
တမန်တော်နေ့ အခမ်းအနား သို့ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက် အမှာစကားပြောကြားခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
တမန်တော်နေ့ အထိမ်းအမှတ် လူထုတရားပွဲ အခမ်းအနားကို ရန်ကုန်မြို့အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
Image via-Haji Zaw Tun

ဇန်နဝါရီ ၄ ၊ ၂၀၁၅
M-Media
၁၄၂၈-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ် သာသနာဝင်များထံ ပေးပို့သော နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာ သီရိသုဓမ္မ ဒေါက်တာဘဦး၏ “တမန်တော်နေ့မြတ်သဝဏ်လွှာ”
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင်အပေါင်းတို့ အမြတ်တနိုး ထားကြသော တမန်တော်မွေးနေ့ကို တခမ်းတနား ဆင်ယင်ကျင်းပရာ၌ သုတိမင်္ဂလာ အဖြာဖြာနှင့် ပြည်စုံသော ဤသ၀ဏ်လွှာကို ယခုနှစ်တဖန် ကမ်းလှမ်းရသည့်အတွက် ကျွန်ုပ်အထူး ၀မ်းမြောက်ပါသည်။
အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည်၊ မိမိတို့ယုံကြည် အားထား ကိုးကွယ်ကြသော ဘာသာရေးတော်အတိုင်း ကျင့်ကြံ သုံးသပ် ဆောက်တည်ကြသည့် အတွက်လည်း ကျွန်ုပ်မူဆလင် အပေါင်းတို့အား အထူးချီးကျူးပါသည်။
ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေထဲတွင် ပြည်ထောင်စုအတွင်း မှီတင်း နေထိုင်ကြကုန်သော ပြည်ထောင်စုသူ ပြည်ထောင်စုသား အပေါင်းတို့သည်၊ အမျိုးဘာသာ မခွဲခြားဘဲ တူညီသော အခွင့်အရေးကို ရရှိရမည်ဟုပါရှိသည့်အတိုင်း အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည်၊ အခြားဘာသာဝင် များကဲ့သို့ မိမိတို့ယုံကြည်ကိုးကွယ်ကြသော တရားတော်ကို လွတ်လပ်စွာကျင့်ကြံ့အားထုတ် နိုင်ကြစေရန်ကျွန်ုပ်ပြည်ထောင်စုအစိုးရက လိုအပ်သော အကူအညီများကို အမြဲတစေ မ-စ ကူညီလျက် ရှိနေပါသည်။
အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည်၊ ပြည်ထောင်စု၏ သစ္စာတော်ကိုထိန်းသိမ်း တုံ့ပြန် သောအနေဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ကြီးပွား စည်ပင်သာယာရေးတို့ကို မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီ ယိုင်းပင်း ကြပါမည့်အကြောင်း ကျွန်ုပ်ယခုနှစ်တဖန် ထပ်လောင်း၍ သတိပေးနှိုးဆော်လိုက်ပါသည်။
အစ္စလာမ်ဘာသာဝင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ၍ မိမိတို့ ကိုးကွယ်အားထားသော တရားတော်အတိုင်း၊ ထိရောက်စွာ ကျင့်ကြံ့ အားထုတ်နိုင်ကြပါစေ။
ဦးဘဦး
နိုင်ငံတော်သမ္မတ ၊ ပြည်ထာင်စုမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့ ။ ၁၁၁၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ရက်။
(၁၉၅၅-ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်။)
၁၉၅၅-ခုနှစ်၊ ဒီဇင်ဘာလထုတ် ကမ္ဘာ့အလင်း မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
Image via-Haji Zaw Tun FB

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတစုတည်းရဲ့လွတ်လပ်ရေး မဟုတ်။ဗမာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ကရင်နီ၊ ရခိုင်၊မွန်-ဗမာအစရှိတဲ့၊ ဗမာ တိုင်းရင်းသူ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးတို့စည်းစည်းလုံးလုံး ကြိုးပမ်းမှုကြောင့် ရတဲ့ လွတ်လပ်ရေး ဖြစ်တဲ့ အတွက်၊ ယခုလွတ်လပ်ရေးဟာ-ရှမ်း၊ချင်း၊ကချင်၊ကရင်၊ ကရင်နီ၊ရခိုင်၊မွန်-ဗမာ အစရှိတဲ့ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတန်းစား