုဏ်ပုဒ်ကို မှေးမှိန်ပစ်တဲ့အပြင် အမေရိကန်ရဲ့ အခန်းကဏ္ဍကို တမင်ဖြုတ်ပစ်ပြန်ပါတယ်။
    သတင်းစာဘာသာပြန်ချက်မှာတော့
    “ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ယူကြရမယ့်အခွင့်အရေး၊ အခွင့်အလမ်းတွေကို ယူပြီးတော့၊ အခွင့်ကောင်း ယူမယ့် ကျွန်တော်တို့တိုင်းပြည်နဲ့အတူ လက် တွဲပူးပေါင်းဆောင်ရွက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် ဒီမှာ တည်ငြိမ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှ တိုင်း ပြည်တစ်ခုဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကလဲ ဒါကိုကူညီဖို့ အမြဲတမ်းရှိပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ ရေးသားဘာသာပြန်ခဲ့ပါတယ်။
    ဒါကြောင့် ကမ္ဘာသိအကြောင်းအရာတစ်ခုကို အများသူငါ တိတိကျကျသိခွင့်ပေးကာ နားမျက်စိဖွင့်ပေးရမယ့် တာဝန်ဟာ မီဒီယာတွေရဲ့ ပင်ကိုယ်မူလတာဝန်ဖြစ်ပါတယ်။ ဒီပင်ကိုယ်တာဝန်ကို မထမ်းဆောင်နိုင်တဲ့ သတင်းမီဒီယာတွေဟာ ပြည်သူရဲ့ ဒဏ်ခတ်ဆုံးမမှုကို တစ်ရက်မှာ နာခံရစမြဲဖြစ်ပါတယ်။ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုပြီး ဘယ်လောက်မှ မကြာသေးတဲ့ကာလမှာပဲ ပြည်သူတွေရဲ့ သတင်းဗဟုသုတ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အရှုံးပေါ်ကာ ဆက်လက်မထုတ်ဝေနိုင်တော့တဲ့ သတင်းစာဂျာနယ်တွေဟာလည်း မနည်းတော့ပါဘူး။ မှန်ကန်တဲ့ သတင်းဗဟုသုတပေးရမယ့် တာဝန်ကို ဖြောင့်မတ်တဲ့သတင်းမီဒီယာသမားတွေက တည့်တည့်မတ်မတ် ပီပီသသထမ်းဆောင်မှသာ အမုန်းတရားကင်းတဲ့၊ ဘက်လိုက်မှုကင်းတဲ့၊ ပြည်သူပြည်သားတွေကို အသိပညာ နားမျက်စိကျယ်လာစေတဲ့၊ ပြည်သူပြည်သားတွေ ချစ်မြတ်နိုးလေးစားတဲ့ မီဒီယာတွေ ဖြစ်လာနိုင်မယ်လို့သာ ထောက်ပြလိုရင်း ဖြစ်ပါတယ်။
    သတင်းဗဟုသုတ အမှန်ကိုသာ ရောင်းချပေးနိုင်မယ့် ပြည်သူအကျိုး အမှန်သယ်ပိုးနိုင်တဲ့ မီဒီယာလောက ထွန်းကားလာနိုင်ပါစေ။
    ဆွေမွန်
    ၁၆ နိုဝင်ဘာ ၂၁၀၄
    Ref:
    1. http://www.whitehouse.gov/the-press-office/2014/11/14/remarks-president-obama-young-southeast-asian-leaders-initiative-town-ha
    2. http://www.m-mediagroup.com/news/34263
    3. https://www.facebook.com/yangonmediagroup/posts/873819359303652
  • ကမ္ဘာကျော်ကော်တရာ(၂) ၏ အလွဲများ
    ကမ္ဘာကျော်ကော်တရာ(၂) ၏ အလွဲများ
    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    .အိမ်ဝေးသူ(KZ) ရေးသည်။
    1800432_575412392564918_5200495940047183643_n
    မြန်မာဟာသဇာတ်ကား- ကမ္ဘာကျော်ကော်တရာ(၂)
    ဒါရိုက်တာအမည်———ဗန်းကြီး (Ban Gyi)
    အဓိကသရုပ်ဆောင်—–ခန့်စည်သူ၊ စိုးမြတ်သူဇာ
    နိုင်ငံရပ်ခြား ရောက်နေသူအများစု အဓိကတမ်းတတတ်ကြတာက မြန်မာ့ရေမြေရဲ့ အငွေ့အသက်တွေဆိုရင် ငြင်းကြမယ် မထင်ပါဘူး။
    ကျွန်တော့်အတွက်တော့ အဲ့ဒီ့အငွေ့အသက်ကို ပြန်လည်ရနိုင်တာတွေထဲမှာ မြန်မာဟာသကား ကြည့်တာလည်း တစ်ခုအပါအဝင်ပါ။ အားလပ်ရပ်မှာကျွန်တော်ကြိုက်တတ်တဲ့ ဟာသကားများဆိုရင် ကြည့်တတ်ပါတယ်။
    အဲ့ဒါနဲ့ ကမ္ဘာကျော်ကော်တရာ (၂) ကို ကြည့်ဖြစ်တယ်ဆိုပါတော့ဗျာ။
    အဲ့ဒီ့ဇာတ်ကားက (၁) လည်း ထွက်ပြီးသားပါ။
    ကျွန်တော် ပေးထားတဲ့ ခေါင်းစဉ်လိုပဲ တကယ်ကို လွဲပါတယ်။ စိတ်ပျက်စရာ ကောင်းလောက်အောင်ကို လွဲတယ်လို့ပဲ ဆိုပါရစေ။ မြန်မာပြည်မှာ (အစွန်းရောက်ဘာသာရေးသမားတွေကလွဲပြီး) အများစုက ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို အလုအယက် တိုးဝင်နေကြရတဲ့
    ခေတ်ကာလ အချိန်ပါ။
    ရိုးရိုးသားသား ဝန်ခံရရင် အနုပညာရှင်တွေဟာ ( ဘာသာရေး အစွန်းရောက်မှု မှ) ကင်းဝေးရလိမ့်မယ်။ တနည်းအားဖြင့် အနုပညာမှာ ဘာသာစွဲမရှိဘူး၊ ပုဂ္ဂိုလ်စွဲ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ညှိနှိုင်းစေ့စပ်ရေးတွေ၊ သင့်မြတ်စွာ နေထိုင်ရေးတွေ လုပ်နေတဲ့အချိန်မှာမှ (ဘာသာရေးထိခိုက်စော်ကားမှုတွေ) ပိုများလာနေသလိုပါပဲ။ ရုပ်အဆိုးဆုံးကတော့ အနုပညာသမားအချို့  အဲ့လို (အောက်တန်းစား) အသုံးအနှုန်းတွေ သုံးနေကြတာပါပဲ။
    ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ (ဗန်းကြီး) က ရိုက်ကူးထားတဲ့ ကားမှာ….။
    (၁) ဆာရီဝတ်ထားတဲ့ ကုလားမ(ဂွမ်းပုံ)ကို ပေးထားတဲ့ နာမည်က ( ဖာသမာ) တဲ့။
    (၂) ဟိန္ဒူ နာမည်နဲ့ အစ္စလာမ်နာမည်ကို ကွဲကွဲပြားပြား မသိရှာတာလား။ ?
