News @ M-Media

Month: October 2016

  • ကျန်းမာရေးဆိုးရွားနေသည့် ထိုင်းဘုရင်မင်းမြတ်အတွက် ပြည်သူများ ဆုမွန်ကောင်းတောင်း

    ကျန်းမာရေးဆိုးရွားနေသည့် ထိုင်းဘုရင်မင်းမြတ်အတွက် ပြည်သူများ ဆုမွန်ကောင်းတောင်း

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    thai

    – ထိုင်းဘုရင်ကြီး၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလာနေပြီး ဆရာဝန်များကလည်း အစွမ်းကုန် ကုသမှုများ ပြုလုပ်ပေးနေသည်ဟု တော်ဝင်မိသားစုဗျူရိုက ယမန်နေ့ညတွင် ကြေငြာခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကလည်း ဘုရင်ကြီး ပြန်လည်ကျန်းမာလာရေးအတွက် ဆုမွန်ကောင်းတောင်းမှုများ ပြုလုပ်နေကြသည်။

    အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် အသက် ၈၉ နှစ်အရွယ်ရှိ ဘုရင်ကြီးမှာ သွေးဖိအားများ ကျဆင်းနေပြီး နှလုံးခုန်နှုန်းနှင့် သွေးအတွင်းရှိ အက်စစ်ပမာဏမှာလည်း မြင့်တက်လာသည်ဟု ဖော်ပြထားသည်။ ထိုအခြေအနေက အသည်းမကောင်းတော့သည့် အခြေအနေမျိုးဖြစ်သည်။

    ယမန်နေ့တွင် ဘုရင်ကြီး၏ သားတော် သမီးတော်များမှာ ဆေးကုသရာ Siriraj ဆေးရုံတွင် ရှိနေကြပြီး ထိုင်းပြည်သူများကလည်း ဆေးရုံရှေ့တွင် စုရုံးကာ ကျန်းမာရေး အမြန်ပြန်ကောင်းရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။

    “ဘုရင်မင်းမြတ်ဟာ ထိုင်းနိုင်ငံရဲ့ အသည်းနှလုံးပါ။ ဘုရင်ကြီး အလျင်အမြန် ပြန်လည်သက်သာလာဖို့ လူတိုင်းက ဆုမွန်ကောင်း တောင်းနေကြပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘုရင်ကြီးနေပြန်ကောင်းလာပြီးတဲ့နောက် အပြုံးတစ်ပွင့်ကို ကြည့်ချင်ပါတယ်” ဟု အသက် ၄၂ နှစ်အရွယ် ကျောင်းဆရာမ ဒွန်နာဖာက ကလဒ်ဘူဖာက ပြောကြားခဲ့သည်။

    အသက် ၆၂ နှစ်အရွယ်ရှိ ပြည်သူတစ်ဦးဖြစ်သူ သုဝဏ္ဏ ကီနမ်သီယမ်ဝမ်ကလည်း ၎င်း၏ သူငယ်ချင်းမိတ်ဆွေ ၂၀ နှင့် အတူ ဘုရင်မင်းမြတ် ဆေးကုသနေသည့် ဆေးရုံနှင့် နီးနိုင်သမျှနီးသည့်နေရာသို့ ရောက်ရှိရန် ကြိုးစားနေသည်။ ၎င်းတို့အားလုံးမှာ ပန်းရောင် အ၀တ်အစားများကို ၀တ်ဆင်ထားကြပြီး ထိုအရောင်က ဘုရင်မင်းမြတ်၏ ကျန်းမာရေး ပိုကောင်းလာရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်နေသည်။

    “ဘုရင်ကြီး ကျန်းမာရေးပြန်ကောင်းလာမှသာ ကျွန်မရဲ့ ဆုတောင်းမှုကို ရပ်တန့်မှာပါ” ဟု ဘုရင်မင်းမြတ်၏ ဓာတ်ပုံကို ပွေ့ပိုက်ထားသည့် သူမက ပြောကြားခဲ့သည်။

    ဘုရင်ကြီးဆေးကုသရာ ဆေးရုံရှေ့အပြင် နိုင်ငံတစ်ဝှမ်းမှ ဘာသာပေါင်းစုံ ပြည်သူများကလည်း ၎င်းတို့၏ ၀တ်ပြုရာအဆောက်အဦးများတွင် ဘုရင်ကြီး ကျန်းမာရေး ပြန်ကောင်းလာစေရန် စုပေါင်း ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်နေကြသည်။

