News @ M-Media
Month: October 2016
  • ဂရိမြို့တော် အေသင်၏ ပထမဆုံးဗလီ မကြာမီ ဆောက်လုပ်တော့မည်
    ဂရိမြို့တော် အေသင်၏ ပထမဆုံးဗလီ မကြာမီ ဆောက်လုပ်တော့မည်
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    athen
    – အစိုးရက ဘဏ္ဍာရေးထောက်ပံ့ပေးထားပြီး မြို့၏ ပထမဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဂရိနိုင်ငံ မြို့တော်အေသင်ရှိ ဗိုတာနီကို့စ်ဒေသတွင် လာမည့်ရက်ပိုင်းအတွင်း ဆောက်လုပ်တော့မည်ဟု သိရသည်။
    ဂရိရေတပ်၏ အဆောက်အဦးဟောင်းကို ဖြိုချကာ ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်မည်ဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းမှာ ၆ လခန့် ကြာမြင့်မည်ဖြစ်သည်။ ကုန်ကျငွေမှာမူ ယူရို ၈၈၇၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ပြီး အစိုးရက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
    ဆောက်လုပ်ရေးအတွက် သဘောတူညီချက်ကို ဂရိအစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ပြုရေးအတွက် ဂရိပါလီမန်တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ မူဘောင်များကြောင့် ဆောက်လုပ်ရေး နှောင့်နှေးခဲ့ရသည်။
    အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ နှစ်ပေါင်း ၁၈၀ အတွင်း မြို့တော်အေသင်၌ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး မြို့အတွင်းနေထိုင်သည့် မွတ်စလင် ၂ သိန်းကျော်အတွက် ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် အေသင်ရှိ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့ အဆင်ပြေရာနေရာများတွင် စုပေါင်းဝတ်ပြုနေကြသည်။
    Ref : greece.greekreporter.com
  • အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ
    အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    duterte
    – မူးယစ်နှိမ်နှင်းရေး လှုပ်ရှားမှုကြောင့် နိုင်ငံတကာမှ ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးမှာ ယခုလမကုန်ခင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်မှု ပိတ်ပင်ရန် စီစဉ်နေသည်ဟု သိရသည်။
    ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ပေါ်လင်း ယူဘီယဲလ်က AP သတင်းဌာနနှင့် တွေ့ဆုံစဉ် ထိုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးရွက်ကြီးထုတ်ကုန်များတွင် ကျန်းမာရေး သတိပေးဓာတ်ပုံများ ကပ်ရမည့် ဥပဒေ နိုဝင်ဘာ ၄ ရက်နေ့ အသက်မ၀င်ခင် ထိုကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ရန် သမ္မတက မိမိအား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
    ဒူတာတေးမှာ ယခင် နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့စဉ် ထိုကဲ့သို့ ပိတ်ပင်ခဲ့ဖူးပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးလိပ်ကင်းစင်ဒေသအဖြစ် ဆောင်ရွက်ရန် အလိုရှိနေသည်ဟု ၀န်ကြီးက ဆိုသည်။
    ထို့ပြင် အဆောက်အဦးအပြင်ဘက်၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၏ အဝေးတွင် ဆေးလိပ်သောက်သုံးသည့်နေရာ သီးသန့်ထားရှိမည်ဖြစ်ပြီး ဒေသအတွင်းအစိုးရများကိုလည်း ဆေးလိပ်သောက်သုံးမှုပိတ်ပင်ရန်နှင့် ဒဏ်ကြေးများ ချမှတ်ရန် အမိန့်ပေးသွားမည်ဖြစ်သည်။
