News @ M-Media

Tag: 1001-inventions

  • ဆေးဝါးဗေဒ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၃)

    ဆေးဝါးဗေဒ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၃)

    မတ် ၃၁၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – ဒီနေ့မှာတော့ ဈေးတိုင်း၊ စူပါမားကတ်တိုင်းနီးပါးမှာ ဆေးဆိုင်တွေ၊ ဆေးမှူးတွေကို အလွယ်တကူ တွေ့မြင်ရမှာပါ။ ဒါပေမယ့် ဒီလိုထွန်းကားမှုဟာ ခေတ်သစ်ကာလရောက်မှ ဖြစ်တည်လာခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ဆေးဆိုင်တွေဟာ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့မှာ သန္ဓေတည် ဖောက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

    ၉ ရာစုအစပိုင်းလောက်မှာ သမားတော်တွေဟာ ကိုယ်ပိုင်ဆေးဆိုင်တွေဖွင့်ပြီး လွတ်လပ်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဈေးတွေမှာ မိသားစု ဦးစီးလုပ်ကိုင်တဲ့ ဒီဆေးဆိုင်တွေကို အစိုးရက ခန့်အပ်ထားတဲ့  စစ်ဆေးရေးအရရှိ အလ်-မူဟ်တာဆစ်ဘ် (Al-Muhtasib) နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက ပုံမှန်လိုလို လာရောက် စစ်ဆေးကြပါတယ်။ သူတို့တွေဟာ ချိန်တွယ်တာတွေ၊ ချင်တွယ်တာတွေ တိကျမှု ရှိ၊ မရှိ၊ အသုံးပြုတဲ့ ဆေးဝါးတွေ စစ်မှန်မှု၊ ရှိ၊ မရှိ စတာတွေကို စစ်ဆေးကြပြီး လိမ်ညာရောင်းချသူတွေ၊ သမားတုတွေကို ဖယ်ရှားတာမျိုး၊ ကြိမ်ဒဏ်ရိုက် အပြစ်ပေးတာမျိုးတွေ လုပ်ကြပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဆေးရုံတွေမှာ ကိုယ်ပိုင် ဆေးပေးဌာနတွေ ရှိခဲ့ပြီး ဆေးဝါး ထုတ်လုပ်မှုတွေ၊ ဖော်စပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

    ၉ ရာစုမှာ မွတ်စလင် ဆေးပညာရှင် ဆာဘူရ် အစ်ဗနေ့ စဟာလ် (Sabur ibn Sahl) လို ပုဂ္ဂိလ်မျိုးတွေက လက်တွေ့အသုံးချ ဆေးဝါးဗေဒကို တိုးတက်ဖွံ့ဖြိုးစေခဲ့ပြီး၊ အစ်ဗနေ့ စဟာလ်ဟာ ရောဂါဘယပေါင်းစုံအတွက် ဆေးဝါးတွေ၊ ကုသနည်းတွေ မြောက်များစွာကို ဖော်ထုတ်ခဲ့တဲ့ ပထမဆုံး သမားတော်လည်း ဖြစ်ပါတယ်။ အလ်-ရာဇီ (Al-Razi) ကတော့ ဆေးဝါးတွေမှာ ဓာတုဒြပ်ပေါင်းထည့်သွင်းမှု နည်းလမ်းကို ဖော်ထုတ် မြှင့်တင်ပေးခဲ့ပြီး၊ အစ်ဗနေ့ဆီနာ (Ibn Sina) က ဆေးဝါး ၇၀၀ လောက်ကို ဖော်စပ်ခဲ့ကာ ဒီဆေးတွေရဲ့ အာနိသင်၊ သက်ရောက်မှုနဲ့ ပါဝင်မှုတွေကို ရေးသားခဲ့ပါသေးတယ်။ အလ်-ကင်ဒီ (Al-Kindi) ဆိုတဲ့ နောက်ထပ် မွတ်စလင်သမားတော်ကြီးက ဆေးဝါးဗေဒရဲ့ အခြေခံစည်းမျဉ်းဖြစ်တဲ့ ဆေးညွှန်းတွေကို သတ်မှတ်ပေးခဲ့ပါတယ်။

    ဆေးဝါးဗေဒမှာ သြဇာလွှမ်းမိုးတဲ့ အခြား မွတ်စလင်သမားတော်ကြီးတွေထဲမှာ စပိန်နိုင်ငံက အလ်-ဇဟ်ရာဝီ (Al-Zahrawi) လည်း ပါဝင်ခဲ့ပြီး ခေတ်သစ်ဆေးဝါးများစွာကို ထုတ်လုပ်ရာမှာ အရေးပါတဲ့ ငွေ့ရည်ခံမှု၊ ပေါင်းခံမှု နည်းလမ်းတွေကို ၉ ရာစုမှာ သူက ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပြီး  သူဟာ ခန္ဓာကိုယ်တွင်း ချုပ်ရိုးတွေအတွက် တိရစ္ဆာန်အူကနေ ပြုလုပ်တဲ့ ကြိုးကို ပထမဆုံး အသုံးပြုခဲ့သူလည်း ဖြစ်ပါတယ်။ ဆေးသောက်ရာမှာ အ၀င်မဆိုးစေဖို့ ဆေးတွေကို တိရစ္ဆာန်အူကနေလုပ်တဲ့ အထုပ်လေးတွေမှာထည့်ပြီး အဆင်သင့် မြိုချလို့ရအောင် ဖန်တီးခဲ့တာလည်း အလ်-ဇဟ်ရာဝီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ် ဆေးတောင့်လေးတွေကို သောက်တဲ့အခါ ဒီနည်းလမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က ဖော်ထုတ်ခဲ့တယ်ဆိုတာကို သတိရပါ။

    အလ်-ဇဟ်ရာဝီရဲ့ ဆေးကျမ်းကြီးဖြစ်တဲ့ ‘အလ်-တက်စ်ရစ်ဖ်’ (Al-Tasrif) ကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုကာ Liber Servitoris ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီကျမ်းကြီးထဲမှာ ရိုးရှင်းတဲ့ ဆေးဒြပ်ပေါင်းတွေ၊ နက်နဲတဲ့ ဆေးဝါးတွေကို ဘယ်လို ဖော်စပ်ထုတ်လုပ်ရမလဲဆိုတာကို အသေးစိတ် ရှင်းပြထားပါတယ်။ ပြီးတော့ litharge လို့ခေါ်တဲ့ ခဲမိုနောက်ဆိုက် (Lead monoxide)၊ ခဲဖြူ၊ ခဲဆာလဖိုက် (lead sulfide)၊ လောင်ကျွမ်းထားတဲ့ ကြေးနီ၊ ကဒ်မီယမ်၊ မာရ်ကဆိုက် အိုင်းယွန်း ဆာလ်ဖိုက်ဒ် (marcasite iron sulfide)၊ စိန်ဝါ၊ ထုံး၊ ငရဲမီးနဲ့ ဆားတွေလို ပရပစ္စည်းတွေကို ထုတ်လုပ်တဲ့ နည်းလမ်းကိုလည်း ဖော်ပြထားပါတယ်။

    အဘူ အလ်-မန်ဆူရ် မူဝါဖက် (Abu al-Mansur Muwaffaq) ဟာ The Foundations of the True Properties of Remedies (ဆေးကုသနည်းများ၏  စစ်မှန်သော ဂုဏ်သတ္တိများဆိုင်ရာ

    The Foundations of the True Properties of Remedies (ဆေးကုသနည်းများ၏ စစ်မှန်သော ဂုဏ်သတ္တိများဆိုင်ရာ အခြေခံကျမ်း) ကို ရေးသားခဲ့သည့် အဘူ အလ်-မန်ဆူရ် မူဝါဖက်

    အခြေခံကျမ်း) ကို ၁၀ ရာစုမှာ ရေးသားခဲ့ပြီး ဆေးဝါးဗေဒနယ်ပယ်မှာ ဖောက်ထွက်ခဲ့ပါတယ်။ ဒီကျမ်းမှာ စိန်အောက်ဆိုက် (arsenious oxide) ကို ဖော်ပြထားပြီး silicic acid အကြောင်းကိုလည်း အလ်-မန်ဆူရ်က သိခဲ့ပါတယ်။ ဒီအက်စစ်ကို ဒီနေ့မှာ အစာအိမ်နာရောဂါ ဖြစ်စေတဲ့ အစာအိမ်ဖုံးအမှေးပါးကို ကာကွယ်တဲ့ ဆေးဝါးတွေမှာ အသုံးပြုနေပါတယ်။ အလ်-မန်ဆူရ်ဟာ ဆိုဒီယမ် ကာဘိုနိတ်နဲ့ ပိုတက်ဆီယမ် ကာဘိုနိတ်ကို ကွဲကွဲပြားပြား ပိုင်းခြားပေးခဲ့ပြီး ကော့ပါးဒြပ်ပေါင်း အထူးသဖြင့် ကော့ပါး ဆလ်ဖိတ်ရဲ့ အဆိပ်ဖြစ်စေတဲ့ သဘာဝကိုလည်း အသေအချာ အာရုံစိုက် လေ့လာခဲ့ပါတယ်။

    ၁၁ ရာစုမှာတော့ အလ်-ဘီရူနီ (Al-Biruni) ဟာ ဆေးဝါးဗေဒမှာ တန်ဖိုးအရှိဆုံး စာအုပ် The Book of Pharmacology (ဆေးဝါးဗေဒဆိုင်ရာကျမ်း) ကိုရေးသားခဲ့ပြီး ဆေးဝါးတွေရဲ့ ဂုဏ်သတ္တိ အသေးစိတ်ကို ဖော်ပြထားကာ ဆေးဝါးဗေဒရဲ့ အရေးပါမှု၊ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ လုပ်ရမယ့် ဆောင်ရွက်ချက်တွေ၊ ထမ်းဆောင်ရမယ့် တာဝန်တွေကိုလည်း ဒီကျမ်းကြီးထဲမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

    ဆေးဝါးဖော်စပ်ထုတ်လုပ်သူတွေရဲ့ အဓိကတာဝန်က သူတို့ရဲ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အစီစဉ်တကျ စီမံခန့်ခွဲရတာ ဖြစ်ပြီး ဒီလုပ်ငန်းကို ဘယဆေးဆရာနဲ့ ဆေးဝါးကို လက်တွေ့ အသုံးချသူတွေအတွက် အမြင့်ဆုံးအရည်အသွေးအဖြစ် မှတ်ယူ ကျင့်သုံးရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမားတွေဟာ ဆေးဝါးတွေကို ဗျည်းအက္ခရာစဉ်အတိုင်း ပြုစုကာ ဇယားတစ်ခုတည်ဆောက်ပြီး အလွယ်တကူ ကိုးကား အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ဆေးဘက်ဆိုင်ရာ ထူးခြားမှုတွေကို ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ လေ့လာနိုင်တဲ့ စွယ်စုံကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