    (၃) ဇာတ်ဆောင်တွေရဲ့  (ဖာသမာ) ဆိုတဲ့ နာမည်ကို ခေါ်တဲ့အခါတိုင်း ဆိုလိုရင်းက အခြားလှောင်ပြောင်မှု  တစ်မျိုးကို ဦးတည်သလို ခံစားရစေတယ်။
    (၄) ဒီနာမည်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နောက်ဆုံးတမန်တော်မြတ်ကြီးရဲ့ သမီး တော်အမည် ဖြစ်ပါတယ်။ အမျိုးသမီးထုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူမရဲ့  နာမည်က ( Fatima ) သခင်မ ဖြစ်ပြီး (Fitam) ဆိုတဲ့ ဝေါဟာက ဆင်းသက်တဲ့ အမည်ဖြစ်ပါတယ်။ အမည်ရဲ့  ဆိုလိုရင်းကိုက နတ်ဆိုးနဲ့ မကောင်းမှုများနဲ့ ဝေးရာမှာ နေခွင့်ရသူ ဖြစ်ပါတယ်။ အဲ့ဒီ့လို မွန်မြတ်တဲ့ အမည်နာမ တစ်ခုကို အခုလို တစ်နိုင်ငံလုံး အတိုင်းအတာ ပြသတဲ့ ဟာသကားတစ်ကားမှာ ပစ်စလက်ခတ် သုံးစွဲထားခြင်းဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။
    (၅) ဇာတ်လမ်းတစ်နေရာမှာလည်း ဝက်အူချောင်း၊ ဝက်ဆီဖတ် ဆိုတာတွေနဲ့ တမင် ဟာသလုပ်တာမျိုး တွေ့ရတယ်။
    (၆) ဟိန္ဒူ ဆိုရင်တော့ ဝက်သားစားတာတွေ အများကြီးပါ။ (မစားတာလည်း ရှိ) မွတ်စလင်မ်ဆိုရင်တော့ ဝက်သားဆိုတာ မထိ၊ မကိုင်၊ မစားရဘူးလို့ ဘာသာတရားက သတ်မှတ်တားမြစ်ချက်ပါ။ ( ဟာသမဟုတ်ပါ )
    (၇) အနုပညာသမားတွေက အခုလို ဘာသာရေးဆန်ဆန် ခွဲခြားဆက်ဆံ စော်ကားတာမျိုး လုပ်တာဟာ အလွန် အကျည်းတန် ရုပ်ဆိုး လွန်းပါတယ်။(မလိုအပ်ဘူးထင်တဲ့အတွက် ခါးအောက်ပိုင်း ညစ်ညမ်းပြက်လုံးတွေ အကြောင်းကိုတော့ တကူးတက ထည့်မပြောတော့ပါဘူး)
    ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကို အသိပေးချင်တာ တစ်ချိ့ ရှိပါတယ်။
    (က) သန့်ရှင်းတဲ့ အနုပညာကို တန်ဖိုးထား ဖန်တီးစေချင်ပါတယ်။
    (ခ) ဘာသာရေးဆန်တဲ့ ထိပါးပုတ်ခတ်မှု မပါဘဲလည်း ဟာသကား ရိုက်လို့ ရပါတယ်။
    (ဂ) ဇာတ်လမ်းအရ ဘာသာခြားအမည်တစ်ခုခုကို သုံးစွဲရမယ်ဆိုရင်လည်း သေသေချာချာ အရင်လေ့လာစေချင်ပါတယ်။
    (ဃ) နဖူးမှာ အစက်ရှိပြီး ဆာရီဝတ်ထားတဲ့ ကုလားမဆိုတိုင်း အစ္စလာမ်ဘာသာဝင် မဟုတ်ကြောင်းနဲ့ အစ္စလာမ့် အမည်နာမကို ရမ်းသမ်းမသုံးသင့်ကြောင်း သတိထားသင့်ပါတယ်။
    (င) သရုပ်ဆောင်တွေအနေနဲ့လည်း ဇာတ်ညွှန်းအရ အဲ့ဒီလို ပြောရတယ်ဆိုပေမယ့် တကယ်တမ်း အခြားဘာသာတရားတစ်ခုခုကို စော်ကားတဲ့ပုံစံမျိုး ဖြစ်နေတဲ့ ဇာတ်ဝင်ခန်းမျိုးဆိုရင် ရှောင်ရှားသင့်ပါတယ်။
    သန်ရှင်းသော အနုပညာရပ်ဝန်းကိုသာ အစဉ်မပျက်ခိုကွန်းချင်သည့်
    ——————–
    အိမ်ဝေးသူ(KZ)
    Online တွင် အောက်ပါလင်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
    Click Here
    ဆက်စပ် ပိုစ်ဖတ်လိုလျှင်
    ” ပါးစပ် porn သမားတို့ ဆင်ခြင်နိုင်ပါစေ”
    http://www.m-mediagroup.com/news/29073
  • ISIS နှင့် ပတ်သက်သည့် လုပ်ကြံထားသည့် ဓါတ်ပုံနှင့် ဗီဒီယိုများ မီဒီယာများတွင်ပြန့်နှံ့နေ
    ISIS နှင့် ပတ်သက်သည့် လုပ်ကြံထားသည့် ဓါတ်ပုံနှင့် ဗီဒီယိုများ မီဒီယာများတွင်ပြန့်နှံ့နေ
    သြဂုတ် ၁၅ ၊ ၂၀၁၄
    M-Media
    .လေးမောင် ဘာသာပြန်ဆိုသည်။
    isisarticle
    – ဆီးရီးယားနဲ့ အီရတ်နိုင်ငံ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး အစ္စလာမ့်မစ်နိုင်ငံတော် ကြေညာကာ တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတဲ့ ISIS အဖွဲ့ကို လူတွေ တော်တော်များများ သတိထားမိကြပါတယ်။
    ဒါပေမယ့် ဒီအဖွဲ့ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအဖြစ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေဟာ တကယ်တော့ လုပ်ကြံ ဖန်တီး ထားချက်တွေသာ ဖြစ်တယ်လို့ ဒီဓာတ်ပုံတွေကို လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တဲ့ FRANCE 24 အဖွဲ့ လေ့လာသူ ဂျာနစ်လစ်တွေက ထုတ်ဖော်လိုက်ပါတယ်။
    ISIS ခေါင်းစဉ်အောက်က ဂျီဟတ်ဝါဒီတွေဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို သတ်ဖြတ်တာမျိုးတွေ၊ အမျိုးသမီးတွေကို ကျောက်တုံးနဲ့ ပေါက်သတ်တာမျိုးတွေကိုလည်း သူတို့က ပြုလုပ်ကြပါတယ်။ မကြာသေးခင်ကပဲ အီရတ်မြောက်ပိုင်း မူဆိုးလ်နဲ့ ဆင်ဂျာကို သိမ်းပိုင်နိုင်ခဲ့တဲ့ ဒီအဖွဲ့ဟာ ယာဇီဒစ်လူမျိုးတွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေကိုလည်း မောင်းထုတ်ခဲ့ကြပြန်ပါတယ်။
    ကြောက်မက်ဖွယ်ကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက်လည်း ဒီ ISIS က သူတို့မှာ တာဝန်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ ဒီအဖွဲ့က လုပ်တယ်လို့ မှတ်ယူလို့ရတဲ့ တုန်လှုပ်စရာပုံရိပ်တော်တော်များများကို အွန်လိုင်းနဲ့ မီဒီယာတွေမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အများစုဟာ လုပ်ကြံဖန်တီးထားတာတွေပါပဲ။
