News @ M-Media

Month: January 2015

  • ဆိုက်ဘာ တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအား အမေရိကန်က ပိတ်ဆို့မှုအသစ် ချမှတ်

    ဆိုက်ဘာ တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအား အမေရိကန်က ပိတ်ဆို့မှုအသစ် ချမှတ်

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10885143_821553067887165_7283784292178715849_n
    – The Interview ရုပ်ရှင် ထုတ်လုပ်မှုကို မကျေနပ်၍ မြောက်ကိုရီးယား ဟက်ကာအဖွဲ့ ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို မြောက်ကိုရီးယားအစိုးရက ပြုလုပ်ခဲ့သည်ဟု အိမ်ဖြူတော်က စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ဆို့မှုသစ်ကို ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး မြောက်ကိုီးယား ထောက်လှမ်းရေးနှင့် လက်နက်အဖွဲ့အစည်းသုံးခု၊ လက်နက်တင်ပို့သူများ အပါအ၀င် အစိုးရတာဝန်ရှိသူ ၁၀ ဦးတို့အား အမည်ပျက် စာရင်းသွင်းရန်အတွက် အမေရိကန်က ဘဏ္ဍာရေးဌာနအား အိုဘားမားက ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။

    ထိုကဲ့သို့ ပိတ်ဆို့မှုအသစ် ချမှတ်ရခြင်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ များအတွင်း ပြုလုပ်ခဲ့သည့် ဖျက်လိုဖျက်ဆီးလိုသော၊ နိုင့်ထက်စီးနင်းပြုသော ဆိုက်ဘာတိုက်ခိုက်မှုများ အပါအ၀င် မြောက်ကိုရီးယား၏ ရန်လိုသော၊ မတည်မငြိမ်ဖြစ်စေလိုသော၊ ဖိနှိပ်ချုပ်ချယ်လိုသော လုပ်ရပ်များအတွက်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်ကိုရီးယား၏ ထိုလုပ်ရပ်များက အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေး ပေါ်လစီနှင့် အမေရိကန်၏ စီးပွားရေးကို ဆက်လက်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်ကြောင်း၊ မိမိတို့၏ ပိတ်ဆို့မှုမှာ မြောက်ကိုရီးယားပြည်သူများအား ပစ်မှတ် ထားခြင်းမဟုတ်ဘဲ မြောက်ကိုရီးယား အစိုးရကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့် ဇာတ်လမ်းကို ဟာသနှောက ဆိုနီကုမ္ပဏီမှ ရိုက်ကူးထားသည့် အဆိုပါ The Interview ဇာတ်ကားနှင့် ပတ်သက်၍ မကျေနပ်သည့်အတွက် မြောက်ကိုရီးယား ဟက်ကာအဖွဲ့က ဒီဇင်ဘာလအတွင်း ဆိုနီကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါ ဇာတ်ကားပြသမည့် ရုပ်ရှင်ရုံများကိုလည်း တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    Ref : aljazeera

  • မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10494524_821553887887083_2283268430121297707_n
    – အာဆင်နယ်အသင်းမှ ရာသီကုန်အငှားစာချုပ်ဖြင့် ကစားရန် လာရောက်သည့် ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးအား အင်တာမီလန် ပရိတ်သတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    အာဆင်နယ်တွင် ပုံမှန်နေရာမရသည့် ပိုဒေါစကီးမှာ မန်စီနီ ပြန်လည်ကိုင်တွယ် နေသော အင်တာမီလန်အသင်းထံသို့ ပေါင် ၁.၅ သန်းတန်ဖိုးရှိမည့် အငှားစာချုပ် အတွက် ယမန်နေ့က မီလန်ရှိ လီနာတေး လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

    အင်တာမီလန်ပရိတ်သတ်များကမူ ပိုဒေါစကီးအား သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပြီး လက်မှတ်များထိုးခိုင်းခဲ့ကာ၊ ပိုဒေါစကီးနှင့် ဓာတ်ပုံများလည်း တွဲရိုက်ခဲ့ကြ သည်။ထို့ပြင် အီတလီရုပ်သံများကလည်း ပိုဒေါစကီးအား တွ့ဆုံမေးမြန်းခဲ့သည်။