    အရေးပါတဲ့ ဆေးဝါးဗေဒဆိုင်ရာ သတင်းအချက်အလက်တွေပါဝင်တဲ့ ဒီလို အစောပိုင်း ဆေးပညာကျမ်းကြီးတွေဟာ ဥရောပကို ရောက်ရှိခဲ့ပြီး ဂျိုဟန်နက်စ် ဒီ ဆန်တို အေမန်ဒို (Johannes de Sancto Amnado)၊ ၁၃၀၆ ခုနှစ်ကနေ ၁၃၁၆ ခုနှစ်အထိ အီတလီနိုင်ငံ ပါဒူတာမှာ ပရော်ဖက်ဆာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပီယက်ထရို ဒီ အေဘန်နို (Pietro d’Abano) တို့လို ၁၃ ရာစု ဥရောပ ဆေးဝါးဗေဒ ပညာရှင်တွေအပေါ်မှာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ဥရောပကို ရောက်ရှိပြီး နာမည်ကျော်ခဲ့တဲ့ စာအုပ်တွေထဲမှာ စပိန်မွတ်စလင် ပညာရှင်ကြီး အစ်ဗနေ့ အလ်-၀ါဖစ် (Ibn al-Wafid) ရဲ့ စာအုပ်တွေလည်း ပါဝင်ပြီး သူ့ရဲ့ စာအုပ် လက်တင်ဘာသာပြန်ကို အကြိမ်ပေါင်း ၅၀ လောက် ပြန်လည် ရိုက်နှိပ် ထုတ်ဝေခဲ့ရပါတယ်။ အလ်-၀ါဖစ်ရဲ့ ကျော်ကျားတဲ့လက်ရာကတော့ The Book of Simple Drugs (ရိုရှင်းသော ဆေးဝါးများကျမ်း) ဖြစ်ပြီး စာမျက်နှာ ၅၀၀ လောက်ပါဝင်တဲ့ ဒီကျမ်းကို ၂၅ နှစ်လောက် စုဆောင်းရေးသားခဲ့ရတာ ဖြစ်ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန် De medicamentis simplicibus ဟာ သူ့ရဲ့ လက်ရာတွေထဲက တစ်ပိုင်းတစ်စသာ ဖြစ်ပါတယ်။

    ၁၃ ရာစု မာလာဂါက မွတ်စလင်ပညာရှင် အစ်ဗနေ့ အလ်-ဘေတာ (Ibn al-Baytar) ဟာ ထင်ရှားတဲ့ ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ဆေးဝါးဗေဒဆိုင်ရာ အကြီးဆုံး စွမ်စုံကျမ်းကြီးကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ Dictionary of Simple Remedies and Food (ရိုးရှင်းသော ကုသနည်းများနှင့် အဟာရဆိုင်ရာ စွယ်စုံကျမ်း) လို့ အမည်ပေးထားတဲ့ ဒီကျမ်းကြီးထဲမှာ အပင်ပေါင်း ၃၀၀၀ လောက်ရဲ့အစွမ်းသတ္တိတွေကို အက္ခရာစဉ်အတိုင်း ဖော်ပြထားပါတယ်။ ဒီကျမ်းကြီးရဲ့ လက်တင်ဘာသာပြန်ကို ၁၇၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး၊ ပိုပြီးပြည့်စုံတဲ့ ဘာသာပြန်ဟာ ၁၈၄၂ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

    ဥရောပက ဆေးဝါးဗေဒပညာရှင်ကြီးတွေဟာ မွတ်စလင်တွေရဲ့ ဒီလက်ရာတွေကို တော်တော်လေး လေးစားအားကျ၊ အတုယူခဲ့ကြပါတယ်။ ၁၅ ရာစု ဆေးဝါးပညာရှင်တစ်ဦးဖြစ်တဲ့ ဆာလာဒင် အော့ဖ် အက်စ်ကိုလို (Saladin of Ascolo) ဟာ အတွဲ ၇ တွဲပါဝင်တဲ့ Compendium aromatariorum ကျမ်းကြီးကို ရေးသားပြုစုခဲ့ပြီး ဘာသာရပ်တွေကို ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ပေးခဲ့တဲ့ အစောဆုံး မွတ်စလင် ဆေးပညာရှင်ကြီး ဖြစ်ပါတယ်။

    ‘ဖလိုရန်တိုင်း သမားတော်များကောလိပ်’ (Florentine College of Physicians) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမားတော် လူဒိုဗီကို ဒါလ် ပေါ့ဇို တိုစကန်နဲလ်လီ (Ludovico dal Pozzo Toscanelli) ဟာ ၁၇ ရာစုမှာ London Dispensatory ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသာခဲ့ပြီး အဲဒီထဲမှာ အပင်တွေ၊ သဘာဝသတ္တုတွေ၊ ခန္ဓကိုယ်အပြင်ပိုင်းနဲ့ အတွင်းပိုင်းအတွက် အသုံးပြုနိုင်မယ့် ဆေးဝါးတွေ၊ အဆီတွေ၊ ဆေးလုံးတွေနဲ့ အုံဆေးတွေအားလုံးဟာ မွတ်စလင်တွေရဲ့ ကြိုးပမ်းအာထုတ်မှုတွေနဲ့ ဆက်နွယ်နိုင်ဖွယ်ရှိတယ်လို့ ဖော်ထုတ်တင်ပြထားပါတယ်။

    ဆးဝါးဗေဒမှာ တန်ဖိုးအရှိဆုံး စာအုပ် The Book of Pharmacology (ဆေးဝါးဗေဒဆိုင်ရာကျမ်း) ကို ရေးသားခဲ့သည့် အလ်-ဘီရူနီ

    မွတ်စလင်တွေရဲ့ ဆေးဝါးဗေဒဆိုင်ရာ အမွေအနှစ်တစ်ခုဟာ အမေရိကန်သမိုင်းပညာရှင် မာတင် လီဗေး (Martin Levey) ကြောင့် မကြာသေးခင်ကပဲ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ် လီဗေးမကွယ်လွန်ခင်မှာ သူဟာ ဆေးဒြပ်ပေါင်းတွေ၊ ဆေးလုံး၊ ငုံဆေးပြား၊ ဆေးမှုန့်၊ ဆေးယို၊ လိမ်းဆေးအဆီ၊ ယားနာလိမ်းဆေးနဲ့ သွားတိုက်ဆေးတို့လို အနာရောဂါတွေကို ကုသတဲ့နည်းလမ်း မြောက်များစွာကို ဖော်ပြထားတဲ့ အာရဘီ ကျမ်းတစ်ခုကို ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။

    ၁၃ ရာစုမွတ်စလင် ဆေးပညာရှင် အလ်-ဘေတာ အသုံးပြုခဲ့သည့် ဆေးဝါးဆိုင်ရာ ဇယား။ အဆိုပါ ဇယားတွင် ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားသည့်နေရာ၊ ဆေးကုသမှုနည်းလမ်းနှင့် အသုံးပြုရမည့် ဆေးပမာဏတို့ကို ဖော်ပြထားပါတယ်။

    ၁၃ ရာစုမွတ်စလင် ဆေးပညာရှင် အလ်-ဘေတာ အသုံးပြုခဲ့သည့် ဆေးဝါးဆိုင်ရာ ဇယား။ အဆိုပါ ဇယားတွင် ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားသည့်နေရာ၊ ဆေးကုသမှုနည်းလမ်းနှင့် အသုံးပြုရမည့် ဆေးပမာဏတို့ကို ဖော်ပြထားပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    မတ် ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ၁၃ ရာစု မွတ်စလင် တိုင်းရင်းဆေးပညာရှင် မာလာဂါမြို့မှ အလ်-ဘေတာ၏ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    – လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဥယျာဉ်ပန်းခြံတွေဟာ သိပ္ပံဆိုင်ရာ မြေပြင်ဓာတ်ခွဲခန်းတွေ ဖြစ်ခဲ့ပြီး အပင်တွေရဲ့ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေနဲ့ပတ်သက်လို့ လမ်းညွှန်ကျမ်းတွေ ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီးတွေ ပျော်မွေ့ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ သစ်ပင်ပန်းမာလ်တွေကနေ စီမံဖော်ထုတ်တဲ့ ဆေးတွေဟာ သီးခြားဆေးဝါးတစ်ခုလို့ ရှုမြင်ခြင်းမခံရဘဲ လက်တွေ့အသုံးချ ဆေးပညာမှာ အင်မတန်အရေးပါခဲ့ပြီး ဆေးရုံတော်တော်များများဟာ ကုသမှုမှာ အသုံးပြုဖို့ ဆေးဘက်ဝင်အပင်တွေကို ပန်းခြံအပြည့် တယုတယစိုက်ထားကြကာ အဲဒီအပင်တွေကနေ ဆေးဝါးတွေ ဖော်စပ်ထုတ်လုပ်တာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။

    အပင်တွေကနေ ဆေးဝါးထုတ်လုပ်တာမျိုးတွေကို လူ့ယဉ်ကျေးမှု အစကတည်းက လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ  စာအရေးအသား မပေါ်ခင်ကတည်းက သစ်ပင်ပန်းပင်တွေကနေ ဆေးဝါးထုတ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ အနောက်နိုင်ငံမှာတော့ ပထမဆုံး ‘တိုင်းရင်းဆေးကျမ်း’ (ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို စုစည်းရှင်းပြထားတဲ့စာအုပ်) ဟာ ဂရိနိုင်ငံမှာ ပေါ်ထွက်လာခဲ့ပြီး ခရစ်တော်မပေါ်ခင် တတိယရာစုမှာ ဒီယိုကလီစ် အော့ဖ် ကာရီစတုစ် (Diocles of Carystus) က ရေးသားခဲ့ပြီး၊ ဘီစီ ၁ ရာစုမှာတော့ ကရာတေယက်စ် (Crteuas) ဆိုတဲ့ ပညာရှင်တစ်ဦးကလည်း ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ ဂရိတွေရဲ့ တိုင်းရင်းဆေးကျမ်းတွေထဲက လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ကျမ်းကတော့ ဒီအိုစကိုရီဒီစ် (Dioscorides) က အေဒီ ၆၅ မှာ ရေးသားခဲ့တဲ့ De Materia Medica ကျမ်း ဖြစ်ပါတယ်။ ဒီအိုစကိုရီဒီစ်ဟာ ဂရိနဲ့ ရောမ ပညာရှင်တွေထဲမှာ တိုင်းရင်းဆေးအပေါ် လွှမ်းမိုးမှုအရှိဆုံး ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

