News @ M-Media
Category: Media To Monitor
  • အင်တာပိုလ် ဖော်ထုတ်သည်ဆိုသော ရန်ကုန်ဝင်မည့် အကြမ်းဖက်သမားသတင်း ရဲတပ်ဖွဲ့ငြင်း
    ဧပြီ ၃၀၊ ၂၀၁၄
    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။
    ထက်နိုင်ဇော်|
    10334337_702479689795929_2222182492558751358_n
    ရန်ကုန်သို့ အကြမ်းဖက်သမားများ ၀င်ရောက်ရန် ကြံစည်နေမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က ဖော်ထုတ်နိုင်ခဲ့ သည် ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။
    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက် အဖွဲ့တချို့က ကြံစည်ထားခြင်းကို အင်တာပိုလ် က ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြည်တွင်းထုတ် ဒီမိုကရေစီ တူဒေး သတင်းစာက ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားထားသည့် သတင်း ဖော်ပြချက်သည် မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာန က ငြင်းဆိုခြင်း ဖြစ်သည်။
    “အင်တာပိုလ်က မပေးတဲ့ သတင်းကို အင်တာပိုလ်က ပေးတယ်ဆိုပြီး ထည့်ရင်တော့ ကျနော်တို့ နိုင်ငံအတွက် ပြဿနာ အများကြီး ရှိတယ်။ အင်တာပိုလ် Channel က ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တိုက်ရိုက် မဆိုင်ဘူး။ နိုင်ငံတကာ ရဲအဖွဲ့ ဖြစ်တဲ့အတွက် ကျနော် တို့ ရဲနဲ့ပဲ ဆိုင်တာ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့်က ဧရာဝတီသို့ ပြောသည်။
    အင်တာပိုလ် သတင်းဟု အမည်တပ်ခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စိုးရိမ်မှု ရှိကြောင်း၊ အင်တာပိုလ် သည် မှုခင်းဆိုင်ရာ သတင်းများကို အဖွဲ့ဝင် နိုင်ငံများကြား ဖလှယ်ရာတွင် ထိုကဲ့သို့ သတင်းမျိုး ပေးလေ့မရှိကြောင်း၊ ဖြစ်ပြီးသား မှုခင်းသတင်းများကိုသာ အချက်အလက်ပြည့်ပြည့်စုံစုံ ပေးလေ့ရှိကြောင်း၊ ထို့ကြောင့် အင်တာပိုလ်နှင့်သက်ဆိုင်သော သတင်းများ ဖြစ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့သာ ဆက်သွယ် အတည်ပြုသင့်ကြောင်းလည်း ရဲမှူးကြီး က ပြောဆိုသည်။
    ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် အင်တာပိုလ် တို့ ပူးပေါင်းဖော်ထုတ်ချက်အရ အစွန်းရောက် အဖွဲ့တချို့သည် ယင်းအစီအစဉ်ကို လတ်တလောအနေဖြင့် ကြံစည်ခြင်းသာဖြစ်ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော် ရန် ကြံစည်နေမှုများကို စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိခဲ့သော်လည်း ကြံစည်သူတချို့မှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးအား ကိုးကား ဖော်ပြထားသည်။
    “အင်တာပိုလ်က အကြောင်းကြားတယ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွယ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို မကျေနပ်လို့ လုပ် မယ့် ပါကစ္စတန်က အစွန်းရောက်တချို့ကို တားဆီးနိုင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြားထားလို့ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေကိုလည်း စနစ်တကျ လုပ်ဖို့ ညွှန်ကြားထားပါတယ်”ဟု ပြည်ထဲရေး အရာရှိက ပြောကြောင်း
    ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါရှိသည်။
    ရဲမှူးကြီး အောင်ဌေးမြင့်ကမူ“သတင်းစာမှာ ရေးတဲ့အတိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်ဆိုရင် ဘယ် သူလဲ လို့၊ နောက် လေကြောင်း ရဲတပ်ဖွဲ့ဆိုတာလည်း ပါသေးတယ်၊ လေကြောင်း ရဲတပ်ဖွဲ့နဲ့လည်း ဒီသတင်းက မဆိုင် ဘူး”ဟု ပြောသည်။
    မကြာသေးမီက ပြည်တွင်းရှိ သတင်းစာ တစောင်ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တဆင့် အကြမ်းဖက်သမားများ ၀င်ရောက်လာပြီဆိုပြီး အင်တာပိုလ်ကို ကိုးကား၍ ရေးသားခဲ့သည့်အပေါ် အင်တာပိုလ် က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ဖြေရှင်းချက် လှမ်းတောင်းခဲ့ကြောင်း၊ အင်တာပိုလ်က ပေးသည့် သတင်းများမှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြစ်မှု ကျူးလွန်သည့် ရာဇ၀င် လူဆိုးပေါင်း ၁၈ သန်း ၏ အချက်အလက်များ၊ Passport Data များ ၊ လက်ဗွေ Data များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်း ဌာန မှ သိရှိရသည်။
    “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကင်မရွန်းနိုင်ငံက ၃ ယောက် လေဆိပ်ကို ရောက်လာတယ်၊ ကိုရီးယားကနေ ဖြတ်ထွက် လာ ကတည်း က မြန်မာပြည်ကို အင်တာပိုလ်က လှမ်းပြောထားပြီးပြီ၊ ဘယ်သူတွေ ၊ ဘာလုပ်နေတာ၊ ပြီးရင် အမေရိကားကို ဗီဇာ အတုနဲ့ ခိုးဝင်မှာ ဆိုပြီး ပြောတယ်၊ ဆိုတော့ လေဆိပ်ရောက်တာနဲ့ လုံးဝ အ၀င်မခံဘဲနဲ့ ပြန်လွှတ်လိုက်တယ်”ဟု ရဲမှူးကြီး အောင် ဌေးမြင့်က ပြောသည်။
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းခေါင်ကလည်း ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ၀င်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည် အများဆုံးရှိရာ ဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
    Link =>http://burma.irrawaddy.org/news/2014/04/30/58221.html
    ဓါတ်ပုံ-ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ ဖြစ်ပါသည်။
  • အင်တာနက် လွတ်လပ်ခွင့်ဟာ ကျိန်စာလား … အခွင့်အလမ်းလား…
    ဧပြီ ၁၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ-O’Laie Manzu
    5-4-2014
    တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ အကြမ်းဖက်ရန် လှုံဆော် ရေးသားမှုများ
    တူနီးရှား သမ္မတဟောင်း Zine El Bindine Ben Ali ဟာ ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှာ သူ့နိုင်ငံကနေ ထွက်မပြေးမီ “ဆင်ဆာ တားမြစ်မှုတွေအားလုံး ပယ်ဖျက်ပေးမယ်” လို့ ကတိပေးတဲ့ မိန်ခွန်း ၇ မိနစ်ကြာကြာပြောကြားခဲ့ပါတယ်။ ကာလအတန်ကြာ ထိန်းချုပ်ထားတဲ့ အင်တာနက်ကြီးကလည်း သူကတိပေးပြီး နာရီပိုင်း အတွင်း ဖွင့်ပေးလိုက်တဲ့ အတွက် တူနီးရှားပြည်သူတွေ လွတ်လပ်စွာ အင်တာနက် အသုံးပြုနိုင်ခဲ့ပါတယ်။
    ဒီလိုအပြောင်းအလဲကတော့ ရှားပါးတယ် လို့ ဆိုနိုင်ပါတယ်။ Reporters without Borders ကထုတ်ပြန်တဲ့ “အင်တာနက် ရန်သူများ” အစီရင်ခံစာမှာ ‘အကယ်လို့နိုင်ငံ တစ်နိုင်ငံက အင်တာနက်ကို ထိန်းချုပ် လိုက်ပြီဆိုရင် တော်ယုံနဲ့တော့ လျော့ပေါ့ပေးလေ့ မရှိဘူး’ လို့ ဖော်ပြထားပါတယ်။
