News @ M-Media

Month: October 2016

  • သက်ငယ်မုဒိမ်းမှုအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ရေးဥပဒေကို အင်ဒိုနီးရှားပြဌာန်း

    သက်ငယ်မုဒိမ်းမှုအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ရေးဥပဒေကို အင်ဒိုနီးရှားပြဌာန်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    indo

    – အရွယ်မရောက်သေးသည့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူများကို ပိုမိုကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ရန်အတွက် အစိုးရမှတင်သွင်းသည့် ဥပဒေကြမ်းကို အင်ဒိုနီးရှားလွှတ်တော်အမတ်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဥပဒေသစ်အရ ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် သို့မဟုတ် ဓာတုနည်းဖြင့် သင်းကွပ်ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းတို့ ပါဝင်သည်။

    ထောင်ဒဏ်တစ်သက် သို့မဟုတ် အနည်းဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသော ကျူးလွန်သူများအနေဖြင့် ထောင်မှလွတ်မြောက်လျှင်လည်း ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည့် လျှပ်စစ် ခြေရာခံကိရိယာတစ်ခုကို တင်ဆင်ထားရမည်ဖြစ်သည်။

    အဆိုပါ ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့သည့်အတွက် အတည်ပြုရန် ၂ လခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ယခုကဲ့သို့ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref : CNA

  • နိုင်ငံတော်သီချင်းသစ်၊ အလံသစ်၊ တရားစီရင်ရေးအသစ်နဲ့ အာကာသနိုင်ငံတော်သစ် ပေါ်ထွက်လာတော့မည်

    နိုင်ငံတော်သီချင်းသစ်၊ အလံသစ်၊ တရားစီရင်ရေးအသစ်နဲ့ အာကာသနိုင်ငံတော်သစ် ပေါ်ထွက်လာတော့မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    space

    – ဗီယင်နာအခြေစိုက် အာကာသဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aerospace International Research Center က အာကာသနိုင်ငံတော်သစ်တစ်ခု ထူထောင်မယ့် သူတို့ရဲ့ အစီအစဉ်ကို ၀ဘ်ဆိုက်မှာ ကြေငြာလိုက်ပါတယ်။

    Asgardia လို့ခေါ်တွင်မယ့် အဲဒီနိုင်ငံတော်ဟာ ဘယ်လူသားကမှ ပိုင်ဆိုင်ခြင်းမရှိတဲ့ အာကာသက ကမ္ဘာပတ်လမ်းကြောင်းမှာ ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

    ဒီစီမံကိန်းအတွက် ပထမဆုံးဂြိုဟ်တုကို လာမယ့်နှစ်မှာ လွှတ်တင်ဖို့ရှိနေပြီး တစ်နေ့နေ့မှာ ကုလသမဂ္ဂက အသိအမှတ်ပြုလာလိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်နေပါတယ်။

    ဥရောပအာကာသအေဂျင်စီမှာ ၁၅ နှစ်လောက် အလုပ်လုပ်လာခဲ့သူဖြစ်ပြီး အခုစီမံကိန်းရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီနာ ဒီ ၀င်နီကတော့ ဒီနိုင်ငံတော်မှာ နေထိုင်ရမယ့် နိုင်ငံသားတွေကို ၀င်ခွင့်မပေးခင် သေချာစီစစ်သွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်လည်း ထုတ်ပေးမယ်လို့ ဆိုပါတယ်။

    Aerospace International Research Center ကုမ္ပဏီကို ရုရှားသိပ္ပံပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ အီဂေါအက်စ်ဟာဘီလီက တည်ထောင်ခဲ့တာဖြစ်ပြီး၊ သူက ဒီအစီအစဉ်အတွက် မိမိကို အရူးလို့ပြောမှာ၊ အဓိပ္ပါယ်မရှိဘူးလို့ဆိုလာရင် မိမိအနေနဲ့ အံ့သြမိမှာမဟုတ်ဘူးလို့ ပဲရစ်မှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့ စီမံကိန်းကြေငြာမှုမှာ သတင်းထောက်တွေကို အရွှန်းဖောက်ခဲ့ပါတယ်။

    ဒီ အာကာသနိုင်ငံတော်ဟာ စကင်ဒီနေဗီးယားတွေရဲ့ ဒဏ္ဍာရီ (Norse mythology) က ဆင်းသက်လာတာဖြစ်ပြီး ကုန်းမြေအခြေပြု ဥပေဒတွေနဲ့ ကွဲပြားတဲ့ သီးခြားပုံစံတစ်ခု ဖြစ်မှာပါ။