    ၁၅ ရာစု အာရဘီ ရုက္ခဗေဒကျမ်းမှ စာမျက်နှာတစ်ခု

    မွတ်စလင်တွေရဲ့ နယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ မွတ်စလင်ကုန်သည်တွေ၊ ခရီသွားတွေဟာ ယခင်က သူတို့မသိကြတဲ့ တိုင်းတစ်ပါးက အပင်တွေ၊ မျိုးစေ့တွေ၊ မျိုးစိတ်တွေနဲ့ ထိတွေ့လာခဲ့ကြပြီး၊ ကုန်ကြမ်း အများအပြားနဲ့ သူတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ပညာရပ်တွေ၊ အချက်အလက်တွေကိုပါ ဆောင်ကျဉ်းလာခဲ့ကြကာ အာရှက မြေပြန့်လွင်ပြင်ကြီးတွေကနေ ဥရောပက တောင်တန်းကြီးတွေအထိ ရှာဖွေရေးခရီးအတွက် ခြေဆန့်ခဲ့ကြပါတယ်။ စက္ကူကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှုကလည်း သူတို့ရဲ့ ခရီးစဉ်အသေးစိတ်ကို ရောက်ရှိရာနေရာမှာပဲ မဆိုင်းမတွ မှတ်တမ်းတင်ခွင့်ရခဲ့သလို စူးစမ်းဖော်ထုတ်မှုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

    ဒီလို အချက်အလက်တွေနဲ့ အသုံးဝင်ပစ္စည်းတွေ စုဆောင်းမှုနဲ့ သူတို့ရဲ့ သိပ္ပံနည်းကျ ဆေးဝါးဆိုင်ရာ အသိပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တိုင်းရင်းဆေးဝါးအသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ လေ့လာမှုတွေကြောင့် အချက်အလက်တွေ တော်တော်များများကို စုဆောင်းရမိခဲ့သလို အင်မတန် ကြီးကျယ်တဲ့ အလုပ်များစွာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

    အေဒီ ၁၀၀၂ မှာ ကွယ်လွန်ခဲ့တဲ့ အစ်ဗနေ့ ဆာမာဂျွန် (Ibn Smajun) ဟာ Collection of Simples, Medicinal Plants and Resulting Medicines (တွေ့ရလွယ်သည့် ဆေးဖက်ဝင်အပင်များနှင့် ဆေးဖော်စပ်မှုများစုစည်းမှု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဒီကျမ်းဟာ သူ့ရဲ့အရင်က သမားတော်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို အခြေခံကာ အပင်တွေနဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို ခွဲခြမ်းစိတ်ဖြာ ဖော်ပြထားတဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၁၁ ရာစုမှာလည်း အစ်ဗနေ့ ဆီနာ (Ibn Sina) ဟာ သူ့ရဲ့ Cannon ကျမ်းကြီးထဲမှာ ဆေးဘက်ဝင်အပင်တွေကနေ ဖော်စပ်တဲ့ ဆေးနည်းပေါင်း ၁၄၂ ခုကို ဖော်ပြခဲ့ပါတယ်။

    ရုက္ခဗေဒလို့ခေါ်ပြီး အပင်တွေ၊ အပင်တွေရဲ့ ဆေးဘက်ဝင်မှုကို လေ့လာတဲ့ ဒီပညာရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ‘ခေတ်သစ် ရုက္ခဗေဒပညာရပ်ရဲ့ ဖခင်ကြီး’ လို့ ခေါ်တဲ့ အဘူ ဟာနီဖာ အလ်-ဒီနာဝါရီ (Abu Hanif al-Dinawari) ဟာ A Treatise on Plants (အပင်ဆိုင်ရာကျမ်း) ဆိုတဲ့စာအုပ်မှာ ဆေးဖက်ဝင်အပင်ပေါင်း မြောက်များစွာရဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ၁၀ ရာစုက မွတ်စလင်ဆေးပညာရှင်ကြီး အလ်-ရာဇီ (Al-Razi) လို အခြား မွတ်စလင်ပညာရှင်တွေက ဒူလာရောဂါကို ကုသရာမှာ ကံကုမံပင်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ပါတယ်။

    ရုက္ခဗေဒဟာ သိပ္ပံပညာရပ်တစ်ခု ဖြစ်လာတဲ့အချိန် ဓာတုဗေဒပညာရပ်ဟာ အံ့မခန်းနှုန်းနဲ့ တိုးတက်လာခဲ့ပြီး ဒီပညာရပ်နှစ်ခုစလုံး တိုးတက်ထွန်းကားလာမှုက တိုင်းရင်းဆေးပညာကို ဆေးဘက်ဆိုင်ရာ အဓိကရေစီးကြောင်းထဲရောက်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ ၁၀ ရာစုမှာ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ ရေတင်စက်တွေ၊ ရေသွင်းစိုက်ပျိုးတဲ့နည်းလမ်းသစ်တွေ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သုတေသနဥယျာဉ်တွေ၊ ဆေးဘက်ဝင်အပင်စိုက်ပျိုးမှုတွေကလည်း  အလျိုအလျို ပေါ်ထွက်လာခဲ့ပါတယ်။

    စပိန်က မွတ်စလင်အုပ်စိုးတဲ့ အလ်-အန်ဒါလုစ်ဒေသဟာ တိုင်းရင်းဆေးပညာအခြေတည်ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ၁၁ ရာစုမှာ စပိန်က တော်လေဒိုမြို့၊ ဥရောပရဲ့ ပထမဆုံး တော်ဝင် ရုက္ခဗေဒဥယျာဉ်တွေရှိရာဒေသလို့ တင်စားခြင်းခံရတဲ့ ဆီးဗီးလ်မြို့တွေမှာလည်း ဒီလို ဆေးဖက်ဝင်အပင်တွေ အုံနဲ့ကျင်းနဲ့ စိုက်ပျိုးတာတွေ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဥယျာဉ်ပန်းခြံ တစ်ခုအဖြစ်သာ ကျေနပ်ကြပေမယ့် နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်းက ယူဆောင်လာတဲ့ ဆေးဖက်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးရာနေရာတွေ ဖြစ်ခဲ့ပါတယ်။

    မွတ်စလင် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ မာလာဂါမြို့က အစ်ဗနေ့-အလ်-ဘေတာ (Ibn al-Baytar) ဟာ Dictionary of Simple Remedies and Food (ဆေးမြီတိုများနှင့် အဟာရ အဘိဓာန်) ကို ပြုစုခဲ့ပြီး အဲဒီကျမ်းဟာ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်သလို အလ်-ဘေတာရဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင်မှုကို ရောင်ပြန်ဟပ်စေတဲ့ ကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်ဘေတာဟာ အပင်ပေါင်း ၃၀၀၀ ကျော်နဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို လေ့လာဖော်ထုတ်ထားပါတယ်။

    ဆေးဖက်ဝင်အပင်ဆိုင်ရာ အကျော်ကြားဆုံး စာအုပ်ကိုတော့ သက္ကရာဇ် ၁၁၆၅ ခုနှစ်မှာ မွတ်စလင်ပညာရှင် အလ်-ဂါဖီကီ (Al Ghafiqui) က ရေးသားခဲ့ပြီး The Book of Simple Durgs (ရိုးရှင်းသေားဆေးဝါးများ) ဆိုတဲ့ ဒီကျမ်းဟာ တော်တော်လေး တိကျပြည့်စုံကာ ၁၉၃၂ ခုနှစ်က အီဂျစ်မှာ မက်စ် မီယာရုဖ် (Max Meyerhof) က ပြန်လည် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

    ၁၀ ရာစုမှာတော့ အစ်ဗနေ့ ဂျူလ်ဂျူလ် (Ibn Juljul) က ဒီအိုစကိုရီဒီစ်ရဲ့ နှစ်ပေါင်း ၉၀၀ ကြာမြင့်နေပြီ ဖြစ်တဲ့ De Materia Medica ကျမ်း ရှင်းလင်းချက်ကို ရေးသားခဲ့ပြီး အာရဘီဘာသာစကားကို ပြန်ဆိုခဲ့ကာ မန်ကျီး၊ ပရုပ်၊ စန္ဒကူးနဲ့ ဖာလာတို့လို အပင်တွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းတွေကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ် နောက်ပြီး အပင်သစ်တော်တော်များများနဲ့ အမျိုးမျိုးသော ရောဂါဘယတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကိုလည်း အဲဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    တိုင်းရင်းဆေးသမိုင်းမှာ မွတ်စလင်တွေ ဆောင်ရွက်ပေးခဲ့ပြီး အင်မတန်မှ ရိုးရှင်းထိရောက်တဲ့ ဆောင်ရွက်ချက်တစ်ခုက ဆေးဘက်ဝင်အပင်တွေဟာ လူနာတွေအပေါ် ဘယ်လို ထိခိုက်လည်းဆိုတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒါက လုပ်ဖို့ အင်မတန်ထင်ရှားတဲ့ ကိစ္စလို့ ထင်ရပေမယ့် အဲဒီခေတ်ကာလတုန်းကတော့ ဒါကို စမ်းသပ်ဖို့၊ စူးစမ်းဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်းတွေကိုသာ မှီခို အသုံးပြုရတာပါ။

    စပိန်နိုင်ငံ မာလာဂါမြို့တွင် ဂုဏ်ပြုထုတ်လုပ်ထားသော မွတ်စလင်တိုင်းရင်းဆေးဆရာကြီး အလ်-ဘေတာ၏ ရုပ်ထုကို

    အလယ်ခေတ်ဥရောပမှာ ဆေးဘက်ဝင်အပင်ဆိုင်ရာကျမ်းတွေဟာ တော်တော်လေးနည်းပါးပြီး ပညာရှင် အနည်းငယ်လောက်ကသာ သိရှိကြပါတယ်။ ၁၅ ရာစု အဆုံးပိုင်းလောက်အထိ ဥရောပသားတွေဟာ အာရဘီဆေးကျမ်းတွေ၊ ဂရိကျမ်းတွေကို အာရဘီလို ပြန်ဆိုထားတဲ့ စာအုပ်တွေကို လက်တင်ဘာသာကို ပြန်ဆိုပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။။ သက္ကရာဇ် ၁၅၀၀ နဲ့ ၁၆၀၀ အကြားမှာ ဂရိပညာရှင်ကြီး ဒီအိုစကိုရီဒီစ်ရဲ့ ဆေးကျမ်းကို တည်းဖြတ်ထုတ်ဝေမှု ၇၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