တစားတည်းရဲ့ လွတ်လပ်ရေး မဟုတ်။ ဗမာတနိုင်ငံလုံးမှာရှိကြတဲ့-လယ်သမား၊ အလုပ်သမား၊ဈေးသူ၊ဈေးသား၊ကျောင်းသူ ကျောင်းသား၊ အမှုထမ်း အရာထမ်းများမှ စ၍ တော်လှန်ရေးသမားများသို့တိုင်အောင် လူတန်းစားပေါင်းစုံက ညီညီညာညာ စွန့်စွန့်စားစားအုံကြွကာ-ကြိုးပမ်းမှုကြောင့်၊ ရရှိတဲ့လွတ်လပ်ရေးဖြစ် သဖြင့်။ ယခုလွတ်လပ်ရေးဟာ-လယ်သမား၊ အလုပ်သမား ၊ ဈေးသူဈေးသား၊ကျောင်းသူကျောင်းသား၊ အမှူထမ်း အရာထမ်းများမှစ၍၊ တော်လှန်ရေးသမားများ အထိ ပါဝင်သော လူတန်းစားအမျိုးမျိုးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
ယခုလိုတနိုင်ငံလုံးရှိ တိုင်းရင်းသားအသီးသီး လူတန်းစားအသီးသီး အသင်းအဖွဲ့အသီးသီးတို့ အပြင်းအထန်ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်သဖြင့် ဤလွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး-လူတန်းစားအားလုံး-အသင်းအဖွဲ့အားလုံး- ဟာ ရိုသေကြရမယ်။ မြတ်နိုးကြ ရမယ်။ လေးစားကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်အားဖြင့်သော်၎င်း ၊ သွယ်ဝိုက်တဲ့နည်း အားဖြင့်သော် ၄င်း ထိပါးငြိစွမ်း လာမယ်ဆိုလျှင်၊ တိုင်းရင်းသား အားလုံးသည်၎င်း လူတန်းစား အားလုံးသည်၎င်း- အသင်းအဖွဲ့ အားလုံးသည်၎င်း ၊ ရင်ကိုမြေကတုပ်လုပ်၍ ခုခံ ကာကွယ်စောင့်ရှောက်ကြရမယ် ၊ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတမျိုးတည်း အတွက် အသုံးချရန် မဟုတ်၊ ဗမာ ပြည်ထောင်စု သမတနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အသီးသီးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ လူတန်းစားတစားတည်းအတွက် အသုံးချရန်မဟုတ် ။ လူ့အခွင့်အရေးများကို ဘယ်အခါမှ ဒင်းပြည့်ကျပ်ပြည့်မရခဲ့ကြဖူးတဲ့ လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ-တသင်းတဖွဲ့တည်း အတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စု အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကြီးကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက်၊ မျှမျှတတ အသုံးချရန် ဖြစ်တယ်။
ဒီလွတ်လပ်ရေးမှ ပြည်ထောင်စု သမတ နိုင်ငံတော် အတွင်းရှိ လူအများဆုံးအတွက် အကျိုးအများဆုံး ရရှိနိုင်ဘို့အတွက် ဒီလွတ်လပ်ရေးကို ခိုင်ခိုင်ခံ့ခံ အုဠ်မြစ်ချပြီး ဗမာနိုင်ငံသစ်ကြီးကို ကျွန်တော်တို့ အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ကြတော့မယ်။ ဒီဗမာနိုင်ငံသစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါ ၊ ဒီနိုင်ငံအတွင်းမှာ လူညွှန့်ခူးစားနေတဲ့ လူတန်းစားလဲမရှိတော့ဘူး။ လူညွန့်ခူး အစားခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ် ခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ နှဖူးကချွေးခြေမ အထိ ကျအောင် ရွှံ့ဗွက်တွေထဲမှာ-စက်ရုံတွေထဲမှာ -တောအထပ်ထပ် တောင် အထပ်ထပ်တွေထဲမှာ-မြေတွင်းတွေထဲမှာ -နေပူမရှောင်၊ မိုးရွာမရှောင်၊ တကုန်းကုန်းတရုန်းရုန်းနှင့် လုပ်ကြရပြီး၊ လူတန်းစေ့ ဘဝကလေးတောင်မှ မရရှိကြတဲ့ လူတန်းစားတို့လဲ မရှိတော့ဘူး။ ဒီလူတန်းစားတွေကို ဒီလိုဘဝဆုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားတွေလဲ မရှိတော့ဘူး။