    ထိုကဲ့သို့ ပိတ်ပင်မှုတွင် အီလက်ထရောနစ် စီးကရက်များလည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ အငွေ့ထွက်သောကြောင့်ဖြစ်သည်ဟု ယူဘီယဲလ်က ထည့်သွင်းပြောကြားခဲ့သည်။ ဒါဗာအိုမြို့အား ဒူတာတေး မြို့တော်ဝန်အဖြစ်ဆောင်ရွက်စဉ်က ထိုပိတ်ပင်မှုမှာ အောင်မြင်ခဲ့ပြီး စံပြဒေသအဖြစ် မှတ်ယူခံခဲ့ရသည်။
    Ref : Aljazeera
  • ထိုင်းဘုရင်ကြီး ဘူမိဘောလ် နတ်ရွာစံပြီ
    ထိုင်းဘုရင်ကြီး ဘူမိဘောလ် နတ်ရွာစံပြီ
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    thai-king
    – ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားခဲ့သည့် ထိုင်းဘုရင်ကြီး ဘူမိဘောလ် အဒူလ်ရာဂျစ်မှာ ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံတွင် ကံတော်ကုန်သွားခဲ့သည်ဟု သိရသည်။
    သက်တော် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘုရင်ကြီး နတ်ရွာစံမှု အကြောင်းအရင်းကို ဘုရင့်နန်းတော်က ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေ။ ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံးဖြစ်သည့် ဘုရင်ကြီးမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကျောက်ကပ်နှင့် အဆုတ်ပြဿနာများအပါအ၀င် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးကုသမှု မပြတ်ခံယူနေရသူဖြစ်သည်။
    ၁၉၄၆ ခုနှစ်က ထီးနန်းဆက်ခံခဲ့သည့် ဘူမိဘောလ်မှာ ထိုင်းပြည်သူများ၏ လေးစားမှုကို အထူး ရရှိခဲ့သူဖြစ်ပြီး စည်းမျဉ်း ခံဘုရင်ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတွင် စည်းလုံးမှု၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။
    ဘုရင်ကြီး ဘူမိဘောလ်၏ နေရာကို ဆက်ခံစိုးစံရမည့်သူမှာ အိမ်ရှေ့မင်းသား မဟာ ၀ါဂျီရာလွန်ကောန်ဖြစ်ပြီး ခမည်းတော်ကဲ့သို့ ပြည်သူလူထု၏ လေးစားမှုကို မရရှိသူဟု ရှုမြင်ခြင်းခံရသည်။ အိမ်ရှေ့မင်းသားမှာ ဂျာမနီတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့က ဘန်ကောက်သို့ ရောက်ရှိလာခဲ့သည်။
    Ref: Aljazeera
  • ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ (စာအုပ်အညွှန်း)
    ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ (စာအုပ်အညွှန်း)
    14666235_1716094888713343_8617704363181466087_n
    ၂၀ ရာစု ပင်လုံ သမိုင်းတါင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးဖေခင်၏ တူအရင်းဖြစ်သူ  ဒေါက်တာညွှန့်ရွှေ(တောင်ကြီး) ရေးသားပြုစုသော “ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ ” စာအုပ်ထွက်ရှိလာသည်။
    အဆိုပါ စာအုပ်သည် ၂၀ ရာစု ပင်လုံ ညီလာခံတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ မြန်မာတိုင်းရင်းသား မျိုးချစ်တစ်ဦးဖြစ်သည့် သံအမတ်ကြိး အငြိမ်းစား ဦးဖေခင်၏ ကောက်ကြောင်း ရာဇဝင်နှင့် မြန်မာနိုင်ငံရေး သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ပြန်လည်တင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။
    ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ခေါင်းဆောင်ကြီးများ ပါဝင်ကြိုးပမ်းဆောင်ရွက်မှုများကြောင့်  သမိုင်းဝင်ပင်လုံစာချူပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးကို တိုင်းရင်းသား စည်းလုံး ညီညွတ်မှု စွမ်းအားဖြင့် ရယူပေးနိုင်ခဲ့ခြင်း၏ နောက်ခံသမိုင်းကြောင်းများပါဝင်သည်။