    ဥရောပ တိုင်းရင်းဆေးပညာရှင်တွေရဲ့ အောင်မြင်မှုကို မွတ်စလင် ရုက္ခဗေဒပညာရှင်တွေဆီက ဘယ်လောက်အတုခိုးနိုင်လဲ၊ ဒီအိုစကိုရီဒီစ်ကို ဘယ်လောက် နာမည်ပိုကြီးအောင် လုပ်နိုင်မလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် ဒါဟာလည်း အမြဲတမ်းတော့ အလုပ်ဖြစ်နေတာမဟုတ်ပါဘူး။ အလယ်ခေတ် အီတလီမှာ ကျော်ကြားခဲ့တဲ့ ဆဲလ်လာနို (Salerno) ဆေးတက္ကသိုလ်ကြီးဟာ လက်တင်၊ ဂရိနဲ့ အာရဘီ ဘာသာစကားတွေအပေါ်မှာ နားလည်တတ်ကျွမ်းမှုမရှိတာ၊ ဘာသာပြန်ပေါ် ဘာသာပြန် ထပ်နေတဲ့ ဂရိတိုင်းရင်ဆေးကျမ်းတွေကို အပြည့်အ၀ နားမလည်တာကြောင့် သြဇာအရှိန်အ၀ါ ကျဆင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဥရောပက တိုင်းရင်းဆေးပညာရှင်တွေဟာ အသိပညာမကြွယ်ဝမှု၊ လက်တွေ့ဆောက်ရွက်မှု မရှိတာ၊ စောစောပိုင်း ဆိုးရွာတဲ့ ဂရိဘာသာပြန်တွေ၊ ဒေသသုံးအမည်တွေနဲ့ မှည့်ခေါ်ထားတဲ့အတွက် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ အပင်တွေကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ခြင်း မရှိတာကြောင့် တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၆ ရာစု အင်္ဂလန် သံတမန်နဲ့ ပညာရှင် ဆာ သောမတ်စ် အဲလ်ယွတ် (Sir Thomas Elyot) က သူအနေနဲ့ ရှေးဟောင်း တိုင်းရင်းဆေးပညာရပ်တွေကနေ ဘာမှ နားမလည်ဘဲ ‘ဒါတွေဟာ ကျန်းမာရေးအတွက် နည်းနည်းမှ အကျိုးမရှိဘူး’ လို့ ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းဆေးပညာဟာ ပြန်ထွန်းခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဥရောပမှာ မရှိမဖြစ် ကုသနည်းတစ်ခု ဖြစ်နေပါပြီ။ ယူကေပြည်သူ ၅ ဦးမှာ တစ်ဦးဟာ အခြားဆေးကုသနည်းတွေကို အသုံးပြုနေကြပြီး မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်ပြည်သူ ၁၀ ဦးမှာ ၁ ဦးက တိုင်းရင်းဆေးဝါး၊ ဒါမှမဟတ် ဓာတ်ကြမ်းတိုက်ကုသနည်းတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးဝါး လုပ်ငန်းရဲ့ တန်ဖိုးဟာလည်း နှစ်စဉ် တိုးတက်လာနေပါတယ်။ မွတ်စလင်ကမ္ဘာမှာလည်း တိုင်းရင်းဆေးဝါးရဲ့ အရေးပါမှုဟာ ပြန်လည် ရှင်သန်လာပြီး တိုင်းရင်းဆေးသမားတော်ကြီးတွေလည်း ပြန်လည် ပေါ်ထွက်လာနေပါတယ်။ ကမ္ဘာတစ်ဝှမ်း ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီ တိုင်းရင်းဆေးဟာ ရာစုနှစ်ပေါင်းများစွာ ရိုးရာတစ်ခုအနေနဲ့ ရှိနေခဲ့၊ ရှိနေဆဲ ဖြစ်ပါတယ်။

     

    ၁၅ ရာစု အာရဘီ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ကာကွယ်ဆေးထိုးခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၁)

    ကာကွယ်ဆေးထိုးခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၁)

    မတ် ၃၊ ၂၀၁၇

    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ဒေါက်တာဂျင်းနားက ဆေးရုံတွင် ကာကွယ်ဆေးထိုးမှုကို ၁၈၀၂ ခုနှစ်တွင် သရုပ်ဖော်ထားသည့် ကာတွန်း

    – ဒီနေ့ခေတ်မှာ ကာကွယ်ဆေးထိုးခြင်းဟာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အရင် ဒီကာကွယ်ဆေးထိုးမှုနည်းလမ်း တူရကီနိုင်ငံနေ အင်္ဂလန်ကို ရောက်လာတဲ့အချိန်မှာ ဘယ်သူမှ လက်မခံခဲ့ကြပါဘူး။ ကာကွယ်ဆေး ထိုးရမယ်ဆိုတဲ့အသိကို အနာတိုလီယန် အော်တိုမန် တာ့က် (Anatolian Ottoman Turks) တွေက သိရှိခဲ့ကြပြီး၊ ကာကွယ်ဆေးထိုးနှံမှုကို ‘အရှီ’ (Ashi) လို့ခေါ်ဆိုကာ အဓိပ္ပါယ်ကတော့ ‘အစားထိုးခြင်း’ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သူတိုတွေဟာ ရှေးဟောင်း တူရကီမျိုးနွယ်တွေဆီကနေ အမွေဆက်ခံခဲ့တာပါ။

    ကာကွယ်ဆေးထိုးခြင်းဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောဂါဖြစ်ပွားနိုင်တဲ့ ဇီဝရုပ်တွေကို အားနည်းသွားအောင် ဒါမှမဟုတ် ထိရောက်မှုမရှိအောင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးလိုက်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို အာကောင်းစေပြီး သက်ဆိုင်ရာ ရောဂါကို တိုက်ဖျက်ဖို့တွက် ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီနေ့မှာတော့ ကာကွယ်ဆေးသစ်တစ်မျိုး ပေါ်ထွက်လာဖို့ ၈ နှစ်ကနေ ၁၂ နှစ်လောက်သာ ကြာမြင့်တော့ပြီး အန္တရာယ်ကင်းကင်းနဲ့ ထိုးနှံနိုင်ဖို့ သေသေချာချာ စမ်းသပ်မှုတွေလည်း ပြုလုပ်နိုင်နေပါပြီ။

    တာ့က်လူမျိုးတွေဟာ နွားကျောက်ရောဂါပေါက်နေတဲ့ ကျွဲနွားတွေရဲ့ ရင်အုံက နွားကျောက်ကို ယူပြီး ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးရင် ကျောက်ကြီးရေဂါ မပေါက်ဘူးဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုပုံစံ ကာကွယ်ဆေး၊ အခြားပုံစံ ကာကွယ်ဆေးတွေကို နာမည်ကျော် အင်္ဂလိပ် စာလွှာရေးသူဖြစ်ပြီး ၁၇၁၆ ကနေ ၁၇၁၈ ခုနှစ်ကြား အော်တိုမန်အင်ပါယာဆိုင်ရာ အင်္ဂလိပ် သံအမတ်ရဲ့ ဇနီး လေဒီ မွန်တာဂူ (Lady Montagu) က အင်္ဂလန်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာပါ။ သူမဟာ တာ့က်လူမျိုးတွေရဲ့ ကာကွယ်ဆေးထိုးမှု နည်းလမ်းတွေကို ထိတွေ့ခဲ့ပြီး၊ သားဖြစ်သူ ကျောက်ကြီးရောဂါဖြစ်တဲ့အချိန် ကာကွယ်ဆေးထိုးဖို့ သံရုံးသမားတော် ချားလ်စ် မိတ်လန်း (Charles Maitland) ကို ခွင့်ပြုခဲ့ပြီးတဲ့နောက်မှာ ကျောက်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားခဲ့တာပါ။

    အစ္စတန်ဘူလ်မှာရှိနေတဲ့အချိန် လေဒီ မွန်တာဂူဟာ အင်္ဂလန်ကို စာလွှာတော်တော်များများ ရေးသားပေးပို့ခဲ့ပြီး အဲဒီစာတွေထဲမှာ ကျောက်ရောဂါကာကွယ်ဆေး ထိုးနှံမှုအကြောင်းကို အသေးစိတ် ရေးသားခဲ့ပါတယ်။ အင်္ဂလန်ပြန်ရောက်တဲ့အခါမှာလည်း သူဟာ တူရကီတွေရဲ့ ကာကွယ်ဆေးထိုးမှု နည်းလမ်းတွေကို ပြန့်နှံ့အောင်လုပ်ခဲ့ပြီး ဆွေမျိုးတွေကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒီလို ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့အချိန်မှာ လေဒီ မွန်တာဂူဟာ ခရစ်ယာန်ဘုရားကျောင်း အာဏာပိုင်တွေသာမက သမားတော်တွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ဒီ ကာကွယ်ဆေးထိုးမှု ဓလေ့ဟာ လျင်လျင်မြန်မြန်ပဲ ပြန့်နှံ့သွားခဲ့ပြီး အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

    ၁၇၂၄ ခုနှစ်မှာတေ့ အစ္စတန်ဘူလ်မှာ မွန်တာဂူရဲ့ မိသားစုဆရာဝန်ဖြစ်ခဲ့တဲ့ ဒေါက်တာ အီမန်နျူယဲလ် တီမိုနီ (Emmanuel Timoni) က ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျကျ ရှင်းပြထားတဲ့ စာတမ်းတစ်စောင်ကို ယူကေ အမျိုးသား သိပ္ပံပညာရှင်များအဖွဲ့ (Royal Society) ကို တင်သွင်းခဲ့မှုက ဒီအခက်အခဲတွေကို ပြေလည်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ ထရီပိုလီက သံအမတ် ကာဆမ် အဂ္ဂါ (Cassem Aga) က ထရီပိုလီ၊ တူနစ်နဲ့ အလ်ဂျီယားစ်တို့က ကာကွယ်ဆေးထိုးမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းတွေကို ထပ်မံပေးပို့ခဲ့ပါတယ်။ ဒါဟာ မွတ်စလင်နိုင်ငံတွေ ကာကွယ်ဆေးထိုးနှံမှုမှာ ကာလရှည် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းနဲ့ပတ်သက်လို့ တန်ဖိုးဖြတ်မရတဲ့ အာမခံချက်လည်းဖြစ်ပါတယ်။ ဒီလို တင်သွင်းခဲ့မှုအတွက် ၁၇၂၉ ခုနှစ်မှာ အဂ္ဂါဟာ Royal Society ရဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ကာကွယ်ဆေးထိုးမှုကို စတင်ခဲ့သူလို့ မှတ်ယူခံခဲ့ရတဲ့ အဒ်ဝပ် ဂျင်းနား (Edward Jenner) မတိုင်ခင် နှစ်ပေါင်း ၅၀၀ လောက်အရင်ကတည်းက ကာကွယ်ဆေးထိုးခြင်းကို အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ကျင့်သုံးခဲ့ကြတာပါ။

