News @ M-Media

Tag: 969

  • အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    Journal
    မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေနှင့်မူပိုင်ခွင့်ရုံးမှ ထုတ်ဝေခွင့် အသိအမှတ်ပြုထားသည့် အောင်ဇေယျတု ဂျာနယ်တွင် အစ္စလာမ်သာသနာနှင့် တမန်တော် မုဟမ္မဒ်(ဆွ)အား စော်ကားရေးသားမှုများ ပြုလုပ်ခဲ့ပြီး အစိုးရ အာဏာပိုင်များမှလည်း ဘာသာတရားတစ်ခုအား စော်ကားရေးသားသည့် အဆိုပါ ဂျာနယ်အား မည်သည့် တားဆီး အရေးယူမှုမှ ပြုလုပ်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

    အဆိုပါ အောင်ဇေယျတုဂျာနယ် အမှတ် ၄၄ တွင် သူရိယ ဦးအောင်(မောရိသျှ)အမည်ဖြင့် ရေးသားသည့် ‘အစွန်းရောက်ဝါဒ နိဒါန်း’ ဆောင်းပါးနှင့် အရှင်မုနိတ-ဓမ္မာစရိယ အမည်ဖြင့် ရေးသားသည့် “’ဗုဒ္ဓ၏သမိုင်း အမွေအနှစ်များ ဖျက်ဆီးခဲ့သော မိုဟာမက်၏ အစ္စလာမ်မစ် မွတ်ဆလင် ကျူးကျော်စစ်များ’ဟု ခေါင်းစဉ် ရှိသည့်ဆောင်းပါး ၂-ပုဒ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)အား ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် မဟုတ်မမှန် စော်ကားရေးကား ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    မောင်သွေးချွန်ဟု ကလောင်အမည်ရှိသူက က အောင်ဇေယျတု၊ သာကီသွေး အစရှိသည့် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဘာသာရေး စာစောင်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ယင်းဂျာနယ်များ စတင်ထုတ်ဝေစဉ် အခါကတည်းကပင် အစ္စလာမ် မုန်းတီးရေး သတင်းနှင့် ဆောင်းပါးများ ထည့်သွင်းရေးသား ထုတ်ဝေနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    ယခုလပိုင်းများအတွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များ ကို အကြမ်းဖက် အဖွဲ့များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရား ဖမ်းဆီးမှုများရှိနေပြီး အဆိုပါရေးသားမှုများကြောင့် အစ္စလာမ်ဘာသာဝင်များအကြား အုံကြွမှုတွေဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပြီး မွတ်စလင်များအား အစွန်းရောက် အကြမ်းဖက်သမား များ အသွင်ပြောင်းလဲနိုင်စေရန် တမင်ဖန်တီးနေခြင်း ဖြစ်သည်ဟုလည်း မွတ်စလင်အများစုက ထင်မြင်နေကြပြီး ဥပဒေဘောင်အတွင်းက ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းမှုများကိုသာ လိုလားကြောင်းလည်း သိရပါတယ်။

    မြန်မာနိုင်ငံမှာ စာပေ လွတ်လပ်ခွင့်ရှိပြီဟု ဆိုသော်လည်း အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများကို ပုံနှိပ်နှင့် မူပိုင်ခွင့်ဌာန (ယခင် စာပေစိစစ်ရေး)က တင်းကြပ်တဲ့ စည်းကမ်းများနဲ့ ချုပ်ကိုင်မှုများထားရှိကာ အပတ်စဉ် ဂျာနယ် ထွက်သည့်နေ့၌ ဂျာနယ်ကို စာပေနှင့်မူပိုင်ခွင့်ရုံးသို့ ပေးပို့ရကြောင်း၊ ဘာသာရေးနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ် ဆောင်းပါးများကို ဂျာနယ်များတွင် မထည့်ရန် ဂျာနယ်ထုတ်ဝေနေသည့် ဘာသာပေါင်းစုံအား ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း သိရပါတယ်။