    ယာဇီဒစ်တွေကို သုတ်သင်တဲ့ ဓာတ်ပုံဟာ အစစ်မဟုတ်
    ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အီရတ်က လူနည်းစု ယာဇီဒီဘာသာဝင် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို မီဒီယာတွေနဲ့ အွန်လိုင်း စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပုံကို ISIS နဲ့ ပတ်သက်တဲ့ ဆိုရှယ် စာမျက်နှာတွေက ပြီးခဲ့တဲ့ စနေနေ့ကတည်းက လွှင့်တင်ထားခဲ့တာဖြစ်ပြီး ဆီးရီးယားမှာ ရိုက်လာတာလို့လည်း ဖော်ပြခဲ့ပါတယ်။ Deir-Ezzor ဒေသမှာ ISIS ကို ပြန်တိုက်တဲ့ Chouitat မျိုးနွယ်စုက အမျိုးသားတွေရဲ့ ပုံပါပဲ။
    cropped520_erreur_execution_irak
    အမျိုးသမီးများကို ကျွန်အဖြစ် ရောင်းချသည်ဆိုသော ဓာတ်ပုံလုပ်ကြံထားခြင်းဖြစ်
    ISIS ဟာ စင်ဂျာဒေသကို သြဂုတ်လ အစပိုင်းက သိမ်းပိုက်ပြီးနောက်ပိုင်း ယာဇီဒီဘာသာဝင် အမျိုးသမီးတွေကို ကျွန်အဖြစ် ရောင်းစားကြတယ်လို့ အီရတ်ပါလီမန် အမတ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ၀ဘ်ဆိုက်တော်တော် များများက ဖော်ပြခဲ့ကြပါတယ်။ ဒီခေါင်းစဉ်နဲ့ အတူ အမျိုးသမီးတွေကို သံကြိုးတွေတုတ်ပြီး မျက်နှာဖုံးကာ တန်းစီ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း အင်တာနက် စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ပြောသလို ISIS က လုပ်တဲ့ ဓာတ်ပုံမဟုတ်ဘဲ လက်ဘနွန်တောင်ပိုင်း နာဘာတိုင်းမြို့မှာ ၂၀၁၃ ခုနှစ်က ရှီအာ အမျိုးသမီးတွေ ဘာသာရေးပွဲ အဖြစ် စီတန်း လမ်းလျှောက်တဲ့ပုံ ဖြစ်နေပါတယ်။
    esclaves
    နောက်ပြီး ဆီးရီးယားက အမျိုးသမီးတွေကို ဂျီဟတ်ဝါဒီတွေ ဒီလို ဆက်ဆံပါတယ်ဆိုတဲ့ စာသားနဲ့ ဒီပုံကိုပဲ ဆိုရှယ် စာမျက်နှာမှာ ဖြန့်ချီတာမျိုးလည်း ရှိခဲ့ပါတယ်။
    မူဆိုးလ်မြို့မှ စုပေါင်း လက်ထပ်ပွဲ ဗီဒီယို
    နောက်တစ်ခုကတော့ အီရတ်နိုင်ငံ မူဆိုးလ်မြို့မှာ ဇူလိုင်လအတွင်း စုပေါင်း လက်ထပ်ပွဲဆိုတဲ့ ဗီဒီယိုတစ်ခုကို မီဒီယာတွေက ဖော်ပြခဲ့တာပါ။ ISIS အဖွဲ့ဟာ အမျိုးသမီးတွေကို ဂျီဟတ်ဝါဒီတွေနဲ့ လက်ထပ်ဖို့ အတင်းအဓမ္မဆောင်ရွက်ခဲ့တယ်ဆိုပြီး ဒီ မီယာတွေက ဆိုပါတယ်။
    ဒါပေမယ့် ဒါဟာ ဆီးရီးယားက အစိုးရ ဆန့်ကျင်ရေး သူပုန်တစ်ဦးရဲ့ လက်ထပ်ပွဲ ဗီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လကတည်းက ထွက်ခဲ့တာပါ။ ဒီဗီဒီယိုရဲ့ စက္ကန့် ၂၀ မှာ မင်္ဂလာပွဲကို ဦးဆောင်ပေးသူက “ငါတို့ရဲ့ ညီအကိုနဲ့ မိတ်ဆွေဖြစ်တဲ့ သတို့သားကို ဂုဏ်ပြုပါတယ်” လို့ ပြောထားတာကို ကြည့်ခြင်းအား ဒီမင်္ဂလာပွဲဟာ စုပေါင်း လက်ထပ်ပွဲ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။
    http://youtu.be/sB47jF3cZdE
    ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့သည့် မူရင်း ဗီဒီယို ကလစ်
    http://youtu.be/AuYj1dHZ0qQ
    အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်ရမယ်ဆိုတဲ့ ဖသ်ဝါ အတု
    Doc-excision
    နောက်တစ်ခုကတော့ ISIS ဟာ  မူဆိုးလ်ဒေသက အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေ လိင် အင်္ဂါဖြတ်တောက်ရမယ်လို့ အမိန့်ပေးထားတယ်ဆိုပြီး ဇူလိုင်လနှောင်းပိုင်းလောက်မှာ အီရတ်နိုင်ငံမှာရှိတဲ့ ကုလ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဖသ်ဝါ (ဓမ္မသတ်) တစ်ခုကို အခြေခံပြီ ဒီသတင်းဟာ ထွက်လာတာပါ။ ဒါပေမယ့် ဒီဖသ်ဝါ အတုဟာ ဆီးရီးယားက အလစ်ပို၊ အဇ်အဇ်မြို့ အမည်တွေနဲ့ ထွက်ခဲ့တာဖြစ်ပြီး အွန်လိုင်းမှာ လပေါင်းများစွာ အရင်ကတည်းက ပြန့်နှံ့နေ ခဲ့တာဖြစ်ပါတယ်။
    ဒါတင်မကသေးဘဲ ISIS နဲ့ ပတ်သက်ပြီး အခြားသော ချဲ့ကားပြောဆိုမှုတွေလည်း အင်တာနက် စာမျက်နှာတွေမှာ ပြန့်နှံ့လို့နေပါတယ်။ ဥပမာအားဖြင့် နွားမ၊ ဆိတ်မတွေရဲ့ နို့အုံတွေဟာ မနှစ်မြို့စရာကောင်းတာကြောင့် ဒါတွေကို ဖုံးအုပ် ထားရမယ်ဆိုပြီး ISIS က လယ်သမားတွေကို အမိန့်ပေးခဲ့တယ် ဆိုတာမျိုးတွေပါ။ ဒီသတင်းဟာ မှန်ကန်ခြင်း မရှိဘဲ နို့အုံကို ဖုံးထားတဲ့ ဘယ်နွားမရဲ့ ဓာတ်ပုံမှလည်း ဆိုရှယ်မီဒီယာတွေပေါ် တက်လာခြင်း မရှိပါဘူး။ ကောလဟာလတွေကြောင့် ပြုပြင်ထားတဲ့ ဓာတ်ပုံပေါင်း များစွာဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန့်နှံ့ နေကြပါတယ်။
    သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ ISIS အဖွဲ့ဝင်ဟာ သူတို့နားလည်တဲ့ ပြင်းထန်တဲ့ ရှရီအာ ဥပဒေတွေကို ပြဌာန်းသတ်မှတ်ကြပါတယ်။ အရက်သောက်သူတွေ၊ ဆေးလိပ်သောက်သူတွေကို ကြိမ်ဒဏ်ရိုက်တာ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို သေဒဏ်ပေးတာမျိုးတွေပါ။ နောက်ပြီး သတ်ဖြတ်မှုတော်တော် များများအတွက်လည်း မိမိတို့မှာ တာဝန်ရှိကြောင်း ISIS က ၀န်ခံပါတယ်။ အီရတ် စစ်တပ်က ဖမ်းဆီးရမိတဲ့ ရှီယာစစ်သား ၁၇၀၀ ကို ဇွန် ၁၃ ရက်နေ့က တစ်ကရစ်မြို့မှာ သတ်ပစ်လိုက်တာမျိုးပါ။