    ၁၇၉၆ ခုနှစ်မှာ ဂျင်းနားဟာ နွားနို့ညှစ်သမရဲ့ လက်က ပြတ်ရှဒဏ်ရာကနေ အသက် ၈ နှစ်အရွယ် ဂျိမ်းစ်ဖစ်ဆိုတဲ့ ကောင်လေး နွားကျောက်ရောဂါ ကူးစက်ခဲ့ပြီးနောက် နွားကျောက်ရောဂါဟာ ကျောက်ကြီးရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သိရှိခဲ့တယ်လို့ အဆိုရှိပါတယ်။

    ကာကွယ်ဆေးစတင်ထိုးနှံမှု နှစ် ၂၅၀ ပြည့်အထိမ်းအမှတ် တူရကီမှ ထုတ်ဝေခဲ့သော တံဆိပ်ခေါင်း

    ၁၉၆၇ ခုနှစ်မှာ တူရကီဟာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးမှု နှစ် ၂၅၀ မြောက် အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ကျောက်ရာဂါ ကာကွယ်ဆေး ထိုးနှံနေတဲ့ပုံပါတဲ့ အမှတ်တရ တံဆိပ်ခေါင်းတစ်ခုကိုလည်း ထုတ်ဝေခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်လောက်က မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေ အားလုံးနီးပါးမှာ မျက်စိရောဂါနဲ့ပတ်သက်ပြီး အကြောင်းအရာအချို့ကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ မျက်စိတွေအစား တိရစ္ဆာန်တွေရဲ့ မျက်စိတွေကိုသာ အသုံးပြုခဲ့တာကြောင့် လေ့လာမှုမှာတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ ဒါကလည်း လူသားရဲ့ ကိုယ်ခန္ဓာကိုယ်ကို ခွဲစိပ်ဖြတ်တောက်ခြင်းဟာ မလုပ်အပ်တဲ့အလုပ်လို့ သတ်မှတ်ထားကြလို့ပါ။ ဒါပေမယ့် ဒီအချက်က မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ပတ်သက်ပြီး  မွတ်စလင်ပညာရှင်တွေရဲ့ ရေးဆွဲဖော်ထုတ်မှုတွေကို အဟန့်အတား မဖြစ်စေခဲ့ဘဲ၊ မျက်လုံးတည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ရှေးအကျဆုံး ပုံတွေကို မွတ်စလင်တွေက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

    ၁၀ ရာစုကနေ ၁၃ ရာစုအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ မွတ်စလင်မျက်စိ ခွဲစိပ်ဆရာဝန်တွေ၊ မျက်စိအထူးကုတွေဟာ မျက်လုံးခွဲစိပ်မှု၊ ဖြတ်တောက်ဖယ်ရှားမှု၊ စူးစမ်းမှုတွေ ပြုလုပ်ခဲ့သလို သူတို့ရဲ့ တွေ့ရှိချက်တွေကို ကျမ်းကြီးတွေ၊ စာတမ်းတွေရေးပြီးလည်း ဖြန့်ချီခဲ့ပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ ဂျာမနီ ဆေးဘက်ဆိုင်ရာ ပါရဂူ ဂျူးလီယက်စ် ဟီရက်ရှ်ဘာ့ဂ် (Juius Hirschberg) ရဲ့ အဆိုအရ မွတ်စလင်ပညာရှင်ကြီးတွေ ရေးသားခဲ့တဲ့ မျက်စိကုထုံးဆိုင်ရာ ကျမ်းပေါင်း ၃၀ လောက် ရှိခဲ့ပြီး ယနေ့အချိန်မှာ ၁၄ အုပ် ရှိနေပါသတဲ့။

    “အမြင်အာရုံကွယ်မှုကို တားဆီးဖို့ ကြိုးစားအားထုတ်ရာမှာ မွတ်စလင် သမားတော်တွေဟာ သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှေ့ရောက်ခဲ့ပြီး အလ်-ရာဇီဟာ သူငယ်အိမ်ရဲ့ ကိုယ်ပိုင် အလိုအလျောက်တုန့်ပြန်မှု (reflex action) ကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ သမားတော်တစ်ဦး ဖြစ်ပါတယ်။ အဲဒီ တစ်ချိန်တည်းလောက်မှာပဲ အလ်-မော်စီလီဟာ အခေါင်းပေါက်ပါတဲ့ အပ်တွေကို အသုံးပြုပြီး စုပ်ထုတ်မှုနဲ့ မျက်လုံးတိမ်တွေကို ဖယ်ထုတ်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်”

    (၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ ‘မျက်စိပညာရှင်များအသင်း’ က ထုတ်ဝေသည့် Optometry Today စာအုပ်မှ)

    ယနေ့ခေတ် မျက်စိနဲ့ပတ်သက်လို့ မျက်မှေးလွှာ (conjunctiva)၊ မျက်ကြည်လွှာ (cornea)၊ မြင်လွှာ (retina) စတဲ့ အသုံးအနှုန်းတွေကို သုံးနေကြပြီး၊  မျက်ခမ်းစပ်ရောဂါ (Trachoma) လို ရောဂါမျိုးကို ခွဲစိပ်ကုသတာကလည်း ပုံမှန်လို ဖြစ်နေပါပြီ။ မျက်လုံးထဲမှာ မျက်ဝန်းလဲ့ရည် (intraocular pressure) တိုးလာပြီး ‘သူငယ်အိတ် ကိုက်ခဲခြင်း’ လို့ အမည်ပေးထားတဲ့ ရေတိမ် (glaucoma) ရောဂါကုသနည်းဟာလည်း လူသိများပါတယ်။ ဒါပေမယ့် မျက်စိကုထုံးနဲ့ ပတ်သက်လို့ မွတ်စလင်တွေ ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းတွေထဲမှာ အကြီးကျယ်ဆုံးကတော့ မျက်စိတိမ်စွဲရောဂါ ကုသနည်းပဲ ဖြစ်ပါတယ်။

    မျက်စိတိမ်စွဲမှုရောဂါရဲ့ အာရဘီအသုံးအနှုန်းဟာ အလ်-မာ အလ်-နာဇီလ် ဖီလာယန် (al-ma al-nazil fil’ayn) ဖြစ်ပြီး ‘မျက်စိထဲ ရေ၀င်ခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ရေတွေ မျက်လုံးက မှန်ဘီလူးထဲမှာ စုမိပြီး မျက်လုံး တိမ်ဖြစ်နေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ဒီလိုရေတိမ်ဖြစ်နေတဲ့မျက်လုံးတွေ အလင်းပြန်ရဖို့အတွက် ၁၀ ရာစု အီရတ်က မွတ်စလင်ပညာရှင် အလ်-မော်စီလီ (Al-Mawsili) ဟာ အခေါင်းပေါက်ပါတဲ့ အပ်တစ်ချောင်းကို ဖန်တီးခဲ့ပြီး မျက်ကြည်လွှာနဲ့ မျက်မှေးလွှာ ဆက်နေတဲ့ နယ်ခြား (limbus) ထဲအထိ စိုက်ကာ ရေစုပ်ထုတ်ခြင်း နည်းလမ်းနဲ့ တိမ်ကို ဖယ်ထုတ်ခဲ့ပါတယ်။ မွတ်စလင်တွေဖော်ထုတ်ခဲ့ အခြား မျက်စိကုသနည်းတွေနဲ့အတူ ဒီမျက်စိတိမ်စွဲရောဂါ ကုသနည်းကိုလည်း ယနေ့ခေတ်မှာ မခွဲစိတ်ခင် မှန်ဘီလူးကို အအေးပေးတာလို ခေတ်ပေါ် နည်းပညာတွေ ထပ်မံပေါင်းထည့်ပြီး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    အလ်-မော်စီလီဟာ သူ့ရဲ့ လေ့လာမှု၊ လက်တွေ့ ကျင့်သုံးမှုတွေနဲ့ပတ်သက်လို့ Book of Choices in the Treatment of Eye Diseases (မျက်စိရောဂါကုသမှုဆိုင်ရာ ရွေးချယ်စရာများကျမ်း) တစ်စောင်ကို ပြုစုခဲ့ပြီး ဒီစာအုပ်ထဲမှာ မျက်စိရောဂါပေါင်း ၄၈ မျိုးရဲ့အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီကျမ်းရဲ့ လက်ရေးမူကို စပိန်နိုင်ငံ မက်ဒရစ်မြို့က Escorial Library မှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

    ၂၀ ရာစုကို ရောက်တဲ့အချိန်အထိ အလ်-မော်စီလီရဲ့ ကျမ်းကို အာရဘီ ဘာသာစကား၊ ၁၃ ရာစုက ဟီဘရူးဘာသာပြန် စတဲ့ ပုံစံ ၂ မျိုးနဲ့သာ ရရှိခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဂျာမန် ဒေါက်တာ ဟီရက်ရှ်ဘာ့ဂ်က ဂျာမန်ဘာသာကို ပြန်ဆိုခဲ့ပြီး အလ်-မော်စီလီဟာ “အာရဘီ စာပေနယ်ပယ် တစ်ခုလုံးမှာ အပါးနပ်ဆုံး မျက်စိပါရဂူဖြစ်တယ်” လို့ အမွှမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။