    `ကျွန်တော် ဒီကိုရောက်လာတာ ပျော်ပါတယ်။ စီးရီးအေကို ကျွန်တော်နားလည်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ အင်တာမီလန်ကို ချန်ပီယံလိဂ် ၀င်ခွင့် ရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ပရိတ်သတ်တွေအတွက် ပြောဖို့ရှိလား ဆိုရင်တော့ – ကျွန်တော်ပျော်ပါတယ်။ အင်တာနဲ့အတူ ကောင်းမွန်တဲ့ ရာသီဖြစ် မယ်လို့ မျှော်လင့်ပါတယ်´ ဟု ပိုဒေါစကီးက Sky Italia သို့ ပြောကြားခဲ့သည်။

    ပိုဒေါစကီး၏ အာဆင်နယ်နှင့်စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်လျှင် ပြည့်တော့မည်ဖြစ်ပြီး ၎င်းအနေဖြင့် အင်တာမီလန် အသင်းနှင့်သာ အမြဲတမ်း စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

    အင်တာမီလန်အသင်းမှာ စီးရီးအေတွင် ရုန်းကန်နေရပြီး ယခုလက်ရှိတွင် အဆင့် ၁၁ တွင်ရှိနေကာ ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ တစ်ပွဲသာ အနိုင်ရရှိထားသည်။

    Ref : dialymail

  • အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10885530_821554631220342_2892188931424385047_n
    – အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသတွင်းရှိ မဟာဗျူဟာကျသော ရွာတစ်ရွာကို IS တပ်များလက်မှ ကာ့ဒ်တပ်များက ယမန်နေ့တွင် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    သိမ်းယူခဲ့သည့် ရွာမှာ ကာဒ့်ဒေသမြို့တော် အာရ်ဘီလ်မှ ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိသည့် ဆူလ်တန် အဘ်ဒူလာ ရွာဖြစ်ပြီး ကာဒ့်တပ်ဖွဲ့ Peshmerga မှ တပ်များမှာ IS တပ်ဖွဲ့များကို တစ်အိမ်တက်ဆင်း လိုက်လံ ချေမှုန်းခဲ့ကြသည်။

    တစ်ဂရစ်မြစ်ကမ်းနဖူးတွင် ရှိနေသည့် အဆိုပါရွာမှာ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်သို့သွားသည့်  အဝေးပြေးလမ်း ဖြတ်သန်းရာ ရွာလည်းဖြစ်ပြီး ထိုရွာအား ဆုံးရှုံးခြင်းက အာရ်ဘီလ်မြို့အား IS အဖွဲ့၏ ကျူးကျော်မှုကို လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် ကာ့ဒ်တပ်များက ထိုရွာအား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

    IS အဖွဲ့ကို အီရတ်ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များ၊ ဆွန်နီ လူမျိုးစုများက ပူးပေါင်းကာ တိုက်ခိုက် တွန်းလှန်နေကြပြီး IS လက်ထဲမှ ဒေသအများအပြားကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း အီရတ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အီရတ်အစိုးရက ကြာသာပတေးနေ့က ထုတ်ပြန်သောစာရင်းတွင် ဖော်ပြ ထားသည်။ ထိုသေဆုံးမှုမှာ ၂၀၀၃ ခုနှစ် အမေရိကန်က ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့သည်။

    Ref : Aljazeera

  • လူကြီးကြည့်ရုပ်ရှင်ကားများထက် ကလေး ကာတွန်းကားများ၌ အကြမ်းဖက်မှု ဇာတ်ဝင်ခန်းများ ပိုမိုပါဝင်နေ

    လူကြီးကြည့်ရုပ်ရှင်ကားများထက် ကလေး ကာတွန်းကားများ၌ အကြမ်းဖက်မှု ဇာတ်ဝင်ခန်းများ ပိုမိုပါဝင်နေ

    ဇန်နဝါရီ ၃ ၊ ၂၀၁၅
    M-Media
    Children’s cartoons deadlier and more violent than films for adults
    အင်္ဂါနေ့က ထုတ်ပြန်သော သုတေသနအရ ကလေးသူငယ်များအတွက်ကာတွန်းများသည် လူကြီးများသာ ကြည့်ရှုခွင့်ရှိသည့် ရုပ်ရှင်များထက်ပို၍ သေဆုံးခြင်းကို ပိုမိုရုပ်လုံးဖော်လေ့ရှိပြီး အဓိကဇာတ်ကောင်တို့၏သတ်ဖြတ်ခံရခြင်းမှာ ၂ ဆကျော် ပိုမိုပါဝင်နေသည်ဟု ဆိုသည်။