    စီမံကိန်းဖော်ဆောင်မယ့်သူတွေကတော့ ကုန်စည်ကူးသန်းရေး၊ သိပ္ပံနဲ့ ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာရှိတဲ့ ပြည်သူတွေအတွက် အခွင့်အလမ်းသစ်တွေကို ဖော်ထုတ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

    ရန်ပုံငွေရှာမယ်

    လက်ရှိအချိန်မှာ ဒီနိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းနဲ့ အလံတွေသတ်မှတ်ဖို့ ယှဉ်ပြိုင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပါတယ်။

    လန်ဒန် အာကာသဆိုင်ရာ မူဝါဒနှင့် ဥပဒေရေးရာအသင်းက ဒါရိုက်တာဖြစ်သူ ပရောက်ဖက်ဆာ ဆအစ်ဒ် မွန်တီရှာကတော့ ဒီ Asgardia နိုင်ငံတော်ဟာ နိုင်ငံတကာဥပဒေအရ ဘောင်ဝင်ပါ့မလားဆိုတာကို သံသယဖြစ်နေပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်လို့ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    လက်ရှိမှာတော့ ဒီစီမံကိန်းအတွက် ဒေါက်တာ အက်စ်ဟာဘီလီက ရန်ပုံငွေ စိုက်ထုတ်တာဖြစ်ပေမယ့် ပြင်ပထောက်ပံ့မှု ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။ အခုအချိန်အထိ အာကာသနိုင်ငံတော်သစ်မှာ နေထိုင်ဖို့ စာရင်းပေးထားသူအရေအတွက်ဟာ ၅၀၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

    ပရော်ဖက်ဆာ မွန်တီရှာကတော့ ဒီလို လူတွေဆီကနေ ရန်ပုံငွေရှာဖွေနေတာကိုက ယုံကြည်စိတ်ချရလောက်တဲ့ စီးပွားရေးစီမံကိန်းမျိုး မရှိဘူးဆိုတာကို ပြသနေတာဖြစ်လို့ ထောက်ပြခဲ့ပါတယ်။

    ဒေါက်တာ အက်စ်ဟာဘီလီကတော့ ဒီနိုင်ငံတ်ာအသစ်မှာ တရားစီရင်ရေးစနစ်သစ်ကို ထူထောင်ချင်နေပါသတဲ့။

    Ref: BBC

  • အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ

    အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    winger

    – အာဆင်နယ်အသင်းတွင် မိမိ၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ မိမိကိုယ်ကို ဆန်းစစ်မှုက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည့် ကိစ္စအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပြီး၊ အာဆင်နယ်မှ ထွက်ခွာပါက အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်နိုင်သည်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အသင်းတွင် နည်းပြသက်တမ်း နှစ် ၂၀ အတွင်း ပရီးမိးယားလိဂ်ဖလား ၃ လုံးနှင့် FA ဖလား ၆ လုံး ရယူပေးထားသည့် ၀င်းဂါးမှာ ယခုရာသီကုန်လျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မရေရာမှုများလည်း ရှိနေသည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်တစ်ခုအတွင်း ကြီးမားသည့် အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ပရိတ်သတ်များက ၀င်းဂါးအပေါ် ဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။

    “ကျွန်တော် အသင်းမှာ ဆက်နေမှာလား၊ မနေဘူးလားဆိုတာကိုတော့ ဒီမှာ ဆက်နေဖို့ ဆန္ဒရှိလား၊ မရှိဘူးလား၊ အသင်းက အလိုရှိလား၊ မရှိဘူးလား၊ ကျွန်တော်ရဲ့ စွမ်းဆောင်မှုက ကောင်းမွန်လား၊ မကောင်းမွန်ဘူးလားဆိုတဲ့ သုံးသပ်မှု စတာတွေနဲ့ ဆုံးဖြတ်သွားမှာပါ။ ဆုံးဖြတ်ဖို့အတွက် အဓိက အကြောင်းအရင်းကတော့ ကျွန်တော့်အနေနဲ့ ကောင်းကောင်း စွမ်းဆောင်နိုင်လား။ အသင်းနဲ့ ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုမျိုး ရရှိလား ဆိုတာပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ကောင်းမွန်သည့် စွမ်းဆောင်မှုမျိုး မရှိဟု ထင်ပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ပြီး အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်မှုမှာလည်း ဖြစ်နိုင်ချေရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    poet

    – ၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်တေးဂီတလောကမှ နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာ ဘော့ဘ် ဒိုင်လန်က ရရှိသွားခဲ့သည်ဟု သိရသည်။

    ဒိုင်လန်ရရှိမှုကို နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ဂီတပညာရှင်တစ်ယောက်အနေဖြင့် ပထမဆုံး နိုဘယ်ဆုရရှိသူ ဖြစ်လာခဲ့သည်။ အသက် ၇၄ နှစ်အရွယ်ရှိ ဒိုင်လန်မှာ နိုဘယ်ဆု ဇကာတင်စာရင်းတွင် နှစ်အတော်ကြာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မှ အံ့သြဖွယ် ရရှိခဲ့ခြင်းဖြစ်သည်။

    ဒိုင်လန်မှာ ၁၉၆၀ ပြည့်နှစ်များကတည်းက အမေရိကန် ဂီတလောကတွင် အဆိုတော်၊ တေးရေးဆရာတစ်ယောက်အနေဖြင့် လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

    “ဒိုင်လန်ဟာ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ခေတ်ပြိုင်ဂီတလောကမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ မယုံနိုင်စရာပါပဲ” ဟု နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းရေးသားခဲ့သည့် သီချင်းများတွင် Blowin’ in the Wind၊ Masters of War၊ A Hard Rain’s a-Gonna Fall၊ The Times They Are a-Changin၊ Subterranean Homesick Blues နှင့် Like a Rolling Stone သီချင်းများမှာ အမေရိကန် ဂီတလောကအား တော်လှန်ပြောင်းလဲလိုသူများကို ဖမ်းစားနိုင်ခဲ့သည်။

    Ref: Aljazeera

  • ပြင်သစ်တွင် ခြေစွမ်းပြနေသည့် ဘာလော့တယ်လီကို မန်စီနီ ချီးကျူး

    ပြင်သစ်တွင် ခြေစွမ်းပြနေသည့် ဘာလော့တယ်လီကို မန်စီနီ ချီးကျူး

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    balo

    – ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းတွင် ခြေစွမ်းပြနေသည့် အီတလီတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ ယခုနှစ်တွင် ဂိုး ၂၀ ကျော် သွင်းယူနိုင်မည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်ပြီး အောင်ပွဲခံရာတွင် အင်္ကျီမချွတ်ရန်လည်း သတိပေးခဲ့သည်။

    လီဗာပူလ်းနှင့် အေစီမီလန်တို့တွင် မအောင်မြင်ခဲ့သည့် ဘာလော့တယ်လီမှာ လက်ရှိတွင် နိုက်စ်အသင်း၌ ခြေစွမ်းကောင်းများ ပြသနေပြီး ပြိုင်ပွဲအားလုံးတွင် ၅ ပွဲ ပါဝင်ကစားကာ ၆ ဂိုး သွင်းယူပေးထားသည်။ အင်တာ၊ မန်စီးတီးနှင့် အီတလီအသင်းတို့တွင် ဘာလော့တယ်လီနှင့် လက်တွဲခဲ့ဖူးသည့် မန်စီနီကမူ တပည့်ဟောင်း အကောင်းဆုံးအနေအထား ပြန်ရောက်လာမှုအတွက် ၀မ်းသာနေသည်။

    “မာရီယိုနဲ့ပတ်သက်ပြီး လူတိုင်းမှာ ပြောစရာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။ ဒါတွေက သူ့အတွက် ညည်းငွေ့ဖွယ်တွေဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက လက်ဖျားခါလောက်တဲ့ ကစားသမားပါ။ သူလုပ်လိုက်တဲ့အရာတိုင်းက အထူး စပါယ်ရှယ်ပါပဲ။ နိုက်စ်မှာ အနည်းဆုံး ဂိုး ၂၀ လောက်တော့ သူသွင်းပါလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ သူ့အင်္ကျီကိုတော့ သတိထားရပါလိမ့်မယ်။ ဂိုးသွင်းတယ်ဆိုတဲ့ သူ့အတွက် ထမင်းစားရေသောက်ပါပဲ” ဟု မန်စီနီက ပြောကြာဲး့သည်။

    Ref: Goal