ဒီနိုင်ငံသစ်မှာ ရှိရှိသမျှလူတွေဟာ ကိုယ့်အစွမ်း ရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှ ဝင်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်တွေလုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ။ တွင်းတွေ တူးနိုင်တဲ့လူတွေကလဲ တွင်းတွေကို တူးကြ။ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ကြတဲ့လူတွေကလဲ တရားရုံးတွေ ရာဇဝတ် ဌာနတွေမှာ လုပ်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်ကြတဲ့လူတွေကလဲ စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာပါးနပ်ကြတဲ့လူတွေကလဲ၊ အစိုးရဌာန အသီးသီးမှာ ဝင်ရောက်ဆောင်ရွက်ကြ။ အဲ့ဒီနည်းနှင့် ဗမာ့မြေတွင်းမြေပြင်မှာ ရှိတဲ့ အဆီအနှစ်တွေကို ဗမာတိုင်းရင်းသားတွေ လူတန်းစေ့စေ့နေနိုင်တဲ့အခြေအနေကစပြီး လိုသလောက်အသုံးပြုနိုင်တဲ့အခြေအနေအထိ အားလုံးဝိုင်းပြီး ကြိုးပမ်းကြရမယ်။ ဗမာ့မြေဆီမြေနှစ်တွေနှင့် ဗမာတိုင်းရင်းသူ၊တိုင်းရင်းသားတွေရဲ့ လူဦးရေနဲ့ယှဉ်ကြည့်မယ် ဆိုလျှင်၊ မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတဲ့ အတွက် ခေါင်းဆောင်တွေကလဲ သစ္စာမဖေါက်ဘဲ- ခြေလှမ်းမမှားဘဲ- လူထုကလဲ ထမ်းဆောင်ရမည့်တာဝန်တွေကို မပျက်မကွက်ဘဲ၊ ဝါးအစည်းပြေသလို မပြေဘဲ- ဇွဲကောင်းကောင်နှင့် ကြိုးပမ်းလိုက်ကြရင်- ကျွန်တော်ပြောခဲ့တဲ့ ဗမာနိုင်ငံသစ်ကြီးဟာ – အနှေးထက် အမြန်ဆောက်ဖြစ်ရမယ်ဆိုတာ ကျွန်တော်အတည့် အလင်း ကျေညာလိုက်တယ်။
အဲ့ဒီနိုင်ငံသစ်ကြီးတည်ဆောက်နေတဲ့နေရာမှာ၊ ခေါင်းဆောင်တွေသစ္စာဖေါက်ကြရင်၎င်း၊ ခြေလှမ်းမှားကြရင်၎င်း၊ ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေး ကျောက်တိုင်ကြီးသည်- ထိုသစ္စာဖေါက်နေသော ခေါင်းဆောင်များ ကို၎င်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို ၄င်း အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။
အဲ့ဒီနိုင်ငံသစ်ကြီး တည်ဆောက်သည့်နေရာတွင် ဗမာ့လူထုကြီးသည် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်လျှင်၎င်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေကြတော့မည်ဆိုလျှင်၎င်း၊ ဤကျောက်တိုင်ကြီးသည် အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။
အဲ့ဒီနိုင်ငံသစ်ကြီးအား တည်ဆောက်ခြင်းကို ဖျက်လိုဖျက်ဆီး လုပ်လိုသော ပြည်တွင်း ပြည်ပ ရန်သူများ ပေါ်ပေါက်လျှင်လည်း၊ ထိုရန်သူများကို အပြီးတိုင် ချေမှုန်းပစ်နိုင်သည် အထိ- ဗမာ့လူထုကြီးအား ဇာတိသွေး ဇာတိမာန် များ တခဲနက် တက်ကြွလာနိုင်အောင် ဤကျောက်တိုင်ကြီးသည် စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဓါတ်ပုံ အညွှန်း -သမ္မတကြီး စိဝ်ရွှေသိုက်ထံ ကျမ်းသစ္စာ ကျိမ်ဆိုနေသည့် ဝန်ကြီးချုပ် သခင်နု။ (၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်)
(မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး နှင့် အသံလွှင့်ဌာန.. မှ ထုတ်ဝေသော ” မြန်မာနိုင်ငံတော် လွတ်လပ်ရေးအောင်ပွဲ ” စာအုပ်မှ မူရင်းအရေးအသား အတိုင်း ကူးယူဖေါ်ပြသည်။)
Credit => Nay Win FB စာမျက်နှာ

ဇန်န၀ါရီ ၃၊ ၂၀၁၅
M-Media

– ရာသီအစမှ စတင်ကာ နယူးကာဆယ်အသင်းတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင် ကျော်လွှားခဲ့ရသည့် နည်းပြ အလန်ပါဂျူးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်တော့မည်ဟု သိရသည်။
ရာသီအစ အသင်း၏ ဆိုးရွားသောရလဒ်များကြောင့် ပရိတ်သတ်များ၏ ညိုငြင်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသော်လည်း ပါဂျူးမှာ နောက်ပိုင်းပွဲစဉ်များတွင် နယူးကာဆယ်အသင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်တင်ပေးနိုင်ခဲ့သည်။