    ထိုကဲ့သို့ ဆောင်ရွက်သော်လည်း ယခုကဲ့သို့ ဘာသာတရားတစ်ခုမှ အခြားတစ်ခုအား ပေါ်ပေါ်ထင်ထင် စော်ကားရေးသားနေသည့် ဂျာနယ်မျိုးအား ဆက်လက် ထုတ်ဝေခွင့်ပြုထားခြင်း၊ မသိကျိုးကျွံပြုနေခြင်းကို ထောက်ရှုခြင်းအားဖြင့် ဘာသာရေး မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန် တမင်ဖန်တီး လှုံ့ဆော်နေမှုများကို တရားဝင် ခွင့်ပြုထားပေးတယ်လို့ ထင်မြင်မိကြောင်း၊ ယခုကဲ့သို့ ဘာသာရေး စော်ကားနေမှုများကို ထိရောက်စွာ မတားမြစ်ပါက မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်မှာ ပိုမိုအရှက်ရဖွယ်ရာသာ ဆက်လက်ဖြစ်နေမှာဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေပါတယ်။

    Image Credit- MMM

  • VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    10419982_694744927241771_4708238786814110237_n
    မြန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

    နိုဝင်ဘာလအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေးမတိုင်ခင် အခုလို တိုက်တွန်းလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

    နောက်လမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒို၊ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

    ကနဦးအစမှာပဲ ရှိနေသေးတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ဂရုစိုက်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေဟာ ထိရောက်မှုရှိတယ်လို့ အရှေ့အာရှရေးရာတာဝန်ခံ Brad Adam က ပြောပါတယ်။

    “မြန်မာ့ပြုပြင်ပြောင်းလဲရေး အစကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လိုနေတာပါ။ တကယ်လို့ ဆိုးဆိုးရွားရွားတွေ ပြန်ပြီး ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံကို ၀ိုင်းဝန်း ဒဏ်ခတ်ကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို မြန်မာခေါင်းဆောင်တွေက အဖြစ်မခံနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တိုက်တွန်းချက်တွေကို ဂရုတစိုက် နေထိုင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာအများစုဟာ လူမျိုးရေးခွဲခြားတယ်လို့လည်း ကျနော်မမြင်ပါဘူး။ အဓိကအချက်က  ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းဖို့ လိုနေတာပါ။”
    10440843_1478295505745599_8520056488649882664_n
    မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေးတွေ ဟောပြောနေတာ အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ HRW က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေနဲ့ အခြားရာဇ၀တ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ရေးသားထားတာပါ။ ဒါနဲ့ပတ်သက်လို့ Brad Adam က –

    “အဒေါ့ဟစ်တလာဦးဆောင်တဲ့ နာဇီတွေဟာ ဂျူးတွေဆီက ပစ္စည်းတွေမ၀ယ်ဖို့ တားမြစ်ခဲ့ပြီး ဂျူးတွေကို ခွဲခြားတဲ့ အမှတ်တံဆိပ်တွေ တပ်ခိုင်းခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှုထိ ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်ကို ဦးတည်ခဲ့တာပါ။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒေသတွင်း နိုင်ငံတချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းက ကမ္ဘောဒီးယားမှာဆိုရင် လူနည်းစု ဗီယက်နမ်တွေကို ခွဲခြားပြီး အကြမ်းဖက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေကို တိုက်ခိုက်တာမျိုးတွေပါ။ ဘာသာ၊ လူမျိုး မတူကွဲပြားတဲ့အပေါ်မှာ အများစုက အုပ်စုလိုက် အကြမ်းဖက်တဲ့ ဖြစ်ရပ်မျိုးတွေဟာ အစွန်းရောက်မှုကို ဦးတည်စေတာပါ။ ဒါတွေကို လူ့အဖွဲ့အစည်းတွေအနေနဲ့ လက်ခံလို့ မသင့်ပါဘူး။”

    မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာစေတဲ့ အမုန်းစကား ဟောပြောချက်တွေ၊ စည်းရုံးလှုပ်ရှားမှုတွေကို အစိုးရအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး မရှိတာကြောင့် အကြမ်းဖက်တာတွေ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်နေကြောင်း ပြည်တွင်းအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

    ဒါကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေတာတွေ မြန်မာအစိုးရအနေနဲ့ အလေးထားဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရလိမ့်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ ၀ါရှင်တန်ဒီစီကို ခေတ္တခဏ ရောက်ရှိနေတဲ့ မဇင်မာအောင်က ပြောပါတယ်။