    Ref: Bangkokpost

  • အီရတ်နိုင်ငံမှ ယာဇီဒီအမျိုးသမီးတစ်ဦး ဟာဗယ်လူ့အခွင့်အရေးဆု ရရှိ

    အီရတ်နိုင်ငံမှ ယာဇီဒီအမျိုးသမီးတစ်ဦး ဟာဗယ်လူ့အခွင့်အရေးဆု ရရှိ

    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media

    yazidi

    – ဥရောပကောင်စီက ပေးအပ်ချီးမြင့်သည့် ဗားကလဗ် ဟာဗယ် လူ့အခွင့်အရေးဆု ( Václav Havel Human Rights Prize) ကို IS အကြမ်းဖက်များ၏လက်မှ လွတ်မြောက်လာပြီးနောက် ယာဇီဒီလူမျိုးများကို ကာကွယ်ရာတွင် ထင်ရှားသူ ဖြစ်လာခဲ့သည့် ယာဇီဒီအမျိုးသမီး နာဒီယာ မူရဒ်က ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုမှာ လူ့အခွင့်အရေးကို ကာကွယ်ရာတွင် လူ့အဖွဲ့အစည်းအတွက် သူမတူသော စွမ်းဆောင်နိုင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး ဆုရရှိသူမှာ ကန်ဒေါ်လာ ၆၆၀၀၀ ခံစားခွင့် ရှိမည်ဖြစ်သည်။

    နာဒီယာမူရဒ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် IS အကြမ်းဖက်သမားများက သူမ၏ နေရပ်ဖြစ်သော အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသရှိ ကိုချိုရွာမှ ဖမ်းဆီး၍ မိုဆူးလ်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ IS လက်ထဲတွင် ၃ လခန့် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း ငြှင်းပမ်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်ဟု သူမက ဖွင့်ဟခဲ့သည်။ ထို့နောက် ထွက်ပြေးလွတ်မြောက်လာကာ ဂျာမနီနိုင်ငံသို့ ရောက်ရှိခဲ့သည်။

    လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်လာချိန်မှစ၍ မူရဒ်မှာ ယာဇီဒီလူမျိုးများ ဒုက္ခသုက္ခနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို နိုင်ငံတကာစာမျက်နှာများသို့ ရောက်ရှိအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။

    စထရာဘော့ဂ်၌ ဆုလက်ခံယူစဉ်အတွင်း မူရဒ်က IS အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို စစ်ဆေးရန်အတွက် နိုင်ငံတကာ တရားရုံးတစ်ခု ဖန်တီးရေး တိုက်တွန်းခဲ့ပြီး၊ IS ၏ ညှင်းပမ်းမှုအတွင်း သေဆုံးခဲ့သည့် ယာဇီဒီလူမျိုးတို့၏ ဒုက္ခသုက္ခများကို ပြန်ပြောင်းပြောကြားခဲ့ကာ ထိုလုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    Ref : IINA

  • ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေးညီလာခံ ဒူဘိုင်းတွင် ကျင်းပ

    ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေးညီလာခံ ဒူဘိုင်းတွင် ကျင်းပ

    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media

    summit

    – တတိယအကြိမ်မြောက် ‘ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် စီးပွားရေး ထိပ်သီးညီလာခံ’ ကို ဒူဘိုင်းမြို့ရှိ မဒီနသွလ်ဂျူမေရာ အပန်းဖြေစခန်းတွင် “ပြောင်းလဲမှုကို လှုံ့ဆော်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ယမန်နေ့က စတင်ကျင်းပခဲ့သည်ဟု သိရသည်။

    အာရပ်စော်ဘွားများပြည်ထောင်စု ဒုသမ္မတနှင့် ၀န်ကြီးချုပ်ဖြစ်ပြီး၊ ဒူဘိုင်းအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ရှိုက်ခ် မိုဟာမက် ဘင် ရာရှစ် အလ်-မက်ခ်တွမ်၏ ကြီးကြည်မှုဖြင့် ပြုလုပ်သည့် အဆိုပါညီလာခံမှာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး၊ ဒူဘိုင်းစီးပွားကူးသန်းဝန်ကြီးဌာနနှင့် ဒူဘိုင်းအစ္စလာမ့် စီပွားရေး ဖွံ့ဖြိုးမှုစင်တာ (DIEDC) တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

    ယခုနှစ် ညီလာခံမှာ ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်များ၊ ပေါ်လစီချမှတ်သူများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များ ၃၀၀၀ ကျော် တစ်စုတစ်ဝေးတည်း စုစည်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးဌာနမှ ပညာရှင်များလည်း တက်ရောက်ကြသည်။

    ဒူဘိုင်းစီးပွားကူးသန်းဝန်ကြီးဌာန ဥက္ကဌ မဂျစ် ဆအစ်ဖ် အလ်-ဂူရာယဲက “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အစ္စလာမ့်စီးပွားရေးထိပ်သီးညီလာခံဟာ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးက ဟောပြောသူတွေ၊ ခေါင်းဆောင်တွေ၊ ဆုံးဖြတ်ခွင့်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို အတွေးအမြင်တွေ၊ ကျွမ်းကျင်မှုတွေ ဖလှယ်ဖို့၊ ကမ္ဘာ့စီးပွားရေးရဲ့ ကဏ္ဍအသီးသီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ထိရောက်ပြီး ရေရှည်တည်တံ့တဲ့အဖြေတွေ ရှာဖွေနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်ညီလာခံ၌ ဆွေးနွေးမည့် အကြောင်းအရာများမှာ အစ္စလာမ့်စီးပွားရေးကို ထိခိုက်နေသော ပြဿနာရပ်များနှင့် ထိုကဏ္ဍများ တိုးတက်ရေး နည်လမ်းများကို ရှာဖွေရန်၊ ပိုမိုကြီးထွားမှုနှင့် သာယာဝပြောမှုတို့ကို ရရှိရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