    စပိန်နိုင်ငံ ကော်ဒိုဘာမြို့ရှိ အလီအစ်ဗနေ့အီဆာ၏ ကိုယ်တစ်ပိုင်း ရုပ်ထု

    အလ်-မော်စီလီနဲ့ ခေတ်ပြိုင်ဖြစ်ပြီး မွတ်စလင်မျက်စိသမားတော်တွေထဲမှာ အကျော်ကြားဆုံး ဖြစ်ခဲ့သူကတော့ ၁၀ ရာစု အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အလီ အစ်ဗနေ့ အီဆာ (Ali ibn Isa) ဖြစ်ပါတယ်။ သူဟာ Notebook of Oculist (မျက်စိပါရဂူမှတ်စု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ပြုစုခဲ့ပြီး မျက်လုံးရောဂါနဲ့ပတ်သက်လို့ အပြည့်စုံဆုံးကျမ်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၄၉၇ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာတော့ ပရော်ဖက်ဆာ ဟီရ်ဆက်ခ်ျဘာ့ဂ် (Hirschberg) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မျက်စိပါရဂူ ဂျေ လစ်ပါ့တ် (J. Lippert) တို့ဟာ ဂျာမနီဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာကိုတော့ ၁၉၃၆ ခုနှစ်မှာ အမေရိကန် မျက်စိ သမားတော်နဲ့ ပညာရှင် ကာဆေ ၀ုဒ် (Casey Wood) က ပြန်ဆိုခဲ့ပါတယ်။

    အစ်ဗနေ့ အီဆာရဲ့ Notbook of Oculist ဟာ စက္ကုဗေဒနဲ့ပတ်သက်လို့ ပြည့်စုံ၊ တိကျတဲ့ အချက်အလက်တွေပါဝင်တဲ့ ကျမ်းကြီးတစ်ကျမ်းဖြစ်ပြီး မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ မျက်စိနာရောဂါ (ophthalmia) တို့အပါအ၀င် မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါပေါင်း ၁၃၀ ကျော်ကို ဖော်ပြထားသလို ရာစုနှစ်များစွာ အသုံဝင်ခဲ့တဲ့ ကျမ်းကြီး ဖြစ်ပါတယ်။

    စက္ကုဗေဒနဲ့ပတ်သက်လို့ ဒီကျမ်းကြီးဟာ မွတ်စလင်တွေ ရေးထာသမျှ ကျမ်းတွေထဲမှာ မူရင်းပုံစံမပျက်ဘဲ အကြာဆုံး ရှင်သန်ခဲ့တဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၂၀ ရာစု ဗြိတိန် ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် ဒေါက်တာ ဆိုင်ရီလ် အလ်ဂွဒ် (Cyril Elgood) က “ပထမဆုံးပိုင်းဟာ မျက်လုံး တည်ဆောက်ပုံကို အသားပေးဖော်ပြပြီး၊ ဒုတိယပိုင်းကတော့ မျက်လုံးရဲ့ အပြင်ပိုင်းရောဂါတွေကို ဖော်ပြထားပါတယ်။ တတိယပိုင်းမှာ သာမန်စမ်းရုံနဲ့ မမြင်နိုင်တဲ့ အတွင်းပိုင်းရောဂါတွေကို ဖော်ပြပါတယ်။ မျက်စိမျာဖြစ်တဲ့ ရောဂါတွေဟာ အထွေထွေရောဂါတွေရဲ့ လက္ခဏာကို ဖော်ပြတာမျိုး ဖြစ်တယ်ဆိုတဲ့ ခေတ်သစ်ယူဆချက်နဲ့ အနီးစပ်ဆုံးဖြစ်စေတဲ့ အလီရဲ့ကောက်ချက်ချမှုကတော့ တိမ်စွဲရောဂါ အစပျိုးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့မှုဟာ အစာအိမ် ဒါမှမဟုတ် ဦးနှောက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို အာရုံစိုက်ဖို့ မျက်စိဆရာဝန်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    မျက်လုံးမှာဖြစ်တဲ့ ရောဂါတွေဟာ အခြားသော ရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာကို ပြောခဲ့သူက မျက်စိခွဲစိပ်ဆရာဝန်က အစ်ဗနေ့ အီဆာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ၁၀၈၈ ခုနှစ်လောက်က ပါရှားပြည်မှာ ပေါ်ထွက်ခဲ့ပြီး အလ်-ဂျာရ်ဂျာနီ (Al-Jurjan) လို့သိကြတဲ့ အဘူ ရူဟ် မိုဟာမက် အစ်ဗနေ့ မန်ဆူရ် အစ်ဗနေ့ အဘ်ဒူလာ (Abu Ruh Muhammad Ibn Mansur ibn Abdullah) ဟာ The Light of the Eye (မျက်လုံး၏ လင်းရောင်ခြည်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီထဲက အခန်းတစ်ခုမှာ ဖော်ထုတ်ရခက်တဲ့ ရောဂါတွေအကြောင်းကို ရေးသားဖော်ပြထားပါတယ်။ အဲဒီဂေါတွေဟာ မျက်လုံးရဲ့ တတိယ အာရုံကြောအားနည်းမှု (third nerve paralisis)၊ သွေးလှည့်မှု မှုမမှန်ခြင်း (blood disorders) နဲ့ အဆိပ်သင့်မှု (toxicity) လို ရောဂါမျိုးတွေဖြစ်ပြီး မျက်လုံးမှာ ဒါမှမဟုတ် အမြင်အာရုံမှာ ရောဂါလက္ခာဏာတွေကို ထင်ထင်ရှားရှား တွေ့ရတတ်ပေမယ့် ရောဂါကို အလွယ်တကူ ရှာမရတွေပါ။

    မွတ်စလင်ပညာရှင် အစ်ဗနေ့ အစ္စဟာ့က် ၉ ရာစုက ရေးသားခဲ့သည့် မျက်စိရောဂါဆိုင်ရာကျမ်းမှ လက်ရေးမူ

    အလယ်ခေတ် မွတ်စလင်ကမ္ဘာက နာမည်မသေတဲ့ နောက်ထပ် မျက်စိပါရဂူတစ်ဦးကတော့ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ပညာရှင်ကြီး မိုဟာမက် အစ်ဗနေ့ ကွာစမ် အစ်ဗနေ့ အတ်စလမ် အလ်-ဂါဖီကီ (Muhammad ibn Qassum ibn Aslam al-Ghafiqi) ဖြစ်ပါတယ်။  အလ်-ဂါဖီကီဟာ ကော်ဒိုဘာမှာ မွေးဖွားကြီးပြင်းကာ မျက်စိပါရဂူအဖြစ် ဆောင်ရွက်ခဲ့ပြီး The Right Guide on Ophthalmic Drug (စက္ကုဆိုင်ရာ ဆေးဝါးများ လမ်းညွှန်ကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ မျက်စိနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေသင်သာမကဘဲ ဦးခေါင်းနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေရဲ့ ဆေးဝါးတွေ အကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ပတ်သက်ပြီး အလ်-ဂါဖီကီရဲ့ ကုသနည်းကို ပထမကမ္ဘာစစ်အထိ အသုံးပြုခဲ့ရပါတယ်။ အလ်-ဂါဖီကီကွယ်လွန်မှု နှစ် ၈၀၀ ပြည့်တဲ့ ၁၉၆၅ ခုနှစ်မှာ သူ့ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုကို ကော်ဒိုဘာက မြူနီစီပယ် ဆေးရုံမှာ ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။

    ယနေ့ခေတ်မှာတော့ မျက်စိတိမ်စွဲရောဂါဟာ ပြောပလောက်စရာ ရောဂါမျိုး မဟုတ်တော့ဘဲ ၁၀ ရာစုက မွတ်စလင်ပညာရှင်ကြီး အလ်-မော်စီလီ ဖော်ထုတ်ပေးခဲ့တဲ့ ကုသနည်းက ယနေ့အချိန်အထိ လူသန်းပေါင်းများစွာကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

     

    “အလယ်ခေတ် ဥရောပမှာ အသိပညာ မှောင်အတိကျနေစဉ်အတွင်း သူတို့ (မွတ်စလင်တွေ) ဟာ (စပိန်က) ဂွါဒါလ်ကွီဗီမြစ်ကနေ (အီဂျစ်က) နိုင်းမြစ်၊ (ရုရှားက) အိုဇက်မြစ်အထိ ကျွန်တော်တို့ရဲ့ သိပ္ပံပညာ (စက္ကုဗေဒပညာ) အလင်းကို ထွန်ညှိပေးခဲ့ပြီး၊ မီးစာမပြတ်အောင် လုပ်ပေးခဲ့ပါတယ်။ အလယ်ခေတ်ဥရောပမှာ သူတို့တွေကသာ စက္ကုဗေဒမှာ ဆရာသဘာတွေ ဖြစ်ခဲ့ပါတယ်” (ပရော်ဖက်ဆာ ဂျူလီယက်စ် ဟီရ်ဆက်ခ်ျဘာ့ဂ်က ၁၉၀၅ ခုနှစ်တွင် အမေရိကန် ဆေးဘက်ဆိုင်ရာအသင်း၌ ပြောကြားသည့် မိန့်ခွန်းမှ)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ဆေးပညာတွင် အစ်ဗနေ့ဆီနာ၏ အကျိုးပြုမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၉)

    ဆေးပညာတွင် အစ်ဗနေ့ဆီနာ၏ အကျိုးပြုမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၉)

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    အီရန်နိုင်ငံတွင်ရှိသည့် အစ်ဗနေ့ဆီနာ၏ ပုံတူ ရုပ်တု