    “အာဆီယံအစည်းအဝေးပွဲကြီးပေါ့နော် ဥက္ကဌအဖြစ်နဲ့ တာဝန်ခံပြီးတော့ ကျင်းပရတဲ့ အခွင့်အရေးဟာ ဘာမှမဟုတ်ဘူး။ ဒီလိုမျိုးပဲ နိုင်ငံတကာက ခေါင်းဆောင်တွေလာပြီးတော့ ပြောသွားဆိုသွားကြပြီးတော့ ကျမတို့သာမန် လူထုတွေ၊ နိုင်ငံသားတွေအတွက်ကတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ဒီအစည်းအဝေးပွဲကြီး လုပ်ရတာဟာ ကျမတို့ပြည်သူလူထုတွေ အတွက်ကတော့ ထူးမခြားနားပဲ။ ဘာမှမထူးဘူး။ ဒီအုပ်ချုပ်နေတဲ့ လူတန်းစားအတွက်ပဲ ခရက်ဒစ်တွေရသွားတဲ့ ကိစ္စလို့ပဲ ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့လို့ ကမ္ဘာအနှံ့ကနေ လာကြမယ့် ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကပါလို့ ပြောနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ဗမာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့ လက်ရှိ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကို ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပြုမူမှုတွေ၊ နောက်ပြီးတော့ စီမံခန့်ခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့လို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။”

    မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား ဂိုဏ်းဂဏကွဲပြားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာလည်း မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအ၀င် အခြားဒေသတချို့မှာလည်း ဖြစ်ခဲ့တာပါ။ အခုလို ပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။

    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်သည့် လူအုပ်

    http://burmese.voanews.com/content/hrw-thein-sein-burma/2491808.html

  • အစိုးရအထက်မှ အမိန့်ပေးနေသူများ

    အစိုးရအထက်မှ အမိန့်ပေးနေသူများ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    Ma Ba Ta copy
    ကမ္ဘာတဝှမ်း အစ္စလာမ်ဘာသာဝင် နှစ်စဉ် ကျင်းပပြုလုပ်တဲ့ ပါ အီဒွလ်အဿွာဟာ ပွဲတော်ကို မြန်မာပြည်အတွက် အောက်တိုဘာ ၆ ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်။ ဒါကို အမျိုးဘာသာ သာသာနစောင့်ရှောက်ေ၇း အသင်းကနေပြီးတော့ ပိတ်ပင် တားဆီးပေးဖို့ ကြေငြာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    မွတ်ဆလင်တွေရဲ့ ပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်) ပွဲတော်ဟာ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ ပွဲ မဟုတ်ပါဘူး။

    ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းခံရတဲ့ မွတ်ဆလင်တွေရဲ့ ပွဲတော်ရက် ဖြစ်ပါတယ်။

    နှစ်အသီးသီးမှာလည်း ဘာပြသနာမှ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ အာဏာပိုင်အဆင့်ဆင့်က လုံခြုံရေးပေးကာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ၀င်ရောက်ဆင်နွှဲကြတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

    နိုင်ငံတော်အစိုးရက ခွင့်ပြုချက်ပေးထားတဲ့ တရားဝင် ကျင်းပခွင့်ရထားတဲ့ ပွဲတော်တစ်ခုကို တရားမ၀င်တဲ့ အဖွဲ့အစည်းတစ်ခုက တရားမ၀င်တဲ့ကြေညာချက်တွေ ထုတ်ပြန်ကြေညာကာ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ခွင့် ရှိပါသလား။

    မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ စာရွက်ပေါ်မှာပဲ နိုင်ငံတကာကြားကောင်းရုံ ရှိနေသလား။ အရှေ့က လူုမြင်ကောင်းရုံ ခွင့်ပြုပြီး နောက်က ပြသနာ မဖြစ်ဖြစ်အောင် တရားမ၀င်တဲ့ အဖွဲ့အစည်းတွေကို လက်သိပ်ထိုးခိုင်းနေသလား တွေးကြည့်စရာပါ။

    အမှန်တကယ်ဆိုရင် “မဘသ” က ဒီလိုစာ ထုတ်ခွင့်မရှိပါဘူး။ စာထုတ်ခဲ့ရင်လည်း ဒီစာထုတ်တဲ့ အဖွဲ့ အစည်းကို အရေးယူပြီး ဒီစာကို ပိတ်ပင်တားဆီးရမှာ သာသနာရေးဝန်ကြီးဌာနရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အစိုးရအာဏာပိုင်တွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။