    တရုတ်၊ အီရန်၊ ဥဇဘက်စ္စတန် နဲ့ စာရင်းရှည်ကြီးထဲက အခြားနိုင်ငံ တွေကလည်း ပို မကောင်းလာတဲ့အပြင် တနေ့တခြား ပိုမိုဆိုးရွားလာနေပါတယ်။ ဒါပေမယ့် ပထမဆုံးသော အင်တာနက်ကို စတင် ပိတ်ပင်ခဲ့တဲ့ မော်လဒိုက် နဲ့ နီပေါ နိုင်ငံတို့ကတော့ အီဂျစ်နိုင်ငံက အင်တာနက် ထိန်းချုပ်မှု ပြန်ပြီး မလျော့ပေါ့ပေးခင် ကတည်းက ပိတ်ပင်တာတွေကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ မော်ရိုကိုလည်း ဒီအတိုင်းပါဘဲ။
    တူနီးရှားလိုဘဲ မြန်မာနိုင်ငံဟာလည်း အာဏာရှင် အုပ်ချုပ်ရေးကို ကျောခိုင်းပြီး ဒီမိုကရေစီ စနစ်ဆီကို ခြေလှမ်းသစ်တွေနဲ့ တဖြည်းဖြည်း ချီတက်လာနေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကနေ ပြည်သူ့ အုပ်ချုပ်ရေး ကို စတင်ပြောင်းလဲလာခဲ့ပါတယ်။ နောက် တစ်နှစ်လောက် အကြာမှတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးလို့ ဆိုရနိုင်တဲ့ သတင်းမီဒီယာတွေနဲ့ အင်တာနက် အပေါ် ထိန်းချုပ်မှုကြီးကို ပယ်ဖျက်ခဲ့ပါတယ်။
    ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။
    အခုတော့ မြန်မာပြည်သူတွေဟာ အွန်လှိုင်းပေါ်မှာ ဖွင့်ချင်တာဖွင့်-ကြည့်ချင်တာကြည့်လို့ ရနေပါပြီ။ ပြည်ပရောက် သတင်းအဖွဲ့အစည်းတွေလည်း ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြပြီ။ သူတို့ အွန်လိုင်းက လွှင့်တင်နေတာတွေကိုလည်း ပြည်တွင်းမှာ ဖွင့်ယူကြည့်ရှုနိုင်ပြီ။ တချိန်က ပိတ်ပင်ထားတဲ့ အီးမေလ်းတွေ၊ ဆိုရှယ် မီဒီယာတွေလည်း အင်တာနက်နှေးကွေးနေတာတောင်မှ တော်တော်လေး ခေတ်စားလာပါပြီ။ သန်းချီတဲ့ အင်တာနက် အသုံးပြုသူတွေ အနက် ၈၀ ရာခိုင်နှုန်းကျော်ခန့် အကြားမှာ ဖေ့စ်ဘွတ်က တော်တော်လေးကို ခေတ်စားနေပါတယ်။
    မုန်းစကားတွေရဲ့ နှောက်ယှက်ဒဏ်
    ဒါပေမယ့် ဒီလွတ်လပ်ခွင့်တွေ အတူ ပေးဆပ်ရတာတွေ ရှိပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ မွတ်စလင် လူမျိုးစုအပေါ် အမုန်းပွားစေတဲ့ မှတ်ချက်တွေက အွန်လိုင်းမှာ ပြန့်လွင့်နေတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က New York Times က ဖော်ပြခဲ့ပါတယ်။ ၂ နှစ်လောက်အကြာမှာ အစိုးရကိုယ်နှိုက် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာ မွတ်စလင် လူမျိုးစုနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား တင်းမာမှုတွေ ပိုဆိုးလာသလို အွန်လိုင်းမှာလည်း အချေအတင်ဖြစ်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို ဖယ်ရှားပြစ်ဖို့ တောင်းဆိုတာတွေ   လူမှုကွန်ရက်တွေပေါ်မှာ ပေါ်လွင်လာခဲ့ပါတယ်။
    ဖေ့ဘွတ်တွေပေါ်မှာ အမုန်းပွားစေတဲ့ မှတ်ချက်တွေနဲ့ ဝါဒဖြန့်တာကို အခကြေးငွေယူပြီး အလုပ်တစ်ခု အဖြစ် လုပ်ကိုင်နေကြတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေသလို အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းသွားအောင် ငြိမ်းချမ်းရေး စကားတွေနဲ့ မျှမျှတတ ဖျန်ဖြေပေးနေတာတွေလည်း လူမှုကွန်ယက်မှာ  ပြန့်နှံ့နေပါတယ်လို့ အချို့က ထောက်ပြကြပါတယ်။