    ISIS က သူတို့ရဲ့ မြို့တော်လို့ ကြေညာထားတဲ့ ရက်ကွာမြို့မှာ ဆီးရီးယား စစ်သားတွေကို ခေါင်းဖြတ်သတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို စာတိုက် တစ်ဆင့်ပို့ခဲ့ကြတယ်လို့ အမေရိကန် မီဒီယာတစ်ခု ဖော်ပြခဲ့ပါတယ်။ အဲဒီမြို့မှာပဲ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးနှစ်ဦးကို ISIS တွေက ဇူလိုင် လလယ်လောက်မှာ ခဲနဲ့ပေါက်သတ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါသေးတယ်။
    ၂၀၁၃ စက်တင်ဘာလောက်မှာလည်း ခရစ်ယာန် ဘုရားကျောင်းက ဘဲလ်သံတွေဟာ သူတို့ ဘုရားဝတ်ပြုတာကို နှောက်ယှက်နေတဲ့အတွက် ISIS အဖွဲ့ဝင်တွေက ခရစ်ယာန် ဘုရားကျောင်းနှစ်ခုကို ၀င်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
    ISIS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့လုပ်ရပ်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတွေတင်ပြီး ကြွားတတ်တဲ့ အလေ့အထ ရှိပါတယ်။ မကြသေးခင်ကပဲ သြစတေးလျက ဂျီဟတ်ဝါဒီ ခါလစ် ရှရူးဖ်ဟာ သူ့ရဲ့ Twitter စာမျက်နှာမှာ ၇ နှစ်အရွယ် သားဖြစ်သူ ခေါင်းပြတ်ကြီး ကိုင်ထားတဲ့ပုံကို တင်ခဲ့ပြီး “ဒါမှငါ့သားကွ” လို့ စာတန်းကိုလည်း ရေးသားခဲ့ပါတယ်။
    ပြင်သစ် မဟာဗျူဟာဆိုင်ရာ လေ့လာ စူးစမ်းရေး အင်စတီကျုက အစ္စလာမ့်မစ်ဆိုင်ရာတွေကို အဓိကထား လေ့လာနေတဲ့ သုတေသနပညာရှင် ဒေးဗစ် ရီဂေါ့ရို့ဇ်ကတော့ ISIS ဟာ သူတို့ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ မကြိုးစားဘူးလို့ ဆိုပါတယ်။ သူရဲ့ ပြောကြားမှုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    “ISIS က တိုက်ခိုက်ရေးသမားတွေဟာ တစ်ခုခုလုပ်တဲ့အခါ ယေဘုယျအားဖြင့်တော့ မဖုံးကွယ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့လုပ်သမျှကို တာဝန်ယူပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆက်သွယ်ရေး မဟာဗျူဟာကြောင့်ပါပဲ။ ဆိုရှယ်မီဒီယာတွေမှာ ကျွန်တော်တို့ကြည့်နေရတဲ့ ခေါင်းဖြတ်တဲ့ ဗီဒီယိုတွေ၊ ခေါင်းတွေကို စာတိုက် ကနေပို့တဲ့ ဗီဒီယိုတွေကို တင်ဖို့ သူတို့ဟာ မရှက်ကြပါဘူး။ ဒီလိုအသတ်ခံရသူတွေဟာ သူတို့ဆီ ဘက် မပြောင်းတဲ့ ဆီးရီးယားနဲ့ အီရတ်က စစ်သားတွေပါ။ သူတို့ဟာ ဒီလုပ်ရပ်တွေကို ထိတ်လန့်ကြောက်ရွံ့စေဖို့ ရန်သူကို စိတ်ဓာတ်တွေ ပျက်ပြားသွားစေဖို့ ရည်ရွယ် လုပ်ဆောင် တာသာဖြစ်ပါတယ်။
    သူတို့အဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေး ပုဂ္ဂိုလ်တွေဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်ပါတယ်။ ရုပ်ပုံတွေကို ဖန်တီး ထုတ်လုပ်ရာမှာ ကျွမ်းကျင်ကြတယ်။ ဥပမာအားဖြင့် ဆာလာအက်ဒင်ဒေသမှာ အီရတ်စစ်သား ရာချီကို မြေပြင်ပေါ်မှာ မတ်တပ် ရပ်ခိုင်းပြီး သတ်ဖြတ်တဲ့ပုံကို ကျွန်တော်တို့ သတိပြုမိမှာပါ။ ဒါဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက Holocaust လို့ခေါ်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ပြန်အမှတ်ရလာအောင် ဆောင်ရွက်တာပါပဲ။
    ဒီအဖွဲ့ဟာ ဆက်သွယ်ရေး ဗျူဟာနဲ့ ပတ်သက်ပြီး အသေးစိတ်ဆောင်ရွက်ထားတာပါ။ ဆိုရှယ်မီဒီယာ ကွန်ရက်တွေမှာ လုပ်တာကိုင်တာတွေ ကျွမ်းကျင်ပြီး မဂ္ဂဇင်းတွေတောင် ထုတ်ကြပါတယ်။ ဒီမဂ္ဂဇင်းတွေမှာ ကာမီကာဇီ စစ်ဆင်ရေးတွေကို သူတို့ ဘယ်လို ဆောင်ရွက်တယ်ဆိုတာကို ဖော်ပြထားတပါတယ်။
    ခရစ်ယာန်နဲ့ ရှီယိုက်တွေကိုတော့ သူတို့က မိတ်ဆွေတွေလို့ သတ်မှတ်ပါတယ်။ ဒေသတစ်ခုကို သူတို့ သိမ်းပြီးပြီးချင်း ခရစ်ယာန်နဲ့ ရှီယိုက်တွေကို ဂျစ်ဇယာ အခွန်ပေးဖို့ အမိန့်ပေးပါတယ်။ ရုပ်ထု ဆင်းတု ကိုးကွယ်သူလို့ သူတို့ မှတ်ယူထားတဲ့ ယာဇီဒစ်တွေကိုတော့ မကောင်းဆိုးဝါးလို့ သတ် မှတ်ပြီး သတ်ပစ်ကြတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလူတွေကို သတ်ခြင်းဟာ လုပ်ပိုင်ခွင့်ရှိတယ်လို့ သူတို့က ယူဆထားတာကြောင့်ပါ”
    OIC ၊ နိုင်ငံတကာ မွတ်စလင်မ် ပညာရှင်များ သမဂ္ဂ (IUMS) ကဲ့ သို့ မွတ်စလင် ကမ္ဘာမှ ပညာရှင်နှင့် ခေါင်းဆောင်များကတော့ ISIS ရဲ့ လုပ်ရပ်တွေကို ရှုတ်ချ ဆန်ကျင်ထားကြပါတယ်။
    ပြင်သစ် သတင်းဌာန france24 တွင် ဖော်ပြသည့် သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် မြန်မာဘာသာ သို့ပြန်ဆိုပါသည်။
  • ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့
    ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁
    M-Media
    ဆောင်းပါးရှင်- မောင်သဲနီ
    ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ၀န် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ် ။ အဲဒီတံတား ဟာဒီကနေ့ မြန်မာ ပြည်ရဲ့ ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံတားအဖြစ် ကျွန်တော်တို့ ဂုဏ်ယူ ၀င့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ ပသေဒ ဆွဲဆောင် ခြင်းခံနေရတဲ့ နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။ ဒါသမိုင်း ၊ အမွေ၊ မြန်မာယဉ် ကျေးမှုအ မွေ တစ်ခုပါ။ ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။
    ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖေါ်ရေးသားကြပါတယ်။ အဲဒီလိုရေး တဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာ ဘုရင် နဲ့ မြန်မာဘုရင် ရဲ့မြောက်စား ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ ရဲ့စွပ်စွဲ နှိမ်ချရေးသာချက်တွေကို အထောက် အကူ ပြုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက် အတော်ပဲဝမ်းနည်းကြေကွဲရပါတယ် ။ ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူ နေရတဲ့ အဆင်ရောက်ရ တဲ့ ဦးပိန် တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက် ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာလည်း တွေ့ရတက်ပါတယ်
    .. မြို့ဝန်ကုလား ဘိုင်ဆပ် တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင် အရယူဖို့ကြံစည် ထားတယ်… လို့စွပ်စွဲ ထားချက်ကို ဖေါ်ပြလေ့ရှိပါတယ်။
    အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င် ၊ ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း လုံးဝမပါပါဘူး။ စာဖတ်ပရိသတ် များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။
    အဲဒီတံတားကြီး မဆောက်ခင် အသာဖယ်ယာ ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက တောင်သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ နန်းတော်မြို့ရိုးအထိ ပေါက်ခဲ့တယ် ။ ဆိုတဲ့ သမိုင်းကြောင်းရှိဘုးတယ်။ ဒီ ဦးပိန် တံတား ဆောက်ပြီးနောက်မှာ တော့ နယ်ချဲ့ သင်္ဘောတွေ ဟာ နန်းတော်ဦးထိ မရောက်နိုင်တော့ပါဘုး။ ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။
    (အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်လောကမှာ မြန်မာ့ သမိုင်း နှင့်ပတ်သက်ပြီး လေးစားခံရတဲ့ဆရာကြီး ပသီဦးကိုကိုလေး ၏ ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)
    ဤသို့ နယ်ချဲ့ အန္တရယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင် ကိုတစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ လူများစီးပွားရေး အတွက်ကုန်ပစ္စည်းများ ၀ယ်ယူ ဖြတ်သန်း သွားနိုင်ရန်အတွက်အမျှော် အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
    ( တက္ကသိုလ် နေ၀င်း ဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ )
    မြို့စာရေးဦးပိန်သစ်သား တံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၄) အမရပုရမြို့အကြောင်း မှာ-
    ပုဂံမင်း လက်ထက်က မြိုစာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်း တည်းထားခဲ့သော ကျောက်တော်ကြီးဘုရားရှိသည်။ …လို့ဖေါ်ပြထားတော့ အစ္စလာမ် ဘာ သာ ၀င် တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန် ဟာစေတနာအလျောက် တံတား ဆောက် လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ ရွာများက မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ လွယ် လင့် တကူ အန္တရယ်ကင်းရှင်စွာနဲ့ ဘုရားဖူး သွားနိုင်ပါစေ ဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ် သူမှ မငြင်းနိုင်ပါဘူး ။ မြန်မာစွယ်စုံကျမ်း လိုခိုင်မာတဲ့ ကျမ်းကြီးက ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။
    မြို့စာရေးမင်း ဦးပိန် ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတည်းသာမက ဦပိန်သည် စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီးတံတား ဟင်္သာတံတား ၊ ပန်ဘဲတဲ့တား၊ ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊ ကုက္ကိုင်တံတား များကိုလည်း ဆောက်လုပ်ခဲ့ပါသည်။ တံတားများဆောက်လုပ်၇န် လိုအပ်သော ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန် ပန်းဘဲရွာ နှင့် လက်သမားရွာ ကိုလည်း တည်ပေးခဲ့ပါသည်။