    ကလေးသူငယ်များအတွက် ရည်ရွယ်ထားသည့်ကာတွန်းများ၏ သုံးပုံနှစ်ပုံအတွင်းရှိ အဓိကဇာတ်ဆောင်များ (ဇာတ်လမ်းအထောက်အကူပြုစေရန်) သေဆုံးမှုဖော်ပြချက်တို့မှာ အရွယ်ရောက်ပြီးသူအတွက်ရုပ်ရုပ်များ၏ ထက်ဝက်အတွင်း ပါရှိချက်နှင့်နှိုင်းစာလျှင် နှစ်ဆခွဲရှိကြောင်း၊ သတ်ဖြတ်ခံရခြင်းက သုံးဆနီးပါးမျှပါရှိကြောင်း British Medical ဂျာနယ်၌ ပုံနှိပ်ဖော်ပြလိုက်သော လေ့လာမှုက ဖော်ပြလိုက်သည်။

    “ဘေးဥပဒ်ကင်းပြီး ပိုမိုသိမ်မွေ့တဲ့ ဇာတ်ကြမ်း သို့မဟုတ် ဒရမ်မာဇာတ်ငြိမ် ရုပ်ရှင်ကားတွေထက်ကို ကလေးသူငယ်အကြိုက် ကွန်ပျူတာ ဖန်တီးကာတွန်းကားတွေထဲမှာ လူသတ်ခြင်းနဲ့ အထိန်းအကွပ်မဲ့အခင်းအကျင်းတွေ ဖြစ်နေတာ လက်တွေ့မြင်ရပါတယ်” ဟု သုတေသီ အီယန်ကိုးလ်မန်း Ian Colman နှင့် ဂျိမ်းစ်ကက်ဘရိုက် James Kirkbride မှ ပြောကြားသည်။

    ယင်းလေ့လာချက်မှာ ၁၉၃၇ ခုနှစ် စနိုးဝှိုက် ရုပ်ရှင်မှသည် ၂၀၁၃ ခုနှစ်၏ Frozen အထိ ၀င်ငွေအကောင်းဆုံး ကလေး ကာတွန်းကားများကို သုတေသနပြုထားခြင်းဖြစ်သည်။

    အက်ရှင်ဇာတ်ကြမ်းနှင့် စွန့်စားခန်းရုပ်ရှင်များ မပါဝင်ပဲ ထိုကာလတစ်လျှောက် လူကြီးများအတွက်ရိုက်ကူးသည့် ၀င်ငွေအကောင်းဆုံး ရုပ်ရှင်နှစ်ကားဖြင့် အဓိကဇာတ်ကောင်များ၏သေဆုံးခြင်းများအပေါ် နှိုင်းယှဉ်ခဲ့ကြသည်။ ဤတွင် အဓိကဇာတ်ကောင်တို့၏မိဘများသေဆုံးခန်းမှာ လူကြီးရုပ်ရှင်များထက် ၅ ဆခန့် ဖြစ်နေကြောင်း တွေ့ရှိကြရသည်။

    “Bambi” ၊ “Pocahontas”  နှင့် “Peter Pan” များအတွင်း ပစ်ခတ်မှုမှအစ၊ “The Little Mermaid”  နှင့် “Sleeping Beauty” များအတွင်း ဓားထိုးခြင်းအလယ်၊ “Finding Nemo” နှင့် “Tarzan” တို့အဆုံး တိရစ္ဆာန်များ၏တိုက်ခိုက်ခြင်းတို့ ပါဝင်နေကြသည်။

    သေဆုံးခြင်းဇာတ်ကောင်စရိုက်ပါဝင်မှု မသဲကွဲသည့် ကားများ၊ အရုပ်များကို ပုံဖော်ထားသော ကာတွန်းရုပ်ရှင်များကို လေ့လာမှု၌ မထည့်သွင်းထားပါ။

    ၁၉၃၇ ခုနှစ်ကတည်းက ပြသခဲ့သည့် စနိုးဝှိုက်ရုပ်ရှင်၌ အမျက်ထွက်နေသော လူပုလေးများ၏လိုက်လံဖမ်းဆီးမှုခံရပြီး မင်းသမီးလေး၏မိထွေးဆိုးသည် တောင်ကုန်းအောက်သို့ ကျရောက်ဇာတ်သိမ်းကြောင်း ပါဝင်သည်။ သို့သော် အကြမ်းဖက်မှု မြင့်မားလာသည့်အဆင့်နှင့်ပတ်သက်၍ ယင်းသုတေသန၌ မည်သည့်အထောက်အထားမျှ ပြဆိုမထားချေ။