    – အနောက်နိုင်ငံတွေက အဗီဆီနာ (Avicena) လို့ သိကြတဲ့ အစ်ဗနေ့ဆီနာ (Ibn Sina) ဟာ နာမည်ကျော် ဂရိသမားတော်ကြီး ဂါလင် (Galen) နဲ့ နှိုင်းယှဉ်ပြောဆိုခြင်းခံရပြီး ‘အစ္စလာမ်ရဲ့ ဂါလင်’ (Galen of Islam) လို့တောင် သမုတ်ခံခဲ့ရပါတယ်။ အစ်ဗနေ့ဆီနာရဲ့ ကျော်ဇော်မှုကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများက သူရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို နှစ်စဉ် ပြုလုပ်ကြပြီး၊ ပထမဆုံး ဂုဏ်ပြုခဲ့သူက တူရကီဖြစ်ကာ အစ်ဗနေ့ဆီနာ ကွယ်လွန်ပြီး နှစ်ပေါင်း ၉၀၀ အကြာ ၁၉၃၇ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဒဿနိကဗေဒနဲ့ ဆေးသိပ္ပံဆိုင်ရာ ကဏ္ဍတွေမှာ ဖွံ့ဖြိုးစေခဲ့တဲ့ သူ့ရဲ့တွေ့ရှိချက်တွေအတွက် ယူနက်စကို အဖွဲ့ဝင်နိုင်ငံတွေဟာ ၁၉၈၀ ပြည့်နှစ်မှာ အစ်ဗနေ့ဆီနာရဲ့ ထောင်ပြည့်အခမ်းအနားကို ကျင်းပပြုလုပ်ကာ ဂုဏ်ပြုခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာဟာ ယနေ့ ဥဇဘက်ကစ္စတန်မှာ ရှိနေတဲ့ အစ္စဖာဟန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၂၁ နှစ်အရွယ်မှာ အဲဒီမြို့က ထွက်ခွာခဲ့ပါတယ်။ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးကို ပါရှန်မြို့တွေမှာ ကုန်ဆုံးခဲ့ပြီး နာမည်ကျော် ဒဿနပညာရှင်နဲ့ ဆေးပညာရှင်အဖြစ် ရပ်တည်ခဲ့တာပါ။ သက်တမ်းတစ်လျှောက် ကျမ်းပေါင်း ၂၇၆ ခု ပြုစုခဲ့ပြီး  မိခင်ဘာသာစကားဖြစ်တဲ့ ပါရှန်စာပေနဲ့ ရေးသားထားတဲ့စာအုပ် အနည်းငယ်သာ ပါဝင်ကာ ကျန်တာအားလုံကို အာရဗီ ဘာသာစကားနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းတာက အစ်ဗနေ့ဆီနာရဲ့ လက်ရာအများစုဟာ ပျောက်ဆုံးခဲ့ပြီး လက်ရှိ အရှေ့နဲ့ အနောက်နိုင်ငံတွေက စာကြည့်တိုက်တွေမှာ စုစုပေါင်း ၆၈ အုပ်ကို တွေ့မြင်နိုင်ပါတယ်။

    သိပ္ပံနယ်ပယ်စုံမှာ စာအုပ်စာပေတွေ ရေးသားပြုစုခဲ့တဲ့ အစ်ဗနေ့ဆီနာ စိတ်ဝင်အစားဆုံးက ဒဿနနဲ့ ဆေးပညာဖြစ်ပြီး၊ တစ်ချို့ သမိုင်းပညာရှင်တွေက သူ့ကို ဆေးပညာရှင်ဆိုတာထက် ဒဿနပညာရှင်အဖြစ် မှတ်ယူကြပါတယ်။ ဒါပေမယ့် အလယ်ခေတ် ‘သမားတို့၏ ဥသျှောင်’ လို့ သမုတ်ကြသူတွေလည်း ရှိပါတယ်။

    အစ်ဗနေ့ဆီနာ ရေးသားပြုစုခဲ့တဲ့ ကျမ်းတွေအများစုက ဆေးပညာနယ်ပယ်အတွက် ဖြစ်ပြီး စုစုပေါင်း ၄၃ အုပ်၊ ဒဿနနယ်ပယ်အတွက် ၂၄ အုပ်၊ ရူပဗေဒနယ်ပယ်အတွက် ၂၆ အုပ်၊ ဘာသာရေးစာပေ ၃၁ အုပ်၊ စိတ်ပညာဆိုင်ရာ စာပေ ၁၅ အုပ်၊ သင်္ချာပညာရပ်အတွက် ၁၄ အုပ်၊ လော့ဂျစ်နယ်ပယ်မှာ ၂၂ အုပ်၊ ကုရ်အာန်ဘာသာပြန် ၅ အုပ်တို့ ဖြစ်ပါတယ်။ အစ္စလာမ့် ၀ိပဿနာအကြောင်း၊ ချစ်ခြင်းမေတ္တာ၊ ဂီတနဲ့ အခြားအကြောင်းအရာတွေကိုလည်း အစ်ဗနေ့ဆီနာက ရေးသားခဲ့ပါတယ်။

    ‘ဆေးပညာဆိုင်ရာ ဥပဒေသများ’ (Code of Laws in Medicine) လို့ အဓိပ္ပါယ်ရပြီး ‘အလ်-ကွာနွန် ဖီ အလ်-တစ်ဘ်’ (Al-Qanun fi al-Tibb) လို့ ခေါ်ဆိုတဲ့ ကျမ်းကြီးဟာ အစ်ဗနေ့ဆီနာရဲ့ အရေးပါဆုံး စာအုပ်ကြီးဖြစ်ပြီး အင်္ဂလိပ်ဘာသာမှာတော့ ‘Canon’ ကျမ်းလို့ သိကြပါတယ်။ သူ့ခေတ်သူ့အခါအထိ လူ့အဖွဲ့အစည်း ပေါင်းများစွာက သိရှိရသမျှသော ဆေးဘက်ဆိုင်ရာ အသိပညာတွေအားလုံးကို မချွင်းမချန် ဖော်ပြထားတဲ့ ဒီကျမ်းကြီးကို အာရဘီဘာသာစကားနဲ့ ရေးသားခဲ့တာဖြစ်ပြီး ဆေးပညာသမိုင်းတစ်လျှောက် ရေးခဲ့သမျှသော စာအုပ်တွေထဲမှာ အကျော်ကြားဆုံး စာအုပ်အဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    အစ်ဗနေ့ဆီနာ၏ နာမည်ကျော် Canon ကျမ်း၏ လက်တင်ဘာသာပြန်စာအုပ် မျက်နှာဖုံး

    ၁၂ ရာစုအရောက်မှာတော့ Canon ကျမ်းကြီးကို အဆင်သင့် အသုံးချလို့ရအောင် ကျမ်းရဲ့ အရေးပါတဲ့ အချက်အလက်တွေကို ထုတ်နှုတ် အနှစ်ချုပ်ခဲ့ကြပြီး၊ ပါဝင်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖို့အတွက် အကျယ်ဖွင့်ဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကျမ်းကြီးကို အနှစ်ချုပ်ထားတဲ့ လက်ရာတွေထဲမှာ အကျော်ကြားဆုံးကတော့ ဆီးရီးယားက မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn Al-Nafis)  ရေးသားခဲ့တဲ့ ‘The Concise Book of Medicine’ (ဆေးပညာဆိုင်ရာ အနှစ်ချုပ်ကျမ်း) ဖြစ်ပါတယ်။ အလ်-နာဖစ်ဟာ သက္ကရာဇ် ၁၂၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာရဲ့ Canon ကျမ်းကြီးမှာ အတွဲ ၅ တွဲ ပါဝင်ပြီး ပထမဆုံးအတွဲက အထွေထွေ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းတွေဖြစ်ပါတယ်။ ဒုတိယ အတွဲက materia medica အကြောင်းဖြစ်ပြီး၊ တတိယအတွဲကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီမှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်း ဖြစ်ပါတယ်။ အဖျားရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်လွဲခြင်းတို့လို ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်းကိုတော့ စတုတ္ထအတွဲမှာ ရေးသားခဲ့ပြီး၊ နောက်ဆုံးအတွဲမှာတော့ ဆေးဝါးတွေကို ဘယ်လိုပေါင်းစပ်ဖော်စပ်ရမလဲဆိုတဲ့ ဖော်မြူလာတွေကို ချပြပေးခဲ့ပါတယ်။

    စတုတ္တအတွဲမှာ ကျမ်းပေါင်း ၂ ကျမ်း ပါဝင်ပြီး တစ်ကျမ်းက ‘Fractures as a Whole’ နဲ့ နောက်တစ်ကျမ်းက ‘Fractures of Every Bone Separately’ ဖြစ်ပါတယ်။

    ‘Fractures as a Whole’ မှာ အရိုးတွေ ကျိုးခြင်းရဲ့ အကြောင်းတရား၊ ပုံသဏ္ဍာန်၊ ပုံစံ၊ ကုသနည်း၊ အရိုးတွေရဲ့ ရှုပ်ထွေးမှုတွေကို ယေဘုယျသဘောတရားအနေနဲ့ ဖော်ပြထားပြီး၊ Fractures of Every Bne Separately မှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတစ်ခုချင်းစီရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေကို ဖော်ပြထားပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ရှင်းလင်းထားခြင်းအားဖြင့် အစ်ဗနေ့ဆီနာရဲ့ ဒီကျမ်းတွေဟာ ခေတ်ပေါ် ဆေးဘက်ဆိုင်ရာ စာအုပ်တွေရဲ့ ပုံစံနဲ့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။

    ကျိုးသွားတဲ့အရိုးကို ချက်ခြင်း တုတ်ထည့်ကာ ကျပ်စည်းဖို့ မလိုဘူးဆိုတာကို အစ်ဗနေ့ဆီနာက တွေ့ရှိခဲ့ပြီး ၅ ရက်ကျော်မှသာ ကျပ်စည်းဖို့ အကြံပြုခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒါကို Theory of Delayed Splintage (စောင့်ဆိုင်းကျပ်စည်းမှုသီအိုရီ) လို့ ခေါ်တွင်ပြီး လန်ဒန်မြို့က စိန့်သောမတ်စ်ဆေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျော့ဂ်ျ ပါကင် (Gorge Perkin) (၁၈၉၂-၁၉၇၉) က ဒီသီအိုရီကို ထုတ်ဖော်သူအဖြစ် မှတ်တမ်းဝင်နေပါတယ်။

    အရိုးရောဂါဆိုင်ရာမှာ နာမည်ကြီးစာအုပ်ဖြစ်တဲ့ ‘Bennett’s fracture 1882’ မတိုင်ခင် နှစ်ပေါင်း ၁၀၀၀ ကျော်အရင်လောက်ကတည်းက အစ်ဗနေ့ဆီနာဟာ ဒီအကြောင်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