    နောက်စွပ်စွဲချက်တစ်ခုရှိသေးတယ် .။ အမရပူရ မြို့သစ်တည်တဲ့အခါ အင်းဝနဲ့ စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ အိမ်တော်ဟောင်းတွေ ၊ ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန် တံတားကြီးမှာ အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲ ချက် ။ ထိုစွပ်စွဲချက် ပါးစပ်စကား သည် လုံးဝယုတ္တိမရှိပေ။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏ အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။ တံတားဆောက်၇ာတွင် သုံးသည် ဟုဆိုလျှင် မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျ ဘုရင် လာခွင့်ပြုမည် မဟုတ်ပါ.။ နန်းတော်တိုင်သည် လူကြီး တစ်ပိုက်ကျော်ကျော် ရှိပါသည်။ ဦးပိန်တံတားမှာ လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။ နန်းတော်ကို မမြင်ဖူး သော မန္တလေးသား မဟုတ်သည့် သမိုင်းဆရာတစ်ချို့ ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့ မောင်မောင်ခင် (BSc. Dip Ed )က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းမှာ ရေးသားထားပါတယ် ။
    ဦးပိန်သည် တံတားများဆောက်လုပ်၇န် အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။ အဟောင်းများ မပါပဲ သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက် အင်္ဂလိပ်သံမှူး ဟာင်နရီ ယူးက ဦးပိန်တံတား ကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။ တံတားကြီးသည် အသစ်စက်စက် ဖြစ်ပြီး ကျွန်းဝရန်တာ နှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျဖေါ်ပြထားသည်။ …လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်ဗြိတိသျှ ) စာအုပ်မှာ ရေးသားထားပါတယ် ။ ဒါကြောင့် စွပ်စွဲချက် ဟာလည်း အခြေအမြစ်မရှိပါဘူး။
    နောက်စွပ်စွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ် က သူရဲ့ရဲစွမ်း သတ္တိကြောင့်မြို့ဝန်ဖြစ်လာတာ မဟုတ်ပါဘူး ။ သူကကြက်တိုက် ငှက်တိုက် နွားတိုက်၊ ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ဝန် ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့ ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ ပါသေးတယ်…
    အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့ မြို့တော်ဝန်တစ်ဦးကို တာဝန်ပေးရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန်ရွေးမှာမဟုတ်ပါဘူး ။ မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက် တော်ရုံတန်ရုံ အရည်အချင်းနဲ့ စြဖ်နိုင်မှာမဟုတ်ပါဘုး ။ ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာအရေးကို ကိုနှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ ရဲ့လေသံမျိုးဖြစ်နေပါတယ် ။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့်တွေဟာ သာမန်မဟုတ်ပါ့ဘုး .။
    သူတို့မှာအဆင့်ပေါင်းများစွာ ကိုကျော်ဖြတ်ပြီးမှ အဲီးနေရာကိုရောက် ရတာပါ။ မြန်မာနန်းတွင်း အမှုထမ်းတွေမှာ အရည်အချင်း သတ်မှတ်ချက်တွေရှိပါတယ် ။ သေဖေါ်ရှင်ဖတ် ငါးယောက်တစ်စု ကို တစ်အိုးစားလို့ခေါ်ပါတယ်။ နှစ်အိုးစားကို အကြပ်တစ် ယောက်ထား ပါတယ် ။ အကြပ်ငါးယောက် ပါတဲ့အိုးစားအစုကို သွေးသောက်တစ်ယောက် ထားပါတယ် ။ သွေးသောက်နှစ်ယောက် ကိုတပ်မှုး တစ်ယောက်ထား ပါတယ် အဲဒီတပ်မှူးငါးယောက် ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ် တစ်ယောက် ထားတယ်။
    အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ်ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ဝန် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့ မြို့ဝန်ရာထူးကို လွယ်လွယ် ခန့်လိုက်တယ် ပြောတာဟာ ဘုရင်ကို အရည်အချင်းမဲ့ သူအဖြစ် စွပ်စွဲလိုက်တာ သာဖြစ်ပါတယ်။ဒါကြောင့် သမိုင်းဆရာ ဒေါက်တာ ကျော်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာမျက်နှာ ( ၃၇၄ ) မှ ပုဂံမင်း ( ၁၈၄၆- ၁၈၅၂) နဲ့ပတ်သက်ပြီး ထီးနန်း ကိုသာယာဝတီမင်း ၏ သားတော်ကြီးပုဂံမင်းက ဆက်ခံလေသည်။ ပုဂံမင်း လက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင် ရာဇ၀င် တွင်ပုဂံမင်းကို ရှေးအစဉ်အလာ မင်းများကဲ့သို့ မင်းဖြစ် သည်ဟု ဖေါ်ပြထားသည်။
    ပုဂံမင်းသည် စတုတွင် ဆည်မြောင်း၊ ကန်ချောင်းများ ကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်ထားသည့် သာသနာဘောင် သို့ ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။ ညောင်ရွှေစော်ဘွား ၏သမီးတော် နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစု သည်ဟု ပါ၇ှိလေသည်။ လိုပုဂံမင်း ကောင်းကြောင်းေ၇းသားထားချက်များကိုတွေ့ရှိနေပါတယ်။ နိုင်ငံခြားသား များက ပုဂံမင်း၏ အကြောင်းကိုပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲလေသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့် အချက်ကား ပုဂံမင်းသည် တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည် ဟုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုး ကိုဆောင်ရွက်ခြင်း မပြုဟု လည်ကောင်း ဆိုကြသော အချက်ဖြစ်လေသည်။ တိုင်းရေးပြည် ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက် တန်ခိုးအာဏာ ကိုအလွဲသုံးစား ၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။
    နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ ကအမျိုးသားကောင်း အမျိုးသမီးကောင်းတွေ မှာ အသက်သေတဲ့ သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာ တောင်အ၇ှက်ကွဲခဲ့ရတယ် ဆိုတဲ့စွပ်စွဲချက်ပါပဲ။
    ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်
    မြန်မာရာဇ၀င်တွင် အာဏာ အတွက်အဖေကိုသားသတ် ၊ သားကိုအဖေသတ် ၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသော နန်းတွင် ရေးရာ မှာမင်းညီမင်းသား သို့မဟုတ် ဘုရင် တစ်ပါး ပါးရဲ့ သစ္စာတော်ခံအဖြစ် တာဝန်ထမ်းဆောင် ရတာ လွယ်ကူတာ တော့မဟုတ်ပါဘုး။ အဲဒီအခြေအနေ တွင်ဦးဘိုင်ဆပ် တို့ အမှုတော် ထမ်းခဲ့ရတဲ့ ဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရ သကဲ့သို့ အန္တရယ်များလှပါတယ် ။ ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ် နှင့်မြို့စာရေး ဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းပါ သမိုင်း သုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲရာဇ၀င် အဆောင်ဆောင်မှ မွှေနှောက် စုစည်းထားသော ရွှေမြို့တော်ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် စွပ်စွဲချေပချက် မှ ထုတ်နှုတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။
    မြို့တော်ဦးဘိုင်ဆပ် ၊ဦးပိန် နှင့်ပုဂံမင်းတို့သည်။ ငယ်စဉ်က တောင်သမန်အင်း အနောက်ထိပ်ရှိ ဘုန်းတော်ကြီး ကျောင်းတွင် စာအတု သင်အံခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား ၏ယုံကြည်ချက် သဒ္ဒါ ရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား တေနရလေသည်။ သာယာဝတီမင်း သည် မိမိ၏ သားကြီး ပြည်မင်းသား အားဒဂုံမြို့မှအပြန်အ ထင်မှားပြီး သာယာဝတီ မင်း၏ မိဖုရား မမြကလေး၊ ပြည်မင်းသား နှင့်မြေးတော် ကလေးများသည် မင်းမိန်ဖြင့် အကွပ်မျက်ခံရလေသည်။ ပြည်မင်းသား အသတ်ခံရပြီးနောက် သာယာဝတီ မင်းနတ် ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော်အရိုကအရာ ကို ဆက်ခံခဲ့လေသည်။ ပုဂံမင်းသည် မိမိနန်းတက် သောအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ် ကတည်းက ပင်သိရှိပြီးဖြစ် ၍ မြို့တော်ဝန်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော် အတွင်းနှင့်မြို့ပြင် နျစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင်ဖြစ်သည်။
    မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အမရပူရ မြို့တော်တွင် ဘုန်းတော်ကြီး ကျောင်းများအနက် ရှားရှားပါးပါး အုတ်တိုက်ကျောင်း ကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက် ရာတွင် တိုင်းသူပြည်သား နှင့်မင်းမှုထမ်းများ အပေါ်ခြားနားခြင်း မပြုဘဲ မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။ ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံ ရလေသည်။ နေပြည်တော် ၌ ပြည်မင်းသားသစ္စာခံ ဘက်တော်သားများက လည်းရှိနေပါသည်။ ပုဂံမင်း ၏ သစ္စာခံ ဘက်တော် သားအပေါ် မလိုမုန်းထား မှုများလည်းရှိကြပေမည်။
    ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည် လည်းကျမ်း တော်ရွက် သစ္စာ တော်ခံ တစ်ဦး ဖြစ်သည်နှင့်အညီ စေသည့် ကျွန် ၊ထယ်သည့်နွား ကွဲသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်ခံများအားလုံး မှာလည်း အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်အခံအားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် တို့ကို မလိုမုန်း တီးကြပေမည်။ ၄င်းတို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်း လူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်တံတား ဒါယကာ ဦးပိန်တို့ကို အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်း ကိုလွယ်လင့်တကူ ရရှိပေမည်။ ကနောင်းမင်းသား ၏နောက်လိုက် အဖွဲ့များသည် လည်းပုဂံမင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။
    ဤအခြေအနေတွင် ဦးဘိုင်ဆပ် တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။ ယင်းသည် အခြားမဟုတ်၊ ပုဂံမင်း မိဖုရား၏ မောင်တော်ဦးကျောက်လုံး တို့အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှဖြတ် ချ ၍ မိမိမြို့ဝန်ဖြစ်လိုသည်.။