    Ref : IINA

  • တရုတ်နှင့် ရုရှား ဒုံးဖျက်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်

    တရုတ်နှင့် ရုရှား ဒုံးဖျက်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်

    အောက်တိုဘာ ၁၂၊ ၂၁၀၆
    M-Media

    china-2

    – တောင်ကိုရီးယားတွင် ဒုံးခွင်းစနစ်ချထားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကြိုးစားခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့သည် လာမည့်နှစ်တွင် ဒုတိယအကြိမ်မြောက် ပူးတွဲ ဒုံးဖျက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုးရီးယားတို့သည် မြောက်ကိုးရီးယားရန်မှ ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အမေရိကန်လုပ် ဒုံးခွင်းစနစ် (THAAD) ကို တပ်ဆင်ရန် ဆွေးနွေးမှုများကို ပြီးခဲ့သည့်လများတွင် ပြုလုပ်ခဲ့သောကြောင့် တရုတ်နှင့် ရုရှားတို့က ပထမဆုံးအကြိမ် ဒုံးဖျက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလတွင် ပြုလုပ်ခဲ့သည်။

    ယခုအခါတွင် THAAD စနစ်ကို တောင်ကိုးရီးယားကျွန်းဆွယ်တွင် တပ်ဆင်ရန် ရှိနေပြီး အဆိုပါစနစ်၏ အားကောင်းသော ရေဒါများက မိမိတို့၏ လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်ပြီး၊ ကိုရီးယားကျွန်းဆွယ်ရှိ တင်းမာမှုများတွင် မည်သည့် လျော့ကျမှုမှ ဖြစ်မည်မဟုတ်ဟု တရုတ်နှင့် ရုရှားတို့က ပြောကြားခဲ့သည်။

    ယခု ဒုတိယအကြိမ် နှစ်နိုင်ငံ ဒုံးဖျက် စစ်ရေးလေ့ကျင်မှုကို ဘေကျင်းတွင်ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာဖိုရမ်တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ကြေငြာခြင်းမပြုမီ THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားတွင် ချထားမှုကို တရုတ်အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ဝေဖန်ခဲ့သည်။

    Ref : CNA

  • ကဘူးလ်ရှိ ရှီယိုက်ဗလီဝတ်ကျောင်းတော်တွင် တိုက်ခိုက်မှုဖြစ်

    ကဘူးလ်ရှိ ရှီယိုက်ဗလီဝတ်ကျောင်းတော်တွင် တိုက်ခိုက်မှုဖြစ်

    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media

    kabul-3

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၌ ရှီယိုက်မွတ်စလင်များ ဘာသာရေး အထိမ်းအမှတ်အခမ်းအနား ပြုလုပ်နေစဉ်အတွင်း သေနတ်သမားများက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    မြို့အနောက်ပိုင်း ကဘူးလ်တက္ကသိုလ်အနီးရှိ ကာတီဗလီဝတ်ကျောင်းတော်တွင်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော မုဟရမ် ၁၀ ရက်နေ့တွင် ကျရောက်သည့် အာရူရာနေ့အခမ်းအနားကို ပြုလုပ်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

    အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ အသေခံတိုက်ခိုက်ရေးသမားမှာ ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီး ဆဒစ် ဆီဒီကီက ဆိုသည်။

    သေနတ်သမားမှာ ဗလီဝတ်ကျောင်းတော်အား စောင့်နေသည့် ရဲတ်ဖွဲ့ဝင်တစ်ဦးကို ပစ္စတိုဖြင့်ပစ်သတ်ကာ ၎င်း၏ ရိုင်ဖယ်သေနတ်ကိုယူ၍ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း သေနတ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။

    ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမှ တာဝန်မယူသေးပေ။

    ရှီယိုက်မွတ်စလင်များမှာ တမန်တော် မုဟမ္မဒ်သခင်၏ မြေးတော် အီမာမ် ဟူစိန် ကွယ်လွန်မှုအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို အာရှုရာနေ့ ရောက်ရှိတိုင်း ကျင်းပမပြုလုပ်လ့ရှိကြသည်။

    IS နှင့် တာလီဘန်တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများမှာ ရှီယိုက်မွတ်စလင်များကို ဖောက်ပြန်ရေးသားများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ ဗလီဝတ်ကျောင်းတော်များ၊ စုရုံးမှုများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

    Ref: Aljazeera