    မျက်မှောက်ကာလ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကျင်းပနေချိန်တွင် သမိုင်းကြောင်း အစဉ်အလာကောင်းသော (၂၀) ရာစု ပင်လုံ ညီလာခံ မှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအား အခိုင်အမာတည်ဆောက်နိုင်ပုံတို့အား ပြတ်ပြတ်ထင်ထင် တင်ပြထားသည်။ ၂၀ ရာစု ပင်လုံ ညီလာခံကို အခြေတည်သည့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး အတွက် တစ်ထောင့် တစ်နေရာက အားဖြည့် ပေးထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။
    အဆိုပါစာအုပ်ကို နေရီရီ စာအုပ်တိုက် အမှတ် ၂(က) အောင်ရတနာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြိုက ထုတ်ဝေဖြန့်ချိထားပြီး တန်ဖိုးမှာ ကျပ် ၂၇၀၀ ဖြစ်သည်။
    ၁၁-၁၀-၂၀၁၆ ကြေးမုံ သတင်းစာ၊
    ကြေးမုံ စာအုပ်စင်ကဏ္ဍမှ ကူးယူဖော်ပြသည်။
  • ၀ရမ်းပြေးတစ်ဦးကို ဖမ်းပေးသည့် ဆီးရီးယားဒုက္ခသည်များကို ဂျာမနီ ချီးကျူး
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    refugee
    – ဗုံးခွဲမည်ဟု သံသယရှိသည့် တရားခံပြေးတစ်ဦးကို နိုင်ငံအရှေ့ပိုင်း အီအစ်ပ်ဇစ်ဂ်မြို့တွင် ဖမ်းဆီးကာ ရဲလက်အပ်ခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို ဂျာမနီတာဝန်ရှိသူများက သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။
    တရားခံပြေးမှာ အသက် ၂၂ နှစ်အရွယ် ဆီးရီးယားဒုက္ခသည် ဂျဘာရ် အလ်-ဘာကာရ်ဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်မှ ကီလိုမီတာ ၈၀ အကွာတွင် ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်တစ်ပတ်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားဒုက္ခသည် ၃ ဦးကမူ အလ်-ဘာကာရ်ကို တနင်္လာနေ့က ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်။
    လီအစ်ပ်ဇစ်ဂ်မြို့တော်ဝန်ဖြစ်သူ ဘာရ်က်ဟာ့ဒ်ကမူ အဆိုပါ ဒုက္ခသည် ၃ ဦးအား အင်္ဂါနေ့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
    “ဒါဟာ အကြမ်းဖက်မှုတစ်ခုအပေါ် ကြီးကြီးမားမား အောင်မြင်လိုက်တာပဲ ဖြစ်ပါတယ်၊ အခုဖြစ်ရပ်က ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုလှုံသူတွေဟာ အစွန်းရောက်ဝါဒနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲ” ဟု က မြို့တော်ဝန်က ဆိုသည်။
    ဂျာမနီတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိထားသည့် ဘာကာရ်မှာ ဂျာမနီသို့ ရောက်လာသည့် ဒုက္ခသည် ၈၉၀၀၀၀ အနက် တစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့က ဘာကာရ်ကို IS အဖွဲ့နှင့် အဆက်အသွယ်ရှိပြီး ဘာလင်မြို့လေဆိပ်ကို ဗုံးထောင်နိုင်ချေရှိသူအဖြစ် သံသယဖြစ်ခဲ့ခြင်းဖြစ်သည်။
    အတိုက်အခံလက်ဝဲပါတီမှ ထင်ရှားသည့်နိုင်ငံရေးသမားဖြစ်သူ အန်ဒေရ ဟန်ကမူ ၀ရမ်းပြေး ဘာကာရ်အား ဖမ်းဆီးပေးခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို သတ္တိရှိသူအဖြစ် ကင်းပွန်းတပ်ခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခိုလှုံခွင့် အလျင်အမြန်ပေးရန် တိုက်တွန်းခဲ့သည်။
    “ရိုးသားပြီး အကူအညီလိုနေတဲ့ ဒုက္ခသည်တွေ၊ IS အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိတဲ့သူတွေကို ဒီလို လုပ်ပေးဖို့ သိပ်အရေးကြီးပါတယ်”
    Ref : Aljazeera