    AFP

  • ၂၀၁၄ ခုနှစ်၏ အရဲရင့်ဆုံး မွတ်စလင်များ

    ၂၀၁၄ ခုနှစ်၏ အရဲရင့်ဆုံး မွတ်စလင်များ

    ဇန်နဝါရီ ၃ ၊ ၂၀၁၄
    M-Media

    ၂၀၁၄ ခုနှစ်ကတော့ ကားလိပ်ချခဲ့ပါပြီ။ ဒီနှစ်အတွင်းမှာ ဆီးရီးယားနဲ့ အီရတ်မှာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုတွေကို အကြောင်းပြုပြီး ခေါင်းထောင် ထလာတဲ့ IS အဖွဲ့ရဲ့ အစ္စလာမ်ခေါင်းစဉ်အောက်က တရားမဲ့တဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာလည်း မျက်နှာပျက်ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်း ထိပ်ထိပ်ကြဲ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ မွတ်စလင်အသင်းအဖွဲ့အစည်းတွေက IS၊ တာလီဘန်၊ ဘိုကိုဟရမ် စတဲ့ နိုင်ငံရေးအာဏာရလိုမှုကို အခြေခံပြီး အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတဲ့ ဒီအဖွဲ့တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။

    ဒီလိုအဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်ဘက်အဖြစ် ကမ္ဘာ့အကျိုး၊ လူ့အဖွဲ့အစည်းအကျိုးကို ကိုယ်ကျိုးမဖက်ဘဲ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ မွတ်စလင်တွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ဒုနဲ့ဒေး ရှိနေပါသေးတယ်။ အဲဒီအထဲကမှ ၂၀၁၄ ခုနှစ်အတွင်း တရားမျှတမှုအတွက်၊ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့အတွက်၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အသက်တွေကို ကာကွယ်ဖို့အတွက် မိမိတို့ရဲ့ အသက်ကို မဓာနမထားပဲ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အထင်ရှားဆုံး မွတ်စလင် သူရဲကောင်း ၆ ဦးကို ဖော်ပြလိုက်ပါတယ်။

    ၁။ တက်ဆီ အလ်ဘေရက် (ဂျာမနီ)

    Brave Muslim Heroes in 2014

    တူရကီနွယ်ဖွား ဒီအမျိုးသမီးငယ်လေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မိန်းမြို့ အော့ဖ်ဘန့်ခ်ျလို့ခေါ်တဲ့ မြို့နယ်လေးက စားသောက်ဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ယောက် အနိုင်ကျင့်ခံရတာကို သွားရောက်ကယ်တင်ရင်း အနိုင်ကျင့်နေတဲ့ လူရမ်းကားသုံးဦးရဲ့ သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂျာမနီတစ်မျိုးသားလုံးက ဂုဏ်ပြုခဲ့ကြပြီး သူ့အတွက်ရည်ရွယ်ကာ ပြုလုပ်တဲ့ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲမှာ ပြည်သူထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ နောက်ပြီး တက်ဆီရဲ့ ဓာတ်ပုံနဲ့ `Sen sviyoruz´ (မင်းကို ငါတို့ချစ်တယ်) ဆိုတဲ့ စာတန်းပါ အင်္ကျီတွေကို ၀တ်ဆင်ခဲ့ကြပြီး တစ်ချို့တွေက `Danke Tugce´ (ကျေးဇူးပါ တက်ဆီရေ) လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး တက်ဆီအလ်ဘေရက်ရဲ့ ရဲရင့်မှုကို ချီးကျူး ဂုတ်ပြုခဲ့ကြပါတယ်။

    ၂။ အဘ်ဒူလ် အွန်း (စကော့တလန်)

    Brave Muslim Heroes in 2014 2

    ပြီးခဲ့တဲ့ ဇူလိုင်လက ဂလက်စကိုမြို့ တစ်နေရာမှာ အဓ္ဓမပြုကျင့်ခံရဆဲဆဲ စေကော့တစ်ရှ် အမျိုးသမီးတစ်ဦးကို ကယ်တင်လိုက်တဲ့ မွတ်စလင်လူငယ်တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်သာရှိတဲ့ အဘ်ဒူလ်ဟာ ဂလက်စကိုအနောက်ဘက်ခြမ်းက ကယ်လ်ဗင်ဂရုဗ် ပန်းခြံမှာ ကျန်းမာရေးအတွက် ပြေးနေတုန်း အမျိုးသမီးတစ်ဦးရဲ့ အကူအညီတောင်းသံကို ကြားခဲ့ရတဲ့အတွက် သွားရောက်ကူညီကယ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခင်းဖြစ်ရာနေရာကို အပြေးသွားခဲ့တဲ့ အဘ်ဒူလ်ဟာ လူယုတ်မာကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့ပြီး အဲဒီစကော့တစ်ရှ်အမျိုးသမီးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