သို့သော်လည်း အသင်းနည်းပြ လစ်လပ်လျက်ရှိနေသည့် ခရစ္စတယ်ပဲလေ့စ်က နယူးကာဆယ်အသင်းအား လျော်ကြေး ၃.၅ သန်းပေးကာ ပါဂျူးကို အသင်းသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ပါဂျူးမှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်း ရုံးခန်းသို့ လာရောက်ခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် လာရောက်စီစဉ်ခဲ့သည်။
`သူတို့ ဆွေးနွေးနေကြတုန်းပါပဲ။ ဘာပြဿနာမှတော့ မရှိပါဘူး။ ရှေ့နေတွေက စာချုပ်ကို အဆုံးသတ်နေကြပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့ နည်းနည်း ကြာအုံးမှာပါ။ အလန်(ပါဂျူး)က ၀န်ထမ်းတွေနဲ့ အစည်းဝေးလုပ်ခဲ့ပြီး အများကြီး ပြောခဲ့ပါတယ်။ ပြီးတော့ ကစားသမားတွေကိုလည်း သူက စကားပြောခဲ့ပြီး နောက်ပိုင်းမှာတော့ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်´ ဟု ခရစ္စတယ်ပဲလေ့စ်၏ ယာယီနည်းပြ ကိသ်မီလန်က ပြောကြားခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်အသင်းမှာ မနက်ဖြန်တွင် FA ဖလားပွဲအဖြစ် ဒိုဗာအသင်းနှင့် ကစားရမည်ဖြစ်ပြီး ပါဂျူးမှာ ထိုပွဲအား ကိုင်တွယ်ဖွယ်ရှိနေသည်။
ကိသ်မီလန်ကမူ ပါဂျူးမှာ ၎င်းအတွက် အဓိပ္ပါယ် အများကြီးရှိသည့် ခရစ္စတယ်ပဲလေ့စ်အား ကိုင်တွယ်ရမည့် အတွက် စိတ်လှုပ်ရှားနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref : dailymail

ဇန်န၀ါရီ ၃၊ ၂၀၁၅
M-Media

– အာဖရိကအနောက်ပိုင်း နိုင်ငံများတွင် ကူးစက်ပြန့်နှံ့နေကာ လူတစ်သောင်းနီးပါး သေဆုံးခဲ့သည့် အီဘိုလာကပ်ရောဂါမှာ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှသာ အဆုံး သတ်လိမ့်မည်ဟု ကုလသမဂ္ဂ အီဘိုလာတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ အန်ထော်နီ ဘန်ဘူရီက ပြောကြားလိုက်သည်။
ဇန်န၀ါရီ ၂ ရက်နေ့က ကုလသမဂ္ဂ အီဘိုလာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ NUMEER အခြေစိုက်ရာ အက္ကရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ထော်နီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါရောဂါ အဆုံးသတ်ရေး အတွက် လပေါင်းများစွာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
`ဒီပြဿနာ အဆုံးသတ်ဖို့အတွက် မနီးစပ်သေးပါဘူး။ အဖွဲ့ဖွဲ့ပြီးကတည်းက ရက်ပေါင်း ၉၀ အတွင်းမှာ ကျွန်တော်တို့ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပေမယ့် ရှေ့ဆက်သွားဖို့ ရှည်လျားခက်ခဲတဲ့ ခရီး ရှိနေပါတယ်´ ဟု အန်ထော်နီက သတင်းထောက်များအား ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ဂီနီနိုင်ငံတွင် စတင်တွေ့ခဲ့ရသည့် အဆိုပါ အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုအတွက် နိုင်ငံတကာက အသိုင်းအ၀ိုင်းက လုံလောက်သော ဆောင်ရွက်မှုများ မရှိဟုဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က NUMEER အဖွဲ့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဂီနီ၊ ဆီရာလီယိုနီ၊ လိုက်ဘေးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံ ၆ နိုင်ငံ၌ ပြန့်ပွားနေသာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေသူမှာ ယခုလက်ရှိတွင် ၂၀၀၀၀ ခန့်ရှိပြီး သေဆုံးသူမှာ ၈ ထောင်နီးပါး ရှိနေသည်။
Ref : aljazeera