    ဘယ်လိုနည်းနဲ့ ဖြစ်စေ အစိုးရ ခွင့်ပြုထားတာကို ဘုန်းကြီးက တားလို့မရပါဘူး။ ဘုန်းကြီးတင်မဟုတ်၊ ဘယ်သူမှတားခွင့် မရှိပါဘူး။

    တားခွင့်မရှိတာကို “မဘသ” တွေ စာထုတ်တားမြစ်နေတာကို သိပါလျှက် မြင်ပါလျှက် မတားမဆီး နှာစေး မျက်စိပိတ်ထားပြီး အောက်ခြေ အဆင့်မှာ ပြသနာ မဖြစ်ဖြစ်အောင် လွှတ်ပေးထားတဲ့ တာဝန်ရှိတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ပြုမူဆောင်ရွက်မှုက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလို့ မြင်စရာ အများကြီး ရှိနေပါပြီ။

    ဘုန်းကြီိးတွေ အုပ်ချုပ်နေပြီလား၊ ဒါမှမဟုတ် ဘုန်းကြီးနဲ့ ရောပြီး အုပ်ချုပ်နေတာလား။ ဘုန်းကြီးကို မလွန်ဆန်နိုင်စရာတော့ မရှိပါဘူး။ လိုအပ်ရင် ဘုန်းကြီးကို တုတ်နဲ့ဆော်၊ သင်္ဃန်းချွတ် လူဝတ်လဲ၊ ထောင်ချ၊ မီးဆွမ်းကပ်တဲ့ ဒီအစိုးရဟာ မွတ်ဆလင်တွေကိုပဲရွေးပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ပြသနာမီးထွန်းရှာနေတဲ့ “မဘသ” ဘုန်းကြီးတွေကိုမှ ရွေးပြီး အချစ်ဝင်ပြနေတာကတော့ မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ “ထူးခြားဖြစ်စဉ်” လို့ပဲ ခေါ်တွင်ရမှာပါ။

    အမှန်ဆို ရှေ့ကခွင့်ပြု၊ နောက်က လက်သိပ်ထိုးပြသနာရှာတဲ့ အဖွဲ့အစည်းတွေကို မလွန်ဆန်နိုင်သယောင် မျက်စိမှိတ်ပြနေခြင်းဟာ ၂၀၁၅ အမှီ ပြည်သူကို “နားလှည့် ပါးရိုက်”နေခြင်း လို့ပဲ မြင်မိပါတယ်။

    မွတ်ဆလင်တွေ သတိထားကြပါ။ အစိုးရခွင့်ပြုချက်နဲ့ ပြသနာရှာသူတွေ ရှိနေပါတယ်။

    မိမိလုပ်ချင်ကိုင်ချင်စိတ်ကို အသိတရားအပြည့်ထားကြပါ။ သတိတရားအပြည့်ထားကြပါ။ လုံခြုံရေးသတိ မိမိဘာသာရှိကြပါလို့ပဲ ပြောချင်ပါတော့တယ်။

    ဆွေမွန်
    ၃ အောက်တိုဘာ

  • မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား

    မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo-The Republic Square)

    ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရပြီး  သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့ ၉၆၉ လှုပ်ရှားမှု အင်အားစုတို့ လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ပြောကြားခဲ့တဲ့ ဦးဝီရသူရဲ့ မိန့်ခွန်း အပေါ် မွန်လူမျိုး သံဃာတော်တပါးဖြစ်တဲ့ U Ravika က သူသဘောထားအမြင်ကို ၄င်းရဲ့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ U Ravika ရဲ့ ရေးသားမှုကို M-Media စာဖတ်ပ၇ိတ်သတ် ဖတ်ရှုနိုင်အောင် မူရင်းအတိုင်း ကူးပြီးတင်ပြပေးလိုက်ပါတယ်။