    မကြာသေးမှီက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံက သတင်းမီဒီယာတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ က စာနယ်ဇင်းသမားတွေကို တွေ့ဆုံပြောကြားခဲ့ရာမှာ ‘အတိုင်းအတာ တစ်ခုအထိဘဲ လွတ်လပ်တယ်’လို့ ယေးယေးလေး သုံးသပ်သွားပြီး ‘စာနယ်ဇင်းသမားတွေက  အမှန်တရားဖက်ကို ရပ်တည်ဖို့လိုအပ်တယ်’ ဆိုတာကိုဘဲ ဇောင်းပေးပြောဆို သွားခဲ့ပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ အခက်အခဲနဲ့ ပါတ်သက်ပြီး မေးမြန်းရာမှာ ဝိုးတဝါးသာဖြေကြားခဲ့ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီးတယ်ဆိုတဲ့ ဖက်ကို ဦးလှည့်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး တစ်ချက်လေးတောင် မပြောခဲ့ပါဘူး။
    မြန်မာနိုင်ငံက သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုင်ရာ ဆွေးနွေးမှုတွေ ပိုပြီး ရှုပ်ထွေးနေတယ်ဆိုတဲ့ အထဲမှာ ဒေါ်စုရဲ့ မှတ်ချက် တွေလည်းပါ ပါတယ်။ ပြောဆိုရတာ အခက်အခဲရှိတယ်ဆိုတဲ့ ကိစ္စတွေကို တုန့်ပြန်ဖြေရှင်းတဲ့ အကောင်းဆုံးနည်းနာကတော့  အကျယ်တဝန့် ထုတ်ဖော်ပြောဆိုဖို့ဘဲ ဖြစ်တယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်။ ဒါပေမယ့် အတိုက်အခံခေါင်းဆောင် ကိုယ်နှိုက်က အငြင်းပွားစရာ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ပြောဆိုမှု ပိတ်ပင်နေတာကို မကျော်လွားနိုင်ဘူးဆိုရင်တော့ ပြောဆိုဖြေရှင်းတဲ့ နည်းဗျူဟာက သိပ်ပြီး  အလုပ်ဖြစ်ပုံ မပေါ်ပါဘူး။ ဆင်ဆာဖြတ်တယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ဖုံးအုပ်ထားနိုင်တယ် ဆိုပေမယ့် ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ပိုပြီး ခက်ခဲတက်ပါတယ်။
    စာနယ်ဇင်းပါမောက္ခ Dr. Cherian George က အမုန်းစကားတွေ တားမြစ်တဲ့ ကိစ္စတွေနဲ့ပါတ်သက်ပြီး စာပေ အမြောက်များရေး ခဲ့ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ရှေးရိုးစွဲ လူ့အသိုင်းအဝိုင်းမှာ အပြောအဆိုတွေ တားမြစ်တာနဲ့ ပါတ်သက်ပြီး ကြည့်မယ်ဆိုရင် “ တင်းမာမှုတွေ အပေါ်  နှုတ်ဆိတ်စေဖို့ ရည်ရွယ်ပြီး ဟန်ချက်ညီညီ နေထိုင်နိုင်ရေး အတွက် ဆင်ဆာ တည်းဖြတ်မှု ကို နိုင်ငံတော်က ပြုလုပ်နိုင်ပါတယ်။ အနာတရ ခံစားချက်တွေကို ပိတ်ပင်စေတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ် ဆိုရင် အဲဒီဥပဒေတွေက သည်းခံနိုင်မှုနည်းတဲ့ အုပ်စုတွေကို အသိုင်းအဝိုင်းကြားမြှောက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။” လို့ ရေးသားထားပါတယ်။
    တချိန်တည်းမှာ လူနည်းစု အခွင့်အရေးတွေကို ကာကွယ်ဖို့ ပျက်ကွက်တာဟာ “လူနည်းစုတွေကို တိုက်ခိုက်တဲ့ လက်ယာဝါဒီတွေကို တရားဝင် ခွင့်ပြုထားသလိုဖြစ်နေတယ်” လို့လည်း ရေးသားထားပါတယ်။
    ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ ကို ပြေပြေလည်လည်ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း မရှိဘူးဆိုရင်၊ ဒီတာဝန်ဟာ စာနယ်ဇင်း လောကဆီကို ရောက်လာပါတယ်။
    စည်းမျဉ်းတွေနဲ့ ဆန့်ကျင်၍
    ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုခဲ့တဲ့ အခမ်းအနားမှာဘဲ စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရတဲ့ ဘလော့ဂါ နေဘုန်းလတ် ကတော့ အမုန်းစကားနဲ့ အကြမ်းဖက်မှုအားပေးတာ တွေရဲ့ အကြား အရေးကြီးတဲ့ ကွာခြားချက်ကို ထောက်ပြခဲ့ပါတယ်။ ဖြစ်ပျက်ပြီးသွားမှ ထိန်းချုပ်တာတွေဟာ လုပ်သင့်လုပ်ထိုက်တယ်ဆိုပေမယ့် မဖြစ်ခင်ထိန်းချုပ်တာက ပိုပြီး အပြုသဘောဆောင်တယ်လို့လည်း သူကဆိုပါတယ်။
    အမှန်တကယ်တော့ အမုန်းစကားကို ဘယ်လိုထိန်းချုပ်သလဲဆိုတာ တရားရေး နယ်ပယ် တစ်ခုနဲ့ တစ်ခုအကြား အတော်လေးကို ကွာခြားပါတယ်။ ချီလီ၊ ကနေဒါ နဲ့ နယ်သာလန်တို့မှာဆိုရင် အကာအကွယ်ပေးထားတဲ့ အုပ်စုတွေအပေါ် အမုန်းပွားစေတဲ့ ထုတ်ဖော်မှုမျိုးဆိုရင် ရာဇဝတ်မှုသင့်တဲ့ ဥပဒေတွေ အကျယ်တဝန့်ပြဋ္ဌာန်းထားသလို အချို့နိုင်ငံတွေက ခပ်ပေါ့ပေါ့သာ ကိုင်တွယ်ပါတယ်။ ဥပမာ အိန္ဒိယ မှာဆိုရင် အမိန့်တွေ၊ လူ့ဂုဏ်တွေ၊ စိတ်ဓါတ်တွေ ယိုယွင်းပျက်စီးစေမယ့် ထုတ်ဖော်ပြောဆိုမှုမျိုးကို တားမြစ်ထားပြီး ပိုလန် မှာတော့ ဘာသာရေးခံယူချက်တွေကို စော်ကားရင် ဥပဒေအရ အပြစ်ပေးနိုင်တဲ့ အထိ ပြဋ္ဌာန်းထားပါတယ်။
    ကမ္ဘာ့ အင်တာနက်နယ်ပယ်မှာ ဒီလို တားမြစ်မှုတွေက အသုံးပြုသူတွေကို လောင်ပိတ်ထားသလိုပါဘဲ။ တခါတခါ မလိုလားအပ်တဲ့ သတင်း အချက်အလက်တွေ ရှိပေမယ့်လည်း သတင်းအချက်အလက် ရယူနိုင်ရေးလမ်းကြောင်းတွေက နိုင်ငံတွေအကြား ကွာခြားတာကြောင့် မတူညီမှုတွေကလည်း ကြီးထွားနေပါတယ်။ အမုန်းစကားတွေကို ရယူနိုင်ခြင်းဟာ လူ့အခွင့်အရေး တစ်ရပ်မဟုတ်ဘူး လို့ တချို့က ပြောကြပါလိမ့်မယ်။ မှန်ပါတယ်။ နိုင်ငံတော်ရဲ့ ဆင်ဆာ တားမြစ်မှုခံရတာ အမုန်းစကားတွေ တစ်ခုတည်းမဟုတ်ပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပြဿနာတွေ  ပိုမိုကြီးထွားစေတဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ အမုန်းစကားတွေကို ဆင်ဆာဖြတ် ပိတ်ပင်တားမြစ်ရုံ သက်သက်ဘဲ ဆိုရင် ပြဿနာဟာ ရေရှည်ပြေလည်သွားမှာ မဟုတ်ပါဘူး။
    မှတ်ချက်။ Jillian C York ရေးသားပြီး Al Jazeera မှာဖော်ပြခဲ့တဲ့ Internet Freedom in Myanmar: A curse or an opportunity? ဆောင်းပါးကို O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
  • ဘာသာတရားကို စော်ကားသည့် စာသား မဟုတ်ကြောင်း GI ကားဂိတ်ပြော၊ စတေကာကပ်သူမှာ ဗုဒ္ဓဘာသာဝင် ကားမောင်းသူဖြစ်
    ဧပြီ ၄၊ ၂၀၁၄
    M-Media
    K K
    GI Bus
    GI Group ၏ ကားတစ်စီးတွင် ရေးသားထားသည့် စာသားမှာ ဘာသာတရားတစ်ခုအား စော်ကားထားသည့် ပုံများနှင့် စာသားရေးသားချိတ်ဆွဲကာ ကားလိုင်းပြေးဆွဲနေသည်ဟု အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိနေသည့်အပေါ် ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာတွင် ၎င်းကဲ့သို့ စော်ကားရေးသားခြင်း မဟုတ်ကြောင်းသိရသည်။
    GI ကားဂိတ်အနေနဲ့ စတေကာကို ကပ်ခြင်းမျိုး မဟုတ်ဘဲ ကားမောင်းသူမှ  “လိမ်နိုင်ရင် ပညာရှိ၊ ညာနိုင်ရင် သမာဓိ၊ ဘာမသိ ဂေါ်တမန်”ဆိုသည့် စာသားအား ကပ်ထားခြင်းဖြစ်ပြီး အဆိုပါ ဂေါ်တမန်ဆိုသည့် စာသားမှာ ပါဠိအားဖြင့် အကြီးအကဲကို ရည်ညွှန်းသည်ဟု ပြောကြောင်း GI ကားဂိတ် ဥက္ကဋ္ဌဖြစ်သူမှ ပြောသည်။