    တစ်နေ့ ဦးဘိုင်ဆပ်သမီး ကို ဦးကျောက်လုံးက ခိုးယူပေါင်းသင်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှု ကို မင်းကြီးအား တိုင်တန်း ရန်နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရား ကြီးက မိမိ ၏ မောင်တော် ဦးကျောက်လုံး မယား လိုလားမှုကို ပုဂံမင်းအား ကြိုတင် လျှောက်ထားခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်း ရှေ့တော်သို့ ရောက်၇ှိလာသောအခါ ဘုရင်က အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး ၏ ယောက္ခကြီးနောက် ကျလှချည်လား …ကျီဆည် တော်မူ ခဲ့လေသည်။ ဦးဘိုင်ဆပ် နှင့်မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင်ပတ်သက်ပြီး တစ်ဦးနှစ်တစ်ဦး ကျားနှင့်ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။
    ထိုအတောအတွင်း မင်းမှု ထမ်းနာခံတော်ဦရွှေရ သမီး မနစ်ကို ရွှေနားဋောင်း အမှုနှင့် ချုပ်ထားခဲ့ရမှနာခံတော် ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနစ်အား လက်မဖောက်တန်း အချူပ်ထောင်မှ လွှတ်ပေးခဲ့လေသည်။ ဒုတိယအကြိမ် မနစ်ကို ဥိကျောက်လုံး ၏ အစ်မတော်မိဖုရားကြီးက သောက်တော်ရွှေ ဖလား တစ်လုံး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနစ်က ကိုယ်လုပ် တော်တစ်ပါး ခိုးယူထားကြောင်းချေပခဲ့သည်။ မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရား ငယ်တစ်ပါး ခိုးဝှက်ထား သည်ဟူ ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်လေသည်။
    တစ်နေ့ ပုဂံမင်းတ ရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော် မူနေရာ မှရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ် ထံကြွမြန်း တော်မူခဲ့ လေသည်။ ဦးဘိုင်ဆပ် သည်ရွှေဖလား ပျောက်ဆုံးမှု ကိုစုံစမ်းရန် ကိုယ်လုပ်တော် မိဖုရား ငယ်ထံ ၀င်ရောက်ခဲ့ လေသည်။ စစ်ဆေး မေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရား ကြီးရုပ်စုံ သဘင် ကြည့် တော်မူနေရာ မှရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည် မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင်တိုင်ကြားပေမည်။ နောက်ဆုံးကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ ဦးဘိုင်ဆပ် ၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန် ၊ငရှင်ကလေး ၊ ငကျားကြီး၊ ငကြံ တို့ကွပ်မျက် ခြင်းခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်း ကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း အင်းဝရောက် သံ တွင် ဖေါ်ပြထားပါသည်။
    ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံ ရခြင်းရဲ့ အဓိက အချက် များသာဖြစ်ပါတယ်
    မင်းလိုလိုက် မင်းကြိုက် ဆောင်ရာတွင် အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။ သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း ဖြင့် ဦးဘိုငဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘကတော်သား ဆူးငြောက်ခုတ် အားလုံးကို တောရှင်း ထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ နိုင်ခဲ့လေသည်။
    မှားယွင်းတဲ့အကိုးကား တွေ ထင်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက် တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။
    ၁၉၉၈ ခုနှစ် ၊သြဂုတ် လထုတ် ရနံသစ်မဂ္ဂဇင်းမှာ မောင်ဝမ်းဆန်း (သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊တောင် သမာန်အင်းဖြတ် ဦးပိန်တံတား အကြောင်းတစ်လွဲတွေ ရေးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေး တစ်ခုရေးပေးဖုးတယ်။ အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်း ဂျာနယ်မှာ ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။သမိုင်းတစ်ခေတ်မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်အလာ အရရေး သားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထားေ၇းသားလာကြတော့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ် ။
    ဒါကြောင့် ဘယ်စာရေး ဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံသားမြန်မာ မွတ်စလင် အကြောင်း ရေးတော့မယ်ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင်တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့ေ၇ွှမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့ ၏ အထ္တုပတ္တိ စာအုပ်အပါအ၀င် ဆရာချယ် တို့ပသီဦးကိုကိုလေး တို့လို သမိုင်း သုတေသီ တွှေရဲ့စာအုပ် တွေကိုလည်း လေ့လာပြီးမှ ရေးသား သင့်ကြပါတယ် ။ ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ ပါ ဖြစ်ကြောင်း တင်ပြရင်း………..
    စာရေးဆရာ မောင်သဲနီ တင်ပြသည်။ မွတ်စလင်သတင်းစဉ် မှကူးပါသည်။
    မှတ်ချက်- ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁ တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။