    မြန်မာ-သီရိလကာင်္ သာသနာရေးကို ဆရာတော်ဝီရသူ အိုးမဲသုတ်

    အရှင်ပန်စတေးတပ်စ်ကို မန့်ဖို့ စိတ်ကူးပေမဲ့ စကားက နည်းနည်းရှည်နေလို့ ကိုယ့်စတေးတပ်စ်အဖြစ်နဲ့ ရေးတင်လိုက်ပါတယ်။
    ဆရာတော်ဝီရသူကို ဖိတ်ကြားတဲ့ Bodu Bala Sena အဖွဲ့ဟာ မူစလင်ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်လို့ ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပေမဲ့ မကုဋာရာမမြန်မာကျောင်းနာယကဆရာတော်များက ငြင်းဆိုခဲ့ကြောင်း အရှင်ပန်က ရေးတယ်။

    ဆရာတော်ဦးဝီရသူ မိန့်ခွန်းကို မနေ့ကပဲ နားထောင်ခဲ့ပါတယ်။ ထူးထူးခြားခြား မပါလို့ စိတ်မဝင်စားသလို သူ့အကြောင်းကို မန့်ရင် အလကားသက်သက် ၉၆၉ အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာစိုးလို့ မရေးခဲ့ပါ။

    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။ မကုဋာရာမအရေးကို ရင်လေးကြောင်း ဆိုပြီး မဟနက မြန်မာသံရုံးကတစ်ဆင့် သိမ်းဖို့ ကြိုးစားရာ ခုခံသူထဲမှာ မိမိပါခဲ့ပါတယ်။ အရှင်ပန်လည်း ဒီအကြောင်းကို အသိဆုံးပါ။

    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။

    ဝါသနာ ပါသပဆိုရင် မူစလင်မလေးတွေ နောက်ဖေးမှာ အဝတ်လျှော် အဝတ်လှန် လုပ်ရင် မျက်စိစားပွဲထိုး လုပ်လို့ ရတယ်။ တံတိုင်းတစ်ခုပဲ ခြားတဲ့ မူစလင်အိမ်တွေပါ။ ဒါပေမဲ့ ဘုန်းကြီးများက မူစလင်မလေးများကို စိတ်မဝင်စားသလို မူစလင်များကလည်း မြန်မာကျောင်းကို မျက်စိဒေါက်ထောက် ကြည့်မနေကြပါ။ ဘုန်းတော်ကြီးများက မူစလင်တွေ ရောင်းတဲ့ ဘိုရယာနီ ထမင်းထုပ်ကိုပဲ ဝင်ဆွဲကြပါတယ်။
    ဆရာတော်ဝီရသူက မူစလင်တို့ ကန့်ကွက်နေတဲ့ကြားမှာ သူ့ကို ခွင့်ပြုခဲ့တဲ့ သီရိလကာင်္သမ္မတ မဟိန္ဒရာဇပက္ခကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဝီရသူ သီရိလကာင်္ရောက်တာနဲ့ ချိန်ကိုက်ပြီး စစ်တပ်အားပေး ဒီမိုယောင်ယောင် လစ်ဘရယ် ဟန်ဆောင်သူ တစ်ယောက်ဟာ သီရိလကာင်္ သမ္မတကို မျိုးချစ်တစ်ဦး အဖြစ် သတ်မှတ်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သူ ဖြစ်လို့ အာဇနည်တစ်ဦးဖြစ်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။

    သူက ဆက်ပြီး မြန်မာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို သူပုန်လို့ သတ်မှတ်ပြီး မြန်မာပြည်ကို ကရင်ပြည်မဖြစ်အောင် ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကို ကျေးဇူးတင်သင့်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။ တိုင်းရင်းသားများကို အပြုတ်တိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆော်အော်ခဲ့ရာ ကြိုက်သူထဲမှာ ဒီမိုအချို့တောင် ရောပါသွားခဲ့ပါတယ်။

    ဒီတော့ ဆရာတော်ဝီရသူမစ်ရှင်ဟာ ငြိမ်းချမ်းရေးမစ်ရှင်တစ်ခု မဟုတ်ဘူး။ ပုဂံခေတ်က ရှိခဲ့တဲ့ မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ မြန်မာဆရာတော်များရဲ့မစ်ရှင်များ၊ ဟံသာဝတီခေတ်က မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အင်းဝခေတ်ရှိမြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ကုန်းဘောင်ခေတ်က ရာမညနိကာယမွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အမရပူရ မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ အင်္ဂလိပ်ခေတ်က မကုဋာရာမစတဲ့ မြန်မာကျောင်းများကို တည်ထောင်ခဲ့တဲ့ မွန်မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ရွှေကျင်သာသနာကို စတင်ခဲ့တဲ့ မြန်မာဆရာတော်များရဲ့ မစ်ရှင်များကို မှေးမှိန်စေပါတယ်။

    သူဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ရခဲ့တဲ့ ရဟန်းများရဲ့ ကမ္ဘာ့ထောက်ခံမှုကို ပျက်စီးအောင် လုပ်ခဲ့သူ ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ကျောင်းသား၊ တိုင်းသူပြည်သား၊ ဘုရားသား(၃)မျိုးထဲမှာ ဘုရားသားတော်ဖြစ်တဲ့ သံဃာတော်များက ဒီမိုကရေစီတိုက်ပွဲကို စိတ်မဝင်စားဘဲ စစ်အာဏာရှင်စနစ်ကို ထောက်ခံလာအောင် စည်းရုံးနေသူ ဖြစ်တယ်။ ဘုရားသားတော်များကို အသုံးချလို့ ပြည်သူပြည်သားများကိုလည်း နိုင်ငံရေးကို စိတ်မဝင်စားစေဘဲ သိန်းစိန်ကို ထောက်ခံအောင် စည်းရုံးနေသူ ဖြစ်တယ်။ အခု မြန်မာသီရိလကာင်္မှာ ရှိနေခဲ့တဲ့ သာသနာရေးဆိုင်ရာကူးလူးဆက်ဆံမှုကိုပါ အိုးမဲသုတ်ခဲ့ပါပြီ။

    မူရင်းလင်ခ် =>https://www.facebook.com/ven.ravika/posts/568065456655027

  • ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    10678764_282805781912668_7184040548524533382_n
    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo: Bodu Bala Sena Blog / Facebook)

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄

    ဦးဝီရသူက သီရိလင်္ကာမှာရှိတဲ့ မူဆလင်ဆန့်ကျင်ရေးအုပ်စုနဲ့ တွဲဖက် လုပ်ဆောင်မယ်လို့ ကြေညာ လိုက်ပါတယ်။

    သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့  ၉၆၉ လှုပ်ရှားမှု အင်အားစုတို့  လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

    Bodu Bala Sena (BBS) အင်အားစုက သီရိလင်္ကာမှာရှိတဲ့ မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ်လို့ စွပ်စွဲခံနေရပါတယ်။

    ဦးဝီရသူက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ထောင်နဲ့ချီတဲ့ သံဃာတွေနဲ့ တွေ့ဆုံခဲ့တာပါ။

    မူဆလင် ဘာသာရေး၊ နိုင်ငံရေး အဖွဲ့တွေက ကန့်ကွက်နေပေမယ့်လည်း သီရိလင်္ကာ အာဏာပိုင်တွေက ဦးဝီရသူရဲ့ ခရီးစဉ်ကို ခွင့်ပြုခဲ့ပါတယ်။

    ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာ
    http://www.irrawaddy.org/burma/burmas-wirathu-sri-lanka-buddhist-radicals-join-hands.html မှာ ဖော်ပြထားတဲ့
    Burma’s Wirathu and Sri Lanka Buddhist Radicals Join Hands ဆိုတဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။

    AFP သတင်းတပုဒ်မှာတော့
    ကမ္ဘာတလွှားမှာ အခြိမ်းခြောက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ၉၆၉ လှုပ်ရှားမှုက BBS နဲ့ ပူးပေါင်းမယ် ဆောင်ရွက်မယ်၊
    ဗုဒ္ဓဘာသာဝင်တွေဟာ ဂျီဟတ်အုပ်စုတွေ ခြိမ်းခြောက်တာကို အကြီးအကျယ်ခံနေရတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သည်းခံမှုက အားနည်းချက်လို ဖြစ်နေပါပြီ၊ ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ မိဒီယာအဖွဲ့အစည်းတွေက နည်းပညာတွေသုံးပြီး ပါဝင်နေကြတယ် လို့လည်း ဦးဝီရသူက မိန့်ကြားကြောင်း ရေးသားထားပါတယ်။

    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။

    http://blog.irrawaddy.org/2014/09/blog-post_367.html