    “ဟုတ်ပါတယ် ကျွန်တော်တို့ ကားလိုင်းကို အင်တာနက်မှာ ဖွနေတယ်ဆိုတဲ့ သတင်းကြားတယ်။ သူတို့ ပြောထားသလို ကျွန်တော်တို့ ကားဂိတ်အနေနဲ့ ဒီစတေကာ ကပ်တာ မဟုတ်ဘူး။ အဲ့ဒီကားကို မောင်းတဲ့သူ (Driver)က ကပ်ထားတာပါ။ သူကလည်းပြောတယ် ဂေါ်တမန်ဆိုတာ အကြီးအကဲကို ရည်ညွှန်းတာလို့ပြောတယ်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အခုလို အင်တာနက်မှာ ဖွလာတာတွေအတွက် ကျွန်တော်တို့ လိုက်ပြီး ဖြေရှင်းတာတော့ မလုပ်ထားပါဘူး။ ဒါပေမယ့် ပြဿနာအကျယ်အကျယ် မဖြစ်ချင်လို့ အဲ့ဒီ စာသားစတေကာကိုတော့ ဖြုတ်ထားလိုက်ပါတယ်။”
    အဆိုပါ စတေကာ ကပ်သည့် ကိစ္စကို အကြောင်းပြုပြီး တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ ပုံပါအတိုင်း အကြမ်းဖက်မီးရှို့ရန် လှုံဆော် ရေးသားမှုများ ပြုလုပ်နေတာကို တွေ့ရပါတယ်။
    ဦးနေမျိုးဝေအပါအဝင် အမျိုးသားရေး  အမည်ခံအုပ်စုများမှာ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွင် အမုန်းတရားပြန့်ပွားရေးနဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင် တစိုက်မတ်မတ်ပြုလုပ်နေသော်လည်း သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူဆောင်ရွက်မှု တစုံတရာမရှိသေးပေ။
  • အလိမ်အညာ ဓါတ်ပုံဖြင့် ရခိုင်သတင်း Page တခုမှ သွေးထိုး လှုံဆော်မှုများ ပြုလုပ်နေ
    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    KK
    Fake BD Flag
    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာ မွတ်စလင်များမှ ဘင်္ဂလားဒေရှ်နိုင်ငံ အလံလွှင်ထူဆိုသည့် ဓါတ်ပုံ အလိမ်တခုကို သွေးထိုးလှုံဆော်မှုများ အဆက်မပြတ်ပြုလုပ်နေသည့် ရခိုင် FB သတင်း စာမျက်နှာ တခုမှ ဖြန်ချီနေတာကို တွေ့ရှိပါသည်။
    အဆိုပါ ဓါတ်ပုံမှာ ဘင်္ဂလားဒေရှ်သတင်းဌာနမှ ၂၀၁၂ ခုနှစ်က တင်ခဲ့သည့် ပုံကို ကူးယူပြီး ယခုကဲ့သို့ သွေးထိုးလှုံဆော်နေခြင်း ဖြစ်ပါတယ်။
    ပြည်လုံးကျွှတ်သန်းခေါင်စာရင်းကောက်ယူချိန် ရခိုင်ပြည်နယ်၌ ထိလွယ်ရှလွယ် ဖြစ်ပွားသည့်အခြေအနေတွင် အဆိုပါရခိုင်သတင်းဌာနမှ အချိန်ကိုက် သတင်းအမှားများဖြင့် လှုံဆော်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှာ အချိန်မှီသတင်းထုတ်ပြန်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ M-Media ကိုပြောပါတယ်။
    ရခိုင် သတင်း Page ဓါတ်ပုံတင်ထားသည့် Link =>https://www.facebook.com/photo.php?fbid=492274894210942&set=a.456827444422354.1073741829.455782234526875&type=1&theater
    People_of_Indian_enclaves_hoist_Bangladesh_flag_-_2014-04-01_12.20.22
    မူရင်းဓါတ်ပုံလင့် ကြည့်ရန်=> http://www.christianarchy.nl/2012/04/onbekende-hongerstakingsactie-in.html
  • ကန်အခြေဆိုက် ဂျီနိုဆိုဒ် တိုက်ဖျက်ရေး အဖွဲ့၏ ရခိုင်ကိစ္စ ပြောဆိုတင်ပြချက်မှာ မြန်မာ အစိုးရအား သတိပေးသည်နှင့် တူညီ
    အေပီ သတင်းဌာန
    မကြာသေးမီက မြန်မာရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ကန်အခြေဆိုက် ဂျီနိုဆိုဒ်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် အမေရိကန် ကွန်ဂရက် အမတ်ဟောင်း တစ်ဦးက ရိုဟင်ဂျာများသည် ဆေးဝါးကုသမှုများ ရရှိဖို့အတွက် အသက်အန္တရာယ် စိုးရိမ် ရသည် အထိ ခက်ခဲနေကြောင်း၊ တိုက်ခိုက်မှုများ ခံရမည့်အရေးကိုလည်း အထိတ်တလန့်ဖြင့် စိုးရိမ်နေရကြောင်း သတိပေးပြောဆိုလိုက်သည်။