    Canon စာအုပ်ရဲ့ အစီအစဉ်ကျမှု၊ အပိုအလိုမရှိမှုနဲ့ ရှင်းလင်းတင်ပြထားမှုတွေဟာ ယနေ့ခေတ် ဆေးဘက်ဆိုင်ရာ စာအုပ်တွေရဲ့ ပုံစံနဲ့ သွားတူပြီး ခွဲခြမ်းစိတ်ဖြာမှု၊ ရောဂါဖြစ်ပွားမှု အကြောင်းအရင်း၊ ကူးစက်ရောဂါဆိုင်ရာ၊ ရောဂါလက္ခဏာတွေ၊ ကုသမှုနဲ့ ရောဂါလက္ခဏာကို ကြည့်ရှု ဖော်ထုတ်ခြင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် မွတ်စလင်နဲ့ ဥရောပကမ္ဘာမှာ Canon ကျမ်းကြီးဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်ဆုံး စာအုပ်ဖြစ်ခဲ့ပြီး၊ ၁၂ ရာစု ‘ခရီမိုနာက ဂျရတ်’ (Gerard of Cremona) က လက်တင်ဘာသာကို ပြန်ဆိုပြီးတဲ့နောက်ပိုင်းမှာ ဥရောပသားတွေဟာ ဒီကျမ်းကြီးနဲ့ ထိတွေ့ခွင့် ရခဲ့ပါတယ်။ နောက်ပြီး ဒီကျမ်းကြီးကို ၁၇ ရာစုတိုင်အောင် လူဗိန်း (Louvain) နဲ့ မောင့်ပီလီယာ (Montpellier) တို့က ဆေးကျောင်းတွေမှာ ပြဌာန်းစာအုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ယူနက်စကို (UNECO) က ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ အစ်ဗနေ့ဆီနာရဲ့ Canon ဆေးကျမ်းကြီးကို ဘရပ်ဆဲလ် တက္ကသိုလ်မှာ ခေတ်သစ်ဆေးပညာရပ် ကောင်းကေင်းထွန်းကားနေတဲ့ ၁၉၀၉ ခုနှစ်အထိ အသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “ဆေးပညာဟူသည် ဟစ်ပိုခရေးတီး မဖန်တီးပါက ရှိလာမည်မဟုတ်။ ဂါလင်က အသက်ပြန်မသွင်းပါက မရှင်သန်နိုင်၊ ရာဇီ (အလ်-ရာဇီ) မစုဆောင်းပါက တစ်စုတစ်စည်းတည်းမဖြစ်နိုင်၊ အဗီဆီနာ မဖြည့်တင်းပါက ပြည့်စုံနိုင်မည်မဟုတ်’ (ဒီပူးဝါး – ဥရောပ သမားတော်တစ်ဦး)

    ဆရာဝန်များ၏ ကျင့်ဝတ်

    အစ်ဗနေ့ဆီနာ၏ ဆေးဘက်ဆိုင်ရာ ‘အလ်-ကွာနွန် ဖီ အလ်-တစ်ဘ်’ (Al-Qanun fi al-Tibb) ကျမ်း၏ ၁၅ ရာစု လက်ရေးမူတစ်ခု

    ၁၁ ရာစုက မွတ်စလင်ပညာရှင် အစ်ဗနေ့ဆီနာဟာ ဆေးပညာ၊ ဒဿနနဲ့ သဘာဝသိပ္ပံဆိုင်ရာ  ပညာရပ်တွေနဲ့ပတ်သက်လို ရေးသားမှုတွေ၊ သင်ကြားမှုတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ အဗီဆီနာလို့ သိကြတဲ့ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်ကတော့ အလ်-ကာနွန် ဖီ အလ်-တစ်ဘ် (Al-Qanun fi al-Tibb) ကျမ်းဖြစ်ပြီး Code of Laws in Medicine (ဆေးပညာ၏ ကျင့်ဝတ်များ) လို့ ဘာသာပြန်ပါတယ်။ ဒါပေမယ့် ဒီကျမ်းကြီးကို အများစုက Canon ကျမ်းလို့ပဲ သိကြပါတယ်။

    အဲဒီကျမ်းကြီးထဲမှာ အစ်ဗနေ့ဆီနာဟာ နေရာဒေသပေါင်းစုံက ဆေးဘက်ဆိုင်ရာ အသိပညာတွေကို စုစည်းဖော်ပြထားပြီး အထူးကိုးကားစရာ အထောက်အထားစာအုပ်ကြီး ဖြစ်လာပါတယ်။ အတွဲ ၅ ခုရှိတဲ့ ဒီစာအုပ်မှာ ဆေးဘက်ဆိုင်ရာ စည်းကမ်းနည်းလမ်း၊ ဆေးဝါးအကြောင်း၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက ရောဂါတွေအကြောင်း၊ အထွေထွေရောဂါအကြောင်း၊ စိတ်ရောဂါအကြောင်း စတာတွေကို ဖော်ပြထားပါတယ်။

    အစ်ဗနေ့ဆီနာဟာ အရိုးကျိုးမှုရဲ့ အကြောင်းအရင်း၊ ပုံစံနဲ့ ရှုပ်ထွေးမှုတွေအကြောင်းတွေ၊ ကုသမှုနည်းလမ်း အသေးစိတ်ကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ကျိုးသွားတဲ့အရိုးကို တုတ်ထည့်ပြီး ကျပ်မစည်းဖို့နဲ့ ၅ ရက်လောက် ဒီအတိုင်းထားဖို့ အစ်ဗနေ့ဆီနာက တိုက်တွန်းခဲ့ပြီး၊ ဒီနည်းလမ်းကို ယနေ့ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ပြီးတော့ သူ့ရဲ့စာအုပ်မှာ အရိုးတိုင်းမှာ ဆိုးဆိုးဝါးဝါး ကျိုးပဲ့မှုတွေကို နားလည်ဖို့အတွက် အသေးစိတ် ရှင်းလင်းခဲ့ပြီး Bennett’s fracture လို့ သိကြတဲ့ လက်ချောင်းလေးတွေ အဆစ်လွဲမှု ရောဂါအကြောင်းကိုလည်း ဘန်းနက် (Bennett)  မဖော်ထုတ်ခင် နှစ်ပေါင်းရာချီ အရင်ကတည်းက အစ်ဗနေ့ ဆီနာက ချပြခဲ့တာ ဖြစ်ပါတယ်။

    “ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လိုသူတိုင်းဟာ အဗီစီနာကို နောကျေနေရမယ်” (ဥရောပ စကားပုံ)

    အစ်ဗနေ့ဆီနာရဲ့ Canon ကျမ်းကြီးထဲမှာ ဆေးဖက်ဝင် အပင်တွေ၊ သစ်ဥ၊ သစ်ဖုတွေကနေ ဆေးဖော်စပ်နည်းပေါင်း ၁၄၂ နည်း ပါဝင်ခဲ့ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယတို့မှာ အခြေတည်မှုနဲ့အတူ ဆေးဖက်ဝင်အပင်တွေဟာ ရှေးဟောင်း ဂရိနဲ့ ရောမ လူ့အဖွဲ့အစည်းမှာ ကျန်းမာရေးအတွက် အရေးပါခဲ့ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ အစောပိုင်းကာလ ခရီးသွားလာမှုနဲ့ ကုန်သွယ်မှု မြင့်တက်လာတာက သစ်ပင်၊ ပန်းပင်၊ မျိုးစေ့နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ ဆေးဘက်ဝင် အပင်တွေကိုလည်း သိုမှီး ရရှိစေခဲ့ပါတယ်။

    Canon ကျမ်းဟာ လုံးဝ ပြည့်စုံတဲ့ ကျမ်းကြီးတစ်စောင်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ဒီစာအုပ်ကို စ,ရေးစဉ်က အစ်ဗနေ့ဆီနာဟာ ဒီစာအုပ်ရဲ့ အသိပညာတွေ ဘယ်လောက် ကြာရှည် ခံမလဲဆိုတာနဲ့ ပတ်သက်ပြီး ကြိုမသိခဲ့ပါဘူး။ ၁၂ ရာစုမှာ ခရီမိုနာက ဂျရတ် (Gerard of Cremona) ဟာ ဒီစာအုပ်ကို လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ ဥရောပက ဆေးပညာရှင်တွေဟာ သူတို့အရင်က ရှိခဲ့တဲ့ မွတ်စလင်ကမ္ဘာက ဆရာဝန်တွေလိုပဲ ဒီကျမ်းကြီးကို လက်စွဲအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ၁၃ ရာစုမှာ Canon ရဲ့ အနှစ်ချုပ်ကျမ်းတစ်ခုကို လက်တင်ဘာသာစကားနဲ့ ထုတ်ဝေခဲ့ပြီး၊ အထဲက အကြောင်းအရာတွေနဲ့ပတ်သက်လို့ ရှင်းလင်းချက်တွေလည်း ပါဝင်ခဲ့ပါတယ်။  အဲဒီ Canon ကျမ်းဟာ ၁၈၀၀ ပြည့်နှစ် အစောပိုင်းအထိ ဆရာဝန်တွေရဲ့ လက်စွဲ ဖြစ်ခဲ့ပါတယ်။

    အစ်ဗနေ့ဆီနာဟာ စာရေးသွက်သူတစ်ဦးဖြစ်ပြီး သက်တမ်းတစ်လျှောက်လုံးမှာ အကြောင်းအရာပေါင်းစုံကို ရေးသားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စာအုပ်တွေအပြင် ရူပဗေဒအကြောင်း ၂၆ အုပ်၊ ဘာသာရေးအကြောင်း ၃၁ အုပ်၊ စိတ်ပညာအကြောင်း ၂၃ အုပ်၊ သင်္ချာအကြောင်း ၁၅ အုပ်၊ လော့ဂျစ်အကြောင်း ၂၂ အုပ်နဲ့ ဒဿနပိုင်းမှာ ထင်ရှားတဲ့ စာအုပ် တော်တော်များများကိုလည်း ရေးခဲ့ပါတယ်။ ပြီးတော့ သူဟာ အချစ်နဲ့ ဂီတအကြောင်း စာအုပ်တစ်ချို့ကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက အခြားသော ပညာရှင်တွေလိုပဲ အစ်ဗနေ့ဆီနာဟာ မျက်လုံးမှိတ် ယုံကြည်တဲ့ ၀ါဒကို မေးခွန်းထုတ်ခဲ့ပြီး ကမ္ဘာကြီးရဲ့ စနစ်တွေအကြောင်း အခြေခံကျကျ ကျိုးကြောင်းဆင်ခြင် နားလည်အောင်လုပ်တဲ့ နည်းလမ်းကို ဖွံ့ဖြိုးစေခဲ့ပါတယ်။ သူဟာ ရေရဲ့ ရင်းမြစ်တွေ၊ တိမ်တိုက် ဖွဲ့စည်းပုံတွေ အကြောင်းကို သူ့ရဲ့ စာအုပ်တွေမှာ ဆွေးနွေးခဲ့ပြီး The Book of Healing ဆိုတဲ့ စာအုပ်ဟာ တွင်းထွက်ဗေဒနဲ့ မိုးလေ၀သအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားတဲ့ ကျမ်းကြီးဖြစ်ကာ တောင်တွေဘယ်လိုဖွဲ့စည်းလဲ၊ ဘူမိသက်တမ်းအကြောင်း၊ မြေငလျင် ဘာ့ကြောင့် လှုပ်ရသလဲဆိုတဲ့ အကြောင်းတွေကိုလည်း ဆန်းစစ်ဖော်ပြခဲ့ပါတယ်။

    အစ်ဗနေ့ ဆီနာ၏ ပုံတူ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။