    ၃။ အိတ်ဇက် ဟာဆန် (ပါကစ္စတန်)

    Brave Muslim Heroes in 2014 3

    အများအတွက် မိမိရဲ့အသက်ကို စတေးခဲ့တဲ့ ပါကစ္စတန်က Grade 9 ကျောင်းသားလေး ဖြစ်ပါတယ်။ ဇန်န၀ါရီလရဲ့ နေ့တစ်နေ့မှာ တာလီဘန်က အသေခံဗုံးခွဲသမားတစ်ဦးဟာ ဟာဆန်တို့ကျောင်းနားကို ရောက်လာတဲ့အခါ သူဘာလုပ်တော့မယ်ဆိုတာ ဟာဆန်က သိခဲ့ပါတယ်။ အဲဒါကြောင့် ကျောင်းရဲ့ ဂိတ်ပေါက်ဝနားမှာပဲ ဟာဆန်ဟာ ဒီအသေခံဗုံးခွဲသမားနဲ့ ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗုံးခွဲသမားနဲ့အတူ မိမိရဲ့အသက်ကို စတေးခံကာ အတန်းဖော်တွေနဲ့ ကျောင်သား ရာပေါင်းများစွာရဲ့အသက်ကို ကယ်တင်ခဲ့ပါတော့တယ်။ အသက်အရွယ်နဲ့ မလိုက်တဲ့ ဟာဆန်ရဲ့ပြောင်မြောက်တဲ့ သတ္တိအတွက် ပါကစ္စတန်အစိုးရက `သူရသတ္တိဘွဲ့´ (Sitara-e-Shujaat) ကို ချီးမြှင့်ခဲ့ပါတယ်။

    ၄။ ဖာဂူဆန်မှ မွတ်စလင်များ (အမေရိကန်)

    Brave Muslim Heroes in 2014 4

    အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်က ဖာဂူဆန်မြို့မှာ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို လူဖြူရဲအရာရှိတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုကို အခြေခံတဲ့ ဒီကိစ္စကိုဆန့်ကျင်ဖို့ သတ္တိရှိရှိ ရှေ့ထွက်လာတာကတော့ `ဖာဂူဆန်မှ မွတ်စလင်များ´ ဆိုတဲ့ မွတ်စလင်အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မွတ်စလင်တွေဖြစ်ကြတဲ့ နယူးယောက်မှ လင်ဒါ ဆာရ်ဆောရ်၊ ဒက်ထရွိုက်မှ ဒါဝူးဒ်ဝါလစ်၊ မိုင်ယာမီက မိုဟာမက် မာလစ်နဲ့ စိန့်လူးဝစ်က မွတ်စ်တာဖာ အဘ်ဒူလာတို့ ဖြစ်ကြပါတယ်။

    ၅။ ဒေါက်တာ ရှိခ်အူမရ်ခန်း (ဆီရာလီယိုနီ)

    Brave Muslim Heroes in 2014 5

    အမြဲတမ်း ပြုံးနေတတ်ပြီး မျက်နှာချိုတဲ့ ဒေါက်တာ အူမရ်ဟာ ကြောက်မယ်ဖွယ်ကောင်းတဲ့ ကူးစက်မြန် အီဘိုလာရောဂါကို ကုသပေးရင်းနဲ့ အသက်စွန့်ခဲ့ရတဲ့ ပထမဆုံး မွတ်စလင်ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့လှပြီး ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေ မပြည့်စုံတဲ့ ဆီရာလီယိုနီနိုင်ငံမှာ အီဘိုလာရောဂါသည် ၁၀၀ ကျော်ကို ကုသပေးရင်း အသက် ၃၉ နှစ်အရွယ် အူမရ်တစ်ယောက် လောကကြီးကို စောစောစီးစီးပဲ နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။ အူမရ်ရဲ့နောက်မှာ အီဘိုလာကြောင့် သေဆုံးခဲ့ရတဲ့ မွတ်စလင်ဆရာဝန်တွေ အများကြီး ရှိပါသေးတယ်။

    ၆။ ရေဟာနား ဂျက်ဘာရီ (အီရန်)

    Brave Muslim Heroes in 2014 6

    မိမိကို အဓမ္မပြုကျင့်ဖို့ ကြိုးစားသူကို သတ်မှုနဲ့ ကွပ်မျက်ခံလိုက်ရသူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရေဟာနားရဲ့ ကွပ်မျက်ခံရမှုအတွက် Amnesty International အပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

    ref:.onislam