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide ဟုအမည်ရသည့် အမေရိကန်အခြေဆိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် တွမ်အင်ဒရူးက ယမန်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို အေပီက ပြင်းပြင်းထန်ထန် ထိုးနှက်သည့် အစီရင်ခံစာ (hard-hitting report) ဟု ဖော်ပြထားသည်။ United to End Genocide အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ ခဲ့အပြီးမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းသည်။
    အမေရိကန် ဒီမိုကရက်တစ်ပါတီ၊ ဥပဒေပြုအမတ်ဟောင်းတစ်ဦးကမူ သမ္မတအိုဘားမားအား သူ၏ တတ်နိုင်သည့် အခန်းကဏ္ဍမှ နိုင်ငံမဲ့ရိုဟင်ဂျာများအား အကာအကွယ်ပေးဖို့ မြန်မာအစိုးရအား တောင်းဆိုသွားရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
    “အန္တရာယ်ရဲ့ အရိပ်လက္ခဏာတွေက ရှင်းရှင်းလင်းလင်းကြီးရှိနေတယ်။ အဲဒီအန္တရာယ် လက္ခဏာတွေက တစတစ တိုးတက်နေသေးတယ်။ ကျွန်တော်တို့ ကပ်ဘေး ဒုက္ခကြီးတစ်ခုကို မြင်တွေ့ ရမယ့်အနေအထားပဲ။ အဲဒီ (ရခိုင်) မှာ အသက်ဆုံးရှုံးသွားရတဲ့ အရေအတွက်ကလည်း ပြောပလောက်အောင်ရှိနေပြီးပြီ။ အဲဒီမှာ ရှိနေတဲ့လူတွေ ဘာမှမလုပ်ဘဲ ဒါတွေဖြစ်လာတာမှ မဟုတ်ဘဲ။ ဘာကြောင့်လဲ၊ အဲဒီ (ရိုဟင်ဂျာ) တွေက (ဘာကြောင့် ဒီလို အလုပ်ခံရတာလဲဆိုတော့) သူတို့က လူမျိုးခြားဖြစ်နေတယ်၊ (တသီးတခြားဖြစ်နေတဲ့) သူတို့လူမျိုးစု၊ သူတို့ကိုးကွယ်တဲ့ ဘုရားရှင် စတဲ့ အကြောင်းများကြောင့် ဖြစ်တယ်။ ဒါကြောင့် သူတို့တွေ ဓါးစာခံဖြစ်နေရတယ်။” ဟု အင်ဒရူးက အေပီသို့ ပြောပြသည်။
    ထို့ပြင် အင်ဒရူးက “အဲဒီရခိုင်မှာ လူမျိုးတုန်း သတ်ဖြတ်ဖို့ အစီအမံ အစိတ်အပိုင်းတွေ ရှိနေတယ်။ ကြီးမားတဲ့ အကြမ်းဖက်မှုကြီးဖြစ်ဖို့  အရိပ်အယောင်တွေ ရှိနေတယ်” ဟု ဆိုသည်။
    ၂၀၁၂ နှစ်လည်ပိုင်းမှစ၍ ရခိုင်ပဋိပက္ခကြောင့် လူပေါင်း ၂၈၀နီးပါး သေဆုံးခဲ့ရသည်။ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းခန့်မှာ လူဦးရေ ပြွပ်သိပ်ကျပ်တည်း နေသည့် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ ရိုဟင်ဂျာထောင်ပေါင်း များစွာမှာလည်း ပင်လယ်တွင်း လှေစီး ထွက်ပြေးခဲ့ကြရသည်။ အင်ဒရူးကမူ ယခုနှစ်အတွင်း လှေစီးထွက် ပြေးရသည့် ပမာဏမှာ နှစ်ဆမြင့်တက် လာကြောင်း၊ ထိုသို့ ထွက်သွားခြင်းမှာ အန္တရာယ် များလွန်းသလို အခြားနေရာများ၌ ခိုလှုံခွင့်ရနိုင်ရေးမှာလည်း အခွင့်အလမ်း အလွန်နည်းပါးကြောင်း ဆိုသည်။
    ရိုဟင်ဂျာအများစုက မြန်မာပြည်တွင်းမွေးဖွားပြီး မျိုးဆက်ပေါင်း များစွာကပင် မြန်မာပြည်တွင်း နေထိုင်နေကြသော်လည်း မြန်မာ အစိုးရက တရားမ၀င် ခိုးဝင်လာသူများဟုသာ မှတ်ယူနေကြောင်း အေပီက ဆိုသည်။
    ပြီးခဲ့သည့်လအတွင်းကလည်း ရခိုင်ရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းစဉ်များအား မြန်မာအစိုးရက အင်အားသုံး ရပ်တန့်ပစ်ခဲ့သည်။ ထိုအဖွဲ့က လူပေါင်း ၇ သိန်းခန့်အား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့ဖြစ်သည်။ ထိုလူပေါင်း ၇ သိန်းတွင် ၂ သိန်းမှာ သွားလာရေးခက်ခဲသည့် ရွာများတွင် နေထိုင်သည့်လူများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ ဖြစ်ကြသည်။ နိုဘယ်ဆုတံဆိပ်ရရှိထားသည့် ထိုအဖွဲ့အစည်းကို မြန်မာ အစိုးရက ဗုဒ္ဓဘာသာများထက် မွတ်စလင်များကို မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့သည်။
    အင်ဒရူးက သူ့အနေဖြင့် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတွင် လေးရက်တိတိ အချိန်ပေးလေ့လာခဲ့ကြောင်း၊ စခန်းတွင်နေထိုင်သူများ၏ ပြောပြချက်အရ ဒုက္ခသည်များက လှေဖြင့်ထွက်ပြေးတိုင်း စခန်းလုံခြုံရေးအစောင့်များက မသိချင်ယောင် ဆောင်နေကြကြောင်း၊ စစ်တွေဆေးရုံသို့ ဆေးကုသလိုသည့် ဒုက္ခသည်တိုင်း လုံခြုံရေးများကို လာဘ်ထိုးဖို့ လိုကြောင်း ပြောပြသည်။ အင်ဒရူးက မကျန်းမမာဖြစ်နေသည့် ဒုက္ခသည်များအတွက် ဆေးဝါး လုံလောက်မှုမရှိသည့်အကြောင်းနှင့် အချို့မှာ မိမိတို့ကိုယ်ကိုပင် သေလူအဖြစ် သတ်မှတ်ထားကြသည့် အချက်များကို လေးလေးနက်နက် ပြောပြခဲ့သည်။
    နယ်စည်းမခြားဆရာဝန်များအဖွဲ့ကလည်း ၄င်းတို့၏ လုပ်ငန်းစဉ်များ ပိတ်ပင်ခံရသည့်အတွက် လူအများ၏အသက် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ခေါင်းဆောင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာပြည်သို့ လာခဲ့ပြီး မြန်မာအစိုးရထိပ်ပိုင်း ရခိုင်ပြည်နယ်တွင်း ဆေးကုသရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
    လွန်ခဲ့သည့် သုံးနှစ်အတွင်း မြန်မာပြည်၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကူညီခဲ့သည့် နိုင်ငံတကာ သံအဖွဲ့များအား ဦးဆောင်သူ အမေရိကန်နိုင်ငံက နိုင်ငံတကာ လူ့သားချင်းစာနာ ထောက်ထားရေး အဖွဲ့များအား နိုင်ငံတွင်း အကွပ်အထိန်းမဲ့ သွားလာလှုပ်ရှား ခွင့်ပေးရေးအတွက် မြန်မာအစိုးရအား တိုက်တွန်းလိုက်သလို ရိုဟင်ဂျာများအား နိုင်ငံသားပြုပေးရေး အတွက်လည်း ဆွေးနွေးဆောင်ရွက်ဖို့ တိုက်တွန်းသည်။
    အင်ဒရူးကမူ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများအား ကိုင်တွင်ဆောင်ရွက်ဖို့ လုပ်ကိုင်ရာတွင် (ရခိုင် များ၏) ဖိအားပေးမှု  အနည်းငယ်ရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ၌ ဗုဒ္ဓဘာသာ အမျိုးသားရေး ဦးစားပေး မဲဆွယ်မှုကလည်း တိုးတက်မြင့်မားလာနေကြောင်း ဆိုသည်။ သို့သော် အင်ဒရူုးက မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ပတ်သက်နိုင်ရေး သဘော ဆန္ဒရှိနေသဖြင့် အမေရိကန်ကဲ့သို့သော နိုင်ငံခြားအစိုးရများက ၄င်းတို့၏ အခန်းကဏ္ဍကို ဆုပ်ကိုင်ထား (ပြီး လိုသလို ဆောင်ရွက်) ကြဖို့လိုကြောင်း ဆိုသည်။
    အင်ဒရူးမှာ ၁၉၉၁ မှ ၁၉၉၅ အထိ အမေရိကန် ကွန်ဂရက်တွင် အမှုထမ်းခဲ့သည်။ သူ၏ မြန်မာခရီးစဉ်မှာ တရားဝင်ခရီးစဉ် မဟုတ်သလို ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ရေတွက်ပါက သူ၏ ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
    United to End Genocide မှာ ဆီးရီးယား၊ ဆူဒန်စသည့် နိုင်ငံများအရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။